မှတ်မှတ်ရရ ၁၉၉၇ ခုနှစ် ဆောင်းအဖွင့်။ တိတိပပဆိုရလျှင် ဒီဇင်ဘာ ၁၅ ရက် ညချမ်းအချိန်ဖြစ်၏။ ``အိမ်သာတော့ဧည့်ရောက်၊ ကန်သာတော့ ကြာပေါက်`` ဟု မြန်မာစကားပုံရှိသည်။ မှန်ပေ၏။ ၁၉၉၇ ခုနှစ် ဒီဇင်ဘာ ၁၅ရက် ဆောင်းဝင်အစ အေးချမ်းသော ညတစ်ညပင်။
စာရေးသူသည် ကမ္ဘာ့ဗုဒ္ဓသာသနာပြု ကျေးဇူးရှင် သီတဂူဆရာတော်ဘုရားကြီး နီပေါနိုင်ငံ လုမ္ဗိနီသို့ သာသနာရေးကိစ္စနှင့် ဓမ္မခရီးကြွရ၍ ဆရာတော်အမိန့်ဖြင့် ဆရာတော့်ကိုယ်စား မိတ္ထီလာမြို့နယ်၊ မလှိုင်မြို့ ဦးအေးမြင့်၏ ရှင်ပြုအလှူပွဲသို့ ဓမ္မဒါနပြုခွင့်ရခဲ့၏။ မြို့ကျက်သရေဆောင် ဘုရားဝင်းအတွင်း၌ ကြက်ပျံမကျ စည်ကားလှသည့် တရားနာပရိသတ်ကြီးအား ဆရာတော်ကိုယ်စား ဟောကြားရသည့် တရားပွဲမို့ အားရပါးရ သုံးနာရီကြာမျှ ဟောခဲ့ရ၏။
တရားပွဲပြီးသည်နှင့် မလှိုင်မြို့၏ မြို့ဝင်အစ မိတ္ထီလာ-မလှိုင်ကတ္တရာလမ်းမကြီးဘေး၌ တည်ရှိသည့် သာသနာပြု ဒါယကာဦးဇော်ဦး မိသားစု၏ အိမ်သို့ ကြွခဲ့ရသည်။ ဒကာဦးဇော်ဦးက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်သို့ အလှူတော်ငွေ ကျပ်တစ်သောင်း လှူဒါန်းသဖြင့် ထိုအလှူတော်အတွက် ရေစက်ချ အနုမောဒနာတရားဟောရန် ဖြစ်၏။ ကားပေါ်မှ ဆင်း၍ အိမ်အတွင်းသို့ ဝင်လိုက်သည်နှင့် လျှပ်စစ်မီးရောင်စုံတို့ဖြင့် ထွန်းညှိပူဇော်ထားပြီး ဗုဒ္ဓရုပ်ပွားတော်မျိုးစုံ၊ ရဟန္တာဓာတ်တော်များနှင့် ခန်းလုံးပြည့်ပူဇော်ထားသည့် ဘုရားခန်းကို ဖူးတွေ့လိုက်ရတော့သည်။
“မီးဖို ရေအိုး၊ ဧည့်မျိုးအိမ်သာ။ အိပ်ရာ ဘုရား၊ ခန့်ညားခြောက်ဖြာ။
သန့်ပြန့်သိပ်သည်း၊ အုပ်စီးနိုင်ပါ ။ ထိုသူများ၊ ကြီးပွားတော့မည်သာ။”
ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အိမ်(သို့မဟုတ်) ကျောင်းသို့ ရောက်သွားခဲ့၏။ ထိုအိမ်၊ ထိုကျောင်း စည်းကမ်း ရှိ၊မရှိ စနစ်ကောင်းမကောင်း၊ ရတနာသုံးပါး ကြည်ညိုမှု ရှိ၊ မရှိ၊ ကြီးပွားမည့်သူ ဟုတ်၊ မဟုတ် သိလိုလျှင် (၁)မီးဖို၊ (၂)ရေအိုး၊ (၃)ဧည့်ခန်း၊ (၄)အိမ်သာ၊ (၅)အိပ်ရာနေရာ၊ (၆)ဘုရားခန်း ဤအချက်များကို ရှေးဦးစွာ ကြည့်ရမည်ဖြစ်ပါသည်။ စည်းကမ်းရှိ စနစ်ကောင်း၍ ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသော အိမ်များ၌ မီးဖိုချောင်လည်း သပ်ရပ်စွာရှိ၏။ အိပ်ရာနေရာမှာလည်း အလွန်သန့်ပြန့်၏။ မကြာမကြာလည်း စောင်၊ ခေါင်းအုံး၊ ခြင်ထောင်စသည်တို့ကို နေရောင်ခြည်ရှိရာသို့ယူ၍ ထုတ်လှမ်း၏။ အိမ်တွင်းရှိ ပစ္စည်းများကိုလည်း တို့လို့တွဲလောင်း ဟိုစောင်း ဒီရွေ့၊ မကြည်မွေ့စရာ ဖြစ်ပျက်နေခြင်းကို မမြင်ရဘဲ သပ်ရပ်မှုရှိ၏။ ဗုဒ္ဓဘာသာဝင်တို့အိမ်၌ ဘုရားခန်းသည် မရှိမဖြစ် အရေးကြီးသည့်အရာတစ်ခုဖြစ်၏။ ဘုရားသားတော် သံဃာတော်များသည် သင်္ကန်းသပ္ပာယ်စွာရုံ၍ သမဏသာရုပ္ပဖြစ်အောင် နေထိုင်သွားလာ စားသောက်တက်ပါမှ လူအများက ထိုရဟန်း၊ ထိုကိုရင်အား ကြည်ညိုချင်စိတ်ပေါက်၏။ ကြည်ညိုကိုးကွယ်ကြ၏။ ဘုရားခန်းလည်း ထိုနည်းပင်ဖြစ်၏။ ကြည်ညိုဖွယ်ဖြစ်အောင်ထားမှ ကြည်ညိုစရာဖြစ်၏။ ကြည်ညိုတက်မှလည်း အကျိုးများ ရပေလိမ့်မည်။
စာရေးသူ အနုမောဒနာတရားဟောခဲ့သည့် ဒကာဦးဇော်ဦး၏ အိမ်ကလေးသည် အိမ်သာကြောင်း အင်္ဂါခြောက်ချက် နှင့်ပြည့်စုံပြီး စည်းကမ်းရှိ၊ စနစ်ကောင်း၊ ကျက်သရေမင်္ဂလာအပေါင်းနှင် ပြည့်စုံသည့် အိမ်ကလေးပင်ဖြစ်၏။ စည်းကမ်းမရှိ၊ စနစ်မကောင်းသော အိမ်နှင့်ကျောင်းများ ယနေ့ခေတ်တွင် အများအပြားပင် တွေ့မြင်နေရ၏။ စည်းကမ်းမရှိ၊ စနစ်မကောင်းသည့် အိမ်များ၌ မီးဖိုခန်းကိုကြည့်လျှင် အိုးကို အိုးနေရာ၊ ပန်းကန်ကို ပန်းကန်နေရာ၊ ပုလင်းကို ပုလင်းနေရာ၊ ဇွန်းကို ဇွန်းနေရာ စသည်တို့သည် နေရာတကျ ထားသိုမှု မရှိ၍ စိတ်ညစ်စရာချည်းတွေ့ရ၏။ စားဖွယ်သောက်ဖွယ်များကိုလည်း ကျီးထိုး ကြွက်နှိုက်ဖြစ်သလို အလိုက်အထိုက်သာ ထားရှိသည်ကို တွေ့ရ၏။ စည်းစနစ်ကောင်းသည့် အိမ်ဖြစ်ပါက ပန်းကန် စသည်တို့သည် သူ့နေရာနှင့်သူ သပ်သပ်ရပ်ရပ် ရှိကြသည်။ စားသောက်ဖွယ်တို့ကိုလည်း ယင်မနားအောင်တစ်ချက်၊ ကြွက်မစားအောင် တစ်မျိုး၊ မသိုး မပုပ်အောင်တစ်ထွေ အဆင်ပြေအောင် သန့်သန့်ရှင်းရှင်းထားသည်ကို တွေ့ရ၏။
ရေအိုးစင်မှ သောက်ရေသည် စည်းကမ်းမရှိသည့်အိမ်ဖြစ်ပါက အဖုံးမရှိ၊ ခွက်ကလည်း ညစ်တီးညစ်ပတ်၊ တစ်ခါတစ်ခါ ရေမရှိ၊ ရှိသည့်ရေကလည်း ပိုးလောက်လမ်းအပြည့်နှင့် ရွံစရာကောင်းလှသည်။ ဧည့်ခန်းသို့ ကြည့်ပြန်တော့လည်း စာအုပ်များက ဖရိုဖရဲ၊ ခုံကုလားထိုင်၊ စားပွဲများက ကသောက်ကရောက် ရောက်ချင်ရာရောက်ပြီး ဖုန်အပေပေ၊ အမှိုက်တွေ ဗရပွေနှင့် စိတ်မချမ်းမြေ့ဖွယ်ရာမြင်တွေ့ရ၏။ တချို့အိမ်နှင့်ကျောင်းများတွင် ညောင်ရေအိုးနှင့် ဘုရားကျောင်းဆောင်ကလည်း ကြွက်သိုက်ပမာ ဖြစ်နေတက်၏။ တင်ထားသည့် ဆွမ်းတော်ကိုလည်း နေ့လွဲမှ စွန့်တက်၏။ တချို့ကြွက်ပေါသော အိမ်ဖြစ်ပါက ကြွက်များသည် ထိုဆွမ်းတော်တင်များကို ဘုရားစင်ပေါ်မှ စားကာ၊ သောက်ကာနှင့် တကျွီကျွီ ပျော်ပွဲကြီး ဆင်နွှဲနေတက်ကြသေးသည်။
သို့ဖြစ်၍ စည်းစနစ်ကောင်းမွန်၍ ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသည့် အိမ်ကလေးအဖြစ်သို့ ရောက်ရန်မှာ ဆိုခဲ့ပြီးသည့်အချက်များသည် အရေးကြီးလှပေသည်။ “အိမ်သာတော့ ဧည့်ရောက်” ဟူသော မြန်မာစကားပုံသည် မှန်၏။ မသာမယာ ရှုကြည့်စရာကောင်းသောအိမ်၌ အဘယ်ဧည့်သည် ရောက်ပါမည်နည်း။ သန့်ရှင်းသပ်ရပ် ကျက်သရေရှိသောအိမ်၌သာ ဧည့်သည် သည် သွားတက် လာတက် လည်ပတ်တက်၏။
ဧည့်သည်ရောက်သော အိမ်သည် တစ်မျိုးကျက်သရေရှိသည်ဟု ရှေးက ယူဆကြ၏။ စနစ်ရှိခြင်း၊ စည်းကမ်းရှိခြင်း၊ ရတနာသုံးပါးအား စိတ်တူကိုယ်တူ ယုံကြည်ဆည်းကပ်၍ ကျက်သရေမင်္ဂလာရှိအောင် နေခြင်းများသည် ကြီးပွားတိုးတက်လိုသော သူတို့၏ ကျင့်ဝတ်များပင်ဖြစ်၏။ မည်သူမဆို သန့်သန့်ရှင်းရှင်း နေသင့်၏။ သန့်ရှင်းရေးနှင့် တရားရရေး(ဘဝလွတ်မြောက်ရေး)သည် ဆက်သွယ်လျက်ရှိ၏။ ပျင်း၍ ဖြစ်သလို တင်းတိမ်နေခြင်းနှင့် သန္တုဋ္ဌီရောင့်ရဲခြင်းသည် တစ်ခြားစီဖြစ်၏။ တကယ့်အစစ်အမှန် သန္တုဋ္ဌီမှာ မရှိသည်ကို မက်မက်မောမော မတောင့်တခြင်းသာဖြစ်၏။ တချို့လူပျင်းများသည် မိမိကိုယ်မိမိ သန္တုဋ္ဌီအမည်ဘွဲ့ထူးယူထားကြ၏။
အချုပ်ဆိုရသော် ဓမ္မခရီးမှာ တွေ့ခဲ့ရသည့် ဦးဇော်ဦးတို့၏ ကျက်သရေမင်္ဂလာနှင့်ပြည့်စုံသော အိမ်ကလေးလို ဖြစ်စေချင်ပါသည်။ သူတို့မိသားစုကျင့်သုံးကြသည့် သန့်ရှင်းဖွယ်ရာ ခြောက်ဖြာတို့ကို လူသားတိုင်း (ကုသိုလ်တစ်ရပ်ကို ပြုနေပါလားဟု သဘောထားကာ) လိုက်နာကျင့်သုံးသင့်ပါကြောင်း စေတနာကောင်းဖြင့် တင်ပြလိုက်ပါသတည်း။
သီတဂူကြယ်တစ်ပွင့်
၁၅.၁၀.၂၀၁၁ ရက်၊ စနေနေ့ မန္တလေးနေ့စဉ်ပါ… သီတဂူကြယ်တစ်ပွင့် အရှင်ပညာနန္ဒ ရေးသားသော ဆောင်းပါးလေးအား ပြန်လည် ရေးသားဖော်ပြပေးလိုက်ရပါသည်။
ခင်မင်စွာဖြင့်…
ဇော်သိင်္ခ