မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Sunday, May 30, 2010

ထင်းခုတ်သမား နှစ်ဦး


တစ်ခါက ထင်းခုတ်သမား လူငယ်တစ်ဦး တောင်တက်ပြီး ထင်းခုတ်လေသည်။ မကြာမီ ထင်းခုတ်သမား အဘိုးအိုတစ်ဦးလည်း ရောက်လာခဲ့သည်။ ထင်းများကို ခုတ်ကြရင်း ညနေစောင်းချိန်တွင် အဘိုးအို၏ ထင်းမှာ လူငယ်ထက် ပိုများနေခဲ့သည်။ အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး သူ့ထက် ထင်းပိုများနေသည်ကို သတိပြုမိသောလူငယ်က နောက်ရက်တွင် စောစောထပြီး ထင်းခုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။
နောက်တစ်နေ့တွင် လူငယ်မှာ အဘိုးအိုထက် စောပြီး ထင်းခုတ်ရန် ထွက်ခဲ့သည်။ စိတ်ထဲတွင် အဘိုးအိုထက် ထင်းပိုရမည်ဟု တွေးနေမိသည်။ သို့သော် အလုပ် သိမ်းချိန်တွင် အဘိုးအို၏ ထင်းမှာ သူ့ထက် ပိုများနေသည်ကို တွေ့ပြန်သည်။ သို့နှင့် လေး၊ ငါးရက်ဆက်တိုက် တောင်ပေါ်သို့ ရောက်နှင့်နေပြီ မိုးချုပ်နေ၀င်မှ အိမ်ပြန်ခဲ့ သော်လည်း သူ၏ထင်းမှာ အဘိုးအိုထက် နည်းနေခဲ့သည်။
ခြောက်ရက်မြှောက်နေ့တွင် သူသည် မအောင့်နိုင်သည့်အဆုံး အဘိုးအိုအား မေးမြန်းခဲ့သည်။ ” အဘိုး…. ကျွန်တော်က အဘိုးထက် အားသန်တယ်… အဘိုးထက် စောပြီး တောင်ပေါ်ရောက်အောင် လာခဲ့တယ်.. နောက်ကျမှ အိမ်ပြန်တယ်။ ဒါပေမယ့် ကျွန်တော်ခုတ်ရတဲ့ ထင်းက အဘိုးထက် နည်းနေခဲ့တယ်… ဘာကြောင့်လဲ”
“ဒီိလို လူလေး… အဘိုးက ထင်းခုတ်ပြီး အိမ်ပြန်ရောက်တိုင်း အဘိုးရဲ့ ပုဆိန်ကို သွေးတယ်။ လူလေးက မသွေးခဲ့ဘူး။ အဘိုး အသက်ကြီးပြီ နောက်ကျမှ တောင်ပေါ် ရောက်သလို လူလေးထက် စောပြီး အလုပ်သိမ်း ခဲ့တယ်။ ဒါပေမယ့် အဘိုးရဲ့ ပုဆိန်က လူလေးပုဆိန်ထက် ထက်တယ်။ အဘိုး လေး ငါးချက်ခုတ်လို့ ပြတ်တဲ့ သစ်ပင်ကို လူလေးက ဆယ်ချက်လောက်ခုတ်ရတယ်… ဒါကြောင့် လူလေးရဲ့ ထင်းတွေ နည်းနေတာပါ”
အလုပ်ထဲက လူတွေကို ဟောပြောပွဲ သွားနားထောင်ဖို့၊ အချိန်ပို သင်တန်းတွေ တက်ဖို့ ကျွန်တော် အမြဲ တိုက်တွန်းတတ်တယ်။ တစ်ချို့လူတွေက “အလုပ်ပင်ပန်းရတဲ့ ကြားထဲ သင်တန်းတွေ ဟောပြောပွဲတွေ တက်ဖို့ အချိန်မရှိဘူး” လို့ ညည်းကြရင်း ဒီပုံပြင်နဲ့ ခိုင်းနိုင်းပြီး သူတို့ကို ကျွန်တော် ပြောတတ်တယ်။ “ထင်းပဲခုတ်နေပြီး ပုဆိန်သွေးဖို့ မေ့နေကြရင် အလုပ်အပြည့် လုပ်ပြီး ရလဒ်တစ်ဝက်ပဲ ခံစားရမယ် ဆိုတာကို တစ်ချိန်ချိန်ကျရင် သိလာလိမ့်မယ်”

လူ့ဘ၀ လမ်းတစ်လျောက်မှာ ရှင်သန်ကြီးပြင်းဖို့ ကြိုးစားနေသလို တစ်ဖက်ကလည်း ကိုယ့်ကို ဗဟုသုတတွေနဲ့ ပေါများနေသင့်တယ်။ အရင်ခေတ်တုန်းကတော့ ထင်းခုတ်ပြီး အသက်မွေးဝမ်းလို့ ရပေမယ့် ပြောင်းလဲနေတဲ့ ဒီခေတ်မှာ ထင်းပဲခုတ်နေလို့ မလုံလောက်တော့ဘူး။ တစ်ဖက်က ထင်းခုတ်ရင်း တစ်ဖက်ကလဲ ပုဆိန်ကို သွေးနေသင့်တယ်။ နို့မဟုတ်ရင် ခေတ်က ကိုယ့်ကို ပယ်ထုတ် သွားနိုင်တယ် ဆိုတဲ့ အကြောင်း အရာလေး ကို ဟိုး အရင်နှစ်ကတည်း ဖော်ဝါ့မေးမှာ ဖတ်ဖူး တားတဲ့ စာလေး ကို ပြန်လည် ရှာဖွေ ပြီး တော့ တင်ပေးလိုက်ပါတယ်… စာဖတ်သူ အပေါင်းလည်း.. ထင်းပဲ ခုတ်နေပြီး.. ပုဆိန်မသွေးပဲ ခုတ်နေမှာ ဆိုးတဲ့ အတွက်… ထင်းလည်း ခုတ် ပုဆိန်လည်း သွေး… လုပ်ရင်း.. အချိန်တို အတွင်း မှာ ထင်းများများ ရနိုင်ကြပါစေလို့ ဆန္ဒပြုရင်း…….
ဇော်သိင်္ခ

စောင့်မျှော်သူ.....

ရင်မှာဖြစ်အင်း….ငါ့ချစ်ခြင်းကို
ရင်မှာဖြစ်တည်….ငါ့သံယောဇဉ်ကိုဘယ်အရာနှင့်မျှ…

တိုင်းတာမရ

မင်းထင်သလို…ေ၇ွှရည်စိမ်တဲ့

ချစ်ခြင်းမေတ္တာ..ငါမထားခဲ့….. မုသားကင်းတဲ့

အစစ်အမှန်…ငါ့ဖြစ်မှန်ကို

ငါကိုယ်ငါသာသိ….အမှန်ဆုံးမို့...

မင်းမုန်းခဲ့လည်း…ငါကျေနပ်တယ်

မှန်ကန်သစ္စာ…မင်းသိခဲ့လျှင်

တစ်နေ့နေ့ဝယ်…ငါ့ဆီအရောက်..

မင်းပြန်လျှောက်မယ်…လို့..

ငါမျှော်လင့်နေခဲ့တယ်…

ဖြူစင်တဲ့ ချစ်ခြင်း…. မင်းနားလည်ရင်

တချိန်ချိန်မှာ ……. ငါ့ဆီအရောက်

မင်းပြန်ရောက်မယ် ….လို့

ငါယုံကြည်တယ်…………………

Naung

နေတက်ရင်.....

လောကမှာကိုယ့်ကိုကိုယ်တောင်

အစိုးမရနိုင်တာ…


ဘယ်သူ့ကိုများ သွားပြီးစိုးမိုးချင်သေးတာလဲ


အချစ် ဆိုတာငါ့အထင်တော့


ချစ် နေရတာကပဲ  ပိုကောင်းလိမ့်မယ်။


ရယူပိုင်ဆိုင် ချင်နေသေးသရွေ့ ကတော့


သောကနဲ့မျက်ရည်မိုးတွေ  ထဲကနေ


လွတ်မြောက်နိုင်ဦးမှာမဟုတ်ပူး


မမေ့နိုင်သေးကြပေမဲ့


မမျှော်လင့်ကြတာက  အကောင်းဆုံးပါ


တစ်ကယ်တော့  နေတတ်ရင်


တစ်ယောက်ထဲ  အထီးကျန်ညတွေဟာလည်း


ဖီလင်တစ်မျိုးပါပဲ……………..

naung

Sunday, May 16, 2010

တစ်ချိန်ချိန်မှာ …တချိန်ချိန်မှာ

ပန်းတိုင်တစ်ခု ဆီရယ်လို့ဦးတည်ချီတက်ရင်း
အိပ်မက်တွေကိုအကောင်ထည်ဖော်
ပြောတဲ့ စကားပုံ ပျော်ရာမနေ တော်ရာနေ
လောကနီတိ ဘာသာပြန်ငဲ့ကြည့်ရင်း
အအိပ်, အနေ ၊ အစား နည်းများအပြင်
ချိုခြင်းနဲ့ခါးခြင်း၊ချဉ်ခြင်းနဲ့ဖန်ခြင်း
ပူခြင်းနဲအေးခြင်း  တို့ရဲ့ ရလဒ်ကို
မြိုသိပ်လို့ ကြိတ်ငို ခဲ့ရတာတွေဟာ
တစ်ချိန်ချိန်မှာ ငါ့အတွက် ရီစရာတွေဖြစ်နေမလား…??
ရေမလာမီးကပျက် မှောင်မိုက်မိုက်
ခြင်ကိုက်ကိုက်နဲ့
မန်းမြေရဲ့ဆောင်းဒဏ် အံတုလို့ပြိုင်ရင်း
မန်းမြေရဲ့အပူဒဏ် ကျောကော့လို့ခံရင်း
လောကဓံ မှာ ပြောပြန်ရင်လည်း
လူနေမှု့ဒဏ် , စိတ်ဖိစီးမှု့ဒဏ်တွေကို
ထပ်ပြောရင်လည်း ထူပြီးဆန်းတဲ့ အကြောင်းမဟုတ်တော့
(ငါတစ်ယောက်ထဲ မဟုတ်ပါပူးလေလို့တွေး)
လွမ်းမိတဲ့ ငါ့ရဲ့သောကကို  ဘယ်သူကုလို့ဖြေမလဲဟာ…………….
ခွဲခွာတဲ့အနီးဆုံး အချိန်  အမေကမှာလိုက်တယ်
လိမ်မာစွာနဲ့ စာကြိုးစားနော် သမီးတဲ့
ပါးထက်က ကျတဲ့ မျက်ရည်
ငါ့ရဲ့ အောင်မြင်မှု့ရလဒ်ရဲ့အရင်းမြစ်က ဘယ်မှာလဲ……….?
အကယ်လို့များ…….
အောင်မြင်ခြင်းဆိုတဲ့ ဘုံတစ်ခု
ကိုယ့်သမိုင်းကိုယ်ရေး
ကိုယ့်လမ်းကိုယ်ဖောက်
ကိုယ့်လမ်းကိုယ်လျှောက်
ကိုယ့်ထီးကိုယ်ဆောင်းရင်း
မျှော်လင့်ခြင်းအနာဂတ်သစ်ဆီ
လျှောက်ခဲ့ကြရာမှ…
တစ်ချိန်ချိန်မှာ …တချိန်ချိန်မှာ
အသစ်သစ်တွေနဲ့………ငါတို့တွေ…………….
ညီမလေး နောင့်နောင့်  ရဲ့ ကဗျာလေး ပါ။


ဇော်သိင်္ခ

စက်ရုပ် နဲ့ ချက် ရအောင်

May 14th, 2010
ဒီတစ်ခါ တင်ပေးလိုက်တာလေး ကတော့  မြန်မာပြည်က  Chatting သမားတွေ အတွက်.. အွန်လိုင်းမှာ သူငယ်ချင်းတွေ မရောက်လာကြသေးလို့. chat စရာ မရှိဘူးဆိုပြီး ပျင်းနေကြသူတွေ အတွက်  အွန်လိုင်း မှာ အမြဲရှိနေတဲ့ စက်ရုပ် ကိုကို ဒါမှ မဟုတ် စက်ရုပ် မမ နဲ့ Chatting လုပ်ရင်း နဲ့ အင်္ဂလိပ် စကားတိုးတက်ဖို့ အတွက် လေ့ကျင့်ခန်း လေး လုပ်ရအောင်လို့ တင်ပေးလိုက်ပါတယ်။ တော်တော် လေး ကောင်းပါတယ်။ မိန်းကလေး များက တော့ စက်ရုပ်ကိုကိုနဲ့ ချက်မယ်ဆိုရင်လည်း ချက်လို့ ရပြီးတော့ ယောက်ျားလေး များအတွက်လည်း စက်ရုပ်မမ နဲ့ ချက်လို့ ရပါတယ်။ Chat တဲ့ နေရာ မှာတော့ အင်္ဂလိပ်လိုပဲ ပြောလို့ ရမှာပါ။  မြန်မာလို ပြောလို့ မရပါဘူး။ ပြီးတော့ မြန်ဂလိ လိုလည်း မရပါဘူး။ ကိုယ်က သူ့ကို အင်္ဂလိပ်လို ရိုက်ထည့်ပြီး ပြောလိုက်ရင် သူကလည်း အင်္ဂလိပ်လို ပြန်လည် ဖြေကြားပါလိမ့်မယ်။ ပြီးတော့ သူဖြေတဲ့ အဖြေကိုလည်း နှုတ်မှ.. အသံထွက်နဲ့ ရော ပြန်ဖြေပေးပါတယ်။ ဒီနေ့ ပြောထားတဲ့ စကားကို မနက်ဖြန်မှ ပြန်မေးရင်လည်း သူက ပြန်ဖြေနိုင်ပါတယ်။ ပြီးတော့ သူ့ရဲ့ ပုံလေးက မောက်စ် ကလေး ရွှေ့ တဲ့ နေရာ ကိုလည်း လိုက်ပြီး ကြည့်ကြည့်နေတက်ပါတယ်။  စိတ်ဝင်စား စရာ ကောင်းတဲ့ အတွက်….  စမ်းသပ်လို့ ရအောင်. အောက်မှာ လင့်လေး တွေ ပေးလိုက်ပါတယ်။အဲ.. ပြောဖို့ရာ တစ်ခု မေ့သွားတယ်.. အဲဒီ Chatting လင့်လေးတွေက ၀ိုင်မက်စ် အင်တာနက်လိုင်းနဲ့ ဆိုရင် Access Denied ဆိုတဲ့ စာတန်း အနီကြီးပဲ ပေါ်လာတာကို တွေ့ရပါတယ်။ ကျော်ခွပြီး စမ်းကြည့်လိုက်ကြပေါ့ နော်….
စက်ရုပ်ကိုကို နဲ့ ချက်မယ့်သူများအတွက် လင့်….
စက်ရုပ်မမ နဲ့ ချက်မယ့်သူများအတွက် လင့်…
********
ဇော်သိင်္ခ

Thursday, May 13, 2010

ငှက်ဖြစ်ရင်လည်း နှစ်ကောင်တွဲ






ငှက်ဖြစ်ရင်လည်း  နှစ်ကောင်တွဲ

တစ်ကိုင်းထဲ မှာ နားချင်တယ်….


စွယ်တော်ရွက်လို နှစ်ရွက်ဆက်


တစ်ရွက်ထည်း လည်းဖြစ်ချင်ရဲ့….


အီကြာကွေး လို နှစ်ခုတွဲ


ဆီပူထဲတော့မနေရဲ…………..ဟဟ။


ဒီကဗျာလေး ကတော့ ညီမလေး နောင့်နောင့် လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းနဲ့အတူ  အီကြာကွေး စားနေရင်းနဲ့ ဘေးနားက အီကြာကွေး ကြော်နေတဲ့ မြင်ကွင်းကို ကြည့်ပြီး ရေးစပ်လိုက်တဲ့ ကဗျာလေး ပါ။  တိုတိုလေး နဲ့ ထိထိ မိမိ ရှိတာ မို့ စာဖတ်သူများ အတွက် ပြန်လည်ခံစား ရအောင်လို့ တင်ပေးလိုက်တယ်နော်…..

ဇော်သိင်္ခ

စိတ်ချမ်းသာချင်ရင်

ငယ်တုန်းက နာခဲ့ဖူးတဲ့တရားတစ်ပုဒ်ကို သတိရပါတယ် ….  စိတ်ချမ်းသာချင်ရင် စိတ်ဆင်းရဲတာတွေမလုပ်နဲ့ တဲ့ ….။  တော်တော်လေးကို ရိုးတဲ့တရားပါ။  ငယ်တုန်းက အဲဒီလို ရိုးတာတွေကို မကြိုက်ပါဘူး။ လူတိုင်းသိတာပဲလို့တောင်ထင်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ … ရိုးတဲ့ရှင်းတဲ့ သဘာဝကျပြီးမျှတတဲ့ အဆုံးအမတွေကို ပိုပိုပြီးကြိုက်လာပါတယ်။ …
အသက်ကြီးလာတဲ့အခါ မလိုချင်ပဲရလာတာ နှစ်ခုရှိပါတယ်။ပိုပြီးကျယ်ပြန့်လာတဲ့ အသိုင်းအ၀ိုင်းနဲ့ လူတကာရဲ့ သောကတွေဖြစ်နိုင်ပါတယ်။ အသက်ကြီးလာတဲ့ အတွက် ကိုယ့်ဘာသာကိုယ်ဖြေရှင်းဖို့ပိုပြီးလိုအပ်လာပါတယ်။တစ်နေရာမှာ ခိုင်ခိုင်မြဲမြဲရပ်နေတဲ့သူက သူ့ရဲ့ရပ်တည်မှုကို စိတ်ချပါတယ်။ ဘယ်မှာရပ်နေမှန်း မသိတဲ့သူကတော့ ကိုယ့်ကိုယ်ကို စိတ်ချလို့မရပါဘူး။ ဆိုလိုတာက ဘ၀မှာဘယ်လိုနေသွားမယ်ဆိုတဲ့ philosophy of life ပါ။ ဒီအကြောင်းကို အခုတလော ပိုပြီးစဉ်းစားပါတယ်။ လူတစ်ယောက်ဟာ သူဘယ်လိုရပ်တည်မယ်ဆိုတဲ့ ကိုယ်ပိုင် philosophy of life ရှိရင် တွေးရတာနည်းသွားပြီး ဆုံးဖြတ်ရတာ ပိုလွယ်လာ ပါတယ်။ ကိုယ်က ဘယ်အရာကို တန်ဖိုးထားတာလည်း .. ဘာကို တကယ်လိုချင်တာလည်းဆိုတာ သိရင် ကိုယ့်အတွက် တကယ်အရေးမကြီးတာတွေကို အသာလေး ဖယ်ထုတ်နိုင်ပါတယ်။ အလွယ်ဆုံးလေးတွေကိုပဲပြောချင်ပါတယ်။ တကယ်လို့ ကိုယ့်ဘ၀မှာ တစ်သက်လုံးနေသွားမယ့်လမ်းတစ်ခုကို ရွေးချယ်မထားဘူးဆိုရင် ကိုယ်ဘယ်ကို သွားနေ လဲဆိုတာမေ့သွားဖို့ သိပ်လွယ်ပါတယ်။ အခုလုပ်နေတာ ဘာအတွက်လဲ။ အခု စိတ်ဆင်းရဲနေတာဘာအတွက်လဲ။ နောက်နှစ်မှာ စိတ်ဆင်းရဲကြမှာက ဘာအတွက်လဲ။ နောက်ပြီး အနစ်နာခံရတာ ဘာအတွက်လဲ။ မလိုအပ်တဲ့ စွန့်စားမှုတွေလုပ်နေတာဘာအတွက်လဲ။ ကြွားဝါနေတာ ဘာအတွက်လဲ။ … မေးခွန်းတွေ အများကြီး မေးကြည့်ပါ။ ကိုယ့်စိတ်ထဲမှာ အဖြေရတဲ့အထိ မေးပါ။ ငါ ဘယ်လိုလူဖြစ်ချင်တာလဲ ဆိုတဲ့ အဖြေကို ဦးတည်ပြီး စဉ်းစားပါ။ ဘယ်မေးခွန်းလာလာ ငါဘယ်လို လူဖြစ်ချင်တာလဲဆိုတာလေးကို မပျောက်အောင် စဉ်းစားပါ။ တကယ်လို့ ကိုယ်ချင်းစာတရားတစ်ခုကို တစ်သက်လုံးကျင့်သုံးတော့မယ်ဆိုရင်လည်း ဒါကို အမြဲလက်ကိုင်ထားပါ။ ဘာပဲဖြစ်နေဖြစ်နေ ကိုယ်ချင်းစာလိုက်ပါ။ ကိုယ့်အပေါ်ကောင်းသည်ဖြစ်စေ၊မကောင်းသည်ဖြစ်စေ ကိုယ်ချင်းစာလိုက်ပါ။ ကိုယ်ချင်းစာ ရမှာကိုက ကိုယ့်အလုပ်လို့သတ်မှတ်လိုက်ပါ။ တဖြည်းဖြည်း ကျင့်သားရလာတဲ့အခါကြရင် ဒါဟာ သိပ်ကို လွယ်ကူတဲ့ အလေ့အထ တစ်ခုဖြစ်လာပါလိမ့်မယ်။ တွေးသမျှအတွေးတိုင်းဟာလည်း ကိုယ်ချင်းစာတဲ့အတွေးတွေဖြစ်လာပါလိမ့်မယ်။
နောက်တစ်ခုက ကိုယ့်ကိုယ်ကို နားလည်ဖို့ပါ။ တစ်ချို့လူတွေက ကိုယ့်ရဲ့ limit ကို ကိုယ်မသိဘူး။ မသိတဲ့အခါ ကိုယ်ဘယ်လောက်ကောင်းပြီး ကိုယ်ဘယ်လောက် ဆိုးတယ် ဆိုတာကို မေ့နေကြတယ်။ … တစ်ချိန်မှာ ကိုယ့်ရဲ့ limit ကျော်ပြီးကောင်းရ၊ ဆိုးရတဲ့အခါကြတော့ ကိုယ့်ကိုယ်ကို ကျေကျေနပ်နပ် မလေးစားနိုင်တော့ဘူး။ ငါဟာ တုံးလွန်းလို့ဒီလိုဖြစ်တာ။ ငါက ဒီလောက်လေးတောင် သည်းမခံနိုင်တဲ့သူလား။ စသဖြင့် ကိုယ့်ကိုယ်ကို အထင်သေးသွားတတ်ပါတယ်။ တကယ်တော့ ကိုယ့်အတိုင်းအထွာနဲ့ကိုယ့်စိတ်အကြောင်း ကိုယ်သိနေရင် ချင့်ချိန်လို့ရပါတယ်။ အားလုံးအဆင်ပြေအောင် လုပ်တဲ့အခါတောင် ကိုယ်ကအနစ်နာခံလိုက်ပြီးမှ အဆင်ပြေတယ်ဆိုရင် ဒါဟာ အမြဲ  သုံးရမယ့်နည်းမဟုတ်ပါဘူး။ အားလုံးအတွက်ကြည့်သလို ကိုယ့်အတွက်ကိုလည်းကိုယ်ကြည့်ရပါမယ်။ မျှတတယ်ဆိုတာ အနစ်နာခံနေတာကိုပြောတာမဟုတ်ပါဘူး။ အမြဲအနစ်နာခံနေရရင်လည်း ဒါဟာ ကိုယ့်စိတ်ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာကို သတိထားပါ။
အမြဲအကူအညီပေးနေဖို့လိုအပ်တယ်ဆိုတဲ့စိတ်ကူးမျိုးသင့်မှာရှိနေရင် သတိထားပါ။ ကရုဏာတရားနဲ့ ကူညီချင်စိတ်ရှိတာကောင်းပါတယ်။ ဒါပေမယ့် လောကမှာ
လူတစ်ယောက်က လူတစ်ယောက်ကို အမြဲကူညီပေးနိုင်ဖို့မလွယ်ပါဘူး။ ကူညီချင်စိတ်ရှိပေမယ့် မကူညီနိုင်တဲ့ အခြေအနေတွေလည်းရှိပါတယ်။ အတတ်နိုင်ဆုံး ကူညီပါ။ ကူညီလိုက်တာဟာ အချောင်ခိုချင်တဲ့လူတစ်ယောက်ကိုအချောင်ခိုတဲ့ အကျင့်ပါအောင် လုပ်သလိုမျိုးမဖြစ်ဖို့လည်းသတိထားပါ။ မြင်းတွေကို ရေဆိပ် ခေါ်သွားပြီးရင် တော်ပါတော့ … ရေသောက်ဖို့လောက်တော့ သူတို့ဘာသာသောက်ပါစေ။ … မြင်းတွေကို ရေတိုက်ဖို့ပါ ကိုယ့်တာဝန်ဆိုရင်တော့ ကိုယ့်ဒုက္ခကိုယ် ရှာတာပါပဲ။ ဒုက္ခကတော့ တကယ်မျှတတဲ့ တရားသဘောရှိပါတယ်။ ကိုယ့်ဒုက္ခကိုယ်ရှာတဲ့သူတိုင်းဟာကိုယ်ရှာတဲ့ဒုက္ခကိုယ်ရတာပါပဲ။
One down စိတ်အခြေခံ။ လူတစ်ချို့ဟာ တစ်ယောက်ယောက်အတွက် ကိုယ့်မှာတာဝန်ရှိတယ် … လုပ်ကိုလုပ်ပေးရမယ်ဆိုတဲ့စိတ်မျိုးနဲ့ အဲဒီလူအတွက် one down.. တစ်ဆင့်နှိမ့်ထားတဲ့ စိတ်နဲ့ ဆက်ဆံပြုမူကြတယ်။ အမှန်တော့ ဒါဟာ မေတ္တာကရုဏာနဲ့ ကိုယ့်ကိုယ်ကို နှိမ့်ချဆက်ဆံတာလည်းဖြစ်မယ်။ ဒါမှမဟုတ် … အလိုလိုက်တာမျိုးလည်းဖြစ်မယ်။ ဒါပေမယ့် အဲဒီလူက ဒါကို နားမလည်တဲ့အခါ … ပိုပြီး အနိုင်ကျင့်လာလိမ့်မယ်။ ဒါဟာ သူ့ရဲ့ ရပိုင်ခွင့်လို့ထင်လာလိမ့်မယ်။ အဲဒီအချိန်ကြမှ စည်းကမ်းကို ပြင်ရင် မရတော့ဘူး။ နောက်ကျသွားပြီ။ တစ်ချို့ကိစ္စတွေက ကိုယ်ဘာကြောင့်ဒီလိုလုပ်ပေးရတယ်ဆိုတာကို နားလည်အောင် ပြောပြဖို့လိုတယ်။ ကိုယ်မလုပ်ပေးနိုင်တာကို ဘာအကြောင်းနဲ့မှ မရမက လုပ်ပေးပါမယ်လို့ကတိပေးစရာမလိုဘူး။ အဲဒီလို ကတိပေးရင်လည်း ကိုယ့်ကိုယ်ကိုရက်စက်တဲ့သူမျိုးပဲဖြစ်လာလိမ့်မယ်။ အဲဒီလိုလူဟာ စိတ်ရော၊ လူပါ မကျန်းမာဘူး။
လူတွေဟာ စိတ်ညစ်တဲ့အခါကြရင် စိတ်ညစ်တာကို သတိထားမိတယ်။ ဒါပေမယ့် စိတ်မညစ်ခင်က စိတ်ညစ်ရင် ဘာလုပ်မယ်ဆိုတာမျိုးမစဉ်းစားထားကြဘူး။ ဘ၀ဆိုတာ ကိုယ်နေဖို့သီးသန့်ဆောက်ထားတဲ့နေရာမဟုတ်ဘူး။ အဆင်မပြေတာတွေက တစ်နေ့မကြုံ၊ တစ်နေ့ကြုံမှာပဲ ….။ အားလုံးအဆင်ပြေမှ  စိတ်ချမ်းသာတော့မယ်ဆိုရင်တော့ စိတ်ချမ်းသာဖို့လည်းမရှိတော့ဘူး။ ကိုယ်က စိတ်ချမ်းသာချင်တယ်ဆိုရင် … စိတ်ချမ်းသာမယ့်အလုပ်တွေပဲရွှေးလုပ်ပါ။ စိတ်ကြည်လင်စေမယ့် … သောကငြိမ်းစေမယ့်အလုပ်တွေပဲရွေး လုပ်ပါ။ မလုပ်မဖြစ်လုပ်ရတာတွေကိုလည်း ကုသိုလ်ဖြစ်အောင်လုပ်ပါ။ ကုသိုလ်ရဲ့သဘောက စိတ်ကိုကြည်လင်စေတယ်။ ပြန်တွေးမိတဲ့အခါလည်း ကြည်နူးတယ်။ နောင်တမရဘူး …။ စိတ်ချမ်းသာတယ်။ အပေါ်ယံဟန်ဆောင်ရတာတွေ သိပ်မလုပ်နဲ့ …။ တကယ်လို့လုပ်ရတယ်ဆိုရင်လည်း အဲဒါက စိတ်ကျန်းမာရေးကို ထိခိုက်တယ်။ မတတ်သာလို့ပြုံးပြရမယ်ဆိုရင်လည်း ဒီလူကောင်းတာကိုတွေးလိုက်ပါ… တတ်နိုင်သမျှရှာတွေးပါ …။ နောက်ဆုံးတွေးလို့မရရင်တောင် သံသရာမှာတော်ခဲ့တဲ့ဆွေမျိုးတွေလို့ နှလုံးသွင်းပြီးပြုံးပြပါ။ ဟန်ဆောင်ပြုံးထက်တော့  စိတ်သက်သာပါလိမ့်မယ်။ စိတ်ထဲမှာ လှိုက်လှိုက်လှဲလှဲပြုံးဖို့ ကြိုးစားလိုက်တိုင်း အရင်ဆုံးပျော်ရတာ ကိုယ့်စိတ်ပါပဲ။ တစ်ချို့ကလေးတွေ အမြဲတမ်းပြုံးချိုပြီး အလုပ်လုပ်နေတာတွေ့ပါတယ်။ ကိုယ့်ထက် အသက်အတော်လေးငယ်ပါတယ်။ ဒါပေမယ့် သူတို့ အလုပ်ကို သူတို့ပြုံးပြုံးရွှင်ရွှင် လုပ်နိုင်နေပြီ။ သူတို့ကိုလည်းလေးစားပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ကိုယ့်တာဝန်ကိုယ်ယူနေတာဟာ နည်းတဲ့အရည်အချင်းမဟုတ်ဘူး။ သူတို့တွေဟာစိတ်အခြေခံကောင်းကြလို့ ကြီးလာလေ ပိုပြီးရင့်ကျင့်ပြည့်ဝလေဖြစ်လာကြမယ်။
အတွေးတွေကို သိပ်ခွင့်မပြုနဲ့။ လူတွေဟာ အားနေရင် တစ်ခုခုတွေးနေတော့တာပါပဲ။ မတွေးရရင်မနေနိုင်ပါဘူး။ မနေနိုင်လို့တွေးတဲ့အခါလည်း ကောင်းတာလေး တွေရွေးတွေးဖို့စိတ်ကူးမရှိပါဘူး။ ဘယ် ကံမဆို အကျိုးပေးပါတယ်။ မကောင်းတာတွေကို များများတွေးနေတဲ့သူဟာ မကောင်းတာတွေ များများကြုံပါမယ်။ ဒါက ကိုယ်တွေးသလောက် အကျိုးပေးနေတာပါပဲ။ ကောင်းတာတွေအများကြီးလုပ်သွားတဲ့လူတွေကလည်း သူတို့တကယ်မလုပ်ခင်မှာကတည်းက အဲဒီလို လုပ်ဖို့မကြာမကြားတွေးထားပြီးသားဖြစ်နေတတ်ပါတယ်။ ကိုယ့်စိတ်ထဲမှာ အကောင်အထည်ဖော်ပြီးသားတွေကို အပြင်မှာ ပြန်တွေ့ရသလို ဖြစ်နေတတ်ပါတယ်။ အတွေးတွေကလည်း တစ်နေ့တစ်နေ့ကြုံသမျှ အာရုံတွေကနေ ပဲ့တင်ပြန်တာမျိုးပါပဲ။ တစ်နေကုန် အာရုံတွေကို သတိမထားဘဲ ညကြမှ အာရုံတွေက ဟိုက ပြန်ပေါ်လာ ဒီကပြန်ပေါ်လာဖြစ်တဲ့အခါ အိပ်မပျော်တော့ပါဘူး။ အရှုပ်တွေကို မရှင်းတဲ့သူဟာ အိပ်ဖို့ခက်ပါတယ်။ အိပ်ဖို့ခက်တာကိုလည်း အကျိုးရှိရှိအသုံးချရင် အကျိုးရှိနိုင်ပါသေးတယ်။ အတွေးတွေဟာ စိတ်ကိုပင်ပန်းစေတယ်ဆိုတာကို သိရင် အားနေရင် အတွေးနည်းဖို့ ကုသိုလ်အာရုံတွေနဲ့ များများနေဖို့ စိတ်ကို လေ့ကျင့်ပေးဖို့ အလိုလို သတိထားလာမိမှာပါ။ ကောင်းတာတွေများများကြုံချင်ရင် အမြဲတမ်းကောင်းတာတွေမကြာမကြာတွေးပါ။ ကောင်းတာတွေ မကြာမကြာပြောပါ။ ကောင်းတာတွေ မကြာမကြာလုပ်ပါ။ အဆိုးမြင်တဲ့သူတွေနဲ့ဝေးဝေးနေပါ။
နောက်ဆုံးတော့ တစ်ယောက်တည်းသွားရမှာ။ ဆိုပါတော့ မိသားစုအတွက် အကုသိုလ်အလုပ်လုပ်ရတဲ့သူတွေရှိတယ်ဆိုရင် တကယ်ခံရတဲ့အခါ  မိသားစုက မခံရပါဘူး။ ကိုယ်ပဲခံရတာပါ။ အကုသိုလ်ကြောင့် ငရဲရောက်တာမရောက်တာကို မပြောပါဘူး။ အကုသိုလ်ကြောင့် စိတ်မကြည်မလင်ဖြစ်တာကိုပဲပြောပါတယ်။ အကုသိုလ်ကို စိတ်ချမ်းချမ်းသာသာ လုပ်နေတဲ့သူဆိုတာ ဘယ်မှာမှမရှိပါဘူး။ စိတ်ရဲ့သဘာဝကိုက အင်မတန်ဖြူစင်ပါတယ်။ စိတ်က အကုသိုလ် ပူတာကို ပူမှန်းသိပါတယ်။ မောဟများနေလို့မသိသာတာပဲရှိပါတယ်။ ပြန်တွေးကြည့်တိုင်း အကုသိုလ်အတွက် အားရလိုက်တာဆိုတာမျိုး ဘယ်သူ့မှာမှ မဖြစ်ပါဘူး။ စိတ်ရဲ့ မျှခြေအခြေအနေမှာမဖြစ်ပါဘူး။ လောဘ ဒေါသ မောဟ မာန ဣဿာ မစ္ဆရိယတွေ အရိပ်မိုးထားတဲ့ စိတ်တွေမှာပဲ အကုသိုလ်ကို ပူလို့ပူမှန်းမသိ ဖြစ်နေ တတ်ပါတယ်။ နောက်ဆုံး ကိုယ်လုပ်တဲ့မကောင်းမှုက ကိုယ့်စိတ်မှာ လှည်ဘီးက နွားနောက်ကို လိုက်နေသလို ထပ်ချပ်မကွာပါနေတာကို ဘယ်သူမှမကြိုက်ပါဘူး။ နောက်ဆုံးသွားရမယ့်ခရီးမှာ စိတ်ဖြောင့်ဖြောင့်သွားချင်ရင် နေနေတုန်းမှာလည်းစိတ်ဖြောင့်ဖြောင့်နေရမယ့်အလုပ်တွေပဲလုပ်ပါ။
ကောင်းတာမှန်သမျှတန်ဖိုးထားပါ။ တစ်ယောက်ယောက်မှာရှိတဲ့ကောင်းတဲ့အရည်းအချင်းကိုလေးစားပါ။ မလေးစားရင် အဲဒီအရည်အချင်း ကိုယ့်ဆီမှာမရှိ နိုင်တော့ပါဘူး။ ကောင်းတာကို မကောင်းတာနဲ့ မချေဖျက်လိုက်ပါနဲ့။ သူကောင်းတာ ကောင်းတာသက်သက်။ မကောင်းတာလည်း မကောင်းတာသက်သက်ပါပဲ။ အဲဒါကိုနားလည်ပါ။ ခြုံပြီးတော့ ကောက်ချက်မချလိုက်ပါနဲ့။ ကောင်းတာကို အသိအမှတ်ပြုပါ။
ကျေးဇူးတင်ပါ။
ကျေးဇူးတင်တဲ့စိတ်ဟာ မြင့်မြတ်တဲ့ စိတ်ပဲ။ တစ်ချို့တိုင်းရင်းသားတွေရဲ့ ဘာသာစကားမှာ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလုံးမရှိဘူး။ ဒါပေမယ့်သူတို့ရဲ့ စိတ်ထဲမှာတော့ ကျေးဇူးသိတတ်မှုရှိတယ်။ ဘာသာဗေဒအရ မရှိပေမယ့် စိတ်ရဲ့ ယဉ်ကျေးမှုအရ ကျေးဇူးသိတတ်မှုရှိတယ်။ လူစစ်စစ်တစ်ယောက်ဟာ ကျေးဇူး တရားကို ဘယ်တော့မှ မဖုံးကွယ်ထားဘူး။ မရိုးသားတဲ့လူတွေဟာ ကျေးဇူးတရားကို အရေးမကြီးသလိုလုပ်ပစ်ကြတယ်။ ဟန်ဆောင်ပြီး ကျေးဇူးမရှိသလိုလုပ်ပစ် ကြတယ်။ ဒါတွေဟာ ကိုယ့်ရဲ့စိတ်ကို ကိုယ့်ဘာသာကိုယ် အဆိပ်ပြန်ခတ်နေတာမျိုးပဲ။ ဘယ်သူမှဒုက္ခမရောက်ဘူး။ ကိုယ့်ဘာသာကိုယ်ပဲ ကျေးဇူးကန်းလို့ ဒုက္ခရောက်ကြရတယ်။
မဟာမြိုင် ဆရာတော် ဟောတာတစ်ခုမှတ်မိတယ်။ တကယ်တမ်းကိုယ်တကယ်ပြင်လို့ရတာ ကိုယ့်ကိုယ်ကိုယ်ပဲ တဲ့။ တခြားသူတွေကို ပြင်ဖို့ကြိုးစားနေတာတွေ ခဏလေးရပ်လိုက်ပါ။ ကိုယ့်သဘောထားမှန်လား ခဏခဏပြန်ကြည့်ပါ။ သဘောထားမမှန်ဘဲ ဘာမှ မလုပ်ပါနဲ့။ ကိုယ်လုပ်တဲ့အလုပ်အတွက် နောင်တရမယ့် ကိစ္စမျိုး ဘယ်တော့မှမလုပ်ပါနဲ့။ သေချာချင့်ချိန်ပြီးမှ ပြောသင့်တာကိုပြောပါ။ လုပ်သင့်တာကိုလုပ်ပါ။
ကိုယ်သိထားတဲ့ ကောင်းတဲ့ အသိတရားတွေကို မမေ့ပျောက်အောင်သတိထားပါ။ ကောင်းတဲ့အလေ့အကျင့်တွေကို မပျက်ကွက်အောင်သတိထားပါ။ ကောင်းတာတွေကို များများလုပ်နေတဲ့သူတွေကိုလေ့လာပါ။ ကိုယ်ကောင်းချင်သလောက် ကောင်းခွင့်ရှိတဲ့လောကကြီးမှာ ဒီလောက်ကံကောင်းလို့ စိတ်ကောင်းထားခွင့်ရတာကို တွေးကြည့်ပါ။ လူတိုင်းဟာ ကောင်းတဲ့ အဆုံးအမကို မရခဲ့ပါဘူး။ ကောင်းတာတွေကို နားမလည်ခဲ့ကြတဲ့လူတွေအများကြီးရှိပါတယ်။
ကိုယ့်ကံအလျောက် သိသင့်သိထိုက်တဲ့ အဆုံးအမတွေ၊ ဓမ္မတွေကို ခံယူခွင့်ရတာကိုက ကံကောင်းတဲ့သူတွေမို့လို့ပါ။
ဘ၀ဟာ ကြာလေ အေးချမ်းလေ၊ အရှုပ်အထွေးကင်းလေ၊ ငြိမ်းချမ်းလေ ဖြစ်နေသင့်တယ်။ မဟုတ်ရင် အသက်ကြီးလာတာ ဘာအတွက်လဲ။ အသက်ကြီးလာတာနဲ့ အမျှပိုပြီး ရင့်ကျက်တည်ငြိမ်လာရမယ်။ ကိုယ်တစ်သက်လုံးလက်ကိုင်ပြုမယ့် တရားဓမ္မ အဆုံးအမတစ်ခုခုကို ရွေးချယ်ရမယ်။ ဖြစ်လာသမျှ လောကဓံ၊ ကြုံရသမျှ သောကတွေကို နားလည်ပြီး ဖြတ်သန်းသွားနိုင်ရမယ်။ လူတွေဟာ ကိုယ့်စိတ်ကို ကိုယ်ကန့်သတ်ကြတယ်။ ငါလုပ်နိုင်မှာမဟုတ်ဘူးဆိုပြီး မလုပ်ကြည့်ဘဲ  အနားယူလိုက်ကြတယ်။ အကောင်းဆုံးစိတ်ထားနဲ့ အကောင်းဆုံးတွေကို လုပ်ဖို့ လူဖြစ်လာတာလို့စိတ်ကူးကြည့်လိုက်ပါ။ သင့်စိတ်ဟာ သင်ထင်တာထက် ဖြူစင်မြင့်မြတ်ပါတယ်။
အမြဲတမ်းစိတ်ချမ်းသာတဲ့သူတစ်ယောက်ဖြစ်အောင် …. စိတ်ဆင်းရဲနိုင်တာတွေ ဘာမှမလုပ်ပါနဲ့။ အခုစိတ်ဆင်းရဲတဲ့အတွေးတွေးနေရင် အခုရပ်လိုက်ပါ။ နေနေရတဲ့ အခိုက်အတန့်လေးဟာ နည်းလွန်းလို့ အပိုအလုပ်တွေမလုပ်နေနိုင်ဘူး။ အကောင်းဆုံးတွေ လုပ်စရာများလွန်းလို့ စိတ်ကို အချိန်ပိုမပေးပါနဲ့။ ကောင်းတာတွေပဲ ဆက်တိုက်လုပ်နေလိုက်ပါ ….။ ရေရှည်မှာ ကိုယ်ရသင့်တာပဲကိုယ်ရပါလိမ့်မယ်။ ။
ခင်မင်စွာဖြင့်
[?][?][?]
``စိတ်ချမ်းသာချင်ရင် စိတ်ဆင်းရဲအောင် မလုပ်ရဘူး။ စိတ်ဆင်းရဲအောင် ဖြစ်စေနိုင်မယ့် အကြောင်းအရာတွေကို ဝေးဝေးကနေ ရှောင်ရမယ်။“ ဆိုတဲ့ အသိကိုတော့ လူတိုင်း မှာ ရှိကြပါတယ်။ ဒါပေမယ့် အဲဒီ အသိလေး တွေက လူတိုင်း မှာပဲ.. အချိန်မရွေး မေ့ နေတက်ကြတာ ကတော့ သဘာဝလို့ ပဲ ပြောရပါလိမ့်မယ်။ ဒါကြောင့် အဲဒီလို မေ့ နေတဲ့ သတိတရားလေးတွေ ကို ဘာတွေက ပြန်လည် ဖော်ထုတ်ပေးလည်း ဆိုတော့ အခုလို စာပေတွေ နဲ့ ရေးသား ဖော်ပြ ထားခြင်းတွေကို ဖတ်မိတဲ့ အခါမှာ ပြန်လည် အမှတ်ရစေပါတယ်။  ဘ၀မှာ စိတ်ဆင်းရဲ ခြင်းတွေ နဲ့ ကြုံတွေ့ နေရတဲ့ အချိန်မှာ အခုလို စာပေလေးတွေ ကို ပြန်လည် ဖတ်မိပြီး တော့ စိတ်ဆင်းရဲ့ ခြင်းများ ကို ဘယ်လို ဖြေဖျောက်နိုင်မလဲ ဆိုတဲ့ နည်းလမ်းကောင်းလေး တွေကို.. သိလိုက်ရတဲ့ အခါမှာ အဲဒီလူ အတွက် များ စွာ အကျိုးပြုတဲ့ စာပေလေး များ ဖြစ်နိုင်ဖို့ရန်အတွက် ရည်ရွယ်၍ စာဖတ်သူများသို့…  The Gardener ဆိုတဲ့ ၀က်ဆိုဒ်က နေမှ တဆင့် စာဖတ်သူ အပေါင်း ကို ဘ၀မှာ  စိတ်ချမ်းသာစွာနဲ့နေထိုင်သွားနိုင်စေ လိုသော ရည်ရွယ်ချက် ဖြင့် ပြန်လည်  မျှဝေ ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါကြောင်း…. 
 
 
ဇော်သိင်္ခ
 
^ထိပ်ဆုံးသို့