မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Sunday, October 24, 2010

ဇာတိမြေသို့ အလည်တစ်ခေါက်


ဒီတစ်ခေါက် မွေးဖွားရာ ဇာတိမြေသို့ အလည်တစ်ခေါက် ပြန်သွားရာမှာ မော်တော်ကားလမ်းက ပြန်လျှင် လမ်းမှာ ရေကျော်နေသဖြင့် ကားလမ်းမှ သွားလို့ မရသည့် အတွက် ရေလမ်းမှ မော်တော်ယာဉ် ဖြင့် ပြန်သွားခဲ့ရပါတယ်။ ဒီတစ်ခေါက်ပြန်တာဖြင့် ကျွန်တော်၏ ဖေဖေ ဘဝတပါးသို့ ကူးပြောင်းသွားတာ တစ်နှစ်ပြည့်သဖြင့် နှစ်ပတ်လည် ဆွမ်းကျွေးကုသိုလ်ပြု လုပ်ရန် ပြန်သွားခြင်းဖြစ်သည့် အပြင် မရောက်တာ လည်း ကြာပြီဖြစ်သဖြင့် ရွာသို့လည်း အလည် ပြန်ရင်း ပြန်သွားခဲ့ပါတယ်။ ထို့အတူ ဖေဖေ၏ တစ်နှစ်ပြည့် ဆွမ်းကပ်မှု ပြုလုပ်ပြီး တော့ ကျွန်တော်တို့ ကျေးရွာရှိ စာသင်ကျောင်းမှ လည်း ကျောင်းသူ ကျောင်းသားလေး များအား ... ဖေဖေ ကိုရည်ဇူး၍ ဗလာစာအုပ် ၊ ခဲတံ နှင့် ခဲဖျက်များ လည်း ပေးဝေ လှူဒါန်းခဲ့ဖြစ်ပါတယ်။ အဲဒီလို လှူ ဒါန်းဖို့ အတွက် သိတဲ့ အခါမှာ ဒေါ်ရွှေဇင်ဦး မှလည်း ဗလာစာအုပ် ၁၀ ဒါဇင် ပါဝင်ကုသိုလ်ပြု လှူဒါန်း လိုက်ပါတယ်။ ဒါ့ အပြင် ဆွမ်းလောင်းအသင်းမှ ဦးဇင်း ဦးကောဝိဒ မှလည်း ဗလာစာအုပ် ၁၇ ဒါဇင် ပါဝင်ကုသိုလ်ယူ လှူဒါန်းလိုက်ပါတယ်။ ထိုသို့ လှူဒါန်းမှု အားလုံးအတွက်  ဘဝတစ်ပါးသို့ ပြောင်းသွားသော ဖေဖေ နှင့် တကွ နတ်လူ အပေါင်း သာဓု ခေါ်စေနိုင်ရန်အတွက် ဒီပို့လေးဖြင့်.... ကုသိုလ်ထပ် ပြုလိုက်ရပါတယ်...။ ဒါအပြင် ရွာသို့ ရေလမ်းမှ သွားသော ခရီးစဉ်အား မှတ်တမ်း ဓာတ်ပုံလေးများဖြင့် ဗဟုသုတ အနေနဲ့ လေ့လာ ဖို့ တင်ပြပေးသွားပါမယ်...
 မန္တလေးမြို့၊ မြို့တော်ဥယဉ်ထိရှိ မရမ်းခြံ ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော အထက်အညာပိုင်းသို့ ဆန်တက်သွားလာကြသော မော်တော်ယဉ်များ အားတွေ့ရစဉ်....

ဒီ မော်တော်ယဉ် ဖြင့် လိုက်ပါ စီးနင်း  သွားရသည်။
မန္တလေးမြို့ အနောက်ဘက်ကမ်းတွင် တဲထိုး နေထိုင်ကြသော လူနေအိမ်လေးများ မြစ်ရေ တိုးနေသဖြင့် အိမ်လေးများ ရေဖြင့် မြုပ်တော့မည့် အနေအထား၊ သို့ သော် ရေသည် ထပ်၍ မတိုးတော့သဖြင့် သူတို့သည်လည်း ပြောင်းရွှေ့ နေထိုင်ခြင်းမပြုကြတော့ပဲ ထိုနေရာ တွင်သာ ဆက်လက်နေထိုင်ကြပြီး လုပ်ကိုင် စားသောက်နေကြခြင်းဖြစ်သည်။ 
မန္တလေးမြို့ ဆိပ်ကမ်းအား အဝေးမှ လှမ်းမြင်ရသော အနေအထားအပြင် ဆိပ်ကမ်းအနီးတွင် တည်ဆောက်ထားသော တိုက်တစ်လုံးနှင့် မန္တလေးမြို့ ဈေးချိုတော် တွင် တည်ဆောက်လျှက်ရှိသော ၂၅ ထပ်ရှိ အဆောက်အဦးအား ဧရာဝတီမြစ်အတွင်းမှ လှမ်း၍ မြင်ရပုံ
မန္တလေးတောင် အား ဧရာဝတီမြစ်အတွင်းမှ လှမ်းယူ ရိုက်ကူးထားပုံ

ထိုမှတဆင့် မြစ်ကြောင်းဖြင့် ဆန်တက်သွားရာ တွင် ဧရာဝတီမြစ် အနောက်ဘက်ကမ်း ရှိတောင်ရိုးပေါ်တွင် တည်ထားသော ဘုရားကျောင်းကန်များနှင့် တောတောင် အနေအထားများကို မော်တော်ယဉ်ပေါ်မှ လှမ်းယူ ရိုက်ကူးထားသော မြင်ကွင်းများ....
ရှိမ္မကားရွာ အောက်နားတွင် တည်ရှိသော စဥ့်ကိုင်ရွာတွင် တည်ထားကိုးကွယ် ထားသော မြစ်ကမ်းဘေးရှိ ဘုရား အား ဖူးမျှော်ရစဉ်
 မန္တလေးမြို့မှ မနက်စောစော ထွက်ခွာသွားသော မော်တော်ယဉ်သည် ခရီးတစ်ဝက်ကျော်ကျော်သို့ ရောက်၍  နေ့လည်ပိုင်း အချိန်သို့ ရောက်လျှင် ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ရှိမ်းမကား ရွာ သို့ ရောက်၍ ခေတ္တမျှ နားပြီးလျှင် ထိုရွာ၌ပင် ထမင်းစား မုန့်စား နားရခြင်း ဖြစ်သည်။ ထိုမှ ပြန်၍ ဆန်တက်လာလျှင် မွေးရပ်မြေသို့ ရောက်ခါနီးလျှင် မွေးရပ်မြေ၏ အောက်ဘက်အရပ်နား မြစ် အနောက်ဘက်ကမ်းတွင် တည်ထားကိုးကွယ်သော သစ္စာရ မြတ်စွာဘုရား တောင်တော်သို့ ရောက်ရှိ၍ ဝင်ရောက်ဖူးမျှော် ကြည်ညို နိုင်ပါတယ်။ ထိုဘုရားပွဲတော် အား ကဆုန်လပြည့်နေ့ တွင် ဘုရားပွဲတော် ပြုလုပ်၍ ထိုဘုရား အနီးဝန်းကျင်မှ ရွာများသည် သူတို့ လုပ်ကိုင်စားသောက်ကြသော သီးနှံများအား ဘုရားပွဲ လာရင် အနည်းငယ်စီ ထည့်ယူခဲ့ကြ၍ ဘုရား အား ထိုသီးနှံများဖြင့် လှူဒါန်း ပူဇော်၍ ဘုရားပွဲ အား စည်ကား သိုက်မြိုက်စွာ ကျင်းပ လေ့ ရှိကြပါသည်။
သစ္စာရ ဘုရား
ညနေစောင်း အချိန်တွင် ရွာသို့ ရောက်ရှိသွားပါတယ်။
ရွာဦး ဘုန်းတော်ကြီး ကျောင်းတော်ကြီးကို ဖူးမျှော်ရစဉ်


ရွာရှိ စာသင်ကျောင်းကလေး အား တွေ့မြင်ရစဉ်။ ကျွန်တော်တို့ ငယ်စဉ်က တက်ခဲ့သော စာသင်ကျောင်းသည် ဤကျောင်းဆောင်မျိုး မဟုတ်ပဲ ခြေတန်ရှည် အိမ်ပုံစံမျိုးကျောင်းဆောင်ဖြစ်ပြီး နှစ်ရှည်လများ ကြာမြင့်လာ၍ ခိုင်ခံ့မှု မရှိသဖြင့် ကျွန်တော်၏ ဖေဖေ မဆုံးခင်တွင် ဖေဖေ ဦးဆောင်၍ ပြန်လည်  အသစ် တည်ဆောက်သွားသော အခြေခံ ပညာ မူလတန်းကျောင်းဆောင်အား တွေ့မြင်ရစဉ်။


ကျောင်းရှိ ကျောင်းသားကျောင်းသူလေးများအား ဆရာကြီးမှ ဗလာစာအုပ်များ၊ ခဲတံ များနှင့် ခဲဖျက်များပေးဝေ နေစဉ်....

ကျောင်းရှိ တတိယတန်း ကျောင်းသား ကျောင်းသူလေးများ ပေးဝေထားသော စာအုပ်များနှင့် အတူ တွေ့ရစဉ်....

အားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာ ခြင်းများနှင့် ပြည့်စုံကြပါစေလို့ ဆန္ဒပြုရင်း........

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

Thursday, October 21, 2010

After You!

ရှက်ရှက်နဲ့ ၀န်ခံပါရစေ။
ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်လေးပါ။ လေဆိပ်ရဲ့ ဧည့်ခန်းမထဲမှာ မန္တလေးကိုသွားမယ့် လေယာဉ်ကို ကျွန်တော် စောင့်နေ ခဲ့တယ်။ ဧည့်ခန်းထဲမှာ နိုင်ငံပေါင်းစုံက နိုင်ငံခြားသားတွေ အများကြီးပဲ။ ဧည့်ခန်းထဲမှာ ရန်ကုန်မြို့တွင်းကို ဆက်တဲ့ အများသုံးတယ်လီဖုန်း တစ်ခု ရှိတယ်။ အဲဒီ့တယ်လီဖုန်းက တယ်လီဖုန်းဆက်ခ မပေးရပါဘူး။ အဲ့ဒီ တယ်လီဖုန်းကို ကောင်မလေးတစ်ယောက် ဆက်နေတယ်။ သူ့နောက်မှာလည်း တယ်လီဖုန်း ဆက်ဖို့ စောင့်နေတဲ့သူ လေး ငါးယောက်လောက်ရှိတယ်။ ကောင်မလေးကလည်း တယ်လီဖုန်းဆက်နေတာ ပြီးကိုမပြီးနိုင်ဘူး။ မိနစ် ၂၀လောက်ကြာမှ နောက်တစ်ယောက်အလှည့် ရောက်တော့တယ်။ အဲ့ဒီ တစ်ယောက်ကလည်း ဖုန်းပြောလိုက်တာအကြာကြီးပဲ။

ကျွန်တော့်ဘေးနားမှာ ထိုင်နေတဲ့ နိုင်ငံခြားသားတစ်ယောက်က အဲ့ဒီအဖြစ်အပျက်ကို နားမလည်နိုင်အောင် ဖြစ်နေပုံရတယ်။ ကျွန်တော့်စိတ်ထဲမှာ ဖုန်းပြော နေတဲ့လူတွေကိုကြည့်ပြီး
“အားနာမှုမရှိလိုက်ကြတာ”လို့ ခံစားရတယ်။

ဒီလိုနဲ့ မန္တလေးကိုသွားမယ့်လေယာဉ် ရောက်လာပါတယ်။ လေယာဉ်ပေါ်ကိုတက်ဖို့ “စပီကာ”က  ကြေညာပါတယ်။ မန္တလေးကို သွားမယ့်ခရီးသည်တွေ အားလုံး လှုပ်လှုပ်ရွရွဖြစ်သွားကြတယ်။ လေယာဉ်ပေါ်ကို သွားဖို့ ဘတ်(စ်)ကားတစ်စီး ထိုးဆိုက်လာတယ်။ အဲ့ဒီကားနဲ့ လေယာဉ်ဆီကို လေယာဉ်စီး ခရီးသည် တွေသယ်ဆောင်မှာဖြစ်တယ်။ လူတွေဟာ ဘတ်(စ်)ကားပေါ်ကို အလုအယက်ပဲ တိုးဝှေ့တက်ကြတယ်။ နိုင်ငံခြားသားတွေက အေးအေးဆေးဆေးပါပဲ။ တိုးဝှေ့တက်တဲ့အထဲမှာ ကျွန်တော်လည်းပါတယ်။ ဒီလိုနဲ့လေယာဉ်ဆီကို ကျွန်တော် ရောက်သွားတယ်။ လေယာဉ်ပျံရဲ့ နောက်အနားအပေါက်က ကျွန်တော် တို့တက်ရတယ်။ ဒီလိုပါပဲ... လေယာဉ်ပေါ်ကို တိုးဝှေ့ပြီးတက်လိုက်တယ်။ ကိုယ့်ထိုင်ခုံနဲ့ ကိုယ်ဆိုပေမယ့် ဘာကြောင့်များ တိုးဝှေ့တက်ခဲ့မှန်း ကိုယ့်ကိုယ် ကိုယ် မစဉ်းစားမိဘူး။ တိုးတာ၊ ဝှေ့တာ၊ တွန်းတာ၊ တိုက်တာ အကျင့်ပါနေလို့ပဲဖြစ်မယ်။

ဖြစ်ချင်တော့ ကျွန်တော့်ဘေးကထိုင်ခုံမှာ နိုင်ငံခြားသားတစ်ယောက် လာထိုင်တယ်။ ဧည့်ခန်းထဲမှာ တွေ့ခဲ့တဲ့သူပါ။ သူဟာ အေးဆေးတည်ငြိမ်စွာပဲ စာအုပ်တစ်အုပ်ကိုဖတ်နေတယ်။ လေယာဉ်တက်ပြီးလို့ (၁၀)မိနစ်လောက်အကြာမှာ လေယာဉ်မယ်လေးတွေက လက်တွန်းလှည်းလေးတွေကိုတွန်းပြီ
း အစား အသောက်လာကျွေးပါတယ်။ အပူလား။ အအေးလား။ ကြိုက်ရာသုံးဆောင်လို့ရတယ်။ဖော့ဘူးလေးနဲ့ အသားညှပ် ပေါင်မုန့်တစ်လုံးစီ လိုက်ပြီးဝေတယ်။

ကျွန်တော့်ရဲ့ထိုင်ခုံက အတွင်းဘက်မှာပါ။ အစားအသောက်လာပြီးပေးတဲ့ လေယာဉ်မယ်လေးတွေက တစ်တန်းပြီးတစ်တန်း၊ တစ်ခုံပြီးတစ်ခုံ စနစ်တကျ ပေးဝေပါတယ်။ ကျွန်တော့်ရဲ့ ခုံအနားလည်းရောက်ရော ကျွန်တော်က ကော်ဖီတစ်ခွက်ကို လှမ်းယူလိုက်တယ်။ အသားညှပ်ဖော့ဘူးတစ်ဘူးကို လှမ်းယူလိုက် တယ်။ တကယ်တော့ အဲ့ဒီနိုင်ငံခြားသားက လူသွားလမ်းရဲ့ဘေးမှာ နေရာယူထားသူ။ သူက အရင်ယူရမှာ။ ကျွန်တော်က အတွင်းဖက်ကခုံမှာ ထိုင်တဲ့သူ။ ကျွန်တော်က နောက်မှယူရမှာ။ ဒါပေမယ် ကျွန်တော်က အရင် လက်ကိုလှမ်းလိုက်တယ်။ အဲ့ဒီအချိန်မှာ နိုင်ငံခြားသားက စကားတစ်ခွန်းပြောတယ်။

“After you” 

အဲ့ဒီစကားကိုကြားကြားချင်း ကျွန်တော် နားမလည်ပါဘူး။ အစာစားရင်း ကျွန်တော်စဉ်းစားမိတယ်။

“After you” တဲ့။

After ဆိုတာ... ပြီးနောက်။

you ဆိုတာ... သင်၊ မင်း၊ နင်၊ ရှင်။
 
ဒီတော့... “After you” ဆိုတာ “မင်းပြီးမှ”လို့ အဓိပ္ပာယ်ရတယ်။ “မင်းကို ဦးစားပေး”ပါတယ်။ “မင်းအရင်လုပ်”ပါ။ ဒီလို သဘောဆောင်တဲ့ အင်္ဂလိပ်ခေတ်ပေါ် စကားတစ်ခုပါ။
 
ကျွန်တော် တွေးရင်းနဲ့ ရှက်လာတယ်။

ကျွန်တော်ဟာ  “After me” သမားပဲ။

ကျွန်တော်ဟာ မီးရထားလက်မှတ်တန်းစီရင်လည်း ငါရဖို့...။

ဘတ်(စ်)ကားစီးရင်လည်း ငါအရင်တက်ဖို့။ ငါ အရင်နေရာရဖို့။

ကားမောင်းရင်လည်း လမ်းဆုံမှာ ငါ အရင်ကူးဖို့။ ငါ အရင်ဖြတ်ဖို့။

လမ်းကူးရင်လည်း ငါ အရင် ဟိုဘက်ရောက်ဖို့...။

အလုပ်လျှောက်ရင်လည်း ငါ အလုပ်အရင်ရဖို့...။
ငါအဆင်ပြေဖို့...။

“After me”....

“After me”....

“After me”....


ငါပြီးမှ မင်း...။ ငါအရင်...။ ငါ့ကို ဦးစားပေး။

တွေးရင်း တွေးရင်နဲ့ ကျွန်တော် အရမ်းရှက်လာမိတယ်။

ဒီအကြောင်းကို အိမ်ရောက်တော့ အဖေနဲ့အမေကို ပြောပြမိတယ်။ အမေပြောတဲ့စကားဟာ မှတ်သားလောက်ပါတယ်။

“After you” ဆိုတဲ့ စိတ်ဟာ လူကြီးလူကောင်းစိတ်ပဲ။ အိမ်မှာ ထမင်းဟင်းကို အမေကချက်တယ်။ အမေချက်ထားတဲ့ ထမင်း၊ ဟင်းကို အမေ အရင်မစား ဘူး။ သားသမီးတွေကို အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ ဒီလိုပဲ... မင်းအဖေဟာလည်း သူရှာလို့ရတဲ့ ငွေကြေးကို သူအရင်မသုံးဘူး။ သားသမီးတွေ ကို အရင်ပေးတယ်။ အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ မင်းဟာလည်း မင်းညီတွေ၊ ညီမတွေနဲ့ ပတ်သက်ရင် “After you” လုပ်ရမှာပဲ။ ဒီလိုပဲ မင်းဟာ ဆရာတစ်ယောက်ဆိုတော့ တပည့်တွေနဲ့ တွေ့ရင် တပည့်တွေကို “After you” လုပ်ရမယ်။ “After you” ဆိုတာ ဦးစားပေးခြင်းသဘောအပြင် စာနာခြင်း၊ နားလည်ပေးခြင်းတွေ ပါနေတယ်။ မေတ္တာတရားတွေ ပါနေတယ်။ အတ္တနည်းခြင်းသဘောတွေ ပါဝင်နေတယ်။

အဖေက ၀င်ပြောတယ်။

“After me” ဆိုတာ အများအားဖြင့် လူငယ်တွေမှာ ဖြစ်တတ်ကြတယ်။ ကလေးတွေမှာ ဖြစ်တတ်ကြတယ်။ “After me” ဆိုတဲ့ စိတ်ရှိနေတဲ့သူဟာ လူကြီး မဖြစ်သေးဘူး။ စိတ်အရွယ်မရောက်ခြင်းရဲ့  မှတ်သင်္ကေတဟာ “After me” ပဲ။ “ အသက်တွေကြီးလေလေ တပ်မက်မှုတွေ နည်းလေလေ” ဖြစ်ရမှာ။ “အသက်တွေကြီးလေလေ တပ်မက်မှုတွေများလေလေ” ဆိုရင် ဒါဟာ တော်တော်ရှက်စရာကောင်းတဲ့ “After me” ပဲ။ “After me” ဆိုတာ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တတွေ ရင်ထဲမှာ အများကြီးရှိနေခြင်းကို ဖော်ပြလိုက်ခြင်းပဲ။ “After me” သမားဟာာ မိဘဆိုရင်လည်း မိဘ မပီသတဲ့သူပေါ့။ ဆရာဆိုရင်လည်း ဆရာမပီသတဲ့သူပေါ့။ သူငယ်ချင်းဆိုရင်လည်း သူငယ်ချင်း မပီသတဲ့သူပေါ့။ မိတ်ဆွေဆိုရင်လည်း မိတ်ဆွေ မပီသတဲ့သူပေါ့။ ဒါကြောင့် လူကြီးလူကောင်း ဖြစ်ချင်ရင် “After me” ကိုလျှော့။ “After you” ဖြစ်အောင် ကြိုးစားပေါ့ သားရယ်။

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ “After me” သမားတွေနည်းလာပြီး “After you” သမားတွေ များလာရင်တော့ အရမ်းပျော်စရာကောင်းမှာပဲနော်။

သူကလည်း ကိုယ့်အပေါ် “After you”

ကိုယ်ကလည်း သူ့အပေါ် “After you”

မိဘကလည်း သားသမီးအပေါ် “After you”

သားသမီးကလည်း မိဘအပေါ် “After you

လူကြီးတွေကလည်း လူငယ်တွေအပေါ် “After you”

လူငယ်တွေကလည်း လူကြီးတွေအပေါ် “After you”

ဆရာကလည်း တပည့်အပေါ် “After you”

တပည့်ကလည်း ဆရာ့အပေါ် “After you”

အပြန်အလှန် “After you” ဆိုတဲ့....

ဝန်းကျင်တစ်ခုကို ကျွန်တော်တို့ ထူထောင်ကြရအောင်ဗျာ။
 
ဒီ After you ဆိုသော စာစုလေးများကို ဦးဘုန်း (ဓာတု) ၏  ``တွင်း`` ဆိုသော စာအုပ် မှ ပြန်လည် ဖော်ပြပေးလိုက်ခြင်းဖြစ်ပါသည်။ ဒီစာစုလေးများကို ဖတ်ပြီး လူကြီး လူငယ် မရွေး နည်းနည်းဖတ် များများ တွေးဆိုသော ဦးဘုန်း၏ စာသားများနှင့် အတူ After me လေးများကို အတက်နိုင်ဆုံး လျှော့ချ နိုင်ကြပြီး After you လေးများ များများ လုပ်နိုင်ကြမယ်ဆိုလျှင်ဖြင့်... လူနေထိုင်မှုဘဝမှာ ရှင်သန်လှုပ်ရှား သွားလာ မှုလေးများအဆင်ပြေ ချောမွေ့ လာနိုင်ကြပါစေလို့ ဆန္ဒပြုရင်း........
 
ခင်မင်စွာဖြင့်
ဇော်သိင်္ခ 

Saturday, October 9, 2010

ရယ်ရယ်ပြုံးပြုံး ဟာသများ ၃


တိုးတက်လာပြီ

အဘိုးအဘွားစုံတွဲ တစ်တွဲက အသက်ကြီးလာတာနဲ့အမျှ မေ့တက်လွန်းလိုက မေ့တက်သူများအတက် ဖွင့်ထားတဲ့သင်တန်းမှာ တက်ကြပါတယ်။
သင်တန်းတက်လို့ တစ်ပတ်ကြာမှာ အဘိုးကြီးနဲ့ မိတ်ဆွေတို့ အိမ်ရှေ့မှာ ကားပြောနေတုန်း သူ့မိတ်ဆွေက `` ခင်ဗျားတို့ သင်တန်းဆရာက ဘယ်သူလဲဗျ`` လို့ မေးပါတယ်။
``အဲ…. နာမည်က။ အာ… နေပါဦး ။ ဟိုလေ…. ဟိုပန်းလေဗျာ.. အနီရောင် .. နောက် ဆူးတွေနဲ့လေ… အဲဒါ ဘာပန်းလဲ ဗျ`` လို့ ပြောတော့ သူ့မိတ်ဆွေက `` အဲဒါ နှင်းဆီပန်း`` လို့ ပြန်ပြောပါတယ်။
``ဟုတ်ပ.. `` လို့ ပြောပြီး သူ့ အိမ်ဘက်လှည့်လို့ အဘိုကြီး လှမ်းအော်လိုက်ပါတယ်။
``အဘွားကြီး နှင်းဆီရေ…. ကျုပ်တို့ သင်တန်းက သင်တန်း ဆရာ နာမည်က ဘယ်သူပါလိမ့်ကွယ်….``

ချဉ်းကပ်ပုံနည်းသစ်ကြောင့် လျှို့ဝှက်ချက်ပေါ်
ညာစာစားပြီးတိုင်း ဟယ်ရီဟာ သူသောက်နေကျ အရက်ဆိုင်ကို ထွက်သွားပြီး သန်းခေါင်ယံမှ အရက်မူးပြီး အိမ်ပြန်ရောက်လာတက်တယ်။ အရက်မူးနေတာကြောင့် သော့ပေါက်ထဲ သော့ဝင်အောင် မထိုးနိုင်လို့ မိန်းမက တံခါးဖွင့်ပေးရတယ် ညတိုင်းမူးပြန်လာလို့ မိန်းမရဲ့ အော်ဟစ်ဆူးပူကြိမ်းမောင်းတာ ခံရတယ်။ ဒါပေမယ့်လည်း ဟယ်ရီဟာ သွားမြဲသွား သောက်မြဲသောက်၊ မူးမြဲတိုင်း မူးလျက်ပဲ။
တစ်နေ့မှာ ဟယ်ရီရဲ့ မိန်းမဟာ သူ့ယောက်ျားရဲ့ အြု့အမူကို စိတ်ပျက်လက်ပျက်နဲ့ မိတ်ဆွေတစ်ယောက်ကို ပြောပြေနေတယ် မိတ်ဆွေက ``သူအိမ်ပြန်လာတဲ့အခါ သူ့ကို ဆူပူကြိမ်းမောင်းမယ့်အစား ချစ်စကားလေးတွေကို ပြောပြီး အနမ်းနဲ့ ကြိုကြည့်ပါလား။ ဒါဆိုရင် သူ့အပြုအမူတွေ ပြောင်းသွားနိုင်တယ်`` လို့ အကြံပေးတယ်။ ဒါနဲ့ပဲ ညဘက် ဟယ်ရီမူးပြီး အိမ်ပြန်လာတော့ မိန်းမက တ့ခါးအပြေးသွားဖွင့်ပြီး လက်မောင်းလေးတွဲပြီး ဧည့်ခန်းထဲက နောက်မှီလက်တင်ပါကုလားထိုင်မှာ ထိုင်စေတယ်။ ပြီးတော့ သူစီးထားတဲ့ ရှူးဖိနပ်ကို ချွတ်`` အချစ်ရေ အတော်ညဥ့် နက်နေပြီ၊ အိပ်ရာဝင်ကြရအောင်လား`` ဟု တယုတယ ပြောလိုက်တယ်။ ဒီအခါ လင်တော်မောင်ဟယ်ရီက မူးမူး နဲက ဒီလိုပြန်ပြောလိုက်တယ်။ ``မင်းပြောသလို အိပ်ရာဝင်ကြမှ ကောင်းမယ်။ ငါအိမ်ပြန်သွားရင် ပြဿနာနဲ့  ရင်ဆိုင်နေရဦးမယ်`` တဲ့။

အစွမ်းထက်တဲ့ ခင်ပွန်းသည်ရဲ့ ဓာတ်ပုံ

အမျိုးသားတစ်ဦးက သူ၏ ဇနီးကို ``ငါ့ရဲ့ ဓာတ်ပုံကို ရုံးသွားတိုင်း မင်းရဲ့ လက်ကိုင်အိတ်ထဲ အမြဲဆောင်သွားတာ ဘာကြောင့်လဲကွ`` ဟု မေးရာ ဇနီးသည်က ``သြော် … ဒီလိုပါ။ တကယ်လို့ ပြဿနာတစ်ခုခု ပေါ်လာတဲ့အခါ ဘယ်လောက်ပဲ ကြီးမားတဲ့ကိစ္စပဲဖြစ်ပါစေ၊ ရှင့်ဓာတ်ပုံ ထုတ်ကြည့်လိုက်ရင် အဲဒီပြဿနာက ပျောက်သွားတယ်ရှင့်`` ဟုဖြေလိုက်သည်။
``သြော် … ဒါဆို ငါဟာ မင်းအတွက် ဘယ်လောက် လိုအပ်တယ်၊ စွမ်းဆောင်ပေးနိုင်တယ်ဆိုတာ မင်းသိပြီပေါ့`` ဟု အမျိုးသားက ကျေနပ်သဘောကျသလို ခပ်လွန့်လွန့် ပြုံးကာ ပြောလိုက်သည်။ ထိုအခါ ဇနီးသည်က တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက်သည်မှာ…
``ဟုတ်တယ်။ ကျွန်မ ရှင့်ဓာတ်ပုံကို ကြည့်လိုက်ပြီး ကိုယ့်ကိုကိုယ် နှစ်သိမ့်လိုက်တယ်။ ဒီဟာထက်ပိုပြီး ကြီးမားစိတ်ပျက်စရာ ကောင်းတဲ့ ပြဿနာ ဘာမှ မရှိပါဘူးလို့``

တွေးတက်ပါ့

ဂျွန်က ကားကို ထူးထူးခြားခြား အပြာတစ်ဝက်၊ အနီတစ်ဝက် ဆေးမှုတ်ထားပါတယ်။ ဒါကို သူ့သူငယ်ချင်းက မြင်တော့ ``ဟေ့ ဂျွန်… ဘယ်လိုစိတ်ကူးနဲ့ များ မင်းရဲ့ကားကို တစ်ဖက်အနီသုတ်ပြီး တစ်ဖက်ကို အပြာသုတ်ထားတာလဲ…`` လို့ မေးပါတယ်။
ဒါနဲ့ ဂျွန်က ဒီလို ပြန်ရှင်းပြပါတယ်။
``ဒီလိုကွ…. ။ ငါအခုနေ ယာဉ်တိုက်မှုဖြစ်တယ်ဆိုရင် မျက်မြင်သက်သေတွေ တစ်ယောက်နဲက တစ်ယောက် ဘယ်လိုငြင်းကြမလဲ ဆိုတာသာ မြင်ကြည့်လိုက်တော့`` တဲ့။

 မျက်မမြင် ဟာသ

မျက်မမြင်တစ်ဦးသည် လမ်းထောင့်တစ်နေရာတွင် ၎င်း၏ ခွေးနှင့် အတူ ရပ်နေစဉ် ခြေထောက်ပေါ်သို့ ခွေးသေပန်းသောကြောင့် မျက်မမြင်၏ ဘောင်းဘီ ရှည်မှာ သေးစိုသွား၏။ ထိုအခါ မျက်မမြင်သည် ၎င်း အကျီင်္အိတ်ထဲမှ ဘီကွတ်တစ်ချပ်ကို ထုတ်လိုက်ရာ ထိုဖြစ်ရပ်ကို ကြည့်နေသူတစ်ဦးက အလျင်အမြန်ပြော၍ ``ခင်ဗျားဒီလိုမလုပ်သင့်ပါဘူး။ ခွေးက ဒီလိုသေးနဲ့ပန်းတာတောင် ဘီစကွတ်တစ်ချပ်ထုတ် ကျွေးမယ်ဆိုရင် သူ့လုပ်ရပ်ကို အားပေးရာေ၇ာက်နေမှာပေါ့`` ဟု ဝင်တား၏ ။ ထိုအခါ ၎င်းင်းက ဒေါသနှင့် ပြောလိုက်သည်မှာ ``ဘယ်ကလာ… ဆု ချရမှာလဲ။ ကျွန်တော်က သူ့ပါးစပ်ဘယ်နားမှာလဲ သိအောင်လုပ်တာ ။ ခြေထောက်နဲက ဆောင့်ကန်မလို့`` ဟူ၍……….။

တက်လည်းတက်နိုင်ပါပေ့..

တစ်နေ့ ဆပ်ကပ်ပိုင်ရှင်တစ်ယောက်ဟာ ဆိုင်ဆစ်ဆိုင်ထဲမှာ စားပွဲတစ်လုံးကို လူတွေဝိုင်းအုံ ကြည့်နေတာတွေ့တော့ ရောယောင်ပြီး စိတ်ဝင်တားနဲ့ ဝင်ကြည့်ဖြစ်ပါတယ်။ မြင်လိုက်ရတဲ့ မြင်ကွင်းကတော့ စားပွဲပေါ်ကမှောက်ထားတဲ့ အိုးပေါ်မှာဘဲတစ်ကောင်ဟာ ခြေထောက်ကို စည်းချက်ညီညီကနေတယ်။ အားလုံးက ဘဲကို စိတ်ဝင်တစားနဲ့ ကြည့်နေတာကို အကဲခတ်ရင်း ဆပ်ကပ်ပိုင်ရှင်ဟာ အရမ်းကိုသဘောကျသါားပြီး ဆိုင်ရှင်ဆီကနေ ဘဲကို ဝယ်ပါတယ်။
ဈေးကညှိရင်း ဘဲရော သူကနေကျ အိုးပါ အပါအဝင် ဒေါ်လာ တစ်သောင်းနဲ့ ဈေးတည့်သွားတယ်။ ဝင်ပြီးသုံးရက်လောက် အကြာမှာတော့ ဆပ်ကပ်ပိုင်ရှင်ဟာ ဒေါသတကြီးနဲ့ ဆိုင်ကိုရောက်ချလာတယ်။
``ဒါ… ကျုပ်ကို သက်သက်နှိပ်ချလိုကတာပဲ။ ပရိတ်သတ်ရှေ့မှာ ဒီဘဲကို အိုးပေးတင်ပေးလိုက်မိတာ ဘယ်နှယ့်ဗျာ ခင်ဗျားဘဲက ခြေတစ်လှမ်းတောင်မရွေ့ဘူး``
စိတ်ရှုပ်သွားတဲ့ အရင်ဘဲပိုင်ရှင်က ခဏစဉ်းစားပြီး မေးလိုက်တဲ့ မေးခွန်းက
``အိုးအောက်မှာ ဖယောင်းတိုင်မီးထွန်းထားဖို့ ခင်ဗျားသတိရခဲ့ရဲ့လား``

ဇနီးပျောက်ရှာနည်း

အမျိုးသားတစ်ယောက်ဟာ စူပါမားကက်ကြီးတစ်ခုထဲမှာ ဈေးဝယ်နေရင်း ခပ်လှလှအမျိုးသမီးတစ်ယောက်နား ကပ်သွားပြီး `` ကျွန်တော့် အမျိုးသမီးနဲ့ လူချင်းကွဲသွားလို့ဗျ။ ခဏစကားပြောလို့ ရမလား``
``ရှင်အမျိုးသမီးပျောက်တာနဲ့ ကျွန်မနဲ့ စကားပြောတာဘာဆိုလို့လဲ`` လို့ အမျိုးသမီးက ဟောက်လိုက်တယ်။
``အေးဗျာ… ခင်ဗျားလို ခပ်ချောချော အမျိုးသမီးတွေနဲ့  စကားပြောတိုင်း သူအနား​ရောက်ရောက်လာတက်လို့ပါ``

အရေးပေါ်

ဆရာဝန်ဖြစ်တဲ့ ဂျက်ဆင်အိမ်မှာ အနားနေတုန်း ဖုန်းဝင်လာပါတယ်။ ဆ်ဖက်က ဖုန်းဆက်တာက သူငယ်ချင်း ဆရာဝန်တစ်ယောက်ပါ။ ``ဂျက်ဆင်ရေ ငါတို့ ဒီမှာ ပိုကာဆော့နေတာ လေးအိမ်မြောက်လိုနေတယ်ကွာ။ မင်းလာခဲ့ဦး`` ဆိုတော့ လေသံတိုးတိုးနဲက ``ငါချက်ချင်းလာခဲ့မယ်`` လို့ ပြောလိုက်ပါတယ်။ ဒါဆို နားစွန်နားဖျား ကြားလိုက်တဲ့ ဂျက်ဆင်ရဲ့ ဇနီးက ``လူနာက အရမ်းအခြေအနေ ဆိုးနေလိုကလား`` လို့ မေးပါတယ်။
ဒီတော့ ဖဲကစားမှာကို မိန်းမကို မသိစေချင်တာနဲက ဂျက်ဆင်ပြန်ဖြေတာက ``အေးကွာ။ အတော်ကလေးအခြေအနေဆိုးနေတယ်ဆို၇မှာပဲ။ ဟိုမှာ ဆရာဝန် သုံးယောက်တောင် ရောက်နေပြီ…….။

လျှို့ဝှက်ချက်

လူတစ်ယောက်သည် ရဲဌာနတစ်ခုအတွင်းဝင်၍ ယမန်နေ့ညက သူ့အိမ်ကို ဖောက်ထွင်းဝင်ရောက်ခဲ့မှုနှင့် အချုပ်ကျနေသော ဖောက်ထွင်းရေးသမားကို တွေ့ခွင့်ပေးပါရန် ခွင့်တောင်းလေသည်။ ထိုအခါ ရဲအရာရှိက `` တရားခွင်မှာ ခင်ဗျား သူ့ကို တွေ့ရပါလိမ့်မယ်``ဟု ပြောသည်။
``အဲဒီကျမှ တွေ့တာလည်း  တွေ့တာပေါ့။ လောလောဆယ် ကျွန်တော် သိချင်တာလေး မေးချင်လို့ပါ`` ဟု ၎င်းက ဆိုလေရာ ရဲအရာရှိက သိချင်သည်များကို ပြောပြပါရန် တောင်းဆိုသည်။ ထိုအခါ အိမ်ရှင်အမျိုးသားက ဆိုလိုက်သည်မှာ….
``သည်လိုပါ။ ကျွန်တော့်မိန်းမကို အိပ်ရာက မနိုးစေဘဲ သူဘယ်လိုအိမ်ထဲ ဝင်နိုင်ခဲ့သလဲဆိုတဲ့ နည်းလေး သိချင်လို့ပါ။ ဒီနည်းကို ကျွန်တော် ကြိုးစားနေတာ နှစ်နဲ့ချီနေပြီ။ ခုထိ မအောင်မြင်သေးလိုက`` ဟူသတည်း။

လူကြိုက်များတဲ့ခွေး

ဆောင်းဦးပေါက် နေ့တစ်နေ့တွင် ဒေ့ဗ်သည် ခြံဝင်းထဲ အမှိုက်ရှင်းနေရင်း နိဗ္ဗာန်ယာဉ်နှစ်စီး ရှေကနောက်တန်းလျက် ဖြတ်လာသည်ကို မြင်လိုက်ရသည်။ ယင်းနောက်တွင် လူတစ်ယောက်၊ ၎င်းနောက်မှ ခွေးတစ်ကောင်နှင့် လူအယောက် ၂၀၀ ခန့် တန်းစီ လိုက်ပါလာသည်ကိုလည်း တွေ့လိုက်ရသည်။ ထိုမြင်ကွင်းကို  စိတ်ဝင်စားသွားသော ဒေ့ဗ်သည် နိဗ္ဗာန်ယာဉ်များနောက်မှ ကပ်လျက် လိုက်လာသော လူအနီးသို့ သွား၍ ပထမယာဉ်ပေါ်တွင် ပါသွားသူ မည်သူဖြစ်သည်ကို မေးရာ `` ကျွန်တော့် ဇနီးပါ`` ဟု ပြန်ဖြေသည်။
``စိတ်မကောင်းလိုက်တာဗျာ။ ဘယ်လိုဖြစ်တာလဲ`` ဟု ဒေ့ဗ်က မေးလိုက်ရာ ၎င်းက ``ကျွန်တော့်ခွေး ကိုက်လို့ သေသွားတာပါ`` ဟု ပြန်ဖြေလိုက်သည်။ ဒေ့ဗ်က ``ဒါဖြင့် နောက်ယာဉ်ပေါ်ကရော ``ဟု မေးလိုက်ပြန်ရာ ထိုလူက `` ကျွန်တော့် ယောက္ခပေါ့။ သူ့ကိုလည်း ကျွန်တော့်ခွေးက ကိုက်တာပါပဲ`` ဟု ပြန်ဖြေ၏။ အဖြေကို ကြားလိုက်ရသည်နှင့် ချက်ချင်းပင် ဒေ့ဗ်က ``ခင်ဗျားခွေးကို ကျွန်တော့ ခဏ ငှားလို့ ရမလား`` ဟု မေးမြန်းလိုက်သည်။
ထိုအခါ  ၎င်းလူက ``ရပါတယ်။ တန်းဝင်စီလိုက်လေ`` ဟု ပြန်ဖြေလိုက်လေသည်။

အမြန်ဆုံးပဲ

ကျောင်းသားသုံးယောက် မုန့်စားလွှတ်ချိန်တွင် ကိုယ့်အဖေအကြောင်း အပြိုင်အဆိုင် ကြွားလုံးထုတ်နေကြသည်။
ပထမကျောင်းသား။  ။ ငါ့အဖေက သိပ်အပြေးသန်တာ။ မြားတစ်စင်းပစ်လိုက်တာနဲက စပြေးတာ၊ မြားထက်အရင် ပန်းဝင်တယ်။
ဒုတိယကျောင်းသား။     ။ ဒါများကွာ ငါ့အဖေဆို ကျည်ဆန်ထက်တောင် မြန်အောင် ပြေးနိုင်သေးတယ်။
တတိယကျောင်းသား။   ။ ဒါဆိုရင် ငါ့အဖေကိုတော့ ဘယ်သူမှ မီမှာမဟုတ်ဘူး။
သူ့ရုံးက ၄ နာရီဆင်းတယ်။ သူက အိမ်ကို ၃ နာရီ ၄၅ ဆို ပြန်ရောက်ပြီ။

ဉာဏ်ကြီးရှင်

ဆူဇန်တစ်ယောက် မီးဖိုချောင်ထဲ ဝင်လာချိန်မှာ ယပ်တောင်တစ်ချောင်းနဲ့ ဟိုဟိုဒီဒီ လျှောက်ရိုက်နေတဲ့ ခင်ပွန်းဖြစ်သူကိုတွေ့တော့….
``ရှင်ဘာလုပ်နေတာတုံး`` လို့ မေးလိုက်တယ်။
``ယင်ကောင်ရိုက်နေတာ`` လို့ ယောကျာ်းဖြစ်သူက ပြောတကြောင့် ``ခု… ရှင် ဘယ်နှစ်ကောင်များ သတ်ပြီးပြီလဲ`` လို့ ထပ်မေးတော့ သူက `` အထီးသုံးကောင်နဲ့ အမနှ်ကောင်တော့ ရတယ်ကွ`` လို့ ပြန်ဖြေပါတယ်။
ယင်ကောင်ကို ဘယ်လိုများ အထီးအမ ခွဲပါလိမ့်လို့ ဆူဇန်က တအံ့တသြနဲက မေးကြည့်လိုက်တော့ သူက ဒီလို ပြန်ဖြေပါတယ်။
``မသိဘဲ နေမလားကွ၊ သုံးကောင်က ဘီယာဘူးပေါ်မှာ နားနေပြီး နှစ်ကောင်က တယ်လီဖုန်းပေါ်မှာ နားနေတယ်လေကွာ``

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

Tuesday, October 5, 2010

ဆရာများ ဂုဏ်ကျေးဇူး


၂၀၁၀ခုနှစ် အောက်တိုဘာ ၅ ရက်နေ့သည် ကမ္ဘာ့ဆရာများနေ့ (World Teachter’s Day) ဖြစ်ပါသည်။ ဆရာများကျေးဇူးဂုဏ်အင်ကို ကုန်စင်အောင် တင်ပြနိုင်စွမ်းရှိမည်မထင်ပါ။ ``ဆရာ`` ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို မြန်မာအဘိဓာန်တွင် (၁) သွန်သင်ဆုံးမ နည်းပြသူ၊ (၂) အတက်ပညာတစ်ရပ်ရပ်တွင် ကျွမ်းကျင်သူ၊ (၃)ယဉ်ကျေးသမှုဖြစ်ခေါ်သော စကားလုံးဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။
မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် ပညာသင်ကြားပေးသော အာစရိယဆရာနှင့် ဆုံးမပဲ့ပြင်သွန်သင်ပေးသော ဥပဇ္ဈာယဆရာဟူ၍ ရှိကြပါသည်။ ထိုသို့သော ဆရာတို့သည် အနန္တဂုဏ်းဝင် ကျေးဇူးရှင်မြတ်ဆရာများဖြစ်ကြသည်။ သင်ဆရာ(မုတာစရိယ)၊ မြင်ဆရာ(ဒိဌာစရိယ)၊ ကြားဆရာ(သုတာစရိယ)ဟူ၍လည်း ဆရာအမျိုးအစားသုံးမျိုးရှိကြောင်း မှတ်သားရပါသည်။ ပညာသင်ကြားပေးသည့်အပြင် သွန်သင်ခွန်းပြ၊ ဆုံးမပဲ့ပြင်ပေးသော ဆရာများသည် မြတ်ဆရာများဖြစ်ကြပါ၏။ မြတ်ဆရာတို့သည် မိမိတို့ ဝါသနာကိုအရင်းခံကာ တပည့်တို့အပေါ်၌ စေတနာ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ အကြင်နာတရားတို့ဖြင့်  သွန်သင်ညွှန်ပြဆုံးမပေးကြသည်။ ပညာလည်းသင် လူလည်းပြင်ပေးကြသည်။ ထို့ကြောင့်လည်း ကျောင်းသားမိဘများက မိမိတို့ ရင်သွေးငယ်တို့၏ဘဝကို မြတ်ဆရာများထံ အပ်နှံကြခြင်းဖြစ်ပါ။
မည်သို့ဆိုစေ ကမ္ဘာပေါ်ရှိ ဆရာဦးရေ သန်းပေါင်း ၆၀ ကျော်သည် ကျောင်းသင်ပညာရေးအရ ကလေးဦးရေ သန်းပေါင်း ၁၀၀၀ ကျော်ကို ပြုစု၊ စောင့်ရှောက်၊ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရပါသည်။ ယခုအခါ ဖွံ့ဖြိုးဆဲ နိုင်ငံအများအပြားတွင် အရည်အချင်းပြည့်ဆရာများ အထူးလိုအပ်လျက်ရှိသည်။ ``၂၀၁၅ ခုနှစ်ရောက်လျှင် ကမ္ဘာတွင် ဆရာဦးရေ ၁၈သန်း လိုအပ်မည်။ အာဖရိကတစ်ခုတည်းပင် ဆရာသစ် လေးသန်း လိုအပ်မည်`` ဟု ယူနက်စကိုက ခန့်မှန်းပါသည်။
၂၀၀၂ ခုနှစ် အောက်တိုဘာ ၅ ရက် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားသို့ ယူနီဆက်(UNICEF) ၊ ယူနက်စကို (UNESCO)၊ ယူအင်ဒီပီ(UNDP)၊ အိုင်အယ်လ်အို(ILO) တို့က စုပေါင်းပေးပို့ခဲ့ကြသည့်သဝဏ်လွှာ၌ ကလေးငယ်တစ်ဦး၏ တင်ပြချက်ကိုကောက်နှုတ်ဖော်ပြထားပါသည်။ ၂၀၀၂ ခုနှစ် မေလ၌ ကျင်းပခဲ့သည့်  ကလေးများအတွက် ကုလသမဂ္ဂ အထူးညီလာခံတွင် အသက် (၁၅)နှစ်အရွယ် ကနေဒါသူ နစ်ကီဆန်ချက်ဟုဒ်(Nikki Sanchez Hood) ၏ တင်ပြချက်ကို ထုတ်နှုတ်ထားဖြစ်ဖြစ်သည်။်၎င်းတင်ပြချက်မှာ…
``Good teacher are what we need`` (ကျွန်မတို့ လိုအပ်နေတာ ဆရာကောင်းတွေပါ) ဟူသော အချက်ဖြစ်သည်။ သူ့တင်ပြချက်မှာ လိုရင်းတိုရှင်းဖြင့် ထိရောက်လှပါပေ၏။
 ၂၀၀၆ ခုနှစ်  ကမ္ဘာ့ဆရာများနေ့ဆောင်ပုဒ်မှာ “Quality teachers for Quality education ( ပညာအရည်အသွးကောင်းမွန်ရေး၊ အရည်အသွေးကောင်းမွန်သည့် ဆရာများရရှိအောင် ပျိုးထောင်ပေး) ဟူ၍ ဖြစ်ပါည။ ပညာအရည်အသွေးသည် ဆရာများ၏အရည်အသွေးပေါ်၌ များစွာ တည်မှီနေပါ၏။
မြန်မာ့ ဆိုရိုးစကားတွင် ``ဆရာကောင်းတပည့် ပန်းကောင်းပန်`` ၊ ``ဆရာမပြ ငါးပိဖုတ်တောင်နည်းမကျ၊`` ``ဆရာလွှတ်တော့ရိုင်း၊ မျဉ်းလွှတ်တော့ကိုင်း``၊ ``ဆရာထက် တပည့်လက်စောင်းထက်``၊ အစရှိသော ဆိုရိုးစကားများရှိပါသည်။ ဆရာ့အပေါ် ယုံကြည့်ကိုးစားကြကြောင်း ပြဆိုနေပါသည်။
၂၀၀၇ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဆောင်ပုဒ်မှာ ``Better Working Conditions for Teachers`` (ဆရာ့လုပ်ငန်းခွင် သာလွန်ကောင်းမွန်ရေး၊ အခြေအနေကောင်းများ ဖော်ဆောင်ပေး) ဖြစ်ပါသည်။
၂၀၀၈ ခုနှစ်အောက်တိုဘာ ၅ ရက်ကမ္ဘာ့ဆရာမျာနေ့ အခမ်းအနားသို့ ကုလသမဂ္ဂအဖွဲ့အစည်းများဖြစ်ကြသည့် UNESCO, UNICEF, UNDP, ILO အဖွဲ့တို့၏ စုပေါင်းသဝဏ်လွှာကို ပေးပို့ခဲ့ကြပါသည်။ ထို သဝဏ်လွှာ၌ ``ဆရာများ ပိုမိုခန့်ထားခြင်း၊ ပြည့်စုံ၍ သင့်တော်သောဆရာ အတက်သင်တန်းများပေးခြင်း၊ ထိထိရောက်ရောက်အသုံးချခြင်းနှင့် စီမံခန့်ခွဲများနှင့် နှိုင်းယှဉ်လျှင် လစာနှင့် အခွင့်အရေးသာလွန်ကောင်းမွန်ခြင်း၊ ဘဝ တက်လမ်းအတွက် ဆရာအတက်ပညာ၊ အထောက်အပံ့နှင့် အခွင့်အရေးများ ဆက်လက်ရှိရှိစေခြင်းတို့သည် စိန်ခေါ်မှု အသစ်များကို ရင်ဆိုင်ရန် အရေးကြီးသော အချက်များဖြစ်ည်`` ဟူ၍ ဖော်ပြတိုက်တွန်းထားပါသည်။
``Teachers are heart of education system`` ဆိုသည့်အတိုင်း ပညာရေးစနစ်တွင် ဆရာများသည် ဗဟိုချက်မဖြစ်ကြသည်။ ၂၀၀၈ ခုနှစ်ကမ္ဘာ့ဆရာများနေ့ ဆောင်ပုဒ်မှာ``Teachers Matter`` (ဆရာသည်သာ အခရာ) ဖြစ်ပါသည်။ ဆရာများ၏ လေးစားတန်ဖိုးထားစရာ ဂုဏ်သိက္ခာကို မီးမောင်းထိုးပြလိုက်ခြင်းပင်။
မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် ဆရာစစ်ထံ၌ ရိုရိုကျိုးကျိုး သည်းခံပြီး စာပေးသင်ယူကြရမည်ဖြစ်ကြောင်း၊ ဆရာ့ဂဏ်ကျေးဇူးကို အထူးသိမြင်ကြရမည်ဖြစ်ကြောင်း လူကြီးသူမများက လမ်းညွှန်ဆုံးမလေ့ရှိကြပါသည်။ ရခိုင်သူမြတ်၏ လောကသာရပျို့ အပိုဒ်ရေ ၁၃ ၌ တပည့်များ မှတ်သားနာယူရန်..
``တုပ်ကွပုဆစ်၊ ဆရာစစ်၌၊ ကြောက်ချစ်ရိုသေ၊  လုပ်ကျွေးထွေဖြင့်၊ စာပေတက်ကြောင်း၊ တချောင်းချေင်းလျှင်၊ ခြိမ်းမောင်းသည်းခံ၊ ဆရာ့ထံ၌၊ သင်အံကျက်လေ့၊ တစ်နေ့တစ်ပါး၊ မှတ်သားလေလေ၊ ဝမ်းထဲခွေ၍၊ အထွေအထူး၊ ဂုဏ်ကျေးဇူးကို၊ ဆည်းပူးသန့်ရှင်းကြွယ်စေမင်း`` ဟုဖွဲ့ဆိုထားပါသည်။
သယံဇာ ဆရာတော်ကြီးက ဘုရားဟော သိင်္ဂါလောဝါဒသုတ်လာ ဆရာ့ကျင့်ဝတ်ငါးပါးကို `` အတက်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်းဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့ ၊ ကျင့်ဖို့ ဝတ်ငါးဖြာ`` ဟု ဖွဲ့ဆိုလမ်းလွှန်ထားရာ မြတ်ဆရာရာအားလုံး လိုက်နာ ကျင့်သုံကြရပါသည်။
ထို့အတူ မဟာသုတကာရီး၊ မာဃဒေဝလင်္ကာတွင်လည်း မြတ်ဆရာ၏ သဘောအဓိပ္ပာယ်ကို ဖွင့်ဆိုရာ၌ ``ရှေးရှု မေတ္တာ၊ ကရုဏာနှင့်၊ နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က ဆုံးမတက်သူ ဆရာဟူလော့`` ဟု မန်လည် ဆရာတော်ကြီးက ဖွဲဆိုထားပါသည်။
မြတ်ဗုဒ္ဓသည် ``လောကဝိဓူ``ဟူသော ဂုဏ်တော်နှင့်ပြည့်စုံသည့် မြတ်ဆရာဖြစ်သည်။ လောကသုံးပါး၌ အတုမရှိသဖြင့် ``သတ္တာဒေဝမနုဿာနံ`` လူ၊ နတ်၊ ဗြဟ္မာတို့၏ ပူဇော်အထူးကိုခံထိုက်သောမြတ်ဆရာဖြစ်သည်။ သတ္တဝါအပေါင်းတို့အား သံသရာဝဋ်ဆင်းရဲမှ ကျွတ်လွတ်အောင် ချေချွတ်လမ်းပြပေးခဲ့သည်။ သတ္တဝါတို့၏ စရိုက်ကို လိုက်၍ တရားပြ ဆုံးမတော်မူခဲ့သည်။ ထို့ကြောင့် ကျေးဇူးရှင်မြတ်ဆရာပင်။
မြန်မာ့ပညာရေးတွင် ဘုန်းတော်ကြီးကျောင်းပညာရေးသည် လက်ဦးအစ အဓိကအရေးပါခဲ့သည်။ ``မြန်မာ့အမျိုးသားပညာရေးအစ၊ ဘုန်းကြီးကျောင်းပညာရေးက``ဟု ပြောစမှတ်ထားခဲ့ကြသည်။ တပည့်တို့၏ အကျိုစီးပွားကို ရှေးရှုဦးတည်သော ရဟန်းကျင့်ဝတ်၊ လူ့ကျင့်ဝတ်များ၊စည်းကမ်းချက်များ မင်္ဂလာတရားတော်များ စသဖြင့် လောကီ၊ လောကုတ``တရာ နှစ်ဖြာ ပို့ချပေးခဲ့သည်။ ဆုံးမပေးခဲ့ကြသည်။ ထို့ကြောင့် ဆရာတော် သံဃာတော်များလည်း မြတ်ဆရာများပင်။
မိခင်၊ ဖခင်တို့သည်လည်း ကျေးဇူးရှင် ``လက်ဦးဆရာ``များဖြစ်ကြပါ၏။ မိမိရင်သွေးများ ဖဝါးလက်နှစ်လုံး ၊ ပခုံးလက်နှစ်သစ်အရွယ်မှစ၍ ပြုစု၊ ယုယ၊ သင်ပြ ၊ ဆုံးမခဲ့ကြသည်။ စားဝတ်နေရး ငွေရှာပေးရုံသာမက ကျွေးမွေးသုတ်သင်၊ သွန်သင်ညွှန်ပြဆုံးမ ခဲ့ကြသည်။ ထို့ကြောင့် မိဘနှစ်ပါးတို့သည်လည်း လက်ဦးဆရာ၊ မြတ်ဆရာများပင်၊ ရှင်မဟာရဌသာရက ``လက်ဦးဆရာ၊ မည်ထိုက်စွာသား၊ ပုဗ္ပာစရိယ၊ မိနှင့်ဖအား၊ မွေးသည့်သားတို့၊ လိုက်သားမိမှတ်၊ ကျင့်မြဲဝတ်ကား၊ ရိုညွတ်လေးဖင် ကျေးဇူးရှင်`` ဟူ၍  စတုဓမ္မသာရကိုးခန်းပျို့၌ စပ်ဆိုထားပါသည်။
သားငယ်၊ သမီးငယ်များ ကျောင်းနေအရွယ်ရောက်လာကြသောအခါ အသိပညာ၊ အတတ်ပညာများသင်ကြားကာ ဆုံးမပဲ့ပြင် သွန်သင်လမ်းညွှန်ပေးကြသော မြတ်ဆရာတို့ထံသို့ အပ်နှံကြရပါသည်။ မြတ်ဆရာတို့သည် တပည့်ငယ်တို့အား ရင်ဝယ်သားပမာ မိဘနှင့်မခြား အကြင်နာတရားအပြည့်ဖြင့် သင်ကြားပြသပေးကြရပါသည်။ မိမိ၏ စာပေသင်ပြမှုဝါသနာကို အရင်းခံ၍ စေတနာ၊ မေတ္တာ၊ ကရုဏာ ၊ မုဒိတာတို့ဖြင့် သင်ကြားဆုံးမကြရပါ၏။
မြတ်ဆရာများသည်ည (၁) အကျင့်သီလနှင့်ပြည့်စုံပြီး ချစ်မြတ်နိုးဖွယ်ရှိရပါသည်။ (၂) သမာဓိနှင့်ပြည့်စုံပြီး အလေးဂရုပြုဖွယ်ရာ ဖြစ်ရပါသည်။ (၃) ပညာနှင့်ပြည့်စုံပြီး ချီးမွမ်းဖွယ်ရာဖြစ်ရပါသည်။ (၄) တပည့်များ မသင့်မလှော်ပြုမူပြောဆိုနေသည်ကိုတွေ့လျှင် လှစ်လျှူမရှုဘဲ ဆုံးမသွန်သင်ရပါသည်။ (၅) သူတစ်ပါးတို့၏ ပြစ်တင်ပြောဆိုခြင်းကို သည်းခံနိုင်ရပါသည်။ (၆) နက်နဲသောတရားသဘောကို ပြေဆိုနိုင်ရပါသည်။ (၇) တပည့်များအား မသင့်လှော်သောအပြုအမူများ မခိုင်းစေရပါ။။ ဤကား ဆရာတို့၏ ရှိရမည့် ဂုဏ်အင်္ဂါခုနစ်ပါးဖြစ်ပါသည်။ မိလိန္ဒပဥှာကျမ်းတွင်မူ ဆရာ့ကျင့်ဝတ် ၂၅ ပါးပင် ပြဆိုထားပါသည်။
ဆရာ့ကျင့်ဝတ်နှင့်အညီ ကျင့်ကြံဆောင်ရွက်ြကြသော မြတ်ဆရာများနှင့် ဆုံတွေ့ကြရသောတပည့်များမှာ အကျိုးကျေးဇူး ခံစားစံစားကြရပါ၏။ အဇာတသတ်နှင့် အဂုင်္လိမာလတို့သည် ဆိုးမိုက်ခဲ့ကြသော်လည်း မြတ်ဗုဒ္ဓနှင့် တွေ့သောအခါ အကျွတ်တရားအသီးသီးရရှိကြကာ ပစ္စေကဗုဒ္ဒနှင့် ရဟန္တာအရှင်မြတ်များဖြစ်သွားကြသည်။ သံဝရဇာတ်၌ သံဝရမင်းသားကလေးသည် သူ့ဆရာ (ဘုရားအလောင်း)၏ ကျေးဇူးကြောင့် နောင်တော် ၉၉ ပါးကို ကျော်လွန်ပြီး ရှင်ဘုရင်ဖြစ်သွား၏ သရီရဓာတ်တော်များ ခွဲဝေရယူခြင်း ကိစ္စနှင့်ပတ်က်၍ စစ်ခင်းကြပည်ပြုရာ သူတို့ဆရာ ဒေါဏပုဏ္ဏားကြီး၏ ကျေးဇူးကြောင့် ရန်ငြိမ်းသွားကြရ၏။ မိလိန္ဒမင်းကြီးသည် သူ့ဆရာတော်ရှင်နာဂသိန်၏ ကျေးဇူးကြောင့် အမြင်မှန်၊ မသိမှန် အယူဝါဒမှန်သူဖြစ်သွားရ၏။ အနော်ရထာမင်းသည်လည်း ရှင်အရဟံ၏ ကျေးဇူးကြောင့် တိုင်းပြု။ ပြည်ပြု၊ သာသနာပြုမင်းဖြစ်လာ၏ ။ မင်းတုန်းမင်းကြီးသည် သူ့ဆရာ အရှင်စန္ဒိမာ၏ ဆုံးမပဲ့ပြင်မှုကြောင့် ဆဌသံဃာယနာတင်ဘုရင်ကြီးဖြစ်လာ၏။ ဆရာတို့ကျေးဇူးဂုဏ်များကို ပြောပြ၍ပင် ကုန်စင်မည်မထင်ပါ။
ယခုခေတ်၌လည်း မြတ်ဆရာတို့သည် ကာယ၊ ဉာဏ၊ စာရိတ္တနှင့် ရသ၊ သက်မွေးပညာဟူသော ဘက်စုံပညာများကို တပည့်တို့အား သင်ပေးကြရသည်။ ၂၁ ရာစုနှစ်သည် ပညာခေတ်(Knowledge Age) ဖြစ်သည်။ အလျင်အမြန်၊ အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲနေသည့် သတင်းခေတ်( Information Age)ဟုလည်း ခေါ်ကြသည်။ ဆက်သွယ်ရေးမြန်လွန်းသဖြင့် ကမ္ဘာကြီးကိုပင် ကမ္ဘာရွာကြီးဟု ခေါ်နေကြပေပြီ။ ထို့ကြောင့် ခေတ်ဆရာတို့က ခေတ်တပည့်တို့အား ခေတ်မီအသိပညာ၊ သိပ္ပံ၊နည်းပညာ၊ အတတ်ပညာ အမျိုးမျိုးကို အချိန်နှင့် တစ်ပြေးညီ သင်ကြားလေ့ကျင့်ပေးကြသည်။ နှစ်၃၀ အမျိုးသားပညာရည်မြင့်မားရေးစီမံကိန်းကို လက်တွေ့အကောင်အထည်ဖော်နေကြသည်။
ကျောင်းသားလူငယ်များ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်ရှိလာအောင်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်နေအောင် လှုံ့ဆော်ဆွေးနွေးသင်ကြားပေးနေကြသည်။ တပည့်များ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားလာရေး၊ ယဉ်ကျေးသိမ်မွေ့လာရေး၊ ကျန်းမာကြံ့ခိုင်လာစေရေး၊ ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်အောင် ပညာရည်မြင့်မားလာစေရေးတို့ကို လုပ်ဆောင်ပေးနေကြသည်။
မြန်မာနိုင်ငံမှ မြတ်ဆရာများသည် နယ်ချဲ့လက်အောက်ကိုလိုနီခေတ်၌ နိုင်ငံလွတ်လပ်ရေးအတွက် အမျိုးသားများထူထောင်ကာ အဘက်ဘက်က ပါဝင်လှုပ်ရှားခဲ့ကြပါသည်။ လွတ်လပ်ရေးရပြီးသောအခါ၌လည်း တိုင်းပြည်ပြန်လည်ထုထောင်ရေးအတွက် အားတက်သရော အနစ်နာ အပင်ပန်းခံပြီး တပည့်များ၊ နား၊ မျက်စိပွင့်လာအောင် လုပ်ဆောင်ခဲ့ကြသည်။
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်ရာ၌ လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာအောင် လေ့ကျင့်သင်ကြားပေးနေကြသည်။ တစ်ဖက်တွင်လည်း အားလုံးအတွက် ပညာရေး (EFA)လုပ်ငန်း၊ စာတက်မြောက်ရေးလုပ်ငန်းနှင့် နိုင်ငံအမျိုးပြု အမျိုးသားပညာရေး လုပ်ငန်းများကိုလည်း တောင်ပေါ်မြေပြန့်အနှံ့၊ မြို့ရောတောပါမကျန် သွားလာလှုပ်ရှားလုပ်ဆောင်လှက်ရှိကြသဖြင့် မြတ်ဆရာများကို ဂုဏ်ယူလေးစားကြရပါ၏
အချုပ်ဆိုရသော် ဆရာများ၏ ကျေးဇူးဂုဏ်အင်မှာ ရေးပြ၍ပင် ကုန်စင်မည်မထင်ပါ။ ``အာစရိယဂုဏော အနန္တော`` ဟု နေ့စဉ် ရှိခိုး၍ ဖွင့်ဟထုတ်ဖော် ချီးကျူးချက်များမှာ မှန်လှပါပေ၏ ဆရာတွေကို လျှာကုဋေဖြင့် ဘာတွေ ဘယ်လောက်ချီးကျူး၊ ချီးကျူး၊ အံ့ချီးမကုန်နိုင်တော့ပါ။ ဤ ကမ္ဘာ့ဆရာများနေ့၌ မြန်မာ့ဆရာများအပါအဝင် ကမ္ဘာ့ဆရာအားလုံးကို ဂုဏ်ယူလေးစား တန်ဖိုးထားပါကြောင်း တင်ပြအပ်သည်။
  
ဒီနေ့ အောက်တိုဘာ ၅ ရက်နေ့ ဟာ ကမ္ဘာ့ ဆရာများနေ့ လို့ သိလိုက်ရတဲ့ အချိန်မှာ ကျွန်တော့်အနေနဲ့ တစ်ကမ္ဘာလုံးမှာ မှီတင်းနေထိုင်ကြတဲ့ ကျေးဇူးရှင် မြတ်ဆရာများအား အမှတ်တရ အနေနဲ့ စာလေးပုဒ်လောက်ရေးချင်မိပါတယ်။ အဲဒီလိုရေးချင်မိသော်လည်း စဉ်းစားပြီးရေးဖို့ အချိန်မသင့်တာရယ် ပြီးတော့ စာသာရေးချင်တာ ရေးလည်း မရေးတက်တာနဲ့မို့ စောစောကမှကြေးမုံ သတင်းစာ ဖတ်ရင်း ကမ္ဘာ့ဆရာများနေ့ ကို ဂုဏ်ပြုတဲ့ ဆောင်းပါးလေးတစ်ပုဒ် တွေ့မိလိုက်ပါတယ်။ အဲဒီဆောင်းပါးလေးက  ရေဦး-မြင့်မောင်က  ဆရာများ ဂုဏ်ကျေးဇူး ဆိုတဲ့ နာမည်လေးနဲ့ ရေးဖွဲ့ထားတဲ့ ဆောင်းပါးလေး ကို ပြန်လည် မျှဝေ ဖော်ပြပြီးတော့ ဆရာများ အားလုံးရဲ့ ကျေးဇူးတရားတွေကို ဂုဏ်ပြုလိုက်ရပါတယ် ခင်ဗျာ………

ခင်မင်စွာဖြင့်
ဇော်သိင်္ခ
 
^ထိပ်ဆုံးသို့