မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Wednesday, September 29, 2010

ဆေးချယ်သူ

ဖြူစင်နေတဲ့ ငါ့ရင်ကို
အရောင်တင်ဖို့ နင်ကြိုးစားတော့

ရူးသွပ်စွာနဲ့ ငါဟာ ပန်းရောင်ဖြစ်ခဲ့တယ်
တည်ညိမ်နေတဲ့ ငါ့စိတ်ကို

နင်ဖန်ဆင်းလို့ အရောင်တင်တော့
မိုက်မဲစွာနဲ့ ငါဟာ အနီရောင်ဖြစ်ခဲ့တယ်

ရောင်စုံ နင်ခြယ်လှယ်လို့
ငါ့ရင်တခုလုံး အရောင်မျိုးစုံ ပေကျံလို့ပေါ့

အခုတော့
အစိမ်းရောင် လွင်ပြင်တခု လှပစွာ 
ငါဖန်ဆင်းလို့ နင်လျှောက်လှမ်းဖို့ ထားခဲ့ပြီမို့
လွတ်လပ်စွာ လျှောက်လှမ်းပါတော့ ချစ်သူ..........

မိုးမခ(မသွယ်)

မမသွယ် ပို့ ပေးစဉ်ကတော့ သူ့ အရောင်လေးတွေနဲ့ သူ သင့်လျှော်တဲ့ အရောင်လေးတွေနဲ့ ချယ်သထားတဲ့ ပုံလေးတွေ ပါခဲ့ပါတယ်။ ဘလော့မှာ တင်ဖို့လုပ်တော့ အဲဒီပုံတွေက Word file ထဲကဆိုတော့ တင်လို့ မရတာရယ် ၊ နောက်ပြီး တခြား ပုံလေးတွေနဲ့ တွဲပြီး တင်ဖို့ကျတော့လည်း လိုင်းက ပုံကို upload တင်မရတဲ့ အတွက် သရုပ်ဖော် ပုံလေးများ နဲ့ ဖော်မပြနိုင်တာကို သည်းခံ ဖတ်ရှု ခံစားပေးကြပါလို့ ဆန္ဒပြုရင်း............။

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

Friday, September 24, 2010

ဘောက်ဖတ်နှင့် လိပ်ပြာ



တစ်ခါတုန်းက..
ဘောက်ဖတ်ကလေး တစ်ကောင် ရှိတယ်။
သူဟာ တွန့်လိမ် တွန့်လိမ်နဲ့ သစ်ရွက်ကလေးတစ်ရွက်ပေါ်မှာ နေနေရရှာတယ်။ နေပူတော့လည်း နားခိုစရာ မရှိ။ နှင်းရွှဲတော့လည်း ချမ်းခိုက်ခိုက်တုန်။ ကိုယ်ဘဝကို စိတ်ကုန်နေရှာသတဲ့။ စားရပြန်တော့မလည်း သစ်ရွက်၊ နေရပြန်တော့လည်း သစ်ရွက်၊ နေပူ၊ လေတိုက်၊ သစ်ပင်ပေါ်က အမှိုက်တစ်စလို ကိုယ့်ကိုကိုယ် ခံစားမိပြီး အားငယ်နေရှာတယ်။
လေအတိုက် လေအကြမ်းမှာ လွင့်ကျမသွားဖို့ သူ မနေချင်ဘူးဆိုတဲ့ သစ်ရွက်ကလေးကိုပဲ မြဲမြဲကုပ်တွယ်ထားရရှာတယ်။
သူမပျော်နိုင်ရှာပါဘူး။
ခန္ဓာကိုယ်က ပျော့စိစိနဲ့ ရွံစရာကလည်း ကောင်း၊ အပေါင်းအသင်းကလည်း မရှိ၊ တွေးကြည့်ရင် သူ့ဘဝဟာ ဝမ်းနည်းစရာပါ။
ခုန်ပေါက်ပြီး ဆော့ကစားနေတဲ့ ဓားခုတ်ကောင်လေးတွေကို ကြည့်ပြီးအားကျ၊ ဝမ်းနည်းဖြစ်နေ၇ှာသတဲ့ ။ သူတို့လိုလည်း မြင့်မြင့်ကို မခုန်နိုင်၊ သူတို့လိုလည်း မသန်စွမ်း၊ သူတို့လိုလည်း အားမာန်တွေမိရှီ၊ သူတို့လိုလည်း အတောင်မပါ။ သူတို့လိုလည်း ဝေးဝေးမသွားနိုင်၊ ငါဟာ ဘာမှ အသုံးမကျတဲ့ အကောင်ပဲလို့ တွေးပြီး စိတ်ဓာတ်တွေလည်း တဖြည်းဖြည်း ကျလာတယ်။ တွေးလိုက်တိုင်း စိတ်အားငယ်စရာတွေချည်းပဲ။  ငါသေချင်လိုက်တာလို့ အမြဲစဉ်းစားနေသတဲ့။ သိမ်ငယ်စိတ်တွေနဲ့ပေါ့။
ဘောက်ဖတ်ကလေးရေ….
မင်း မသိလို့ပါ။
မင်းဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အမြင့်ကိုလည်း ပျံသန်းနိုင်တဲ့၊ လေတွေကိုလည်း တစ်ဝကြီး ရှူသွင်းခွင်ရတဲ့ အရောင်အသွေးစုံတဲ့၊ အသွေးအရောင်လှပတဲ့ ၊ တောင်ပံတွေကို ပိုင်ဆိုင်နိုင်တဲ့ လိပ်ပြာလှလှလေးတစ်ကောင် ဖြစ်လာမှာပါ။ လှပတဲ့ ပန်းကလေးတွေကို မင်းကြိုက်သလို နားခွင့်ရမှာပါ။ ပန်းကလေးတွေကိုလည်း မျိုးဆက်ပြန့်ပွားဖို့ ဝတ်မှုန်ကူးပေးနိုင်သူ ဖြစ်လာမှာပါ။ ပန်းလှလှလေးတွေလိုပဲ ဥယျာဉ်ကြီးကို ပိုပြီး လှပလာအောင် မင်းရဲ့ တောက်ပ အရောင်စုံတဲ့ အတောင်ပံလေးတွေနဲ့ ကူညီပေးနိုင်သူ ဖြစ်လာမှာပါ။ မင်း ဘာလို့ အားငယ်နေရတာလဲ။ 

********
ကျွန်တော် တွေးမိတာလေး ရေးလိုက်တာပါ။
ဟုတ်ပါတယ်။
ကျွန်တော်ဟာ တစ်ချိန်တုန်းက ဘောက်ဖတ်ကလေးတစ်ကောင်ပါ။
ကိုယ့်ဘဝကို စိတ်ကုန်ခဲ့ဖူးတယ်။
မျှော်လင့်ချက်တွေ ပျောက်ဆုံးခဲ့ဖူးတယ်။
ရည်မှန်းချက်တွေ တစ်ခုမှဖြစ်မလာတော့ တစ်ယောက်တည်း ကျတ်ပြီး ငိုခဲ့ဖူးတယ်။
ဘာကိုမှ ပိုင်ဆိုင်ခွင့်၊ ဖန်တီးခွင့် မရှိတော့ဘူးလို့ အဆုံးထိတွေးပြီး စိတ်ဓာတ်တွေ ကျခဲ့ဖူးတယ်။
ဘဝဆိုတာ ကိုယ်ဖြစ်ချင်တာတွေ တစ်ခုမှ မဖြစ်တက်ဘူးလို့ တွေးပြီး သောကတွေနဲ့ အိပ်မပျော်ဖြစ်ခဲ့ဖူးတယ်။
အခုတော့ လိပ်ပြာလှလှလေးတစ်ကောင် ဖြစ်နေပါပြီ။

********
ဒီနေ့ လူငယ်ကျောင်းသားတွေကို ပြောပါရစေ။
မင်းတို့ဟာ ဒီအချိန်မှာ ဘောက်ဖတ်ကလေးတွေပါ။ ကိုယ့်ရဲ့ မပြည့်စုံမှု၊ အခက်အခဲ၊ ပြဿနာတွေကြောင့် စိတ်ဓာတ်မကျပါနဲ့ ။ ဖြစ်နေတဲ့ ဘဝကို ကျေကျေနပ်နပ်ကြီး လက်ခံလိုက်စမ်းပါ။ ပတ်ဝန်းကျင်ကို မော့ကြည့်ပြီး ကိုယ်နဲ့ နှိုင်းလို့ အားမငယ်ကြပါနဲ့။ ကိုယ့်ကိုကိုယ်လည်း အထင်မသေးနဲ့နော်။ ကိုယ့်ကိုကိုယ်အထင်သေးတယ်ဆိုတာ ကျရှုံးမှု တစ်မျိုးပဲနော်။ စိတ်အားငယ်တယ်ဆိုတာ ကြိုတင်ပြီး အရှုံးပေးခြင်းတစ်မျိုးပဲနော်။ ဝမ်းနည်းတယ်ဆိုတာ ။ ကိုယ့်ကိုကိုယ် သနားတယ်ဆိုတာ နိမ့်ကျတဲ့ စိတ်ဓာတ်မျိုးနော်။ မင်းတို့ ဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ လှပတဲ့ အရောင်အသွးစုံတဲ့ ချစ်စရာကောင်းတဲ့ လိပ်ပြာကလေးတွေ ဖြစ်လာမယ်ဆိုတာ ယုံလိုက်စမ်းပါကွယ်။
အခုတော့. စစ်ဗိုလ်ကြီး၊ ပညာတက်ကြီး ၊ ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီး ၊ အရာရှိကြီး၊ ကျောင်းဆရာ၊ ဆရာမတွေပေါ့၊ အဆိုတော်ကြီး၊ အနုပညာရှင်ကြီး၊ ရုပ်ရှင်သရုပ်ဆောင်ကြီး၊ ပန်းချီဆရာကြီး၊ အယ်ဒီတာကြီး၊ စာရေးဆရာကြီးတွေပေါ့။ ကွန်ပျူတာပညာရှင်ကြီး၊ ကုမ္မဏီပိုင်ရှင်ကြီး၊ စီးပွားရေးပညာရှင်ကြီး၊ စတိုးဆိုင်ပိုင်ရှင်ကြီးတွေပေါ့။ လိပ်ပြာလှလှလေးတွေ ဖြစ်နေကြပြီ။ သူတို့လည်း တစ်ချိန်တုန်းက ဘောက်ဖတ်ကလေးဘဝကို ဖြတ်သန်းခဲ့ဖူးတယ်ဆိုတာ သိစေချင်တယ်။
ဒါ့ကြောင့်.
ဘောက်ဖတ်ကလေးရေ.
ငိုမနေနဲ့၊ ဝမ်းနည်းမနေနဲ့ ၊ ကြေကွဲမနေနဲ့၊
သေချင်လောက်အောင်လည်း စိတ်ဓာတ်ကျမနေနဲ့။
မင်းဟာ တစ်ချိန်ချိန်မှာ မိဘအတွက်၊ ဆွေမျိုးအတွက်၊ ပတ်ဝန်းကျင်အတွက်၊ အမျိုးဘာသာ သာသနာအတွက်၊ လူသားတွေအတွက်၊ ကမ္ဘာကြီးအတွက်၊ အသုံးဝင်မယ့် အကျိုးပြုမယ့်၊ အဖိုးအနဂ္ဂထိုက်တန်တဲ့ လိပ်ပြာလှလှလေးတစ်ကောင်ဖြစ်လာမယ်ဆိုတာ ယုံလိုက်စမ်းပါကွယ်။
တစ်ခေုတော့ မှာချင်တယ်။
လိပ်ပြာဘဝရပြီဆိုရင်လည်း လိပ်ပြာတာဝန်ကို ကျေစေချင်တယ်။
အတ္တကြီးတဲ့ လိပ်ပြာ၊ တစ်ကိုယ်ကောင်းဆန်တဲ့ လိပ်ပြာ၊ မနာလိုတက်တဲ့ လိပ်ပြာ၊ ဝန်တိုတက်တဲ့ လိပ်ပြာ၊ ကြွးဝါတက်တဲ့ လိပ်ပြာ၊ ဘဝမေ့တက်တဲ့ လိပ်ပြာ၊ ဘဝင်မြင့်တဲ့ လိပ်ပြာ မဖြစ်စေချင်ဘူး။
ကိုယ်ချင်းစာတက်တဲ့ လိပ်ပြာ၊ မေတ္တာ ကရုဏာရှိတဲ့ လိပ်ပြာ၊ ကိုယ့်တာဝန်ကို ကျေပွန်အောင် ဝမ်းဆောင်တက်တဲ့ လိပ်ပြာ၊ ဇွဲရှိတဲ့ လိပ်ပြာ၊ ဝီရိယရှိတဲ့လိပ်ပြာ၊ အလုပ်ကြိုးစားတဲ့ လိပ်ပြာ၊ ဟန်ဆောင်မှုကင်းတဲ့ လိပ်ပြာ၊ ရိုးသားတဲ့ လိပ်ပြာ၊ လိပ်ပြာအချင်းချင်း အချစ်ခံရတဲ့ လိပ်ပြာလေးတစ်ကောင်ဖြစ်ဖို့ ကြိုးစားစေချင်တယ်။
နောက်တစ်ခု မှာပါရစေဦး။
လိပ်ပြာဆိုတဲ့ ဘဝတစ်ခုဟာလည်း အကြာကြီး မဟုတ်ဘူးဆိုတာ သိထားဦးနော်…။
ရတဲ့အချိန်တိုအတွင်းမှာ အကောင်းဆုံးတွေကို ဆောင်ရွက်ပါနော်။
ဘောက်ဖတ်နဲ့ လိပ်ပြာကလေးတွေကို မြင်တွေ့တိုင်း…………
လူငယ်လေးတွေရဲ့ စိတ်ထဲမှာ ကိုယ့်ဘဝနဲ့ နှိုင်းလို့ အားမာန်တွေ မွေးကြစမ်းပါ…။
အားမငယ်ကြဖို့ပါ။ 

*********
 ကိုယ့်ဘဝကို မကျေမနပ်ဖြစ်နေသူများ ၊ ကိုယ့်ကိုကိုယ် အားငယ်နေသူများ၊ ဘဝမှာ အရှုံးတွေနဲ့ ရင်ဆိုင်နေရလို့ စိတ်ဓာတ်ကျနေသူ များအတွက် ဘောက်ဖတ် ဘဝမှာ အမြဲတမ်း နေရတာ မဟုတ်ပဲ.. ဘဝမှာ လှလှပပနဲ့ အရောင်သွေးတွေစုံတဲ့ လိပ်ပြာ ဘဝကို မကြာခင် ရောက်လာတော့မယ် ၊ ပိုင်ဆိုင်ခွင့်ရတော့မယ်ဆိုပြီး စိတ်ဓာတ်ခွန်းအားများ တိုးပွားလာနိုင်ကြပါစေလို့ ဆုတောင်းရင်း...၊ လိပ်ပြာဘဝရောက်တာနဲ့... အရည်သွေးအတောင် အစုံအလင်နဲ့ အလွန်လှပပြီး လူတိုင်း ၊ လိပ်ပြာတိုင်း ချစ်ခင်နှစ်သတ်တဲ့ လိပ်ပြာဘဝလေး တွေကို ပိုင်ဆိုင် ခွင့်ရရှိနိုင်ကြပါစေလို့ .. ဆန္ဒပြုရင်း.......... ဦးဘုန်း (ဓာတု) ရဲ့ နီးနီးဝေးဝေး အ တွေးလက်ဆောင် စာအုပ်မှ ဘောက်ဖတ်နှင့် လိပ်ပြာ စာစုလေးများ ကို ရွေးချယ် တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါကြောင်း..........။

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

Tuesday, September 21, 2010

ပန်းကလေးတွေရဲ့ စကားလုံးလေးတွေ


အဖြူရောင် ပန်းတွေဟာ များသောအားဖြင့် မွှေးကြတယ်။ ပန်းတွေဟာ အရောင်အသွေး စုံလေလေ ရနံ့ကင်းမဲ့လေ ဖြစ်တယ်။ လူ့ဘ၀ဟာလည်း ဒီလိုပါပဲ.. ရိုးရိုးရှင်းရှင်းနဲ့ ရိုးသားလေလေ သူ့ရဲ့ စိတ်ဟာ ဖြူစင်လေဖြစ်တယ်။

ပန်းတစ်ပွင့်က ပြောပါတယ်....
ညမွှေးပန်းဟာ ညမှမွှေးတာ မဟုတ်ပါဘူး။ နေ့လည်း မွှေးပါတယ်။ ဒါပေမဲ့ လူအနည်းငယ်ကသာ နေ့အခါမှာ ရှုရှိုက်မိကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေ့အခါမှာ လူတွေရဲ့ စိတ်ဟာ ပျံ့လွှင့်နေလို့ပါ။ တကယ်လို့ လူတွေရဲ့ စိတ်ဟာ နေ့အခါမှာလည်း တည်ငြိမ်နေမယ်ဆိုရင် ညမွှေးပန်းဟာ အရမ်းပူပြင်းတဲ့ နေ့ခင်းမှာတောင် မွှေးပါတယ်။

ပန်းတစ်ပွင့်က ပြောပါတယ်....
မနက်စောစောမှာ ကြာပန်းဝယ်ရင် ပွင့်နေတဲ့အပွင့်ကို ၀ယ်ပါ။ နံနက်ခင်းဟာ ကြာပန်းပွင့်တဲ့ အကောင်းဆုံး အချိန်ဖြစ်တယ်။ တကယ်လို့ နံနက်ခင်းမှာ မပွင့်တဲ့ ကြာပန်းက နေ့လယ်၊ ညနေခင်းရောက်တဲ့အထိ မပွင့်နိုင်တော့ပါဘူး။ လူတွေလည်း အဲဒီလိုပါပဲ.. ငယ်ရွယ်စဉ်မှာ ရည်မှန်းချက် မထားတဲ့လူက လူလတ်ပိုင်း၊ လူကြီးပိုင်းရောက်တဲ့အထိ အောင်မြင်မှုဆိုတာ ရှိတော့မှာ မဟုတ်ဘူး။

ပန်းတစ်ပွင့်က ပြောပါတယ်....
ရှားပါးပြီး တန်ဖိုးကြီးတဲ့ ပန်းဟာ ညှိုးနွမ်းလွယ်တယ်။ လူတွေလည်း နုပျိုငယ်ရွယ်တဲ့ အချိန်ဟာ အဖိုးတန် ပန်းလေးတစ်ပွင့်လိုပါပဲ။ ကောင်းကောင်း မပြုစု မပျိုးထောင်ရင် ပျက်စီးလွယ်တယ်။

ပန်းတစ်ပွင့်က ပြောပါတယ်....
နှင်းဆီပန်းတိုင်းမှာ ဆူးပါတယ်။ နှင်းဆီပန်းကို ကြိုက်နှစ်သက်ရင် သူ့ဆူးကို မချိုးပါနဲ့။ ဆူးမစူးမိအောင် ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာကိုပဲ သင်ယူပါ။ လူတွေတိုင်းမှာလည်း မာနကိုယ်စီရှိကြတယ်။ သည်းမခံနိုင်တဲ့ စကားတွေနဲ့ သူတစ်ပါးကို ထိခိုက်အောင် မပြောမိပါစေနဲ့။

ပန်းကလေးတွေရဲ့   ဒဿန စကားလုံးလေးတွေကို နှစ်သက် သဘောကျလို့ facebook မှ လမင်းစံ ရဲ့ စာမျက်နှာမှ ပြန်လည် ကူးယူ ဖော်ပြ ပေးခြင်း ဖြစ်ပါတယ်။ စာဖတ်သူ သူငယ်ချင်းတို့ လည်း နှစ်သက် သဘောကျလိမ့်မယ်လို့ ထင်ပါတယ်။ 

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

Friday, September 10, 2010

ပိုးကိုက်ပန်း




မမျှော်လင့်တဲ့ အချိန်  မထင်မှတ်ထားတဲ့ နေရာမှာ ကိုယ်ရှေ.ကို ပန်းတပွင့်ရောက်လာခဲ့တယ်.. ပန်းလေးက တကယ်ကိုနှစ်သက် မြတ်နိုးစရာကောင်းတယ်လို. ကိုယ်ထင်လိုက်တယ်…. တကယ်တော့ ကိုယ် က ပန်းချစ်သူ တယောက်မဟုတ်ခဲ့သလို ဘာပန်းကိုမှလည်း မနှစ်သက်တတ်တဲ့သူပါ….ဒီတော့လည်း ပန်းမကြိုက်တဲ့ ကိုယ်က ပန်းမပန်တာ အထူးအဆန်း မဟုတ်ခဲ့ပါဘူး….ဒီတော့လည်း ကိုယ့်နှလုံးသားက ပန်းလေးတွေနဲ. မိတ်ဆွေမဖြစ်ခဲ့ဖူးဘူးပေါ့… လာမယ့်မွေးနေကျရင် ကိုယ့်နှလုံးသားလေးအတွက် ပန်းတပွင့် လက်ဆောင်ပေးဖို. ကြိုတင် စိတ်ကူး ထားလေတော့……..
ဒီပန်းလေး ကိုယ့်ရှေ.ရောက်လာတဲ့ အချိန် နှလုံးသားလေး အတွက် လှပတဲ့ လက်ဆောင်ဖြစ်လိမ့်လို. ပျော်ရွှင်စွာနဲ.  စိတ်ကူးလိုက်မိတယ်.. နှလုံးသားလေးလည်း ဒီပန်းလေးကို မြတ်နိုးရှာတယ် ထင်ပါရဲ. သူ.ခမျာလည်း  သူ.သခင် အလိုကျနေခဲ့ရလေတော့ ပျင်းရိရှာပြီနေမှာပေါ့လေ… သူ.အတွက် အဖော်ရ တော့မယ့်ဆိုပြီး ခုန်ပေါက်နေလိုက်တာ တဒိတ်ဒိတ်နဲ.ပေါ့….. ကိုယ့်အလိုကျနေပေးခဲ့တဲ့ လိမ္မာလွန်းတဲ့ နှလုံးသားလေး အတွက် သူနှစ်သက်တဲ့ ဒီပန်းလေးကို မွေးနေ. လက်ဆောင်အဖြစ် ပေးမယ်လို. စိတ်ကူးပြီး မြတ်နိုးစွာ ကိုယ်ကောက်ယူလိုက်တဲ့အချိန်မှာတော့…
အို ပန်းကလေးက အရောင်အဆင်းတွေလှပနေပေမယ့် ပိုးကိုက်တဲ့ ဒဏ်ရာတွေနဲ. ပြည့်နေတဲ့ ပန်းလေးတပွင့် ဖြစ်နေပါရောလား…… အဆင်းလှတဲ့ ပန်းပွင့်လေးရဲ့ ပွင်.ဖတ်တွေက ဒဏ်ရာ ဗလပွနဲ့ ဖြစ်နေလိုက်တာ… ကိုယ့်လက်ထဲက ပန်းလေးကို နှမြောတသစွာ ငေးကြည့်ရင်းဖြစ်ရလေ ပန်းကလေးရယ်….လို. သာ ရေရွတ်နေမိတယ်….
ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်ပြည့်တဲ့အထိ သူ.ရဲ.ဆန္ဒကို ထိန်းချူပ်လို. ဦးနှောက်ဆန္ဒအတိုင်း နေပေးခဲ့တဲ့ ကိုယ့်နှလုံးသားအတွက် ပိုးကိုက်ပန်းတပွင့်ကို လက်ဆောင်အဖြစ်ပေးခဲ့မယ်ဆိုရင် တရားပါ့မလား….. နှလုံးသားလေးကတော့ အဆင်းလှရှာတဲ့ ပန်းလေးကို  ပန်ဆင်ချင်တယ်ထင်ပါရဲ……. မင်းအတွက် ဒီပိုးကိုက်ပန်းကိုတော့ မပေးရက်ဘူးလို. ပြောလိုက်တဲ့ အချိန်မှာ ညိုးငယ်လို. သွားလေရဲ.   …. ကိုယ်ဘာလုပ်ရမလဲ ပန်းကလေးရယ်…… ကိုယ့်မေးခွန်းကို ကြားလို. ကိုယ့် ဦးနှောက်က အပြေးအလွှား အဖြေပေးရှာတယ်…….. မရူးချင်ပါနဲ. တဲ့လေ…….
ကိုယ့်နှလုံးသားမွေးနေ.အတွက် လက်ဆောင်ပေးမယ့် ပန်းတပွင့်က အဆင်းမလှရင်တောင် အချင်းလှတဲ့ ပန်းတပွင့်တော့ မဖြစ်သင့်ဘူးလား…… နှလုံးသားလေးက ဒီပန်းလေးကို  မရရှာလေတော့ ဆန္ဒပြတယ် ထင်ပါရဲ….. ညိုးငယ်စွာနဲ. မစားမသောက်နေလေတော့ ကိုယ့် ဦးနှောက်လည်း ဘာလုပ်လို.လုပ်ရမှန်း မသိဖြစ်လို.ပေါ့…. ကဲ လိမ္မာတဲ့ နှလုံးသားရေ မင်းအတွက် မွေးနေ.လက်ဆောင်အဖြစ် မင်းလိုချင်တဲ့ ဒီပိုးကိုက်ပန်းလေးကိုဘဲ လက်ဆောင်အဖြစ် ပေးပါ့မယ်ကွာလို. ဆုံးဖြတ်ပြီး ပန်းလေကို တဖန် ကောက်ယူ ကြည့်မိလိုက်တဲ့ အချိန်မှာတော့….
 ဘုရားရေ….. ပန်းလေးက မတော်တဆ ပိုးကိုက်ခံရတာ မဟုတ်ဘဲ ပန်းလေးကိုယ်တိုင်က ပိုးတွေ မွေးမြူထားခဲ့တာပါလား…… ပိုးမွေးထားတဲ့ ပန်းတပွင်.ကို ကိုယ့်နှလုံးသားလေး တခဏ စိတ်ချမ်းသာ ဖို.အတွက်  လက်ဆောင်အဖြစ် ပေးခဲ့မယ်ဆိုရင် ကိုယ့်အတွက် လိမ်မာလွန်းတဲ့ ကိုယ့်နှလုံးသားလေးလည်း ပိုးကိုက်ခံရမှာ သေချာနေပြီပေါ့….. ဘာလုပ်ရမလဲ ပန်းကလေးရယ် ကိုယ့်နှလုံးသားလေး အတွက်……သူက မင်းကို မြတ်နိုးနေရှာတယ်…..
နှလုံးသားလေးကို အမြဲအနိုင်ယူတတ်တဲ့ ဦးနှောက်က ပြောတယ်….. မင်းမြတ်နိုးလို. ပန်ဆင်မယ်ဆိုရင် မင်းလည်း မကြာခင်မှာဘဲ ပိုးကိုက်ခံရလိမ့်မယ်  တဲ့.. မင်းခဏဘဲ စိတ်ချမ်းသာရမှာပါ နှလုံးသားလေးရယ်တဲ့… ပိုးကိုက်ခံခဲ့ရတဲ့ ပန်းတပွင့်ကို ပန်ဆင်လို.ရနိုင်ပေမယ့် ပိုးမွေးထားတဲ့ ပန်းတပွင့်ကို ပန်းဆင်ဖို.အထိတော့ မစွန်းစားပါနဲ့တဲ့ …… ဒီစကားကို ကြားလိုက်တော့ နှလုံးသားလေးက ရုတ်တရက် ညိမ်သက်လို. သွားတယ်…..
အော် ဒီတကြိမ်လည်း ဦးနှောက်က အနိုင်ရ သွားခဲ့ပြန်ပြီဘဲ…….
 ပိုးမွေးထားတဲ့ ပိုးကိုက်ပန်း ကို နှလုံးသားလေး ပန်ဆင်ဖို. အတွက် လက်ဆောင် အဖြစ် မပေးလို. မင်းစိတ်ကောက်မယ်ဆိုရင်လည်း ခွင့်လွတ်ပါတော့ နှလုံးသားလေးရယ်…..
 မင်းနှစ်သက်တဲ့ ပန်းက ပိုးကိုကြိုက်တဲ့ ပိုးကိုက်ပန်း တပွင့်မို.ပါ………
ဒီ ပိုးကိုက်ပန်း ဆိုတဲ့ ခံစားချက် စာစုလေးများကတော့ ဂျပန်ပြည်ရောက် မမသွယ်မှ  အွန်လိုင်းမှ တဆင့် ပို့ပေးထားခြင်းဖြစ်ပြီး သူ့ရဲ့ ခံစားချက်နဲ့ တိုက်ဆိုင်မှုလေးများကို ရေးဖွဲ့ ထားခြင်းဖြစ်ပါတယ်။ စာဖတ်သူတို့ လည်း ဒီခံစားချက်လေး များနဲ့ တစ်ထပ်ထဲ တူနေတဲ့ တိုက်ဆိုင်မှု လေးများ ရှိခဲ့မယ်ဆိုလျှင်ဖြင့် နှလုံးသားကပဲ ဦးနှောက်ကို အနိုင်ယူမလား ဦးနှောက်ကပဲ နှလုံးသားကို အနိုင်ယူနိုင်မလား ဆိုတဲ့ အချက်လေးများကို သေချာ စဉ်းစား သုံးသပ် နိုင်ပြီးတော့ စစ်မှန်တဲ့ ဆုံးဖြတ်ချက်လေးများ ချနိုင်ကြပါစေလို့ ဆန္ဒပြုရင်း........။
ခင်မင်စွာဖြင့်
ဇော်သိင်္ခ

Wednesday, September 8, 2010

ဗုဒ္ဓတက္ကသိုလ်၊ မန္တလေး ဘွဲ့နှင်းသဘင်ပူဇော်ပွဲကျင်းပခြင်း

ဗုဒ္ဓတက္ကသိုလ်၊ မန္တလေး ရဲ့ (၁၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင်ပူဇော်ပွဲ ကျင်းပခြင်း အခမ်းအနားကို ယနေ့  ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၁၄) ရက်၊ သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ခရစ်နှစ် ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ (၈) ရက် ဗုဒ္ဓဟူးနေ့ နေ့လည် (၁) အချိန်တွင် မန္တလေးမြို့ ဗုဒ္ဓတက္ကသိုလ်တည်ရှိရာ မြိ့လယ်ဆူးခါးတိုက်၊ ၈၃ လမ်း၊ ၃၂ လမ်းနှင့် ၃၃လမ်းကြား၊ တွင် ကျင်းပ ပြုလုပ်ခဲ့ရာ  ၂၀၁၀ ခုနှစ်အတွက် အတန်းစုံ၌ စာမေးပွဲအောင် ရဟန်း၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များ ၃၄၁ ပါး အား အောင်လက်မှတ် နှင့် ဘွဲ့လက်မှတ်များအသီးသီး ဆက်ကပ်ပေးအပ်ခဲ့ပါသည်။ 

ထိုဘွဲ့နှင်းသဘင်ပူဇော်ပွဲတွင် တက်ရောက်ပူဇော်ကြသော ဆရာတော်ကြီးများနှင့် ဘွဲ့လက်မှတ်နှင့် အောင်လက်မှတ် အသီးသီး တို့ ပေးအပ်ခဲ့သော အရေအတွက်မှာ အောက်မှာအတိုင်း ဖြစ်ပါသည်။
·         ဤဘွဲ့နှင်းသဘင်ပူဇော်ပွဲတွင် သြဝါဒါစရိယ ဆရာတော်            ၁၀ - ပါး၊
·         M.A ကထိက ဆရာတော်                                                 ၁၇ - ပါး
·         ၂၀၁၀ ခုနှစ် အတန်းစုံ၌ စာမေးပွဲအောင် ရဟန်း၊ သီလရှင်နှင့်လူပုဂ္ဂိုလ်များ
၁။ M. A. (Indo-Aryan) မဟာဝိဇ္ဇာ (အပိုင်း-၃)မှ                           ၄ - ပါး
၂။ M. A. (Indo-Aryan) မဟာဝိဇ္ဇာ (အပိုင်း-၂)မှ                            ၅ - ပါး
၃။ M. A. (Indo-Aryan) မဟာဝိဇ္ဇာ (အပိုင်း-၁)မှ                            ၆ - ပါး
၎။ M. A. (Buddhism) မဟာဝိဇ္ဇာ (အပိုင်း-၂)မှ                              ၃ - ပါး
၅။ M. A. (Buddhism) မဟာဝိဇ္ဇာ (အပိုင်း -၁)မှ                             ၂ - ပါး
၆။ B. A. (Indo-Aryan) ဝိဇ္ဇာစတုတ္ထနှစ်မှ                                    ၂၁ - ပါး
၇။ B. A. (Indo-Aryan) ဝိဇ္ဇာတတိယနှစ်မှ                                  ၂၄ - ပါး
၈။ B. A. (Buddhism)  ဝိဇ္ဇာစတုတ္ထနှစ်မှ                                      ၇ - ပါး
၉။ B. A. (Buddhism)  ဝိဇ္ဇာတတိယနှစ်မှ                                    ၇ - ပါး
၁၀။ Diploma (P. S. E.) ဒုတိယနှစ်မှ                                        ၆၀ - ပါး
၁၁။ Diploma (P. S. E.) ပထမနှစ်မှ                                        ၁၆၆ - ပါး
၁၂။ Diploma (P. A. B. E.) မှ                                                 ၃၅ - ပါး

စုစုပေါင်း ၃၄၁ ပါးအား ဆက်ကပ် ပူဇော် ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
 
 ဘွဲ့နှင်းသဘင်ပူဇော်ပွဲ ကျင်းပခြင်း ဓာတ်ပုံများကို နောက်နေ့တွင် ဆက်လက်တင်ပြဖော်ပြပေးမည်ဖြစ်ပါကြောင်း  နှင့် ဗုဒ္ဓတက္ကသိုလ် မန္တလေး ရဲ့ ဝက်ဆိုဒ်ကိုလည်း ကြာမှီတွင် www.buddhistuniversitymdy.com  ဖြင့် အွန်လိုင်းပေါ်သို့ တင်ဆက်ပေးသွားမည်ဖြစ်ပါကြောင်း ။ ယခု http://mandalaybuddhistuniversity.blogspot.com ဖြင့်လည်း  ဗုဒ္ဓတက္ကသိုလ် မန္တလေး ရဲ့ အကြောင်းကိုလည်း ဝင်ရောက် ဖတ်ရှုနိုင်ပြီးတော့ ဗုဒ္ဓတက္ကသိုလ် မန္တလေး အတွက် စာချစာသင်ဆောင်များ  လည်း ဗန်းမော်ကျောင်းတိုက်အတွင်း၌ တိုးချဲ့ ဆောက်လုပ်လျက်ရှိရာ စေတနာရှင် ပြည်သူများအနေဖြင့်လည်း နည်းများဆို ပါဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်လိုက်ပါတယ်ခင်ဗျာ....
ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

Monday, September 6, 2010

မင်းကို သိစေချင်တယ်













  • သူငယ်ချင်းရယ်......
  • မင်းကိုချစ်ခဲ့မိတဲ့
  • ငါ့ အချစ်တွေက
  • မင်းကို ဒဏ်ရာတွေပေးနေခဲ့သလို
  • ဖြစ်နေမိတယ်ဟာ
  • ငါ တကယ်စိတ်မကောင်းဘူး
  • မင်း နဲ့ ပက်သက်ပြီး
  • ဦးနှောက်က နောက်ဆုတ်ဖို့ အချက်ပြခဲ့ပေမယ့်
  • နှလုံးသားက ရှေ့ဆက်တိုးနေမိတယ်ဟာ
  • ငါ့ ဘယ်လိုအင်အားမျိုးနဲ့
  • နှလုံးသားရဲ့ အလိုကို တားမြစ်ရမှာလဲ
  • မင်းကို စွန့်လွှတ်ဖို့ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်ဘူး
  • ပိုင်ဆိုင်ခွင့်ဆိုတာလည်း မဖြစ်နိုင်
  • ခက်တော့ခက်နေပြီဟာ
  • မထင်မှတ်ပဲ မင်းရင်ထဲမှာ
  • ငါရှိနေတယ် ငါအရမ်းပျော်တယ်ဟာ
  • မင်းရင်ထဲမှာ ငါ့အတွက် မြူမှုန်တမှုန်လောက်ပဲ
  • အချစ်တွေရှိနေပါစေ ငါကျေနပ်တယ်ဟာ
  • မင်းကို ချစ်ခဲ့မိတာ တကယ်ပါ
  • ခဏတာစိတ်ကစားခဲ့တာ မဟုတ်ပါဘူး
  • အခြေအနေတွေ ဘယ်လိုဖြစ်နေနေ
  • ဘယ်လို အမြင်မျိုးနဲ့ ဖြစ်ဖြစ်ပေါ့
  • ငါ့ ကိုနားလည်ပေးပါနော်
  • တခုတော့ မင်းကို သိစေချင်တယ်
  • ငါ့ အတွက် ၀င်သက်ထွက်သက်ရှိနေတဲ့
  • မနက်ဖြန်တိုင်းမှာ
  • မင်းကိုပဲ သတိရနေမယ့်နေ့ ရက်တွေ
  • ဖြစ်နေတယ်ဆိုတာကိုပေါ့.........

ညီမလေး မိုး ကလည်း သူ့ရဲ့ ခံစားချက် ပြင်းထန်မှုတွေနဲ့ ထွက်လာတဲ့ ကဗျာတွေပို့ပေးထားတယ်။ ကျွန်တော်ကလည်း အခုတလော သိပ်မအားတာနဲ့ ဘာမှ မရေးဖြစ်တော့.... ခံစားချက် ကဗျာလေး တွေကိုပဲ  ပြန်ပြီး မျှဝေပေးနေရပါတော့တယ်။ ဒီကဗျာလေးကတော့ မိုး ရဲ့ ခံစားချက်နဲ့ အတူ တစ်ချို့စာကြောင်းတွေက ကျွန်တော်ရဲ့ ခံစား ချက်လေးတွေနဲ့လည်း နည်းနည်း တိုက်ဆိုင်နေတယ်ထင်လို့ ဒီကဗျာလေး ကိုလည်း သဘောကျ နှစ်သက်မိပါတယ်။  ဒါကြောင့် အပြင်မှာ မမြင်ဖူးမတွေ့ဖူးပေမယ့် အွန်လိုင်းကနေ ကဗျာလေးတွေ ပို့ပို့ပေးနေသော ညီမလေး မိုး တစ်ယောက် ညီမလေး ရဲ့ ခံစားချက် အစစ်အမှန်တွေကို သက်ဆိုင်သူ သူငယ်ချင်းတစ်ယောက် အမြန်ဆုံး သိစေပြီးတော့ ညီမလေးရဲ့ အချစ်တွေကို အမြန်ဆုံး ပြန်လည် တုံ့ပြန်သက်ရောက်မှုများ ရရှိနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်............။ 

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

 
^ထိပ်ဆုံးသို့