မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Tuesday, May 17, 2011

ကဆုန်လပြည့် ဗုဒ္ဓနေ့

5673887.jpg
ကဆုန်လပြည့်နေ့သည် ဗုဒ္ဓနေ့ဖြစ်သည် ။ ထိုနေ့သည် လွန်ခဲ့သော နှစ်ပေါင်း ၂၅၅၅ ခုနစ် မဟာသက္ကရာဇ် ၁၀၃ -ခုနှစ် ကဆုန်လပြည့်နေ့၌ ဗုဒ္ဓမြတ်စွာ ဘုရား ပွင့်တော်မူသောနေ့ဖြစ်သည်။  ထိုနေ့ ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူသည်ကို အာရုံပြုပြီး ဗုဒ္ဓဘာသာဝင် များအားလုံးသည် ဘုရားပွင့်တော်မူရာ ပရိဘောဂစေတီဖြစ်တော်မူသော ဗောဓိညောင်ပင်ကို ရေသွန်းလောင်း ပူဇော်ကြခြင်း ပြုလုပ်လေ့ရှိသည်။  ထိုသို့ ပူဇော် ရေလောင်းခြင်း ပြုလုပ်ကြရာမှ ညောင်ရေသွန်း ပွဲတော် ဖြစ်ပေါ်လာရခြင်းဖြစ်လေသည်။ ကဆုန်လပြည့်နေ့ကို ညောင်ရေသွန်း ပွဲတော်နေ့ အဖြစ် သတ်မှတ်ကြသည့် အပြင် ထိုနေ့ကို နေ့ထူးနေ့မြတ် ဗုဒ္ဓနေ့ အဖြစ်လည်း ခေါ်ကြသည်။ နေ့ထူးနေ့မြတ်ဖြစ်ရခြင်း အကြောင်းမှာ … ကဆုန်လပြည့်သည်…
၁။ ဘုရားအလောင်း သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်း၌ ဗျာဒိတ်တော် ခံယူတော်မူသောနေ့သည် ကဆုန်လပြည့်နေ့ဖြစ်သည်။
၂။ မြတ်စွာဘုရား ဖွားမြင်တော်မူသော နေ့သည်လည်း ကဆုန်လပြည့်နေ့ဖြစ်သည်။
၃။ ဘုရားအဖြစ်သို့ ရောက်တော် မူသော(ပွင့်တော်မူသော)နေ့သည်လည်း ကဆုန်လပြည့်နေ့ဖြစ်သည်။
၎။ ဘုရားဖြစ်တော်မူပြီးနောက် ဗုဒ္ဓဝင် အကျဉ်းကို ဟောတော်မူသော နေ့သည်လည်း ကဆုန်လပြည့်နေ့ဖြစ်သည်။
၅။ ထိုနောက် နောက်ဆုံး မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူသောနေ့ သည်လည်း ဒီနေ့ ကဆုန်လပြည့် အင်္ဂါနေ့ ဖြစ်တော်မူလေသည်။
ထိုသို့ ဗုဒ္ဓမြတ်စွာဘုရား ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ ဖြစ်ကြောင်းကို ဗုဒ္ဓဝင် အကျဉ်းချုပ်အနေနဲ့ နှင့် ရေးသား ဖော်ပြလိုက်ရပါသည်။

ဗုဒ္ဓဝင်အကျဉ်းချုပ်
၁။ ဂေါတမ ဘုရားအလောင်းတော်သည် ဤဘဒ္ဒကမ္ဘာမှ ပြန်၍ ရေတွက်သည်ရှိသော် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ သုမေဓာရသေ့ ဖြစ်ခဲ့လေသည်။
၂။ သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်း၌ ကိုယ်တော်တစ်ဦးတည်း နိဗ္ဗာန်ချမ်းသာကို ရယူနိုင်သော်လည်း သြဃလေးဖြာ သံသရာ၌ နစ်မွန်းမျောပါကုန်သော ဝေနေယျသတ္တဝါအပေါင်းတို့ကို သနားကြင်နာတော်မူလှသဖြင့် ယူတော်မမူခဲ့ပေ။
၃။ သုမေဓာရှင်ရသေ့ဘဝမှ ဝေဿန္တရာမင်း ဘဝတိုင်အောင် မရေမတွက်နိုင်သော ဘဝများစွာတို့၌-
            (၁) ရွှေ၊ ငွေ၊ ဆင်၊ မြင်း အစရှိသည်ကို လှူခြင်း ဒါနပါရမီ၊
            (၂) ခြေ၊ လက်၊ နား၊ နှာခေါင်း အစရှိသည်ကို လှူခြင်း ဒါနဥပပါရမီ ၊
            (၃) ကိုယ့်အသက်ကို လှူခြင်း ဒါနပရမတ္တပါရမီ ၊
၎။ ထို့အပြင် အလွန် စွန့်နိုင်ခဲစွာသော -
            (၁) ပဒေသရာဇ်၊ ဧကရာဇ်၊ စကြာမင်းတို့၏စည်းစိမ်ဥစ္စာ ရတနာကို စွန့်ခြင်း ဓနပရိစ္စာဂ၊
            (၂)သားသမီးကို စွန့်ခြင်း ပုတ္တပရိစ္စာဂ၊
            (၃) မယားကို စွန့်ခြင်း ဘရိယပရိစ္စာဂ၊
            (၄) ခြေ၊ လက်၊ နား၊ နှာခေါင်း အစရှိသည့် အင်္ဂါကြီးငယ်ကို စွန့်ခြင်း အင်္ဂပရိစ္စာဂ၊
            (၅) ကိုယ့်အသက်ကို စွန့်ခြင်း ဇီဝိတပရိစ္စာဂ
ဟု ဆိုအပ်သော စွန့်ခြင်းကြီး ငါးပါးကို ဖြည့်စွန့်တော်မူခဲ့လေသည်။
၅။ ဤသို့ ဘဝများစွာ သံသရာကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့ပြီးနောက် ဘုရားအလောင်းတော်သည် တုသိတာ နတ်ပြည်၌ သေတကေတုမည်သော နတ်သား ဖြစ်ခဲ့လေသည်။ နတ်သားဖြစ်စဉ် စကြဝဠာတိုက်တစ်သောင်းမှ နတ်၊ ဗြဟ္မာ အပေါင်းတို့က ``ဘုရားဖြစ်ချိန် တန်ပါပြီ၊ လူ့ပြည်သို့ ဆင်း၍ ဘုရားဖြစ်တော်မူပါ`` ဟု ဘုရားအလောင်းတော်ကို တောင်းပန်လေသည်။
၆။ သို့ဖြစ်၍ ဘုရားအလောင်းတော် သေတကေတုနတ်သားသည် -
            (၁) ကာလ=ဘုရားဖြစ်ရာ အချိန်ကာလ၊
            (၂) ဒီပ=ဘုရားဖြစ်ရာ ကျွန်းအရပ်၊
            (၃) ဒေသ=ဘုရားဖြစ်ရာ အရပ်ဒေသ၊
            (၄) ကုလ=ဘုရားဖြစ်ရာ အမျိုးအနွယ်၊
            (၅) မတုအာယုပရိစ္ဆေဒ=ဘုရားအလောင်းတော်၏ မယ်တော်ဖြစ်မည့်သူ၏ သက်တမ်းအပိုင်းအခြား
ဟူသော ကြည့်ခြင်းကြီး ငါးပါးတို့ကို ကြည့်ရှု့တော်မူလေသည်။
၇။ ယင်းသို့ ကြည့်ရှု့တော်မူပြီးနတ်အဖြစ်မှ စုတေကာ မဟာသက္ကရာဇ်  ၆၇-ခု၊ ဝါဆိုလပြည့် ကြာသာပတေးနေ့၌ ကပိလဝတ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနမင်းကြီး၏ တောင်ညာဒေဝီမိဖုရားကြီး မယ်တော်မာယာဝမ်း၌ ပဋိသန္ဓေ တည်နေလေသည်။
၈။ ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့် သောကြာနေ့ဝယ် ဒေဝဒဟပြည်နှင့် ကပိလဝတ်ပြည်၏ အကြားရှိ လုမ္ဗိနီသာမော အင်ကြင်းတော၌ မယ်တော်မာယာဝမ်းမှ မီးရှူးသန့်စင် ဖွားမြင်တော်မူလေသည်။
၉။ ဘုရားအလောင်းတော်သည် ၁၆-နှစ်အရွယ် ရောက်သောအခါ ယသော်ဓရာ မင်းသမီးနှင့် ထိမ်းမြားလက်ထပ်၍ မင်းစည်းစိမ်ကို ခံစားလေသည်။
၁၀။ ၂၉-နှစ်အရွယ် ရောက်သောအခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်မူသဖြင့် တောထွက်၍ ရဟန်းပြုလေသည်။
၁၁။ ဘုရားအလောင်းတော်သည် အလွန်ပြုနိုင်ခဲသောဒုက္ကရစရိယာအကျင့်ကို ရဟန်းအဖြစ်နှင့် ၆-နှစ်ပတ်လုံး ကျင့်တော်မူခဲ့လေသည်။
၁၂။ ထို့နောက် ဘုရားအလောင်းတော်သည် သုဇာတာမည်သော သူဌေးသမီး လှူဒါန်းအပ်သော နို့ဃနာဆွမ်းကို အဇပါလညောင်ပင်ရင်း၌ အလှူခံ ဘုဉ်းပေးပြီး မဟာဗောဓိပင်သို့ ကြွသွားတော်မူလေသည်။
၁၃။ သုဒ္ဓိယငစင် မြက်ထမ်းသမား(မြက်ရိတ်လုလင်)သည် မဟာဗောဓိပင်သို့ ကြွလာသော ဘုရားအလောင်းတော်အား မြက်ရှစ်ဆုပ်ကို လှူဒါန်းလေသည်။
၁၄။ ဘုရားအလောင်းတော်သည် သုဒ္ဓိယငစင် လှူဒါန်းအပ်သော မြက်ရှစ်ဆုပ်ကို ကြဲဖြန့်လိုက်သောအခါ ထိုခဏဝယ် မြက်ရှစ်ဆုပ်သည် မဟာဗောဓိပင်ရင်း၌ အပရာဇိတပလ္လင် ဖြစ်လာလေသည်။ (ထိုမြက်တို့သည် မြက်ရိပ်အသွင်သဏ္ဌန်ဖြင့် မတည်ကြကုန်)။
၁၅။ ဘုရားအလောင်းတော်သည် ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူစဉ် နေမဝင်မီ ဒေဝပုတ္တမာရ် (မာရ်နတ်ရန်)ကို အောင်မြင်တော်မူ၍ ညဥ့်ဦးယာမ်၌ ရှေးက နေခဲ့(ဖြစ်ခဲ့)ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့တက်သိတက်သော ``ပုဗ္ဗေနိဝါသာနုဿတိဉာဏ်``ကို ရတော်မူလေသည်။ သန်းခေါင်ယံ၌ နတ်တို့၏ မျက်စိနှင့်တူသော စုတေခါနီးသော သတ္တဝါ စသည်တို့ကို မြင်တက်သော ``ဒိဗ္ဗစက္ခုဉာဏ်`` ကို ရတော်မူလေသည်။
မိုးသောက်ယံ၌ အာသဝေါတရား လေးပါးတို့၏ ကုန်ခြင်းကို ပြုတက်သော ``အသဝက္ခယဉာဏ်``ကို ရတော်မူ၍ သက်တော်(၃၅)နှစ်အရွယ် မဟာသက္ကရာဇ် ၁၀၂-ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယံအချိန်ဝယ် လောကသုံးပါးတွင် အတုမရှိသော သဗ္ဗညူဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။
၁၆။ သုံးလူ့သခင် သဗ္ဗညူဘုရားရှင်သည် ၄၅-ဝါ ကာလပတ်လုံး ဝေနေယျသတ္တဝါတို့အား ဓမ္မစကြာ စသည့်တရားတို့ကို ဟောပြတော်မူကာ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့၏ အကျိုးစီးပွားကို  ဆောင်ရွက်တော်မူခဲ့လေသည်။
၁၇။  ၄၅-ဝါ ကာပတ်လုံး သတ္တဝါတို့၏ အကျိုးစီးပွားကို မနားမနေ ဆောင်ရွက်တော်မူခဲ့သော သဗ္ဗညူဘုရားရှင်သည် သက်တော် (၈၀)အရွယ် ရောက်သောအခါ မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့် အင်္ဂါနေ့ဝယ် ကုသိနာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ်၌ ပရိနိဗ္ဗာန် စံဝင်တော်မူလေသည်။

ဤကား မဟာဗုဒ္ဓဝင် ၏ အကျဉ်းချုပ်မျှသာ ဖြစ်ပါသည်။ ယခုနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့သည် ၊  အင်္ဂါနေ့ဖြစ်သည့် အတွက် ကျွန်တော်တို့၏ ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူသော အင်္ဂါနေ့နှင့် တိုက်ဆိုင်သော နေ့ဖြစ်လေသည်။ ဒီနေ့ ဒီရက်တွင် မြန်မာ ဗုဒ္ဓဘာသာ ဝင်အားလုံးတို့သည် မဟာဗောဓိညောင်ပင်ရင်း၌ ညောင်ရေသွန်းပွဲတော်များကို ပျော်ပျော်ပါးပါး ကျင်းပကြခြင်း၊ ဘုရားကျောင်းကန် များသို့ သွားရောက်၍ ဘုရားလှည့်လည် ဖူးမြော်ကြခြင်းများ ပြုလုပ်ကြပြီး ကုသိုလ်ယူ ဆင်နွှဲခဲ့ကြကြောင်း ရေးသား ဖော်ပြလိုက်ရပေသည်။
မှတ်ချက်။  ။ဗုဒ္ဓဝင်အကျဉ်းချုပ်ကို ဗုဒ္ဓဘာသာကောင်းတစ်ယောက်အကြောင်း စာအုပ်မှ  ရေးသားဖော်ပြခြင်း ဖြစ်သည်။

ခင်မင်စွာဖြင့်
ဇော်သိင်္ခ


Monday, May 9, 2011

ဗုဒ္ဓသစ္စာ မြတ်ဓမ္မာ

5624094.png


``အနာဂတ်၌ တစ်ကမ္ဘာလုံးကိုးကွယ်သောဘာသာကြီးတစ်ခု  ဖြစ်ပေါ်လာလတ္တံ့။ ထိုဘာသာကြီးသည် လောက ဓမ္မဆိုင်ရာ ပြဿနာ တို့ကိုလည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာပြဿနာတို့ကိုလည်းကောင်း ကောင်းစွာ ဖြေရှင်းနိုင်လတ္တံ့၊ လူသားအားလုံး၏ လောကအတွေ့အကြုံ၊ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ အတွေ့အကြုံတို့သည် အကျိုးယုတ္တိ လျော်ကန်သင့်မြတ်စွာ ပေါင်းစပ်ပြီး မှန်ကန်သော အသိပညာကိုသာ အခြေခံ၍ ထိုဘာသာကြီးသည် ပေါ်ထွန်းလတ္တံ့။

ဗုဒ္ဓဘာသာသည် ထိုဘာသာကြီး၏ အဖြေကိုပေးခဲ့ပြီး ဖြစ်ပါသည်။ အကယ်၍ ကမ္ဘာပေါ်တွင် မျက်မှောက် သိပ္ပံ၏ လိုအပ်ချက်များကို ဖြေရှင်းပေးနိုင်သည့် ဘာသာတရားတစ်ခုရှိသည်ဆိုလျှင် ၄င်းဘာသာသည် ဗုဒ္ဓဘာသာမှလွဲ၍ တခြားမရှိနိုင်ပေ။``

အိုစတိုင်း နှစ်ဆယ်ရာစု အထင်ရှားဆုံးသိပ္ပံပညာရှင်ကြီး

``သမိုင်းစဉ်တစ်လျှောက်ရှိ ဘာသာကြီးများအနက် ကျွန်ုပ်သည် ဗုဒ္ဓဘာသာကို ပို၍နှစ်သက်ပါသည်။ ဗုဒ္ဓဘာသာသည် သိပ္ပံ၏ နည်းစနစ်ကျနမှုမျိုးစုံရှိပြီး ဓမ္မဓိဠာန်ကျကျ သုံးသပ်လက်ခံသည့် ဆင်ခြင်ဉာဏ်နေရာမျိုးကိုလည်း ဗုဒ္ဓဘာသာက မွှေနှောက်ရှင်းပြနိုင်ကြောင်း တွေ့ရပါသည်။ တကယ်တော့မူ သိပ္ပံ၌ ကိရိယာတန်ဆာပလာ ကန့်သတ်ချက်၇ှိနေရာ ဘောင်ကျဉ်းတစ်ခုအတွင်းသာ အစွမ်းပြနိုင်ပါလိမ့်မည်။ သိပ္ပံဘောင်က မဆိုက်ရောက်နိုင် သည့် စိတ်ဝိညာဉ်၏ အရေးအခင်းများနှင့် ပတ်သက်၍မူ ဗုဒ္ဓတရားတော်သည် အောင်လံလွှင့်သိမ်းပိုက်ပြီး ဖြစ်ပါသည်။``

ဘထရန်ရပ်ဆဲလ်နိုဗယ်ဆုရှင်နှင့် နှစ်ဆယ်ရာစု၏ အထင်ရှားဆုံးဒဿနိကပညာရှင်

``ကျွန်ုပ်သည် ဘာသာအယူဝါအမျိုးမျိုးကို ကျောင်းတော်သားတစ်ဦးအဖြစ် လေ့လာဖူးပါ၏။ ကျွန်ုပ်ယုံကြည်ပါသည်။ ကမ္ဘာလောကကြီးက လက်ဆောင်အဖြစ် ရရှိခဲ့သောအရာတို့အနက် ဗုဒ္ဓဝါဒထက်ပြည့်စုံသော အရာဟူ၍ မရှိနိုင်ပါ။ လူသားတို့၏ ကနဦးအစနှင့် ဆင့်ကဲဖြစ်စဉ်ဗေဒ၊ ကံ၊ ကံ၏အကျိုးနှင့်စပ်လျဉ်းသော ဗုဒ္ဓ၏အတွေးအခေါ်သည် မည်သည့်ဝါဒကမှ လိုက်၍မမီအောင် အထက်တန်းကျလှပါသည်။ ကျွန်ုပ်၏ အလုပ်မှာ စိတ်ဝေဒနာခံစားနေရခြင်းကို ကုသပေးရသော အလုပ်ပင်ဖြစ်ပါသည်။ ထိုအလုပ်သည်ပင် ကျွန်ုပ်အား ဗုဒ္ဓ၏ အမြင်နှင့် သြဝါဒနည်းလမ်းများကို အကျွမ်းတဝင် ဖြစ်လာစေရန် တိုက်တွန်းပေးသော အဓိကအကြောင်းအရာ ဖြစ်ပါသည်။ ဗုဒ္ဓဝါဒဆိုသည်မှာလည်း ဇရာ၊အနာရောဂါနှင့် သေခြင်းတရားတို့၏ ဒုက္ခသံကြိုးကွင်းဆက်ကြီးမှ လွတ်မြောက်ရေးပင်မဟုတ်ပါလော``

ဒေါက်တာစီ၊ ဂျီ၊ ဂျွမ်း ခေတ်သစ်စိတ်ပညာရှင်       


ဤကား ထင်ရှားသော ပညာရှင်ကြီးများ၏ ဗုဒ္ဓ၏အယူဝါဒ တစ်နည်းအားဖြင့် ဗုဒ္ဓဝိဘဇ္ဇဝါဒအပေါ် ကြည်ညိုမှုသဒ္ဓါ ပြည့်ဝစွာဖြင့် ဗုဒ္ဓဂုဏ်တော်ကို ပုံဖော်ပူဇော်မှုသာ ဖြစ်ပေသည်။ အမှန်မှာ ဗုဒ္ဓသည် မဟာကရုဏာရှင်ပင် ဖြစ်သည်။ ဗုဒ္ဓ၏မဟာကရုဏာတော်သည် စကြာဝဠာအနန္တ ဖြန့်ကြက်သိမ်းကျုံး ဖုံးလွှမ်းခဲ့၏။ အင်းဆက်ပိုးမွှားမှအစ သတ္တဝါမှန်သမျှ ကြီးငယ်ရွယ်လတ် ညီတူမျှတူ အခွင့်အရေးမျှစွာ ခံယူရရှိစေသည်သာဖြစ်၏။ ဗုဒ္ဓသည်စစ်ရေးထက် ငြိမ်းချမ်းရေးကိုသာ လိုလားတော်မူခဲ့သည်။ ပထမ ရောဟဏီမြစ်ရေ အရေးအခင်းတွင် နှစ်ပြည်ထောင်သွေးချောင်းစီးမှု မဖြစ်အောင် စေ့စပ်ဖြန်ဖြေပေးတော်မူခဲ့သည်မှာ အကြမ်းမဖက်ငြိမ်းချမ်းမှုသက်သက်ကိုသာ ရှေးရှုကြောင်းမှာ ပမာပြ သာဓက ထင်ရှားလှပေပြီ။ ဗုဒ္ဓသည် ဤသို့သာပင် ဆုံးမတော်မူခဲ့သည်။


``အောင်နိုင်သူ၌ အမုန်းတရားဟူသော ဗျာပါဒသည်ပွားစီး၏။ ရှုံးနိမ့်သူအား ပရိဒေဝမီးသည်လောင်မြိုက်၏။ ဤလောက၌ အောင်မြင်ခြင်းကိုရော၊ ရှုံးနိမ့်ခြင်းကိုပါ ယတိပြတ်စွန့်လွှတ်နိုင်သူသာလျှင် အမှန်တကယ် ပျော်ရွှင်ချမ်းမြေ့နိုင်သူဖြစ်ပေ၏။`` ဟူ၍ပင် ဖြစ်၏။ မှန်ပါသည်။ အတိုက်အခိုက်ဆိုသည်မှာ အစွဲအလမ်းကြီးမှု၏ ရလဒ်ပင်ဖြစ်ပြီး အနိုင်အရှုံးဖြင့် အဆုံးသတ်ရသည်ပင်ဖြစ်၏။ ဗုဒ္ဓဘာသာသည် မည်သည့်စွဲလမ်းမှုကိုမှ လက်မခံ ငြင်းပယ်သည့်တစ်ခုတည်းသော ဘာသာဖြစ်သည်။

ဗုဒ္ဓရှင်တော်မြတ်သည် ဒုက္ခငြိမ်းကြောင်း တရားကောင်း၊ တရားထူးကို ပိုင်နိုင်စွာရရှိထား၏။ သတ္တဝါတို့ကို ရှု့စားတော်မူ သောအခါ မဆုံးနိုင်အောင်ခံရမည့် သံသရာဒုက္ခတို့ကိုမြင်ရ၍ လွန်စွာကရုဏာသက်ကာ ကယ်တင်တော်မူလိုသော ဆန္ဒဖြစ်တော်မူ၏။ သတ္တဝါများအပေါ်ဝယ် တကယ်ကောင်းစားချမ်းသာစေလိုသော မဟာကရုဏာရှင် ပညာရှင်ဖြစ်တော်မူသော မြတ်စွာဘုရားသည် လာဘ်လာဘ၊ အကျော်အစော စသည်တို့ကို ဘယ်မှာလိုလားငဲ့ကွက်ပါအံ့နည်း။ သတ္တဝါများအတွက် အကောင်းဆုံးအကျိုးစီးပွားကို ပေးသနားလိုသည်သာ ဖြစ်၏။ နိဗ္ဗာန်ထက်ပို၍ ကောင်းမြတ်သောအကျိုးစီးပွားဟူ၍ မရှိတော့ပေ။ ထို့ကြောင့် ရှင်တော် ဘုရားတရားဟော ရခြင်းမှာ နိဗ္ဗာနဓာတ် အမြတ်ဆုံးအကျိုးစီးပွားအလို့ငှါသာ ဖြစ်၏။

ထို့ကြောင့် ဗုဒ္ဓရှင်တော်မြတ်၏ ဒေသနာတော်သည် ကိလေသာစင်ကြယ်ရန် နိဗ္ဗာန်အလို့ငှါ ဖြစ်၏။ ထိုနိဗ္ဗာန်သို့ရောက်ကြောင်းလမ်းကား ``ဧကာယနော မဂ္ဂေါ`` အရ တစ်လမ်း၊ တစ်ကြောင်းတည်းသာ ဖြစ်၏။ ထိုလမ်းကိုလိုက်ရေး၌ ဝေနေယျတို့၏ အဇ္ဈာသယအလိုက် နည်းအမျိုးမျိုးဖန်ကာ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊ သတိပဠာန်၊ သမ္မပ္ပဓာန်စသော နည်းအမျိုးမျိုးတို့ဖြင့် ဟောတော်မူခဲ့သည်မှာ အလွန်ဝေဝေဆာဆာရှိလှ၏။

အဓိကအားဖြင့်  ဗုဒ္ဓဟောကြားမြတ်တရားကား အရိယသစ္စာတည်း။ အရိယသစ္စာဟူသည်ကား ဤသို့ပင် အဓိပ္ပာယ်အားဖြင့် ဖွင့်ဆို၏။ အရိယ=မချွတ်မယွင်းသော၊ မှန်ကန်သော၊ သစ္စ=သစ္စာ၊ အရိယသဒ္ဒါကား မချွတ်မယွင်း၊ မှန်ကန်သောအနက်ကိုဟောရာ မှန်ကန်သော၊ မမှားသောသစ္စာဟု အနက်ရသည်။ မျက်လှည့်သမား တို့သည် ခဲကိုရွှေလုပ်ပြ၏။ မသိသူတို့က အဟုတ်ရွှေမှတ်ရ၏။ သမ္မုတိပညတ်များကား ထိုမျက်လှည့်ကဲ့သို့ပင် တကယ်အဟုတ်မရှိဘဲ မဟုတ်ကို အဟုတ်ထင်သည့် မသိသူတို့၏ ထင်မြင်မှုသာဖြစ်၏။

သစ္စာတရားတို့သည်ကား ပညာမျက်စိဖြင့်ကြည့်သော် တကယ်ရှိသော တရားများအဖြစ်တွေ့ရ၍ မျက်လှည့်ကဲ့သို့ အမှားမဟုတ်။ အမှန်သင်္ကေတများသာ ဖြစ်ကြ၏။ တံလျှပ်သည်မသိသူတို့အဖို့ ရေထင်မှတ်ရသော်လည်း အမှန်တကယ်အသိဖြင့် ကြည့်သောအခါ ထင်တိုင်းမဟုတ်။ ဘာမှမတွေ့ရ။ တိတ္ထိတို့၏ ကြံဆအပ်သော အာဏာရှင်အတ္တသည် ဉာဏ်ဖြင့်ကြည့်က တံလျှပ်ပမာ ဘာမျှမဟုတ်သောအရာ ဖြစ်၏။ ဒုက္ခသစ္စာ (ဆင်းရဲ အမှန်ရုပ်နာမ်)သည်လည်းကောင်း၊ သမုဒယသစ္စာ (ဆင်းရဲဖြစ်ကြောင်းအမှန်တဏှာ)သည်လည်းကောင်း၊ ဝိပဿနာဉာဏ်ဖြင့် အမှန်တွေ့ရသောတရားများ ဖြစ်၏။ နိရောဓသစ္စာ(ချုပ်ငြိမ်းခြင်းအမှန်နိဗ္ဗာန်)မှာ မဂ်ဉာဏ်ရလျှင် တကယ်အမှန်ရှိသောတရားဟု သိရှိခံစားရမည်ဖြစ်သည်။ မဂ္ဂသစ္စာ(နိဗ္ဗာန်ရောက်ကြောင်းအမှန် မဂ္ဂင်ရှစ်ပါးတရား)မှာ မိမိသန္တာန်၌ အထင်အရှားဖြစ်လာသောတရားဖြစ်ရာအမှန်ရှိသော တရားဖြစ်မှာ ဆိုဖွယ်ရာ မရှိတော့ပေ။ ထို့ကြောင့် အရိယသစ္စာမှန်ကန်သော သစ္စာများဟု ဆိုရ၏။

တစ်နည်းအားဖြင့် အရိယသဒ္ဒါမှာပရိသုဒ္ဓ=စင်ကြယ်သောအနက်ကို  ဟောရာ စင်ကြယ်သော ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ သဝကတို့ကို အရိယဟု ဆိုရ၏။ သစ္စာလေးပါးသိမှ ထိုအရိယအဖြစ်မျိုး ရမြဲဖြစ်ရာ အရိယာတို့သိအပ်သော သစ္စာဟုလည်း အနက်ဖွင့်ပြန်၏။

လောက၌ မြတ်စွာဘုရားသည် အရိယမည်ကောင်းဟောသောပါဠိအရ ဘုရားရှင်သည် အရိယအမည်ရခဲ့ရာ အရိယဖြစ်သော ဘုရားရှင်၏သစ္စာဟုလည်း အနက်ဆိုရပြန်သည်။ မြတ်စွာဘုရားသည် ဆရာမရှိ။ မိမိကိုယ်တိုင် ထိုးထွင်းသိပြီးနောက် ဝေနေယျတို့အား ဟောပြ၏။ ဘုရားဟောပြ၍ သာဝကများ သိကြရ၏။ ထို့ကြောင့် ဘုရား၏သစ္စာဟု ဆိုရ၏။

ဤသစ္စာများသိမှ အရိယာဖြစ်ရသည်ဖြစ်ရာ အရိယာအဖြစ်ကို ပြီးစေတက်သောသစ္စာဟုလည်း ဆိုနိုင်၏။

သစ္စာကိုသိရာ၌ အနုဗောဓသိ၊ ပဋိဝေဓသိဟု နှစ်မျိုးရှိ၏။ ဆရာများထံမှဖြစ်စေ၊ ကျမ်းဂန်မှဖြစ်စေ မိမိဉာဏ်ဖြင့် နှစ်သက်ဆုံးဖြတ်ခြင်းများကို အနုဗောဓသိဟု ဆို၏။ အနု=ထပ်တလဲလဲ၊ ဗောဓ=သိခြင်း။ သိမှုမပြီးသေး၍ ထပ်ကာထပ်ကာသိနေရခြင်းဟု ဆိုလိုသည်။

ထိုသို့သိမှုမပြီးသေး၍ ထပ်တလဲလဲသိနေရခြင်းမဟုတ်ဘဲ တစ်ကြိမ်းတည်းနှင့် ထွင်းဖောက်သိခြင်းကို မဋိဝေဓသိဟု ဆိုသည်။ မဂ်ဉာဏ်၏သိခြင်းပင် ဖြစ်သည်။ မဂ်ဉာဏ်သည် ကိစ္စအားဖြင့် သစ္စာလေးပါးကိုတစ်ပြိုင်တည်းသိ၏။ ဒုက္ခကိုပိုင်းခြားခြင်း၊ သမုဒယကိုပယ်ခြင်း၊ နိရောဓကိုမျက်မှောက်ပြုခြင်း၊ မဂ္ဂပွားခြင်းဟု ကိစ္စလေးပါးရှိရာ ထိုကိစ္စလေးပါးကို တစ်ပြိုင်တည်းပြုခြင်းဖြင့် မဂ်ဉာဏ်အား သစ္စာလေးပါးထင်ရှားလာရသည်။ သင်္ခါရတို့ကို မလွှတ်နိုင်သေးသော ဉာဏ်များမှာဤကိစ္စလေးချက်ကို တစ်ပြိုင်တည်းမပြုနိုင်သေးပါ။ မဂ်ဉာဏ်ကမူ သင်္ခါရတွေကို လွှတ်ကာသင်္ခါရတို့ကင်းရာကို အာရုံပြုနိုင်၍ ဤလေးချက်ကို တစ်ခါတည်းပြုနိုင်ခြင်း ဖြစ်၏။ မှန်ပါသည်။ မဂ်ဉာဏ်ဖြစ်ရန် ပုဗ္ဗဘာဂဝိပဿနာမဂ်ကို ပွားရသည်ဖြစ်ရာ ထိုပုဗ္ဗဘာဂမဂ်သည် ဒုက္ခကိုသိလျက် သမုဒယကိုပယ်လျက်ရှိ၏။ သို့သော် မိမိ၏မဂ္ဂဘာဝနာ(မဂ်ကိုမိမိသန္တာန်၌ ဖြစ်စေခြင်း) လည်း မပြည့်စုံ၊ အပြီးမသတ်သေး၍ နိဗ္ဗာန်ကိုမမြင်ရသေးပါ။ ဒုက္ခသိမှု၊ သမုဒယပယ်မှုကလည်း အပြီးမသတ်သေး၍ ကိစ္စမပြီးသေး။ မဂ်ရောက်မှ အားလုံးကိစ္စပြီးရာ မဂ်က သိမှုကိစ္စပြီးသောအားဖြင့် အားလုံးကို တစ်ပြိုင်တည်း မတွေမဝေ ရှင်းလင်းစွာ သိနိုင်တော့သည်။

ဤ၌ ဒဿနဟူသည် အနုဗောဓအသိမဟုတ်။ မဋိဝေဓအသိဖြစ်သောမဂ်၏ဖောက်ထွင်းမြင်ခြင်းပင်တည်း။ သစ္စာလေးပါးမြင်ရခြင်းထက် ထူးခြားသောကောင်းမှုမျိုး မရှိနိုင်ပါ။ လွန်စွာအကျိုးကြီးမြတ်လှသော သစ္စာသိရခြင်းမှာ တန်ဖိုးအနဂ္ဃ ဖြတ်မရသည့်အပြင် မဂ္ဂဘာဝနာကို ပွားများသူသည် မဂ်အခိုက်၌ အငြိမ်းဓာတ်ကို ဆိုက်တွေ့ရ၏။ ထိုအခိုက်၌ပင် ခန္ဓာချုပ်ငြိမ်းမှု၊ ခန္ဓာကိုဖြစ်စေတက်သော အဘိသင်္ခါရဝိညာဉ်တို့၏ ချုပ်ငြိမ်းမှုများလည်း ပြီးစီး၏။ ထိုအငြိမ်းဓာတ်ကား ပျောက်သွားသည်မရှိ။ ထာဝစဉ်တည်နေတော့၏။ ဤသည်ကို နိဗ္ဗာန်ချမ်းသာဟု ဆို၏။

သို့်သော် ရုပ်နာမ်သင်္ခါရတို့၏ချုပ်ငြိမ်းရာကို နိဗ္ဗာန်ဟုဆိုလျှင် ထိုချုပ်ငြိမ်းမှုကို ချမ်းသာဟု အဘယ်သို့ဆိုနိုင်မည်နည်း။ ``ငါ့ရှင်တို့… ဤနိဗ္ဗာန်ကား ချမ်းသာပေတည်း`` ဟု မိန့်တော်မူသောအရှင်သာရိပုတ္တရာမထေရ်ကို အရှင်ဥဒါယီက ``ခံစားဖွယ်မရှိသောနိဗ္ဗာန်မှာ အဘယ်သို့သော ချမ်းသာ ဖြစ်ပါသနည်း`` ဟုမေးသော် အရှင်သာရိပုတ္တရာက ``ငါ့ရှင်.. ဤခံစားမှု ဝေဒယိတမရှိခြင်းသည်ပင် ချမ်းသာဖြစ်တော့သည်`` ဟု မိန့်တော်မူ၏။ မှန်ပေသည်။ ခံစားမှုဝေဒယိတမရှိခြင်းသည်ချမ်းသာခြင်းပင်ဖြစ်၍ တစ်နည်းအားဖြင့်နိဗ္ဗာန်ကိုသာ ညွှန်းပေတည်း။

ထို့ကြောင့်ပင် ``ဥပ္ပါဒေါ သင်္ခါရာ၊ အနုပ္ပါဒေါ နိဗ္ဗာနံ`` = ဖြစ်သော တရားမျိုးကား သင်္ခါရဖြစ်သဖြင့် နိဗ္ဗာန်မဟုတ်။ သင်္ခါရမဖြစ်သောတရားမျိုးသာ နိဗ္ဗာန်တည်း။ ဤသို့သောပါဠိအရ နိဗ္ဗာန်နှင့်သင်္ခါရတို့ကား ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက်တို့သာတည်း။ ဆန့်ကျင်ဘက်ဖြစ်သောကြောင့်ပင် အဖြစ်တရားမျိုးဖြစ်သော သင်္ခါရတို့၌ အငြိမ်းဓာတ်ကို ရှာမတွေ့ခြင်းဖြစ်သည်။ ထို့အတူ မဖြစ်တရားမျိုးဖြစ်သော နိဗ္ဗာနဓာတ်၌လည်း သင်္ခါရတို့၏ အဖြစ်သဘောမျိုး လုံးဝရှာတွေ့လိမ့်မည်မဟုတ်ပေ။ သင်္ခါရတို့ကား အဖြစ်တရားမျိုးဖြစ်၍ ဖြစ်ပေါ်မှု ဥပါဒ်ရှိ၏။ ဖြစ်တက်၍ ချုပ်မှုဘင်လည်းရှိ၏။ ဖြစ်ပြီးလျှင် ချုပ်မြဲဖြစ်၍ ၄င်းတို့ကား `` မတ=သေ`` ဓာတ်တို့သာတည်း။ နိဗ္ဗာန်ကား မဖြစ်တရားဖြစ်၍ ဖြစ်ပေါ်မှုဥပါဒ်မရှိ။ ဥပါဒ်မရှိသောကြောင့် ချုပ်မှုဘင်လည်းမရှိ။ အမြဲတမ်းမပျက်တော့ဘဲ တည်ရှိနေသော ထာဝရိနစ္စဓာတ်ဖြစ်၍ ``အမတ=မသေဓာတ်`` ဟုဆို၏။ နိဗ္ဗာန်ရလျှင် မသေရတော့ပြီ။ သို့ဖြစ်လျှင် နိဗ္ဗာန်ကား မသေခြင်း၏အကြောင်းတည်း ထို့ကြောင့်ပင် ``အမတဟေတုတာယ ဘင်္ဂဘဝတော စ အမတံ ``= မသေခြင်း၏အကြောင်းဖြစ်သောကြောင့်လည်းကောင်း၊ ဘင် မရှိသောကြောင့်လည်းကောင်း ``အမတ``မည်၏။ (နေတ္ထိအဠကထာ-၁၉၉)

ဤ၌ ``အမတ``ခေါ် ``နိဗ္ဗာန်`` ကိုသိရသည်မှာ အရမ္မဏ အာရုံပြုသောအားဖြင့်သိသော အသိမျိုးဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော ဗုဒ္ဓသည် သစ္စာလေးပါးတရားကို သိသည်။ သိစေသည်။ ဤကား ဗုဒ္ဓ၏ ဆိုလိုရင်း အဓပ္ပာယ်တည်း။ တစ်နည်းအားဖြင့် `` သဗ္ဗဓမ္ဓေ ဗုဇ္ဇျတီတိ ဗုဒ္ဓေါ``= အလုံးစုံသောတရားတို့ကို သိတော်မူသောကြောင့်လည်း ``ဗုဒ္ဓ``ဟု ဆိုနိုင်၏။ သို့သော် ``စတုသစ္စ ဝိနိမုတ္တောဓမ္ဓော နာမ နတ္တိ``= သစ္စာလေးပါးမှ လွတ်သောတရားမည်သည်မရှိ ဟူသည်အရ တရားအလားလုံးသစ္စာလေးပါး၌ ပါဝင်သည်ချည်းဖြစ်ရာ သစ္စာလေးပါးကို သိသည်ဆိုသဖြင့် တရားအကုန်သိသည်ဟူသောအနက်လည်း ပြီး၏။ သစ္စာမသိဘဲ အရိယာ ရဟန္တာ၊ ပစ္စေကဗုဒ္ဓါ၊ ဗုဒ္ဓဟူ၍ ဖြစ်သည်မရှိ။ သစ္စာအားလုံးသိခြင်းဖြင့်သာဖြစ်ကြရသည်။ နိဗ္ဗာန်သို့သာ အာရုံပြုနိုင်ကြရသည်။



ထို့ကြောင့်ပင် ဂေါတမဘုရားသာသနာ၌ သုပ္ပယုတ္တ(နည်းမှန်၊ လမ်းမှန် ကြိုးစားမှု)ရှိ၍ မဂ္ဂသမ င်္ဂီ(မဂ်၊နှင့် ပြည့်စုံသောပုဂ္ဂိုလ်) တို့ဖြစ်ကာ ကိလေသာမှလွတ်မြောက် မျက်မှောက်နိဗ္ဗာန်ပြုစေရာ၏ ဟူ၍ တိုက်တွန်းနှိုးဆော်ရင်း ဗုဒ္ဓသစ္စာ မြတ်ဓမ္မာကို သဒ္ဒါထုတ်ဖော် သရုပ်ပေါ်အောင် ပူဇော်သက္ကာ ပြုလိုက်ရပါပေတည်း။
မန္တလေး နေ့စဉ်သတင်းစာမှ ဝေဆည်သာ ရေးသား ပူဇော်သည်။
သဗ္ဗေသတ္တာ သန္တိသုခါ
ခင်မင်စွာဖြင့်...
ဇော်သိင်္ခ




Sunday, May 8, 2011

လမင်းထက်သာတဲ့မျက်နှာ

5616192.jpg
အမေ..........

ကောင်းကင်စကြာဝဋ္ဌာမှာ..
မရေတွက်နိုင်တဲ့
ကြယ်တာရာတွေရှိပေမယ့်...
လမင်းလောက်မသာဘူး...
အမှောင်ညရောက်လေလေ
လမင်းကိုတမ်းတလေ ပဲ...။

လူ့လောကကြီးမှာ
မျက်နှာတွေ အများကြီးရှိပေမယ့်...
သားအတွက်တော့...
အမေ့မျက်နှာလောက်
ဘယ်မျက်နှာမှ မလှနိုင်ဘူး...
ဘ၀တိုက်ပွဲရောက်လေ
အမေ့ကို မြင်ယောင်မိလေပါပဲ..........အမေ။


ညွန့်ဝင်း ( မန်း ၊ ရှေးဟောင်းသုတေသန )ရဲ့ ကဗျာလေးတစ်ပုဒ်ပါ။ လွန်ခဲ့တဲ့ ၁၀ ကျော်က မဂ္ဂဇင်း တစ်အုပ်မှာ ဖတ်ဖူးတဲ့ကဗျာလေးကို တကယ်နှစ်သက်မိလို့ သိမ်းဆည်းမိထားတာပါ။ အရင်ကလည်း ဒီဘလော့ဂ် မှာ ဖော်ပြခဲ့ဖူးပါပြီ။ အခု အမေများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့  တစ်ခေါက်ပြန်ဖတ်ရအောင်ဆိုပြီး ပြန်လည်ဖော်ပြေပေးလိုက်ရခြင်းဖြစ်ပါတယ်။

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

ချစ်သော... အမေ

5615775.jpg

စမ်းရည်ပမာ အမေ့မေတ္တာတဲ့
တွေးတာနဲ့တင် အေးမြတယ် ... အမေ

ဒုတိယကမ္ဘာစစ်အတွင်းနဲ့  အသွင်ကူးပြောင်းရေးကာလမှာ
ကြီးပြင်းလာခဲ့ရတဲ့ အမေ့ရဲ့ငယ်စဉ်ဘဝ
ပန်းခင်းလမ်းတော့ မဖြစ်နိုင်လောက်ပါဘူး ... အမေ

လင်ဆိုးမယား တဖားဖားဆိုတဲ့စကားနဲ့  ဆန့်ကျင်စွာ
လှလှပပအနားသတ် သေသပ်လာခဲ့တဲ့ ... အမေ

မညီတဲ့ထမ်းဘိုး ခက်ခဲစွာထမ်းရင်း သားသမီးတွေကို
ဘုရားသိဘို့ တရားလမ်းထဲ အရောက်ပို့ပေးခဲ့ တဲ့ ... အမေ

ဘဝစတဲ့ အရွယ်ကောင်း ၄၀ ကျော်မှာ မုဆိုးမဘဝနဲ့ 
သားသမီး ၄ ယောက်ကို ရင်ဘတ်ထဲ တင်းကြပ်စွာဖက်ပြီး
ပြင်းထန်တဲ့ လောကဓံနဲ့ ကြီးမားတဲ့ ဒုက္ခလှိုင်းလုံးတွေကြားမှာ
မြှုပ်တချီ ပေါ်တလှည့် အားတင်းလို့ကူးခတ်ခဲ့တဲ့  ... အမေ

မြေနိမ့်ရာ လှံစိုက်တတ်တဲ့ လူ့သဘောနဲ့ဝန်းကျင်တောမှာ
တည်ငြိမ်စွာ အပြစ်မမြင် အပြုံးမပျက်ခဲ့တဲ့ ... အမေ

အမေ့ဆီက ဆုံးမသွန်သင်မှုက နှိမ့်ချခြင်း ... သည်းခံခြင်းနဲ့ ချစ်ခြင်း ...
အမေ့ဆီမှာ ဘယ်တော့မှ မကြားမတွေ့ခဲ့ဘူးတာ
ညည်းတွားသံနဲ့ မျက်ရည်တွေပါ ... အမေ

"ဘုရားချစ်တဲ့ မုဆိုးမ ဒေါ်ကာ'' အမေ့ကိုနှိုင်းခဲ့ကြသလို
"သီလနဲ့ ပြည့်စုံတဲ့ မုဆိုးမလို့ " အမေ့ကိုတင်စားခဲ့ကြတာ
သမီးဂုဏ်ယူလိုက်တာ ... အမေ

အမေ ဘယ်လောက်ရုန်းကန် အားတင်းရပ်ခဲ့ရသလဲ ...
အမေ ဘယ်လောက်တောင် ခါးသည်းမှုတွေ ကြိတ်မှိတ်ဝါးမြိုခဲ့သလဲ ...
အမေဘယ်လောက် အတွင်းကြေခဲ့မလဲ ...
အမေ့ရဲ့ဆန္ဒတွေ ဘယ်လောက်များ ချိုးနှိမ်ဖျက်ဆီးခဲ့သလဲ ... ဆိုတာ
ခုချိန်မှာ သမီးရင်ဘတ်နဲ့ခံစားစာနာတတ်ခဲ့ပြီ ... အမေ

အမေပေးတဲ့ အမေ့ရဲ့သွေး အမေ့ရဲ့နှလုံးသားနဲ့ အမေ့ရဲ့ဘဝသင်ခန်းစာတွေအတွက်
ကျေးဇူးတင်တယ်ဆိုတဲ့စကားနဲ့  မလုံလောက်မှန်းသိပေမယ့်
"ကျေးဇူးအများကြီးပါဘဲ" ... အမေ

အမေ ကျန်းမာပျော်ရွင်ပါစေလို့
အဝေးကနေသမီး ဂုဏ်ပြုဆုတောင်းပေးလိုက်ပါတယ် ... အမေ
"အဝေးရောက် သားသမီးများကိုယ်စား အဝေးရှိမိခင်များအား ဦးညွတ်ဂုဏ်ပြုလျှက်" 

တကယ်တန်း ဝန်ခံရရင် ဒီနေ့ အလုပ်တွေ ရှုပ်နေတာနဲ့ အမေများနေ့ကို မေ့နေတဲ့အပြင် ဒီနေ့မှ ကော်နက်ရှင်ကြီးကလည်း၊ အဆမတန်ကျနေလိုက်တာ အခုညပိုင်းကျမှ လိုင်းပြန်တက်လာလို့ အွန်လိုင်းပေါ်တက်မိလိုက်တာ နဲ့ ဘော်ဒါ အပေါင်းအသင်းတွေတင်ထားတဲ့ စာဆိုလေးတွေ ကဗျာလေးတွေ တွေ့မှ အမေများနေ့ဆိုတာ သတိရမိပါတော့တယ်။ ခဏနေတော့ ပြီးတော့ ဟိုဝင်ဖတ် ဒီဝင်ဖတ်နဲ့ လုပ်ရင်း ဒီ ချစ်သော...အမေ ဆိုတဲ့ ကဗျာလေးကို တွေ့မိတာပါ။ ဒါကြောင့် ဒီနေ့ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ အမေများကို ဂုဏ်ပြုသောအား ဖြင့် ဒီ ချစ်သော... အမေ ဆိုတဲ့ ကဗျာ လေးကို ပြန်လည် မျှဝေ ပြီးတော့ ပဲ ဂုဏ်ပြုလိုက်ပါရစေခင်ဗျာ...။


ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

Thursday, May 5, 2011

မျိုးစေ့


5593010.gif

အိမ်တစ်အိမ်မှာ ယောက်ျားနဲ့မိန်းမဘယ်သူ အရေးကြီး လဲဆိုတာကို သိကြရဲ့လား လို့ မေးရင် ယောက်ျား တွေကတော့ တို့ယောက်ျားတွေက အရေးကြီး ပါတယ်လို့ ပြောကြပါလိမ့်မယ်။ တကယ်ဆိုရင် ယောက်ျားတွေ အရေးကြီး သလို အိမ်တစ်အိမ်မှာ သူတို့ မိန်းမတွေကလည်း တကယ်အရေးကြီးတယ်လို့ ပြောချင်ပါတယ်။ မိသားစု တစ်စု၊ အိမ်တစ်အိမ်မှာ နှစ်ဦးနှစ်ဘက် နားလည်နိုင်တဲ့၊ အလုပ်တစ်ခု ဆိုရင်လည်း စည်းလုံးတိုင်ပင် ပြီးတော့ လုပ်တက်တဲ့ သူတွေဆိုရင်တော့ အကောင်းဆုံးပါ။ ဒီအကြောင်းအရာနဲ့ ပတ်သပ်ပြီးတော့  ဟိုတစ်လောက ကျွန်တော် ရောက်ခဲ့တဲ့ ရပ်ကွက် တစ်ခုက အဖြစ်အပျက်လေးကို ပြောပြချင်ပါတယ်။ အဲဒီ ရပ်ကွက်တစ်ခုက အိမ်တစ်အိမ်မှာ လင်မယား နှစ်ယောက် စကားများနေကြတာကို သွားတွေ့ရပါတယ်။ အဲဒီလို စကားများ ရန်ဖြစ်ကြတဲ့ အခါမှာ မိန်းမ ဖြစ်သူက သည်းကြီးမဲကြီးနဲ့ ယောကျာ်းဖြစ်သူကို ဆဲဆို ပြောနေတာကိုတွေ့ရပါတယ်။ ဒီနေရာမှာ ယောက်ျားဖြစ်သူကလည်း မိန်းမဖြစ်သူ ဆဲဆိုနေတာ ကို ဒီအတိုင်း ငြိမ်ခံနေလားဆိုတော့၊ သူကလည်း ငြိမ်ခံမနေပါဘူး။ ဒါပေမဲ့ သူက မိန်းမကို ဒေါသတကြီးနဲ့ ပြန်လည် ဆဲဆို ရန်ဖြစ်နေတာတော့ မဟုတ်ပါဘူး။ သူကလည်း ရှက်တက်တဲ့ ယောကျာ်းမို့ ထင်ပါတယ်။ မရှက်တက်တဲ့ ယောက်ျားတွေဆိုရင်တော့ သူတစ်လှည့် ငါတစ်လှည့် အော်ကြီး ဟစ်ကျယ်နဲ့ ပြန်ချဲနေမှာတော့ သေချာတယ်။  သူကလည်း သူ့မိန်းမ အကြောင်း သိပြီးသားမို့ နေမှာပေါ့။ အချိန်ကလည်း ညအချိန် လူအားလုံး အိပ်ချိန်ဆိုတော့ မိန်းမဖြစ်သူရဲ့ ဆဲဆိုသံ ငိုသံ၊အော်ဟစ်ကြိမ်းမောင်းသံတွေပဲ ကြားနေရတာပါ။ ယောက်ျားဖြစ်သူရဲ့ အသံကတော့ တိုးတိုး တိုးတိုးနဲ့ မိန်းမဖြစ်သူကို ကြိမ်းမောင်း ခြိမ်းခြောက်ပြောဆိုနေတာပါ။ ဒါကို မိန်းမဖြစ်သူက မခံပါဘူး။ ဟိုက တိုးတိုးနဲ့ ပြော၊ ပြောလို့မရတော့ ထရိုက်လိုက်ပါတယ်။ ရိုက်တာလဲ လူကြားအောင် အော်ဟစ်မရိုက်ဘူး။ ညင်ညင်သာသာ နဲ့ပဲ ထိထိမိမိရိုက်လိုက်တယ်ထင်ပါတယ်။ မိန်းမဖြစ်သူတော်တော်လေး အထိမခံဖြစ်သွားပါတယ်။ ဒါပေမဲ့ သူက လူတွေမကြားအောင် ညင်ညင်သာသာနဲ့ ရိုက်လည်း မိန်းမဖြစ်သူက အရှက်မရှိ အော်ကြီး ဟစ်ကျယ်နဲ့ ဆဲဆိုလိုက် ၊ ငိုလိုက်၊ ရန်ထောင်လိုက်နဲ့ သူတစ်ယောက်ထဲ ရဲ့ အသံက ပတ်ဝန်းကျင်ကို ဆူညံ သွားပါတော့တယ်။ နောက်ဆုံး ဘယ်လိုမှ ဆုံးမလို့မရတဲ့ အဆုံးမှာတော့ ယောက်ျားဖြစ်သူက တိုးတိုးတိတ်တိတ်နဲ့ မိန်းမဖြစ်သူကို ပြန်ချော့ပြီးတော့ ဆဲဆိုသံတွေ ငြိမ်သွားအောင် ထိန်းပါတယ်။ မရပါဘူးဗျာ။ အဲဒီ မိန်းမဖြစ်သူကလည်း တော်တော်ကို အရှက်နည်းတယ် ထင်ပါတယ်။ တစ်ညလုံးကို ဆူညံ သွားတော့တာပါပဲ။ ပတ်ဝန်းကျင်က လူတွေလည်း အဲဒီညက တစ်ညလုံး မအိပ်လိုက်ရတော့ပါဘူး။ အဲဒီအချိန်မှာ ကျွန်တော့်စိတ်ထဲမှာ ကျိတ်ပြီး ဆုတောင်းမိပါတယ်။ ဖြစ်လေရာဘဝတိုင်းမှာ ဒီလိုမိခင်(အမေ)မျိုး နဲ့ မဆုံတွေ့ပါရစေနဲ့လို့ ဆုတောင်းမိလေရဲ့ဗျာ။ အဲ.. မနက်ကျတော့ မိန်းမဖြစ်သူက သူ့ဟာသူလည်း ဆဲဆိုနေသေးတယ် ပြီးတော့ မနေနိုင်လို့ ဆိုပြီး အိမ်ကနေ ထွက်သွားပါတော့တယ်။ ဘယ်သွားလဲ ဆိုတော့ ရိပ်သာကို သွားတာပါတဲ့ဗျာ။ ရိပ်သာ သွားပြီး တရား သွားအားထုတ်တာတဲ့။ ခါတိုင်းလည်း အဲဒီလို ခဏခဏသွားပါတယ်တဲ့။ ပြီးတော့ အခုလိုရန်ဖြစ်တာကလည်း အမြဲတမ်းဆိုလားပဲဗျာ။ ယောက်ျားဖြစ်သူကတော့ နောက်ပိုင်းကျတော့ ဘာမှကို မပြောတော့ဘူးတဲ့ဗျ။ သူနေတက်သလိုသာနေလိုက်ပါတော့တယ်တဲ့။ ဒီအမျိုးသမီးကြီးဟာ  အမြဲတမ်းပဲ ပါးစပ်က တရားအကြောင်း ဝိပဿနာ အကြောင်း၊ ဘယ်ဆရာတော်ရဲ့တရားက ဘယ်လိုစသည်ဖြင့် အမြဲ ပြောနေတဲ့ မိန်းမပါတဲ့ဗျာ။ တကယ်တမ်းတော့ သူ ပါးစပ်ကသာ ဘုရားတရားအကြောင်းပြောနေတာပါ သူကိုယ်တိုင် ပြောတဲ့ အတိုင်း မကျင့်နိုင်ပါဘူးဖြစ်နေတာပါ။ မကြာပါဘူး သူလည်း ရိပ်သာ မှာ အကြာကြီး မနေနိုင်တော့ အိမ်ပြန်ရောက်လာပါတော့တယ်။ သူတို့အိမ်မှာ သူတို့ လင်မယားပဲ ရှိတာလား ဆိုတော့ မဟုတ်ပါဘူး သား၊သမီးတွေ  ရှိပါတယ်။ သူတို့ရဲ့ သားသမီးတွေကလည်း သူ့အမေအကြောင်း သိလို့ သူတို့နဲ့တောင် အတူ သိပ်မနေဘူးလို့ သိရပါတယ်။ သူ့သားသမီးတွေဆိုရင်လည်း ဘယ်တော့ မှ အကောင်းမပြောဘူး အကောင်းမမြင်ဘူးတဲ့။ အမြဲ အပြစ်ပြောပြီး တစ်ခါတလေ ဆို ထမင်းတောင် ချက်မကျွေးလို့ ကလေးတွေက အပြင်မှာ ထွက်စား ရတယ်လို့ သိရပါတယ်။ ဒါကြောင့် အိမ်တစ်အိမ်မှာ အဓိကကျတဲ့ ဖခင် နေရာ ယောက်ျားတွေ ဟာ အရေးကြီးသလို မိခင်နေရာ မှာ နေရမယ့် မိန်းမတွေဟာ လည်း အရေးကြီးပါတယ်။ မိန်းကလေးများ အိမ်ထောင်ပြုတော့မယ် ဆိုရင် သူတို့ ယူမည့် ယောကျာ်းများကို သေချာ ရွေးချယ် ကြသလို ကျွန်တော်တို့ ယောက်ျားလေးများဟာလည်း မိန်းမယူတော့မယ်ဆိုရင် ကိုယ်ယူမည့် မိန်းမ၊ မိခင်လောင်းများကို ၊ ထိုနည်းတူစွာပဲ သေချာ ရွေးချယ် ယူသင့်တဲ့ အကြောင်းကို ဟိုတစ်လောက စာပေဟောပြောပွဲတစ်ခုမှာ နားထောင်လိုက်ရတဲ့ ဆရာဦးဘုန်း ပြောသွားတဲ့ မျိုးစေ့ ဆိုတဲ့ ပုံပြင် လေးအကြောင်းနဲ့ နှိုင်းယှဉ်  ရေးသား ဖော်ပြ ပေးလိုက်ရပါတယ် ။


ဆရာကတော့ အဲဒီပုံပြင်လေး မပြောခင်မှာ ဒီလိုပြောသွားပါတယ်။  အိမ်တစ်အိမ်မှာတဲ့ ယောက်ျားနဲ့ မိန်းမ ဘယ်သူ အရေးကြီးလဲ ဆိုရင် ယောက်ျားတွေ ဟာ အရေးကြီးသလို မိန်းမတွေကလည်း အရမ်း အရေးကြီးပါတယ်တဲ့။ ဘာဖြစ်လို့ လဲ ဆိုရင် ယောကျာ်းတွေဆိုတာ လူတွေ ၊ သူတွေ ရှေ့မှာသာ ခေါင်းမာနေကြတာတဲ့၊ အိမ်ရောက်လို့ ခြင်ထောင် ချလိုက်ပြီ ဆိုတာနဲ့  ပြောင်းပြန် ဖြစ်သွား ရောတဲ့။ ကိုယ့်ရဲ့  အိမ်ရှင်မ တွတ်တီးတွတ်တာ ပြောတဲ့ စကားတွေပေါ်မှာ တို့ ယောကျာ်းတွေအားလုံးဟာ ဘဝပျက်သွားကြတာ များပါတယ်တဲ့။ ဒါကြောင့် မိန်းမ ရွေးချယ် တဲ့ နေရာ မှာ သေချာ ရွေးချယ် နိုင်ဖို့ ရန်အတွက် ဒီ မျိုးစေ့ ဆိုတဲ့ ပုံပြင်လေးကို ပြောပြလိုက်ရခြင်း ဖြစ်ပါတယ်။


တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီး တစ်ပါးရှိပါတယ်။ အဲဒီ ဘုရင်ကြီးမှာ မိဖုရားတွေ အများကြီး ရှိပေမယ့် သားသမီးဆိုလို့ သားလေး တစ်ယောက်ပဲ ထွန်းကားပါတယ်။ ဒါကြောင့် အဲဒီ သားတော် လေးကို ဘုရင် ရာထူးဆက်ခံပြီး တိုင်းပြည်မင်းဆက်ကို ဆက်လက် ထိန်းသိမ်းဖို့ အတွက် သားတော်ကို အိမ်ထောင်အရင်ပြုဖို့ ပြောပါတယ်။ သားတော်လေး ဟာ အရွယ်ရောက်လာ ပေမယ့် ချစ်ရမယ့်သူ ဆိုလို့ တစ်ယောက်မှ မရှိသေးဘူးတဲ့။ အဲဒီ သားတော် လေးမှာ အဌာရသ တစ်ဆယ့်ရှစ်ရပ် အကုန်တက်ပါတယ်။ ဒါပေမယ့် ဒီအိမ်ရှေ့ မင်းသားလေး ဟာ ဘာကိုစိတ်ဝင်စားလဲ ဆိုတော့ သစ်ပင်၊ ပန်းပင် စိုက်တာကို အရမ်းဝါသနာပါတယ်။ ဘုရင် မင်းတရားကြီးဟာ သူ့ရဲ့သားတော် အိမ်ရှေ့မင်းသားလေးကို အိမ်ထောင် ချပေးချင်တယ်။ ဒါကြောင့် သားတော်လေး အိမ်ထောင်ပြုဖို့အတွက် ငါကိုယ်တော် ရွေးချယ် ဆက်သပေးဖို့ မူးမတ်တွေနဲ့ တိုင်ပင်ပြီး သားတော်လေးကို အိမ်ထောင်ချပေးမယ်လို့  ပြောပါတယ်။ ဒီအခါမှာ အိမ်ရှေ့မင်းသားလေးက  အရှင်ဖခမည်းတော် ဘုရား သားတော်ရဲ့ ကြင်ယာတော် ကို မူးမတ်တွေနဲ့ တိုင်ပင်ပြီး ရွေးချယ်ဖို့ မသင့်တော်ပါဘုရား။ ဘာကြောင့်လည်း ဆိုတော့ ဒီ မူးမတ်တွေကြောင့် တိုင်းပြည်ပျက်နေရတာပါ။ ဒါကြောင့်  သားတော်ကြင်ယာတော်ကို သားတော် ကိုယ်တိုင် ရွေးချယ်ခွင့်ပြုပါလို့ တောင်းဆိုလိုက်တယ်။ ဒီအခါမှာ ဘုရင်ကြီးကလည်း ခွင့်ပြုတော် မူလိုက်ပြီးတော့ ဘယ်လို ရွေးချယ် မယ် ဆိုတာကို ပြောပါ သားတော်..

``ဒီလိုပါ ၊  ဖခမည်းတော် ဘုရား…  

လာမည့် တန်ခူးလပြည့်နေ့မှာ သားတော်ကိုယ်တိုင် ရွေးချယ်ပါ့မယ်ဘုရား။ ဒါကြောင့် တိုင်းပြည်အတွင်း၌ မောင်းခတ် ကြေငြာပေးတော် မူပါဘုရား ``

ဒီလိုနဲ့ မောင်းခတ်ကြေငြာ လိုက်တဲ့ အခါမှာ… သူတို့ တိုင်းပြည် အပြင် ခုနစ်ပြည်ထောင် အတွင်းက မင်းသမီးတွေ အပါအဝင်  အသက် ၁၈ နှစ်ပြည့်ပြီး အပျိုစင် အားလုံး အိမ်ရှေ့ ဥပရာဇာ ကိုယ်တော်လေးရဲ့ ကြင်ယာတော် ဖြစ်ခွင့်ရှိတယ်.. ဒါကြောင့် လမယ့် တန်ခူးလပြည့်နေ့မှာ ကိုယ်တော်လေး ကိုယ်တိုင် စီမံထားတဲ့ အစီအမံရဲ့ အောက်ကို လာရောက် အခစားဝင် ရွေးချယ် ခံကြပါ။

မိန်းမပျိုလေးတွေ အားလုံးဟာ မိဖုရား ဖြစ်ရမှာ ဆိုတော့ အားလုံး အားရဝမ်းသာနဲ့လာကြတာပေါ့။ အဲဒီလို လာတဲ့ အခါမှာ ကိုယ်တော်လေးက ပထမဆုံး ဘာလုပ်လဲ ဆိုတော့... မိန်းကလေး တစ်ယောက်ချင်းဆီကိုပြောပါတယ် …။

``ရှေ့မှာ တွေ့တဲ့ ပန်းအိုး ကို ယူလိုက်ပါ။ ပြီးရင် ဘေးမှာ ရှိတဲ့ မြေဆီတွေကို ပန်းအိုးထဲကိုထည့်လိုက်ပါ။ ပြီးရင် မလှမ်းမကမ်းမှာ ရှိတဲ့  မျိုးစေ့တွေ ထည့်ထားတဲ့အထဲကို လက်ညှိုးနဲ့ လက်မ ပါသလောက်ကို ညှပ်ယူပြီးတော့ အိုးထဲ ထည့်သွားကြပြီးတော့ ဒီမှာ တစ်ယောက်ချင်း စာရင်း ပေးထားခဲ့ကြပါ။ ပြီးမှ ကိုယ့်အိမ်ကိုယ် ပြန်ပြီး အဲဒီ မျိုးစေ့ တွေကို ဖြစ်ထွန်းအောင် စိုက်ပျိုးကြပါ။ ပြီးရင် အဲဒီ ပန်းအိုးတွေက ပန်းတွေ ပွင့်လာတဲ့ အချိန် ခြောက်လာကြာတဲ့အခါ သီတင်းကျွတ် လပြည့်နေ့ကြရင် ပွင့်လာတဲ့ ပန်းတွေကို သေချာ ကြည့်ပြီး ကြင်ယာတော် ရွေးချယ်ပါ့မယ်။`` လို့ ပြောလိုက်ပါတယ်။ ကိုယ်တော် လေးက ပန်းစိုက်တာ ဝါသနာ ပါတဲ့ အတွက် ကြောင့် ဒီလိုရွေးချယ်လိုက်ခြင်း ဖြစ်ပါတယ်။

အဲဒီတော့ မိန်းမပျိုလေးတွေ အားလုံးဟာ  အဲဒီလို ပြောလိုက်တဲ့ အခါမှာ အားလုံး ပျော်ရွှင်စွာနဲ့ပဲ ပန်းပင်တွေကို သေချာ စိုက်ပျိုးကြပါတယ်။ တစ်ချို့အမျိုးသမီးတွေကတော့ ဒီကိုယ်တော်လေး ဘယ်ပန်းကို ကြိုက်တယ် ဆိုတာကို စုံစမ်းပြီးတော့ ကိုယ်တော်လေး ကြိုက်တက်တဲ့ ပန်းတွေကို သေချာစိုက်ပျိုးကြပါတယ်။

ဒီလိုနဲ့ အိမ်ရှေ့ကိုယ်တော်လေး ပန်းမျိုးစေ့တွေကို စိုက်ပျိုးခိုင်းပြီးလို့ ခြောက်လအကြာ သီတင်းကျွတ်လပြည့်နေမှာပဲ ပန်းအိုးတွေကို ကြည့်ပြီး ပွင့်လာတဲ့ ပန်းတွေကို သေချာ စစ်ဆေးပြီးမှ ကြင်ယာတော် ကို ရွေးချယ်တော့မယ်ဆိုတော့… မိန်းမပျိုလေးတွေ အားလုံးဟာ ပန်းအိုးကိုယ်စီနဲ့ နန်းတွင်းကို လာကြပါတယ်။ သူတို့ ယူလာတဲ့ ပန်းတွေအားလုံးကို တစ်ယောက်ချင်းစီ မှတ်တမ်းတင်ထားလိုက်ကြပါတယ်။ ယူလာတဲ့ ပန်းတွေအားလုံးဟာ အလွန်လှပတဲ့ ပန်းတွေများပါတယ်။ ဒီလိုနဲ့ မိန်းကလေးတွေ အားလုံးဟာလည်း ငါ့ပန်းက လှတယ်။ ငါ့ကို ရွေးလိမ့်မယ်။ နင့်ပန်းကမလှဘူးနဲ့ စသည်ဖြင့် တစ်ယောက်နှင့် တစ်ယောက် ပြောဆို ဆူညံပြီးတော့ ရင်ခုန်စွာနဲ့ပဲ ပန်းအိုးတွေကို ဆက်သ နေကြပါတယ်။ ဒီလို ပန်းအိုးတွေ ဆက်သ စာရင်းပေးနေရင်းနဲ့ပဲ ထူးထူးခြားခြား မိန်းမငယ်လေး တစ်ယောက်ကို သွားတွေ့ပါတယ်။ အဲဒီ မိန်းမငယ်လေးကတော့သူများတွေလို ပန်းအိုးကို ခေါင်းပေါ်မှာ ရွက်မလာပဲ ဘေးမှာ ခါးစောင်းတင်ပြီး ယူလာတယ်။ ပြီးတော့ သူ့မျက်နှာလေးကလည်း မျက်နှာငယ်လေးနဲ့ ၊ ငိုလာတယ်။ ပြီးတော့ ကိုယ်တော်လေးကို လျှောက်တင်တော်မူတယ်..

`` အိမ်ရှေ့ကိုယ်တော်လေး ဘုရား… နှမတော်ကို သတ်ရင်လည်း သေရပါ့မယ်ဘုရား။ ထားရင်လည်း နေရပါ့မယ်ဘုရား။ နှမတော် ပန်းကို သေချာ ဂရုစိုက်ပြီးတော့ကို  စိုက်ပျိုးပါတယ်ဘုရား။   ဘယ်လိုမှကို အပင် မပေါက်လို့ပါဘုရား။ နှမတော်ကို ခွင့်လွှတ်တော် မူပါဘုရား`` လို့ အဲဒီ မျက်နှာငယ်နဲ့ ပန်းမပွင့်တဲ့ မိန်းကလေးက လျောက်တင်တော်မူတယ်။ အဲဒီတော့ ကိုယ်တော်လေးကလည်း…

``ခွင့်လွှတ်တယ် နှမတော်လေး ၊ နှမတော်ကို ခွင်လွှတ်ပါတယ်`` လို့ ပြောလိုက်ပါတယ်။

ဒီလိုနဲ့ ပန်းတွေ ကိုယ်စီပျိုးထားတဲ့ ပန်းပင်တွေ၊ ပန်းပွင့်တွေကို ကြည့်ပြီး ကိုယ်တော်လေးက ပြုံးလိုက်ပါတယ်။ ပြီးတော့ နောက်တစ်လ ပြည့်တဲ့ နေ့မှာပဲ ကိုယ်တော်လေးက သူ့ရဲ့ ကြင်ယာတော် ရွေးချယ်ပြီးကြောင်းကို ကြေငြာဖို့အတွက် ပန်းတွေ စိုက်ပျိုးထားတဲ့ အမျိုးသမီးတွေ အားလုံးကို ကွင်းပြင်ကြီးထဲမှာ စောင့်ဆိုင်းနေစေပါတော့တယ်။ အမျိုးသမီးတွေ အားလုံးဟာ ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ပြီး ရင်ခုန်စွာနဲ့ပဲ ကြင်ယာတော် ဖြစ်ဖို့ အတွက် စောင့်မျှော်နေကြလေရဲ့…။

အဲဒီအချိန်မှာ ကိုယ်တော်လေးက ဘယ်သူ့ကို ရွေးချယ်လိုက်လဲ ဆိုတော့ ပန်းအပင် မပေါက်တဲ့၊ ပန်းမပွင့်တဲ့ မိန်းမငယ်လေးကို သူ့ရဲ့ ကြင်ယာတော် အဖြစ်ရွေးချယ်လိုက်ပါသတဲ့။ အဲဒီအခါမှာ ပန်းတွေကို စပါယ်ရှယ် လှလှပပပွင့်အောင် လုပ်လာတဲ့ မိန်းကလေးတွေအားလုံးက ကိုယ်တော်လေးကို ပြောကြတော့တာပေါ့။ ဒီကိုယ်တော် ရူးနေပြီ။ အရမ်းလှတဲ့ ပန်းတွေပွင့်အောင် စိုက်ပျိုးတဲ့ ငါတို့တော့ မရွေးဘူး။ ပန်းပင်တောင် ဖြစ်အောင် မစိုက်နိုင်တဲ့သူကိုတော့ ရွေးတယ်။ ဒီကိုယ်တော် အရူးပေါ့။ ဒီလိုပြောမယ် ဆိုတာကို ကိုယ်တော်လေးက သိတော့ သူ ပန်းမပွင့်တဲ့ ကောင်မလေးကို ရွေးချယ်လိုက်ရတဲ့ အကြောင်း အရင်းကို ပြောပြပါတော့တယ်။

``ကဲ… အားလုံး နားထောင်ကြပါ မိန်းကလေးတို့ ၊ ငါကိုယ်တော် ပန်းမပွင့်တဲ့ ပန်းပင်ဖြစ်အောင်တောင် မစိုက်ပျိုးနိုင်တဲ့ မိန်းကလေး ကို ကြင်ယာတော် အဖြစ် ဘာ့ကြောင့် ရွေးချယ်လိုက်သလဲဆိုရင်… ခင်ဗျားတို့ ပန်းပွင့်အောင် စိုက်ပျိုးတဲ့ မိန်းမတွေ အားလုံးဟာ… သစ္စာမရှိတဲ့ မိန်းမတွေ၊ ရိုးသားမှုမရှိတဲ့ မိန်းမတွေ ဖြစ်နေလို့ပဲ။ ဘာကြောင့် ရိုးသားမှု မရှိတာ လဲ ဆိုရင် ခင်ဗျားတို့ အားလုံးကို စိုက်ပျိုးခိုင်းလိုက်တဲ့ ပန်းမျိုးစေ့တွေ အားလုံးဟာ ကျွန်တော်ကိုယ်တိုင် ရေနွေး ဆူဆူထဲမှာ ခုနစ်နာရီလုံးလုံးထည့်ပြုတ်ထားတဲ့ မျိုးစေ့တွေဖြစ်လို့ပဲ။ ဘယ်လိုနည်းနဲ့မှ အပင်ပေါက်နိုင်စရာ အကြောင်းမရှိပါဘူး။ ဒါကြောင့် အခုလို သစ္စာမရှိတဲ့ ၊ ရိုးသားမှုမရှိတဲ့ မိန်းမတွေကို ငါကိုယ်တော် မိဖုရားအဖြစ် ရွေးချယ်ခဲ့မယ်ဆိုရင်၊ ငါတို့ တိုင်းပြည်ကြီး ဘယ်လိုဖြစ်သွားနိုင်မလဲ၊ ဒီတိုင်းပြည်ကြီး ဒီမိန်းမတွေရဲ့ အောက်မှာပဲ ပျက်စီးသွားတော့မှာပေါ။ ဒါကြောင့် ငါကိုယ်တော် ကိုယ်တိုင် သစ္စာရှိတဲ့ ၊ ရိုးသားမှုရှိတဲ့ မိန်းမကို ရွေးချယ် ခဲ့တာ ပဲ`` လို့ အိမ်ရှေ့ ကိုယ်တော်လေး က ပြောလိုက်ပါတော့တယ်။ 

ဒါကြောင့် ကျွန်တော်တို့ အမျိုးသားတွေဟာ၊ မိန်းမတစ်ယောက်ကို ရွေးချယ်တော့မယ် ဆိုလျှင် ကျွန်တော်တို့ လုပ်ကိုင်၊ ကိုင်တွယ်နေရတဲ့ အလုပ်အကြီးအသေးအလိုက် ကျွန်တော်တို့ မိန်းမတွေရဲ့ အသိဉာဏ်ကလည်း အရေးကြီးပါတယ်။ အိမ်တစ်အိမ်မှာ ယောက်ျားနဲ့ တန်းတူ မိန်းမများဟာလည်း အရေးကြီးတဲ့ အပြင် ယောကျာ်းများကိုယ်တိုင်ကလည်း အိမ်ထောင် ရှင်ကောင်းပီပီ ကျင့်ကြံ နေထိုင် နိုင်ဖို့ အရေးကြီး လိုအပ်ပြီးတော့ မိသားစု အားလုံး စည်းစည်းလုံးလုံး တိုင်တိုင်ပင်ပင်နဲ့ နေထိုင် နိုင်မှ သာလျင် မိသားစုတွေရဲ့ ဘဝ ပျော်ရွှင် ချမ်းမြေ့နိုင်ပြီးတော့ မိသားစု ဘဝမှတစ်ဆင့် တစ်နိုင်ငံလုံး တစ်မျိုးသားလုံးဟာလည်း  ပျော်ရွှင် ချမ်းမြေ့ နိုင်ပါမယ် ဆိုတဲ့ အကြောင်းကို ရေးသား ဖော်ပြလိုက်ရပါတယ်။

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ
 
^ထိပ်ဆုံးသို့