မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။
Showing posts with label ဓမ္မစာစုလေးများ. Show all posts
Showing posts with label ဓမ္မစာစုလေးများ. Show all posts

Thursday, June 27, 2013

ဝိစိကိစ္ဆာအကြောင်း

"ဝိစိကိစ္ဆာအကြောင်း"

ဘုရားစသည်တို့၌ ယုံမှားခြင်းသဘောသည် "ဝိစိကိစ္ဆာ" တည်း။ ထို့ကြောင့် "ဘုရား စသည့်၊ ယုံမှား ဘိမူ၊ ဝိစိကိစ္ဆာ" ဟုဆိုခဲ့သည်။ "ယုံမှား" ဟူသည် လုံးလုံး မယုံကြည်ခြင်းမျိုးလည်း မဟုတ်၊ စိတ်ချလက်ချ မယုံကြည်ဘဲ "မယုံတစ်ဝက်၊ ယုံတစ်ဝက်" ဆိုသလို ဖြစ်နေခြင်းမျိုးတည်း။ ဤဝိစိကိစ္ဆာ၏ မယုံမှုများကား................

၁။ အလုံးစုံကို အကုန်သိသော ဘုရားဆိုတာ ဟုတ်ပါ့မလား။

၂။ ထိုတရားအတိုင်း ကျင့်လျှင် နတ်ရွာ နိဗ္ဗာန် ရနိုင်သည်ဆိုတာ ဟုတ်မှဟုတ်ပါ့မလား။

၃။ (ကောင်းမွန်စွာ ကျင့်သော သံဃာကို ကြည့်၍) ကောင်းမွန်စွာကျင့်သော သံဃာ ဟုတ်မှ ဟုတ်ရဲ့လား။

၎။ ငါတို့ ကျင့်ကြံစောင့်ရှောက်အပ်သော သီလ သိက္ခာ ပုဒ်များ အကျိုးရှိမှ ရှိပါ့မလား။

၅။ ငါတို့ ရှေးရှေးဘဝက ဖြစ်ခဲ့မှ ဖြစ်ခဲ့ဖူးရဲ့လား။(ယခုဘဝမှ ထာဝရဘုရား ဖန်ဆင်းလို့ ဖြစ်ရတာလေလား)

၆။ နောက်၌ ရောက်ဖို့ရာ ဘဝရှိသေးတယ်ဆိုတာ ဟုတ်ပါ့မလား။ (ယခုဘဝသေလျှင် ပြီးချင်ပြီးနေမလား။)

၇။ ပြုသမျှ ကောင်းမှု မကောင်းမှုသည် ကုသိုလ်ကံ အကုသိုလ်ကံ အဖြစ်ဖြင့် ခန္ဓာအစဉ်၌ သတ္တိကျန်ရစ်တယ်ဆိုတာ ဟုတ်နိုင်ပါ့မလား။ (ကံကိုမယုံကြည်ပုံ)

၈။ ထိုကံ၏ အကျိုးများ ရလိမ့်မည်ဆိုတာ ဟုတ်ပါ့မလား။ (ကံ၏ အကျိုးကို မယုံကြည်ပုံ)

၉။ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ခြင်း အစရှိသောအကြောင်းအကျိုးစပ်ပုံသည် ဟုတ်မှဟုတ်ပါ့မလား။ (ပဋိစ္စသမုပ္ပါဒ်ကို မယုံကြည်ပုံ)။

ဤသို့ ဘုရားစသည်၌ မယုံကြည်ခြင်းကိုသာ ဝိစိကိစ္ဆာဟု မှတ်ပါ။ ဤဝိစိကိစ္ဆာကို "သံသယဖြစ်ခြင်း" ဟုလည်း ဆိုကြသည်။


အရှင်ဇနကာဘိဝံသ ၏ "ကိုယ်ကျင့် အဘိဓမ္မာ" စာအုပ်မှ ကောက်နှုတ် ဖော်ပြသည်။

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

"ဗုဒ္ဓ၏ ဝိဘဇ္ဇဝါဒတရားတော်"

"ဗုဒ္ဓ၏ ဝိဘဇ္ဇဝါဒတရားတော်"

- အို... အချင်းကာလာမအနွယ်တို့ သင်တို့သည် အယူဝါဒ တစ်ခုကို တစ်ဆင့်ကြားဖြင့်လည်း အမှန်လို့ မယူကြနဲ့၊

- ရှေးအစဉ် အလာ စကားဖြစ်ရုံနဲ့လည်း အမှန်လို့ မယူကြနဲ့၊

- ဤသို့ဖြစ်ဖူးသတဲ့ဆိုသဖြင့်လည်း အမှန်လို့ မယူကြနဲ့၊

-ကျမ်းဂန်နှင့်ညီညွတ်သည်ဆိုရုံဖြင့်လည်း အမှန်လို့မယူကြနဲ့၊

- နည်းမှီ၍ယူခြင်းမျိုးဖြင့်လည်း အမှန်လို့ မယူကြနဲ့၊

- အကြောင်းခြင်းအရာကို ရှာကြံထောက်ပြ ညီညွတ်သည်ဆိုရုံဖြင့်လည်း အမှန်လို့ မယူကြနဲ့၊

- မိမိတို့ ကြံစည်နှစ်သက် လက်ခံထားသောအယူနှင့် ကိုက်ညီသည်ဆိုရုံနှင့် အမှန်လို့ မယူကြနဲ့၊

- လက်ခံထိုက်သော ပုဂ္ဂိုလ်၏ စကားဖြစ်ရုံဖြင့် အမှန်လို့ မယူကြနဲ့၊

- မိမိတို့လေးစားအပ်သော ဆရာ၏စကားဖြစ်ရုံဖြင့် အမှန်လို့ မယူကြနဲ့။

သင်တို့သည် မိမိတို့ကိုယ်တိုင် ဤတရားတို့သည် အကုသိုလ်တရားတို့တည်း၊ ဤတရားတို့သည် အပြစ်ရှိသောတရားတို့တည်း၊ ဤတရားတို့သည် ပညာရှိတို့ ကဲ့ရဲ့အပ်သောတရားတို့တည်း၊ ဤတရားတို့နှင့်ပြည့်စုံလျှင် ဤတရားတို့ကို ဆောက်တည်လျှင် အကျိုးမဲ့ခြင်း၊ ဆင်းရဲခြင်းငှာ ဖြစ်ကုန်၏ဟု သိကြသောအခါ ထိုတရားတို့ကို ပယ်ကြကုန်လော့၊ ဤတရားတို့သည် ကုသိုလ်တရားတို့တည်း၊ ဤတရားတို့သည် အပြစ်မရှိသောတရားတို့တည်း၊ ဤတရားတို့သည် ပညာရှိတို့ချီးမွမ်းအပ်သော တရားတို့တည်း၊ ဤတရားတို့နှင့်ပြည့်စုံလျှင် ဤတရားတို့ကို ဆောက်တည်လျှင် အကျိုးရှိခြင်းငှာ၊ ချမ်းသာခြင်းငှာဖြစ်၏ဟု သိကြသောအခါ ထိုတရားတို့ကို ဆောက်တည် ကျင့်သုံးကြကုန်လော့ ဟူ၍ ဟောကြားတော်မူခဲ့ပါသည်။

မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်၏ "မျက်ရည်မကျခင်သိစေချင်" စာအုပ်မှ ကောက်နှုတ်ဖော်ပြသည်။

ခင်မင်စွာဖြင့်......
ဇော်သိင်္ခ

Friday, January 18, 2013

စက္ခုပါလ - အရှင် ဇဝန

စက္ခုပါလ - အရှင် ဇဝန 
(၂၀၁၀ ခုနှစ် သင်္ကြန်တွင်း သုဒ္ဓဝိပဿနာရိပ်သာတွင် ဖုန်းဖြင့် ရိုက်ကူးလာသောပုံတော်)
မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနနုဂ္ဂဟအသင်း၏ နာယကဆရာတော်ဖြစ်တော်မူသော ဘဒ္ဒန္တတိက္ခ(အဂ္ဂမဟာပဏ္ဍိတ)၏ သြဝါဒဖြင့် ဖွဲ့စည်းထားသော အသင်းကြီး ငါးသင်းရှိပါသည်။ ထိုအသင်းငါးသင်းအနက် တစ်သင်းအပါအဝင်ဖြစ်သော နယ်စပ်တောင်တန်းနှင့်ကမ်းရိုးတန်း ဒေသ ဗုဒ္ဓဘာသာ သာသနာပြန့်ပွားရေးအသင်းသည် နာယကဆရာတော် ၁၄ပါး၊ နယ်လှည့် ဓမ္မကထိက ဆရာတော် ၁၄ပါးတို့၏ သြဝါဒများခံယူကာ သာသနာရေး၊ ပညာရေး၊၊ ကျန်းမာရေး၊ လူမှုရေးကူညီမှု လုပ်ငန်းများကို အသင်းခွဲ အသင်းထောက်ပေါင်း (၄၂၀) တို့၏ ပံ့ပိုးမှုဖြင့် သာသနာပြုလျက်ရှိပါသည်။
အသင်း၏ နယ်လှည့်ဓမ္မကထိကဆရာတော် ၁၄ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော အရှင်ဇဝနသည် စက္ခုနှစ်ကွင်းအလင်းမရသော်လည်း မလျှော့သောဇွဲ၊ လုံ့လ၊၊ ထက်သန်သောစေတနာဖြင့် တရားတော်များကို ဟောပြရင်း သာသနာပြုလျက်ရှိပါသည်။ ဆရာတော်ကြီ ဘဒ္ဒန္တတိက္ခ၏ ခြေတော်ရင်းတွင် သီတင်းသုံးလျက် ဆရာတော်၏ မေတ္တာကိုခံယူကာ ဆရာတော်၏လမ်းညွှန်မှုဖြင့် သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်လက်ရှိပါသည်။
လူအမည် မောင်ဇာနည်ဝင်း အမည်ရသော အရှင်ဇဝနအလောင်းလျာကို ၁၃၄၃ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက်၊ အင်္ဂါနေ့တွင် ခမည်းတော် ဦးဝင်းမြင့်၊ မယ်တော် ဒေါ်သန်းဌေးတို့မှ မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ သဲတောမြို့၊ အမှတ်(၃)၊ သူဌေးကုန်းရပ်ကွက်တွင် မီးရှူးသန့်စင် ဖွားမြင်တော်မူပါသည်။ ခမည်းတော်မှာ မီးရထားဝန်ထမ်းတစ်ဦးဖြစ်ပြီး မယ်တော်မှာ စားသောက်ဆိုင်ဖွင့်လှစ် ရောင်းချသူဖြစ်ပါသည်။ ညီအစ်ကိုမောင်နှမ(၆)ယောက်အနက် အကြီးဆုံးသားရတနာဖြစ်ပါသည်။ ကျောင်းနေအရွယ်တွင် သဲတောအလယ်တန်းကျောင်း၌ သုံးနှစ်ကြာ ပညာသင်ယူခဲပါသည်။ ငယ်စဉ်ကပင် ရှင်သာမဏေဝတ်လိုစိတ် သာသနာ့ဝန်ထမ်းလိုစိတ်၊ ပရဟိတလုပ်ငန်းများလုပ်လိုစိတ် ထက်သန်သူဖြစ်ပါသည် ၁၃၅၈ ခုနှစ်တွင် နဝမတန်းတက်မည့်ဆဲဆဲ မျက်စိဝေဒနာစတင်ခံစားခဲ့ပါသည်။ မျက်စိဝေဒနာကြောင့်  ကျောင်းဆက် မတက်တော့ဘဲ ၁၃၅၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၈)ရက်တွင် သဲတောမြို့၊ မြဘုန်းရှင် ပရိယတ္တိစာသင်တိုက်တွင် ဆရာတော် ဘဒ္ဒန္တဣန္ဒြကကို ဥပဇ္ဖျာယ်ပြု၍ သာမဏေဘဝသို့ ရောက်ခဲ့သည်။ ၁၃၆၆ ခုနှစ်၊ ပြာသိုလဆန်း (၆) ရက်တွင် မြင့်မြတ်သောရဟန်းဘဝသို့ ရောက်ရှိခဲ့ပါသည်။ ရဟန်းဒါယိကာမများမှာ အေဒီဒေါ်အေးအေးမြင့် နှင့် မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာခင်အုန်းဟန် (ကဗျာဆရာကြီးဇော်ဂျီ၏သမီး) တို့ ဖြစ်ပါသည်။ မန္တလေးမြို့၊ ဇေယျဝတီကျောင်းဆရာတော် ဘဒ္ဒန္တသုဇနဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ)ထံတွင်လည်းကောင်း၊ သဲတောမြို့ ကုန်းမြင့်ရပ် မိုးကုတ်ဝိပဿနာ ကျောင်းဆရာတော် ဘဒ္ဒန္တပညာသီရိထံတွင်လည်းကောင်း၊ ပဋိစ္စသမုပ္ပာဒ်နှင့် ဝိပဿနာကျင့်စဉ်များကို လည်းကောင်း၊ ဒေါက်တာခင်အုန်းဟန်၏ ကျေးဇူးဖြင့် စိန်ပန်းရပ် ရတနာပုံရိပ်သာတွင် ဆရာတော် ဘဒ္ဒန္တပညာဝံသ (အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ)ထံတွင် ကမ္မဋ္ဌာန်းတရားများကိုလည်းကောင်း ဆည်းပူးသင်ယူခဲ့ပါသည်။ ရဟန်းအဖြစ်သို့ရောက်ရှိပြီးနောက် ဝမ်းတွင်းမြို့နယ်၊ ကြွယ်ကန်ကျေးရွာ ဟစ်တော်မူတောင်တောရကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒာစာရထံတွင် ဓူတင်ကျင့်စဉ်နှင့် သတိပဋ္ဌာန် တရားများကို သင်ယူခဲ့သည်။ ၁၃၆၈ ခုနှစ်တွင် မျက်စိဝေဒနာကြောင့် မျက်စိကွယ်ခဲ့ရှာသည်။
အရှင်ဇဝနသည် မျက်စိကွယ်စက လွန်စွာစိတ်အားငယ်ခဲ့သော်လည်း ဘဝကို အရှုံးမပေးသော ဒဿနအတွေး၊ ဒဿနအစုများကို အားဆေးအဖြစ် ရှာဖွေခဲ့ပြီး အမြင်စာပေမရှိသော်လည်း ပြင်ဦးလွင်မြို့၊ မျက်မမြင်စာသင်ကျောင်းတွင် မျက်မမြင်စာပေကို လေ့လာဆည်းပူးသင်ယူခဲ့သည်။ စိတ်ဓာတ်၊ ဇွဲ၊ ဝီရိယထက်သန်မှုစွမ်းအားကြောင့် (၆)လသင်မှ တက်မြောက်သည့် မျက်မမြင်စာပေကို ဆရာတော်သည် တစ်လခွဲဖြင့် ထူးချွန်စွာ သင်ယူတက်မြောက်ခဲ့ပါသည်။
မိတ္ထီလာ၊ မန္တလေး၊ ရန်ကုန်၊ စစ်ကိုင်းဆေးရုံကြီးများတွင် (၇)ကြိမ်တိုင်တက်ရောက်၍ မျက်စိအထူးကု ဆရာဝန်ကြီးနှင့်ကုသသော်လည်း စက္ခု နှစ်ကွင်းအလင်းမြင်ခြင်းသို့ ရောက်ရှိမလာတော့ပါ။ ဖြစ်စက သင်ယူတက်မြောက်ခဲ့သော ပရိယတ်စွမ်းအားကို မျက်မမြင်စာပေနှင့် ဆက်လက်သင်ယူခဲ့သော ပရိယတ်စွမ်းအားနှစ်ရပ် ပေါင်းစပ်ကာ မှန်ကန်သော အတွေး၊ မှန်ကန်သောအသိ၊ မှန်ကန်သော လုံ့လ၊ မှန်ကန်သော သမာဓိ စသည်များကို စုစည်းပြီး ဗုဒ္ဓသာသနာထွန်းကားရေးအတွက် ထေရဝါဒစစ်စစ်ကို စွမ်အားရှိသမျှ ဟောပြောညွှန်ပြရင်း သာသနာ့တာဝန်ကို ထမ်းဆောင်လျက်ရှိပါသည်။ သူတစ်ပါးဖတ်ပြသော တရားစာကို နားထောင်ခြင်း၊ တိတ်ခွေဖွင့်၍ တရားနာခြင်းဖြင့် ဘဝကို အရှုံးမပေးဘဲ မိမိ၏ဉာဏ်အားကို ထက်မြတ်စေရန် စဉ်ဆက်မပြတ် ကြိုစားတော်မူပါသည်။ မတ္တရာမြို့နယ်၊ ရွှေချောင်းအုပ်စု အလယ်ရွာ ရန်ကုန်ဆရာတော်နှင့်အတူ ရှစ်နှစ်ကြာ နေထိုင်သီတင်းသုံးစဉ် တရားပွဲများ အဆက်မပြတ်ပြုလုပ်ခဲ့ပါသည်။ အရှင်ဇဝနသည် ကျေးရွာအလိုက် ယဉ်ကျေးမှု သင်တန်းများ ဖွင့်လှစ်သင်းကြားပေးခြင်း၊ ဝတ်အသင်းများဖွဲ့စည်းပေးပြီး ညစဉ် ဝတ်တက်စေခြင်း၊ တရားစခန်းများဖွင့်၍ တရားပြခြင်း၊ ဟောင်းနွမ်းပျက်စီးနေသော ဘုရားပထိုးများကို ဦးဆောင်ပြုပြင်ခြင်းများ ဆောင်ရွက်ပါသည်။
၁၃၆၇ ခုနှစ်တွင် ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ(အဂ္ဂမဟာပဏ္ဍိတ) ဦးဆောင်သော နယ်စပ်တောင်တန်းနှင့် ကမ်းရိုးတန်းဒေသ ဗုဒ္ဓဘာသာ သာသနာပြန့်ပွားရေးအသင်းနှင့် ဆက်သွယ်ကာ အသင်း၏ဓမ္မကထိကအဖြစ် နယ်လှည့်တရားဟောပါသည်။ မတ္တရာ၊ ဝမ်းတွင်း၊ ရွှေဘို၊ တကောင်း၊ ပုသိမ်ကြီး စသည့် မြို့နယ်အတွင်း ကျေးရွာများသို့ မျက်စိမမြင်သည့်ကြားက ကပ္ပိယများ၏ အကူအညီဖြင့် ခဲခဲယဉ်းယဉ်း သွားရောက်ကာ တရားတော်များကို ဟောကြားပါသည်။ တရားပွဲမှရရှိသော ဓမ္မပူဇာငွေများ၊ ဆန်နှင့်အဝတ်အထည် စသည့် ပစ္စည်းများကို နယ်စပ်တောင်တန်းနှင့်ကမ်းရိုးတန်းဒေသရှိ သာသနာပြုပုဂ္ဂိုလ်များ၊ တိုင်းရင်းသားများ၊ မိဘမဲ့များအား ဆရာတော်က ထပ်မံ၍ လှူဒါန်းပါသည်။ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တွင်  ကြွက်များဖျက်ဆီးသဖြင့် ဆန်၊ ရေ၊ စပါးများ ပျက်စီးသည့်အခါ ဆရာတော်သည် မေတ္တာရှေ့ထားပြီး ဒုက္ခရောက်နေသော ဒုက္ခသည်များကို ကူညီထောက်ပံ့ရန် ရွာစဉ်တစ်လျှောက် တရားဟောရင်း ရရှိသောငွေနှင့် ဆန်များကို ဒုက္ခသည်များထံသို့ ပေးပို့လှူဒါန်းခဲ့ပါသည်။ နာဂစ်မုန်တိုင်းဒဏ်ခံရသူများ၊ လတ်တလော အခက်အခဲကြုံတွေ့နေရသော ရခိုင်ပြည်နယ်မှ ဒုက္ခသည်များအတွက် နယ်လှည့်တရားပွဲများပြုလုပ်ကာ အလှူခံရသမျှ လုံးမခြွင်းမချန်ဘဲ အသင်းမှတစ်ဆင့် လှူဒါန်းတော်မူပါသည်။ ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခနှင့်အတူ ရှမ်းပြည်နယ်မြောက်ပိုင်း သာသနာပြုခရီးစဉ်တွင် လိုက်ပါပြီး လားရှိုး၊ သီပေါ၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်နှင့်အထူးဒေသ ငါးနေရာတို့တွင် တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူပါသည် လောကအလင်းမြင်သော်လည်း ဘာသာတရားအလင်းမမြင်သူများကို လောကအလင်းမမြင်သော်လည်း ဘာသာရေးတရားအလင်းမြင်သော ကရုဏာရှင် စက္ခုပါလအရှင်ဇဝနက မျှဝေခံစားရင်း ဘာသာရေးအသိများ ပျံ့နှံ့စေရန် သာသနာ့အာဇာနည်စိတ်ဓာတ်ဖြင့် သာသနာပြု ဓမ္မခရီးလှည့်လည်ကာ တရားဟောလျက်ရှိပါသည်။
ဆရာတော်၏ မျက်စိနှစ်ကွင်းအလင်းရစေရန် ရှိုင်းဟုတ်ကုမ္မဏီမှ ဒေါက်တာဒေါ်ခင်ခင်ရီက ရန်ကုန်မြို့ ပန်းလှိုင်အထူးကုဆေးခန်းသို့ပင့်၍ မျက်စိကုသပေးခြင်းဖြင့် ကုသိုလ်ယူခဲ့ပါသည်။ သို့သော် ဆရာတော်၏ မျက်စိကို မကုသဘဲထားသည်မှာ လေးနှစ်ကျော်ကြာခဲ့သဖြင့် မျက်စိအလင်းမရရှာခဲ့ပါ။ ၂၀၁၀ ပြည့်နှစ်၊ ဇွန်လတွင် မေတ္တာရှင်အရှင်ဇဝန(ရွှေပြည်သာ)၏  ဆက်သွယ်ပေးမှုဖြင့် ဘန်ကောက်မြို့ရှိ ဒေါ်မြမြအုန်း(ပုလဲရောင်းဝယ်ရေး)မှ ငွေအကုန်ကျခံ၍ ဘန်ကောက်မြို့ရှိ မျက်စိဆေးရုံတွင် တက်ရောက်ကုသခဲ့ပါသည်။ ဘန်ကောက်သို့ မန္တလေးမှ အသွားအပြန်ခရီးစရိတ်ကို ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်ချိုပြုံးကလည်းကောင်း၊ ဆေးကုသစရိတ်ကို ဒေါ်မြမြအုန်းကလည်းကောင်း၊  သီတင်းသုံးရန်နှင့် ဝေယျာဝစ္စအတွက် နဂါးနီရတနာစက်ရုံမှ ဦးဆန်နီကလည်းကောင်း၊ ဆရာတော်မျက်စိပြန်မြင်ရေးအတွက် အားသွန်ကာ ဆောင်ရွက်ပေးကြပါသည်။ ဘန်ကောက်ဆေးရုံတွင် ရက် (၂၀)ကြာကုသခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပါ။ ဂျာမနီနိုင်ငံတွင် အရုံခံမှန်ဘီလူးတပ်၍ မျက်စိမမြင်သူ ၃၀ ဦးအား စမ်းသပ်ကုသခဲ့ရာ အောင်မြင်ကြောင်း သိရပါသည်။ နောင်နှစ်နှစ်၊ သုံးနှစ်ကြာလျှင် ဤကုထုံးသည် ပိုမိုကျယ်ပြန့် အောင်မြင်လာစရာအကြောင်းရှိသဖြင့် ဆရာတော်အား ဦးစားပေးကုသပေးမည်ဖြစ်ကြောင်း၊။ ၅၀ ရာခိုင်နှုန်းခန့် ပြန်မြင်နိုင်ဖွယ်ရာ မျှော်လင့်ချက်ရှိကြောင်း ဆရာဝန်ကြီးများက ဆရာတော်အား လျှောက်ထားလိုက်ကြပါသည်။ ဆရာတော်အနေနှင့် ဘန်ကောက်ဆေးရုံကြီးလို ဆေးရုံ၌ပင် ကုသ၍မရသော မျက်စိအတွက် အထူးစိတ်အားငယ်ဝမ်းနည်းမှုမဖြစ်ရှာဘဲ တရားရှင်ပီသစွာ တရားနှင့်ပင် ဖြေသိမ့်တော်မူပါသည်။ ရနောင်းတွင် ထိုင်းဘုန်းကြီး ၁၀ ပါးကို ဆွမ်းကပ်လှူဒါန်းပြီး လက်လှမ်းမှီရာ မြန်မာများအား တရားဓမ္မများ ဟောပြောတော်မူခဲ့ပါသည်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ဒေါ်မြမြအုန်း (ပုလဲရောင်းဝင်ရေး)၏ ကုသိုလ်ဖြင့် ဗုဒ္ဓဂယာသို့ ဘုရားဖူး သွားရောက်ခဲ့ပါသည်။ ဗုဒ္ဓဂယာရှိ မဟာဗောဓိစေတီတော်၌ ပြုလုပ်သော နိုင်ငံပေါင်းစုံ ထေရဝါဒ ပိဋကတ်သုံးပုံရွတ်ဖတ်ပူဇော်ပွဲသို့ ဆရာတော်သွားရောက်၍ တရားနာစဉ် ဆရာတော်၏ ကိုယ်ပေါ်သို့ ဗောဓိပင်မှ ညောင်ငါးရွက် ကြွေကျခဲ့ပါသည်။ အခြားမည်သည့်နေရာတွေင်မှ မကြွေဘဲ ထူးဆန်းစွာ ဆရာတော်၏ ပခုံး၊ ရင်ခွင်၊ လက် စသည်တို့အပေါ်တွင်သာ ကြွေကျသဖြင့် ပရိသတ်အားလုံး တအံ့တသြဖြစ်ကြပါသည်။ ဆရာတော်သည် ပကတိမျက်စိဖြင့် မမြင်ရသော်လည်း ဉာဏက္ခုဖြင့် တရားတော်ကို စူးစူးစိုက်စိုက်နာယူပြီး ဗုဒ္ဓဂယာရှိဘုရားများကို ကပ္ပိယကိုဖိုးချိုနှင့် ကိုမောင်ထွေးတို့၏ အကူအညီနှင့် ဖူးမြော်ခဲ့ရပါသည်။
ဆရာတော် အရှင်ဇဝနအနေနှင့် ဘန်ကောက်မှ ဆရာဝန်ကြီးများလျှောက်ထားသလို အာရုံခံမှန်ဘီလူးတပ်ပြီး မျက်စိမြင်နိုင်မည့်အချိန်ကို စောင့်စားရင်း ဗုဒ္ဓဘာသာ သာသနာပြန့်ပွားရေးအတွက် သာသနာပြုလုပ်ငန်းများကို ဇွဲ၊ လုံ့လမလျှော့ဘဲ စိတ်အားသန်သန်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ စက္ခုနှစ်ကွင်းအလင်းမရသော်လည်း ဘဝကို အရှုံးမပေးသော စိတ်ဓာတ်ဖြင့် သာသနာပြုနေသော အရှင်ဇဝနအား “မေတ္တာရှင်အရှင်ဇဝန(ရွှေပြည်သာ)” က ဖေးမကူညီကာ လိုအပ်သလို အားပေးတော်မူပါသည်။ မျက်စိမမြင်သော်လည်း စိတ်အားမငယ်ဘဲ သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်နေသော ကရုဏာရှင် စက္ခုပါလအရှင်ဇဝနအား အောက်ပါ ကဗျာဖြင့် ဂုဏ်ပြုပူဇော်ရေးသားအပ်ပါသည်။

စက္ခုနှစ်ကွင်း၊ အလင်းမမြင်

သို့ပင်သော်လည်း၊ စွမ်းအင်မယုတ်

သာသနာ့အလုပ်ကို၊ အားထုတ်ပြည့်ဝ

သည်လောကအား၊ ဓမ္မအလင်း

စွမ်းဆောင်နှင်းဖို့၊ စိတ်ရင်းကြံဆ

ပြင်းထန်လှ

ကရုဏာရှင် ရှင်ဇဝန။

၁၆.၁.၂၀၁၃ ရက်နေ့ မန္တလေးနေ့စဉ် သတင်းစာပါ ဆောင်းပါးရှင်
အေးအေးခိုင်(ပညာရေး)

 ခင်မင်စွာဖြင့်....
ဇော်သိင်္ခ

Tuesday, October 30, 2012

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ မြတ်စွာဘုရားကို ပူဇော်ခြင်း

Inline image 1

ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာ ဘာတိ စန္ဒိမာ၊
သန္နဒ္ဓေါ ခတ္တိယော ဘာတိ၊ ဈာယီ တပတိ ဗြဟ္မဏော၊
အထသဗ္ဗမဟောရတ္တိံ ၊ ဗုဒ္ဓေါတပတိတေဇသာ၊
(ဓမ္မပဒ၊သံယုတ္တ)
တာဒိသံ တေဇသမ္မန္နံ၊ ဗုဒ္ဓံဝန္ဒာမိ အာဒရံ။ (ပေါရာဏ)


အာဒိစ္စော၊ ရောင်ခြည်တစ်ထောင် အလင်းဆောင်သည့် ထွန်းပြောင်ထိန်လင်း ရှင်နေမင်းသည်။ ဒိဝါ၊ နေ့အခါမှသာလျှင်၊ တပတိ၊ ထွန်းလင်းကျက်သရေတင့်တယ်လှပါပေ၏။ စန္နိမာ၊ ယုန်ဖြူလနန်း သော်တာစန်းသည်။ ရတ္တိံ၊ ညဥ့်အခါမှသာလျှင် တပတိ၊ထွန်းလင်းကြက်သရေ တင့်တယ်လှပါပေ၏။ ခတ္တိယော၊ ရေမြေပိုင်သ စိုးရသနင်းပြည့်ရှင်မင်းသည်။ သန္နဒ္ဓေါ၊ ရွှေ၊ငွေ၊စိန်၊ကျောက် ထိန်ထိန်တောက်သည့် မင်းမြောက်တန်ဆာ ဆင်ယင်မှသာလျှင်။ ဘာတိ၊ ထွန်းလင်းကျက်သရေ တင့်တယ်လှပါပေ၏။ ဗြဟ္မဏော၊ ကိသေလာကုန်ခန်း ရဟန္တာ ပုဂ္ဂိုလ်သည်။ ဈာယီ၊ အဘိဉာဉ်ဝင်စား ဈန်ကစားမှသာလျှင်။ တပတိ၊ ထွန်းလင်းကျက်သရေ တင့်တယ်လှပါပေ၏။ အထ၊ ထိုမှကြူး၍ ထူးသည်မှာကား။ ဗုဒ္ဓေါ၊ သစ္စာလေးပါးမြတ် တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော မြတ်စွာဘုရားသည်။ တေဇသာ၊ ကြက်သရေမျိုးစုံ တန်ခိုးဂုဏ်အားဖြင့်။ သဗ္ဗမဟောရတ္တိံ၊ နေ့ရောညဥ့်ပါဘယ်ခါမဆိုင်း အချိန်တိုင်း၌သာလျှင်၊တပတိ ၊ ထွန်းလင်း ကျကသရေ တင့်တယ်လှပါပေ၏။ တာဒိသံတေဇသမ္မန္နံ၊ ထိုသို့ ကြက်သရေမျိုးစုံတန်ခိုးဂုဏ်တို့နှင့် ပြည့်စုံတော်မူသည်ဖြစ်၍ နေမင်း၊လမင်း၊ရဟန်းတသင်းတို့ထက် ထွန်းလင်းကြက်သရေ တင့်တယ်တော်မူပေ ထသော။ ဗုဒ္ဓံ သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားထင်ထင်သိမြင်တော်မူသော မြတ်စွာဘုရားကို။ အဟံ၊ တပည့်တော်သည်။ အာဒရံ ၀န္ဒာမိ၊ ဗုဒ္ဓဂုဏ်ကို အာရုံထပ်ထပ် စိတ်ဇောကပ်လျှက် မပြတ်ရိုကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါသည် မြတ်စွာဘုရား။
ဒီဂါထာကတော့ အလုံးစုံမင်္ဂလာရှိလို့ "သဗ္ဗမင်္ဂလာ" ဂါထာ, တစ်ထောင်တန်လို့" သဟဿရဟ" သစ္စာပြုတာမို့ "သစ္စ"ဂါထာလို့ခေါ်တဲ့ ဂါထာပါ။
ဓမ္မပဒပါဠိ, သံယုတ္တပါဠိတော်မှာလာတဲ့ ဂါထာပါ။ တချို့ပါဠိရတယ်။ အနက်မရ။ တစ်ချို့ ပါဠိ၊အနက် ရပြန်တော့ ဂါထာဖြစ်ပေါ်လာပုံကိုမသိကြဘူး။ ဒါကြောင့် ပါဠိ၊ အနက်၊ ဂါထာဖြစ်ပေါ်လာပုံလေးကို ရေးသား ပေးလိုက်ပါတယ်။
မြတ်စွာဘုရားဟာ တစ်ခုသော သီတင်းကျွတ်လပြည့်နေ့ညမှာ တရားဟောပလ္လင်ပေါ်မှာ သီတင်းသုံး နေပါတယ်။ အဲဒီအချိန်မှာ နေမင်းကြီး ၀င်တော့မည်ဆဲဆဲ အနောက်တောင်ပေါ်မှာ မေးတင်နေပါတယ်။ အရှေ့ဥဒည်စွန်းမှာတော့ ငွေလမင်းကြီးထွက်ပေါ်စပြုနေပါပြီ။ တစ်ဖက်မှာတော့ ပေဿနဒီကောသလမင်းကြီး မင်းတန်ဆာအစုံဝတ်ဆင်ပြီး မှူးမတ် ဗိုလ်ပါအခြံအရံနဲ့ တရားနာနေပါတယ်။ တစ်ဖက်မှာတော့ ကာဠုဒါယီ ရဟန္တာမထေရ်မြတ်ကြီး ဈန်ဝင်စားပြီးနေပါတယ်။ မြတ်စွာဘုရား၊ နေမင်း၊ လမင်း၊ ကောသလမင်း၊ ကာဠုဒါယီ မထေရ်တို့ဟာ အသီးသီး သူ့ကြက်သရေနဲ့သူ ရှိနေတာကို ရှင်အာနန္ဒာမထေရ်မြတ် မြင်တော်မူပါတယ်။ အဲဒီ ကြက်သရေရှိနေတဲ့ ၅ မျိုးထဲမှာ နေမင်းဟာ နေ့အခါမှာပဲ တင့်တယ်တယ်။ လမင်းဟာ ညဥ့်အခါမှာပဲ တင့်တယ်တယ်။ ကောသလမင်းဟာ မင်းမြောက်တန်ဆာ ဆင်ယင်ထားတဲ့အခါမှာဘဲ တင့်တယ်တယ်။ ရဟန္တာ မထေရ်မြတ်ဟာလည်း ဈန်ဝင်စားတဲ့အခါမှဘဲ တင့်တယ်တယ်။ ကြက်သရေရှိတယ်။ သုံးလောကထွဋ်ထား မြတ်စွာဘုရားကတော့ ကြက်သရေမျိုးစုံ တန်ခိုးဂုဏ်တို့ဖြင့် နေ့ရော,ညဥ့်ရော အချိန်ရှိသရွေ့ တင့်တယ်တယ်။ ကြက်သရေရှိတယ်။ အဲဒီလို ရှင်အာနန္ဒာမထေရ်မြတ်က ရှုမြင်တော်မူပါတယ်။ အဲဒီရှုမြင်တော်မူတဲ့အတိုင်း မြတ်စွာဘုရားကို လျှောက်တယ်။ အဲဒီတော့ မြတ်စွာဘုရားက ရှင်အာနန္ဒာ လျှောက်တာကို လက်ခံတော်မူပါ တယ်။ အဲဒါကြောင့် ဒီဂါထာဟာ မြတ်စွာဘုရားဟောဂါထာဖြစ်လာပါတယ်။ အဲဒါက မြတ်စွာဘုရားလက်ထက်က အကြောင်းအရာဖြစ်ပါတယ်။
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် နှစ်ပေါင်း ၅၀၀ လောက် သီဟိုဠ်ကျွန်းမှာ ဘာတိကတိဿမင်းကြီး နန်းစံပါတယ်။ မင်းကြီးဟာ တစ်ခုသော သီတင်းကျွတ်လပြည့်နေ့မှာ မှူးမတ်ဗိုလ်ပါ ပရိတ်သတ်နှင့်အတူ မဟာစေတီကို ဖူးမြော်ရန် ထွက်တော်မူပါတယ်။ အဲဒီအချိန်ကလည်း နေ၀င်ခါနီး လထွက်တဲ့အချိန်ဖြစ်ပါတယ်။ ထုတယ်ကြီးမားတဲ့ မဟာစေတီတော်မြတ်ကြီးအပေါ် အနောက်ဘက်မှ နေ၀င်ခါနီးဆည်းဆာရောင်ခြည်၊ အရှေ့ဘက်မှ လထွက်ခါစ ဖြူဝင်းအေးမြသော လရောင်တို့ကျရောက်ကာ ကြက်သရေရှိနေပုံကို မင်းကြီးမြင်ရတော့ အမတ်ကြီးဘက်ကိုလှည့်ပြီး အမတ်ကြီးတို့ မဟာစေတီတော်မြတ်ကြီး ကြက်သရေ ရှိလိုက်တာ။ မြတ်စွာဘုရားဟောတော်မူတဲ့ ပါဠိတော်မှာ ဒီလိုကြက်သရေရှိတဲ့ဂါထာများ မရှိဘူးလားလို့မေး တော့ အမတ်ကြီးတစ်ယောက်က လက်အုပ်ချီပြီး နေမင်းဘက်ကိုလှည့်ကာ "ဒိဝါတပတိ အာဒိစ္စော" ဟုရွတ်ဆိုပါတယ်။ တဖန်လလမင်းဘက်လှည့်ပြီး"ရတ္တိမာ ဘာတိ စန္ဒိမာ" လို့ ရွတ်ဆိုပါတယ်။ တဖန် ဘာတိကတိဿမင်းကြီး ဘက်ကိုလှည့်ပြီး "သန္ဒဒ္ဓေါ ခတ္တိယော ဘာတိ" လို့ဆိုပါတယ်။ မဟာစေတီအနီးရှိ သံဃာတော်များသီတင်းသုံးတဲ့ မဟာဝိဟာရကျောင်းဘက်လှည့်ပြီး "ဈာယီ တပတိ ဗြဟ္မဏော" လို့ရွတ်ဆိုပါတယ်။ နောက်ဆုံးကျတော့မှ နေရောင်လရောင် တို့ဖြင့် တင့်တယ်လျက်ရှိတဲ့ မဟာစေတီတော်မြတ်ကြီး ဘက်ကိုလက်အုပ်ချီလှည့်ပြီး " အထ သဗ္ဗမဟောရတ္တိံ၊ ဗုဒ္ဓေါတပတိ တေဇသာ" လို့ဆိုပြီး ဘုရားရှိခိုးလိုက်ပါတယ်။
အဲဒီအခါမှာ ဘာတိကတိဿမင်းကြီးက "အိုအမတ်ကြီး လက်အုပ်ကိုမချလိုက်ပါနဲ့ဦး" လို့ပြောပြီး အသပြာတစ်ထောင်ထုပ်ကို အမတ်ကြီးရဲ့ လက်ထဲထည့်ပြီး ပူဇော်လိုက်ပါတယ်။ အဲဒါကြောင့် ဒီ "ဒိဝါတပတိဂါထာ" ဟာသဟဿရဟ=သဟဿ= တစ်ထောင်။ အရဟ=ထိုက်တန်တဲ့ တစ်ထောင်တန်ဂါထာ လို့ဆိုပါတယ်။ သစ္စာပြုရာ ရောက်လို့ "သစ္စာ"ဂါထာလို့လည်း ဆိုပါတယ်။ ဆိုတာလေးကို သီတင်းကျွတ်လပြည့်အမှီ သုံးလောကထွဋ်ထား သဗ္ဗညု မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ရှိခိုးလိုက်ကြပါကုန်စို့………………………..။










မေတ္တာရှင် ဖောင်ဒေးရှင်း

ခင်မင်စွာဖြင့်....
ဇော်သိင်္ခ

Saturday, October 22, 2011

မန္တလေးဗုဒ္ဒတက္ကသိုလ်ကျောင်းတော်ကြီး ပြီးမြောက်ရေး အထူးတရားပွဲ

ဗုဒ္ဓတက္ကသိုလ် အဓိပတိ အဘိဓဇမဟာ ရဋ္ဌဂုရု ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ၏ ဗန်းမော်ကျောင်းတိုက်၌ တည်ဆောက်လျှက်ရှိသော မန္တလေး ဗုဒ္ဓတက္ကသိုလ်ကျောင်းတော်ကြီး ပြီးမြောက်အောင်မြင်ရေးအတွက် အထူးတရားပွဲကို ဆရာတော်ကြီးများမှ အောက်ပါအစီအစဉ်အတိုင်း နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားချီးမြှင့်မည် ဖြစ်ပါ၍ တရားတော်နာ ကြွရောက်ကြပါရန် နိဗ္ဗာန်အကျိုးမြှော်၍ နှိုးဆော် အပ်လိုက်ပါသည်။

6803928.jpg

တရားပွဲကုသိုလ်ရှင်

ကျေးဇူးရှင်မိခင်ကြီးဒေါ်တင်ထိုက်အားအမှူးထား၍ သားသမီးများကောင်းမှု၊

ရှမ်းပွဲရပ်၊ ၈၁လမ်း၊ ၄၂x၄၃ကြား၊ မန္တလေးမြို့။

6803932.jpg

တရားပွဲကုသိုလ်ရှင်

ဦးဌေးကို+ဒေါ်မာတင် မိသားစု

စိန်ပန်းရပ်၊ မန္တလေးမြို့။

6803930.jpg

တရားပွဲကုသိုလ်ရှင်

ဦးယုသွင်+ဒေါ်သီတာသိန်း မိသားစု

သိန်းတန် ဆပ်ပြာဝန်း၊ ၃၃လမ်း၊ ၈၅x၈၆လမ်းကြား၊ မန္တလေးမြို့။

6803929.jpg

တရားပွဲကုသိုလ်ရှင်

ဖခင်ကြီး ဦးတင့်လွင်ကို အမှူးထား၍

သမီးမရှု့တိုင် (လိပ်ပြာအထည်ဆိုင် ဈေးချို)

မန္တလေးမြို့။


6803931.jpg

ခင်မင်စွာဖြင့်...

ဇော်သိင်္ခ

 
^ထိပ်ဆုံးသို့