မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။
Showing posts with label ပုံပြင်လေးများ. Show all posts
Showing posts with label ပုံပြင်လေးများ. Show all posts

Friday, November 25, 2011

ခေတ်သစ်ပုံပြင် (၁)

7034164.jpeg

ကြက်တူရွေး ဆရာကြီး


တစ်ခါတုန်းက မြို့လေးတစ်မြို့ရဲ့ ဈေးရှေ့ကို ကြက်တူရေးရောင်းတဲ့လူတစ်ယောက် ရောက်လာသတဲ့။

သူ့မှာ ကြက်တူရွေး ၃ ကောင်ပါလာတယ်။

ဘယ်ဘက်ပခုံးပေါ်မှာ တစ်ကောင်၊ ညာဘက်ပခုံးပေါ်မှာ တစ်ကောင်နဲ့ ခေါင်းပေါ်မှာတစ်ကောင်။

ကြက်တူရွေးရောင်းရန်ရှိတယ်လို့ အော်နေတဲ့အတွက် လူတစ်ယောက်က ဈေးလာမေးတယ်။

ညာဘက်ကြက်တူရွေးက ၅၀၀၀ ကျပ်၊ လို့ ပြောရုံရှိသေး။

အဲဒီလူက ဘာမှ မမေးတော့ဘဲ လှည့်ပြန်သွားသတဲ့။

ကြက်တူရွေးတစ်ကောင် ၅၀၀၀ ကျပ်ဆိုတာ များလွန်းလို့ ယူဆသွားပုံရတယ်။

လူစကားပြောတဲ့ကြက်တူရွေးတွေ ရောင်းဖို့ရှိတယ်လို့ အကျယ်ကြီးအော်ပြောတော့မှ လူတွေက စိတ်ဝင်စားပြီး အနားကပ်လာကြတယ်။

မိန်းမ ယောက်ျား ၁၀ ယောက်လောက်တော့ရှိမယ် ထင်တယ်။

အဲ့ဒီထဲက အသားဖြူဖြူအရပ်ရှည်ရှည် ထိပ်ပြောင်ပြောင်နဲ့ လူတစ်ယောက်က မေးတယ်။

“ညာဘက်ကြက်တူရွေးက ဘယ်လောက်လဲ”

ရောင်းသူက “ ၅၀၀၀ ကျပ်”

“ ဟာ… များတာပေါ့။ သူက ဘာအရည်အချင်းတွေ ရှိလို့လဲ။” “ သူက တရုတ်ကားတွေ၊ ကိုရီးယားကားတွေ ကြည့်ပြီး မြန်မာလိုဘာသာပြန်တက်တယ်။”

“နိပ်ဟ… ဝယ်သွားပြီး ကိုရီးယားကားတွေ ငှားကြည့်မယ်။ ကြက်တူရွေးကို ဘာသာပြန်ခိုင်းမယ်၊ ငါးထောင်… အေးအေးဆေးဆေး တန်တယ်” လို့ ဝဝတုတ်တုတ် အသားညိုညို ရွှေသွားတဝင်းဝင်း နားကပ်တလက်လက်၊ လက်ကောက်တရွှင်ရွှင်နဲ့ မိန်းမကြီးက ဘေးကလူတွေကြားအောင် ပြောနေတုန်း။

ပိန်ပိန်သေးသေး ပုပုညှက်ညှက် အသားမည်းမည်း ကောင်မလေးတစ်ယောက်က “ဘယ်ဘက်ပခုံးက ကြက်တူရွေး ဈေးဘယ်လောက်လဲ” လို့ လှမ်းမေးလိုက်တယ်။

ပုံစံကြည့်ရတာ ဝယ်နိုင်ပုံလည်း မပေါက်ဘဲနဲ့ ဈေးမေးနေသေးတယ်လို့ ဘေးက အတင်းပြောနေကြသေးတယ်။

ကြက်တူရွေးရောင်းတဲ့သူက စိတ်ရှည်သလားမမေးနဲ့ ရယ်ရယ်မောမောနဲ့ ပြန်ပြောလိုက်တယ်။

“ဘယ်ဘက်ကြက်တူရွေးက တစ်သောင်းကျပ် ကြိုက်ရင် ဝယ်သွား။ တစ်ပြားမှ မလျှော့ဘူး” လို့ ခပ်တင်းတင်းပြောလိုက်သတဲ့။

“ ဟင်း……… သူ့ကြက်တူရွေးက ဘာတွေတက်လို့ ဈေးမြောက်နေရတာလဲ” လို့ သူကြားအောင် အကျယ်ကြီးပြောလိုက်သတဲ့။

“တက်မှတက်၊။ တရုတ်ကား။ ကိုရီးယားကားတွေကြည့်ပြီး ဘာသာပြန်တက်တဲ့အပြင် အင်တာနက်ကြည့်ပြီး အီးမေးလ်တောင် ပို့တက်တယ်။”

“နိပ်ပါ့… နိုင်ငံခြားက သားသမီးတွေဆီကို အီးမေးလ်ပို့ခိုင်းရမယ်။ ကိုယ်က ပါးစပ်နဲ့ပြောသမျှ သူက ကွန်ပျူတာနဲ့ရိုက်ပြီး အီးမေးလ်ပို့ပေးနိုင်တယ်ဆိုရင် တန်တယ်။ တစ်သောင်းကျပ် ပေးမယ်။”

လူခပ်ထွားထွား ကတုံးနဲ့ထီးကောက်ကြီးချိတ်ထားတဲ့ လူတစ်ယောက်က ဝင်ပြောလိုက်တယ်။

အရောင်းအဝယ်ကတော့ အဆင်ပြေမယ့်ပုံပဲ။

အဲဒီအချိန်မှာ ပိန်ပိန်ရှည်ရှည် ဝေလေလေပုံစံပေါက်တဲ့ လူတစ်ယောက်က “ ခေါင်းပေါ်က ကြက်တူရွေးက ဘယ်လောက်လဲဗျ” လိုက အကျယ်ကြီး အော်မေးလိုက်တယ်။

“အဲဒီကြက်တူရွေးကတော့ တစ်သောင်းခွဲကျပ် ရမှ ရောင်းနိုင်မယ်။ ကြိုက်ရင်ဝယ်။ တစ်ပြားမှ မလျှော့နိုင်ဘူး။”

“ဒီလောက်ဈေးကောင်းနေပြီဆိုတော့ ပညာတွေ အရမ်းတက်လို့နေမှာပေါ့နော်။” လူတစ်ယောက်က ဝင်ထောက်လိုက်တယ်။ ကြက်တူရွေးရောင်းသူက အားကျမခံ ပြန်ဖြေတယ်။

“အဲဒီကြက်တူရွေးက ဘာပညာတွေတက်ထားမှန်း ကျုပ်တော့ မသိဘူး။ ဒါပေမဲ့ ဘယ်ဘက်ပခုံးပေါ်က ကြက်တူရွေးနဲ့ ညာဘက်ပခုံးပေါ်က ကြက်တူရွေး နှစ်ကောင်စလုံးက အဲဒီကောင်ကို ဆရာကြီးလို့ ခေါ်တဲ့အတွက်… တစ်သောင်းခွဲကျပ် ရမှ ရောင်းနိုင်မယ်” တဲ့။

ကဲ…… ကြည့်။ ကြက်တူရွေး ရောင်းတဲ့သူက ဘုမသိ ဘမသိ ပညာတက်ကြက်တူရွေးနှစ်ကောင်က ဆရာကြီး ခေါ်တာနဲ့ပဲ ဈေးကို စွတ်တင်ထားလိုက်တော့တာပဲ။

ဆရာကြီး အခေါ်ခံရပြီဆိုတာနဲ့ ဈေးကြီးသွားပြီးလား။

အမှန်တကယ်တက်ကျွမ်းပြီး နှစ်ကောင်စလုံးက တကယ်ပဲ လေးလေးစားစားနဲ့ ဆရာကြီးလို့ ခေါ်ရတဲ့ ကြက်တူရွေးလား။

ဟိတ်ဟန်နဲ့ အကြံအဖန်လုပ်ပြီး ဆရာကြီးအဖြီးအဖြန်းလား။

ဈေးကွဲတဲ့အချိန်အထိတော့ အဲဒီကြက်တူရွေးဝယ်သူမရှိသေးကြောင်းပါခင်ဗျား…..။

အုန်းပင်ပေါ်က မျောက်အသည်းနှလုံး

တစ်ခါတုန်းက မြစ်ကမ်းစပ်တစ်ခုမှာ မိကျောင်းလင်မယား ရှိသတဲ့။

အဲဒီ မြစ်ကမ်းစပ်က အုန်းပင်ပေါ်မှာ မျောက်တစ်ကောင်လည်း နေသတဲ့။

တစ်နေ့ကျတော့ မိကျောင်းမက ကိုယ်ဝန်ဆောင်ပြီး မျောက်နှလုံးသား စားချင်ကြောင်း ချင်ကြင်းတပ်သတဲ့။

မိကျောင်းဖိုကတော့ မဖြစ်နိုင်ဘူးလို့ ငြင်းတယ်။

တို့က ရေထဲမှာ၊ မျောက်က အုန်းပင်ပေါ်မှာ ငါလည်း အုန်းပင် မတက်တက်တော့ မျောက်ကိုဖမ်းပြီး အသည်းနှလုံးထုတ်ဖို့ ဆိုတာ ဘယ်လွယ်မလဲလို့ ပြန်ပြောသတဲ့။

ဒါပေမဲ့ မိကျောင်းမက လက်မခံဘူး။ အလျှော့မပေးဘူး။

“ရှင် ဒီလောက်လေးတောင် အစွမ်းအစမရှိဘူးလား။ တစ်ခါတလေ ပူဆာတာကိုတောင် ရအောင် မလုပ်နိုင်ဘူးလား” ဆိုပြီး ပူညံပူညံလုပ်တော့တယ်။

သိတယ်မဟုတ်လား မိန်းမတွေအလိုကြီးလာရင် ယောကျာ်းတွေက အဆင်ခြင်မဲ့စွာနဲ့ ခိုင်းတာလုပ်ပေး ရတော့တာပဲလေ..။

အခုလည်းကြည့်။ မျောက်နှလုံးသားမှ စားချင်သတဲ့။ မဖြစ်နိုင်ဘူးပြောတော့၊ ဖြစ်ပါတယ်။ သူခိုင်းသလိုသာလုပ်ပါတဲ့။

မိကျောင်းဖိုလည်း သူခိုင်းတဲ့အတိုင်းလုပ်တယ်။

ပထမ၊ မျောက်အုန်းသီးတက်နေကျ အုန်းပင်အောက်မှာ နေပူဆာလှုံရင်း သစ်တုံးလို မလှုပ်မယှက် အကြာကြီး အိပ်နေတယ်။

မျောက်ကိုတွေ့ရင် နေကောင်းလား။ အစားအသောက်အဆင်ပြေလားလို့ နှုတ်ဆက်မေးမြန်းလေ့ ရှိတယ်။

တဖြည်းဖြည်း မိကျောင်းက မျောက်နဲ့ ရင်းနှီးလာတော့ ဟိုဘက်ကမ်းမှာ ငှက်ပျောသီးတွေ အရမ်းပေါတယ်။ အုန်းသီးတွေပဲ စားရတာ ငြီးငွေ့ဖို့မကောင်းဘူးလား။ ဟိုဘက်ကမ်းက ငှက်ပျောသီး သွားစားရအောင်။ ကျုပ်လိုက်ပို့ပေးမယ်လေ။

ပထမတော့ မျောက်က မယုံဘူး။ သူ့အကျိုးစီးပွားမပါဘဲနဲ့တော့ ဒီလောက်ကြီး အပင်ပန်းခံပြောမှာမဟုတ်ဘူး။ အကြံအစည် တစ်ခုခုတော့ ရှိပုံရတယ်ဆိုပြီး မိကျောင်းနားကို မကပ်ဘူး။

မိန်းမအလိုဖြည့်ချင်တဲ့ မိကျောင်း လွယ်လွယ်နဲ့ ဘယ်လက်လျှော့မလဲ။ နေ့တိုင်းလိုလို မြှူဆွယ်ပြောဆိုနေတော့တာပေါ့။

ဇွဲကောင်းကောင်းနဲ့ လှုပ်ရင် ကြာတော့ သစ်တုံးတောင် နဲ့လာနိုင်တယ် မဟုတ်လား။ လွတ်လွတ်မရှောင်နိုင်လို့ကတော့ ငြိမှာပဲ။

မျောက်က လွတ်လွတ်မှ မရှောင်တာ။

နောက်ဆုံးတော့ မိကျောင်းစကားနားဝင်ပြီး မိကျောင်းကျောပေါ် ရောက်တော့တာပေါ့။ ဟိုဘက်ကမ်းမှာ ငှက်ပျောသီးလိုက်စားမလို့တဲ့လေ..။ မိုက်လိုက်တဲ့မျောက်။

ရေလယ်ရောက်တော့ မိကျောင်းက မျောက်ကို ပြောတယ်။

“ ဟိုဘက်ကမ်းမှာ ငှက်ပျော်သီးမရှိဘူး။ မင်းကို ညာခေါ်လာတာ။ ငါ့မိန်းမက မင်းနှလုံးသားစားချင်တယ်လို့ ပူဆာတဲ့အတွက် ငါ အကွက်ဆင်ပြီး ဖမ်းလာတာ။ မင်း ဘုရားတရားသာ တပေတော့”

အဲဒီတော့မှ မျောက်က ကျောချမှ ဓားပြမှန်းသိတော့တယ်။ နောင်တရလို့လည်း အကျိုးမထူးတော့ဘူး။ သေဘေးကလွတ်အောင်ကြံမှပဲဆိုပြီး စဉ်းစားလိုက်တော့ စိတ်ကူးတစ်ခုရလိုက်တယ်။

“ဟာဗျာ… ခင်ဗျားစောစောက ပြောရောပေါ့။

အခုလိုတောင် အကွက်ဆင်ပြီး အပင်ပန်းခံ ဖမ်းလာစရာ မလိုပါဘူး။ ကျုပ်လို့ မျောက်တွေက ဟိုခုန်သည်ခုန် ခုန်ရလွန်းလို့ အသည်းနှလုံး ပြုတ်မကျအောင် အုန်းပင်ပေါ်မှာ ချိတ်ထားတာဗျ။

ခင်ဗျားမိန်းမစားချင်တဲ့ အသည်းနှလုံး ကျုပ်ပြန်ယူပေးမယ်။ ကျုပ်နေ့တိုင်းတက်နေတဲ့ အုန်းပင်ပေါ်မှာရှိတယ်။ ဟိုဘက်ကမ်း အမြန်ပြန်။ ခင်ဗျားမိန်းမ မျှော်နေရော့မယ်။ နောက်မကျစေနဲ့။ မိန်းမဆိုတာ သူတို့လိုချင်တာကို လိုချင်တဲ့အချိန်မရရင် သိပ်စိတ်ဆိုးတာဗျ။”

မိကျောင်းက နောက်ပြန်လှည့်လာတယ်။

ကမ်းစပ်လည်းရောက်ရော မျောက်က မိကျောင်း ကိုယ်ပေါ်က ခုန်ထွက်ပြီး အုန်းပင်ပေါ်ပြေးတက်သွားတယ်။

အုန်းသီးတစ်လုံးခူးပြီး…. “ဗျို့ ကိုမိကျောင်း၊ ခင်ဗျားမိန်းမအတွက် ကျုပ်ရဲ့နှလုံးသားကို အုန်းသီးထဲမှာ ထည့်ထားတယ်။ ခွဲပြီး ကျွေးလိုက်ပေတော့ဗျို့” ဆိုပြီး မိကျောင်းခေါင်းတည့်တည့်ကိုချိန်ပြီး ပစ်ထည့်လိုက်တယ်။

မိကျောင်းခေါင်းပေါ် အုန်းသီးအလုံးကြီးကြီး အထုခံလိုက်ရတော့ တော်တော်အီသွားပုံရတယ်။ ခေါင်းဖုသွားတယ်။

ငါ့ခေါင်းကိုဖုအောင်ထုလိုက်တဲ့ မျောက်နှလုံးသားက အတော် မာကျောပုံရတယ်။ အသည်းနှလုံးထည့်ထားတဲ့ အုန်းသီးတောင် ဒီလောက်မာကျောနေရင် အတွင်းက မျောက်နှလုံးသားက ကျောက်တုံးတွေလိုပဲ ဖြစ်နေမလား။ ငါ့မိန်းမ စားမှစားနိုင်ပါ့မလား ဆိုပြီး စဉ်းစားနေသတဲ့။

ဘာပဲဖြစ်ဖြစ် ငါ့မိန်းမဆီ မျောက်နှလုံးသား ပါသွားလို့ ငါ့တာဝန် ကျေရင်ပြီးရော။ သူစားနိုင်တာ မစားနိုင်တာ ငါ့အလုပ်မှမဟုတ်တာလို့တွေးပြီး ဉာဏ်ပေတုံး မိကျောင်းကြီး မျောက်နှလုံးသားပါမယ်ထင်တဲ့ အုန်းသီးကြီးကို ပါးစပ်နဲ့ ကိုက်ပြီး အားရဝမ်းသာ သယ်သွားရှာသတဲ့………

ပုံပြင်လေးကတော့ ဒါပါပဲကွယ်…..။

ကောင်းသန့်ရဲ့ ခေတ်သစ်ပုံပြင်စာအုပ်မှကောက်နှုတ်ဖော်ပြသည်………


ခင်မင်စွာဖြင့်…

ဇော်သိင်္ခ

Saturday, August 21, 2010

ဒူးရင်းသီးပုံပြင်

ရုပ်သေးပညာရှင် ဒေါ်မမနိုင်ရဲ့ ရုပ်သေးရုံမှာ တနင်္ဂနွေနေ့တိုင်း ``ဟက်ပီးဆန်းဒေး`` ကျင်းပတယ်။ သီချင်းတွေဆိုကြတယ်။ သီချင်းတွေက ရေဒီယိုသီချင်းဟောင်းတွေများပါတယ်။ မြို့မသီချင်းတွေကလည်း ပါတယ်။ သီချင်းလာပြီးဆိုကြတဲ့သူတွေလည်း မန္တလေးမြို့ရဲ့ မျက်နှာဖုံးတွေ များပါတယ်။ ပျော်စရာလည်း ကောင်းတယ်။ ကျွန်တော်တို့လို အသက်အရွယ်တွေအတွက် စိတ်ဖိစီးမှုသက်သာစေပါတယ်။ အလုပ်ထဲမှာ စိတ်တွေနစ်ပြီး တစ်ပတ်လုံး အလုပ်လုပ်ခဲ့သမျှ ``ဟက်ပီးဆန်းဒေး`` မှာ သီချင်းဆိုရင်း ဖွင့်ထုတ်ပစ်လိုက်တယ်။
ဒီလိုနဲ့ ကျွန်တော်တို့မှာ အချိန်တိုအတွင်း `` သူငယ်ချင်း`` တွေ အများကြီးတိုးလာပါတယ်။
ပြီးခဲ့တဲ့ ဝါဆိုလပြည့်နေ့က ဆရာမရုပ်သေး ပညာရှင် ဒေါ်မမနိုင်ရယ်၊ စာရေးဆရာမယဉ်ယဉ်နုရယ်၊ စာရေးဆရာမ သင်းသင်းရယ်၊ စာရေးဆရာမ ခင်လေးငယ်ရယ်၊ စာရေးဆရာ ဦးရာစိုးရယ် ၊ ကျွန်တော်ရယ်၊ မန္တလေး ကန်တော်ကြီးရဲ့ ပြည်ကြီးမွန်ဖောင်တော်မှာ နံနက်စာစားရင်း စကားပြောဖြစ်ကြတယ်။
အဲဒီနေ့မှာ ``သူငယ်ချင်း``ဆိုတဲ့ အဓိပ္ပာယ်ကို ပေါ်လွင်စေတဲ့ ``ဒူးရင်းသီး``ပုံပြင်ကိုကျွန်တော်ပြောဖြစ်ခဲ့တယ်။
ပုံပြင်လေးက ဒီလိုပါ။
*******
တစ်ခါတုန်းကပေါ့……။
သူငယ်ချင်း အယောက် (၃၀)ဟာ အုပ်ချုပ်သူ ဆရာ၊ ဆရာမတွေနဲ့အတူ တောစပ်တစ်နေရာကို လေ့လာရေး ခရီးထွက်ခဲ့ကြတယ်။ သူငယ်ချင်းတွေဆိုတော့ .. ဆော့ကြတာပေါ့။ ပတ်ဝန်းကျင်ကိုလည်း လေ့လာကြတယ်။ ပန်းပင်တွေအကြောင်း သစ်ပင်တွေအကြောင်း၊ လိပ်ပြာလေးတွေအကြောင်းပြောကြတယ်။ ပါဆယ်ဂိမ်းကစားကြတယ်။ ပါလာတဲ့ ထမင်းဘူးတွေ ဖွင့်စားကြတယ်။ ဒီ သူငယ်ချင်းတွေထဲက သူငယ်ချင်းသုံးယောက်ဟာ လှပတဲ့ လိပ်ပြာလေးတွေကို လိုက်ပြီးကြည့်ရင်း တောစပ်ကနေ တောထဲကိုရောက်သွားပါတော့တယ်။ လိပ်ပြာလေးတွေလည်း လှတော့.. လိပ်ပြာလေးတွေထဲပဲ စိတ်ကရောက်နေတယ်။ ကိုယ်လာတဲ့လမ်းကို မမှတ်မိတော့ဘူး။ ဒီလိုနဲ့ ညနေစောင်းလို့ စုရပ်ကိုပြန်ကြမယ်လည်းလုပ်ရော မပြန်တက်ကြတော့ဘူး။ သူငယ်ချင်း  သုံးယောက်ဟာ ထင်ရာမြင်ရာ စမ်းမှန်းပြီး စုရပ်ကို ပြန်လာကြတယ်။
သူတို့လာတဲ့လမ်းဟာ စုရပ်ကို မရောက်ဘဲ တောနက်ထဲကိုပဲ တဖြည်းဖြည်းရောက်သွားပါတော့တယ်။
ညနေခင်းရောက်လာတော့ တဖြည်းဖြည်း မှောင်လာတယ်။ သူငယ်ချင်းသုံးယောက် တစ်ယောက်လက်ကို တစ်ယောက်တွဲလို့လမ်းရှာရင်း ခရီးဆက်ခဲ့ပါတော့မယ်။
ညဟာ တော်တော်ကို မှောင်လာတယ်။ အဲ့ဒီအချိန်မှာ မီးတုတ်တွေကိုင်လို့ လူတစ်စုကို သူတို့မြင်လိုက်တယ်။ သူတို့ကိုလိုက်ရှာနေတဲ့ အဖွဲ့ဖြစ်မယ်ထင်တယ်။ အနီးနား လည်းရောက်ရော အဲ့ဒီလူစုဟာ လိုက်ရှာနေတဲ့သူတွေ မဟုတ်ဘဲ လူရိုင်းတွေဖြစ်နေတယ်။ လူရိုင်းတွေဟာ သူတို့ကို တွေ့တွေ့ချင်းပဲ နွယ်ကြိုးတွေနဲ့တုပ်လိုက်တယ်။ ခြေထောက်နဲ့ ကန်တယ်။ သူတို့နားမလည်တဲ့စကားတွေနဲ့ သူတို့ကို ပြောတယ်။ ဖမ်းသွားကြတယ်ပေါ့။
ဒီလိုနဲ့ တစ်ညလုံးလမ်းလျှောက်လိုက်ရတာ မိုးလင်းသွားရောဆိုပါတော့။ မိုးလင်းတော့လည်း ဆက်ပြီး  လျှောက်ရပြန်တယ်။ လမ်းမှာတွေ့တဲ့ အသီးတွေကိုခူးစား။ တွေ့တဲ့ရေကိုသောက်။ ခရီးဆက်လိုက်တာ နှစ်ညအိပ်လောက်ကြာမှာလူရိုင်းတွေနေတဲ့ ရွာကိုရောက်ပါတော့တယ်။
ရွာကိုလည်းရောက်ရော  ရွာလူကြီးလို့ထင်ရတဲ့ ပုဂ္ဂိုလ်ကြီးက အဲ့ဒီ သူငယ်ချင်းသုံးယောက်ကို လှံကြီးနဲ့ရွယ်တယ်။ ချိန်တယ်၊ သတ်ပစ်မယ်ပေါ့။ အဲဒီအချိန်မှာ ``လူ`` စကားနည်းနည်းပြောတက်တဲ့ စကားပြန် တစ်ယောက် ရောက်လာတယ်။
``ငါတို့ လူကြီးကပြောတယ်။ ငါတို့ရွာမှာ လူတစ်ယောက်ရဲ့ ကံကြမ္မာကို စမ်းသပ်တဲ့နည်းရှိတယ်။ ကံကောင်းရင် အသက်ရှင်မယ်။ ကံဆိုးရင်  အသက်သေမယ်။ စမ်းသပ်တဲ့နည်းကလည်း မခက်ဘူး။ ဟိုမယ်.. တွေ့လား။ ဥယျဉ်ခြံထဲမှာ သစ်သီးပင်တွေ စိုက်ထားတယ်။ အဲ့ဒီ သစ်သီးပင်တွေထဲက အမျိုးအစားတူတဲ့ သစ်သီး (၁၀)လုံးခူးခဲ့ရမယ်။ မင်းတို့ခူးခဲ့တဲ့ သစ်သီးပေါ်မူတည်ပြီး မင်းတို့ရဲ့ အသက်နဲ့ ကံကြမ္မာကိုဆုံးဖြတ်မယ်။ ကဲ မင်းတို့သုံးယောက်နှစ်သက်ရာ အမျိုးအစားတူ သစ်သီး(၁၀)လုံးစီခူးခဲ့၊ သွားကြ``
သူငယ်ချင်းသုံးယောက်ဟာ ဥယျာဉ်ခြံထဲကို အပြေးအလွှားပဲ သွားကြပါတယ်။
ပထမဆုံးတစ်ယောက်က ပန်းသီး(၁၀)လုံး ခူးလာတယ်။ စကားပြန်ကပြောတယ်။
``အဲ့ဒီ ပန်းသီး(၁၀) လုံးကို အသံမထွက်ဘဲ အလုံးလိုက်မျိုချရမယ်။ အသံထွက်ရင် သတ်မယ်၊ အသံမထွက်ရင် အသက်ရှင်မယ်``
စဉ်းစားကြည့်ကြစမ်းပါဗျ။ ပန်းသီး(၁၀)လုံး။ အလုံးလိုက် ဘယ်လိုလုပ်မျိုနိုင်မှာလဲ။ ဒီလိုနဲ့ အသတ်ခံရရောဆိုပါတော့။ အသက်ထွက်ထွက်ချင်းပဲ သူဟာ ငရဲပြည်ကို ရောက်သွားပါတော့တယ်။
အဲ့ဒီအချိန်မှာ ဒုတိယသူငယ်ချင်းက စပျစ်သီး (၁၀)လုံးခူးပြီးရောက်လာတယ်။ ထုံးစံအတိုင်းပဲ စကားပြန်ကပြောတယ်။
``စပျစ်သီး ၉၁၀)လုံးကို အသံမထွက်ဘဲ အလုံးလိုက်မျိုချရမယ်။ အသံထွက်ရင်သတ်မယ်။ အသံမထွက်ရင် မင်းအသက်ရှင်မယ်``
စပျစ်သီးဆိုတာသေးသေးလေးတွေဆိုတော့ တစ်လုံးပြီးတစ်လုံး အသံမထွက်ဘဲ မျိုချပါတော့မယ်။ ဒီလိုနဲ့ (၉)လုံးမြောက်အရောက်မှာ အသံထွက်ပြီး ``ရယ်`` လိုက်တယ်။ အဲ့ဒါနဲ့ အသတ်ခံရပါလောရော။ ဒီကောင်လည်း ချက်ချင်း ဆိုသလိုပဲ ငရဲပြည်ကိုရောက်သွားတယ်။
ငရဲပြည်မှာ သူငယ်ချင်းနှစ်ယောက်တွေ့ကြတော့.. ပထမ သူငယ်ချင်းက မေးတယ်။
`ဟေ့ကောင် မင်းဘာအသီးစားလို့ အသတ်ခံရတာလဲကွ``
``စပျစ်သီးကွ`
``ဟ.. စပျစ်သီး (၁၀)လုံးများ အသံထွက်အောင် စားရတယ်လို့ကွ။ ငါကတော့ .. ပန်းသီးမို့ အသတ်ခံရတာ။ အံ့သြပါ့ကွ``
``မင်းဘာသိလို့လဲ။ ငါက.. စပျစ်သီးကို အသံမထွက်ဘဲ ကြိတ်မှိတ်ပြီးမျိုချနေတုန်း ဟိုအကောင် ဘာအသီးတွေခူးပြီး ပြေးလာတယ်မှတ်တုန်း သူ့ကိုကြည့်ပြီး ငါအသံထွက် ``ရယ်``မိလို့ အသတ်ခံရတာ``
``ဒီကောင်က.. ဘာအသီး (၁၀)လုံး ခူးလာလို့တုံးကွ``
``ဒူးရင်းသီး (၁၀)လုံး ခူးလာတယ်တဲ့ကွာ``
ငရဲပြည်ရောက် သူငယ်ချင်း နှစ်ယောက် တဟားဟားနဲ့ ရယ်လိုက်ကြတော့တယ်။
အဲ့ဒီအချိန်မှာ တတိယသူငယ်ချင်း ငရဲပြည်ကိုရောက်လာတယ်။
``မင်းတို့ကမှ မင်းတို့ခူးလာတဲ့အသီး စားခွင့်ရသေးတယ်။ ငါကတော့ ငါခူးလာတဲ့အသီး မစားရဘဲ အသတ်ခံရတာကွ``
သူငယ်ချင်းသုံးယောက် ငရဲပြည်မှာ ပျော်ပျော်ပါးပါးကြီး ရယ်မော်လိုက်ကြပါတော့တယ်။
*******
သူငယ်ချင်းဆိုတာာ ဒီလိုမျိုးပါ။
ပန်းသီးပဲ စားရစားရ၊ စပျစ်သီးပဲ စားရစားရ၊ ဒူးရင်းသီးပဲ စားရစားရ ဘယ်ဘဝပဲရောက်ရောက်၊ ဘယ်အခြေအနေပဲရောက်ရောက်၊ ဘယ်လိုစည်းစိမ်တွေကို ပိုင်ဆိုင်ပိုင်ဆိုင် သူငယ်ချင်းဆိုတာသူငယ်ချင်းပဲ ဖြစ်သင့်တယ်။ သူငယ်ချင်းတွေ အကြားမှာ ဂုဏ်တွေ၊ အရှိန်အဝါတွေ၊ အောင်မြင်မှုတွေ၊ ပိုင်ဆိုင်မှုတွေနဲ့ စည်းခြားမထားသင့်ဘူး။ အားလုံး ပျော်ပျော်ပဲပေါ့ဗျာ။
ကျွန်တော့်ပုံပြင်ကို သူတို့နားထောင်ကြရင်း တဝါးဝါး၊ တဟားဟားနဲ့ ရယ်မောကြပြီး နံနက်စာ စားလိုက်ကြပါတော့တယ်။
တကယ်တော့.. သူငယ်ချင်းဆိုတာ…
ရင်ဖွင့်ဖော် ရင်ဖွင့်ဖတ်၊ ပျော်ဖော်ပျော်ဖက်၊ ချစ်ဖော်ချစ်ဖက်၊ စိတ်ရဲ့ချမ်းသာမှုကို အမျိုးမျိုးပုံဖော်ပေးနိုင်တဲ့ သဘာဝက  ဖန်တီးထားတဲ့ လူသားတွေပဲ မဟုတ်ပါလားခင်ဗျာ…။ 

********
ဒီ ဒူးရင်းသီး ပုံပြင် လေးက တော့ ဦးဘုန်း(ဓာတု) ရဲ့ ``တွင်း`` ဆိုသော စာအုပ်မှ ခေါင်းစဉ်လေး ဖြစ်ပါတယ်။ စီဘောက်မှာ ကိုသူရိန်က အဲဒီပုံပြင်လေး ကိုလည်း သူငယ်ချင်းတွေဖတ်ရအောင်လို့ တင်ပေးပါဆိုလို့  ။ သူပြောပြီးချင်းမှာပဲ ဘေးမှာ စာအုပ် အလွယ်တကူ ရှိနေတာရယ် အချိန်လေး ရနေတာရယ်ကြောင့်  ချက်ခြင်း ကောက်ရိုက်ပြီး တင်ပေးလိုက်တာပါ။ အွန်လိုင်း မှ သူငယ်ချင်းများ အတွက် ပြန်လည် မျှဝေလိုက်ခြင်းဖြစ်ပါတယ်။ 
ဒီပုံပြင်လေး နဲ့ ပုံစံတူ ကိုလည်း အွန်လိုင်းက ဖော်ဝါ့ မေးလ်တွေမှာ မကြာခဏ ဖတ်ဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီမေးလ်တွေကတော့ ဟာသ သဘောမျိုးနဲ့ ရေးထားတာ သက်သက်ပါ။ ဘာအဓိပ္ပာယ်မှ မပါပါဘူး။  အခု ပုံပြင်လေးကတော့ သူငယ်ချင်း ဆိုတဲ့ အခြေအနေအနေမှာ ဘယ်လို အခြေ အနေပဲ ရောက်ရောက် သူငယ်ချင်း ဆိုတဲ့ အဓိပ္ပာယ်လေးကို  အနှစ်သာရ ရှိရှိ ဖွင့်ဆိုထားတာ  ကို ပြချင်တဲ့ သဘောမျိုးပါ။ 
ခင်မင်စွာဖြင့်... 
ဇော်သိင်္ခ

Friday, July 23, 2010

နောက်ဆုံး ဖယောင်းတိုင်




ပုံပြင်တစ်ပုဒ်လောက် ပြောပြပါရစေ။
ဒီပုံပြင်မှာ ရည်ရွယ်ချက် ရှိပါသည်။
လူဆိုတာ တစ်ယောက်ထည်း နေလို့ မရဘူး။ အသိုင်းအဝိုင်း၊ အပေါင်းအသင်းနဲ့ နေရတယ်။ အနည်းဆုံး ကိုယ့်မိသားစုနဲ့ ပေါင်းရတယ်။ သင်းရတယ်။ အမြဲတမ်း ထိတွေ့ဆက်ဆံနေရတော့ စိတ်ထဲမှာ အဆင်မပြေမှုတွေ၊ ပြဿနာတွေ၊ အားမလိုအားမရဖြစ်မှုတွေ ရှိနိုင်ပါတယ်။ ဒီပုံပြင်လေးဟာ အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုအကြား၊ မိဘနဲ့ သားသမီးအကြား၊ ဆရာနဲ့ တပည့်အကြား၊ လင်မယား နှစ်ယောက်အကြား၊ သူငယ်ချင်း နှစ်ယောက်အကြားမှာ ထားသင့်ထားအပ်တဲ့ အတွေးတစ်ခုကို ပေးပါလိမ့်မယ်။

*********
တစ်ခါတုန်းက……….
အလင်းမရှိဘဲ မှောင်နေတဲ့ အခန်းတစ်ခန်းထဲမှာ ဖယောင်းတိုင်ကလေး (၅)တိုင် ရှိတယ်။ အဲဒီ ဖယောင်းတိုင်တွေမှာ အလင်းကိုယ်စီနဲ့ပေါ့။ ဖယောင်းတိုင် (၅)တိုင်ရဲ့ အလင်းအားကြောင့် မှောင်မည်းနေတဲ့အခန်းဟာ လင်းထိန်နေတော့တယ်။ ဒီအခန်းထဲကို လေပြေပျော့လေး တိုက်ခတ်နေသတဲ့။ တစ်ခါတစ်ခါမှာ လေဟာ ပြင်းသွားလိုက်၊ တစ်ခါတစ်ခါမှာ လေဟာ ငြိမ်သွားလိုက်နဲ့ပေါ့။
လေတစ်ချက်အဝေ့မှာ ဖယောင်းတိုင်လေး တစ်တိုင် မီးငြိမ်းသွားတယ်။ အခန်းဟာ အလင်းအား နည်းနည်း လျော့သွားတယ်။ အဲ့ဒီဖယောင်းတိုင်လေးကို ``အချစ်`` လို့ နာမည်ပေးကြည့်ရအောင်။ ``အချစ်ဆိုတဲ့ အလင်းအားလေး`` လျော့သွားတော့ အခန်းဟာ နည်းနည်းလေး မှောင်သွားတယ်။
နောက်ထပ် လေအဝှေ့မှာ ဒုတိယ ဖယောင်းတိုင်လေး မီးငြိမ်းသွားပြန်တယ်။ အဲဒီ ဖယောင်းတိုင်လေးကို ``သံယောဇဉ်`` လို့ နာမည်ပေးကြည့်ရအောင်။ ဒီအခန်းထဲမှာ ``အချစ်`` ဆိုတဲ့ အလင်းရောင်ရယ်၊ ``သံယောဇဉ်`` ဆိုတဲ့ အလင်းရောင်ရယ် မရှိတော့ဘူး။ အခန်းဟာ အမှောင်ထု ကြီးစိုးလာတော့တယ်။
ဒီလိုနဲ့ နောက်ထပ် ```လေတစ်ချက်`` အဝေ့မှာ တတိယ ဖယောင်းတိုင်လေး ငြိမ်းသွားပြန်တယ်။ အဲဒီဖယောင်းတိုင်လေးကို ``မေတ္တာတရား`` လို့ နာမည်ပေးကြည့်ရအောင်။
ဒီလိုပဲ… နောက်ထပ် လေအဝေ့တစ်ချက်မှာ စတုတ္ထဖယောင်းတိုင်လေး ငြိမ်းသွားပြန်တယ်။ ဒီဖယောင်းတိုင်လေးကိုတော့ ``ကရုဏာ တရား`` လို့ နာမည်ပေးကြည့်ရအောင်။
ဖယောင်းတိုင် (၅) တိုင် အလင်းအားရှိတဲ့ ဒီအခန်းဟာ ဖယောင်းတိုင် (၁)တိုင်မျှသာ အလင်းအားရှိတော့တယ်။ ဒီနောက်ဆုံး ဖယောင်းတိုင်လေးသာ လေအဝေ့မှာ မီးညွန့်ကလေးငြိမ်းသွားခဲ့ရင်  ဒီတစ်ခန်းလုံး မှောင်မည်းသွားတော့ မှာပါပဲ။

ဖြစ်ချင်တော့ ဒီအခန်းထဲကို လူတစ်ယောက် ရောက်လာတယ်။
``အခန်းကြီးက မှောင်းမည်းနေတာပဲ။ တော်သေးတာပေါ့။ ဖယောင်းတိုင်လေးတစ်တိုင် လင်းနေသေးလို့``
ပြောပြောဆိုဆို ဖယောင်းတိုင်ရဲ့ မီးညွန့်ကို လက်ဝါးလေးနဲ့ ကာလိုက်တယ်။ အလင်းရောင် မှိန်ပျပျအောက်မှာ မီးငြိမ်းနေတဲ့ ဖယောင်းတိုင် (၄)တိုင်ကို တွေ့သွားတယ်။ ချက်ချင်းဆိုသလိုပဲ နောက်ဆုံးကျန်နေတဲ့ ဖယောင်းတိုင်ရဲ့ မီးညွန့်ကိုကူးပြီး မီးငြိမ်းသွားခဲ့တဲ့ ဖယောင်းတိုင်လေးတွေကို မီးကူးပေးလိုက်တယ်။ ဒီအခန်းက အရင်အတိုင်းပဲ ပြန်ပြီး လင်းထိန်သွားပါတော့တယ်။

**********
စာဖတ်သူကို မေးပါရစေ……
ဒီနောက်ဆုံးကျန်တဲ့ ဖယောင်းတိုင်လေးကို ကျွန်တော်တို့ နာမည်ပေးကြည့်ကြရအောင်။ စာဖတ်သူလည်း ကြိုက်သလို နာမည်ပေးပါ။ ကျွန်တော်ပေးထားတဲ့ နာမည်လေးတော့ ရှိတယ်။ ကျွန်တော်က နောက်ဆုံး ဖယောင်းတိုင်လေးရဲ့ နာမည်ကို ``နားလည်ပေးမှု၊ စာနာပေးမှု ဖယောင်းတိုင်`` လို့ နာမည်ပေးထားတယ်။
တွေးကြည့်ရအောင်။
လူတစ်ယောက်နဲ့ တစ်ယောက်အကြားမှာ ``နားလည်ပေးမှု၊ စာနာပေးမှု`` ဆိုတဲ့ အလင်းအား ရှိတဲ့ ဖယောင်းတိုင်လေးသာ ရှိနေသေးရင် ``အချစ်``ဆိုတာ ပြန်ဖြစ်နိုင်တယ်။ ``သံယောဇဉ်`` ဆိုတာ ပြန်ဖြစ်နိုင်တယ်။ ``မေတ္တတရား၊ ကရုဏာတရား``တွေ ပြန်ဖြစ်နိုင်တယ်။ ``နားလည်ပေးမှု၊ စာနာပေးမှု`` ဆိုတဲ့ ဖယောင်းတိုင်လေးသာ မီးငြိမ်းသွားခဲ့ရင်… အခန်းကြီး မှောင်မည်းသွားသလို အချစ်တွေ၊ မေတ္တာတရားတွေ၊ သံယောဇဉ်တွေ၊ ကရုဏာတရားတွေ ပြန်ဖြစ်ဖို့ မလွယ်တော့ပါဘူး။ လူ့ဘဝရဲ့ အနှစ်သာရလည်း ပျက်စီးသွားတော့မှာပါပဲ။

မိသားစု အချင်းချင်းအကြားမှာ၊ သူငယ်ချင်းနှစ်ယောက်အကြားမှာ၊ မောင်နှ်မနှစ်ယောက်အကြားမှာ၊ လင်းမယားနှစ်ယောက်အကြားမှာ၊ အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုအကြားမှာ ``နားလည်ပေးမှု၊ စာနာပေးမှု``ဆိုတဲ့ ဖယောင်းတိုင်လေး လင်းနေဖို့ လိုမယ်ထင်ပါတယ်။ ဒီဖယောင်းတိုင်လေးသာ မီးငြိမ်းသွားခဲ့ရင်… လူမှုဆက်ဆံရေးရဲ့ ပျော်စရာကောင်းတဲ့ သဘာဝကို ခံစားနည်းလည်နိုင်တော့မှာ မဟုတ်ပါဘူး။
ချစ်သူနှစ်ယောက်အကြားမှာ ``နားလည်ပေးမှုနဲ့ စာနာပေးမှု`` ရှိရင် ပျော်စရာ သိပ်ကောကင်းမှာပဲ။
မိဘအပေါ်မှာ နားလည်ပေးတက်တဲ့ သားသမီးတွေကို ပိုင်ဆိုင်ခွင့်ရတဲ့ မိသားစုဟာ ပျော်စရာကြီးပါ။ ဒီလိုပါပဲ နားလည်ပေးတက်တဲ့၊ စာနာပေးတက်တဲ့ မိဘတွေရဲ့ သားသမီးဖြစ်ခွင့်ရရင်လည်း ပျော်စရာပါပဲနော်။
ကိုယ့်ကို နားလည်ပေးတဲ့၊ စာနာပေးတဲ့ ချစ်သူနဲ့သာ အတူနေခွင့်ရရင် အချစ်ဆိုတာ ပျော်စရာပဲလို့ ခံစားမိမှာပါ။
အပြန်အလှန် နားလည်ပေးတဲ့၊ စာနာပေးတဲ့ လူ့အဖွဲ့အစည်းတွေသာ ကျွန်တော်တို့ ဝန်းကျင်းမှာရှိခဲ့ရင် ကျွန်တော်တို့ လူ့ဘောင်လောကကြီးဟာ ဒီထက်ပိုပြီး သာယာလာပါမယ်။ ငြိမ်းချမ်းလာပါမယ်။ တိုးတက်လာပါမယ်။ ပျော်စရာလည်း ကောင်းလာပါမယ်။
ဒါကြောင့် ဘယ်နေရာမှာ မဆို ``နားလည်ပေးမှုနဲ့ စာနာပေးမှု`` အပြန်အလှန်ရှိကြမယ်ဆိုရင် လောကကြီးဟာ ငြိမ်းချမ်းနေမှာပါ။
ဒါပေမယ့်….
``နားလည်ပေးမှုနဲ့ စာနာပေးမှု `` ကိုတော့ အလွဲသုံးစား မလုပ်သင့်ဘူးနော်။
``နားလည်ပေးမှုနဲ့ စာနာပေးမှု`` ကို အခွင့်ကောင်းမယူသင့်ဘူး။
``နားလည်ပေးမှုနဲ့ စာနာပေးမှု`` ကို တန်ဖိုးမဲ့အောင် မလုပ်သင့်ဘူးနော်။

စာဖတ်သူလည်း နောက်ဆုံး ဖယောင်းတိုင်လေးရဲ့ နာမည်ကို ဘယ်လိုများ မှည့်ခေါ်ချင်ပါသလဲ။

ဒီပုံပြင်လေးကို ဖတ်ပြီး….
``ချစ်သူတွေ၊ သူငယ်ချင်းတွေ၊ မိသားစုတွေ၊ လူသားတွေ၊ အဖွဲ့အစည်းတွေ`` ရဲ့ကြားမှာ ``နားလည်ပေးမှုနဲ့ စာနာပေးမှု``  ဆိုတဲ့ အလင်းရောင်ကလေးနဲ့ `` အချစ်တွေ၊ သံယောဇဉ်တွေ၊ မေတ္တာတရားတွေ၊ ကရုဏာတရားတွေ`` ပြန်ပြီး ရှင်သန်ထွန်းလင်းကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
တွေးဆကြည့်ကြဖို့ပါခင်ဗျာ။

ဆရာ ဦးဘုန်း(ဓာတု) ၏ နီးနီးဝေးဝေး အတွေးလက်ဆောင် စာအုပ်မှ ဆရာ၏ ခွင့်ပြုချက်ဖြင့် အွန်လိုင်းပေါ်မှ စာဖတ်ပရိသတ်များအတွက် တွေးတော ကြံဆ နိုင်ဖို့ရန်အတွက် အားဆေး တစ်ခွက်အနေနဲ့ ပြန်လည် ရေးသား ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။

အားလုံးပဲ.... တွေးတော ကြံဆ နိုင်ကြပြီးတော့  ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေးများကို နားလည်ပေးမှု  ၊ စာနာပေးမှုလေးတွေနဲ့ အတူ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း.............

ဇော်သိင်္ခ

Friday, April 2, 2010

ဆီသွားဝယ်တဲ့ ကိုရင်လေး

တောင်ပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းက ဘုန်းကြီးတစ်ပါးဟာ ကိုရင်တစ်ပါးကို တောင်အောက်လွတ်ပြီး ဆီအဝယ်ခိုင်းခဲ့တယ်။ ကိုရင် ဆီမဝယ်ထွက်ခင် ဘုန်းကြီးက ဆီထည့်ဖို့ ခွက်တစ်လုံးပေးပြီး
” ကျောင်းမှာ အသုံးစရိတ် မလုံလောက်တဲ့အတွက် ဆီကို လုံးဝ မဖိတ်စင်အောင် ဂရုတစိုက် ထည့်ခဲ့ပါ ကိုရင်”
လို့ သတိပေး မှာကြားလိုက်တယ်။

ကိုရင်က တောင်အောက်ဆင်း ဆီဝယ်ပြီးနောက် တောင်ပေါ်ကို ပြန်လာလာခဲ့တယ်။ လမ်းမှာ ဘုန်းကြီးရဲ့ အမှာစကားကို ပြန်ကြားယောင်ပြီး လက်ထဲကဆီဖိတ်မှာ အရမ်းစိုးရိမ်ခဲ့တယ်။ ဒါကြောင့် ဆီခွက်ကိုပဲ စိုက်ကြည့်ပြီး တောင်ပေါ်လမ်းအတိုင်း တက်လာခဲ့တယ်။ ဘေးဘီကိုလဲ မကြည့်ရဲခဲ့သလို ရှေ့ကလမ်းကိုလည်း မကြည့်ခဲ့ဘူး။ အဲဒီလိုနဲ့ ကျောင်းရောက်ခါနီးမှာ ရှေ့ကိုမကြည့်ခဲ့တာကြောင့် ချိုင့်တစ်ခုကို နင်းမိပြီး ယိုင်လဲသွားခဲ့တယ်။ လက်ထဲကဆီ သုံးပုံတစ်ပုံလောက် ဖိတ်သွားခဲ့တယ်။ ဘုန်းကြီးဆူတော့မယ်ဆိုတဲ့ အတွေးနဲ့ ကိုရင်ဟာ ကြောက်လန့်ပြီး လက်တွေတုန်လာခဲ့တယ်။ ဆီခွက်ကို အငြိမ်မကိုင်နိုင်ခဲ့လို့ ဆီခွက်ဟာ မီးဖိုချောင်အရောက်မှာ တစ်ဝက်သာကျန်ခဲ့တော့တယ်။

ဒါကို ဘုန်းကြီးကသိတော့ ကိုရင်ကို စိတ်ဆိုးပြီး
“သေချာယူခဲ့ပါလို့ မှာထားရက်နဲ့ ဖိတ်ဖြစ်အောင်ဖိတ်ခဲ့သေးတယ်”
ဆိုပြီး ဆူတော့ ကိုရင် စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ဒီအဖြစ်ကို တစ်ခြားဘုန်းကြီးတစ်ပါးက သိတော့ ကိုရင်ကိုခေါ်ပြီး နှစ်သိမ့်လိုက်တယ်။ အဲဒီနောက် ကိုရင်ကိုခေါ်ပြီး
“ကိုရင်ကို ဆီသွားဝယ်ခိုင်းအုန်းမယ်။ ဒီတစ်ခေါက်သွားရင် လမ်းပေါ်မှာ ကိုရင်တွေ့တဲ့ လူ၊ ပစ္စည်းမှန်သမျှ ဘုန်းကြီးကို ပြန်လျှောက်ရမယ်”
လို့ မှာလိုက်တယ်။

ဘုန်းကြီးစကားကို ကြားတော့ ကိုရင်က မသွားချင်ခဲ့ဘူး။ ပထမတစ်ခေါက်က ဆီခွက်ကို မဖိတ်အောင် မယူနိုင်ခဲ့တဲ့အပြင် ဒီတစ်ခေါက်က ဘေးဝဲယာကို ကြည့်ရမယ်ဆိုတော့ ဒီအလုပ်ကို သူလုပ်နိုင်မှာ မဟုတ်ဘူးလို့ ထင်နေခဲ့တယ်။ ဒါပေမယ့် ဘုန်းကြီးရဲ့ တိုက်တွန်းမှုကြောင့် မဖြစ်မနေ သူသွားခဲ့ရပြန်တယ်။

ဆီဝယ်ပြီး အပြန်လမ်းမှာ ကိုရင်က ဘေးဝဲယာကို ကြည့်ပြီး ပြန်လာခဲ့တယ်။ ပျော်ပျော်ပါးပါး ဆော့ကစားနေကြတဲ့ ကလေးတွေ၊ တောတောင်ရဲ့အလှကို ခံစားရင်း၊ လယ်သမားတို့ရဲ့ လှေကားထစ် စိုက်ခင်းတွေကို ကြည့်ရှုရင်း စိတ်တွေက ပေါ့ပါးနေခဲ့တယ်။ ပတ်ဝန်းကျင်အလှမှာ နစ်မျှောနေခဲ့လို့ ဘုန်းကြီးကျောင်းရှေ့ သူရောက်လို့ရောက်လာမှန်း မသိခဲ့ဘူး။ မီးဖိုချောင်ရောက်တဲ့အထိ ခွက်ထဲက ဆီက တစ်စက်မှတောင် မဖိတ်ခဲ့ပါဘူး။

************
သတိထားလေ အမှားလုပ်မိလေပါပဲ။ ဒါကြောင့် သင်ယူချိန်မှာဖြစ်ဖြစ်၊ အလုပ်ချိန်မှာဖြစ်ဖြစ် စိတ်ကို ပေါ့ပေါ့ပါးပါးထားပြီး အတွေ့အကြုံအတွက် သင်ယူလေ့လာနိုင်ခဲ့ရင် အကောင်းဆုံးပါ။ အတွေ့အကြုံထဲကနေ ဘဝရဲ့ ပျော်ရွှင်မှုကို ရှာဖွေတတ်သူတွေကမှ စိတ်ရဲ့ဖိစီးမှု၊ စိတ်ညစ်မှုတွေနဲ့ ကင်းဝေးမှာဖြစ်တဲ့အကြောင်း ဒီပုံပြင်က ပြောသွားခဲ့ပါတယ်။ ဒါကြောင့် ဒီပုံပြင်လေးထဲက ကိုရင်လေး လို အလုပ်တစ်ခု ကိုလုပ်တဲ့ အခါမှာ အဲဒီ အလုပ်ပေါ်မှာပဲ အာရုဏ်စူးစိုက်ပြီး စိတ်ကို ချုပ်တည်း မထားကြပဲ လွတ်လပ် ပေါ့ပါးစွာ နဲ့ လုပ်ကိုင်ပြီးတော့ ဘ၀ရဲ့ အောင်မြင်မှုလေးတွေ ရယူနိုင်ဖို့ ရန် အတွက် ဟိုး… အရင်အချိန်တွေက ဖော်ဝါ့မေးထဲ ရောက်လာတဲ့ နှစ်သက် သဘောကျတဲ့ စာစုလေး တွေ ကို သိမ်းဆည်း ထားရာက နေ စာဖတ်သူများ သို့ တဆင့် ပြန်လည် မျှဝေ ပေးလိုက်ခြင်း ဖြစ်ပါ။ မူရင်း စာရေးသူကို မသိတဲ့ အတွက် ထည့်မပေးနိုင်တာကိုလည်း ခွင့်လွှတ်ပေးပါလို့။ သူငယ်ချင်းတို့ အားလုံးလည်း ပျော်ရွှင်စွာနဲ့ စိတ်ကိုလွတ်လပ် ပေါ့ပါးစွာ အလုပ် လုပ်ကိုင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း……. ။

ဇော်သိင်္ခ

Thursday, January 28, 2010

အိမ်မြှောင်ပေးတဲ့ သင်ခန်းစာ

ဒီပုံပြင်က ဂျပန်မှာ တစ်ကယ်ဖြစ်ပွားခဲ့တယ်လို့ ဖတ်ရပါတယ်။တစ်ခါက လူတစ်ဦးသည် အိမ်ပြင်ရန်အတွက် အိမ်နံရံများကို ဖျက်ချခဲ့သည်။
ဂျပန်စတိုင်လ် အိမ်နံရံများသည် အလယ်တွင် ပျဉ်အရင်ခံပြီး ဘေးနှစ်ဖက်ကို
အုတ်ဖြင့် ပြန်စီထားခြင်းဖြစ်သည်။ ထိုကြောင့် နံရံ အလယ်မှာ
အခေါင်းပေါက်ဖြစ်နေသည်။ သူသည် နံရံကို ဖျက်ချစဉ် နံရံအတွင်းတွင်
အိမ်မြှောင်တစ်ကောင်အား တွေ့မိသည်။ အိမ်မြှောင်၏ အမြီးသည်
သံချောင်းတစ်ချောင်းနှင့် ရိုက်မိနေသည်ကို ထူးဆန်းစွာ တွေ့မိသည်။ မလှုပ်သာ
မခံသာ သနားစရာ အိမ်မြှောင်အား ရိုက်မိနေသော သံချောင်းကို သူသေချာ
ကြည့်လိုက်မိသည်။ ထို သံချောင်းမှာ လွန်ခဲ့သော (၁၀)နှစ် အိမ်ဆောက်စဉ်က
ရိုက်ခဲ့သော သံဖြစ်ကြောင်း သူအံသြစွာ တွေ့လိုက်သည်။

(၁၀)နှစ်အတွင်း အိမ်မြှောင်ဘယ်လို အသက်ရှင်ခဲ့သလဲ… မှောင်မဲနေတဲ့ နံရံအတွင်း
မသွားနိုင် မလှုပ်နိုင်ဘဲ အသက်ရှင်ဖို့က သိပ်မလွယ်ကူလှပေ။ အိမ်မြှောင်
မည်ကဲ့သို့ အသက်ရှင်နေခဲ့သည်ကို သူအရမ်း သိချင်နေမိသည်။ နံရံကို ဆက်မဖျက်တော့ဘဲ
(၁၀)နှစ် အတွင်း အသက်ဆက် ရှင်နေသော အိမ်မြှောင်ကို သူစူးစမ်းခဲ့သည်။
သိပ်မကြာလိုက်ပါ… အစာကိုက်ချီထားသော အိမ်မြှောင် နောက်တစ်ကောင်ကို သူ
တွေ့လိုက်မိသည်။ သူခဏသာ မင်သက်သွားမိသည်။ (၁၀)နှစ်လုံးလုံး မပျက်မကွက်
အစားကိုက်ချီ ကျွေး မွေးခဲ့သော နောက်အိမ်မြှောင်ဟာ ဒီအိမ်မြှောင်နဲ့
ဘာတော်သလဲ… ဒါဟာ ဘယ်လို မေတ္တာမျိုးလဲ…. အဲဒီအိမ်မြှောင်ဟာ သူရဲ့
မိသားစုလား… သူငယ်ချင်းလား… မောင်နှမလား…. ဒါမှမဟုတ်…..

ဒီပုံပြင်ကို ဖတ်မိပြီး ရင်ထဲကို အမည်မသိ ဝေဒနာတခု တိုးဝင်လာခဲ့မိတယ်။
ဒီလောကကြီးဟာ အရာရာ တိုးတက်ပြောင်းလဲ လာသည်နှင့်အမျှ တစ်ဦးနဲ့တစ်ဦး
ဆက်သွယ်ဖို့ကလဲ လွယ်ကူ မြန်ဆန်လာခဲ့တယ်။ ဒါပေမယ့် တစ်ဦးအပေါ်တစ်ဦးထားတဲ့
မေတ္တာနဲ့ နားလည်မှုစိတ်တွေကတော့ ဝေး…..ဝေး….ဝေး….လို့။

( ဒီပုံပြင်လေးမှာပါတဲ့ အကောင်ဟာ အိမ်မြောင်လို့ လဲမထင်ဘူး …
တောက်တဲ့လိုအကောင်မျိုးပဲ ဖြစ်နိုင်တယ်လို့ ထင်တယ် … ၁၀
နှစ်လောက်အသက်ရှည်တာရယ် .. အမြီးက ပြတ်မထွက်တာတွေ ရယ်ဆိုတာ က အိမ်မြောင်မှာ
မဖြစ်နိုင်ဘူးလေ .. တောက်တဲ့ ပဲဖြစ်ဖို့ များပါတယ် …. ဒါပေမယ့်ဘာပဲ
ဖြစ်ဖြစ်ပါ .. သူ ပေးချင်တဲ့အသိလေးကတော့ ကောင်းပါတယ်ဗျာ )

fwdmail ..မှရသော စာစုလေးအား ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

ဇော်သိင်္ခ

Sunday, December 27, 2009

ရှေးရေစက်ကံဆိုတာနဲ့ ဖူးစာ

ဟိုးရှေးရှေးတုန်းကအရမ်းချစ်ကြတဲ့ကောင်လေးနဲ့ကောင်မလေးနှစ်ယောက်ဟာချစ်ကြိုက်လာကြတာချစ်သက်တမ်းသုံးနှစ်ပြည့်တဲ့အခါ
မှာလက်ထပ်ကြတော့မယ်ဆိုပြီးမင်္ဂလာရက်တစ်ရက်ရွေးချယ်သတ်မှတ်လိုက်တယ်....ကောင်းလေးကတော့ပျော်ရွှင်စရာကောင်းမယ့်သူ
တို့ရဲ့မင်္ဂလာရက်လေးကိုစိတ်ကူးယဉ်ပြီးပျော်နေရှာတာပေါ့......ဒါပေမယ့်အဲ့ဒီမင်္ဂလာဆောင်မယ့်နေ့မရာက်ခင်မှာပဲသူ့ချစ်သူကောင်မလေး
ကတခြားကောင်လေးတယောက်နဲ့မမျှော်လင့်ဘဲလက်ထပ်သွားတယ်ဆိုတဲ့သတင်းကိုကောင်လေးကြားလိုက်ရတယ်.....သူစုံစမ်းကြည့်
လိုက်တော့ကောင်မလေးကိုယ်တိုင်ကလိုလိုလားလားနဲ့လက်ထပ်လိုက်တာလို့သိလိုက်ရတယ်......အဲ့သတင်းကိုကြားတာနဲ့ကောင်လေး
လည်းအရမ်းအံ့သြပြီးအရမ်းစိတ်ထိခိုက်ဝမ်းနည်းစွာနဲ့မစားနိုင်မအိပ်နိုင်ငိုကြွေးနေတော့တယ်......မကြာခင်မှာပဲကောင်လေးလည်းစိတ်
်ထောင်းကိုယ်ကြေပြီးအိပ်ယာထဲလဲတော့တယ်....အချိန်တွေကုန်လွန်လာတာနဲ့အမျှကောင်လေးရဲ့အခြေအနေဟာပိုပိုဆိုးလာခဲ့တယ်....
ဆရာဝန်ပြလည်းမသက်သာတော့ဘူး....
တနေ့မှာတော့အသက်အရွယ်အိုမင်းနေတဲ့ဘုန်းတော်ကြီးတစ်ပါးကကောင်လေးရဲ့အိမ်ရှေ့မှာရပ်ပြီးတံခါးခေါက်လိုက်တယ်..အိမ်ဖော်
ကောင်မလေးလည်းတံခါးခေါက်သံကြောင့်ထွက်လာပြီးတံခါးဖွင့်လိုက်တော့ဘုန်းတော်ကြီးအိုတစ်ပါးကိုတွေ့တာနဲ့စိတ်ရှုပ်စွာနဲ့
"ကန်တော့ဆွမ်းပါဘုရား" လို့ပြောလိုက်တယ်...
ဘုန်းတော်ကြီးကပြုံးပြီးတော့.....
"ကိုယ်တော်ကဆွမ်းခံကြွလာတာမဟုတ်ပါဘူး..ဒီအိမ်မှာလူမမာရှိတယ်ကြားလို့ကိုယ်တော်ကလည်းဆေးနည်းနည်းကုတတ်တော့လာ
ကူညီပေးတာပါဒကာမလေး" လို့မိန့်ကြားလိုက်တယ်...
အိမ်ဖော်မိန်းကလေးကလည်းသူဆုံးဖြတ်လို့မရကြောင်းနဲ့သူမရဲ့သခင်တွေကိုပြန်ပြောကြည့်ပါမယ်ဆိုတဲ့အကြောင်းပြောပြီးအိမ်ရှင်တွေ
ကိုပြောကြည့်တော့သဘောတူခွင့်ပြုတာကြောင့်ဘုန်းတော်ကြီးကိုအိမ်ထဲကိုပင့်ဖိတ်ခဲ့တယ်.......
ဘုန်းတော်ကြီးအိပ်ခန်းထဲကိုရောက်တော့ကုတင်ပေါ်မှာဖြူဖတ်ဖြူရော်နဲ့အရိုးပေါ်အရေတင်ပိန်လှီစွာနဲ့နွမ်းနယ်နုန်းချိစွာလဲလျောင်းနေ
တဲ့လူမမာသည်ကောင်လေးကိုတွေ့လိုက်ရတယ်....အိမ်ဖော်မိန်းကလေးလည်းဘုန်းတော်ကြီးအတွက်သောက်တော်ရေတခွက်ပေး
လိုက်ပြီးလူမမာကုတင်ဘေးမှာပဲထိုင်ခုံတစ်လုံးစီစဉ်ပေးလိုက်တယ်...ဘုန်းတော်ကြီးကလည်းအခြေအနေကြည့်ပြီးတော့....
" တော်တော်အခြေအနေဆိုးနေတာပဲ "
လို့ရေရွတ်လိုက်တယ်.....လူမမာကောင်လေးကလည်းစိတ်နဲ့ကိုယ်နဲ့မကပ်စွာနဲ့ပဲဘာမှမကြား
သလိုတိတ်ဆိတ်ငြိမ်သက်စွာနေနေတယ်......ဘုန်းတော်ကြီးလည်းသူလုပ်သင့်တာတွေလုပ်ပြီးတော့...
" ဒကာလေးကတော်တော်သနားစရာကောင်းတယ်....မယုံရင်မှန်ထဲကိုကြည့်လိုက်စမ်းပါ"
လို့မိန့်တော်မူပြီးကောင်လေးအိပ်ခန်းထဲက
ကိုယ်လုံးပေါ်မှန်တစ်ချပ်ဆီကိုညွှန်ပြလိုက်တယ်...
ကောင်လေးလည်းလုံးဝစိတ်ဝင်စားမှုမရှိပဲငေးငေးငိုင်ငိုင်နေနေရာကနေတစ်ချက်မှန်ထဲကိုကြည့်လိုက်တယ်ဆိုရင်ပဲ...မှန်ထဲမှာသူ့ချစ်
သူကောင်မလေးပုံကိုတွေ့လိုက်ရတယ်....သိတ်မကြာခင်မှာပဲကောင်မလေးပုံရိပ်ကေ၀၀ါးပျောက်ကွယ်သွားပြီးပင်လယ်ကမ်းခြေတခု
ပုံပြောင်းလဲသွားတယ်....အဲ့ပင်လယ်ကမ်းခြေဟာတိတ်ဆိတ်ငြိမ်သက်နေပြီးလူအသွားအလာမရှိဘူး.....လူမမာကောင်လေးကမှန်ထဲ
ကပုံရိပ်ကိုစိတ်ဝင်စားစွာကြည့်နေစဉ်မှာပဲမိန်းကလေးအလောင်းတစ်လောင်းဟာလဲလျောင်းနေတဲ့အနေအထားနဲ့ကမ်းခြေမှာရှိနေတာ
ကိုမြင်လိုက်ရတယ်.....ခဏကြာတော့လူတစ်ယောက်ဖြတ်လျှောက်လာတယ်...သူကအလောင်းကိုရွံရှာစွာကြည့်ပြီးလျင်မြန်စွာဖြတ်
လျှောက်သွားတယ်.....အချိန်အတော်လေးကြာတော့နောက်လူတစ်ယောက်ဖြတ်လျှောက်လာပြီးအဲ့ကောင်မလေးအလောင်းကိုတွေ့
သွားပြန်တယ်...ဒီလူကတော့စိတ်မကောင်းဖြစ်ပြီးသူ့ရဲ့အပ်ါရုံအင်္ကျီကိုချွတ်လို့ခြုံပေးပြီးခရီးဆက်ထွက်သွားတယ်....အဲ့လိုနဲ့နောက်ထပ်
အချိန်တော်တော်လေးကြာလာတော့နောက်ထပ်လူတစ်ယောက်ရောက်လာပြန်တယ်...ဒီလူကအပေါ်ရုံခြုံထားပြီးလဲလျောင်းနေတဲ့ပုံစံ
ကိုစိတ်ဝင်စားပြီးခြုံထည်ကိုလှန်ကြည့်တော့မိန်းကလေးအလောင်းကိုတွေ့သွားပြီးအရမ်းသနားစိတ်ဝင်လာကာမြေမြုပ်ပေးလိုက်ဖို့ဆုံး
ဖြတ်လိုက်တယ်...ဒါပေမယ့်သူ့ဆီမှာမြေကျင်းတူးဖို့ဘာပစ္စည်းမှပါမလာဘူး....နောက်ဆုံးမှာသူ့ရဲ့လက်နှစ်ဖက်ကိုအသုံးပြုဖို့သူဆုံးဖြတ်
လိုက်တယ်....လူရွယ်ဟာသူ့လက်နှစ်ဖက်နဲ့မြေတွေကိုယက်ပြီးတဖြေးဖြေးချင်းတူးလာလိုက်တာညနေစောင်းအချိန်မှာမိန်းကလေး
အလောင်းကိုမြုပ်ဖို့လုံလောက်တဲ့ကျင်းတစ်ကျင်းကိုတူးလို့ပြီးသွားတယ်....အဲ့လူလည်းမိန်းကလေးအလောင်းကိုကောင်းမွန်စွာမြုပ်နှံ
ပေးခဲ့ပြီးခရီးဆက်ထွက်ခွာသွားတယ်...အဲ့ဒီနောက်မှာမှန်ထဲမှာမိန်းကလေးအလောင်းရဲ့မျက်နှာပုံပြန်ပေါ်လာပြီးအဲ့မျက်နှာကနေသူ့ချစ်
သူကောင်မလေးရဲ့မျက်နှာကိုပြောင်းသွားခဲ့တယ်....လူမမာကောင်လေးလည်းအလွန်အမင်းအံ့သြနေစဉ်မှာပဲမြေမြုပ်ပေးတဲ့လူရွယ်ရဲ့
မျက်နှာပြန်ပေါ်လာပြီးလူတစ်ယောက်ရဲ့မျက်နှာအဖြစ်ပြောင်းသွားပြန်တယ်...အဲ့ဒီနောက်မှာတော့မှန်ထဲကပုံရိပ်တွေအကုန်ပျောက်
ကွယ်သွားခဲ့တယ်....ကောင်လေးလည်းအံ့သြစွာနဲ့မင်သက်နေတုန်းမှာပဲဘုန်းတော်ကြီးကခုလိုပဲမိန့်ကြားတော်မူလိုက်တယ်...
"
ခုဆိုရင်ဒကာလေးလည်းသဘောပေါက်လောက်ပြီထင်တယ်...အဲ့မိန်းကလေးအလောင်းကဒကာလေးရဲ့ချစ်သူမိန်းကလေးဖြစ်တယ်..
ဘ၀တစ်ခုမှာသူမရဲ့အလောင်းကိုမြေမြုပ်ပေးတဲ့ကုသိုလ်ကံရေစက်ကြောင့်အဲ့ဒီလူငယ်ဟာဒီဘ၀မှာကောင်မလေးနဲ့လက်ထပ်ပေါင်းသင်း
ခွင့်ရခဲ့တယ်...ဒကာလေးကတော့သူမရဲ့အလောင်းကိုအပ်ါရုံနဲ့လွှမ်းခြုံပေးခဲ့တဲ့ရေစက်ကံကြောင့်ဒီဘ၀မှာသူမနဲ့
သုံးနှစ်တာချစ်ခင်ခွင့်
ရခဲ့တယ်..ခုသုံးနှစ်ပြည့်လို့ရေစက်ကုန်ချိန်မှာခွဲခွာရတယ်"
ဘုန်းတော်ကြီးရဲ့စကားအဆုံးမှာကောင်လေးလည်းအမြင်မှန်ရပြီးနားလည်သဘောပေါက်သွားခဲ့တယ်..နောက်ပိုင်းမှာကောင်လေးလည်း
ပြန်လည်ကျန်းမာလာပြီးလောကီကိုစွန့်လို့သင်္ကန်းဝတ်သွားတော့တယ်...
ပုံပြင်လေးကတော့ဒီလောက်ပါပဲ..
ဆိုလိုချင်တာကတော့ ကျွန်မတို့လူသားတွေအချင်းချင်းဒီဘ၀မှာအဖေ၊ အမေ၊
ဆွေမျိုးညီအစ်ကိုမောင်နှမ၊ သူငယ်ချင်းမိတ်ဆွေ၊
ချစ်သူ၊
ရန်သူအဖြစ်နဲ့တွေ့ဆုံတော်စပ်ပတ်သက်ခွင့်ရကြတာဟာအမှုမဲ့အမှတ်မဲ့မဟုတ်ပါဘူး....ဘ၀တစ်ခုခုကပြုခဲ့တဲ့ရေစက်ကံကြောင့်
သာဤမျှများပြားလှသောလူ့ဘောင်အဖွဲ့အစည်းအတွင်းမှာတွေ့ဆုံရင်းနှီးချစ်ခင်ခွင့်ရခဲ့ကြတာဖြစ်ပါတယ်...အဲ့လိုပဲရေစက်ကုန်ချိန်
ရောက်ရင်ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှဆွဲထားလို့မရပဲသေကွဲ၊ ရှင်ကွဲ
မျိုးစုံနဲ့ခွဲခွာကြရမှာပါ.....အဲ့ဒါကြောင့်ခုမခွဲခွာရခင်အချိန်လေး
မှာမိမိနဲ့ပတ်သက်ခွင့်ရခဲ့တဲ့သူတွေအပေါ်မှာတတ်နိုင်သလောက်စိတ်ချမ်းသာမှုတွေ..မေတ္တာတွေပေးနိုင်သလောက်ပေးနိုင်အောင်ကြိုး
စားသင့်ပါတယ်.....ဘာဖြစ်လို့လဲဆိုတော့လူတိုင်းလူတိုင်းဘယ်သူကမှဘယ်သူ့ကိုဘယ်အချိန်မှာရေစက်ကုန်လို့ခွဲခွာကြရမယ်ဆိုတာကို
မသိနိုင်ကြလို့ပဲဖြစ်ပါတယ်......

forward mail မှ ဖတ်ကြည့်မိတဲ့. ပုံပြင်လေးမှာ...  လက်ရှိဘ၀မှာ ကြုံတွေ့နေရတဲ့
တွေ့ဆုံကြုံကွဲ ဖြစ်ရပ်တွေအတွက် အသိတရားတစ်ခု ရရှိနိုင်ရန်အတွက် ပြန်လည်မျှဝေလိုက်ပါတယ်။

zawtk...

Thursday, December 17, 2009

အဘက လည်း မြင်းတစ်ကောင်ပေးလိုက်တယ်


ပုံပြင်လေးကိုသဘောကျလို့ တောသူမလေး ဘလော့မှ ကူးယူပြီး စာဖတ်ပရိတ်သတ်ကို ပြန်လည် မျှဝေလိုက်ခြင်းဖြစ်ပါတယ်။





တစ်ခါက ရွာလေးတစ်ရွာမှာ လင်မယားနှစ်ယောက်ဟာ အသက်ကြီးလာမှ သမီးလေးတစ်ယောက်ရတယ်. . . . သမီးလေးတစ်ယောက်ရတယ်. . . . သမီးလေးဟာ ငယ်ငယ်လေးကတည်းက ချူချာလှတယ်. . . . မိခင်ဖခင်တို့ ဟာ သမီးလေးကို အရိပ်တကြည့်ကြည့်နဲ့ ပေါ့. . . သမီးလေးအတွက် ကြိုးစားလုပ်ကိုင်ရင်း သူတို့ဟာ စီးပွားတက်လာသတဲ့ . . . ဒါကြောင့် သမီးလေးကို ဖူးဖူး မှုတ်ထားကြတာပေါ့. . .

ပိုသမျှ ငွေတွေကိုလည်း ရွှေတွေ ၀ယ်ပြီး သူ့ အတွက် လက်ဝတ်ရတနာ လုပ်ထားပေးတာ တစ်ဆင်စာတောင် ပြည့်သွားတာပေါ့. . . တောရွာမှာ ဒီလောက်ဟာ အတော်ချမ်းသာတဲ့ သူတွေ တတ်နိုင်ကြတာကိုး . . . ဒါပေမယ့် သူတို့ အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေတဲ့ သမီးလေးဟာ အပျိုဖြစ်ခါမှ ဆုံးပါးသွားသတဲ့. . . အဖေကြီးဟာ လည်း ၀မ်းနည်းသလို၊ အမေကြီးဟာလည်း ဖြေမဆည်နိုင်ဘူးတဲ့. . .

“သြော်သမီးလေး ၊ လက်ဝတ်ရတနာတွေကိုသော်မှ မ၀တ်သွားရပါကကော “ဆိုပြီးငိုတာပေါ့. . . .
ရက်တွေ အတော်ကြာလာပေမဲ့ အမေကြီးဟာ သမီးကို မမေ့နိုင်ဘူး ၊ နေ့စဉ် ငိုကြွေးနေတာပဲတဲ့. . . ဒါကို ကြားသိတဲ့ အကြံသမားတစ်ယောက်ဟာ အခြေအနေကို အကဲခတ်နေတာပေါ့. . . .

တစ်ရက်မှာ အကြံသမားဟာ အဘိုးကြီးအပြင်သွားနေတုန်း အမယ်ကြီးထံကိုလာသတဲ့ . . သူဟာရိုးရိုးမလာဘူး . . . ဇာတ်ထဲက နတ်ဝတ်တန်ဆာတွေ ငှားဝတ်ခဲ့ပြီး ခပ်တည်တည်နဲ့ အိမ်ထဲဝင်ခဲ့ပါသတဲ့. . . . . အိမ်ထဲရောက်တော့ ငိုကြွေးနေတဲ့ အမယ်ကြီးကို “ဟယ် သင်လူသား ၊ သင်၏ သမီး အမှာစကားရှိခဲ့တာကြောင့် ငါရောက်လာရတယ်. . . .” လို့ ဇာတ်သံနဲ့ပြောတာပေါ့. . .

ဒီတော့ အမယ်ကြီးက “ဘာများမှာလိုက်လဲ အရှင်နတ်မင်း . . “. . . “တခြားတော့မဟုတ်ပါဘူး . . သင်၏ချစ်မငြီး ထိုသမီးလေးဟာ နတ်ပြညနတ်ရွာခြောက်ထပ်မှာ ကောင်းမွန်စွာနေထိုင်နေကြောင်းပါ.” . . “သို့သော် သူ့မှာ လက်ဝတ်ရတနာရွှေငွေတွေ မပါခဲ့တာကြောင့် ကျွန်ုပ်အား လူကြုံပါး၊ အဲလေ နတ်ကြုံပါးပြီး ယူခိုင်းလိုက်ပါတယ်. ”

ဒီတော့ အမယ်ကြီးဟာ အဟုတ်မှတ်ပြီး သမီးလေးအတွက် ရည်ရွယ်လုပ်ကိုင်ထားတဲ့ လက်ဝတ်လက်စား အစုံလိုက်ကို ပေးလိုက်လေသတဲ့. . . အကြံသမားဟာ ပစ္စည်းရရခြင်း ရွာတောင်ဘက်ကို ထွက်ပြေးသွား လေသတဲ့. . . အတော်လေးကြာတော့ အဘိုးကြီးပြန်ရောက်လာတယ်. . . . ဒီအခါ အမယ်ကြီးက “သတင်းကောင်းပြောရဦးမယ်တော်ရေ ၊ ကျုပ်တို့သမီးလေးက နတ်ပြည်ရောက်နေတယ်. “. . . “ဟင်ဘယ်လိုလုပ်သိလဲ ရှင်မရယ်. “. . “စောစောကပဲ နတ်သားတစ်ပါးလာပြောသွားတယ် . . ကျုပ်တောင်မှ သမီးမှာလိုက်တဲ့ လက်ဝတ်လက်စားတွေ ထည့်ပေးလိုက်သေးတယ်. . . ”

ဒါကိုကြားတော့ အဘိုးကြီးက အလိမ်မိပြီဆိုတာကို ချက်ခြင်း ရိပ်မိတာပေါ့. . ဒါပေမယ့် အမယ်ကြီးစိတ်မကောင်း ဖြစ်မှာစိုးလို့ ဘာမှာ မပြောဘဲ “ဘယ်ဘက်ကိုသွားသလဲလို့ သာ “မေးတယ် . . တောင်ဘက်ကို လို့ အဘွားကြီး က ဖြေတော့ အဘိုးကြီးက တောင်ဘက်ကို မြင်းဒုန်းစိုင်းစီးကာ လိုက်သွားလေတယ်. . . ဒီလိုနဲ့ ခပ်လှမ်းလှမ်းမှာ သုတ်ခြေတင်နေတဲ့ နတ်ဝတ်နတ်စားနဲ့ လူတစ်ယောက်ကို လှမ်းတွေ့တာပေါ့

အဲဒီလူက နောက်ကမြင်းနဲ့လိုက်လာတဲ့ အဘိုးကြီးကိုလည်းတွေ့ရော ပြေးတော့တာပဲ တဲ့ . . အဘိုးကြီးကလိုက် . . . သူက ပြေးပေါ့လေ. . . ဒါပေမယ့် မြင်းကလူထက်မြန်တော့ မလွတ်နိုင်မှန်း သိပြီ ချုံတောထဲဝင်ပြေးပြီး ပုန်းနေလိုက်သတဲ့. . အဘိုးကြီး ဟာ အဲဒီလူ ဒီနားမှာတင် ပျောက်သွားတာ သိတော့ မြင်းပေါ်က ဆင်းပြီး ဘေးနားက ချုံထဲကို ဖြဲရှာတာပေါ့. .

ဒီအခါ ပုန်းနေသူက ချုံတစ်ဖက်ကထွက်လာပြိး အဖိုးအို ရဲ့ မြင်းကိုစီးကာ ထွက်ပြေးသွားလေသတဲ့. . . မြင်းနဲ့ပြေးသွားတဲ့ လူလိမ်ကို မမှီနိုင်တော့တဲ့အတွက် အဖိုးအိုဟာ စိတ်ပျက်လက်ပျက်နဲ့ လှမ်းအော်လိုက်သတဲ့

“သမီးကို ပြောလိုက်ပါ. . သမီးအတွက် အဘလည်း မြင်းတစ်ကောင် ပေးလိုက်ပါတယ်လို့ ”

“မိမိရဲ့ အားနည်းချက်ကို တစ်ဖက်သားသိအောင် မလုပ်ပါနဲ့ ”

“ဒါကို အခွင့်အရေး ယူပြီး မိမိကို နင်းတတ်တယ်”

“သဘာဝကို မလွန်စေနဲ့ ”

“သဘာဝလွန်ဆိုတာ တကယ်တော့ မရှိဘူး အလိမ်ခံရတတ်တယ်”

မြန်မာ့ရိုးရာ ပုံပြင်များ


ဲ( မြန်မာသူငယ်ချင်းများနေ့မှ သူငယ်ချင်း ကေခမ်းပို့ပေးတဲ့ ပုံပြင်လေးပါဖတ်ကောင်းတာနဲ့ ပြန်မျှဝေလိုက်ပါတယ်ရှင့်..)


အားလုံးကိုချစ်ခင်လေးစားလျှက်…


zawtk...



story လေးပါ

အေးချမ်းတဲ့ မြို့လေးတစ်မြို့မှာ တစ်ဦးကိုတစ်ဦး အရမ်းချစ်ကြတဲ့
ချစ်သူနှစ်ဦးရှိတယ်။ သူတို့ဟာ အမြဲမခွါ တစ်တွဲတွဲပဲ နေ့တိုင်း
ပင်လယ်ဘေးကို သွားပြီး နေထွက်၊ နေ၀င်ချိန်ကို သွားကြည့်ကြတယ်။ သူတို့က
မြင်သူတကာ အားကျတဲ့ စုံတွဲလေးပါ။

ဒါပေမဲ့ တစ်နေ့မှာ မတော်တဆ ကားတိုက်မှုကြောင့် ကောင်မလေး အပြင်းအထန်
ထိခိုက်ဒဏ်ရာ ရပြီး မေ့မျှောသွားခဲ့တယ်။ အိပ်ရာထဲမှာပဲ ငြိမ်သက်စွာ
လဲလျောင်းနေရတယ်။ နေ့ဖက်ဆိုရင် ကောင်လေးက ကောင်မလေးနားမှာနေပြီး
သူ့နာမည်ကို တတွတ်တွတ် ရွတ်ခေါ်တယ်။ ညဖက်ဆိုရင် ဘုရားကျောင်းသွားပြီး
ကောင်မလေး ကျန်းမာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။ အချိန်တွေ တဖြေးဖြေး
ကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာ ငိုရလွန်းလို့ မျက်ရည်တွေတောင်
ခမ်းလုနီးနေပြီ။ ကောင်မလေးက မေ့မျှောနေဆဲပဲ။ ဒါပေမဲ့ ကောင်လေး
လက်မလျှော့ခဲ့ဘူး။ ဘုရားသခင်ထံ ဆုတောင်းမြဲ ဆုတောင်းတယ်။

ဒီလိုနဲ့ တစ်ညမှာ ဘုရားသခင်က ကောင်လေးရဲ့ မလျှော့တဲ့ ဇွဲနဲ့
ကောင်မလေးအပေါ်ထားတဲ့ မေတ္တာတရားကြောင့် သူ့အပေါ် သနားသက်ဝင်ပြီး
မျှော်လင့်ချက် တစ်ခုပေးလိုက်တယ်။ ဘုရားသခင်က ကောင်လေးကို " ကောင်မလေးရဲ့
အသက်ကို ကိုယ့်ဘ၀နဲ့ လှဲလှယ်နိုင်မလား" လို့ မေးတယ်။ ကောင်လေးက
တွေဝေမနေဘဲ လှဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။

"ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နှိုးလာဖို့ အသင် ပုစဉ်းဘ၀နဲ့
သုံးနှစ်အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား" လို့ ဘုရားသခင်က မေးပြန်တယ်။
ကောင်လေးက မဆိုင်းမတွဘဲ သဘောတူကြောင်း ချက်ချင်း ပြန်ဖြေလိုက်တယ်။

မိုးလင်းတာနဲ့ ကောင်လေးဟာ ပုစဉ်းတစ်ကောင် အသွင်ပြောင်းသွားခဲ့တယ်။
ပုစဉ်းလေးက ဆေးရုံဖက်ကို အလျှင်အမြန် ပျံလာတယ်။ လူနာခန်းထဲ ၀င်ကြည့်တော့
ကောင်မလေးက နှိုးနေပြီး ဆရာဝန်တစ်ဦးနဲ့ စကားပြောနေတာကို တွေ့တယ်။
သူတို့ပြောနေတာတွေကို ပုစဉ်းက မကြားရဘူး။ တစ်ပတ်၊ နှစ်ပတ်နေတော့
ကောင်မလေး ကျန်းမာလာပြီး ဆေးရုံက ဆင်းခဲ့တယ်။ ဒါပေမဲ့ သူမပျော်ဘူး။
နေရာအနှံ့ ကောင်လေးကို လိုက်စုံစမ်းတယ်၊ လိုက်ရှာတယ်။ ကောင်လေး
ဘယ်ပျောက်သွားမှန်း ဘယ်သူမှ မသိကြဘူး။ ကောင်လေးက ပုစဉ်းအသွင်နဲ့
ကောင်မလေးဘေးမှာ ရစ်ဝဲ ပျံသန်းနေပေမဲ့ ကောင်မလေးကို သူခေါ်လို့ မရဘူး။
ပွေ့ဖက်လို့ မရဘူး။ ကောင်မလေးကိုပဲ ငေးစိုက်ကြည့်နေခဲ့ရတယ်။

ဒီလိုနဲ့ နွေရက်တွေ တဖြေးဖြေး ကုန်လွန်ပြီး ဆောင်းဦးကို ရောက်လာခဲ့တယ်။
ဆောင်းလေညင်းတွေကြောင့် သစ်ရွက်တွေ တဖြုတ်ဖြုတ် ကြွေကုန်တယ်။ ပုစဉ်း
ဒီနေရာက ခွာရတော့မယ်။ နောက်ဆုံးအကြိမ်အဖြင့် ကောင်မလေးရဲ့
ပုခုံးထက်နားကို သူအရဲစွန့်ပြီး သွားနားလိုက်တယ်။ နူးညံ့တဲ့ တောင်ပံနဲ့
ကောင်မလေးရဲ့ ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ ပါးစပ်နဲ့ ကောင်မလေးရဲ့
ပုခုံးသားကို ရှိုက်နမ်းလိုက်တယ်။ ကောင်မလေး သတိမထားမိခင်မှာ သူတိတ်တဆိတ်
ထပျံလာခဲ့တယ်။

မျက်စိတမှိတ်အတွင်းမှာပဲ နွေဦးရာသီကို ရောက်လာခဲ့တယ်။ နွေရောက်တာနဲ့
ချက်ချင်းပဲ ပုစဉ်းဟာ ကောင်မလေးနားကို အရောက်ပျံသန်းလာခဲ့တယ်။ ဒါပေမဲ့
သူရင်းနှီးတဲ့ ကောင်မလေးရဲ့ဘေးမှာ ခန့်ညားတဲ့ သူစိမ်းကောင်လေးတစ်ယောက်ကို
သူ တွေ့လိုက်တော့ ပျံသန်းနေတဲ့ သူ့တောင်ပံတွေ လေဟာနယ် တ၀က်တပျက်မှာ
အရပ်တန့်ခံလိုက်ရတယ်။

လူတွေက ကောင်မလေး ကားတိုက်ခံရတာ ဒဏ်ရာတွေ ဘယ်လောက် ပြင်းထန်ကြောင်း၊
ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ဟာ ကောင်မလေးအပေါ် ဘယ်လောက် ဂရုစိုက်ကြောင်း၊
သူတို့ရဲ့ အချစ်တွေက စံတင်ထိုက်တဲ့အကြောင်း၊ ကောင်မလေး ဘ၀က အရင်လို
ပျော်ရွှင်ချမ်းမြေ့ နေပြီဖြစ်တဲ့အကြောင်း ပြောသံတွေကို
ပုစဉ်းကြားလိုက်ရတယ်။ ပုစဉ်း ရင်ကွဲရပြန်တယ်။ ဆရာဝန်ကောင်လေးနဲ့
ကောင်မလေး ပင်လယ်ဘေးသွားပြီး နေ၀င်၊ နေထွက်ကြည့်တာကို သူအမြဲတွေ့နေရပေမဲ့
တစ်ခါတလေ ကောင်မလေးရဲ့ ပုခုံးထက်မှာ ခဏသွားနားတာကလွဲလို့ သူဘာမှ
မတတ်နိုင်ခဲ့ဘူး။

ပုစဉ်းလေးဟာ ရင်ထဲက ဝေဒနာတွေကို ကြိတ်မှိတ်ခံစားရင် ဒီနှစ်နွေဟာ
ခါတိုင်းနွေထက် ပိုရှည်လျှားနေတယ်လို့ ထင်မိတယ်။ ကောင်မလေးနားမှာ
ရစ်ဝဲပျံသန်းဖို့လည်း သူမှာ ခွန်အားတွေ ဆုတ်လျော့နေတယ်။
ဆရာဝန်ကောင်လေးနဲ့ ကောင်မလေးရဲ့ တီးတိုးစကားပြောသံနဲ့ ရယ်သံတွေက သူ့ကို
အသက်ရှုကျပ်စေတယ်။

သုံးနှစ်မြောက် နွေရာသီမှာတော့ ပုစဉ်းဟာ ကောင်မလေးကို ခဏခဏ
သွားမကြည့်တော့ဘူး။ သူနားနေကျ ကောင်မလေးရဲ့ ပုခုံးကို ဆရာဝန်ကောင်လေးက
တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ ထိနေကျ ကောင်မလေးရဲ့
ပါးပြင်ဟာလည်း ဆရာဝန်ကောင်လေးက တယုတယနမ်းနေတယ်။ ပုစဉ်းရင်ကွဲတစ်ကောင်က
သူ့တို့ဘေးမှာ ရစ်ဝဲနေတယ်ဆိုတာကို ချစ်တင်းနှောပြီး ကြည်နှုးနေတဲ့
သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ဘူး။ ကောင်မလေးကလည်း အတိတ်ဆိုတာကို
လုံးဝ သတိမေ့သွားခဲ့ပြီလေ။

သတ်မှတ်ထားတဲ့ (၃)နှစ်ဆိုတဲ့ အချိန်ကိုရောက်ဖို့ တစ်ရက်အလိုမှာ
ကောင်မလေးနဲ့ ဆရာဝန်ကောင်လေးတို့ လက်ထပ်လိုက်ကြတယ်။ ဘုရားကျောင်းထဲ
သူပျံဝင်ပြီး ကောင်မလေးရဲ့ ပုခုံးထက်မှာ နားလိုက်တယ်။ ကောင်မလေးနဲ့
ဆရာဝန်ကောင်လေးရဲ့ ဘုရားသခင်ထံ သစ္စာခံယူနေတဲ့ အသံကို သူကြားလိုက်တယ်။
ဆရာဝန်ကောင်လေးက ကောင်မလေးရဲ့ လက်ကို လက်ထပ်လက်စွပ် စွပ်ပေးပြီး
နမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာ မျက်ရည်တွေ
စီးကျလာခဲ့တယ်။

"အသင် နောင်တရပြီလား" ဘုရားသခင်က ပုစဉ်းကို မေးတယ်။
"နောင်တ လုံးဝမရပါဘူး" မျက်ရည်တွေကို သုတ်ရင်း သူပြန်ဖြေတယ်။
"မနက်ဖြန်ဆို လူ့ဘ၀အသွင် ပြောင်းလို့ရပြီ" ဘုရားသခင်က ပြောတော့ ပုစဉ်းက
ခေါင်းခါပြီး "ပုစဉ်းအဖြစ်နဲ့ ကျွန်တော်တစ်သက်လုံး နေပါရစေတော့။
တစ်ချို့ကံတရားက လက်လွတ်ဆုံးရှုံးဖို့ စီရင်လာပြီးသားပါ။ တစ်ချို့ဖူးစာက
ပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး။ လူတစ်ယောက်ကို ချစ်တာ ရယူပိုင်ဆိုင်မှ
မဟုတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့
ကောင်းကောင်း တန်ဖိုးထား ချစ်တတ်ရမယ်"

သင့်ရဲ့ ပုခုံးပေါ်မှာရော ပုစဉ်းလေးတစ်ကောင် နားခဲ့ဖူးသလား....?
သင်ကော ပုစဉ်းလေးတစ်ကောင် ဖြစ်ခဲ့ဖူးသလား......?

ဟိုး...အရင်တုန်းက forword mail မှာဖတ်ခဲ့ရတဲ့ပုံပြင်လေးကို သိမ်ထားမိရာကနေ ပြန်လည်ဖတ်မိတဲ့အတွက် ပြန်လည်မျှဝေလိုက်ခြင်းဖြစ်ပါတယ်။

zawtk..

Wednesday, December 2, 2009

စကားဆုံးအောင်ပြောခွင့်ပေးပါ

ပုံပြင်လေးတစ်ပုဒ်က ဒီလိုဆိုပါတယ်။

ငါးနှစ်အရွယ် သားငယ်ကို မိခင်ဖြစ်သူက "သား.. သားနဲ့မေမေတို့ အပြင်ထွက်လည်ကြတဲ့အချိန် မေမေတို့ ရေအရမ်းငတ်ပြီး ရေဗူးလဲမပါခဲ့ဘူးဆိုပါစို့။ ဒါပေမယ့် သားလွယ်အိတ်ထဲမှာ ပန်းသီးနှစ်လုံး ရှိနေခဲ့တယ်ဆိုရင် သားဘာလုပ်မလဲ?" လို့ မေးခဲ့တယ်။

"ပန်းသီးနှစ်လုံးကို သားတစ်ကိုက်စီ ကိုက်ပစ်မယ်" သားက ခေါင်းလေးစောင်းပြီး စဉ်းစားရင်း ပြန်ဖြေတယ်။

သားအဖြေက မိခင်ဖြစ်သူကို မျှော်လင့်ချက်မဲ့စေတယ်ဆိုတာကို မပြောလည်း သိကြပါလိမ့်မယ်။ မိခင်က တစ်ခြားမိဘတွေလို သားကိုအပြစ်တင်စကားပြောမယ်၊ နောက်ပြီး သားကို ဘယ်လိုလုပ်သင့်တယ်လို့ ပြောဆိုဆုံးမမယ်လို့ စိတ်ကူးပြီး စကားစဖို့ပြင်တယ်။ ဒါပေမယ့် စကားမစခင် မိခင်ကရုတ်တရက် အကြံပြောင်းသွားပြီး သားမျက်နှာကို ပွတ်သပ်ရင်း ပြန်မေးတယ်။

"သား... သားဘာဖြစ်လို့ ဒီလိုလုပ်ရသလဲဆိုတာ မေမေကိုပြောပြနိုင်မလား?"

"ဟို.. ဟို အချိုဆုံးတစ်လုံး မေမေ့ကိုပေးမလို့ပါ" သားက မျက်လုံးလေးပုတ်ခတ် ပုတ်ခတ်နဲ့ အပြစ်ကင်းကင်း ပြန်ဖြေတယ်။

မိခင်ရဲ့မျက်လုံးအိမ်ထဲမှာ ဝမ်းသာတဲ့မျက်ရည်တွေ လက်ခနဲ့ထသွားခဲ့တယ်။

အဲဒီမိခင်ကို ကံကောင်းတဲ့မိခင်လို့ မြင်မိတယ်။ ဘာဖြစ်လဲဆိုတော့ သူ့ရဲ့ယုံကြည်ခွင့်လွတ်စိတ်နဲ့ သားရဲ့အချစ်ကို ခံစားခဲ့မိလို့ဖြစ်တယ်။ သားကိုလည်း ကံကောင်းသူအဖြစ် မြင်မိတယ်။ စကားကို ဆုံးအောင်ပြောခွင့်ပေးတဲ့ မိခင်ကြောင့် သူ့ရင်ထဲက ရိုးသားမှုတွေကို ထုတ်ဖော်ခွင့်ရခဲ့လို့ဖြစ်တယ်။

http://www.duwenzhang.com 让孩子把话说完

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

zawtk...

ဖိုးသူတော်ပြောသော ပုံပြင်

ဒီတစ်ခါ ဖိုးသူတော်ကြီး ပြောပြတာကတော့ " ချမ်း " လို့ခေါ်တဲ့နတ်ကလေးတစ်ကောင်အကြောင်းပါ။

နတ်ဖြစ်လျက်သားနဲ့ " နတ်တစ်ပါး " လို့မသုံးနှုံးဘဲ " နတ်တစ်ကောင် " လို့ ဘာကြောင့် ပြောရတာလဲ

ဆိုတာမေးစရာရှိပါတယ်။ အဲဒီ " ချမ်း " ဆိုတဲ့နတ်က သည့်ပြင်နတ်တွေလို ပေမီဒေါက်မီ မဟုတ်ဘူး။

နောက်ထပ်ပြောစရာတစ်ခုရှိတာက အဲဒီ " ချမ်း " လို့ခေါ်တဲ့နတ်ကလေးက လူရှုပ်၊ လူနောက်ကလေး။

အဲလေ......နတ်ရှုပ် နတ်နောက်ကလေး ဆိုပါတော့။ သူများကို ပြောင်တတ်တယ်၊ ချောက်တွန်းတတ်

တယ်။ ပြီးရင်သူ့ဘာသာသူ ပျော်ရွှင်နေတာ။

ဗြိတိသျှ အင်ဆိုက်ကလို ပီးဒီးယား စာအုပ်ထဲမှာတော့ " ချမ်း " ဆိုတာ မိစ္ဆာကောင် အသေးစားတစ်ကောင်ရဲ့

နာမည်လို့ ဖော်ပြထားတာ ဖတ်ဖူးတယ်။ ဒါပေမယ့်........ဟောဒီဖိုးသူတော်ကြီးရဲ့ပုံပြင်ထဲမှာတော့ သူဟာ

မိစ္ဆာကောင်လေး မဟုတ်ပါဘူး။ လူတွေကိုလည်း ဒုက္ခမပေးတတ်ပါဘူး။ အင်မတန် ကူညီချင်တတ်တဲ့၊

စိတ်ကောင်းရှိတဲ့ နတ်ကလေးပါ။

တစ်နေ့တော့ " ချမ်း " ဟာဒုက္ခရောက်နေတဲ့ လူတွေကိုကူညီဖို့ခရီးထွက်လာခဲ့သတဲ့။ လမ်းမှာ ရွှံနွံအိုင်ထဲ

နစ်နေတဲ့လှည်းတစ်စီးကိုတွေ့လိုက်ရတော့ " ချမ်း " ဟာကိုယ်ယောင်ဖျောက်ပြီး အနားကပ်ကြည့်လိုက်

တယ်။ လှည်းသမားက သနားစရာပါ။ အသက်အရွယ်ကလည်း ကြီးလှပြီ။လှည်းကလည်း အိုလှပြီ။

နွားနှစ်ကောင်ကလည်း ပိန်ချုံး ချည့်နဲ့လို့။ အရိုးပေါ်အရေတင် ဖြစ်နေတာကိုး။ ရွှံနွံထဲမှာလှည်းဘီးက

ပုံတောင်းထိအောင်နစ်နေတယ်။

လှည်းသမား အဘိုးအိုကြီးကတော့ သစ်ပင်ရိပ်အောက်မှာစိတ်ပျက်လက်ပျက် ထိုင်နေလေရဲ့။ သူ့ရဲ့ ပြာမွဲမွဲ

မျက်ဝန်းတွေထဲမှာတော့ အရာရာကို လက်လျှော့အရှုံးပေးထားတဲ့ အရိပ်တွေဟာ င်္သချိုင်းတစ်ခုလို တိတ်

တိတ်ဆိတ်ဆိတ်နဲ့ ခြောက်လှန့်နေပေတယ်။

နွားနှစ်ကောင်ကတော့ သနားစရာကောင်းပါတယ်။ဘယ်လိုမှရုန်းနိုင်တဲ့ ခွန်အားမရှိတော့တာ မြင်ရုံနဲ့

သိသာနေတာကိုး။ နွားတွေကရုန်းဖို့လည်း မကြိုးစားပါဘူးလေ။ သည်လိုပဲ လှုပ်တုပ်လှုပ်တုပ်နဲ့။

လှည်းကရွေ့ကိုမရွေ့ဘူး။

နတ်ကလေး " ချမ်း " ဟာအဲဒီမြင်ကွင်းကို ကြည့်ပြီးသိပ်သနားသွားတယ်။ စိတ်ပျက်လက်ပျက် ထိုင်နေ

တဲ့ လှည်းသမား အဘိုးအိုကိုအရမ်းကူညီချင်လာတာပေါ့။ ဒါနဲ့ပဲ နတ်ကလေး " ချမ်း " ဟာသူ့ကိုယ်သူ

နွားဆိုးကြီးတစ်ကောင်ယောင် ဖန်ဆင်းလိုက်တယ်။ တကယ့် အားကောင်း မောင်းသန်နွားထွားထွား

ကျိုင်းကျိုင်းကြီးပေါ့လေ။

ပြီးတော့ ... လှည်းသမားကြီးရဲ့ အနားတရစ်ဝဲ၀ဲ သွားပြီးဟိုအရွက် စားသလို၊ သည်မြက်စားသလိုနဲ့

ကိုယ်ဟန်ပြလိုက်တယ်။ လှည်းသမားကြီးက “ ချမ်း ” ကိုလည်း မြင်ရော ၀မ်းသာသွားပြီး အနားချော့

ခေါ်တယ်။

" ချမ်း " ကလည်း လိုလိုချင်ချင်ပဲ လှည်းသမားကြီးရဲ့နဖားကြိုးအထိုးခံလိုက်တာပါပဲ။ ဒါနဲ့ လှည်းသမား

ကြီးဟာ သူရဲ့ လှည်းက နွားတစ်ကောင်ကို ဖြုတ်ပြီး “ချမ်း” ကို သူ့လှည်းမှာတပ်လိုက်ရော။ ပြီးတာနဲ့ ...

လှည်းပေါ်တက်လိုက်ပြီး " ဟဲ့ နွား၊ ဟဲ့နွား " ကြိမ်းမောင်းပြီး နွံထဲက လွတ်အောင် ရုန်းခိုင်းတယ်။

" ချမ်း " လည်း အားရှိသလောက်ရုန်းတာပါပဲ။ ဒါပေမယ့် အားကနည်းနည်းလိုနေတယ်။ ဘီးကလွတ်ကို

မလွတ်ဘူး။ တစ်ဖက်က နွားကနည်းနည်းပါးပါးခွန်အားရှိရင်လည်း အကောင်းသား။ အခုတော့ တကယ့်

နွားပိန်နွားခြောက်၊ “ချမ်း” ရုန်းမှသာ ဘေးက နွားက နည်းနည်းပါးပါးလှုပ်တာ။

" ချမ်း " ကတော့ရုန်းလိုက်ရတာ ချွေးဒီးဒီးကျနေပြီ။ လှည်းသမားကြီးကတော့ " ဟဲ့ နွား၊ ဟဲ့နွား " နဲ့ ကြိမ်းပြီး

" ချမ်း " ကိုကြိမ်လုံးနဲ့ အားရပါးရရိုက်တော့တာပဲ။ “ချမ်း” ကလည်း အားရှိသရွေ့ ရုန်းတာပါပဲ။ " ချမ်း " က

အားကြိုးမာန်တက်ရုန်းလေ လှည်းသမားကြီးက " ချမ်း " ကို ကြိမ်လုံးနဲ့ တရွှမ်းရွှမ်းရိုက်ပြီး " ဟဲ့ နွား၊ ဟဲ့နွား၊

ရုန်းလိုက်စမ်း " လို့မောင်းလေလေပဲ။

" ချမ်း " ခမျာတော့ ကြိမ်ဒဏ်ကြောင့် ကျောကို ကော့နေတာပဲ။ သူကဘေးမှာယှဉ်တွဲပြီး ရုန်းနေတဲ့ နွားပိန်

ကလေးကို ကြည့်လိုက်တယ်။

" ဟင်း ... ဒင်းကျတော့ သက်သာလိုက်တာ။ သိပ်လည်း မရုန်းဘူး။ တစ်ချက်မှလည်း အရိုက်မခံရဘူး "

" ချမ်း " ရဲ့ကျောပေါ်ကိုတော့ ကြိမ်လုံးက တရွှမ်းရွှမ်းကျနေဆဲပဲ။ " ဟဲ့ နွား၊ ရုန်းလိုက်စမ်း၊ ရုန်းလိုက်

စမ်းဟ " လို့အတင်းရိုက်နှက်မောင်းနှင်ခံနေရဆဲပဲ။

ကြာတော့ ..... " ချမ်း " စိတ်တိုလာတယ်။ လှည်းသမားကြီးကိုပြန်မော့ ကြည့်လိုက်ပြီး ...

" ခင်ဗျားက အတော်မတရားတဲ့ လူပဲဗျာ။ ကျုပ်ကကြိုးစားပမ်းစားနဲ့ ဆွဲပေးနေတာ ခင်ဗျား အမြင်ပဲ။

အားစိုက်နေရတဲ့ကျုပ်ကိုချည်းပဲရိုက်နေတယ်။ ဟိုဘက်ကကောင်ကိုတော့ မရိုက်ဘူး။ "

" ချမ်း " ရဲ့စကားကို ကြားတော့ လှည်းသမားကြီးက ဟိုဘက်ကပိန်ချည့်ချည့်နွားကိုတစ်ချက်လှည့်ကြည့်ပြီး

ခေါင်းခါလိုက်တယ်။ ပြီးတော့ ...

" ဟိုဘက်က ကောင်က အားမရှိဘူးကွ။ အဲဒီတော့ ရိုက်ရင်လည်းသေသာသွားမယ် ... သူကတော့ လှည်းကို

ရွှံ့ထဲက လွတ်အောင်ဆွဲနိုင်မှာမဟုတ်ဘူး။ မင်းကတော့ အားရှိတယ်။ မင်းဆွဲမှလှည်းက ရွှံ့ထဲက လွတ်မှာ။

အဲဒီတော့ မင်းကိုပဲ များများရိုက်ပြီး အတင်းရုန်းခိုင်းရမှာပဲ။ငါ့ကိုအပြစ်မတင်ပါနဲ့ကွာ။ ခွန်အားရှိနေတဲ့

မင်းကိုယ်မင်းပဲအပြစ်တင်ပါတော့ " လို့ပြောပြီး " ချမ်း " ကို ကြိမ်လုံးနဲ့ တရွှမ်းရွှမ်း ရိုက်တော့တာပဲ။

အဲဒီမှာတင် " ချမ်း " က .....

" သြော်....လောကရဲ့ သဘောကိုက အလုပ်များများ လုပ်နိုင်လေလေများများအရိုက်ခံရလေလေပါလား "

လို့ရေရွတ်ပြီး ကိုယ်ယောင်ဖျောက် လစ်ပြေးရောတဲ့။


ပုံပြင်က....ဒါပါပဲ။

fwdmail...



zawtk...

Friday, November 27, 2009

တစ္စေတစ်ကောက်ကို ယုံအပ် မယုံအပ်


ညကြီးအချိန်မတော် မိမိ သည်နေရာကို ဘယ်နည်း ဘယ်ပုံရောက်လာခဲ့သလဲ ကိုသော်တာ မတွေးတတ် ဖြစ်နေသည်။ ကားလမ်းမကြီး၏ အလယ်တည့်တည့်မှာ ရပ်နေတာကို သတိထားမိသဖြင့် လမ်းဘေးသို့ ကမန်းကတန်း ဆင်းလိုက်သည်။ ကားလမ်းမ၏ ဘေးဝဲယာမှာ လရောင်ထိုးနေသော ကွင်းပြင်နှင့် ခင်တန်းများကို တွေ့ရသည်။ ကားလမ်းဘေး တစ်လျှောက်တွင်မူ ကုက္ကိုလ်ပင် မည်းမည်းကြီးများ စီတန်းရပ်နေကြသည်။ လူရိပ်လူယောင်ကိုမူ မမြင်ရ။ ဘယ့်နှယ်နေရာပါလိမ့်။




အို...ဘယ်နေရာပဲ ဖြစ်ဖြစ်။ ရောက်လာမှတော့လည်း ရောက်တော့တာပေါ့။ နေရာကလေးကဖြင့် အေးကအေး၊ ဆိတ်ကဆိတ် လှပါဘိသနှင့်။ ဒီလိုအေးဆိတ်မှုမျိုး ရွှေမြို့တော်ကြီးတွေမှာ ရခဲလှပါဘိတောင်း။ ကလော်တိုင်းမထွက်သော ကဗျာဥာဏ်အာဘော်ကို သွားတိုက်ဆေး ညှစ်သလို အတင်းကာရော ညှစ်ထုတ်ရလျှင် ကောင်းမည်ဟု အတွေးပေါ်မိသဖြင့် ကုက္ကိုလ်ပင်ကြီးကို မှီကာ ကားလမ်းမကို ကျောပေး၊ ခင်တန်းဘက် မျက်နှာမူလျက် ထိုင်ချလိုက်သည်။ ညဥ့်လေအဟပ်မှာ ဖြန်းကနဲ ကြက်သီးထသွားသော ကိုယ်ကိုပမာမခန့်ပြုပြီး တောမြိုင်စွန်းက လွမ်းအောင်ဖန်နေပုံကို သေသေချာချာ ကြည့်မိသည်။

"ငါ့နေရာမှာ ဗီသိုဗင်ဆိုလျှင် ဒီနေရာမှာ ထိုင်နေရုံနှင့် တောကြီးဟေ၀န် တေးသွားတစ်ပုဒ်လောက် စပ်မိမှာအသေအချာ" ဟု တွေးနေမိသည်။ "ငါကတော့ ဗီသိုဗင့် မွန်းလိုက်နဲ့ တယောအစုတ်လေးနဲ့ အရူးထရုံပဲ တတ်နိုင်ခဲ့တယ်။ ဒါနဲ့ ကနောင်မင်းဖျာ့ထိပ်ထား လှိုင်ထိပ်ခေါင်တင် မင်းသမီးကလေးကတော့... စိန်ခြူးကြာညောင် လရောင်လင်းပါလို့ မှန်ရွှေကူပြတင်းရယ်က မယ်ခုမျှော်... လို့ ဆိုခဲ့ဖူးတာပဲ။ သဉ္စာလီ မွေ့ရာနန်းပေါ်မှာ စံပယ်ရင်း မှန်ပြတင်းကနေတစ်ဆင့် သူ့မှာ လရောင်ကို မြင်ရတယ် ဆိုကပဲ။ ငါကတော့ ဟောဒီတောစပ်ဘေးက သဘာဝကျတဲ့ နက်ချရယ် မြေကြီးပေါ်ကနေ လရောင်ကို တည့်တည့်ထင်းထင်း မြင်ရတယ်။ ငါအသုံးမကျလို့သာ ကဗျာတစ်ပုဒ် မဖြစ်ရင်ရှိမယ်။ ဒီအလှ ဒီအပကို မြင်လိုက်ရလို့ကတော့ နတ်သျှင်နောင်ဆို ရတုတစ်ပုဒ်လောက် အသာအယာထွက်တယ်။ လှိုင်ထိပ်ခေါင်တင်ဆို ဘောလယ်တစ်ပုဒ်လောက် အသာကလေးရနိုင်တယ် " လျှောက်စဉ်းစားနေမိသည်။

ဒီတုန်း "အို ကဗျာဆရာကြီး၊ ကဗျာမှော် ဖမ်းနေသလားရှင့်" ဟူသော သာယာညင်းပျောင်း စောင်းနှင့်တူသည့် အသံကို နောက်ကျောနားကပ်လျက် ရုတ်တရက် ကြားရသဖြင့် ကိုသော်တာ လှည့်ကြည့်လိုက်သည်။ ဆံပင်ရှည်ဖားလျားချထားသော နန်းဝတ်နန်းစားနှင့် အမျိုးသမီးတစ်ယောက်ကို မြင်ရသည်။

"အလို... အမိက ကျုပ်ကို ဘယ်လိုခေါ်လိုက်သလဲ"

"အို..ကဗျာဆရာကြီးလို့ ခေါ်လိုက်တယ်လေ၊ ဘာလဲ မကြိုက်ဘူးလား၊ ဒါဖြင့် အိုဘယ့်..အမောင်ကဗျာဆရာငဲ့ လို့ ခေါ်ရမလား။ နို့မဟုတ် အလို .. ကိုကိုကဗျာဆရာ လို့ ခေါ်ရမှာလား " ဟု အမျိုးသမီးက ခနဲ့တဲ့တဲ့ ဖြေ၏။

"နေစမ်းပါဦး၊ ခင်ဗျားက ကျုပ်ကို ကဗျာဆရာမှန်း ဘယ်လိုသိသလဲ"

"မြွေမြွေချင်း ခြေမြင်တယ်ဆိုတာ ရှင်ကြားဖူးလား"

"ကြားဖူးတာပေါ့၊ သြော် ခင်ဗျားကလည်း ကဗျာဆရာပဲလား၊ ကလောင်နာမည်က ဘယ်လိုခေါ်လဲ"

"ကဗျာဆရာတော့ မဟုတ်ပါဘူးရှင်ရယ်၊ သီချင်းသည်လေးပါ။ မန္တလေးနန်းတွင်းက အညတြ နန်းတွင်း သီချင်းသည်လေး တွေထဲက တစ်ဦးပေါ့၊ ရှင်အခုနကတွေးနေတဲ့ စိန်ခြူးကြာညောင် ဘောလယ် တို့ဘာတို့ကို ကျွန်မတို့ ဆိုလာတီးလာခဲ့တာပေါ့။ လှိုင်ထိပ်ခေါင်တင်မင်းသမီးတို့ ဒေ၀က္ကန္ဒာမောင်မောင်ကြီးတို့ဟာ ကျွန်မရဲ့ ကျေးဇူးရှင် ဆရာသခင်တွေပါပဲ"

"ဆရာတွေကလည်း အခန့်စားတွေပါလား။ ဒါနဲ့ ခင်ဗျားက ကျုပ်ရဲ့အတွေးကိုပါ ဖတ်တတ်သလား"

"ဖတ်တတ်တာပေါ့ရှင့်၊ တစ္ဆေဆိုတာ လူ့အတွေးကို ဖတ်တတ်ရတယ်၊ ဒါနဲ့ ကျွန်မလည်း ရပ်နေရတာ ညောင်းလှပြီရှင်၊ ထိုင်ဖို့ပြုဖို့ ဖိတ်မန္တက ပြုပါဦးတော့။"

"အဲလေ၊ ဟုတ်ပါရဲ့ ထိုင်ပါဗျာ.. ထိုင်ပါ..။ အဲ ထိုင်တော်မူပါ။ ဒါပေမဲ့ အမျိုးသမီး၊ အဲ.. ထိပ်ထား..အဲ ထားပါလေ။ ထိပ်ထားဘုရား... ကျုပ်... အဲ ကျွန်တော်မျိုး တစ်ခုလောက်ပြောမယ်...ထိပ်ထ

Wednesday, November 4, 2009

ပထမ နှင့် ဒုတိယ ဆိုင်းဘုတ်

ဒီပုံပြင်လေး ကို ဖတ်လိုက်ရတော့ တခြား သူငယ်ချင်းတွေကိုလည်း တဆင့်ပြန်လည်မျှဝေ ပေးချင်တာနဲ့  ပြန်လည်မျှဝေပေးလိုက်တာပါ..

ခေါင်းစဉ်ကိုတော့ ဘာမှ တက်မထားတော့ ဘာတက်ရမှန်း မသိတာနဲ့ပဲ..စဉ်းစားလို့ရတာက. ပထမ နှင့် ဒုတိယ ဆိုင်းဘုတ် လို့ပဲ.. ပေးလိုက်တာနော်..

အဆောက်အဦးတစ်ခုရှေ့မှာ မျက်မမြင်ကောင်လေးတစ်ယောက် ဦးထုပ်တစ်လုံးကို
ခြေထောက်နားချထားပြီး ထိုင်နေတယ်။
“ကျွန်တော်မျက်မမြင်တစ်ယောက်ပါ.
.ကျေးဇူးပြုပြီး ကူညီကြပါ.” ဆိုတဲ့
ဆိုင်းဘုတ်လေးချပြီးတော့ပေါ့။ ဦးထုပ်ထဲမှာတော့ အကြွေစေ့လေးအနည်းငယ်ပဲ
တွေ့ရတယ်။

ဒီအချိန်မှာပဲ လူတစ်ယောက် အဲဒီကောင်လေးအနားဖြတ်လျှောက်လာတယ်။
သူ့အိတ်ထောင်ထဲက အကြွေစေ့ အနည်းငယ် ထုတ်ပြီး ကောင်လေးရဲ့ ဦးထုပ်ထဲ
ပစ်ထည့်လိုက်တယ်။ ပြီးတော့.. ပတ်ဝန်းကျင်ကို
တစ်ချက်ဝေ့၀ိုက်ကြည့်လိုက်ပြီး.. ကောင်လေးထောင်ထားတဲ့ ဆိုင်းဘုတ်လေးကို
ကောက်ယူလိုက်ပြီး.. စာအနည်းငယ်ကို နောက်ကျောမှာရေးလိုက်တယ်။ ပြီးတော့
လူတိုင်းမြင်နိုင်မဲ့ ဘက်ကို သူရေးထားတဲ့စာလေးမြင်သာအောင်
ဆိုင်းဘုတ်လေးကိုထောင်ထားလိုက်တယ်။

မကြာခင်မှာပဲ.. ဦးထုပ်လေးထဲမှာ ပြည့်လုပြည့်ခင်ပါပဲ။ လူတွေက
အဲဒီမျက်မမြင်ကောင်လေးကို ထည့်ပေးလိုက်တဲ့ ငွေသားတွေပေါ့။ အဲဒီ
နေ့မွန်းလွဲပိုင်းမှာပဲ ကောင်လေးရဲ့ဆိုင်းဘုတ်ကို စာပြောင်းရေးခဲ့တဲ့သူ
ပြန်ရောက်လာတယ်.. သူရေးခဲ့တာ ဘယ်လောက်အကျိုးဝင်တယ်ဆိုတာ ကြည့်ရန်ပေါ့.။
ကောင်လေးက လဲ အဲဒီလူရဲ့ခြေသံကို မှတ်မိတယ်လေ..
သူကိုမေးလိုက်တာပေါ့..“ခင်ဗျားက..ဒီမနက်မှာ ကျွန်တော့်ဆိုင်းဘုတ်ကို
ပြောင်းလိုက်တဲ့သူ မဟုတ်လား? ခင်းဗျားဘာတွေရေးခဲ့တာလဲဗျ?”
အဲဒီလူကပြန်ပြောတယ် “ငါအမှန်တရားကိုပဲ ရေးလိုက်တာပါ. ဒါပေမယ့်
ငါရေးလိုက်တာနဲ့ မင်းရေထားတာက နည်းလမ်းမတူဘူးကွ”။ အဲဒီလူ
ဘာရေးခဲ့သလဲဆိုတော့..

“ ဒီနေ့က အရမ်းသာယာလှပတဲ့နေ့တစ်နေ့ပါပဲ..ကျွန်တော်ကတော့ မမြင်တွေ့နိုင်ဘူးလေ”

ခင်ဗျားတို့ ပထမဆိုင်းဘုတ်နဲ့ ဒုတိယဆိုင်းဘုတ် အတူတူပဲလို့ထင်သလား?

တူတာပေါ့ဗျာ.. ဆိုင်းဘုတ်နှစ်ခုလုံးက ကောင်လေးဟာမျက်မမြင်
တစ်ယောက်ပါဆိုတာ ဖော်ပြထားတာပါပဲ။ ဒါပေမယ့် ပထမဆိုင်းဘုတ်က
ကောင်လေးမျက်မမြင်ဘူးဆိုတာ ရိုးရိုးလေးရေထားတာလေ။
ဒုတိယဆိုင်းဘုတ်ကျတော့.. လူတွေ အရမ်းကိုကံကောင်းကြတာပဲ. သူတို့တွေက
မျက်မမြင်တွေ မဟုတ်လို့လေ။

ဒုတိယဆိုင်းဘုတ်က အကျိုးဖြစ်တယ်ဆိုတာ
ကျွန်တော်တို့အံ့အားသင့်ဖွယ်တွေ့မြင်ရပြီမဟုတ်လား?
လူတစ်ဖက်သားကို ကျေးဇူးတင်ရာမှာ ကိုယ့်မှာ ရှိတဲ့ အတွေးအခေါ်တွေ၊
စဉ်းစားကြံစမှုတွေကို လိုက်လျောညီထွေစွာ ပြောဆိုဖေါ်ပြတတ်ဖို့ပါပဲ...
တခြားသူများကို..ကောင်းမွန်သော ဥာဏ်ပညာနှင့် ဖိတ်ခေါ်ပါ။ ဘ၀မှာ
ဆင်ခြေဆင်လက်တွေ၊ ပူဆွေးဝမ်းနည်းစရာ အချစ်ကိစတွေနဲ့ မနေထိုင်ပါနဲ့။ ဘ၀က
မင်းကို ငိုကျွေးစရာ အခု ၁၀၀ ပေးလာခဲ့လျှင်.. မင်းမှာ
ရယ်ရွှင်ကြည်နူးဖွယ်ရာ အခု ၁၀၀၀ လောက် ဘ၀ကို ပြန်ပြလိုက်ပါ။ မင်းမှာ
ဝမ်းနည်းပူဆွေးစရာတွေ မရှိခဲ့ဖူးလို့ သဘောထားလိုက်ပါ။ လက်ရှိဘ၀ကို
ယုံကြည်မှုတွေနဲ့ ဆုပ်ကိုင်ထားလိုက်ပါ။ အနာဂတ်အတွက်
ကြောက်ရွံမှုတွေကင်းရှင်းအောင်ပြင်ဆင်ထားလိုက်ပါ။ ယုံကြည်မှုကို
ချုပ်ကိုင်ထားပြီးတော့ ကြောက်ရွံမှုကို ဖယ်ရှားလိုက်ပါ။

fwdmail..

zawtk..

ဟုတ်ကဲ့ ဆရာမ

“ဟုတ်ကဲ့ ဆရာမ”



ကျွန်မက ဘွဲ့ရတာ မကြာသေးတဲ့ မှုလတန်းပြ ဆရာမတစ်ဦးပါ။ ကျွန်မသင်တဲ့ အတန်းမှာ မျောက်လောင်း ၃၆ယောက် ရှိတယ်။ အဲဒီ မျောက်လောင်းလေးတွေ ဗြောင်းဆန်အောင် ဆော့တဲ့အချိန်၊ သင်္ခန်းစာတွေ မလုပ်တဲ့အချိန်၊ ပြောစကား နားမထောင်တဲ့ အချိန်ဆိုရင် ဆရာမ အလုပ်ကို ရွေးမိတာ မှားပြီလားလို့ စိတ်ဓာတ်ကျပြီး ကျွန်မ နောင်တရတတ်တယ်။ ဒါပေမဲ့ သူတို့ရဲ့ အပြစ်ကင်းစင်တဲ့ အပြုံးတွေကို မြင်ရင် အဲဒီနောင်တတွေက အဝေးကို လွှင့်ထွက်သွားပြန်ရော။ ဒီကလေးတွေကို ကျွန်မသံယောဇဉ် ရှိသလို ဒီဆရာမ အလုပ်ကိုလည်း ကျွန်မ တန်ဖိုးထားမြတ်နိုးတယ်။

“မောင်ဝေယံ” လို့ခေါ်တဲ့ ကလေးတစ်ယောက်က ကျွန်မကို ခေါင်းတော်တော်ကိုက်စေတယ်။ ပေးလိုက်တဲ့ အိမ်စာတိုင်း ပြီးအောင်မလုပ်တဲ့အပြင် စာမေးပွဲတိုင်းမှာ ရမှတ်က ၂၀ အောက်ချည်းပဲ။ အုပ်ထိန်းသူ လက်မှတ်ထိုးရမဲ့ နေရာမှာ အမြဲတမ်း ဗလာဖြစ်နေတတ်ပြီး ထီးထီးနေတတ်တဲ့ သူ့ကြောင့် ကျွန်မ စိတ်ပူပြီး စိုးရိမ်ခဲ့မိတယ်။ မှုလတန်းပဲ ရှိသေးတဲ့ အရွယ်မှာ ဒီလောက်ညံ့နေရင် နောင်ဘယ်လို ရှေ့ဆက်လျှောက်မလဲ... ၊ ကလေးတစ်ယောက် ရှင်သန်ကြီးထွားဖို့အတွက် အခြေခံက စပြီး သင်ပေးရတဲ့ ဆရာမက အဓိက ကျတယ်။ နာနာရိုက်မှ အိုးကောင်းရ ဆိုသလို သူကလေး လူတော်လူကောင်းဖြစ်အောင် ကျွန်မမှာ တာဝန်အများကြီးရှိနေပါတယ်။

အိမ်စာ မလုပ်ခဲ့လို့ သူ့ကို အပြစ်ပေးလဲ မထူးခဲ့ဘူး။ ဆူလဲ မတိုးတက်ခဲ့ဘူး။ ကျွန်မ ဆိုဆုံးမလိုက်တဲ့ စကားတိုင်းကို “ဟုတ်ကဲ့ ဆရာမ” ဆိုပြီး သူက ခေါင်းညိတ်ထောက်ခံတယ်။ ဒါပေမဲ့ အိမ်စာကို ပုံမှန် မလုပ်မြဲ၊ စာမေးပွဲတွေ ကျမြဲပါပဲ။ ဒီကလေးကို ဘယ်လို သွန်သင်မှ ဖြစ်ထွန်းမယ်ဆိုတဲ့ အကြံကို ကျွန်မ နည်းနည်းမှ မထုတ်နိုင်ခဲ့ဘူး။

“မင်္ဂလာပါ ဆရာမ၊ ကျေးဇူးတင်ပါတယ် ဆရာမ”
“အေး..အေး.. အိမ်ကို ဖြောင့်ဖြောင့်ပြန်ကြနော်။ အိမ်စာလုပ်ခဲ့ကြဖို့ မမေ့နဲ့နော်။ ခေါင်းစဉ်က “ကျွန်တော်၏ မိသားစု” အားလုံး မှတ်မိကြတယ်နော်”

“မှတ်မိပါတယ် ဆရာမ” ကလေးတွေ ပြိုင်တူအော်ရင်း တာက လွှတ်လိုက်တဲ့ ရေလို တ၀ုန်းဝုန်းနဲ့ အခန်းအပြင်ကို တိုးဝှေ့လို့ ထွက်သွားကြတယ်။

“ မောင်ဝေယံ ဆရာမဆီ ခဏလာခဲ့ဦး” လွယ်အိတ်ကို ကောက်လွယ်ပြီး အိမ်ပြန်ဖို့ ပြင်နေတဲ့ သူ့ကို ကျွန်မ ခေါ်လိုက်တယ်။

“ ဟုတ်ကဲ့ ဆရာမ” လက်လေးပိုက်လို့ တရိုတသေ ကျွန်မဆီ သူရောက်လာခဲ့တယ်။

“ပေးလိုက်တဲ့ အိမ်စာကို မနက်ဖြန် တင်ရမယ်နော်။ အရင်တစ်ပတ်က ဆွဲခိုင်းလိုက်တဲ့ ပုံလည်း မတင်သေးဘူး။ မြန်မြန်ဆွဲပြီး တင်နော်. ကြားလား မောင်ဝေယံ”

“ ဟုတ်ကဲ့ ဆရာမ”

အဲဒီ တစ်ခွန်းပါပဲ။ သူ့ဆီက အဲဒီစကားကို ကျွန်မ ဘယ်နှကြိမ်မြောက် ကြားခဲ့ပြီလဲ မရေမတွက်နိုင်တော့ပါဘူး။ “ဟုတ်ကဲ့ ဆရာမ” လို့ ဖြေလိုက်တိုင်း သူ့မျက်နှာဟာ တကယ့်လိမ္မာပြီး ပြောစကားကို နားထောင်တဲ့ ကလေးတစ်ယောက်လိုပဲ အပြစ်ကင်းစင်လို့နေတယ်။ ဒါပေမဲ့ ကျွန်မသိလိုက်တယ်။ ပေးလိုက်တဲ့ အိမ်စာတွေရဲ့ ပြီးနိုင်ချေဟာ “ဟုတ်ကဲ့” ဆိုတဲ့ ကတိရဲ့နောက်မှာ ရာခိုင်နှုန်း နည်းနည်းလေးပဲရှိတယ်ဆိုတာ။ ကျွန်မကို ပြုံးပြပြီး အခန်းထဲက တရိုတသေ ထွက်သွားတဲ့ သူ့နောက်ကျောကို ငေးကြည့်ပြီး ကျွန်မ သက်ပြင်းချမိတယ်။ တကယ်တော့ မောင်ဝေယံက အိမ်စာတွေ နောက်ကျမှတင်တတ်ပေမဲ့ လိမ္မာသိတတ်တဲ့ ကလေးတစ်ဦးပါ။ ဒီတစ်ခေါက်တော့ ပေးလိုက်တဲ့ သင်္ခန်းစာတွေကို သူအချိန်မီ တင်နိုင်ပါစေလို့သာ ကျွန်မဆုတောင်းလိုက်ပါတယ်။

“အိမ်စာတွေ လုပ်လာကြပြီလား ကလေးတို့... စာအုပ်ကို ခုံပေါ်တင်ထားလိုက်ကြ.. အတန်းခေါင်းဆောင် လိုက်သိမ်းလိုက်မယ်။ တလက်စထဲ ဘယ်သူတွေ မတင်သေးလဲဆိုတာ ဆရာမကို မှတ်ထားပေးပါ”
“ကျွန်တော်တို့ တင်လိုက်ပြီ ဆရာမ”
“ဆရာမ မောင်ဝေယံ မတင်ဘူးခင်ဗျာ”
“မောင်ဝေယံ”
“ဟုတ်ကဲ့ ဆရာမ”

“မနေ့က ဆရာမ သေချာမှာလိုက်တယ် မဟုတ်လား။ ဘာလို့ ပြီးအောင် မလုပ်ခဲ့တာလဲ။ အတန်းနောက်မှာ သွားရပ်နေစမ်း” ကျွန်မ အပြောကို သူခေါင်းငုံ့ပြီး နားထောင်နေပေမဲ့ ဘာဆင်ခြေမှ မပေးခဲ့သလို စိတ်ဆိုး ၀မ်းနည်းဟန်လည်း မပြခဲ့ဘူး။

“ဟုတ်ကဲ့ ဆရာမ” လို့ ထုံးစံအတိုင်း ဖြေပြီး အတန်းနောက်မှာ တိတ်တဆိတ်သွားရပ်လို့ နေတယ်။
“သင်္ချာစာအုပ်ထုတ်ပြီး စာမျက်နှာ ၆၄ ကို ဖွင့်လိုက်ကြ” မောင်ဝေယံကို တစ်ချက်ကြည့်ပြီး ကျွန်မ စာစသင်လိုက်တယ်။ ကလေးတိုင်းက စိတ်ပါလက်ပါ ကျောက်သင်ပုန်းကို စူးစိုက်ကြည့်နေကြပေမဲ့ မောင်ဝေယံတော့ မပါခဲ့ပါဘူး။

နေနနနနနနနနနနနနန နေနနနနနနနနနနနနနနနနန



ကျောင်းဆင်းမှ ရုတ်တရက်ရွာချလာတဲ့ မိုးကြောင့် ထီးမပါတဲ့ ကျောင်းသား တော်တော်များများက ကျောင်းဝ ဆင်ဝင်အောက်မှာ မိုးအတိတ်ကို စောင့်နေကြတယ်။ ဖုန်းရုံမှာလည်း ကျောင်းသားတွေ တန်းစီလို့ အိမ်ကို လာကြိုဖို့ ဖုန်းဆက်နေကြတယ်။ ကျောင်းသားတွေကြားမှာ မောင်ဝေယံကို ကျွန်မ တွေ့လိုက်မိတယ်။ သူ့အလှည့်ရောက်ဖို့ တစ်ယောက်ပဲလိုလို့ ကျွန်မလည်း သူ့အပြုအမှုတွေကို အကဲခတ်ဖို့ ရပ်ကြည့်နေလိုက်တယ်။ သူ့အလှည့်ရောက်တော့ ဖုန်းခပေးပြီး ဖုန်းနံပါတ်ကို နှိပ်မယ်လုပ်ပြီးခါမှ ဖုန်းကို ကောက်ခါငင်ခါ ချလိုက်တယ်။ ပြီးတော့ ခေါင်းငိုက်စိုက်ပြီး မိုးရေထဲ လျှောက်သွားလိုက်တယ်။

သူ့အပြုအမှုကို မြင်တော့ ကျွန်မ အံ့သြသွားတယ်။ ဘာဖြစ်လို့ပါလိမ့်... ထီးကို အမြန်ဖွင့်ပြီး သူ့နောက် ကျွန်မ အပြေးလိုက်ခဲ့တယ်။
“ မောင်ဝေယံ .. ဘာဖြစ်တာလဲ.. အိမ်ကို ဖုန်းဆက်ပြီး လာမကြိုခိုင်းဘူးလား” ထီးမိုးပေးပြီး သူရှေ့မှာ ဒူးထောက်ချရင်း ကျွန်မ မေးလိုက်တယ်။
“ရတယ် ဆရာမ၊ ကျွန်တော်ဘာသာ ပြန်လိုက်မယ်”
“မိုးတွေ ဒီလောက်ကြီးနေတာ၊ ဖျားလိုက်မယ်။ လာခဲ့ ဆရာမ လိုက်ပို့မယ်”
“ကိစ္စမရှိဘူး ဆရာမ၊ ကျွန်တော့်အိမ်က ကျောင်းရှေ့မှာတင် ခဏလေးဆို ရောက်ပြီ”
“ဆရာမမှာ ကားပါတယ်။ ဒီထီးယူသွားလိုက် သေချာပြန်ဦးနော်” စိုနေတဲ့ သူ့ခေါင်းကို ကျွန်မပွတ်သပ်ပြီး ပြောလိုက်တယ်။

“ကျေးဇူးတင်ပါတယ် ဆရာမ” ထီးကို လှမ်းယူပြီး ကျွန်မကို ပြုံးပြရင်း မိုးရေထဲ သူတိုးဝင်သွားတယ်။
အပြန်လမ်းရဲ့ မိုးသဲထဲမှာ ကားကို ဂရုတစိုက်မောင်းရင်း လမ်းထက်ဝက်ရောက်တော့ ကျွန်မရဲ့ ဖုန်း နားနေခန်းမှာ ကျန်ခဲ့တာကို သတိရမိလိုက်တယ်။ မေ့တတ်တဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်း ဖုန်းပြန်ယူဖို့ ကားကို ပြန်ကွေ့လိုက်တယ်။ ကားရှေ့မှန်ပေါ်က သဲသဲမည်းမည်းကျလာတဲ့ မိုးရေတွေကို ရေသုတ်တံက အဆက်မပြတ် ဖယ်ရှားလို့နေတယ်။ မီးပွိုင့်တစ်ခုမှာ ကျွန်မ ရပ်စောင့်နေတုန်း ရင်းနှီးနေတဲ့ ပုံရိပ်တစ်ခုကို မိုးရေထဲမှာ ကျွန်မ မြင်လိုက်မိတယ်။ မောင်ဝေယံပါလား... ခြံဝင်းတစ်ခုထဲ သော့ဖွင့်ပြီး သူဝင်သွားတာကို တွေ့လိုက်တယ်။

“သူ ဒီမှာနေတာလား.. သူ့အိမ်က ကျောင်းရှေ့မှာဆို” ကျွန်မ တအံ့တသြ အသံတိတ် ရေရွတ်လိုက်မိတယ်။
ကျောင်းနဲ့ နှစ်ကီလိုမီတာလောက် ဝေးတဲ့ အိမ်ကို မိုးရွာထဲမှာ အသက်(၆)နှစ်အရွယ် ကလေးတစ်ယောက်က လှမ်းလျှောက်ပြန်ရတယ်ဆိုတော့ ကျွန်မ ၀မ်းနည်းသွားမိတယ်။ အိမ်က ကျောင်းရှေ့မှာတင်လို့ ဘာကြောင့် ကျွန်မကို သူလိမ်ခဲ့ပါလိမ့်... ကျွန်မကို ကြောက်လို့လား... ကျွန်မ လိုက်ပို့မှာကို အားနာလို့လား...
“ပွမ်..ပွမ်...”
မီးစိမ်းလို့ နောက်က တီးလိုက်တဲ့ ကားဟွန်းသံကြောင့် ကျွန်မ အတွေးစကိုဖြတ်ပြီး လီဗာကို ဖိနင်းလိုက်တယ်။

၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉ ၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉



“၀င်ခွင့်ပြုပါ ဆရာမ”
“ ဟော ... မောင်ဝေယံ လာခဲ့”
“ဆရာမကို ထီးပြန်လာပေးတာ ကျေးဇူးတင်ပါတယ် ဆရာမ”
ငှားသွားတဲ့ထီးကို ပြန်ပေးဖို့ သူအမှတ်ရတတ်နေပြီး ပေးလိုက်တဲ့ အိမ်စာကိုကျတော့ ဘာလို့ အမှတ်မရတတ်တာလဲလို့ တရိုတသေ လှမ်းပေးလိုက်တဲ့ ထီးကို ယူရင်း ကျွန်မ တွေးလိုက်မိတယ်။

“ မောင်ဝေယံ ဆရာမ တစ်ခုမေးစရာရှိလို့။ မောင်ဝေယံရဲ့ အိမ်က ကျောင်းရှေ့မှာပဲဆို”
ခေါင်းငုံ့နှုတ်ဆိတ်နေတဲ့ သူ့ကို ကြည့်ပြီး အလိမ်ပေါ်သွားမှန်း ကျွန်မသိလိုက်တယ်။

“ကိစ္စမရှိဘူး မောင်ဝေယံ အမှန်အတိုင်းပြော ဆရာမ အပြစ်မပေးပါဘူး”

“ဟုတ်ကဲ့ ဆရာမ မနေ့က ကျွန်တော်လိမ်ပြောမိတာပါ”

“ဆရာမကို ဘာဖြစ်လို့ လိမ်ရတာလဲ”

“ဆရာမ လိုက်ပို့မယ်ဆိုလို့ ကျွန်တော် အားနာလို့ပါ”

ကြည့်စမ်း... အသက်နဲ့ မလိုက်အောင် ဖြေလိုက်တာ သူ့အဖြေက ကျွန်မတောင် ထင်မှတ်မထားဘူး။

“အားမနာပါနဲ့ လမ်းကြုံနေတာပဲ.. နောက်တစ်ခါ ဆရာမကို မလိမ်ရဘူးနော်”

“ဟုတ်ကဲ့ ဆရာမ”

“ကောင်းပြီ.. စာသင်ခန်းထဲ ပြန်တော့ အိမ်စာတွေ လုပ်ခဲ့ဖို့ မမေ့နဲ့ဦးနော်”

“ဟုတ်ကဲ့ ဆရာမ”

လှည့်ထွက်သွားတဲ့ သူ့ကို ငေးရင်း “ မကောင်းတဲ့ အကျင့်တွေကို ပြင်လိုက်ရင် ဒီကလေးကတော့ ပြောစရာ မရှိအောင်ကို လှပပြည့်စုံသွားမှာပဲ” လို့ တွေးလိုက်မိတယ်။

“ဆရာမ.. ဆရာမ”
လှည့်ကြည့်လိုက်တော့ စာအုပ်တစ်အုပ်ကို ကိုင်ပြီး မြူးနေတဲ့ ပုံစံနဲ့ အပြေးတစ်ပိုင်း လာနေတဲ့ မောင်ဝေယံကို ကျွန်မတွေ့လိုက်တယ်။

“ဆရာမ.. ကျွန်တော် အိမ်စာပြမလို့”
“ဟာ.. တကယ်လား.. ကြည့်စမ်း...အိမ်စာ တကယ်လုပ်ခဲ့ပြီ။ လိမ္မာလိုက်တာ.. လာ.. ဆရာမ ဆုချမယ်”
အိတ်ထဲက ချိုချဉ်တစ်လုံးကို ယူပြီး သူ့ကို ကျွန်မ ကမ်းပေးလိုက်တယ်။

“ကျေးဇူးတင်ပါတယ် ဆရာမ” ၀မ်းသာအားရနဲ့ ချိုချဉ်ကို အင်္ကျီအိတ်ကပ်ထဲ သေချာထည့်ပြီး ကျွန်မကို သူပြုံးပြတယ်။

ကျွန်မလည်း ၀မ်းသာမိပါတယ်။ အိမ်စာတွေကို အချိန်ဆွဲလုပ်နေရာက ဖြေးဖြေးမှန်မှန်နဲ့ သူလုပ်လာတတ်တာကို ကျွန်မသတိထားလိုက်မိတယ်။ သူအိမ်စာတင်တဲ့အတွက် ဒီနေ့တစ်နေ့လုံး ကျွန်မ ပျော်နေမိတယ်။ ကွေးကွေးကောက်ကောက် ရေးထားတဲ့ လက်ရေးနဲ့ ခဲဖျက်ရာ အထပ်ထပ် ဖျက်ထားတဲ့ သူ့စာတွေကို ကျွန်မ ချက်ချင်းဖတ်ကြည့်လိုက်တယ်။

“ကျွန်တော်၏ မိသားစု” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးထားတဲ့ အကြောင်းအရာက ရှင်းရှင်းလေး.....

“ကျွန်တော့်မှာ မိသားစု သုံးဦးရှိတယ်။ ဖေဖေ၊ မေမေနဲ့ ကျွန်တော်ဖြစ်တယ်။ ဖေဖေက အရမ်းခန့်သလို မေမေလည်း အရမ်းချောပါတယ်။ ဖေဖေက နေ့တိုင်း ပင်ပင်ပန်းပန်း အလုပ်လုပ်ရသလို ကျွန်တော်ကလည်း နေ့တိုင်း ပင်ပင်ပန်းပန်း ကျောင်းတက်ရတယ်။ မေမေက ကံအကောင်းဆုံးပေါ့။ နေ့တိုင်း အိမ်မှာပဲနေပြီး ကျွန်တော်နဲ့ ဖေဖေပြန်အလာကို စောင့်နေရုံပါပဲ။ တစ်ခါတလေ မေမေ့ကို ကျွန်တော်အရမ်းအားကျတယ်။ ကျွန်တော့်သူငယ်ချင်းတွေရဲ့ မိဘက မကြာခဏ ရန်ဖြစ်တတ်တယ်လို့ ကြားဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော့် ဖေဖေနဲ့ မေမေက တစ်ခါမှ ရန်မဖြစ်ကြဘူး။ တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ မိသားစုဟာ အမြဲ ပျော်ရွှင်နေတယ်။ သင့်မြတ်နေတယ်။ ကျောင်းပိတ်ရက်တွေဆိုရင် ဖေဖေ၊ မေမေတို့နဲ့ ဗီဒီယို ကြည့်ရတာကို ကျွန်တော်အရမ်းကြိုက်တယ်။ ဖေဖေက အလုပ်များလို့ ကျွန်တော်နဲ့အတူ အမြဲတမ်း အပြင်ထွက် မကစားနိုင်ဘူး။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ အခုလို အတူတူနေရတာကိုပဲ ကျွန်တော်ပျော်တယ်။ ဖေဖေနဲ့ မေမေကို ကျွန်တော် အရမ်းချစ်တယ်”

ဖတ်ပြီး ကျွန်မ အသံထွက် ရယ်လိုက်မိတယ်။ ကျောင်းတက်ရတာကို ပင်ပန်းတယ်ထင်ပြီး အိမ်မှာနေတဲ့ အမေ့ကို အားကျတယ်လို့ ပြောတဲ့ သူ့ကို အိမ်ရှင်မ တာဝန်ဟာ ပိုပင်ပန်းတဲ့အကြောင်း ကျွန်မ ပြောပြဦးမယ်။ ရိုးရှင်းတဲ့ သူ့စာကို ဖတ်ကြည့်ခြင်းအားဖြင့် သူဟာ ပျော်ရွှင်စရာ မိသားစုက ပေါက်ဖွားလာမှန်း ပိုသိသာစေတယ်။

“ဆရာမ.. ဆရာမ.. ရန်ဖြစ်နေကြပြီ” လို့ အော်လိုက်တဲ့ ကျောင်းသူတစ်ယောက်ရဲ့ အသံက မောင်ဝေယံရဲ့ စာကို ဖတ်ပြီး ၀မ်းသာနေတဲ့ ကျွန်မရဲ့စိတ်ကို ကြက်ပျောက် ငှက်ပျောက် ပျောက်သွားစေတယ်။ ကလေးတွေ ရန်ဖြစ်မှာကို ကျွန်မ အကြောက်ဆုံးပါ။ ခိုက်မိပြီး သွေးထွက်လာတဲ့ ဒဏ်ရာတွေ၊ ရောင်လာတဲ့ ဒဏ်ရာတွေကို အုပ်ထိန်းသူတွေ နားလည်အောင် ရှင်းပြရတဲ့အလုပ်ကို ကျွန်မ အကြောက်ဆုံးပါ။ ရန်ဖြစ်တဲ့ နေရာကို ကျွန်မ အပြေးလေး သွားလိုက်တယ်။

“ ဝေယံ... အောင်အောင် ရန်ဖြစ်တာကို ရပ်လိုက်စမ်း” ကျွန်မ အော်သံကို ကြားတော့ လုံးထွေးနေသူနှစ်ယောက် ချက်ချင်းရပ်တန့်သွားတယ်။

“ ဘာဖြစ်လို့ ရန်ဖြစ်တာလဲ”

“သူ့ ကျွန်တော့်ကို အရင်ထိုးလို့ ဆရာမ”

“ဝေယံ ဘာဖြစ်လို့ အောင်အောင်ကို ထိုးရတာလဲ”

“ဆရာမ ပေးထားတဲ့ ကျွန်တော့်ချိုချဉ်ကို သူလုလို့ .. ပြန်ပေးဖို့ ကျွန်တော်တောင်းတော့ သူမပေးဘူး”

“ဘာပဲဖြစ်ဖြစ် နောက်ဆို ရန်မဖြစ်ရဘူး ကြားလား... အောင်အောင်လည်းမှတ်ထား .. သူတစ်ပါး ပစ္စည်းကို လျှောက်မယူရဘူး ကြားလား...အချင်းချင်း လက်ဆွဲနှုတ်ဆက်ပြီး တောင်းပန်ကြ”

အမြဲတမ်း တစ်ယောက်တည်း ထီးထီးနေတတ်တဲ့၊ လူတွေနဲ့ အရောမ၀င်တတ်တဲ့ မောင်ဝေယံတစ်ယောက် ချိုချဉ်လေး တစ်လုံးကြောင့် လူတွေနဲ့ ရန်ဖြစ်ခဲ့တယ်။ အဲဒီချိုချဉ်ဟာ သူ့အတွက် တော်တော် တန်ဖိုးကြီးနေပုံရတယ်။

ကျောင်းဆင်းတော့ ဆင်ဝင်အောက်မှာ ရပ်နေတဲ့ သူ့ကို ကျွန်မတွေ့လိုက်ပြန်တယ်။
“မောင်ဝေယံ ဘယ်သူကို စောင့်နေတာလဲ”
“ကျွန်တော့်ဖေဖေ လာကြိုမယ် ပြောလို့ ဖေဖေကို စောင့်နေတာ”

“အော်.. မောင်ဝေယံ မိဘအစည်းအဝေးဖိတ်စာကို လက်မှတ်ထိုးခိုင်းထားတာ မောင်ဝေယံ ပြန်မပေးသေးဘူးနော်။ မနက်ဖြန် ယူခဲ့ရင် ဆရာမ ချိုချဉ်တစ်ထုပ် ဆုချမယ်” ချိုချဉ်တစ်လုံးကြောင့် ရန်ဖြစ်တဲ့ အခွင့်အရေးကို ကျွန်မယူလိုက်တယ်။

“တကယ်လား ဆရာမ” သူ့မျက်လုံးလေး ၀င်းခနဲ့ဖြစ်သွားတယ်။
“တကယ်ပေါ့”
“ကျွန်တော် တကယ်ယူခဲ့မယ်”

၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉ ၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉



“ကြည့်စမ်း.. ဆရာမ ချိုချဉ်တောင်ယူခဲ့တယ်။ မင်းက ဖိတ်စာကို မေ့ခဲ့ပြန်ပြီ”
“ကျွန်တော် တကယ်မေ့ခဲ့လို့ပါ ဆရာမ”
“ဒါဆို မင်းချိုချဉ်မစားရတော့ဘူး။ အရင်ပတ်က သင်္ခန်းစာတွေ ပြီးအောင်လုပ်ရင် ဆရာမ ဒီချိုချဉ်တွေနဲ့ ဆုချမယ်”
“ဟုတ်ကဲ့ ဆရာမ”

နားနေခန်းကို ရောက်တော့ အစည်းအဝေးတက်ဖို့ လူတွေကို စာရင်းပြုရင်း မောင်ဝေယံရဲ့ မိဘတွေ အစည်းအဝေး တက်နိုင် မတက်နိုင်ကို မေးဖို့ မေ့ခဲ့တယ်။သူ့စာထဲမှာ မေမေက နေ့တိုင်းအိမ်မှာ ရှိတယ်ဆိုလို့ သူ့အိမ်ကို ဖုန်းဆက်မေးဖို့ ကျွန်မဆုံးဖြတ်လိုက်တယ်။ သုံး လေးကြိမ်ဆက်ပေမဲ့ ဖုန်းသာမြည်ပြီး လာကိုင်တဲ့လူ မရှိခဲ့ဘူး။

ခုတစ်လော ကျွန်မရဲ့ ချိုချဉ်အစွမ်းကြောင့် မောင်ဝေယံ စာတွေကို မှန်မှန်လိုက်လုပ်လာတယ်။ ကျွန်မ ၀မ်းသာမိပါတယ်။ သူ့ကို တော်ကြောင်း လိမ္မာကြောင်း ချီးကျူးမိရင် သူ့မျက်နှာပေါ်မှာ ပျော်ရွှင်တဲ့ အပြုံးတွေ၊ အားရတဲ့ အပြုံးတွေနဲ့ လင်းလက်လို့ သွားတယ်။

“ဆရာမ .. ဆရာမ.. မောင်ဝေယံ တော်တော်ထူးဆန်းတယ်”

တစ်နေ့မှာ အတန်းထဲက ကလေးမတစ်ယောက် ကျွန်မကို အဲဒီလို ပြောလာပါတယ်။ ကျွန်မ နားမလည်စွာနဲ့ “ဘာဖြစ်တာလဲ.. မောင်ဝေယံ ဘာလုပ်ပြန်ပြီလဲ”
“သူ့အမေဆီ ဖုန်းဆက်နေတာ တွေ့လို့”
“သူ့အမေဆီ ဖုန်းဆက်တာများ ဘာများထူးဆန်းနေလို့လဲ”
“သူပြောတဲ့ စကားတွေက ထူးဆန်းနေတာ ဆရာမ”
“သူဘာတွေပြောလို့လဲ”

“ သူက... မေမေ.. ဒီနေ့သား ကျောင်းစာ လေ့ကျင့်ခန်းတွေလုပ်လို့ ဆရာမက သားကို ချိုချဉ်ဆုချတယ် သိလား မေမေတဲ့။ ဒါကို ဖုန်းဆက်ပြီး ပြောနေသေးတယ်။ အိမ်ရောက်မှ ပြောလဲ ရရဲ့သားနဲ့နော် ဆရာမ”

“ဟုတ်တယ်..ဟုတ်တယ်... အိမ်ရောက်မှ ပြောတော့ ဘာဖြစ်လဲနော်”

“ဆရာမ.. သူ့အမေဆီ ဒီလို ဖုန်းဆက်တာ သားလဲ ခဏခဏ မြင်ဖူးတယ်”

ကျောင်းသားတွေက တစ်ယောက်တစ်ပေါက် ၀ိုင်းထောက်ခံကြတယ်။

“ မောင်ဝေယံက သူ့အမေကို ၀မ်းသာစေချင်လို့ ကျောင်းမဆင်းခင်ဆက်လိုက်တာ ဖြစ်မှာပေါ့။ သူလည်း သားတို့ သမီးတို့လို လိမ္မာပါတယ်။ အိမ်စာတွေ၊ သင်္ခန်းစာတွေ နောက်ကျမှ တင်တတ်ပေမဲ့ သူ့မှာလည်း သူ့ကောင်းကွက်တွေ ရှိပါတယ်။ ကဲ..ကဲ အားလုံး ချစ်ချစ်ခင်ခင်နေကြနော်”

ကျောင်းသားတွေ အားလုံး မောင်ဝေယံရဲ့ အပြုအမှုကို သံသယမဖြစ်စေချင်ပါဘူး။ ထီးထီးနေတတ်ပြီး လူတွေနဲ့ အပြောအဆိုနည်းတဲ့ သူ့ကို ကျွန်မအချိန်တွေယူပြီး အကောင်းဖက်ကို တဖြေးဖြေး သင်ယူနေတုန်းမှာ သူ့ကြောင့် ဘာပြဿနာမှ ထပ်မတက်စေချင်ပါဘူး။

၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉ ၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉



စက်တင်ဘာ ၂၈ရက်နေ့။ ဒီနေ့က ကျွန်မအတွက် ဆရာမဘ၀ရဲ့ ပထမဦးဆုံးသော “ဆရာများနေ့” ဖြစ်တယ်။ ကျွန်မရဲ့ စိတ်တွေ ကြည်လင် လန်းဆန်းလို့နေတယ်။

“ဆရာများနေ့မှာ ပျော်ရွှင်ပါစေ ဆရာမ.. ဆရာမ ဒါသမီး ကိုယ်တိုင် လုပ်ထားတဲ့ ကတ်ကလေး”

“ဆရာမအတွက် ဒါသမီးတို့ခြံက နှင်းဆီပန်း”

“ဆရာမ သားမှာလည်း ရှိသေးတယ်”

“ဆရာမ အထဲမှာ ဘာထုပ်ထားသလဲ သိလား”

ကျွန်မ ပတ်ပတ်လည်မှာ ကျောင်းသားတွေက တစ်ယောက်တစ်ပေါက် ၀ိုင်းအော်ပြီး သူ့တို့ ကိုယ်တိုင်လုပ်ထားတဲ့ ကတ်လေးတွေ၊ လက်ဆောင်ပစ္စည်းတွေကို ကျွန်မအတွက် ယူလာခဲ့ကြတယ်။ ကျွန်မ မျက်ဝန်းမှာ မျက်ရည်ဥလေးတွေ သီခိုနေတယ်။ အပြစ်ကင်းစင်ပြီး လိမ္မာတဲ့ သူတို့ရဲ့ စေတနာ မေတ္တာတွေက ကျွန်မရဲ့ ပင်ပန်းမှု ဒဏ်ကို အဝေးသို့ လွင့်စင်စေခဲ့တယ်။

“ဆရာမ ရန်ဖြစ်နေကြတယ်”

ကျောင်းသူတစ်ဦးရဲ့ အော်သံကြောင့် ကျွန်မရဲ့ ပျော်ရွှင်မှုတွေ ကြာကြာမခံလိုက်ပါဘူး။ ရန်ဖြစ်တဲ့ နေရာကို ကျွန်မ အပြေးလေး သွားလိုက်တယ်။ မမျှော်လင့်တဲ့ မြင်ကွင်းတစ်ခုက ကျွန်မကို ဆီးကြိုနေပါတယ်။ ကျောင်းသားတစ်ယောက်က မောင်ဝေယံရဲ့ ခြေရင်းမှာ ၀ပ်လဲလို့.. မောင်ဝေယံရဲ့ ပုံစံက ဒေါသအရမ်းထွက်နေတဲ့ နွားရိုင်းတစ်ကောင်လို့ အသက်ကို ခပ်ပြင်းပြင်းရှုလို့နေတယ်။

“ဘယ်သူအရင် ရန်စတာလဲ ဆရာမကို ပြောစမ်း”

“သူ...” ကျောင်းသားအားလုံးရဲ့ လက်ညိုးက မောင်ဝေယံဖက်ကို ဦးတည်လို့။

“မောင်ဝေယံ ဘာဖြစ်လို့ ဒီလောက်ရန်ဖြစ်ချင်နေတာလဲ .. ပြောစမ်း” ကျွန်မရဲ့ အသံက လိုအပ်တာထပ် ပိုကျယ်နေမိတယ်။

“ခေါင်းမော့ပြီး ဆရာမကို ပြောစမ်း”

“ကျွန်တော့် မေမေဆီ ဖုန်းဆက်တာကို သူခိုးနားထောင်လို့”

မျက်ရည်တွေ ပါးပြင်ပေါ် တစ်ပေါက်ပေါက်ကျရင်း သူက ပြန်ဖြေတယ်။ သူမျက်ရည်ကျတာကို ကျွန်မတစ်ခါမှ မမြင်ဖူးခဲ့ဘူး။ အိမ်စာမလုပ်လို့၊ သင်္ခန်းစာတွေ မလုပ်လို့ ကျွန်မသူ့ကို အပြစ်ပေးခဲ့ပေမဲ့ သူလုံးဝ မငိုခဲ့ပါဘူး။ အခုမှ ဘာကြောင့် သူမျက်ရည်တွေက အတားအဆီးမရှိ တောက်တောက်ကျနေပါလိမ့်..

“ဖုန်းနားထောင်တာကို ရန်ဖြစ်ရသလား.. ဒီနေရာမှာ ကျောင်းသားတွေ အများကြီးပဲ ဒါကို ခိုးနားထောင်တယ်လို့ မခေါ်ဘူး သိလား.. မောင်ဝေယံ”

ကျွန်မ အပြောကို သူခေါင်းညိတ်ပြီးလည်း မထောက်ခံ၊ ခေါင်းခါပြီးလည်း မငြင်းဆန်ခဲ့ဘူး။ မျက်ရည်တွေသာ သူ့ပါးပေါ် အဆက်မပြတ်စီးကျလို့နေတယ်။

“ကဲ .. အားလုံး အတန်းထဲ ၀င်ကြ.. အောင်အောင်လည်း နောက်ဆို တစ်ခြားလူ ဖုန်းဆက်နေရင် ခိုးနားမထောင်ရဘူး ကြားလား”

ကျောင်းသားတွေ အတန်းထဲ ၀င်ကြတော့ အတန်းအပြင်ဖက်မှာ ကျွန်မနဲ့ မောင်ဝေယံနှစ်ယောက်တည်း ကျန်နေခဲ့တယ်။ သူနဲ့ ကျွန်မ စကားကောင်းကောင်း ပြောချင်သေးတယ်။ ဘာကြောင့်မှန်းမသိ သူ့ကို တစ်ခြားကျောင်းသားတွေထက် ကျွန်မပို သံယောဇဉ်ဖြစ်မိတယ်။

“ဆရာမ ဒါ ကျွန်တော် မတင်ရသေးတဲ့ ပုံပါ” မျက်ရည်တွေကို သုတ်ရင်း ကြမ်းပြင်ပေါ် ကျနေတဲ့ စာအုပ်ကို ကောက်ယူပြီး ကျွန်မကို လှမ်းပေးလိုက်တယ်။

“ တပည့်တွေ လေ့ကျင့်ခန်း မှန်မှန်လုပ်ပြီး မှန်မှန်တင်ရင် ဆရာမအရမ်းဝမ်းသာတယ် သိလား မောင်ဝေယံ။
ဆရာမ မင်းကို သဘောကျတယ်။ လိမ္မာစေချင်တယ်။ ဒါပေမဲ့ တစ်ခါတလေ မင်းကြောင့် ဆရာမ စိတ်ဓာတ်တော်တော်ကျမိတယ် သိလား။ မင်းလိမ္မာတယ်ဆိုတာ ဆရာမ သိတယ်။ ဒီနေ့လို ကိစ္စသေးသေး မွှားမွှားလေးနဲ့ မင်းရန်မဖြစ်သင့်ဘူး သိလား”

“ သူ့ ကျွန်တော့်ကို လှောင်လို့”

“လှောင်လို့? သူက ဘယ်လို လှောင်လို့လဲ”

“မေမေနဲ့ ကျွန်တော် စကားပြောတာကို သူလှောင်တယ်” ပြောရင်း မျက်ရည်တွေက စီးကျလို့ လာပြန်တယ်။

“မောင်ဝေယံက မေမေနဲ့ ဘာတွေ ပြောခဲ့လို့လဲ.. ဆရာမကို ပြောပြ”

သူခေါင်းကို ငုံ့လိုက်တယ်။ ကျွန်မကို သူ့မေမေနဲ့ ပြောတဲ့ စကားတွေ သိပ်ပြောပြချင်ပုံ မပေါ်ဘူး။

“ဆရာမ မင်းကို မလှောင်ဘူး။ ရယ်လည်း မရယ်ဘူး ဟုတ်ပြီလား”

တအောင့်နေတော့ သူ့မေမေကို ပြောခဲ့တဲ့ စကားတွေကို ကျွန်မကို အစအဆုံး ရွတ်ပြပါတယ်။

“မေမေ.. သိလား.. ခုတစ်လော သား ဆရာမပေးတဲ့ လေ့ကျင့်ခန်းတွေကို မှန်မှန်လုပ်လို့ ဆရာမက သားကို တော်ကြောင်းချီးကျူးတယ်။ ဆရာမက သားကို ချိုချဉ်တွေ ဆုချတယ် မေမေ။ ဒီနေ့လည်း ဆရာမဆွဲခိုင်းတဲ့ ပုံကို သားတင်မလို့။ ဒီပုံကို ဆရာမ ဆွဲခိုင်းတာ ကြာနေပြီ။ ခေါင်းစဉ်က “ကျွန်တော်၏ မေမေ”ဆိုလို့ သားက မေမေ့ပုံကို မဆွဲတတ်လို့ မတင်ဖြစ်ခဲ့ဘူး။ မေမေ.. မေမေ့ကို သားအရမ်းလွမ်းတယ် မေမေ။ မေမေ ဘယ်အချိန်အထိ အိပ်နေဦးမလဲ မေမေ။ ဘယ်အချိန်ကျမှ မျက်လုံးဖွင့်ပြီး သားကိုကြည့်မလဲ မေမေ။ ဒီနေ့က ဆရာများနေ့တဲ့ မေမေ။ မေမေ့အတွက် ဖေဖေနေ့တိုင်းပေးတဲ့ နှင်းဆီပန်းတွေကို ကြည့်ပြီး ဆရာမလည်း မိန်းကလေးဖြစ်တဲ့အတွက် နှင်းဆီပန်းကြိုက်မယ် ထင်ပြီး ဆရာမအတွက် ဖေဖေကို နှင်းဆီပန်းတွေ ပိုဝယ်ခိုင်းလိုက်သေးတယ်။ မေမေ စိတ်မဆိုးပါနဲ့နော် မေမေ”

ပြောပြောဆိုဆို မောင်ဝေယံက လွယ်အိတ်ထဲမှာ ဖိလို့ ပုံပျက်ပြီး ပြားချပ်နေတဲ့ နှင်းဆီပန်းတစ်ပွင့်ကို ယူပြီး ကျွန်မကို ကမ်းပေးပါတယ်။

“ ဆရာများနေ့မှာ ပျော်ရွှင်ပါစေ ဆရာမ”

ကျွန်မနှုတ်ခမ်းက ဘာသံမှ ထွက်မလာနိုင်အောင် ၀မ်းနည်းပြီး ကျွန်မငိုမိပါတယ်။

“သူက ကျွန်တော့်ကို အရူးလို့ ပြောသေးတယ်ဆရာမ။ သူက ပြောတယ် ကျွန်တော့်မေမေက သေပြီတဲ့။ နောက်ဆို ကျွန်တော် ရန်မဖြစ်တော့ပါဘူး ဆရာမ”

ကျွန်မသူ့ကို ရင်ခွင်ထဲ တင်းတင်းလေး ထွေးပွေ့ထားလိုက်မိတယ်။ နှလုံးတွေ အသဲတွေ ကွဲကြေမတတ် ကျွန်မငိုမိခဲ့တယ်။ အဖေက စားဝတ်နေရေးအတွက် ရုန်းကန်၊ အထိန်းအကွပ်မဲ့တဲ့ အမေ မရှိတာတောင် သူက ဒီလောက် သိတတ် လိမ္မာနေတယ်။ အမေအသက်ရှင်နေဆဲလို့ မှတ်ယူပြီး အမေနဲ့ ဖုန်းပြောနေတဲ့ သူ့ရဲ့ ပုံရိပ်တွေ၊ သေဆုံးသွားတဲ့ အမေ့ကို ပုံဖော်ပြီး ရေးခဲ့တဲ့ သူ့ရဲ့ခံစားချက်တွေက ကျွန်မရင်ထဲ စူးစူးနစ်နစ် ထိုးဝင်လာခဲ့တယ်။

“ မောင်ဝေယံကို ဆရာမ တောင်းပန်ပါတယ်ကွယ်”

ရင်ထဲ နင့်နေအောင် ကျွန်မ ပြောမိပါတယ်။ ဆရာမ တစ်ဦးဖြစ်တဲ့ ကျွန်မက ကိုယ်သင်တဲ့ ကလေးတစ်ယောက်အပေါ် သေချာ နားလည်နိုင်စွမ်းမရှိအောင် ကျွန်မညံခဲ့တယ်။

တစ်နေ့လုံး ၀မ်းနည်းစိတ်ကို ကျွန်မ ထိန်းမရခဲ့ဘူး။ မောင်ဝေယံကို ဖက်ပြီး ဘယ်လောက်ကြာကြာ ငိုခဲ့ မိမှန်း ကျွန်မ မသိဘူး။ ညနေ အိမ်ပြန်ရောက်လို့ တပည့်တွေရဲ့ သင်္ခန်းစာတွေကို စစ်ဆေးတော့ မောင်ဝေယံဆွဲထားတဲ့ ပုံက ကျွန်မကို ထပ်တစ်ဖန် ၀မ်းနည်း မျက်ရည်ကျစေပြန်တယ်။ သူဆွဲထားတဲ့ ပုံက စားပွဲတစ်လုံး၊ စားပွဲပေါ်မှာ အမျိုးသမီးပုံ ထည့်ထားတဲ့ မှန်ဘောင်တစ်ခု၊ မှန်ဘောင်ရဲ့ ဘေးတစ်ဖက် တစ်ချက်စီမှာ နီရဲတဲ့ နှင်းဆီပန်းတွေ ထိုးထည့်ထားတဲ့ ပန်းအိုးလေး နှစ်လုံး .... ကျွန်မ မင်နီနဲ့ အမှတ်ခြစ်ပြီး ပုံရဲ့ အောက်ဆုံးထောင့်မှာ အမှတ်ပေးလိုက်မိပါတယ်။ ၁၀၀ မှတ်.....

အင်တာနက်ပေါ်တွင် ဖတ်ရှူမိသော ပုံပြင်တစ်ပုဒ်အား ဇာတ်လမ်းဆင် ရေးဖွဲ့ခံစားသည်။

fwdmail..


zawtk..

 
^ထိပ်ဆုံးသို့