မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Tuesday, October 11, 2011

သီတင်းကျွတ်လပြည့်နေ့ ဗုဒ္ဓမြတ်စွာဘုရား ကိုပူဇော်ခြင်း

6700528.png

6700529.jpe

ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာ ဘာတိ စန္ဒိမာ၊
သန္နဒ္ဓေါ ခတ္တိယော ဘာတိ၊ ဈာယီ တပတိ ဗြဟ္မဏော၊
အထသဗ္ဗမဟောရတ္တိံ ၊ ဗုဒ္ဓေါတပတိတေဇသာ၊
(ဓမ္မပဒ၊သံယုတ္တ)
တာဒိသံ တေဇသမ္မန္နံ၊ ဗုဒ္ဓံဝန္ဒာမိ အာဒရံ။ (ပေါရာဏ)


အာဒိစ္စော၊ ရောင်ခြည်တစ်ထောင် အလင်းဆောင်သည့် ထွန်းပြောင်ထိန်လင်း ရှင်နေမင်းသည်။ ဒိဝါ၊ နေ့အခါမှသာလျှင်၊ တပတိ၊ ထွန်းလင်းကျက်သရေတင့်တယ်လှပါပေ၏။ စန္နိမာ၊ ယုန်ဖြူလနန်း သော်တာစန်းသည်။ ရတ္တိံ၊ ညဥ့်အခါမှသာလျှင် တပတိ၊ထွန်းလင်းကြက်သရေ တင့်တယ်လှပါပေ၏။ ခတ္တိယော၊ ရေမြေပိုင်သ စိုးရသနင်းပြည့်ရှင်မင်းသည်။ သန္နဒ္ဓေါ၊ ရွှေ၊ငွေ၊စိန်၊ကျောက် ထိန်ထိန်တောက်သည့် မင်းမြောက်တန်ဆာ ဆင်ယင်မှသာလျှင်။ ဘာတိ၊ ထွန်းလင်းကျက်သရေ တင့်တယ်လှပါပေ၏။ ဗြဟ္မဏော၊ ကိသေလာကုန်ခန်း ရဟန္တာ ပုဂ္ဂိုလ်သည်။ ဈာယီ၊ အဘိဉာဉ်ဝင်စား ဈန်ကစားမှသာလျှင်။ တပတိ၊ ထွန်းလင်းကျက်သရေ တင့်တယ်လှပါပေ၏။ အထ၊ ထိုမှကြူး၍ ထူးသည်မှာကား။ ဗုဒ္ဓေါ၊ သစ္စာလေးပါးမြတ် တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော မြတ်စွာဘုရားသည်။ တေဇသာ၊ ကြက်သရေမျိုးစုံ တန်ခိုးဂုဏ်အားဖြင့်။ သဗ္ဗမဟောရတ္တိံ၊ နေ့ရောညဥ့်ပါဘယ်ခါမဆိုင်း အချိန်တိုင်း၌သာလျှင်၊တပတိ ၊ ထွန်းလင်း ကျကသရေ တင့်တယ်လှပါပေ၏။ တာဒိသံတေဇသမ္မန္နံ၊ ထိုသို့ ကြက်သရေမျိုးစုံတန်ခိုးဂုဏ်တို့နှင့် ပြည့်စုံတော်မူသည်ဖြစ်၍ နေမင်း၊လမင်း၊ရဟန်းတသင်းတို့ထက် ထွန်းလင်းကြက်သရေ တင့်တယ်တော်မူပေ ထသော။ ဗုဒ္ဓံ သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားထင်ထင်သိမြင်တော်မူသော မြတ်စွာဘုရားကို။ အဟံ၊ တပည့်တော်သည်။ အာဒရံ ၀န္ဒာမိ၊ ဗုဒ္ဓဂုဏ်ကို အာရုံထပ်ထပ် စိတ်ဇောကပ်လျှက် မပြတ်ရိုကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါသည် မြတ်စွာဘုရား။
ဒီဂါထာကတော့ အလုံးစုံမင်္ဂလာရှိလို့ “သဗ္ဗမင်္ဂလာ” ဂါထာ, တစ်ထောင်တန်လို့“ သဟဿရဟ” သစ္စာပြုတာမို့ “သစ္စ”ဂါထာလို့ခေါ်တဲ့ ဂါထာပါ။
ဓမ္မပဒပါဠိ, သံယုတ္တပါဠိတော်မှာလာတဲ့ ဂါထာပါ။ တချို့ပါဠိရတယ်။ အနက်မရ။ တစ်ချို့ ပါဠိ၊အနက် ရပြန်တော့ ဂါထာဖြစ်ပေါ်လာပုံကိုမသိကြဘူး။ ဒါကြောင့် ပါဠိ၊ အနက်၊ ဂါထာဖြစ်ပေါ်လာပုံလေးကို ရေးသား ပေးလိုက်ပါတယ်။
မြတ်စွာဘုရားဟာ တစ်ခုသော သီတင်းကျွတ်လပြည့်နေ့ညမှာ တရားဟောပလ္လင်ပေါ်မှာ သီတင်းသုံး နေပါတယ်။ အဲဒီအချိန်မှာ နေမင်းကြီး ၀င်တော့မည်ဆဲဆဲ အနောက်တောင်ပေါ်မှာ မေးတင်နေပါတယ်။ အရှေ့ဥဒည်စွန်းမှာတော့ ငွေလမင်းကြီးထွက်ပေါ်စပြုနေပါပြီ။ တစ်ဖက်မှာတော့ ပေဿနဒီကောသလမင်းကြီး မင်းတန်ဆာအစုံဝတ်ဆင်ပြီး မှူးမတ် ဗိုလ်ပါအခြံအရံနဲ့ တရားနာနေပါတယ်။ တစ်ဖက်မှာတော့ ကာဠုဒါယီ ရဟန္တာမထေရ်မြတ်ကြီး ဈန်ဝင်စားပြီးနေပါတယ်။ မြတ်စွာဘုရား၊ နေမင်း၊ လမင်း၊ ကောသလမင်း၊ ကာဠုဒါယီ မထေရ်တို့ဟာ အသီးသီး သူ့ကြက်သရေနဲ့သူ ရှိနေတာကို ရှင်အာနန္ဒာမထေရ်မြတ် မြင်တော်မူပါတယ်။ အဲဒီ ကြက်သရေရှိနေတဲ့ ၅ မျိုးထဲမှာ နေမင်းဟာ နေ့အခါမှာပဲ တင့်တယ်တယ်။ လမင်းဟာ ညဥ့်အခါမှာပဲ တင့်တယ်တယ်။ ကောသလမင်းဟာ မင်းမြောက်တန်ဆာ ဆင်ယင်ထားတဲ့အခါမှာဘဲ တင့်တယ်တယ်။ ရဟန္တာ မထေရ်မြတ်ဟာလည်း ဈန်ဝင်စားတဲ့အခါမှဘဲ တင့်တယ်တယ်။ ကြက်သရေရှိတယ်။ သုံးလောကထွဋ်ထား မြတ်စွာဘုရားကတော့ ကြက်သရေမျိုးစုံ တန်ခိုးဂုဏ်တို့ဖြင့် နေ့ရော,ညဥ့်ရော အချိန်ရှိသရွေ့ တင့်တယ်တယ်။ ကြက်သရေရှိတယ်။ အဲဒီလို ရှင်အာနန္ဒာမထေရ်မြတ်က ရှုမြင်တော်မူပါတယ်။ အဲဒီရှုမြင်တော်မူတဲ့အတိုင်း မြတ်စွာဘုရားကို လျှောက်တယ်။ အဲဒီတော့ မြတ်စွာဘုရားက ရှင်အာနန္ဒာ လျှောက်တာကို လက်ခံတော်မူပါ တယ်။ အဲဒါကြောင့် ဒီဂါထာဟာ မြတ်စွာဘုရားဟောဂါထာဖြစ်လာပါတယ်။ အဲဒါက မြတ်စွာဘုရားလက်ထက်က အကြောင်းအရာဖြစ်ပါတယ်။
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် နှစ်ပေါင်း ၅၀၀ လောက် သီဟိုဠ်ကျွန်းမှာ ဘာတိကတိဿမင်းကြီး နန်းစံပါတယ်။ မင်းကြီးဟာ တစ်ခုသော သီတင်းကျွတ်လပြည့်နေ့မှာ မှူးမတ်ဗိုလ်ပါ ပရိတ်သတ်နှင့်အတူ မဟာစေတီကို ဖူးမြော်ရန် ထွက်တော်မူပါတယ်။ အဲဒီအချိန်ကလည်း နေ၀င်ခါနီး လထွက်တဲ့အချိန်ဖြစ်ပါတယ်။ ထုတယ်ကြီးမားတဲ့ မဟာစေတီတော်မြတ်ကြီးအပေါ် အနောက်ဘက်မှ နေ၀င်ခါနီးဆည်းဆာရောင်ခြည်၊ အရှေ့ဘက်မှ လထွက်ခါစ ဖြူဝင်းအေးမြသော လရောင်တို့ကျရောက်ကာ ကြက်သရေရှိနေပုံကို မင်းကြီးမြင်ရတော့ အမတ်ကြီးဘက်ကိုလှည့်ပြီး အမတ်ကြီးတို့ မဟာစေတီတော်မြတ်ကြီး ကြက်သရေ ရှိလိုက်တာ။ မြတ်စွာဘုရားဟောတော်မူတဲ့ ပါဠိတော်မှာ ဒီလိုကြက်သရေရှိတဲ့ဂါထာများ မရှိဘူးလားလို့မေး တော့ အမတ်ကြီးတစ်ယောက်က လက်အုပ်ချီပြီး နေမင်းဘက်ကိုလှည့်ကာ “ဒိဝါတပတိ အာဒိစ္စော” ဟုရွတ်ဆိုပါတယ်။ တဖန်လလမင်းဘက်လှည့်ပြီး“ရတ္တိမာ ဘာတိ စန္ဒိမာ” လို့ ရွတ်ဆိုပါတယ်။ တဖန် ဘာတိကတိဿမင်းကြီး ဘက်ကိုလှည့်ပြီး “သန္ဒဒ္ဓေါ ခတ္တိယော ဘာတိ” လို့ဆိုပါတယ်။ မဟာစေတီအနီးရှိ သံဃာတော်များသီတင်းသုံးတဲ့ မဟာဝိဟာရကျောင်းဘက်လှည့်ပြီး “ဈာယီ တပတိ ဗြဟ္မဏော” လို့ရွတ်ဆိုပါတယ်။ နောက်ဆုံးကျတော့မှ နေရောင်လရောင် တို့ဖြင့် တင့်တယ်လျက်ရှိတဲ့ မဟာစေတီတော်မြတ်ကြီး ဘက်ကိုလက်အုပ်ချီလှည့်ပြီး “ အထ သဗ္ဗမဟောရတ္တိံ၊ ဗုဒ္ဓေါတပတိ တေဇသာ” လို့ဆိုပြီး ဘုရားရှိခိုးလိုက်ပါတယ်။
အဲဒီအခါမှာ ဘာတိကတိဿမင်းကြီးက “အိုအမတ်ကြီး လက်အုပ်ကိုမချလိုက်ပါနဲ့ဦး“ လို့ပြောပြီး အသပြာတစ်ထောင်ထုပ်ကို အမတ်ကြီးရဲ့ လက်ထဲထည့်ပြီး ပူဇော်လိုက်ပါတယ်။ အဲဒါကြောင့် ဒီ “ဒိဝါတပတိဂါထာ” ဟာသဟဿရဟ=သဟဿ= တစ်ထောင်။ အရဟ=ထိုက်တန်တဲ့ တစ်ထောင်တန်ဂါထာ လို့ဆိုပါတယ်။ သစ္စာပြုရာ ရောက်လို့ “သစ္စာ”ဂါထာလို့လည်း ဆိုပါတယ်။ ဆိုတာလေးကို သီတင်းကျွတ်လပြည့်အမှီ သုံးလောကထွဋ်ထား သဗ္ဗညု မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ရှိခိုးလိုက်ကြပါကုန်စို့………………………..။

မေတ္တာရှင်ဖောင်ဒေးရှင်း ဆိုဒ်မှ ပြန်လည် ဖော်ပြသည်။

ခင်မင်စွာဖြင့်…

ဇော်သိင်္ခ


6 comments:

Candy said...

ဒီည အမေ့ဆီ ဖုန်းဆက်ရမယ်... သီတင်းကျွတ်ပြီ.. :D

8Yar said...

ကျေးဇူးပါ အစ်ကိုဇော်သိင်္ခရေ။ အရင်က ဒီဂါထာကိုသိပေမယ့် သမိုင်းကြောင်းကို မသိခဲ့ပါဘူး။ သာဓု၊ သာဓု၊ သာဓု အစ်ကိုတစ်ယောက် ကျန်းမာပျော်ရွှင်ပါစေ ခင်ဗျာ။

mstint said...

မြတ်ဗုဒ္ဓရဲ့သမိုင်းတွေကတော့ ဖတ်ပြီးရင်းဖတ်ချင်ပဲ မောင်ဇော်သိင်္ခရေ။ ဖတ်ခွင့်ရလို့ သာဓုပါကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

Unknown said...

အကိုကြီးရေ သိစရာမှက်စရာလေးတွေအတွက်
ကျေးဇူးတင်လိုက် ပါတယ်ဗျာ.

ခင်မေးလေးစားလျှက်

(ဒုတိယ)

Anonymous said...

ဗဟုသုတတွေဝေမျှပေးလို့ ကျေးဇူးတင်ပါတယ်ရှင်။

ခင်တဲ့
မေသိမ့်

စံပယ်ချို said...

ဒီဆိုဒ်လေးကိုလာရင်
မသိခြင်းတွေသိရတယ်.....
အဲဒီအတွက် ကျေးဇူးပါရှင်
ချမ်းမြေ့စွာနဲ့ စာတွေရေးတင်နိုင်ပါစေလို့
ခင်မင်တဲ့ jasmine

 
^ထိပ်ဆုံးသို့