မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Thursday, June 27, 2013

ဝိစိကိစ္ဆာအကြောင်း

"ဝိစိကိစ္ဆာအကြောင်း"

ဘုရားစသည်တို့၌ ယုံမှားခြင်းသဘောသည် "ဝိစိကိစ္ဆာ" တည်း။ ထို့ကြောင့် "ဘုရား စသည့်၊ ယုံမှား ဘိမူ၊ ဝိစိကိစ္ဆာ" ဟုဆိုခဲ့သည်။ "ယုံမှား" ဟူသည် လုံးလုံး မယုံကြည်ခြင်းမျိုးလည်း မဟုတ်၊ စိတ်ချလက်ချ မယုံကြည်ဘဲ "မယုံတစ်ဝက်၊ ယုံတစ်ဝက်" ဆိုသလို ဖြစ်နေခြင်းမျိုးတည်း။ ဤဝိစိကိစ္ဆာ၏ မယုံမှုများကား................

၁။ အလုံးစုံကို အကုန်သိသော ဘုရားဆိုတာ ဟုတ်ပါ့မလား။

၂။ ထိုတရားအတိုင်း ကျင့်လျှင် နတ်ရွာ နိဗ္ဗာန် ရနိုင်သည်ဆိုတာ ဟုတ်မှဟုတ်ပါ့မလား။

၃။ (ကောင်းမွန်စွာ ကျင့်သော သံဃာကို ကြည့်၍) ကောင်းမွန်စွာကျင့်သော သံဃာ ဟုတ်မှ ဟုတ်ရဲ့လား။

၎။ ငါတို့ ကျင့်ကြံစောင့်ရှောက်အပ်သော သီလ သိက္ခာ ပုဒ်များ အကျိုးရှိမှ ရှိပါ့မလား။

၅။ ငါတို့ ရှေးရှေးဘဝက ဖြစ်ခဲ့မှ ဖြစ်ခဲ့ဖူးရဲ့လား။(ယခုဘဝမှ ထာဝရဘုရား ဖန်ဆင်းလို့ ဖြစ်ရတာလေလား)

၆။ နောက်၌ ရောက်ဖို့ရာ ဘဝရှိသေးတယ်ဆိုတာ ဟုတ်ပါ့မလား။ (ယခုဘဝသေလျှင် ပြီးချင်ပြီးနေမလား။)

၇။ ပြုသမျှ ကောင်းမှု မကောင်းမှုသည် ကုသိုလ်ကံ အကုသိုလ်ကံ အဖြစ်ဖြင့် ခန္ဓာအစဉ်၌ သတ္တိကျန်ရစ်တယ်ဆိုတာ ဟုတ်နိုင်ပါ့မလား။ (ကံကိုမယုံကြည်ပုံ)

၈။ ထိုကံ၏ အကျိုးများ ရလိမ့်မည်ဆိုတာ ဟုတ်ပါ့မလား။ (ကံ၏ အကျိုးကို မယုံကြည်ပုံ)

၉။ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ခြင်း အစရှိသောအကြောင်းအကျိုးစပ်ပုံသည် ဟုတ်မှဟုတ်ပါ့မလား။ (ပဋိစ္စသမုပ္ပါဒ်ကို မယုံကြည်ပုံ)။

ဤသို့ ဘုရားစသည်၌ မယုံကြည်ခြင်းကိုသာ ဝိစိကိစ္ဆာဟု မှတ်ပါ။ ဤဝိစိကိစ္ဆာကို "သံသယဖြစ်ခြင်း" ဟုလည်း ဆိုကြသည်။


အရှင်ဇနကာဘိဝံသ ၏ "ကိုယ်ကျင့် အဘိဓမ္မာ" စာအုပ်မှ ကောက်နှုတ် ဖော်ပြသည်။

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

"ဗုဒ္ဓ၏ ဝိဘဇ္ဇဝါဒတရားတော်"

"ဗုဒ္ဓ၏ ဝိဘဇ္ဇဝါဒတရားတော်"

- အို... အချင်းကာလာမအနွယ်တို့ သင်တို့သည် အယူဝါဒ တစ်ခုကို တစ်ဆင့်ကြားဖြင့်လည်း အမှန်လို့ မယူကြနဲ့၊

- ရှေးအစဉ် အလာ စကားဖြစ်ရုံနဲ့လည်း အမှန်လို့ မယူကြနဲ့၊

- ဤသို့ဖြစ်ဖူးသတဲ့ဆိုသဖြင့်လည်း အမှန်လို့ မယူကြနဲ့၊

-ကျမ်းဂန်နှင့်ညီညွတ်သည်ဆိုရုံဖြင့်လည်း အမှန်လို့မယူကြနဲ့၊

- နည်းမှီ၍ယူခြင်းမျိုးဖြင့်လည်း အမှန်လို့ မယူကြနဲ့၊

- အကြောင်းခြင်းအရာကို ရှာကြံထောက်ပြ ညီညွတ်သည်ဆိုရုံဖြင့်လည်း အမှန်လို့ မယူကြနဲ့၊

- မိမိတို့ ကြံစည်နှစ်သက် လက်ခံထားသောအယူနှင့် ကိုက်ညီသည်ဆိုရုံနှင့် အမှန်လို့ မယူကြနဲ့၊

- လက်ခံထိုက်သော ပုဂ္ဂိုလ်၏ စကားဖြစ်ရုံဖြင့် အမှန်လို့ မယူကြနဲ့၊

- မိမိတို့လေးစားအပ်သော ဆရာ၏စကားဖြစ်ရုံဖြင့် အမှန်လို့ မယူကြနဲ့။

သင်တို့သည် မိမိတို့ကိုယ်တိုင် ဤတရားတို့သည် အကုသိုလ်တရားတို့တည်း၊ ဤတရားတို့သည် အပြစ်ရှိသောတရားတို့တည်း၊ ဤတရားတို့သည် ပညာရှိတို့ ကဲ့ရဲ့အပ်သောတရားတို့တည်း၊ ဤတရားတို့နှင့်ပြည့်စုံလျှင် ဤတရားတို့ကို ဆောက်တည်လျှင် အကျိုးမဲ့ခြင်း၊ ဆင်းရဲခြင်းငှာ ဖြစ်ကုန်၏ဟု သိကြသောအခါ ထိုတရားတို့ကို ပယ်ကြကုန်လော့၊ ဤတရားတို့သည် ကုသိုလ်တရားတို့တည်း၊ ဤတရားတို့သည် အပြစ်မရှိသောတရားတို့တည်း၊ ဤတရားတို့သည် ပညာရှိတို့ချီးမွမ်းအပ်သော တရားတို့တည်း၊ ဤတရားတို့နှင့်ပြည့်စုံလျှင် ဤတရားတို့ကို ဆောက်တည်လျှင် အကျိုးရှိခြင်းငှာ၊ ချမ်းသာခြင်းငှာဖြစ်၏ဟု သိကြသောအခါ ထိုတရားတို့ကို ဆောက်တည် ကျင့်သုံးကြကုန်လော့ ဟူ၍ ဟောကြားတော်မူခဲ့ပါသည်။

မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်၏ "မျက်ရည်မကျခင်သိစေချင်" စာအုပ်မှ ကောက်နှုတ်ဖော်ပြသည်။

ခင်မင်စွာဖြင့်......
ဇော်သိင်္ခ

Tuesday, June 18, 2013

ခွင့်သာခိုက်မှာ မလိုက်ချင်လျှင်

ငါးအာရုံဘင်အစု၊ ခင်မှုနဲ့နေ့ကုန်
နင်ခုမေ့ပုံလို၊ တွေ့မကြုံစခန်း
ပါယ်လေးဝ သောကဘုံမှာ
မျောရရုံရှိတော့ခမန်း
အောက်ဝီစိသောင်းအငူမှာ
ခေါင်းမပြူစတမ်း
နှစ်အရှည်နစ်မည့်လမ်းကိုလ
နင်မျှော်စမ်း နင့်ကိုယ်
ဒေသနာထင် အလင်းရယ်နှင့်
နင်အဖျင်းပိုထက်သာပို
သည်လောဘစရိုက်အိုကို
မလိုက်လိုရှောင်ပစ်လို့
နောင်အသစ်တကယ်ပြင်လျှင်
ကောင်းဖို့အစဉ်
ခွင့်သာခိုက်မှာ မလိုက်ချင်လျှင်
အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား
ခွင့်သာဆဲကမှ မခဲချင်လျှင်
အလွဲနင့်ပြင် ရှိသေးလေလိမ့်လား
ခွင့်သာတုန်းမှာ မရုန်းချင်လျှင်
အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား

(လယ်တီဆရာတော်)

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ
 
^ထိပ်ဆုံးသို့