မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Thursday, February 25, 2010

ကမ္မသတ္တိလေးတွေ

ီပို့စ် လေး ကို တင်ဖို့ရာ နှစ်ရက်ရှိသွားပါပြီး။ ကော်နက်ရှင်တွေ ပြတ်နေတာရယ် ရတဲ့ ကော်နက်ရှင်ကြတော့လည်း အရမ်းလေးနေတာ နဲ့ မတင်ဖြစ်ဘူး ဖြစ်နေတာ ။ ဒီနေ့မှပဲ ကော်နက်ရှင်က ပြန်ရလာတာနဲ့ ပဲ ဒီပို့စ်လေး ကို တင်ပေးလိုက်ပါတော့တယ်ခင်ဗျ…..

ဇာတ်လမ်းလေးတစ်ပုဒါကို အရင်ပြောပြရအောင်ပါ။

မြတ်စွားဘုရားလက်ထက်တော်က ဥဂ္ဂသေန ဆိုတဲ့ သူဌေးသားတစ်ယောက် ရှိပါတယ်။ တစ်နေ့တော့ သူနေထိုင်ရာ ရာဇဂြိုဟ်မြို့ကို လူပေါင်းငါးရာပါတဲ့ ကျွမ်းဘားအဖွဲ့ကြီးတစ်ဖွဲ့ ရောက်လာပါတယ်။

အဲဒီကျွမ်းဘား အဖွဲကြီးက ဗိမ္ဗိသာရမင်းကြီးရဲ့ နန်းတော်မှာ ကပြကြပါတယ်။ ဗိမ္ဗိသာရမင်းကြီးကလည်း သူ့ရဲ့ ပြည်သူပြည်သားတွေကိုပါ လာကြည့်ခွင့်ပေးပါတယ်။ စာထဲမှာတော့ ညောင်စောင်းတွေချပြီး ကြည့်ကြ တာလို့ ဆိုပါတယ်။ အဲဒီခေတ်က ကုလားထိုင်ပဲ မပေါ်သေးလို့လား၊ ဒါမှ မဟုတ် ချမ်းသာတဲ့သူတွေပဲ ၀ိုင်းကြည့်ကြတဲ့ ပွဲမို့လား မသိပါဘူး။

လူငါးရာပါတဲ့ ကျွမ်းဘားအဖွဲ့ထဲမှာ ပရိသတ် စိတ်အ၀င်စားဆုံးက အသက်နှစ်ဆယ်အရွယ် ကချေသည်မလေးပါ။ အဲဒီကချေသည်မလေးက ရုပ်ရည်ကလည်း အလွန်လှဆိုပဲ။ လှရုံတင် မဟုတ်ပါဘူး။ သူက ၀ါးလုံးပေါ်တက်ပြီး ကျွမ်းဘား ကစားပြတာပါ။ ပရိသတ်က လည်း အဲဒီ ကျွမ်းဘားကစားပြတာကို သဘောကျပြီး ဆုငွေတွေ ၀ိုင်းချကြပါသတဲ့။ လက်ခုပ်သံတွေ တဖြောင်းဖြောင်းနဲ့လည်း အားပေးကြပါသတဲ့။ ပရိသတ်ထဲက တစ်ယောက်ဖြစ်တဲ့ ဥဂ္ဂသေနကတော့ အားပေးရုံတင်မကတော့ဘဲ သံယောဇဉ်ပါ ဖြစ်သွားပါသတဲ့။ ဒါက လည်း အတိတ်ရေ စက်တစ်ခုကြောင့်ပါ။

ပွဲပြီးလို့ အိမ်ပြန်ရောက်တော့ သူ့မိဘတွေကို ကချေသည်မလေးကို လိုချင်တဲ့အကြောင်း ပူဆာတော့တာပါပဲ။ ဒါပေမယ့် သူဌေးသားနဲ့ ကချေသည်ဆိုတော့ အလွှာသိပ်ကွာနေတာနဲ့ မိဘတွေက သဘောမတူပါဘူး။ ဒီတော့ ဥဂ္ဂသေနက အစာငတ်ခံ ဆန္ဒပြပါတယ်။ နောက်ဆုံးတော့ ဥဂ္ဂသေနရဲ့ သူငယ်ချင်း တစ်ယောက်ကို ခေါ်ပြီး “ ဒီအသေပြာတစ်ထောင်ကို ယူသွားပြီး ကချေသည်မလေးရဲ့ အဖေကိုပေးပါ။ ပြီးတော့ ကချေသည်မလေးကို ဥဂ္ဂသေနနဲ့ ပေးစားဖို့ ထည့်လိုက်ပါလို့ “ ပြောပြီး လွှတ်လိုက်ပါတယ်။

ဒါပေမယ့် ကချေသည်မလေးရဲ့ အဖေက ဒီသမီးလေး နဲ့ပဲ လုပ်စားနေရတာဆိုတော့ ဥဂ္ဂသေနအိမ်ကို ထည့်မပေးလိုက်နိုင်ပါဘူး။ သူ့သမီးကို လက်ထပ်ချင်သပ ဆိုရင် သူတို့နဲ့ပဲ လိုက်နေရမယ်လို့ ပြောလိုက်ပါတယ်။

ဥဂ္ဂသေနလည်း သတင်းစကားကြားတာနဲ့ ငေါက်ခနဲထ၊ မိဘတွေရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး ကချေသည်မလေးရှိရာကို ထွက်ခဲ့ပါတယ်။ ကချေသည်မလေးဆီရောက်တော့ ဖခင်ဖြစ်သူကလည်း တစ်ခါတည်း သမီးဖြစ်သူနဲ့ ပေးစားလိုက်ပါတယ။ ဒီလိုနဲ့ ဥဂ္ဂသေနဟာ ကျွမ်းဘားအဖွဲ့ကြီးနဲ့ မြို့တကာ နယ်တကာလှည့်ပြီး လိုက်နေခဲ့ပါတယ်။ ပါပေမယ့် ဥဂ္ဂသေနက ဘာမှ မတက်တော့ လှည်းစောင့်တာ၊ နွားတွေ အစာကျွေးတာ၊ ပစ္စည်းသယ်တာလောက်ပဲ လုပ်ပေးနိုင်ပါတယ်။ ဒီလိုနေလာရင်းနဲ့ သားလေးတစ်ယောက်ရလာပါတယ်။

သားရလာတော့ ကချေသည်မလေးက ကလေးချော့တဲ့အခါ ဘယ်လိုသီချင်းဆိုပြီး ချော့သလဲဆိုတော့ “လှည်းစောင့်သမားရဲ့သား အိပ်ပါတော့လား၊ ပစ္စည်းသယ်သမားရဲ့သား အိပ်ပါတော့လား“ အဲဒီလို ဆိုပြီး ချော့ပါတယ်။ ဒီတော့ ဥဂ္ဂသေနက မခံမရပ်နိုင်ဖြစ်ပြီး “မင်း ငါ့ကို စောင်းဆိုတာလား“ လို့မေးလိုက်ပါတယ်။ ဇနီးဖြစ်သူ ကချေသည်မလေးကလည်း “စောင်းဆိုတာ မဟုတ်ဘူး ၊ တည့်တည့်ဆိုတာ “ လို့ ပြန်ပြောလိုက်ပါတယ်။

ဥဂ္ဂသေနဟာ သူ့မာနကို ထိခိုက်လာတော့ ချက်ချင်းပဲ ယောက္ခမ လုပ်သူထဲသွားပြိး သူ့ကို ကျွမ်းဘားအတက်ပညာ သင်ပေးဖို့ ပြောပါတယ်။ ယောက္ခမလုပ်သူကလည်း တအံ့တသြနဲ့ပေါ့။ နောက်ဆုံးတော့ မခံချင်စိတ်နဲ့ သင်လိုက်တာ ၀ါးလုံးထိပ်ဖျားမှာ ကျွမ်းပစ်ပြီးကစားတဲ့အတက်ကို ကောင်းကောင်းတက်သွားပါတော့တယ်။

ယောက္ခမလုပ်သူကလည်း သူ့သားမက်ကို ရွာငယ်မြို့ငယ်ကစပြီး ပွဲထုတ်ပေးပါတယ်။ ဥဂ္ဂသေနဟာ ကစားရင်း ကစားရင်းနဲ့ သူ့ဇနီးကချေသည်မလေး ထက် သာသွားပါတယ်။ ဒီလိုနဲ့ ရွာတကာလှည့်လည် ကပြနေခဲ့ရင်း သူ့ဇာတိ ရာဇဂြိုဟ်မြို့ကို ကပြဖို့ အလှည့်ကျလာပါတယ်။

ရာဇဂြိုဟ်မြို့သူမြို့သားတွေကလည်း သူတို့ဇာတိသူဌေးသား ဥဂ္ဂသေန ကျွမ်းဘားကစားပြမယ် ဆိုတော့ အားလုံးကလည်း စိတ်ဝင်စားနေကြပါတယ်။ ဥဂ္ဂသေနကလည်း သူ့ဇာတိမြို့ဆိုတော့ အရင်စံချိန်ထက်တင်ပြီး ကစားပြဖို့ ပြင်ထားပါတယ်။

ဒီလိုနဲ့ ရာဇဂြိုဟ်ကို ရောက်လာတဲ့အခါ အတောင်ခြောက်ဆယ်ရှိတဲ့ ၀ါးလုံးထိပ်ဖျားမှာ ကျွမ်းခုနှစ်ပတ်ပစ်ပြီး ကစားပြပါတယ်။ အဲဒီအချိန်မှာ မြတ်စွာဘုရားရှင် ကြွလာပါတယ်။ မြတ်စွာဘုရားကြွလာတော့ ပွဲကြည့်တဲ့ ပရိသတ်က မြတ်စွာဘုရားဆီ ရောက်ကုန်တော့တာပါပဲ။

မဟာဂရုဏာရှင်ဖြစ်တဲ့ မြတ်စွာဘုရားက “ဥဂ္ဂသေနတစ်ယောက် သူ့အတက်ပညာကို အစွမ်းကုန် ပြသနေတဲ့အချိန်မှာ ပရိသတ်က ငါ့ဆီရောက်လာရင် နှလုံးမသာမယာဖြစ်တော့မှာပဲ “ ဆိုပြီး အတူပါလာတဲ့ အရှင်မောဂ္ဂလာန်ကို “ချစ်သားမောဂ္ဂလာန်… ဥဂ္ဂသေနကို သွားပြောချေ၊ ကျွမ်းဘားကို ဆက်ပြပါလို့ မြတ်စွာဘုရားက ပြောခိုင်းလိုက်ပါတယ်လို့ “ မြတ်စွာဘုရားက အဲဒီလိုပြောခိုင်းလိုက်တော့ အရှင်မောဂ္ဂလာန်ကလည်း ချက်ချင်းသွားပြောပါတယ်။ ဒီတော့ ဥဂ္ဂသေနက ဘယ်လိုတွေးသလဲ ဆိုတော့ “ မြတ်စွာဘုရားက ငါ့ရဲ့ ကျွမ်းဘားကို ကြည့်ရှု့လိုလို့ပဲ“ ဆိုပြီး အစွမ်းကုန်ဆက်ပြပါတယ်။

ဥဂ္ဂသေနကစားပြလို့ ပြီးသွားတဲ့အခါ ဥဂ္ဂသေနက ၀ါးလုံးထိပ်ဖျားကပဲ မြတ်စွာဘုရားကို လက်အုပ်ချီ အရိုအသေပြုပါတယ်။

မြတ်စွာဘုရားက အောက်ကပဲ “ ချစ်သား ဥဂ္ဂသေန ပညာရှိတဲ့သူဟာ အတိတ် အနာဂတ် ပစ္စုပ္ပန် ခန္ဓာတွေမှာဖြစ်တဲ့ တွယ်တာခြင်းတဏှာကို ပယ်စွန့်ပြီး ပဋိသန္ဓေတည်ခြင်းမှ လွတ်မြောက်ဖို့ သင့်လှပေတယ်“ လို့ တရာဟောလိုက်ပါတယ်။ ၀ါးလုံးထိပ်ဖျားက တရားနာရင်းပဲ ဥဂ္ဂသေနဟာ ရဟန္တာဖြစ်သွားပါတယ်။ ပွဲကြည့်ပရိသတ်အားလုံးလည်း တရားထူး တရားမြတ်တွေရသွားကြပါတယ်။ လူဝတ်နဲ့ ရဟန္တာဖြစ်သွားတာဆိုတော့ သင်္ကန်းဝတ်ကို ကူးရပါတယ်။ မကူးရင် အဲဒီနေ့မှာပဲ ပရိနိဗ္ဗာန်စံရပါတယ်။ ဒါကြောင့် အောက်ကို ဆင်းလာပြီး မြတ်စွာဘုရားဆီ ရဟန်းပြုပေးဖို့ ခွင့်တောင်းပါတယ်။ မြတ်စွာဘုရားကလည်း ဧဟိဘိက္ခုလို့ ခေါ်ပြီး ရဟန်းပြုပေးလိုက်ပါတယ်။

ပြီးတော့ မြတ်စွာဘုရားက သံဝေဂယူဖို့ ဥဂ္ဂသေန ကချေသည် ဖြစ်ရတဲံ အကြောင်းရင်းကို ဆက်ဟောပြပါတယ်။

ကဿပဘုရားရှင်လက်ထက်မှာ ပြည်သူပြည်သားတွေက ရွှေစေတီ တစ်ဆူ ၀ိုင်းတည်ကြပါတယ်တဲ့။ ပြည်သူပြည်သားတွေက လုပ်အားလာပေးတဲ့အခါစားစရာ သောက်စရာတွေပါ လှည်းနဲ့ တင်ယူလာခဲ့ကြပါတယ်။ ဥဂ္ဂသေနလောင်း ဇနီးမောင်နှံတို့လည်း လှည်းနဲ့လာခဲ့ကြပါတယ်။ လှည်းနဲ့လာရင်း လမ်းမှာ ဆွမ်းခံကြွတဲ့ ရဟန္တာတစ်ပါးကို ဖူးတွေ့လိုက်ရပါတယ်။ ဒါကြောင့် လှည်းကိုရပ်ပြီးပါလာတဲ့ ဆွမ်းဘောဇဉ်တွေကို လောင်းလှူပါတယ်။ ဆွမ်းလောင်းပြီးတော့ ဇနီးမောင်နှံနှစ်ယောက်လုံးက “`ဤကုသိုလ်ကောင်းမှုကြောင့် အရှင်ဘုရားသိတဲ့ တရားထူးကို သိရပါလို၏“ လို့ ဆုတောင်းလိုက်ပါတယ်။

ရဟန္တာအရှင်မြတ်ကလည်း ဆုတောင်းတဲ့အတိုင်း ပြည့်မှာဖြစ်လို့ အသိအမှတ်ပြုတဲ့အနေနဲ့ ပြုံးတော်မူလိုက်ပါတယ်။အဲဒီလို ပြုံးလိုက်တာကို တွေ့လိုက်ရတော့ ဇနီးဖြစ်သူက ဘာပြောသလဲဆိုတော့ “အို….အရှင့်မြတ် ပြုံးတဲ့ အပြုံးက ကချေသည် တစ်ယောက်ရဲ့ အပြုံးမျိုးပဲ၊ မဟုတ်မှလွဲရော ကချေသည် တစ်ယောက်ဖြစ်ခဲံလို့ ထင်တယ်နော်“ လို့ ပြောလိုက်ပါတယ်။ ဒီတော့ ယောကျာ်းလုပ်သူကလည်း “အေး… ဟုတ်လောက်တယ်“ လို့ ထောက်ခံချက် ပေးလိုက်ပါသတဲ့။

ဥဂ္ဂသေနတို့ တရားထူးရတာက ရဟန္တာကို စေတနာပါပါ ဆွမ်းလောင်းခဲ့တဲ့ ကုသိုလ်အထောက်အပံ့ကြောင့်ပါတဲ့။ ကချေသည်ဖြစ်ရတာကတော့ ရဟန္တာကို ကချေသည်နဲ့တူတယ်လို့ လျှာရှည်မိလိုက်တဲ့ အကုသိုလ်ကံကြောင့်ပါ။ တကယ်လို့ ယောက်ျားလုပ်သူက “အင်း“ မလိုက်ခဲ့ရင် မိန်းမပဲ ကချေသည်ဖြစ်ရမှာပါ။ အခုတော့ ယောကျာ်းကပါ “အင်း“ လိုက်ခဲ့တဲ့အတွက် နှစ်ယောက်စလုံး ကချေသည်ဖြစ်ရတယ်။

အဲဒီလို အတိတ်ရေစက်ကြောင့်ပဲ သူတို့ နှစ်ယောက်ဟာ ဒီဘ၀မှာညပဲ ပြန်တွေ့ရတာပါတဲ့။ အတိတ်ရေစက်တွေ ပါလာခဲ့ရင်တော့ ဘယ်လို အကြောင်းတွေကာဆီးကာဆီး နောက်ဆုံးတော့ တွေ့ဆုံကြရတာပါပဲ။

ဒီနေရာမှာ အဓိကပြောချင်တာက ဒီဇာတ်လမ်းမဟုတ်ပါဘူး။ ကမ္မသတ္တိလေးတွေအကြောင်းပါ။ ဒါပေမယ့် ဒီဇာတ်လမ်းမှာ ကောင်းကံ ဆိုးကံ နှစ်ခုက ဒွန်တွဲပါနေလို့ သီးခြားရွေးချယ်ပြီး ရေးလိုက်တာပါပဲ။

အဓိကပြောချင်တဲ့ ကမ္မသတ္တိလေးတွေအကြောင်း ပြောရအောင်ပါ။

မကြာသေးခင်ကာလက မန္တလေးက အဖွားတစ်ယောက်က ဘယ်လိုပြောလာသလဲဆိုတော့ “ဗုဒ္ဓဘာသာတွေ ပြောနေတဲ့ ကံ, ကံရဲ့ အကျိုးကိုတောင် ယုံရမှာ မချင့်ရဲ ဖြစ်လာတယ်“ တဲ့။ အဖွားက ကံ,ကံရဲ့ သဘော သတ္တိလေးတွေကို ကောင်းကောင်းသိမှာပါ။ ဒါပေမယ့် သူ့ဝန်းကျင်ကို ကြည့်ပြီး အားမလိုအားမရနဲ့ ပြောလိုက်တာ ထင်ပါတယ်။

ကံပြုတဲ့နေရာမှာ ဘာအရေးကြီးဆုံးလဲဆိုရင် စေတနာပါ။ ဒါကြောင့် မြတ်စွာဘုရားက “စေတနာဟံ ဘိက္ခဝေ ကမ္မံဝဒါမိ၊ ရဟန်းတို့ စေတနာကို ကံလို့ ငါဘုရား ဟောတယ်“ လို့ မိန့်ကြားထားတာပါ။ အဲဒီ စေတနာနဲ့ ကံ ၊ ကံနဲ့ စေတနာ ဘာထူးသလဲ မေးရင် ပြုလုပ်ဆဲ အမှုတွေဟာ စေတနာပါ။ ပြီးပြီးသွားတာက ကံပါ။

ဥပမာ- ၀က်တစ်ကောင်ကိုကို သတ်နေတယ်။ သတ်နေဆဲကာလဟာ စေတနာပါ။ သတ်ပြီးလို့ သေသွားတဲ့အခါ ၊ သတ်ခြင်းကိစ္စ ပြီးသွားတဲ့အခါဟာ ကံပါ။ ဒီလိုပါပဲ … ရဟန်းတစ်ပါးကို ဆွမ်းလောင်းနေဆဲဟာ စေတနာပါ၊ ဆွမ်းလောင်းပြီးသွားတဲ့အချိန်ဟာ ကံပါ။ ဒါကို ယောဆရာ တော် ဘုရားရဲ့ “ပြုလုပ်ဆဲမှာ စေတနာ၊ ပြီးခါ ကံဟုသိ“ ဆိုတဲ့ လင်္ကာလေးနဲ့ ကပ်မှတ်ထားလို့ ရပါတယ်။

ကောင်းမှုပြုလုပ်ဆဲမှာပဲဖြစ်ဖြစ်၊ မကောင်းမှုပြုနေဆဲမှာပဲဖြစ်ဖြစ် စေတနာလေးတွေ ဆင့်ကဲဆင့်ကဲ ဖြစ်နေပါတယ်။ အဲဒီစေတနာလေးတွေက အကြာကြီး တည်မနေပါဘူး။ ဥပါဒ်-ဌီ-ဘင် = ဖြစ် တည် ပျက် ဆိုပြီး ပျက်ပျက်သွားပါတယ်။ စာလိုပြောရင်တော့ ချုပ်ချုပ်သွားတာပါ။ ကောင်းတာပြုနေတဲ့အချိန်မှာ ကောင်းတဲ့ စေတနာလေးတွေက ဖြစ် တည် ပျက် ဆိုပြီး ခဏလေးတည်ပြီး ချုပ်ချုပ်သွား၊ မကောင်းတာ ပြုနေတဲ့အချိန်မှာလည်း မကောင်းတဲ့စေတနာလေးတွေက ဖြစ် တည် ပျက် ဆိုပြီး ခဏလေးတည်ပြီး ချုပ်ချုပ်သွား၊ အဲဒီလို ချုပ်သွားပေမယ့် ဘာလေးတွေ ကျန်ခဲ့သလဲဆိုတော့ ကမ္မသတ္တိလေးတွေပါ။

စေတနာလေးတွေ ချုပ်ချုပ်သွားလိုက်၊ ကမ္မသတ္တိလေးတွေ ကျန်ခဲ့လိုက်၊ ကြာလာတော့ ကမ္မသတ္တိလေးတွေ များလာပါတယ်။ ကမ္မသတ္တိလေးတွေဟာ ကောင်းတာပြုခဲ့ရင် ကောင်းတဲ့ ကမ္မသတ္တိလေးတွေ၊ မကောင်းတာ ပြုခဲ့ရင် မကောင်းတဲ့ ကမ္မသတ္တိလေးတွေ ကျန်နေခဲ့ပါတယ်။ လူတစ်ယောက်ကို အကျိုးပေးတယ်ဆိုတာလည်း အဲဒီကမ္မသတ္တိလေးတွေက အကျိုးပေးတာပါ။

အဲဒီကမ္မသတ္တိလေးတွေက ချက်ချင်းထ အကျိုးသလားဆိုတော့ ချက်ချင်းတော့ ထအကျိုးမပေးသေးပါဘူး။ အကြောင်းတိုက်ဆိုင်တဲ့အခါမှသာ ထအကျိုးပေးတာပါ။

ဒါကို စာမှာ ဘယ်လို ဥပမာပေးထားသလဲဆိုတော့ သရက်သီးမှည့်ကို စားပြီးသွားတဲ့အခါ သရက်စေ့လေး ကျန်ခဲ့ပါတယ်။ အဲဒီသရက်စေ့မှာ အပင်ပေါက်နိုင်တဲ့ ဗီဇသတ္တိလေး ရှိနေပါတယ်။ အပင်ပေါက်နိုင်တဲ့ ဗီဇသတ္တိလေးရှိနေတဲ့ သရက်စေ့ဟာ မြေကြီးနဲ့လည်း ထိတွေ့ခွင့် ရမယ်၊ မိုးဥတုနဲ့လည်း ထိတွေ့ခွင့်ရမယ်ဆိုရင် သရက်ပင်လေး ထပေါက်လာပါတယ်။ အဓိကကတော့ မြေကြီးရယ် ၊ မိုးဥတုရယ် နဲ့ ကြုံကြိုက်ဖို့ပါပဲ။ အဲဒီ အင်္ဂါနှစ်ချက်နဲ့ မညီသေးရင် သရက်စေ့လေးဟာ အပင်ပေါက်နိုင်တဲ့ သတ္တိလေးတွေ ရှိနေပေမယ့် မပေါက်နိုင်သေးပါဘူး။

အဲဒီ သရက်သီးမှည့်နဲ့ သရက်စေ့လေးရဲ့ ဥပမာ အတိုင်းပါပဲတဲ့။ သရက်သီးမှည့်ကို စားနေဆဲ စားနေတဲ့အချိန်ဟာ စေတနာပါတဲ့ ၊ စားပြီး အပင်ပေါက်နိုင်တဲ့ သရက်စေ့ကျန်ခဲ့တာဟာ ကမ္မသတ္တိပါတဲ့။

သရက်စေ့ဟာ ချက်ချင်းချက်ခြင်းထပြီး အပင် မပေါက်နိုင်သေးဘဲ မြေကြီး မိုးဥတုနဲ့ ထိတွေ့ခွင့်ရမှ အပင်ပေါက်နိုင်သလို လူတစ်ယောက်ရဲ့ ကမ္မသတ္တိဟာလည်း ချက်ချင်းအကျိုးမပေးနိုင်သေးပါဘူး။

ကောင်းတဲ့ကမ္မသတ္တိတွေက ယောနိသောမန သိကာရ ဆိုတဲ့ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတဲ့အခါ၊ ကလျာဏမိတ္တဆိုတဲ့ ဘုရား၊ ပစ္စေက ဗုဒ္ဓါ၊ ရဟန္တာ၊ဆရာကောင်း စတဲ့ မိတ်ဆွေကောင်းနဲ့ တွေ့ဆုံးတဲ့အခါမှ ထအကျိုးပေးတာပါ။ ဒီလိုပါပဲ … မကောင်းတဲ့ ကမ္မသတ္တိလေးတွေကလည်း အယောနိသောမနသိကာရ အကုသိုလ်ဖြစ်အောင် နှလုံးသွင်းတဲ့အခါ ပါပမိတ္တမိတ်ဆွေဆိုး မိတ်ဆွေယုတ်နဲ့ တွေ့ဆုံတဲ့အခါကျမှ ထအကျိုးပေးမှာပါ။

အဲဒီတော့ ကိုယ့်သန္တာန်မှာရှိနေတဲ့ ကမ္မသတ္တိတွေဟာ ချက်ချင်းတော့ ထအကျိုးမပေးသေးပါဘူး။ ခြောက်လကြာမှ အကျိုးပေးချင်ပေးမယ်။ တစ်နှစ်ကြာမှလည်း အကျိုးပေးချင်ပေးမယ်။ ဆယ်နှစ်ကြာမှလည်း အကျိုးပေးချင်ပေးမယ်။ နောက်ဘ၀ကျမှလည်း အကျိုးပေးချင်ပေးမယ်။ နောက်ဆုံးဘ၀ တစ်ရာမြောက်ကျမှပဲ အကျိုးပေးချင်ပေးမယ်။ နှစ်ဘ၀မြောက် ၊ သုံးဘ၀မြောက်၊ ဆယ်ဘ၀မြောက်ကျမှလည်း အကျိုးပေးချင်ပေးမယ်။ ပေးမှာတော့ ဧကန်မုချပါ။

အဲဒီတော့ မန္တလေးကအဖွားကို ဘယ်လိုပြန်ပြောရမလဲဆိုတော့ “မကြာမီ လာမည် မျှော်“ လို့ပဲ ပြောရတော့မှာပါပဲ။

အထက်က ပြခဲ့တဲ့ ဥဂ္ဂသေနတို့ ၀တ္တုကိုပဲ ပြန်အာရုံပြုကြည့်လိုက်ပါ။

ကဿပဘုရားရှင်လက်ထက်မှာ ရဟန္တာတစ်ပါးကို စေတနာ ထက်ထက်သန်သန်နဲ့ လောင်းလှူခဲ့တဲ့ အတွက် စေတနာလေးတွေ ချုပ်သွားပေမယ့် ကောင်းတဲ့ ကမ္မသတ္တိလေးတွေ ကျန်နေခဲ့ပါတယ်။ နောက်ရဟန္တာအရှင်မြတ်ကို ကချေသည်နဲ့တူတယ်လို့ စေတနာပါပါနဲ့ ပြောခဲ့တဲ့အတွက် စေတနာလေးတွေ ချုပ်သွားပေမယ့် မကောင်းတဲ့ကမ္မသတ္တိလေးတွေ ကျန်နေခဲ့ပါတယ်။ ကဿပဘုရားရှင်လက်ထက်တော်မှာ ရခဲ့တဲ့ ကမ္မသတ္တိလေးတွေက ဂေါတမဘုရားလက်ထက်တော်ရောက်မှ ပြိုင်တူလာအကျိုးပေးပါတယ်။

ကောင်းတဲ့ကမ္မသတ္တိပဲဖြစ်ဖြစ် ၊ မကောင်းတဲ့ကမ္မသတ္တိပဲဖြစ်ဖြစ် ကိုယ့်သန္တာန်မှာ ကမ္မသတ္တိမြောက်သွားပြီ ဆိုရင်တော့ ဘ၀တစ်ခုမှာ ဧကန်မုချ အကျိုးပေးတော့မှာ့ပါ။ အကျိုးပေးနီးတာနဲ့ ဝေးတာပဲ ကွာမှာပါ။

ကောင်းတာပြုပြီး အကျိုးမပေးသေးလို့ ဘာမှ စိတ်အားလျော့စရာ မလိုသလို၊ မကောင်းတာပြုပြီး အကျိုးမပေးသေဘူးဆိုပြီး ကံကိုအထင်သေးနေလို့လည်း မရပါဘူး။

ကံဆိုတာ ပြုပြီးသွားရင် ကမ္မသတ္တိမြောက်သွားတာဆိုတော့ ကောင်းတဲ့ကံအတွက် ပြဿနာမရှိပေမယ့် မကောင်းတဲ့ကံအတွက်ကျတော့ မပြုခင် သေချာစဉ်းစားဖို့ လိုပါတယ်။ ဘ၀တွေက ကျင်လည်ရဦးမှာပါ။ တစ်ဘ၀တွေက ကျင်လည်ရအုံးမှာပါ။ တစ်ဘ၀ထဲနဲ့ မပြီးသေးပါဘူး ။ တစ်ဘ၀ထဲနဲ့ ပြီးပြတ်အောင်လုပ်နိုင်ရင်တော့ တစ်မျိုးပေါ့လေ။

ဘာပဲလုပ်လုပ် ကံဆိုတာ လုပ်ပြီးရင် ကမ္မသတ္တိကတော့ မြောက်သွားတာပါပဲ။ မလုပ်ခင် သေချာစဉ်းစားဖို့ပဲ လိုတာပါပဲလေ။

ကျမ်းကိုး …..

၁။ ဓမ္မပဒ အဠကထာ(ဒု)တွဲ ဥဂ္ဂသေန၀တ္တု။

၁။ မင်းကွန်းဆရာတော်ဘုရားကြီး၏ ဓမ္မဒေသနာပေါင်းချုပ် အတွဲ (၁)

ရဝေနွယ် (အင်းမ)

0 comments:

 
^ထိပ်ဆုံးသို့