မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Tuesday, October 5, 2010

ဆရာများ ဂုဏ်ကျေးဇူး


၂၀၁၀ခုနှစ် အောက်တိုဘာ ၅ ရက်နေ့သည် ကမ္ဘာ့ဆရာများနေ့ (World Teachter’s Day) ဖြစ်ပါသည်။ ဆရာများကျေးဇူးဂုဏ်အင်ကို ကုန်စင်အောင် တင်ပြနိုင်စွမ်းရှိမည်မထင်ပါ။ ``ဆရာ`` ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို မြန်မာအဘိဓာန်တွင် (၁) သွန်သင်ဆုံးမ နည်းပြသူ၊ (၂) အတက်ပညာတစ်ရပ်ရပ်တွင် ကျွမ်းကျင်သူ၊ (၃)ယဉ်ကျေးသမှုဖြစ်ခေါ်သော စကားလုံးဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။
မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် ပညာသင်ကြားပေးသော အာစရိယဆရာနှင့် ဆုံးမပဲ့ပြင်သွန်သင်ပေးသော ဥပဇ္ဈာယဆရာဟူ၍ ရှိကြပါသည်။ ထိုသို့သော ဆရာတို့သည် အနန္တဂုဏ်းဝင် ကျေးဇူးရှင်မြတ်ဆရာများဖြစ်ကြသည်။ သင်ဆရာ(မုတာစရိယ)၊ မြင်ဆရာ(ဒိဌာစရိယ)၊ ကြားဆရာ(သုတာစရိယ)ဟူ၍လည်း ဆရာအမျိုးအစားသုံးမျိုးရှိကြောင်း မှတ်သားရပါသည်။ ပညာသင်ကြားပေးသည့်အပြင် သွန်သင်ခွန်းပြ၊ ဆုံးမပဲ့ပြင်ပေးသော ဆရာများသည် မြတ်ဆရာများဖြစ်ကြပါ၏။ မြတ်ဆရာတို့သည် မိမိတို့ ဝါသနာကိုအရင်းခံကာ တပည့်တို့အပေါ်၌ စေတနာ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ အကြင်နာတရားတို့ဖြင့်  သွန်သင်ညွှန်ပြဆုံးမပေးကြသည်။ ပညာလည်းသင် လူလည်းပြင်ပေးကြသည်။ ထို့ကြောင့်လည်း ကျောင်းသားမိဘများက မိမိတို့ ရင်သွေးငယ်တို့၏ဘဝကို မြတ်ဆရာများထံ အပ်နှံကြခြင်းဖြစ်ပါ။
မည်သို့ဆိုစေ ကမ္ဘာပေါ်ရှိ ဆရာဦးရေ သန်းပေါင်း ၆၀ ကျော်သည် ကျောင်းသင်ပညာရေးအရ ကလေးဦးရေ သန်းပေါင်း ၁၀၀၀ ကျော်ကို ပြုစု၊ စောင့်ရှောက်၊ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရပါသည်။ ယခုအခါ ဖွံ့ဖြိုးဆဲ နိုင်ငံအများအပြားတွင် အရည်အချင်းပြည့်ဆရာများ အထူးလိုအပ်လျက်ရှိသည်။ ``၂၀၁၅ ခုနှစ်ရောက်လျှင် ကမ္ဘာတွင် ဆရာဦးရေ ၁၈သန်း လိုအပ်မည်။ အာဖရိကတစ်ခုတည်းပင် ဆရာသစ် လေးသန်း လိုအပ်မည်`` ဟု ယူနက်စကိုက ခန့်မှန်းပါသည်။
၂၀၀၂ ခုနှစ် အောက်တိုဘာ ၅ ရက် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားသို့ ယူနီဆက်(UNICEF) ၊ ယူနက်စကို (UNESCO)၊ ယူအင်ဒီပီ(UNDP)၊ အိုင်အယ်လ်အို(ILO) တို့က စုပေါင်းပေးပို့ခဲ့ကြသည့်သဝဏ်လွှာ၌ ကလေးငယ်တစ်ဦး၏ တင်ပြချက်ကိုကောက်နှုတ်ဖော်ပြထားပါသည်။ ၂၀၀၂ ခုနှစ် မေလ၌ ကျင်းပခဲ့သည့်  ကလေးများအတွက် ကုလသမဂ္ဂ အထူးညီလာခံတွင် အသက် (၁၅)နှစ်အရွယ် ကနေဒါသူ နစ်ကီဆန်ချက်ဟုဒ်(Nikki Sanchez Hood) ၏ တင်ပြချက်ကို ထုတ်နှုတ်ထားဖြစ်ဖြစ်သည်။်၎င်းတင်ပြချက်မှာ…
``Good teacher are what we need`` (ကျွန်မတို့ လိုအပ်နေတာ ဆရာကောင်းတွေပါ) ဟူသော အချက်ဖြစ်သည်။ သူ့တင်ပြချက်မှာ လိုရင်းတိုရှင်းဖြင့် ထိရောက်လှပါပေ၏။
 ၂၀၀၆ ခုနှစ်  ကမ္ဘာ့ဆရာများနေ့ဆောင်ပုဒ်မှာ “Quality teachers for Quality education ( ပညာအရည်အသွးကောင်းမွန်ရေး၊ အရည်အသွေးကောင်းမွန်သည့် ဆရာများရရှိအောင် ပျိုးထောင်ပေး) ဟူ၍ ဖြစ်ပါည။ ပညာအရည်အသွေးသည် ဆရာများ၏အရည်အသွေးပေါ်၌ များစွာ တည်မှီနေပါ၏။
မြန်မာ့ ဆိုရိုးစကားတွင် ``ဆရာကောင်းတပည့် ပန်းကောင်းပန်`` ၊ ``ဆရာမပြ ငါးပိဖုတ်တောင်နည်းမကျ၊`` ``ဆရာလွှတ်တော့ရိုင်း၊ မျဉ်းလွှတ်တော့ကိုင်း``၊ ``ဆရာထက် တပည့်လက်စောင်းထက်``၊ အစရှိသော ဆိုရိုးစကားများရှိပါသည်။ ဆရာ့အပေါ် ယုံကြည့်ကိုးစားကြကြောင်း ပြဆိုနေပါသည်။
၂၀၀၇ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဆောင်ပုဒ်မှာ ``Better Working Conditions for Teachers`` (ဆရာ့လုပ်ငန်းခွင် သာလွန်ကောင်းမွန်ရေး၊ အခြေအနေကောင်းများ ဖော်ဆောင်ပေး) ဖြစ်ပါသည်။
၂၀၀၈ ခုနှစ်အောက်တိုဘာ ၅ ရက်ကမ္ဘာ့ဆရာမျာနေ့ အခမ်းအနားသို့ ကုလသမဂ္ဂအဖွဲ့အစည်းများဖြစ်ကြသည့် UNESCO, UNICEF, UNDP, ILO အဖွဲ့တို့၏ စုပေါင်းသဝဏ်လွှာကို ပေးပို့ခဲ့ကြပါသည်။ ထို သဝဏ်လွှာ၌ ``ဆရာများ ပိုမိုခန့်ထားခြင်း၊ ပြည့်စုံ၍ သင့်တော်သောဆရာ အတက်သင်တန်းများပေးခြင်း၊ ထိထိရောက်ရောက်အသုံးချခြင်းနှင့် စီမံခန့်ခွဲများနှင့် နှိုင်းယှဉ်လျှင် လစာနှင့် အခွင့်အရေးသာလွန်ကောင်းမွန်ခြင်း၊ ဘဝ တက်လမ်းအတွက် ဆရာအတက်ပညာ၊ အထောက်အပံ့နှင့် အခွင့်အရေးများ ဆက်လက်ရှိရှိစေခြင်းတို့သည် စိန်ခေါ်မှု အသစ်များကို ရင်ဆိုင်ရန် အရေးကြီးသော အချက်များဖြစ်ည်`` ဟူ၍ ဖော်ပြတိုက်တွန်းထားပါသည်။
``Teachers are heart of education system`` ဆိုသည့်အတိုင်း ပညာရေးစနစ်တွင် ဆရာများသည် ဗဟိုချက်မဖြစ်ကြသည်။ ၂၀၀၈ ခုနှစ်ကမ္ဘာ့ဆရာများနေ့ ဆောင်ပုဒ်မှာ``Teachers Matter`` (ဆရာသည်သာ အခရာ) ဖြစ်ပါသည်။ ဆရာများ၏ လေးစားတန်ဖိုးထားစရာ ဂုဏ်သိက္ခာကို မီးမောင်းထိုးပြလိုက်ခြင်းပင်။
မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် ဆရာစစ်ထံ၌ ရိုရိုကျိုးကျိုး သည်းခံပြီး စာပေးသင်ယူကြရမည်ဖြစ်ကြောင်း၊ ဆရာ့ဂဏ်ကျေးဇူးကို အထူးသိမြင်ကြရမည်ဖြစ်ကြောင်း လူကြီးသူမများက လမ်းညွှန်ဆုံးမလေ့ရှိကြပါသည်။ ရခိုင်သူမြတ်၏ လောကသာရပျို့ အပိုဒ်ရေ ၁၃ ၌ တပည့်များ မှတ်သားနာယူရန်..
``တုပ်ကွပုဆစ်၊ ဆရာစစ်၌၊ ကြောက်ချစ်ရိုသေ၊  လုပ်ကျွေးထွေဖြင့်၊ စာပေတက်ကြောင်း၊ တချောင်းချေင်းလျှင်၊ ခြိမ်းမောင်းသည်းခံ၊ ဆရာ့ထံ၌၊ သင်အံကျက်လေ့၊ တစ်နေ့တစ်ပါး၊ မှတ်သားလေလေ၊ ဝမ်းထဲခွေ၍၊ အထွေအထူး၊ ဂုဏ်ကျေးဇူးကို၊ ဆည်းပူးသန့်ရှင်းကြွယ်စေမင်း`` ဟုဖွဲ့ဆိုထားပါသည်။
သယံဇာ ဆရာတော်ကြီးက ဘုရားဟော သိင်္ဂါလောဝါဒသုတ်လာ ဆရာ့ကျင့်ဝတ်ငါးပါးကို `` အတက်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်းဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့ ၊ ကျင့်ဖို့ ဝတ်ငါးဖြာ`` ဟု ဖွဲ့ဆိုလမ်းလွှန်ထားရာ မြတ်ဆရာရာအားလုံး လိုက်နာ ကျင့်သုံကြရပါသည်။
ထို့အတူ မဟာသုတကာရီး၊ မာဃဒေဝလင်္ကာတွင်လည်း မြတ်ဆရာ၏ သဘောအဓိပ္ပာယ်ကို ဖွင့်ဆိုရာ၌ ``ရှေးရှု မေတ္တာ၊ ကရုဏာနှင့်၊ နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က ဆုံးမတက်သူ ဆရာဟူလော့`` ဟု မန်လည် ဆရာတော်ကြီးက ဖွဲဆိုထားပါသည်။
မြတ်ဗုဒ္ဓသည် ``လောကဝိဓူ``ဟူသော ဂုဏ်တော်နှင့်ပြည့်စုံသည့် မြတ်ဆရာဖြစ်သည်။ လောကသုံးပါး၌ အတုမရှိသဖြင့် ``သတ္တာဒေဝမနုဿာနံ`` လူ၊ နတ်၊ ဗြဟ္မာတို့၏ ပူဇော်အထူးကိုခံထိုက်သောမြတ်ဆရာဖြစ်သည်။ သတ္တဝါအပေါင်းတို့အား သံသရာဝဋ်ဆင်းရဲမှ ကျွတ်လွတ်အောင် ချေချွတ်လမ်းပြပေးခဲ့သည်။ သတ္တဝါတို့၏ စရိုက်ကို လိုက်၍ တရားပြ ဆုံးမတော်မူခဲ့သည်။ ထို့ကြောင့် ကျေးဇူးရှင်မြတ်ဆရာပင်။
မြန်မာ့ပညာရေးတွင် ဘုန်းတော်ကြီးကျောင်းပညာရေးသည် လက်ဦးအစ အဓိကအရေးပါခဲ့သည်။ ``မြန်မာ့အမျိုးသားပညာရေးအစ၊ ဘုန်းကြီးကျောင်းပညာရေးက``ဟု ပြောစမှတ်ထားခဲ့ကြသည်။ တပည့်တို့၏ အကျိုစီးပွားကို ရှေးရှုဦးတည်သော ရဟန်းကျင့်ဝတ်၊ လူ့ကျင့်ဝတ်များ၊စည်းကမ်းချက်များ မင်္ဂလာတရားတော်များ စသဖြင့် လောကီ၊ လောကုတ``တရာ နှစ်ဖြာ ပို့ချပေးခဲ့သည်။ ဆုံးမပေးခဲ့ကြသည်။ ထို့ကြောင့် ဆရာတော် သံဃာတော်များလည်း မြတ်ဆရာများပင်။
မိခင်၊ ဖခင်တို့သည်လည်း ကျေးဇူးရှင် ``လက်ဦးဆရာ``များဖြစ်ကြပါ၏။ မိမိရင်သွေးများ ဖဝါးလက်နှစ်လုံး ၊ ပခုံးလက်နှစ်သစ်အရွယ်မှစ၍ ပြုစု၊ ယုယ၊ သင်ပြ ၊ ဆုံးမခဲ့ကြသည်။ စားဝတ်နေရး ငွေရှာပေးရုံသာမက ကျွေးမွေးသုတ်သင်၊ သွန်သင်ညွှန်ပြဆုံးမ ခဲ့ကြသည်။ ထို့ကြောင့် မိဘနှစ်ပါးတို့သည်လည်း လက်ဦးဆရာ၊ မြတ်ဆရာများပင်၊ ရှင်မဟာရဌသာရက ``လက်ဦးဆရာ၊ မည်ထိုက်စွာသား၊ ပုဗ္ပာစရိယ၊ မိနှင့်ဖအား၊ မွေးသည့်သားတို့၊ လိုက်သားမိမှတ်၊ ကျင့်မြဲဝတ်ကား၊ ရိုညွတ်လေးဖင် ကျေးဇူးရှင်`` ဟူ၍  စတုဓမ္မသာရကိုးခန်းပျို့၌ စပ်ဆိုထားပါသည်။
သားငယ်၊ သမီးငယ်များ ကျောင်းနေအရွယ်ရောက်လာကြသောအခါ အသိပညာ၊ အတတ်ပညာများသင်ကြားကာ ဆုံးမပဲ့ပြင် သွန်သင်လမ်းညွှန်ပေးကြသော မြတ်ဆရာတို့ထံသို့ အပ်နှံကြရပါသည်။ မြတ်ဆရာတို့သည် တပည့်ငယ်တို့အား ရင်ဝယ်သားပမာ မိဘနှင့်မခြား အကြင်နာတရားအပြည့်ဖြင့် သင်ကြားပြသပေးကြရပါသည်။ မိမိ၏ စာပေသင်ပြမှုဝါသနာကို အရင်းခံ၍ စေတနာ၊ မေတ္တာ၊ ကရုဏာ ၊ မုဒိတာတို့ဖြင့် သင်ကြားဆုံးမကြရပါ၏။
မြတ်ဆရာများသည်ည (၁) အကျင့်သီလနှင့်ပြည့်စုံပြီး ချစ်မြတ်နိုးဖွယ်ရှိရပါသည်။ (၂) သမာဓိနှင့်ပြည့်စုံပြီး အလေးဂရုပြုဖွယ်ရာ ဖြစ်ရပါသည်။ (၃) ပညာနှင့်ပြည့်စုံပြီး ချီးမွမ်းဖွယ်ရာဖြစ်ရပါသည်။ (၄) တပည့်များ မသင့်မလှော်ပြုမူပြောဆိုနေသည်ကိုတွေ့လျှင် လှစ်လျှူမရှုဘဲ ဆုံးမသွန်သင်ရပါသည်။ (၅) သူတစ်ပါးတို့၏ ပြစ်တင်ပြောဆိုခြင်းကို သည်းခံနိုင်ရပါသည်။ (၆) နက်နဲသောတရားသဘောကို ပြေဆိုနိုင်ရပါသည်။ (၇) တပည့်များအား မသင့်လှော်သောအပြုအမူများ မခိုင်းစေရပါ။။ ဤကား ဆရာတို့၏ ရှိရမည့် ဂုဏ်အင်္ဂါခုနစ်ပါးဖြစ်ပါသည်။ မိလိန္ဒပဥှာကျမ်းတွင်မူ ဆရာ့ကျင့်ဝတ် ၂၅ ပါးပင် ပြဆိုထားပါသည်။
ဆရာ့ကျင့်ဝတ်နှင့်အညီ ကျင့်ကြံဆောင်ရွက်ြကြသော မြတ်ဆရာများနှင့် ဆုံတွေ့ကြရသောတပည့်များမှာ အကျိုးကျေးဇူး ခံစားစံစားကြရပါ၏။ အဇာတသတ်နှင့် အဂုင်္လိမာလတို့သည် ဆိုးမိုက်ခဲ့ကြသော်လည်း မြတ်ဗုဒ္ဓနှင့် တွေ့သောအခါ အကျွတ်တရားအသီးသီးရရှိကြကာ ပစ္စေကဗုဒ္ဒနှင့် ရဟန္တာအရှင်မြတ်များဖြစ်သွားကြသည်။ သံဝရဇာတ်၌ သံဝရမင်းသားကလေးသည် သူ့ဆရာ (ဘုရားအလောင်း)၏ ကျေးဇူးကြောင့် နောင်တော် ၉၉ ပါးကို ကျော်လွန်ပြီး ရှင်ဘုရင်ဖြစ်သွား၏ သရီရဓာတ်တော်များ ခွဲဝေရယူခြင်း ကိစ္စနှင့်ပတ်က်၍ စစ်ခင်းကြပည်ပြုရာ သူတို့ဆရာ ဒေါဏပုဏ္ဏားကြီး၏ ကျေးဇူးကြောင့် ရန်ငြိမ်းသွားကြရ၏။ မိလိန္ဒမင်းကြီးသည် သူ့ဆရာတော်ရှင်နာဂသိန်၏ ကျေးဇူးကြောင့် အမြင်မှန်၊ မသိမှန် အယူဝါဒမှန်သူဖြစ်သွားရ၏။ အနော်ရထာမင်းသည်လည်း ရှင်အရဟံ၏ ကျေးဇူးကြောင့် တိုင်းပြု။ ပြည်ပြု၊ သာသနာပြုမင်းဖြစ်လာ၏ ။ မင်းတုန်းမင်းကြီးသည် သူ့ဆရာ အရှင်စန္ဒိမာ၏ ဆုံးမပဲ့ပြင်မှုကြောင့် ဆဌသံဃာယနာတင်ဘုရင်ကြီးဖြစ်လာ၏။ ဆရာတို့ကျေးဇူးဂုဏ်များကို ပြောပြ၍ပင် ကုန်စင်မည်မထင်ပါ။
ယခုခေတ်၌လည်း မြတ်ဆရာတို့သည် ကာယ၊ ဉာဏ၊ စာရိတ္တနှင့် ရသ၊ သက်မွေးပညာဟူသော ဘက်စုံပညာများကို တပည့်တို့အား သင်ပေးကြရသည်။ ၂၁ ရာစုနှစ်သည် ပညာခေတ်(Knowledge Age) ဖြစ်သည်။ အလျင်အမြန်၊ အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲနေသည့် သတင်းခေတ်( Information Age)ဟုလည်း ခေါ်ကြသည်။ ဆက်သွယ်ရေးမြန်လွန်းသဖြင့် ကမ္ဘာကြီးကိုပင် ကမ္ဘာရွာကြီးဟု ခေါ်နေကြပေပြီ။ ထို့ကြောင့် ခေတ်ဆရာတို့က ခေတ်တပည့်တို့အား ခေတ်မီအသိပညာ၊ သိပ္ပံ၊နည်းပညာ၊ အတတ်ပညာ အမျိုးမျိုးကို အချိန်နှင့် တစ်ပြေးညီ သင်ကြားလေ့ကျင့်ပေးကြသည်။ နှစ်၃၀ အမျိုးသားပညာရည်မြင့်မားရေးစီမံကိန်းကို လက်တွေ့အကောင်အထည်ဖော်နေကြသည်။
ကျောင်းသားလူငယ်များ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်ရှိလာအောင်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်နေအောင် လှုံ့ဆော်ဆွေးနွေးသင်ကြားပေးနေကြသည်။ တပည့်များ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားလာရေး၊ ယဉ်ကျေးသိမ်မွေ့လာရေး၊ ကျန်းမာကြံ့ခိုင်လာစေရေး၊ ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်အောင် ပညာရည်မြင့်မားလာစေရေးတို့ကို လုပ်ဆောင်ပေးနေကြသည်။
မြန်မာနိုင်ငံမှ မြတ်ဆရာများသည် နယ်ချဲ့လက်အောက်ကိုလိုနီခေတ်၌ နိုင်ငံလွတ်လပ်ရေးအတွက် အမျိုးသားများထူထောင်ကာ အဘက်ဘက်က ပါဝင်လှုပ်ရှားခဲ့ကြပါသည်။ လွတ်လပ်ရေးရပြီးသောအခါ၌လည်း တိုင်းပြည်ပြန်လည်ထုထောင်ရေးအတွက် အားတက်သရော အနစ်နာ အပင်ပန်းခံပြီး တပည့်များ၊ နား၊ မျက်စိပွင့်လာအောင် လုပ်ဆောင်ခဲ့ကြသည်။
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်ရာ၌ လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာအောင် လေ့ကျင့်သင်ကြားပေးနေကြသည်။ တစ်ဖက်တွင်လည်း အားလုံးအတွက် ပညာရေး (EFA)လုပ်ငန်း၊ စာတက်မြောက်ရေးလုပ်ငန်းနှင့် နိုင်ငံအမျိုးပြု အမျိုးသားပညာရေး လုပ်ငန်းများကိုလည်း တောင်ပေါ်မြေပြန့်အနှံ့၊ မြို့ရောတောပါမကျန် သွားလာလှုပ်ရှားလုပ်ဆောင်လှက်ရှိကြသဖြင့် မြတ်ဆရာများကို ဂုဏ်ယူလေးစားကြရပါ၏
အချုပ်ဆိုရသော် ဆရာများ၏ ကျေးဇူးဂုဏ်အင်မှာ ရေးပြ၍ပင် ကုန်စင်မည်မထင်ပါ။ ``အာစရိယဂုဏော အနန္တော`` ဟု နေ့စဉ် ရှိခိုး၍ ဖွင့်ဟထုတ်ဖော် ချီးကျူးချက်များမှာ မှန်လှပါပေ၏ ဆရာတွေကို လျှာကုဋေဖြင့် ဘာတွေ ဘယ်လောက်ချီးကျူး၊ ချီးကျူး၊ အံ့ချီးမကုန်နိုင်တော့ပါ။ ဤ ကမ္ဘာ့ဆရာများနေ့၌ မြန်မာ့ဆရာများအပါအဝင် ကမ္ဘာ့ဆရာအားလုံးကို ဂုဏ်ယူလေးစား တန်ဖိုးထားပါကြောင်း တင်ပြအပ်သည်။
  
ဒီနေ့ အောက်တိုဘာ ၅ ရက်နေ့ ဟာ ကမ္ဘာ့ ဆရာများနေ့ လို့ သိလိုက်ရတဲ့ အချိန်မှာ ကျွန်တော့်အနေနဲ့ တစ်ကမ္ဘာလုံးမှာ မှီတင်းနေထိုင်ကြတဲ့ ကျေးဇူးရှင် မြတ်ဆရာများအား အမှတ်တရ အနေနဲ့ စာလေးပုဒ်လောက်ရေးချင်မိပါတယ်။ အဲဒီလိုရေးချင်မိသော်လည်း စဉ်းစားပြီးရေးဖို့ အချိန်မသင့်တာရယ် ပြီးတော့ စာသာရေးချင်တာ ရေးလည်း မရေးတက်တာနဲ့မို့ စောစောကမှကြေးမုံ သတင်းစာ ဖတ်ရင်း ကမ္ဘာ့ဆရာများနေ့ ကို ဂုဏ်ပြုတဲ့ ဆောင်းပါးလေးတစ်ပုဒ် တွေ့မိလိုက်ပါတယ်။ အဲဒီဆောင်းပါးလေးက  ရေဦး-မြင့်မောင်က  ဆရာများ ဂုဏ်ကျေးဇူး ဆိုတဲ့ နာမည်လေးနဲ့ ရေးဖွဲ့ထားတဲ့ ဆောင်းပါးလေး ကို ပြန်လည် မျှဝေ ဖော်ပြပြီးတော့ ဆရာများ အားလုံးရဲ့ ကျေးဇူးတရားတွေကို ဂုဏ်ပြုလိုက်ရပါတယ် ခင်ဗျာ………

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

0 comments:

 
^ထိပ်ဆုံးသို့