“ငါ၏ အူခွေအူမတို့သည်
မိမိတည်ရာ ဝမ်းဗိုက်အတွင်းမှထွက်၍ အပြင်၌အစာရှာစေကာမူ အသက်ကိုစွန့်ရစေကာမူ
အသက်မွေးမှုကို စောင့်ရှောက်ခြင်း၊ အာဇီဝသီလကို မဖျက်ပေအံ့။”
(ရှင်သာရိပုတ္တရာမထေရ်)
ဗုဒ္ဓဝင်ကို ဇာတ်လမ်းတွဲရှည်
ရုပ်ရှင်ကားကြီးသာ ရိုက်ဖြစ်ကြမယ်ဆိုရင်
ကဒ်တော်တော်များများမှာ အရှင်သာရိ ပုတ္တရာနဲ့ အရှင်မောဂ္ဂလာန်တို့ရဲ့
လှုပ်ရှားမှုပုံရိပ်တွေကို အားပါးတရဖူးတွေ့ကြရမှာပါ။ အဲ့ဒီလို
ဖူးတွေ့တဲ့နေရာမှာလည်း အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလာန်ကို တစ်ပါးစီ လှုပ်ရှားမှုပုံရိပ်ထက်
တပူးတွဲတွဲပုံရိပ်တွေကို စုပြီး ဖူးတွေ့ကြရမှာ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
ဗုဒ္ဓဝင်စာမျက်နှာတွေကို လှန်ကြည့်လိုက်ရင် လူဝတ် ကြောင်ဘဝနဲ့
တပူးတွဲတွဲတရားရှာခဲ့ကြပုံ၊ ရဟန်းဘဝနဲ့ တပူးတွဲတွဲ သာသနာပြုခဲ့ကြပါပုံ စတဲ့
ပုံရိပ်တွေက တစ်ပါးစီလှုပ်ရှားမှု ပုံရိပ်တွေထက် ပိုပြီး ရုပ်လုံးကြွနေသလားလို့ပါ။
ဒီရုပ်လုံးကြွ ပုံရိပ်တွေကို ဒါရိုက်တာတွေကလည်း အလွတ်ပေးမှာ မဟုတ်ပါဘူး။ ဒါက
အနုပညာရှု့ထောင့်က တွေးကြည့်မိတာပါ။
အရှင်သာရိပုတ္တရာရဲ့ စကားတော် မြစ်ဖျားခံရာ
လိုက်ကြည့်လိုက်တော့ အရှင်မောဂ္ဂလာန်ကိုပါ ဇာတ်ဆောင်တစ်ပါးအနေနဲ့ ပူးတွဲတွေ့ရပါတယ်။
အခါတစ်ပါးမှာ အရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ
အရှင်မောဂ္ဂလာန်မထေရ်နဲ့အတူ တစ်ခုသောတောအုပ်မှာ အရဟတ္တဖိုလ်သမာပတ်ကိုပွားများပြီး
သီတင်းသုံးနေတော်မူပါတယ်။ အဲဒီလိုနေရင်း တစ်နေ့ အရှင်သာရိပုတ္တရာ မထေရ်မှာ
လေနာရောဂါတစ်ခု ဖြစ်ပေါ်လာပါတယ်။ ရောဂါဖြစ်လာတော့ ရောဂါရဲ့ဒဏ်ကို အနည်းနဲ့ အများ
ခံစားရစမြဲပေါ့။ အရှင်သာရိပုတ္တရာမထေရ်လည်း ရောဂါရဲ့ ဒဏ်ကသက်သာလို သက်သာငြား
လဲလျောင်းနေ တော်မူပါတယ်။ အဲဒီအချိန်မှာပဲ အရှင်မောဂ္ဂလာန်က အရှင်သာရိပုတ္တရာကို
ခစားဖို့ ရောက်လာပါတယ်။ အရှင်သာရိပတ္တရာပြုမူနေပုံ အနေအထားကိုကြည့်ပြီး ရောဂါ
တစ်ခုခု ခံစားနေရတာပဲလို့ သိလိုက်ပါတယ်။
“ငါ့ရှင် ဘာရောဂါ ခံစားနေရပါသလဲ”
“တပည့်တော် လေနာရောဂါ ခံစားနေရပါတယ်”
“ငါ့ရှင် ရှေးတုန်းက ဘာဆေးနဲ့
ပျောက်ဖူးသလဲ”
“အို ငါ့ရှင် လူ့ဘောင်မှာ နေစဉ်အခါတုန်းက
ဒီလေနာ ရောဂါဖြစ်ပြီဆိုရင် ငါ့ရဲ့ မယ်တော်က ထောပတ် ပျားသကာတွေနဲ့ ရောနှောပြီး
ရေမရောတဲ့နို့ရည်နဲ့ ချက်တဲ့ “ဃနာနို့ထမင်း”
ကိုကျွေးပါတယ်။ အဲဒီ “ဃနာနို့ထမင်း” နဲ့ ပျောက်ပါတယ်”
“ငါ့ရှင် သာရိပုတ္တရာ သင့်ရဲ့ဘုန်းကံ
ငါ့ဘုန်းကံ တကယ်လို့ ရှိမယ်ဆိုရင် မနက်ဖြန်ခါ သင်ပြောတဲ့ “ဃနာနို့ထမင်း”
ရကောင်းပါရဲ့”
မထေရ်နှစ်ပါး အပြန်အလှန် ပြောဆိုနေတာကို
သစ်ပင်စောင့်နတ်က ကြားသွားပါတယ်။ ဒီသစ်ပင်စောင့်နတ်က အရှင်သာရိပုတ္တရာမထေရ်ကို
ကြည်ညိုရင်းစွဲရှိသူပါ။ သူလည်း အရှင်သာရိပုတ္တရာရဲ့ ရောဂါကို တစ်ဖတ်တစ်လမ်းက
ကူညီချင်ဟန်တူပါတယ်။ ဒါကြောင့် အရှင်သာရိပုတ္တရာရဲ့ ဒါယကာအိမ်သွားပြီး အဲဒီအိမ်က
သားကြီးကို ဝင်ပူးပါတယ်။ ဝင်ပူးပြီးတော့ “မနက်ဖြန် အရှင်သာရိပုတ္တရာအတွက်
နို့ဃနာဆွမ်းလောင်းရင် သားကြီးကို လွှတ်ပေးမယ်” လို့ ပြောပါတယ်။ ဒီတော့
အိမ်ရှင်တွေက“ သင်မပြောလဲ အရှင်သာရိပုတ္တရာကို ငါ့တို့ လောင်းလှူနေကျပဲ” လို့
ပြန်ပြောလိုက်ပါတယ်။
တိုတိုပြောရရင်တော့ နောက်တစ်နေ့ နံနက်
အရှင်မောဂ္ဂလာန်ဆွမ်းခံကြွ၊ အရှင်မောဂ္ဂလာန်ကို အိမ်မှာ ဘုန်းပေးသုံးဆောင်စေ၊
အရှင်သာရိပုတ္တရာအတွက် “နို့ဃနာဆွမ်း” သပိတ်ထဲအပြည့်လောင်းလူ၊ အရှင်မောဂ္ဂလာန်
ကျောင်းပြန်ပြီး အရှင်သာရိပုတ္တရာကို ဆွမ်းကပ်ပေါ့။
အရှင်သာရိပုတ္တရာက အရှင်မောဂ္ဂလာန်ကပ်တဲ့
“နို့ဃနာဆွမ်း” ကို ဆင်ခြင်ကြည့်လိုက်တော့ “ပယောဂ” ပါနေတယ်ဆိုတာ သိလိုက်ပါတယ်။ ဒါကြောင့် “ငါ့ရှင်
မောဂ္ဂလာန်၊ သုံးဆောင်ခြင်းငှာမထိုက်၊ သင့်လျော်ရာ တစ်နေရာမှာ သွန်ပစ်လိုက်ပါ” လို့
မိန့်ဆိုပါတယ်။ အရှင် မောဂ္ဂလာန်ကလည်း “ငါကဲ့သို့သောသူ ယူဆောင်လာသောဆွမ်းကို မသုံးဆောင်လေတကား”
လို့ စိတ်ထဲစနိုးစနှောင့်မဖြစ်ဘဲ သင့်လျော်ရာမှာ သွန်ပစ်လိုက်ပါတယ်။ နို့ဃနာဆွမ်း
မြေပေါ်မှာ ရောက်တာနဲ့ အရှင်သရိပုတ္တရာရဲ့ လေနာရောဂါလဲ တစ်ခါတည်းပျောက်သွားပါသတဲ့။
ပြီးတော့ အရှင်သာရိပုတ္တရာမထေရ်က အောက်ပါ နိဒါန်းစကားကို ကျူးရင့်လိုက်ပါတယ်။
“ဝစီဝိညတ်
ပြန့်ခြင်းဟုဆိုအပ်သော နှုတ်မြွတ် ပြောဆိုခြင်းကြောင့် ဖြစ်ပေါ်သော
ပျားသကာတို့နှင့် ရောနှော အပ်သော နို့ဃနာဆွမ်းကို ငါသည်အကယ်၍ စားမိသည်ဖြစ်အံ့။ ငါ၏
အသက်မွေးခြင်းကို သူတော်ကောင်းတို့ ကဲ့ရဲ့အပ်သည် ဖြစ်ရာ၏။ ငါ၏ အူခွေအူမတို့သည်
မိမိတည်ရာ ဝမ်းဗိုက်အတွင်းမှထွက်၍ အပြင်၌အစာရှာစေကာမူ အသက်ကိုစွန့်ရစေကာမူ
အသက်မွေးမှုကို စောင့်ရှောက်ခြင်း၊ အာဇီဝသီလကို မဖျက်ပေအံ့။ ငါသည် မိမိ၏ စိတ်ကို
နှစ်သက်စေအံ့၊ မလျောက်ပတ်သော ရှာမီးခြင်းကို ငါဆက်စုပ်ရွံရှာတော်မူအပ်သော မသင့်သော
ရှာမှီးခြင်းမျိုးကို အမြဲပင်မပြုဘဲနေအံ့”
ဒီနေရာမှာ ရှင်းစရာ တစ်ခုရှိပါတယ်။
ဘာလဲဆိုတော့ အရှင်သာရိပုတ္တရာ နို့ဃနာဆွမ်းကို သွန်ပစ်ရတဲ့ အကြောင်းပါ။
မြတ်စွာဘုရားရဲ့ တပည့်သား ရဟန်းတော်တွေဟာ
ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးဆိုတဲ့ ပစ္စည်းလေးပါး အတွက် ဒကာ၊ ဒကာမတွေကို
အမှီပြုပြီး နေကြရတာပါ။ အမှီပြုပြီး နေရတယ်ဆိုပေမယ့် အလှူခံချင်တိုင်း ခံခွင့်
မရှိပါဘူး။ စည်းတွေဘောင်တွေ ရှိပါတယ်
စာထဲမှာ အလှူခံခြင်းနဲ့ ပတ်သက်ပြီး နိမိတ်၊ သြဘာသ၊
ပရိကထာ ဝိညတ်ဆိုတဲ့ ဝေါဟာရလေးမျိုး ရှိပါတယ်။ နိတ်မိတ်ဆိုတာက
လိုချင်တဲ့ ပစ္စည်းတစ်ခုကို အမှတ်နိမိတ်ပြုပြီး အလှူခံတာပါ။ သြဘာသဆိုတာက
အဖြောင့်တိုက်ရိုက်မဆိုဘဲ ရိပ်ခါဝဲခါနဲ့ ပြောဆိုပြီး အလှူခံတာပါ။ ပရိကထာဆိုတာက
ပရိယာယ်စကားကို ပြောပြီးအလှူခံတာပါ။ ဝိညတ်ဆိုတာက “ကျောင်းလှူလော့” လို့
အဖြောင့်တိုက်ရိုက် အလှူခံတာပါ။
ရဟန်းတော်တွေဟာ ပစ္စည်းလေးပါးထဲက ဆွမ်းနဲ့
သင်္ကန်းကို အထက်ကပြောခဲ့တဲ့၊ နိမိတ်၊ သြဘာသ၊ ပရိကထာ၊ ဝိညတ်ဆိုတဲ့လေးမျိုးနဲ့
လုံးဝအလှူမခံကောင်းပါဘူး။ ကျောင်းကို နိမိတ်၊ သြဘာသနှစ်မျိုးနဲ့
အလှူခံကောင်းပါတယ်။ ဆေးပစ္စည်းကျတော့ နိမိတ်၊ သြဘာသ၊ ပရိကထာ၊ ဝိညတ်လေးမျိုးလုံးနဲ့
အလှူခံခွင့်ရှိပါတယ်။ ဒါက စာမှာလာတဲ့ အဆုံးအဖြတ်ပါ။
အခု အရှင်မောဂ္ဂလာန်ရလာတဲ့ နို့ဃနာဆွမ်းဟာ
ကိုယ်တိုင် ပယောဂမပါပေမယ့် သစ်သင်စောင့် နတ်ရဲ့ နှုတ်မြွက်ခြင်းဆိုတဲ့ ဝိညတ်ပယောဂ
ပါနေပါတယ်။ ဒါကို ကြည့်ပြီး အရှင်သာရိပုတ္တရာက သွန်ပစ်ခိုင်းတာ ဖြစ်ပါတယ်။
ဒီအပြုအမှုကို သီလထဲမှာထည့်ရင်
အာဇီဝပါရိသုဒ္ဓိ သီလပါ။ အာဇီဝပါရိသုဒ္ဓိသီလဆိုတာက ဗေဒင်ဟောလို့ ဆေးကုလို့ စသည့်ဖြင့်
မသင့်သော နည်းတွေနဲ့ ရှာမှီးလို့ရတဲ့ ပစ္စည်းလာဘ်လာဘမှ ရှောင်ကြဉ်တာပါ။
အပြစ်မကင်းတဲ့ အပြုအမူတွေနဲ့ ကြုံတဲ့အခါ
ကြိုက်မရှက်၊ ငိုက်မရှက် အစရှိတဲ့ လောကစကားပုံတွေနဲ့ ကိုယ့်အပြစ်ကိုယ်
ဖော့တွေးခဲ့ဖူးပါတယ်။ အရှင်သာရိပုတ္တရာရဲ့ အပြုအမူကိုဖတ်ပြီး ကျောထဲချမ်းစိမ့် သွားတာတော့
အမှန်ပါပဲ။
ရဝေနွယ်(အင်းမ)
-ကျမ်းကိုး
-ဝိသုဒ္ဓိမဂ်
ပထမအုပ်
-မြတ်သတိ
ဇူလိုင် ၂၀၀၀။
0 comments:
Post a Comment