မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Friday, February 25, 2011

လွင်ပြင်၊တောင်စဉ်တောင်တန်းများနှင့် ရွက်ကြွေတောသွား တောလား

5149661.jpg
5149672.jpg
 
မန္တလေးမှ စာရေးဆရာ ညိုထွန်းလူ ၏ ``လွင်ပြင်၊ တောင်စဉ် တောင်တန်းများနှင့် ရွက်ကြွေတောသွား တောလား``
စာအုပ်ကို 2010 ခုနှစ် ဒီဇင်ဘာလတွင် ပထမကြိမ်အဖြစ် စတင် ထုတ်ဝေဖြန့်ချီလိုက်ပါသည်။ ထိုစာအုပ်တွင် စာရေးဆရာ တစ်ယောက်၏ စာပေဟောပြောပွဲသွား ခရီးစဉ်များမှ  အတွေ့ အကြုံများကို ပေါင်းစပ်ရေးဖွဲ့ ထားပြီး စာဖတ်သူတွေ အတွက် အကြိုက်တွေ့လိမ့်မည် ထင်ပါသည်။ ဒါကြောင့် ဆရာ ညိုထွန်းလူ၏ ဤ``လွင်ပြင်၊ တောင်စဉ် တောင်တန်းများနှင့် ရွက်ကြွေတောသွား တောလား`` စာအုပ်မှ စာရေးဆရာ တစ်ဦး၏ ယခုမျက်မှောက်ခေတ်လောကကြီးမှာ ဖြစ်ပျက်နေတဲ့ လောက အမြင် အကြောင်းလေးကို စာအုပ် မိတ်ဆက် အနေနဲ့ ရေး သား ဖော်ပြ ပေးလိုက်ရပါသည်။

စာရေးဆရာ၏ လောကအမြင်
တပေါင်းရွက်ဟောင်းတွေကြွေ၍ တန်ခူးရွက်နုသစ်တွေဝေသည့် ၂၀၀၇ ခုနှစ်မတ်လ၏ နေ့ရက်တစ်ရက်တွင် ကျွန်တော်တို့ ခရီးရှည်ထွက်ခဲ့ကြသည်။ ခရီးဦးတည်ရာကား ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့အနီးမှ နတ်မတောင် ဖြစ်သည်။ သွားရမည့်ခရိးကို ဝေးသည်ဟု ထင်မှတ်ထား၍ မြန်မာနိုင်ငံ မြေပုံကို ကြည့်ကာ ခရီးလမ်းကို ကင်းထောက်ရှာဖွေသည်။ သည်ခရီးကို သွားခဲ့လာခဲ့ပြီး ကျွန်တော်တို့တစ်တွေအား စေတနာမေတ္တာဖြင့် စရိတ်စက အားလုံး အကုန်အကျခံ၍ ပို့ဆောင်ပေးမည့် ဦးစိုးတင်နှင့် ဦးဘိုလေးတို့အား သိချင်တာတွေ မေးမြန်းရသည်။ တောင်ပေါ်ခရီးဖြစ်၍ လိုအပ်သည့် ပစ္စည်းတွေ ကြိုတင်ဝယ်ယူထားရသည်။ ခရီးမထွက်ခင်တစ်ရက်က မြန်မာနိုင်ငံမြေပုံကို ကြည့်ရင်း ထူးထူးအေးလွင် နှင့် ဆုလေးနွယ် ညီအစ်မနှစ်ယောက်ကို အမှတ်မထင်သတိရလိုက်သည်။ သူတို့ ညီအစ်မနှစ်ယောက်မှာ ထူးထူးအေးလွင်က (၆)တန်း၊ အငယ်ဆုံး ဆုလေးနွယ်က (၄)တန်း ကျောင်းသူကြီးတွေဖြစ်သည်။ သူတို့ ညီအစ်မနှစ်ယောက် အိမ်ကို ရောက်လာတိုင်း ကွပ်ပျစ်ပေါ်မှာ မြန်မာပြည်မြေပုံကိုချ၍ မြို့တွေ၏ တည်နေရာကို ရှာဖွေစေခဲ့သည်။ ဆိုကြပါစို့။ မြစ်ကြီနား၊ ဟားခါး၊ ဗန်းမောက်၊ ကျိုင်းတုံ၊ ရေကြည်၊ ကျောက်မဲ၊ ကျောက်ဖြူ၊ ထားဝယ်မြိ့များသည် မည့်သည့်တိုင်းနှင့် ပြည်နယ်များတွင် တည်ရှိကြသလဲ။ အချိန်တိုတိုအတွင်း အဖြေမှန် ရှာနိုင်သူကို ဆုပေးသည်။ သူတို့ ညီအစ်မနှစ်ယောက်စလုံး ဆုရချင်ဇောဖြင့် ရှာကြသည်။ ဒါပေမဲ့ အလေ့အကျင့် မရှိ၍ ရှာဖွေသည့်မြို့ကို အလွယ်တကူ မတွေ့၊ ခေါင်း တဗျင်းဗျင်း ကုတ်ရင်း တစ်နာရီခန့် ရှာဖွေပြီးမှ လိုချင်တာကိုရသည်။ ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ သည်လိုမဟုတ်။ လေးတန်းရောက်ကတည်းက မြန်မာပြည်မြေပုံကြည့်တက်ပြီး မြို့တွေနှင့် ထင်ရှားသော အမှတ်အသားများ တည်ရှိနေရာကို စိတ်ထဲမှာ စွဲမှတ်ထားပြီးပြီ။ တစ်ခါတစ်ရံ တစ်ယောက်နှင့်တစ်ယောက် ဖြန့်ခင်းထားသည့် မြေပုံစာရွက်ပေါ်မှာခေါင်းချင်းဆိုင်၍ အချိန်တိုအတွင်းမြို့တွေတည်ရှိရာကို ရှာဖွေကြသသည်။ ရှုံးသူက မုန့်ကျွေစတမ်း။ တစ်ယောက်က ပြောလိုက်သည်။ မြို့တည်နေရာကို သတ်မှတ်ချိန်အတွင်း မတွေ့လျှင်ရှုံးပြီ။ ထိုဉာဏ်စမ်းပြိုင်ပွဲတွင် ကိုယ်ကနိုင်၍ စားခဲ့ရသည်လည်း ရှိသည်။ ရှုံးတာကြောင့် မုန့်ကျွေးရတာလည်း ကြုံရသည်။ နောက်တော့ မုန့်စားရခြင်း မစားရခြင်းက အရေးမကြီး ရှုံးမှာကြောက်တာကြောင့် မြန်မာပြည်မြေပုံကို တစ်ယောက်ထည်း တိတ်တိတ်လေး ကြိုတင်ကြည့်၍ လေ့လာမှတ်သားသည်။ ထိုမှတစ်ဆင့် မျက်လုံးတွေချဲ့ကာ ကမ္ဘာမြေပုံကိုကြည့်ပြီး အပြိုင်အဆိုင် ဉာဏ်စမ်းခဲ့ကြသည်။ သည့်အတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရခဲ့သလဲ။ တန်ဖိုးရှိသည့် အကျိုးရလဒ်တွေ ရခဲ့ပါသည်ဟုသာ ဆိုရပါမည်။ အရာရာကို စူးစမ်းလေ့လာပြီး သိချင်စိတ်နိုးကြားနေသော ကလေးတစ်ယောက်၏ ဦးနှောက်ထဲတွင် မိမိပတ်ဝန်းကျင်နှင့် မိမိနိုင်ငံ ပထဝီကို သိလာရသည်။ ထိုမှတစ်ဆင့် တစ်ဆင့်တက်သွားကာ နိုင်ငံသမိုင်းကိုလည်း စိတ်ဝင်စားလာခဲ့သည်။ အဲသည်နောက် အသိအမြင်တွေ တစ်ဆင့်ထက်တစ်ဆင့် တိုးတက်ဖွံ့ ဖြိုးလာကာ ကမ္ဘာ့နိုင်ငံများ၏ တည်နေရာနှင့် သမိုင်းသန္ဓေမျိုးစေ့ပေါက်ဖွားလာခဲ့သည်။ ထို့ပြင် ကိုယ့်နိုင်ငံအတွင်းမှာ အတူတကွနေထိုင်ကြသော တိုင်းရင်းသားမှားနှင့်တကွ သယံဇာတပစ္စည်းများအကြောင်း သိရှိနားလည်လာခဲ့သလို တိုင်းရင်းသားလူမျိုး စုများအပါ် ချစ်ခင်လေးစားမှု၊ သဘာဝပစ္စည်းတွေ ကြွယ်ဝသော မိမိနိုင်ငံအတွက် ဂုဏ်ယူဝံ့ကြွားမှုတွေ ရရှိလာခဲ့သည်။ ပြီးတော့ မြေပုံစာရွက်ထဲမှ မြို့တွေ၊ ရွာတွေ၊ မြစ်တွေ၊ ချောင်းတွေကို ရှာဖွေတက်လာသောအခါ မိမိကိုယ်ကိုယ် ယုံကြည်မှု၊ မိမိကိုယ်သာ အားကိုးမှုတွေ ပိုင်ဆိုင်လာခဲ့ကြသည်။ ကလေးတစ်ယောက်၏ နှလုံးသားနှင့် ဦးနှောက်စွမ်းအားကို မြင့်မားအောင် ပျိုးထောင်စေ့ဆော်ပေးခဲ့သည့် ငယ်ရွယ်စဉ်က သင်ကြားပေးခဲ့ကြသော ဆရာ၊ ဆရာမများကျေးဇူးကား ကြီးလှပါပေသည်။ ယခုခေတ် ကလေးငယ်တွေကို သင်ကြားပေးကြသော ဆရာ ဆရာမတွေ၏ ကျေးဇူးကိုတော့ ဘယ်လိုရှိမည် မသိ၍ ကျွန်တော်လည်း မပြောတက်။
ကျွန်တော်တို့အဖွဲ့ စီးလာသော ဟိုင်းလတ်ကားသည် အိပ်မှုန်ထနိုးခါစ မန္တလေးကို ကျောခိုင်း၍ စစ်ကိုင်းလမ်းအတိုင်း တောင်စူးစူးသို့ မောင်းနှင်လျက်ရှိသည်။ ခရီးလမ်းကြောင်း အစီအစဉ်က တံတားဦး၊ မြို့သာ၊ နဘူးအိုင်ကိုဖြတ်၍ မြင်းခြံသို့သွားကြမည်။ ထို့နောက် မြင်းခြံပုဂံဖြတ်လမ်းအတိုင်း ပုဂံသို့ သွားပြီး ပုဂံမှာ ကြိုတင်ရောက်နှင့်နေသည့် ကိုနေဝင်းမြင့်ကို ခေါ်၍ ခရီးဆက်ကြဖို့ အစီအစဉ်ဆွဲထားသည်။ မြင်းခြံပုဂံ ဖြတ်လမ်းကို သွားခဲ့ဖူးပေမယ့် တံတားဦးမြို့သာ၊ နဘူးအိုင်လမ်းကတော့ ကျွန်တော့အတွက်တော့ အစိမ်းသက်သက်ဖြစ်သည်။ ထို့ကြောင့် သည်ခရီးနှင့် သည်လမ်းအကြောင်းကို အတွေ့အကြုံရှိသည့် ကိုဆူးငှက်အား ဆရာတင်ထားရသည်။ သူက ကျွန်တော့်ထက် ခရီးအသွားအလာများသူ မန္တလေး၊ ပုဂံခရီးကို ရေလမ်း၊ ကုန်းလမ်းတို့မှ အခါက်ခေါက်အခါခါ ခရီးသွားခဲ့သူ။ ခရစ်နှစ် ၂၀၀၀ ခုနှစ်နောက်ပိုင်း ရေးဖော်ရေးဖက် သူငယ်ချင်းများနှင့် အတူ စာပေဟောပြောပွဲတွေ သွားခဲ့သည်။ နေရာစုံဒေသစုံရောက်ခဲ့သည်။ အစကနဦး ဟောပြောပွဲခရီးတွေ သွားခဲ့စဉ်က ရောက်ခဲ့သည့် အရပ်ဒေသရှိ စာဖတ်ပရိသတ်များနှင့် တွေ့ဖို့အချိန်ရလျှင် စာအကြောင်းပေအကြောင်း စကား ဝိုင်းဖွဲဖို့လောက်သာ စိတ်အားထက်သန်သည်။ ရည်ရွယ်ချက် ကြီးကြီးမားမားမရှိ သို့သော် စာပေဟောပြောပွဲ ခရိးတွေ သွားရဖန်များလာတော့ကျွန်တော့် အတွေးအမြင်တွေ ပြောင်းလဲသွားသည်။ ၂၁ ရာစုခေတ်ဦးတွင် ဂလိုဘယ်လိုက်ဇေးရှင်း(သို) ကမ္ဘာဆန်ခြင်းဟုသော အသံ၊ ထိုမှတစ်ဆင့် ကမ္ဘာကြီးပြားသွားပြီဆိုသော ယူဆချက်သည် ကျွန်တော်ဦးနှောက်ထဲသို့ တိုးဝင်လာချိန်တွင် ကျွန်တော်တို့တစ်တွေက ကိုယ့်နိုင်ငံအကြောင်း ဘယ်လောက်အထိ သိနေကြပါသလဲ။ တစ်ခါတစ်ရံတော့ နီးလွန်းတော့လည်း မမြင်ဘဲဖြစ်ရသည်။ အတွေးအမြင်ဖြန့်ကြက်ကိုစိတ်ဖြင့် အဝေးဆီသို့သာ လှမ်းမျှော်ကြည့်နေသော ကျွန်တော်တို့သည် ကိုယ့်ဝန်းကျင်နေရာများကိုတော့ သတိပြုဖို့ မေ့လျော့နေတက်သည်။
ကျွန်တော်တို့နိုင်ငံသည် ပြည်ထောင်စု မြန်မာနိုင်ငံဖြစ်သည်။ ပြည်ထောင်စုဆိုသည့်အတိုင်း တိုင်းရင်းသား လူမျိုးစုတွေ နေထိုင်ကြသည့် ပြည်နယ်တွေ ပေါင်းစု ပါဝင်လျက် ရှိကြည်သည။ ကျွန်တော်တို့သည် တိုင်းရင်းသား လူမျိုးစုများအကြောင်း၊ သူတို့နေထိုင်ကြသည့် ပြည်နယ်များအကြောင်းကို ပြည့်ပြည့်စုံစုံ သိဖို့လိုအပ်သည်။ ထိုကဲ့သို့ သိမှလည်း ပြည်ထောင်စုအတွင်းမှ နေထိုင်ကြသူအားလုံးကို မိသားစု အဝန်းအဝိုင်းထဲမှ ဆွေမျိုးတွေဖြစ်မှန်း နားလည်၍ ချစ်လာပါလိမ့်မည်။ ထိုမှတစ်ဆင့် တစ်ဦးအပေါ်တစ်ဦး အပြန်အလှန်ယုံကြည်မှု၊ နားလည်မှုတွေ တိုးပွားလာခဲ့ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ခိုင်မြဲမည်ဖြစ်သည်။ စည်းလုံး ညီညွတ်မှလည်း မိမိတို့ လူ့အဖွဲ့အစည်း ရှေ့ တစ်ဆင့်မြင့်မားလာအောင် ဆောင်ရွက်နိုင်မည်ဟု ကျွန်တော် ယုံကြည်သည်။ ကျွန်တော်တို့ နိုင်ငံအတွင်းမှာ တည်နေရာ ဒေသဝန်းကျင် မြင်ကွင်းတွေကလည်း တစ်ခုနှင့်တစ်ခု မတူညီ။ မြေပြန့်နှင့် တောင်တန်းဒေသများ၊ အညာကျေးလက်၊ မြစ်ဝကျွန်တေးပေါ်၊ ပင်လယ်ကမ်းရိုးတန်း စသည်ဖြင့် ကွဲပြားလျက်ရှိသည်။ သည့်တော့ တစ်နိုင်ငံတည်းမှာ အတူတကွ နေကြသော်လည်း မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်တွင် အသက်မွေဝမ်းကျောင်းလုပ်ငန်း၊ ဓလေ့စရိုက်နှင့် ဘဝနေထိုင်မှုပုံစံတွေ ခြားနားသွားခဲ့သည်။ ထို့ပြင် ကျွန်တော်တို့နိုင်ငံ၏ သယံဇာတ ကြွယ်ဝမှုနှင့် သဘာဝ ပတ်ဝန်းကျင် ရှုခင်းများသည် နိုင်ငံတစ်နိုင်ငံကို အခြေခိုင်ရပ်တည်စေမည့် အင်အားများဖြစ်သည်။ ထိုအရာတွေအားလုံးကို ခရီးထွက်မှသာ တွေ့မြင်နိုင်သည်။
ခေတ်က ပြောင်းလဲသွားခဲ့ပြီး၊ ကျွန်တော်တို့သည် သမိုင်းစာမျက်နှာထဲမှာ ကျန်ရစ်ခဲ့သည့် ခေတ်ကို နေရစ်တော့ ခေတ်ဟောင်းဟု နှုတ်ဆက်ချိန်ပင် မရလိုက်။ လက်ငင်းရင်ဆိုင်နေရပြီး အရှိန်အနှုန်းမြင့် မြန်ဆန်နေသောခေတ်ထဲမှာ ရုန်းကန်လှုပ်ရှားနေကြရသည်။ ဤသို့ခေတ်အပြောင်းအလဲတွင် ကျွန်တော်တို့ ဒေသနယ်ပယ်အသီးသီးမှ လူတွေ၏ နေထိုင်မှု၊ ဘဝရှင်သန်မှုသည် အဘယ်သို့ ရှိမည်နည်း။ အလားတူ သဘာဝပတ်ဝန်းကျင် အပြောင်းအလဲနှင့် ပစ္စက္ခကာလထဲရှိ သယံဇာတ ကြွယ်ဝမှုအနေအထားသည် ဖြတ်သန်းပြီးခဲ့သည့် တစ်ခေတ်တစ်ခါနှင့် နှိုင်းယှဉ်လိုက်လျှင် သိချင်မြင်ချင်မိပါသည်။ ထိုကဲ့သို့ သိချင်စိတ်တွေ နှိုးဆွလာခဲ့တာကြောင့် စာပေဟောပြောပွဲတွေကို ခရီးမည်မျှဝေးဝေး အချိန်ယူ၍ သွားခဲ့ခြင်းဖြစ်သည်။  ကိုယ်သွားခဲ့သည့် ဟောပြောပွဲ ခရီးအတွေ့အကြုံအတွေးအမြင်နှင့် ခံစားမှုကို (အကြောင်းညီညွတ်လျှင်) ခရီးသွားဆောင်းပါးများ ရေးသားခဲ့ကြသည်။ အမှန်တော့ စာဖတ်ပရိသတ်အား မျှဝေခံစားနိုင်အောင် စာမျာက်နှာပေါ်မှတစ်ဆင့်  လက်ဆင့်ကမ်းလိုက်ခြင်း  ဖြစ်သည်။ သို့သော်လည်း တစ်ခါတစ်ရံတော့ စာရေးဆရာရေးခဲ့သော စာမျက်နှာတွေထဲမှ အချို့အကြောင်းအရာ အချက်အလက်များသည် မရည်ရွယ်ဘဲ သမိုင်းမှတ်တမ်းများအတွက် အထောက်အကူ ဖြစ်သွားတာမျိုးလည်းကြုံရသည်။ ဒါကလည်း သဘာဝကျသည်။ စာရေးဆရာ၏ လောကအမြင်သည် အတိတ်ကာလကို ငဲ့စောင်းကြည့်သော။ ပစ္စုပ္ပန်အခြေအနေကို စူးစိုက်လေ့လာသော၊ အနာဂတ်ကာလကို မျှော်မှန်းသော အကြည့်၊ ဆင်ခြင်သုံးသပ်ထားသော အမြင်အတွေးတွေ လွှမ်းမိုးထားလျက်ရှိပေသည်။....
ဆရာ၏ လောက အမြင်အကြောင်းလေးတွေ ကို ဖတ်ပြီး စာဖတ်ပရိသတ်များအနေနဲ့ စိတ်ဝင်စားလို့ ဝယ်ချင်တယ်ဆိုရင်တော့ အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ကြောင်း သတင်းကောင်း ပေးလိုက်ရပါတယ်...........

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ


Saturday, February 19, 2011

မေတ္တာရှင်ဆရာတော်နှင့် စေတနာရှင်တို့၏ ဒုတိယအကြိမ် လှူဒါန်းမှုများ

17.2.2011 ရက် ကြာသပတေးနေ့ တွင် မေတ္တာရှင် ဆရာတော် အရှင်ဇဝန ဦးဆောင်၍  စေတနာရှင် ကုသိုလ်ရှင်တို့ စုပေါင်းလျက် ဒုတိယအကြိမ်အဖြင့် ပြင်ဦးလွင်မြို့ အနီးရှိ ဆရာ ဖုန်းမြင့်အောင် တည်ထောင်ထားသော သုခမေတ္တာ မိဘမဲ့ကျောင်း၊ ဆရာတော် ဘဒ္ဒန္တပဏ္ဍဝ ၏ ဒိုးပင်အောင်ကံသာ ပရဟိတကျောင်း၊ ဆရာတော် ဦးဉေယျ ၏ ပရဟိတမျက်မမြင်ကျောင်း နှင့် အာရှအလင်းရောင် မိဘမဲ့ ကျောင်းများ သို့ သွားရောက်၍ ဆန်၊ ဆီ၊ ဆား၊ မုန့်၊ အဝတ်အထည်များ နှင့် ပိုက်ဆံတို့ကို  သွားရောက်လှူဒါန်းမှု ပြုလုပ်ခဲ့ကြပါတယ်။
5101257.jpg
မန္တလေး-လားရှိုးလမ်းဘေး၊ ပြင်စာကျေးရွာရှိ သုခမေတ္တာ မိဘမဲ့ကျောင်း
5101254.jpg
သုခမေတ္တာ မိဘမဲ့ကျောင်းမှ မိဘမဲ့ကလေးများ
5101264.jpg
ပထမဦးစွာ ပြင်စာကျေးရွာရှိ သုခမေတ္တာ မိဘမဲ့ ကျောင်းသို့ ရောက်ရှိကြပြီး ထိုကျောင်းရှိ မိဘမဲ့ကလေးငယ် (၅၄)ယောက်တို့ အတွက် ဆရာတော် မှ မတည်ငွေဖြင့် စေတနာရှင်တို့မှ စုပေါင်းကောက်ခံ ရရှိငွေ လေးသိန်း နှစ်သောင်းကျပ် (၄၂၀၀၀၀)ကျပ် နှင့် ဆန် ငါးအိတ်၊  ဆား နှစ်အိတ်၊ ဆီ တစ်ပုံး တို့ကို လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအားလုံးတို့အတွက်  အမျှဝေပေးခဲ့ပြီး သာဓုခေါ်ဆိုခဲ့ကြပါသည်။
5101266.jpg
ဒိုးပင် ပရဟိတကျောင်းမှ မိဘမဲ့ကလေးများ
5101263.jpg
မိဘမဲ့ကလေးများအတွက် ပေါင်းထားသော ထမင်းများ
5101268.jpg
ဆရာတော်မှ ကလေးများ ထမင်းစားကြသည်ကို လှည့်လည် ကြည့်ရှု့နေစဉ်
5101285.jpg
ကလေးများ စတီးဇလုံကြီးတစ်လုံးတွင် ငါးယောက်ဝိုင်းဖွဲ့၍ ထမင်းစားနေကြစဉ်
5102242.jpg
ဤသို့ ပဲဟင်း အချဉ် ငါးပိကြော်ဖြင့်  စားကြရသည်။
5102815.jpg
စေတနာရှင်တို့လှူဒါန်းသည့် ပစ္စည်းများ
5102862.jpg
ကလေးများ ထမင်းစားရန် ထည့်ထားသော ထမင်းဇလုံကြီးများ
5102867.jpg
ကလေးများအတွက် ကံစမ်းမဲဖောက်၍ ပေးနေစဉ်
5102870.jpg

ထိုမှ တစ်ဆင့် အနီးစခန်း အနီးရှိ ဒိုးပင်အောင်ကံသာ ပရဟိတကျောင်းသို့ ရောက်ရှိကြပြီး ထိုကျောင်းတွင် မိဘမဲ့ကလေးငယ် တစ်ထောင်ကျော် ရှိရာ ထိုကလေးငယ် များအတွက် လိုအပ်သော ဆန်၊ ဆီ၊ ဆား၊ အဝတ်အထည်နှင့် မုန့် မျိုးစုံ တို့ကို ပေးအပ် လှူဒါန်းခဲ့သည့် အပြင် ကလေးငယ်များအတွက် ပိုက်ဆံတစ်ထောင်တန်၊ ဗလာစာအုပ်နှင့်ခဲတံများ၊ မုန့်ပုံး၊ ဘီစကစ်၊ ဘောင်းဘီ၊ အင်္ကျီနှင့် လွယ်အိပ်များ အပြင် စေတနာရှင်တို့မှ မဲလိပ်အတွင်း ငွေငါးထောင်ကျပ်တို့ ထည့်၍ ဆရာတော် ကိုယ်တိုင် ကလေးများအား ကံစမ်းမဲဖောက်၍ လှူဒါန်းဒါန ပြုခဲ့ကြပါသည်။ ထိုကျောင်းအတွက် ဆရာတော် ၏ မတည်ငွေ သုံးသိန်းနှင့် အတူ စေတနာရှင်တို့၏ လှူဒါန်းမှုငွေနှင့် ပစ္စည်းအားလုံးတို့၏ စုစုပေါင်းတန်ဖိုး ငွေ မှာ ကျပ် သိန်းသုံးဆယ်နဲ့ ငါးသောင်း(၃၀၅၀၀၀၀) ဖြစ်ပါသည်။ ဆရာတော် မှ ထိုကျောင်းအတွက် လစဉ်အလှူငွေ သုံးသိန်း အပြင် ဆရာတော်၏ တရားများကို နားကြားခဲ့ရသော စေတနာရှင် ဒကာတစ်ဦးမှလည်း ထိုကျောင်းအတွက် လစဉ် အလှူငွေ နှစ်သိန်း လှူဒါန်းခဲ့ ကြောင်း သိရပါသည်။ ထို ဒိုးပင်မိဘမဲ့ ကလေးများအတွက် ထမင်းကျွေးမွေး လှူဒါန်းဒါနပြုလိုပါက  တစ်ရက်တာ ထမင်းစရိတ်မှာ မနက်နှင့် နေ့လည်စာ အတွက် ငါးသိန်းကျပ် နှင့် ညနေစာ အပါအဝင် သုံးနပ်စာအတွက် ဆိုလျှင် ကိုးသိန်းကျပ် ကုန်ကျမည်ဖြစ်ပါသည်။ ထိုသို့ လှူဒါန်းကြပြီးနောက် လှူဒါန်းမှု အားလုံးအတွက် ဆရာတော်မှ အမျှပေးဝေ၍ သာဓု အနုမောဓနာ ခေါ်ဆိုခဲ့ကြပါသည်။
5103129.jpg
မျက်မမြင်ကျောင်းမှ ကျောင်းသား ကျောင်းသူများ စာရင်း
5102882.jpg
မျက်မမြင်ကျောင်းသားလေးများ စာသင်နေပုံ
5102879.jpg
မျက်မမြင် ကွန်ပျူတာ ဆရာ
5102878.jpg
မျက်မမြင် ကျောင်းသူလေးများမှ ယိမ်းအက ဖြင့်ဖျော်ဖြေနေပုံ
5102934.jpg
ဆရာတော်နှင့် စေတနာရှင်တို့ သွားကြသော ကားများ

ထိုကျောင်းမှ တဆင့် မဟာအံ့ထူးကံသာ ဘုရားအနီးရှိ ဆရာတော် အရှင် ဦးဉေယျ တည်ထောင်ထားသော မျက်မမြင်ပရိတကျောင်းသို့ ရောက်ရှိလာရာ ထိုကျောင်းအတွက်လည်း ဆန်နှစ်ပိုင်း ဆီတစ်ပုံး၊ ဆားတစ်အိပ် အပြင် စေတနာရှင်တို့ ၏ အလှူငွေ လေးသိန်းတစ်သောင်းကျပ် တို့ကိုလှူဒါန်းခဲ့ကြပြီးနောက် မျက်မမြင် ဂီတပညာရှင်များအဖွဲ့မှ အက သီချင်းများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြပါသည်။
5102936.jpg
အာရှအလင်းရောင် ကျောင်းအတွက် အလှူငွေများ ပေးအပ်လှူဒါန်းနေပုံ

ထို့နောက် ဆရာတော်နှင့် စေတနာရှင် တို့ အဖွဲ့သည် အောင်ချမ်းသာ ရွာ အနီးရှိ အာရှအလင်းရောင် ပရဟိတကျောင်းသို့ ရောက်ရှိလာကြပြီးနောက် ထိုကျောင်းအတွက်လည်း ဆန်နှစ်ပိုင်း၊ နှင့် ဆားတစ်အိပ်အပြင် စေတနာရှင်တို့၏ အလှူငွေ သုံးသိန်း တစ်သောင်းကျပ်ကို လှူဒါန်း ခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် အမျှပေးဝေပြီး သာဓုအနုမောဓနာခေါ်ဆိုခဲ့ကြပါကြောင်း အများပြည်သူများလည်း မုဓိတာပွားများပြီး၊ စေတနာထား၊ မေတ္တာ ပွားများနိုင်သည့်အပြင် လှူဒါန်းလိုသော ပရဟိတစိတ်ကလေးများ ပွားများပေါ်ပေါက်လာနိုင်စေရန်နှင့် ဝမ်းသာပီတိ သာဓုခေါ်နိုင်ကြရန်အတွက် ရေးသား ဖော်ပြလိုက်ရပါသည်။

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

Wednesday, February 16, 2011

ဆွမ်းလောင်းအသင်း အနီးလမ်းခင်းခြင်း နှင့် နောက်ထပ်အလှူရှင်များစာရင်း

5083275.jpg

လမ်းခင်းခြင်း လုပ်ငန်းများ လုပ်ဆောင်နေပုံ
5083297.jpg

စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းအနီး၊ လပြည့်ဝန်းလမ်း သီလရှင်ကျောင်းတိုက်များ အနီးရှိ ပေ ၅၀၀ ခန့်အရှည်ရှိ လမ်းသွယ်လေးသည် မြေသားလမ်း ဖြစ်နေ၍ မိုးရာသီတွင် ရေအိုင်များရေစီးကြောင်းများ ဖြစ်နေခြင်းကြောင့် ဆွမ်းခံကြွတော်မူကြသော ရဟန်းသံဃာတော်များနှင့် သီလရှင်များအတွက် ရေအိုင်နှင့် ရေးစီးကြောင်း များကြောင့် အခက်အခဲ ဖြစ်ကြရပါသည်။ ထို့ကြောင့် သံဃာတော်များနှင့် သီလရှင်များအတွက် အဆင်ပြေစွာ ဆွမ်းခံကြွတော်မူနိုင်ရန် အတွက် အဆိုပါ လပြည့်ဝန်း လမ်းသွယ်အား ယခင်ကတ္တရာလမ်းရန် စီစဉ်ထားရာမှ မိုးရေစီးကြောင်းများကြောင့် ကွန်ကရစ်လမ်းခင်းလျှင် ပိုပြီး အဆင်ပြေနိုင်သည်ဟု မေတ္တာရှင်ဆရာတော်နှင့်မြစကြာဆရာတော်ကြီးများ၏ မိန့်ကြားချက်အရ ယခုလမှ စ၍ ကွန်ကရစ်လမ်းခြင်း လုပ်ငန်းများ စတင်လုပ်ဆောင်နေပါသည်။ ယခု ၁၂ ပေ စတင် ခင်းထားရာတွင် ဖောင်ဒေးရှင်း သုံးပေ အနက်ထား၍ ခင်းရာ တစ်သိန်းကျော် ကုန်ကျသွားပါသည်။ ထို့ကြောင့် ယခင်ကတ္တရာလမ်းခင်းလျှင် သိန်းနှစ်ဆယ်ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားသည်ထက် နှစ်ဆ ကျော် ကုန်ကျ နိုင်ပါသည်။ အဆိုပါလမ်း ပြီးမြောက်ရန်အတွက် နောက်ထပ် အလှူရှင်များလည်း အိုအပ်လျက်ရှိပါသည်။ ထို့ကြောင့် လှူဒါန်းလိုသူများအနေဖြင့် အောက်ပါ လိပ်စာများ တွင် ဆက်သွယ် လှူဒါန်း နိုင်ပါသည်။ ယခု လှူဒါန်းထားသူများ စာရင်းကိုလည်း အောက်တွင်ဖော်ပြပေးသွားပါမယ်။
5083870.jpg

5083896.jpg
၁။  နော်ဝေးနိုင်ငံမှ မောင်နိုင်းနိုင်း မှ အလှူငွေ  လေးသောင်းကျပ် ။
၂။  ကိုထွန်းဝင်းလတ် မှ အလှူငွေ သုံးသောင်းကျပ် ။
၃။ စစ်ကိုင်းမြို့ ဘိုသု ကွမ်းယာဆိုင်မိသားစု နှင့် အလှူရှင် သုံးဦးတို့မှ လေးသိန်းကျပ်။ (ဇန်ဝါရီလနှင့် ဖေဖော်ဝါရီလအတွက် နှစ်သောင်းကျပ် လက်ခံရရှိပြီး။)
၎။ မန္တလေးမြို့မှ မနီလာအေးမှ တစ်သိန်းကျပ်။ (ဇန်ဝါရီလအတွက် တစ်သောင်းကျပ် လက်ခံရရှိပြီး။)
၅။ ဒေါ်ရွှေဇင်ဦး (SS DTP & Copy မန္တလေးမြို့) မှ တစ်သိန်းကျပ်။ (ဇန်ဝါရီလနှင့် ဖေဖော်ဝါရီလအတွက် နှစ်သောင်းကျပ် လက်ခံရရှိပြီး။)
၆။ ကိုဇော်သိင်္ခ (မိုးကောင်းကင်ဘလော့) မှ တစ်သိန်းကျပ်။ (ဇန်ဝါရီလနှင့် ဖေဖော်ဝါရီလအတွက် နှစ်သောင်းကျပ် လက်ခံရရှိပြီး။)
၇။ MKK1 အင်တာနက်ဆိုင်(မန္တလေးမြို့)မှ တစ်သိန်းကျပ်။ (ဇန်ဝါရီလနှင့် ဖေဖော်ဝါရီလအတွက် နှစ်သောင်းကျပ် လက်ခံရရှိပြီး။)
၈။ Wai Yan အင်တာနက်ဆိုင်(မန္တလေးမြို့)မှ တစ်သိန်းကျပ်။ (ဇန်ဝါရီလနှင့် ဖေဖော်ဝါရီလအတွက် နှစ်သောင်းကျပ် လက်ခံရရှိပြီး။)
၉။ စင်ကာပူ မှ အလှူရှင် ဒကာမကြီး တစ်ဦးမှ ခုနစ်သိန်း(၇၀၀၀၀၀)ကျပ်။
၁၀။ကိုကျော်သူရ စင်ကာပူမှ တစ်သိန်းကျပ်။
၁၁။ကိုအားဝေ(GTC မန္တလေးမြို့) မှအလှူငွေ တစ်သိန်းကျပ်။
၁၂။ Top အင်တာနက်ဆိုင်(မန္တလေးမြို့)မှ အလှူငွေ တစ်သောင်းကျပ်။
၁၃။ ချောအိမာန်(မန္တလေး)မှ တစ်သောင်းကျပ်။
၁၄။ငြိမ်းအိဖြိုး ၊မြတ်နိုး ၊သီတာမျိုး ၊လူပျိုကြီးတင်မျိုး(မန္တလေးမြို့) တို့မှ အလှူငွေ ၂၇၀၀၀ကျပ်။
၁၅။ နတ်ဆိုးလေး ဘလော့ဂါမှ အလှူငွေ ငါးထောင်ကျပ်။
၁၆။T&D အင်တာနက်ဆိုင် စစ်ကိုင်းမြို့မှ အလှူငွေတစ်သောင်းကျပ်။ 

5083236.jpg
စတင်ခင်းထားသော ၁၂ပေခန့်ရှိ ကွန်ကရစ်လမ်းပိုင်းလေး

5083222.jpg

လစဉ် တစ်လကို တစ်သောင်းနှုံး၊ ဒါမှမဟုတ် နှစ်သောင်းနှုံး ဖြစ်ဖြစ် မိမိတို့ တက်နိုင်သလောက်လည်း ပါဝင်လှူဒါန်းနိုင်ကြပါသည်။ ယခု စုစုပေါင်း ရရှိ အလှူငွေ မှာ တစ်ဆယ့်ကိုးသိန်းနှစ်သောင်းနှစ်ထောင်(၁၉၃၂၀၀၀) ဖြစ်ပါသည်။
စေတနာရှင်များအနေဖြင့်လည်း ထိုလမ်းလေးဖြစ်မြောက်သွားနိုင်ရန်အတွက် ကိုယ်တက်နိုင်သလောက်လေး ပါဝင် လှူဒါန်းလိုပါက အောက်ပါ အီးမေးလ် လိပ်စာများနှင့်ဖုန်းနံပါတ်များမှ တဆင့် ဆက်သွယ် လှူဒါန်းနိုင်ကြောင်း ၊ နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော် သတင်ပေးလိုက်ပါတယ်ခင်ဗျာ….။

ဆက်သွယ်လှူဒါန်းရန်...

Kovida9@gmail.com  ဦးဇင်း ဦးကောဝိဒ (စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း  ဖုန်း-09-2110202)
Zawtk07@gmail.com   ကိုဇော်သိင်္ခ ( မန္တလေး ၊ ဖုန်း 029-91041540 )
Yadanarbon.2010mdy@gmail.com ( မန္တလေးမြို့)


ခင်မင်စွာဖြင့်
ဇော်သိင်္ခ

Saturday, February 12, 2011

BarCamp Mandalay2011 ပထမနေ့ဖွင့်ပွဲ အမှတ်တရ


ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ BarCamp Mandalay2011 ရဲ့(ပထမနေ့) ကျင်းပခြင်း အစီအစဉ်များကို အောင်မြင်စွာ ကျင်းပသွားနိုင်ခဲ့ပါတယ်။ ဒီနေ့ ပွဲမှာ နည်းပညာ သာမက စာပေ၊ ဝါသနာ၊ သဘာဝပတ်ဝန်းကျင်၊ ဥပဒေ၊ စီးပွားရေး၊ လူမှုရေး၊ အင်ဂျင်နီယာပညာ၊ အနုပညာ ၊ ဓာတ်ပုံပညာ စတာတွေကို အရောင်အသွေးစုံ အမယ်စုံ လှပစွာနဲ့ ဟောပြောကြပြီး နားထောင်သူဦးရေမှာလည်း မြောက်များစွာ လာရောက်နားထောင်ပြီး ဝင်ရောက်ဆွေးနွေး ဟောပြောသွားကြတဲ့အတွက် ဝမ်းသာ ပိတီဖြစ်ရပါတယ်။ ယနေ့ ဖွင့်ပွဲမှာ အမှတ်တရ ရိုက်လာခဲ့တဲ့ ဓာတ်ပုံလေးများကို အမှတ်တရအနေနဲ့ ဖော်ပြပေးသွားပါ့မယ်။
5055751.jpg
ယနေ့ ဟောပြောဆွေးနွေးသွားသော မနက် ၉နာရီမှ ညနေ ၅ နာရီထိ အခန်းရှစ်ခန်းရှိ ဟောပြောပို့ချသော အကြောင်းအရာများနှင့်
ဟောပြောသူတို့၏နာမည်များကို အချိန်ဇယားအလိုက် နို့တစ် ဘုတ်တွင် ဖော်ပြထားပုံ။

5055711.jpg

5055771.jpg

5055844.jpg


5055912.jpg
Organizer အဖွဲ့များ။

5055919.jpg
ကွန်ပျူတာပညာရှင်များအသင်း ဥက္ကဌ ဦးသိန်းထွဋ် မှ အမှာစကား ပြောကြားစဉ်။

5055920.jpg
ဘလော့ဂါ မောင်လှ မှ ဘားကမ့် ကျင်းပရခြင်းအကြောင်း ပြောကြားစဉ်။

5055931.jpg

5055937.jpg
မန္တလေးဘားကမ့် 2011 ဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်စဉ်

5056005.jpg


5056030.jpg

5056018.jpg

5056014.jpg

5056054.jpg

ပထမနေ့ အမှတ်တရ ဓာတ်ပုံများကို အောက်မှ ဖေ့ဘုတ်လင့်ခ်တွင်လည်း ပြည့်စုံစွာ သွားရောက်ကြည့်ရှု့ နိုင်ပါသည်ခင်ဗျ။


ခင်မင်စွာဖြင့်
ဇော်သိင်္ခ

Friday, February 11, 2011

BarCamp Mandalay2011

5048748.jpg
Barcamp Mandalay 2011 ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နဲ့ ၁၃ ရက်နေ့မှာ မန္တလေးမြို့ ပုပ္ပါးဟိုတယ်မှာ မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ နေ့စဉ် ကျင်းပပြုလုပ်မှာ ဖြစ်တဲ့ အတွက်ကြောင့် ဒီနေ့ ညနေပိုင်းမှာ အသင်း Organizar များနှင့် Volunteer များ အစည်း အဝေးပြုလုပ်ပြီး မိမိတို့ နဲ့ သင့်တော်မယ့် တာဝန်များကို ခွဲဝေ တာဝန်ယူကြပြီး လိုအပ်သော ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြပါတယ်။
5048117.jpg
      Volunteer နှင့် တာဝန်ခွဲဝေ ယူဖို့ရန် တိုင်ပင်ဆွေးနွေးနေပုံ
5048186.jpg
BarCamp Mandalay technical အဖွဲ့ကလည်း FTP server ထောင်ပြီး အခန်းတိုင်းရဲ့ presentation တွေနဲ့ files and application share အတွက် စီစဉ်နေသလို လိုအပ်သလိုပြန်တင်နိုင်ဖို့လည်းပြုလုပ်ထားပါတယ်။ ဒါကြောင့် BarCamp လာရင် Laptop ယူလာပြီး internet သုံးလို့ရသလို လိုတာတွေ လာကူးယူနိုင်ပါတယ်။ထို့အတူ မိမိမှာ ပါရှိတဲ့ Data များကိုလည်း ပြန်လည် မျှဝေ ပေးနိုင်ပါတယ်။  WiFi သုံးလို့ရတဲ့ မည်သည့် device မဆို အသုံးတည့်နိုင်မှာဖြစ်ပြီး Removalable Drive များနှင့် မိမိတို့ နှင့် သက်ဆိုင်သော ဒေတာများကို ယူလိုက ကူးယူ နိုင်ပါတယ်။
5048116.jpg

5048754.jpg
အမှတ်တရ အင်္ကျီရဲ့ ရှေ့ မျက်နှာစာနှင့် နောက်ကျော ပုံစံ လေးတွေပါ။

5048753.jpg

BarCamp Mandalay အတွက်လည်း အင်တာနက် WiFi အသုံးပြု နိုင်ရန်အတွက်မြန်မာ့ဆက်သွယ်ရေး (MPT)က နေပြီး RedLink နဲ့ ပူးတွဲပြီး Internet လိုင်းလာရောက်တပ်ဆင်ပေးသလို MDS Company ကလည်း မက်ဝဲ Wireless Router တွေ ကို ပိုမိုမြန်ဆန်စွာသုံးစွဲနိုင်ဖို့ လာရောက်တပ်ဆင်ပေးထားကြပါတယ်။
ဒါကြောင့် အထက်မြန်မာပြည်ရဲ့ ပထမဆုံးအကြိမ် ကျင်းပတဲ့ BarCamp Mandalay2011 မှာ ပါဝင် ပူးပေါင်း ဆင်နွှဲပြီးတော့ အမှတ်တရ အင်္ကျီနှင့် လက်ဆောင်ပစ္စည်းလေးများ ရယူနိုင်ပါတယ် ဆိုတဲ့ အကြောင်း ကို သတင်းပေး ဖော်ပြပေးလိုက်ပါတယ်။

http://barcampmandalay.org နှင့်
http://www.facebook.com/barcampmandalay တွင်လည်း နောက်ဆုံးသတင်းများကို ဖော်ပြပေးနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

 
^ထိပ်ဆုံးသို့