မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Tuesday, March 8, 2011

ချောအိမာန် ပြီးတော့ ငွေဇင်ယော်ဦး....... ငွေဇင်ယော်ဦး ပြီးတော့ ချောအိမာန်

5218417.jpg
5218412.jpg
ယခု ဖော်ပြပေးမယ့် အကြောင်းအရာကတော့ ကျွန်မရဲ့ စာဖတ်ပရိသတ်တွေအတွက် ကျွန်မနှင့် ငွေဇင်ယော်ဦးတို့ ၏ဝတ္ထုတို စုစည်းမှု စာအုပ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ကျွန်မရဲ့ စာပေချစ်ပရိသတ်တွေအတွက် ကျွန်မရဲ့ ဝတ္တုတို (၈)ပုဒ်နဲ့ ငွေဇင်ယော်ဦးရဲ့ ဝတ္ထုတို (၇)ပုဒ် စုစုပေါင်း ဝတ္တုတို (၁၅) ပုဒ် ပါဝင်တဲ့ စာအုပ် လေးကို ``ချောအိမာန် ပြီးတော့ ငွေဇင်ယော်ဦး … ငွေဇင်ယော်ဦး ပြီးတော့ ချောအိမာန် `` ဆိုတဲ့ စာအုပ်ခေါင်းစဉ် လေးနဲ့  ထူးထူးဆန်းဆန်း ပုံစံလေးနဲ့နှစ်ဖက်လှပုံစံဖြင့် မိုးမာန် စာပေမှ ဒုတိယမြောက် ထုတ်ဝေလိုက်တဲ့ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ မှာ ပထမအကြိမ် အဖြစ် ထုတ်ဝေ ဖြန့်ချီလိုက်ပါတယ်။ ဒီစာအုပ်လေး မှာ အမှာစာ အနေနဲ့ ရေးပေးတဲ့ ဆရာမ မစန္ဒာ ကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ ဒါ့အပြင် ဆရာမ မစန္ဒာမှ ကျွန်မတို့ ရဲ့ စာအုပ်လေးကို ရေးပေးခဲသော အမှာစာလေးကို ကျွန်မရဲ့ စာဖတ်ပရိသတ်တွေ အနေနဲ့ ခံစား ဖတ်ရှုနိုင်စေရန်အတွက် ဆရာမ ရဲ့ အမှာစာလေးများကို ဖော်ပြ ပေးလိုက်ရပါတယ်

***********
ကျွန်မတို့၏ စာပေလောကကြီးသည် သစ်ပင်ကြီးတစ်ပင်နှင့် တူသည်ဟု တင်စား၍ ပြောလိုပါသည်။ စာပေသစ်ပင်ကြီးတွင် အကိုင်းအခက်၊ အရွက်အလက်များနှင့် စိမ်းစိုဝေဖြာပြီး အုံ့ဆိုင်းညိုမှိုင်းနေရန် အရေးကြီးပါသည်။ သို့မှသာလျှင် သစ်ပင်အောက်တွင် အရိပ်ခိုနေသော စာဖတ်ပရိသတ်များ ချွေးသိပ်နိုင်မည်။ အေးမြ အမောပြေနိုင်မည် ဖြစ်သည်။
မန္တလေးမှ ချောအိမာန်နှင့် မိုးကုတ်မှ ငွေဇင်ယော်ဦးတို့သည် စာပေ သစ်ပင်ကြီးကို အားဖြည့်လာသော ရွက်စိမ်း ရွက်သစ်ကလေးများ ဖြစ်ကြပါသည်။ ရွှေအမြူတေ စင်မြင့်မှ ရွှေလက်ကလေး နှစ်လက်ဟု ပြောလျှင်လည်း ရပါသည်။ ယခု သူတို့စာပေညီအစ်မက နှစ်ဦးပူပေါင်းပြီး ဝတ္တုတိုပေါင်းချုပ်တစ်အုပ် ထွက်လာတော့မည်ဟု သိရတော့ ဝမ်းမြောက်ဝမ်းသာနှင့် ကြိုဆိုရပါသည်။
ချောအိမာန်၏ ဝတ္ထုက (၈) ပုဒ်၊ ငွေဇင်ယော်ဦး၏ ဝတ္ထုက (၇) ပုဒ် မို့ စုစုပေါင်း (၁၅) ပုဒ် ပါဝင်ပါသည်။ တစ်ဦးနှင့် တစ်ဦး လက်ရည်ညီကာ ရပ်တည်ချက်ချင်းလည်း တူကြသည်မို့ စာအုပ်တစ်အုပ်အနေနှင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရှိနေပါသည်။
ထူးထူးဆန်းဆန်း အမည်များကို ပိုင်ဆိုင်သော၊ အလွန်ချော၊ အလွန်လှ၊ အလွန်ချမ်းသာသော ဇာတ်ရုပ်များကို သူတို့ မရွေးချယ်ပါ။ ဆန်းဆန်းပြားပြား ဖြစ်တောင့်ဖြစ်ခဲ အဖြစ်အပျက်များကိုလည်း မရေးပါ။ လက်တွေ့ဘဝထဲမှ ဖြစ်လေ့ဖြစ်ထရှိသော ဖြစ်နေပျက်နေသော ဖြစ်ရပ်များနှင့် ဇာတ်ရုပ်များကိုသာ ဝတ္ထု၏ စာမျက်နှာများဆီသို့ ခေါ်လာခဲ့ကြပါသည်။ သူတို့၏ ဝတ္ထုထဲတွင် သက်ဝင်လှုပ်ရှားနေသူများသည် ကျွန်မတို့ နေ့စဉ် သွားရင်း လာရင်း မြင်မိ၊ တွေ့မိ၊ လူချင်းတိုက်မိ၊ ငဲ့စောင်းကြည့်မိ၊ မျက်စောင်းခဲမိ၊ ပြုံးပြနှုတ်ဆက်မိသော သာမန်လူများသာ ဖြစ်ကြပါသည်။
ဖခင်ထံမှ ကွမ်းဝါးဖတ်ကို နှစ်သက်စွာ တောင်း၍စားတက်သော ``ကွမ်းစားသမီး`` ဝတ္ထုတိုလေးထဲမှ အဖေနှင့် သမီး၏ မေတ္တာကို စာဖတ်သူပါ ခံစားလိုက်ရသည်။ ထို့နောက် အားငယ်တက်သော ၊ စိတ်ကောက် ကလေးဆန်သော ဇနီးအပေါ်တွင် ထားရှိသည့် ခင်ပွန်းသည် အဘိုးကြီး၏ မေတ္တာကို ရေးဖွဲ့သည့် ``ဆေးပေးမီးယူ``။ ထိုဝတ္ထုတိုလေး နှစ်ပုဒ်လုံးသည် ရိုးရိုးလေးနှင့် လှနေပါသည်။ မေတ္တာရနံ့ ပျံ့ပျံ့လေး သင်းနေပါသည်။
``ပွဲခ``၊ ``အားနာခြင်း သည်းခံပါ``၊ ``တစ်ခါတလေမှာ…`` စသည့် ဝတ္တုတိုလေးများကိုတော့ ဖတ်ပြီး ပြုံးရယ်မိပါသည်။ ထိုကဲ့သို့သော ခပ်ဆင်ဆင် အဖြစ်အပျက်မျိုးကို ကျွန်မတို့လည်း ကြုံဖူးသောကြောင့် ဖြစ်ပါသည်။ ကျွန်မတို့၏ ပတ်ဝန်းကျင်တွင် ``မျှော်လင့်ချက်``ထဲမှ စုစုနိုင်လို၊ ``မုသား``ထဲမှ ခင်မေလို၊ ``ခေါင်းမော့ထားသူ`` ထဲမှ ကလျာဆွေလို မိန်းကလေး၊ တစ်ခါတစ်ရံ ယောက်ျားလေးမျိုးကို တွေ့ဖူး မြင်ဖူးကြပါသည်။ ``ငယ်ငယ်တုန်းက တစ်ယောက်`` လို ဘာရယ်လို့ မဟုတ်တာလေးတွေကိုလည်း ကြုံဖူးကြမည် ဖြစ်ပါသည်။ သို့ပါသော်လည်း မြင်သူ၊ တွေ့သူ၊ ကြုံဖူးသူတိုင်းက ဖတ်၍ကောင်းသော စာကလေးများဖြစ်အာင် မဖန်တီးနိုင်ကြ၊ မရေးတက်ခဲ့ကြသည်ကတော့ အမှန်ပင်။
ထူးထူးဆန်းဆန်း အကြောင်းအရာများကို စာဖွဲ့ရသည်က မခက်လှပါ။ မထူးမဆန်းဖြစ်တက် ပျက်တက်၊ ဖြစ်ပျက်နေသောလူတို့နှင့် သူတို့၏ သဘောသဘာဝ အဖြစ်အပျက်ကလေးများကို စာဖွဲ့ရသည်ကတော့ မြင်တက်၊ ရေးတက်ရန် လိုသဖြင့် ပို၍ ခက်ပါသည်။ ထို… ပို၍ခက်သောအလုပ်ကို ကြိုးစားလုပ်ဆောင်နေကြသော စာပေညီအစ်မနှစ်ဦးကို နှစ်သက် ချီးကျူးမိပါသည်။
စာတစ်ပုဒ်ဖြစ်လာရန်အတွက် ရေးစရာအကြောင်းအချက်ကို မြင်တက်၊ တွေ့တက်ဖို့လိုပါသည်။ တွေ့ရုံနှင့် မပြီးသေး၊ ဆက်၍လည်း အတွေးနယ်ချဲ့ဖို့လိုပါသည်။ စာရေးဖြစ်ရုံနှင့်လည်း ပြီးပြီဟု မယူဆစေလိုပါ။ ကိုယ်ရေးထားသည့် စာသည် မည်ကာမတ္တ မဟုတ်ဘဲ ရသမြောက်ပါမှ၊ အနုပညာမြောက်ပါမှစာကောင်းတစ်ပုဒ် ဖြစ်လာမည်ကို သတိချပ်ရမည်ဖြစ်ပါသည်။
ထင်ရှားခဲ့သော စာရေးဆရာကြီးတစ်ဦး ပြောခဲ့သောစကားကို အမှတ်ရမိပါသည်။ ``ရေးတက်ရင် ဝတ္ထုဖြစ်တယ်`` တဲ့။ ထို့ကြောင့် ချောအိမာန်နှင့် ငွေဇင်ယော်ဦး…။ သူတို့နှစ်ဦးစလုံး ရေးတက်ကြပါပေသည်ဟု ပြောလိုပါသည်။ ရေးတက်လျှင် ဝတ္တုဖြစ်ပြီး၊ ဖြစ်လာသော ဝတ္ထုကလည်း လှလှပပလေး ရှိတက်ပါသည်။ ထို့အတွက်ကြောင့် သက်ကြီးတန်း၊ သက်ရင့်တန်း စာရေးသူတစ်ဦးအနေနှင့် ဝမ်းမြောက် ကြိုဆိုရပါသည်။ စာဖတ်သူတစ်ဦးအနေနှင့်လည်း ကျေးဇူးတင်ရပါသည်။ ပို၍ တွေးပြီး  ရေးကာ၊ ပို၍ အောင်မြင်ကြပါစေဟူ၍ ဆန္ဒပြု ဆုတောင်းလိုက်ရပါသည်။
ကျွန်မတို့၏ စာပေသစ်ပင်ကြီးတွင်လည်း ပိုးကိုက်ရွက်များ ကင်းပါစေ။ ရွက်စိမ်း၊ ရွက်သစ်၊ ရွက်နု၊ ပုရစ်ဖူးများနှင့် ဝေသည်ထက် ဝေပါစေဟု ထပ်ဆင့် ဆုတောင်းလိုက်ရပါသည်။
မစန္ဒာ (၇.၁၀.၁၀)

*********
ကျွန်မတို့ရဲ့ စာအုပ်မှာ ပါဝင်တဲ့ ဝတ္ထုတိုလေးတွေရဲ့ ခေါင်းစဉ်လေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

ချောအိမာန်ပြီးတော့ ငွေဇင်ယော်ဦး
5218435.jpg
၁။ မျှော်လင့်ချက်
၂။ ဖြစ်ခွင့်
၃။ ကွမ်းစားသမီး
၎။ မုသား
၅။ ကွန်ဒိုအိပ်မက်
၆။ ပစ္စုပ္ပန်နေရာ
၇။ ပွဲခ
၈။ မချိုမြိန်သော တေးသံများ
 **************
ငွေဇင်ယော်ဦးပြီးတော့ ချောအိမာန်
5218438.jpg
၁။ ဆေးပေးမီးယူ
၂။ တစ်ခါတလေမှာ
၃။ ငယ်ငယ်တနုးက တစ်ယောက်
၎။ ထီး
၅။ ခေါင်းမော့ထား သူ
၆။ စက်ဝိုင်းထဲက ခြေရာ
၇။ အားနာခြင်း သည်းခံပါ

ဖြန့်ချိရေး………
ရန်ကုန်   -       လင်းလွန်းခင်စာပေ
မန္တလေး  -       ထွန်းဦးစာပေ
                        နဂါးစာပေ
                        ရာပြည့်မန္တလေးစာပေ
                        ညိုစာပေ
တို့မှာ ဝယ်ယူရရှိနိုင်ကြောင်း ကျွန်မရဲ့ စာပေချစ်ပရိသတ်များသို့ သတင်းကောင်းပေးလိုက်ရပါတယ်။


ခင်မင်စွာဖြင့်........
ဇော်သိင်္ခ




277 comments:

«Oldest   ‹Older   401 – 277 of 277   Newer›   Newest»
«Oldest ‹Older   401 – 277 of 277   Newer› Newest»
 
^ထိပ်ဆုံးသို့