မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Sunday, April 8, 2012

ပျော်ပျော်ပါးပါး မန္တလေး သင်္ကြန်

မန္တလေး သင်္ကြန်ကို ပြန်လည် အမှတ်တရ ဖြစ်စေသောအားဖြင့် ၂၀၁၀ ခုနှစ်က သင်္ကြန်ရက်တွေမှာ လည်ဖြစ်ခဲ့တဲ့ အတွေ့အကြုံလေးများအကြောင်းရေးသားထားမှု လေးများကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

မန္တလေးရဲ့ သင်္ကြန် အကြောင်းလေး ရေးမလို့ စဉ်းစားနေတုန်း ကွန်နက်ရှင်က တစ်နေကုန် ဒေါင်းနေတာ နဲ့ပဲ အခုမှ ဖြေးဖြေးခြင်း ပြန်စဉ်းစားပြီး ရေးကြည့်လိုက်ပါအုံးမယ်။ ဘယ်က နေ စရေး မလဲ ဆိုတော့ သင်္ကြန် အကြိုနေ့ က အကြောင်း စရေးလိုက်တာ ပေါ့ဗျာ။ ဒါမှ အပြည့်အစုံလေး သိရတာပေါ့နော်။ သင်္ကြန် အကြိုနေ့က တော့ မနက်ပိုင်း မလည်ဖြစ်လိုက်ဘူးဗျ။ မနက်ပိုင်းမှာ ဘာလုပ်လဲ ဆိုတော့ မုန့် ၀ယ်ပြီးတော့ ဘုန်းကြီးကျောင်း သွားတယ် ဘုန်းကြီးကို မုန့်နဲ့ ကန်တော့တယ်။ ပြီးတော့ ကျွန်တော် ဒီမန္တလေး နေစဉ်ကလအတွင်း ကျွန်တော်နဲ့ ရင်းနှီး ပြီး မိသားစုလို နေထိုင်ပြီးတော့ ကျွန်တော့်ကို လျှောက်ရှောက်ခဲ့ကြတဲ့ မိဘ ဘိုးဘွားတွေကိုလည်း မုန့်နဲ့ သွားပြီးတော့ ကန်တော့ပါတယ်။ သူများတွေကတော့ နှစ်ဆန်းတစ်ရက်နေ့မှ ဘိုးဘွားမိဘ တွေကို ကန်တော့ကြပါတယ်။ ကျွန်တော်ကတော့ နှစ်ဆန်းတစ်ရက်ဆိုတာ မသေချာတဲ့အတွက် ကြိုတင် ကန်တော့ထားလိုက်တာပါ။ မသေချာဘူးဆိုတာက အလုပ် တန်းဝင်မှာမို့ပါ။ ဒါမှ သင်္ကြန်တွင်းမှာ လူကြီး မိဘတွေကို ကန်တော့လိုက်ရမှာပါ။ အဲ… လူကြီး မိဘ ဆိုတော့ မိဘတွေတော့ မကန်တော့လိုက်ရဘူးဗျ။ မေမေကိုတော့ အိမ်ပြန်မှပဲ ပေါင်းပြီး ကန်တော့လိုက် တော့မယ်။ ဖေဖေ အတွက်ကတော့ ကျွန်တော် ဘုန်းကြီးကျောင်းတို့ ဘိုးဘွားတွေကို ကန်တော့ တာတို့ ကိုပဲ သာဓုခေါ်ဖို့ အတွက် အမျှပေးဝေလိုက်ပါတော့တယ်။ အဲဒါတွေကတော့ အကြိုနေ့ မနက်ပိုင်းမှာ လုပ်ခဲ့တဲ့ ကုသိုလ်လေးတွေပါ။ သင်္ကြန်တွင်း ဆိုလို့ အဲဒါလေး ပဲ ကုသိုလ်လုပ် တာပါပဲ။ ကျန်တာ တွေကတော့ ကုသိုလ် ရဖို့ နေနေသာသာ…………….. ။

သင်္ကြန်အကြိုနေ့ ……..
အစောတုန်းကတော့ သင်္ကြန်အကြိုနေ့မှာ မလည်တော့ပဲ မြို့တော်ဝန် မဏ္ဍပ်ဖွင့်ပွဲ ကိုသွားကြည့်မလို့ပဲ။ အခုတော့ နေ့လည် ၁ နာရီလောက်မှာ သူငယ်ချင်း က လာပြီးတော့ခေါ်ပါတယ်။ အဲဒါနဲ့ပဲ လာခေါ်တဲ့ သူငယ်ချင်း နဲ့ ဘေးအိမ်က သူငယ်ချင်း တစ်ယောက်နဲ့ သုံးယောက်ပေါင်း ဆိုင်ကယ်နဲ့ ထွက်လိုက်ကြပါတယ်။ နေ့လည် တစ်နာရီ ဆိုတော့ အချိန် က တော်တော် စောသေးတယ်ဗျ။ နေကလည်း ပူဆိုတော့ နေပူ ခံအောင်ဆိုပြီး သုံးယောက်သား ဘီယာ ၀င်တွယ်နေလိုက်ကြတာပေါ့ဗျာ.. ။ သင်္ကြန်တွင်းဆိုတော့ သိတယ်မို့လား အဲဒါလေး နည်းနည်းမှ မပါရင်လည်း ပျော်စရာက မကောင်းဘူးကိုဗျ။ ဒီလိုနဲ့ နည်းနည်းလေး လည်း အရှိန်က ရလာပြီဆိုတော့ ကျုံးဘေးက သင်္ကြန် မဏ္ဍပ်တွေဆီသွား ပြီး ကဲ တော့ မယ်။ အကြိုနေ့ ဆိုတော့ မြို့တော်ဝန် မဏ္ဍပ်က ဖွင့်ပွဲ ရှိတယ်ဗျ။ အဲဒါကြောင့် ၇၃ လမ်းကနေ၂၆ ဘီလမ်း အတိုင်း ၀င်မယ် လုပ်တော့ ၀င်လို့ မရဘူး ဗျ။ ဖွင့်ပွဲ အတွက် ပိတ်ထားတယ်။ မြို့တော်ဝန်မဏ္ဍပ် ဖွင့်ပွဲကလည်း တော်တော် စည်ကား တယ်ဗျ။ မဏ္ဍပ်ပေါ်မှာ တော့ မန်းစည်ပင်က သမီးပျိုလေး တွေရဲ့ ယိမ်းအက တွေနဲ့ အတူ မဏ္ဍပ်ရဲ့ အောက် ၂၆ လမ်းမကြီးပေါ်မှာတော့ ကျောင်းသူ သုံးထောင် ကျော်တို့ ရဲ့ အက မျိုးစုံ လေး တွေကို ရှုစား ကြရတာ ဖြစ်ပါတယ်။ ဟဲ.. အဲဒီအက တွေကိုတော့ အဲဒီ ညနေက ၀င်ပြီး မကြည့်ခဲ့ ရပါဘူး။ အကြို မတိုင်ခင် နှစ်ရက် ဧပရယ်လ် ၁၁ နေ့ က ဖွင့်ပွဲ အခမ်းအနားအတွက် အစမ်းလေ့ကျင့် တုန်းက ကြည့်လာ ခဲ့မိလို့ပါ။ ပြီးတော့ မနှစ်က သင်္ကြန် ဖွင့်ပွဲမှာ တုန်းကလည်း တစ်ယောက်ထည်း သွား အားပေးထားလို့ပါဗျာ။
ဒီလိုနဲ့ သူငယ်ချင်း သုံးယောက် မြို့တော်ဝန် မဏ္ဍပ်ရဲ့ အရှေ့ဘက်နားမှာ ဆိုင်ကယ်လေး ရပ်ထားခဲ့ ပြီး တော့ အယ်လ်ပိုင်းမဏ္ဍပ်ရှေ့ ရောက်အောင်တိုးကြတာပေါ့ဗျာ။ အယ်လ်ပိုင်း မဏ္ဍပ်ကလည်း အကြိုနေ့ သာ ပြောတယ် စည်မှစည် ဗျာ…။ ခါတိုင်း နှစ် အကြိုနေ့တွေမှာ ဒီလောက်မစည်ကားဘူး ထင်တာပဲ။ ဒီနှစ်မှာက အကြိုနေ့မှာပဲ အယ်လ်ပိုင်း မဏ္ဍပ်က အဆိုတော် တွေက တော်တော်များများ စတင်သီဆိုနေကြတယ်ဗျ။ အခု နောက်ပိုင်းမှာ တက်လာတဲ့ အဆိုတော့ တွေကတော့ တော်တော်များတာပေါ့ဗျာ။ ဒီလိုနဲ့ ပဲ အယ်လ်ပိုင်း မဏ္ဍပ်မှာ ၀င်ပြီးကဲ တယ် ပြီး တော့ အယ်လ်ပိုင်း မဏ္ဍပ်က နေမှ အရှေ့ဘက်ကို တဖြည်းဖြည်း ချင်း ဆိုင်ကယ်နဲ့ ထွက်သွား ပြီးတော့ တော့ နန်းရှေ့က မဏ္ဍပ်တွေ ဆီ ရောက်အောင်သွားခဲ့ပါတယ်။ ကျုံးရဲ့ တောင်ဘက်မှာ အယ်လ်ပိုင်း မဏ္ဍပ်ရှိလို့ လူတွေ တိုးမပေါက်အောင် စည်ကား နေတာမဟုတ်ပဲ ကျုံးရဲ့ အရှေ့ဘက်မှာ လည်း မဏ္ဍပ်တွေက တစ်ခုနဲ့ တစ်ခု သိပ်မကွာဘူးဗျ။ လူတွေကလည်း အကြိုနေ့သာ ပြောတယ် အဲဒီဘက်မှာလည်း တော်တော် လေး စည်တယ်ခင်ဗျ။ ကားတွေလည်း ပြည့်လို့ပေါ့ဗျာ။ မဏ္ဍပ်တွေက ကလည်း အဆိုတော်တွေကလည်း သီချင်း တွေ ကို မြူးကြွ စွာနဲ့ သီဆို ဟစ်ကြွေးနေကြလေရဲ့။ ဒီလိုနဲ့ ပဲ အကြို နေ့လေး ကို လည်ပတ်ရင်းနဲ့ ညပိုင်း ၇ နာရီလောက်ရောက်တော့ ပြန်လာခဲ့ လိုက်သပါသတဲ့ဗျာ။

သင်္ကြန်အကျနေ့ ……..
အကြိုနေ့ ပြီး တော့ အကျ နေ့ မှာလည်း အကြို နေ့က အတိုင်းပါပဲ။ မနက်ပိုင်း မှာ တော့ မလည်ဖြစ်လိုက်ပါဘူး ။ ညနေပိုင်းမှ ပဲ လည်ဖြစ်ပါတယ်။ အကျ နေ့တော့ သူငယ်ချင်း တွေက ငါးယောက်ဖြစ်သွားတယ်ဗျ.။ မနေ့က ဘေးအိမ်နားကနေ ပါလာတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အကိုနှစ်ယောက် ကလည်း ပါလာတော့ ၅ ယောက်ဆိုတော့ ဆိုင်ကယ် နှစ်စီးနဲ့ လည်တာပေါ့ဗျာ။ အဲဒီနေ့မှာလည်း ပထမဆုံး ၇၃ လမ်းကနေ စ၀င်ခဲ့ပါတယ်။ အဲဒီကနေမှ အရှေ့ဘက်ကို မြို့တော်ဝန် မဏ္ဍပ်မှာ အရင် ၀င်ပြီး ကဲလိုက်ကြပါတယ်။ကဲ တယ်ဆိုတာက တော့ ရေပတ်နေတဲ့ မဏ္ဍပ်တွေအောက်ဝင်ပြီး ရေစိုခံ တာကို ပြောတာပါဗျာ။ မြို့တော်ဝန် မဏ္ဍပ်ကနေမှ တဖြည်းဖြည်းချင်း အရှေ့ဘက်က မဏ္ဍပ်တွေဆီကို တစ်ခု ချင်း ၀င်ပြီး ရေပတ်ခံ လိုက်ကြ အပြင်ပြန်ထွက်လိုက်ကြပေါ့ဗျာ။ ဒီလိုနဲ့ ပဲ သူငယ်ချင်း ငါးယောက်မှာ ဆိုင်ကယ်က နှစ်စီးဆိုတော့ နှစ်ယောက်တစ်တွဲက ရှေ့က နေသွားရင်း နဲ့ ကွဲ သွားကြတယ်ဗျ။ အဲဒါနဲ့ ကျွန်တော်တို့ကတော့ သုံးယောက်စီးတာ ဆိုတော့ ကျုံးဘေးကနေ ရအောင်ထွက်ပြီး အပြင်မှာ ဆိုင်ကယ် ၀င်အပ်လိုက်ကြပြီးတော့ အယ်လ်ပိုင်း မဏ္ဍပ်ရှေ့မှာ ဟို သူငယ်ချင်း နှစ်ယောက်ကို ရှာဖွေရင်း ၀င်တိုးလိုက်ပါတယ်။ လူတွေကလည်း အရင်ရက်ကထက် ပိုပြီး စည်တယ်ဗျ။ ကားတွေကလည်း ပြည့် ၊ လူတွေကလည်း ပြည့်ညက်နေတာပဲ ၊ အဲဒီထဲ ကို ရအောင်တိုးကြပါတယ်။ အဲဒီလို တိုးရင်းနဲ့ သူ့တိုးလိုက်ကိုယ့်တိုးလိုက်ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်က သည်းခံနိုင်မှ တော်ကာ ကျသဗျ။ ဒါပေမယ့် ကျွန်တော်တို့ နဲ့ ပါလာတဲ့ သူငယ်ချင်း အကိုတစ်ယောက်က စိတ်က တော်တော် စပ်သဗျ.။ အတူတူတိုးကျ တာကို သူကလည်း သူ့ ကို တွန်းပြီး တိုးရပါမလား ဆိုပြီး ပြန်ပြီး ထိုးမလို့ လုပ်လို့ ဟိုဘက်က လူတွေကလည်း ပြန်ထိုးမယ် လုပ်တာ ပေါ့ဗျာ။ ဒီတော့ ကျွန်တော်တို့ နှစ်ယောက်က သူတို့ ကို မနည်း ပြန်တောင်းပန် ဟိုဘက်က တစ်ယောက်ကလည်း ပြန်တောင်းပန်နဲ့ လူအုပ်ကြားထဲက နေပဲ ပြန်ထွက်ခဲ့ လိုက်ရပါတော့တယ်။ အပြင် ပြန်ထွက်တော့ စောစောက ကွဲ သွားတဲ့ သူငယ်ချင်း နှစ်ယောက်ကို မဏ္ဍပ်ရဲ့ အနောက်ဘက်က ကျုံး ပလက်ဖောင်း ပေါ် မှာ ပြန်တွေ့ကြပါတယ်။ အဲဒီနှစ်ယောက်ထဲက သူငယ်ချင်းတစ်ယောက်က ဘီယာ သောက်တုန်းက မမူးပဲဗျာ။ ကွမ်းစား လိုက်တော့မှ ကွမ်းမူးလို့ ဆိုပြီး သူ့ ကို အမူး ပြေအောင်လုပ်လိုက်ရတာကို မောနေတော့တာပဲ။ သူကို ကွမ်းမူးပြေအောင်လို့ ရေတွေနဲ့ လောင်း ၊ ရေဘူးက ကုန်သွားတော့ သူ့အကိုတစ်ယောက်က ကျုံးဘေးကို ကျော်တက်ပြီး ကျုံးထဲ ရေဆင်းခပ် တယ်ဗျ။ ပြီးတော့ အဲဒီရေတွေနဲ့ ပြန်လောင်း နဲ့ လုပ်တော့ သူက အမူးပြေသွားပါတယ်။ အဲ…. သူမှ အမူးပြေကာ ရှိသေးတယ် သူ့အကိုအကြီးဆုံးက စပြန်ပြီဗျ… သူ့အကို အကြီးဆုံးက တော့ နေ့လည်ခင်းက သောက်ထားတာက အဲဒီအချိန်ကျ မှ ထမူးပါသတဲ့ဗျာ။ အငယ်ကောင်ကို အမူးပြေအောင်လုပ်ပြီးတော့ အခု အကြီးဆုံးလူ ကို အမူးပြေအောင် ပြန်လုပ်နေရပါတယ်။ သူ့ကိုလည်း စောစောက အတိုင်းပဲ အလတ်ကောင်က ကျုံးထဲ ရေတွေ ဆင်းခပ် တယ်။ ပြီးတော့ ရေတွေနဲ့ ခေါင်းပေါ်ကနေ လောင်း နဲ့ အမူးပြေအောင် မနည်း လုပ်လိုက်ရပါတယ်။ ကိုယ်တို့ လည်ရအောင်ကို လည်ချိန် မရလိုက်ပါဘူး ဗျာ။ သူတို့ အမူးပြေအောင် လုပ်ပေးနေရတာနဲ့ ကိုပဲ အချိန်က တော်တော်ကုန်သွားတယ်။ အဲဒါနဲ့ အကြီးဆုံးလူကို နည်းနည်း အမူးပြေအောင်လုပ်ပြီးတော့ ကျုံးအရှေ့ဘက် ဆက်သွားမယ် ဆိုပြီး ထွက်လာလိုက်တာ.. စောစောက နှစ်ယောက် စီးတဲ့ ဆိုင်ကယ်နဲ့ နှစ်ယောက်က နောက်ကနေလိုက်လာတာ။ ကျွန်တော်တို့ လည်း အပြင်မှာ ဆိုင်ကယ်အပ်ထားတဲ့နေရာ ရောက်လို့ ဆိုင်ကယ်ကိုထုတ်လည်း ပြီးရော ရှေ့နားကနေ စောင့်နေတာ.. အကြာကြီးပဲ ဗျာ။ သူတို့က ပေါ်ကို မလာဘူး ။ အဲဒါနဲ့ အဲဒီနားတစ်ဝိုက် ပြန်ရှာပါသေးတယ် မတွေ့ဘူးဗျ။ ပြီးတော့ ဆိုင်ကယ်ပေါ်မှာလည်း စောစောက အကြီးဆုံး အကိုက သိပ်အမူးမပြေသေးဘူးဗျ.။ ကျွန်တော်က ရှေ့က ထိုင်နေတာ ကို ကျွန်တော့ အပေါ်မှာ မှောက်နေလေ ရဲ့ ဗျာ။ အဲဒါနဲ့ ပဲ အလတ်လူကိုပြောရတယ်။ ဟိုလူတွေ သူတို့ ဘယ်သွားသွား နေပါစေတော့ ဆိုပြီး။ အကြီးဆုံး အကို ကို အိမ်ပြန်ပို့ လိုက်ကြပါတယ်။ အကြီးဆုံး အကိုကို အိမ်ပြန်ပို့ ပြီးတော့ ကျွန်တော်နဲ့ အ လတ်လူနဲ့က ဆိုင်ကယ် တစ်စီး ဖြစ်သွားတာပေါ့ဗျာ။ အဲဒါနဲ့ ကျွန်တော်တို့ နှစ်ယောက်က လည်း အချိန်စောသေးတာ နဲ့ပဲ ကျုံး ရဲ့ အရှေ့ ဘက်ကို ဆိုင်ကယ်တွေနဲ့ ပတ်ကြပါတယ်။ ကျုံး အရှေ့ ဘက်မှာ လည်း မဏ္ဍပ်တွေ ရှေ့ မှာ ရော မဏ္ဍပ်နဲ့ ဝေး သွားတဲ့ နေရာ တွေမှာ ပါ လူတွေ ၊ ကား တွေ ၊ ဆိုင်ကယ်တွေက တော့ ပြည့် လို့ ဗျာ။ ဒီနှစ် မန်းသင်္ကြန်ကလည်း တော်တော် စည်ကား တာကိုဗျ။ အဲဒါနဲ့ ပဲ ကျွန်တော်တို့ နှစ်ယောက်က ဟိုနှစ်ယောက်ကို လည်း ရှာမတွေ့တော့ ပဲ နည်းနည်း မှောင်လာ တော့ ပြန်လာ ခဲ့လိုက်ကြပါတော့ တယ်။ ဟိုလူ နှစ်ယောက်က လည်း ကျွန်တော်တို့ ထက် နောက်ကျ မှ ပြန်ရောက် လာခဲ့ ကြပါတော့တယ်။….. အဲဒါကတော့ သင်္ကြန် အကျနေမှာ လည်ဖြစ်ခဲ့တဲ့ အကြောင်းလေး တွေ ပါ။……….

သင်္ကြန်အကျတ်နေ့ ……
အကျတ်နေ့မှာ လည်း အရင်နေ့တွေက အတိုင်းပါပဲ။ မနက်ပိုင်းမှာ မလည်ဖြစ်လိုက်ပါဘူး။ အဆောင်ရှေ့မှာပဲ ကလေး တွေ ရေ ပတ်တာ ကို ထိုင်ကြည့်နေခဲ့ လိုက်ပါတော့တယ်။ နေ့လည်ပိုင်း ရောက်မှ ခါတိုင်း လာခေါ်တဲ့ သူငယ်ချင်း ရောက်လာတော့မှ ထွက်ဖြစ်လိုက်ပါတော့တယ်။ ဒီနေ့ တော့ မနေ့ က ညီအကို သုံးယောက်မှာ မူးပြီး မှောက်သွားတဲ့ အကိုအကြီးဆုံး နဲ့ ရန်စ တက်တဲ့ အလတ်လူတို့ က မလိုက် ရဲ ကြတော့ဘူးဗျ။ အဲဒါကြောင့် ထုံးစံ အတိုင်း ကျွန်တော်တို့ အရင်ရက်က သူငယ်ချင်း သုံးယောက် ပဲ ထွက်ပြီးလည်ခဲ့လိုက်ကြပါတယ်။ ဒီနေ့တော့ ကျွန်တော်တို့ ကိုလာခေါ် တဲ့ သူငယ်ချင်းက သောက်တာ တော်တော် များနေတယ်ဗျ။ ဆိုင်ကယ်ကိုတော့ သူ့ကို မမောင်းခိုင်းပါဘူး။ ကိုယ်တိုင်ပဲ မောင်းဖြစ်တာ ဆိုတော့ သူဘယ်လောက်မူးမူး ထိန်း လို့ ရသွားတာပေါ့ဗျာ။ ဒီနေ့ မှာလည်း စ လည်လိုက်တာက မြို့တော်ဝန် မဏ္ဍပ်ရှေ့ ကနေပဲ ဆိုင်ကယ်လေး ထိုး ထားပြီးတော့ ရေပတ်ခံ ဖို့ စ၀င်လိုက်ပါတယ်။ အဲဒီလို စ၀င်ဝင်ခြင်းပဲ စောစောက တော်တော် လေး မူးနေတဲ့ သူငယ်ချင်းက ရှေ့ ဆုံးက နေ တိုးသွားလိုက်တာ ဗျာ။ အဲဒါနဲ့ နောက်က သူငယ်ချင်း တစ်ယောက်ကို သူ့နောက်လိုက်ထိန်းဖို့ ထည့်လိုက်ပါတယ်။ ကျွန်တော်က တော့ ဆိုင်ကယ်က ဒီအတိုင်း ရပ်ထားတာ ဆိုတော့ ဆိုင်ကယ် ပြန်ကြည့်ရအုံးမှာမို့ အဝေး ကြီး မသွားဖြစ်ဘူးပေါ့ဗျာ။ စောစောက ထိန်းဖို့ ထည့်လိုက်တဲ့ သူငယ်ချင်းက ခဏနေတော့ ပြန်ရောက်လာပြီးတော့ ဟိုတစ်ယောက်တော့ သွားပြီ တဲ့ဗျာ။ ကျွန်တော်တော့ တိုးလို့ မရလို့ နောက်ပြန်ဆုပ်ခဲ့ ရတယ်တဲ့။ သူတို့ ဘယ်လို ရအောင် တိုးသွားမှန်းကို မသိဘူးတဲ့ဗျ။ သင်္ကြန် အကျတ်နေ့ ဆိုတော့လည်း အရင်ရက်က အတိုင်းပဲဗျ ။ ကားကြီးကားငယ်တွေနဲ့ ဆိုင်ကယ်တွေနဲ့ လူတွေနဲ့ အရမ်းကို ပြည့် ညက်နေတာပဲဗျ။ အဲဒါနဲ့ ပဲ ခဏနေ သူ ဒီဆိုင်ကယ် ရပ်ထားတဲ့ နေရာ ပြန်လာ လိမ့်မယ်ဆိုပြီး ဆိုင်ကယ်ပေါ်ကနေ ရပ်စောင့်နေကြတာပေါ့ဗျာ။ ရောက်မလာဘူးခင်ဗျ။ အဲဒါနဲ့ပဲ ဟိုလူကို ဆိုင်ကယ် အစောင့် ခိုင်းထားခဲ့ပြီးတော့ ကျွန်တော်က စောစောက မဏ္ဍပ်တွေကြားကို ရေပတ်ခံ ရင်းနဲ့ ၀င်ရှာပါတယ်။ မတွေ့ဘူးခင်ဗျာ။ ပြီးတော့ မြို့တော်ဝန် မဏ္ဍပ်ရှေ့က သီချင်း ဆိုနေတဲ့ ထဲ လည်း သွားရှာပါတယ်။ မတွေ့ပါဘူးဗျာ။ ကျွန်တော့် အထင်တော့ ဒီလူ အယ်လ်ပိုင်း မဏ္ဍပ် ဆီကို ခြေလျင် လျှောက်သွားပြီ ထင်တယ်..။ ဒါကြောင့် ဒီလူကို သုံးခါလောက် လှည့်ပတ်ရှာ ၊ ဆိုင်ကယ်နားကနေ ပြန်စောင့် မတွေ့ဘူးခင်ဗျ။ နောက်တော့ ကျွန်တော်တို့ လည်း အယ်လ်ပိုင်း မဏ္ဍပ်ဆီကို လိုက်လာခဲ့လိုက်ကြပါတော့တယ်။ အဲဒီ မဏ္ဍပ်ရောက်တော့လည်း လူတွေက ပြည့်ညက်နေတာ ဆိုတော့ တွေ့ဖို့ ရာ မလွယ်ဘူးပေါဗျာ။ ဒါပေမယ့် ရအောင် တိုး ပြီး ပြန်ရှာပါသေးတယ်။ ဘယ်လိုမှ ကို မတွေ့တဲ့ အဆုံး ပြစ်ထားခဲ့လိုက်တော့တယ်ဗျာ။.. တော်သေးတာပေါ့.. ဆိုင်ကယ်နဲ့ ဆိုင်ကယ်သော့က ကျွန်တော်တို့ ဆီမှာ ပါလာလို့ လေ..။ သူ့ကို မတွေ့ တော့ ကျွန်တော်တို့ နှစ်ယောက်က အရင်ရက်က အတိုင်း ပဲ ကျုံး အရှေ့ ဘက်ကို ၀င်ဖို့ အတွက်နန်းရှေ့ ကနေ လှည့်ပတ်သွားကြပြီးတော့ ကျုံးရှေ့က မဏ္ဍပ်တွေမှာ တစ်ခုချင်းဆီ ၀င်ပြီး ရေပတ်ခံ ပြီးတော့ ပြန်လာခဲ့ လိုက်ကြပါတော့တယ်။ ပြန်လာလိုက အဆောင်မှ မရောက်သေးဘူး ဖုန်း ဆိုလို့ သွားကိုင်လိုက်ပါတယ်။ အဲ……. ဘယ်က ဆက်လည်း ဆိုတော့ ကျွန်တော့် ရဲ့ နယ်က အိမ်က ဆက်တာ ခင်ဗျ။ ဘာပြောလဲ ဆိုတော့ မန္တလေး မှာ ဗုံး ကွဲ လို့ ဆိုလို့ ဆက်ကြည့်တာ တဲ့။ ဗျာ… အဲဒီအချိန်ကျမှ ကိုယ်တို့ကလည်း သင်္ကြန်မှာ ကဲ နေကြတာ ဆိုတော့ ဗုံးကွဲ တယ်ဆိုတဲ့ အသံလည်း မကြား ရပါဘူးပေါ့။ ဒါနဲ့ နေအုံး ခဏ ဆိုပြီး ဘေးက လူတွေကို လှမ်းမေးကြည့်မှ မန္တလေး ဟုတ်ဘူးတဲ့။ ရန်ကုန်မှာ ရေကစားမဏ္ဍပ်ရှေ့ မှာ ဗုံးသုံးလုံး ကွဲ တာတဲ့။ လူ ရှစ်ဦးသေ ပြီး တော်တော်များများ ဒဏ်ရာ ရတယ်တဲ့။ အဲဒီသတင်းကို မန္တလေး အက်ဖ်အမ် ကနေ ကြေငြာနေတယ်တဲ့ ။ အဲဒီလို ကြားရမှပဲ အိမ်ကို သေချာ ပြန်ပြောပြလိုက်ရပါတော့တယ်။… တော်ပါသေးရဲ့.. မန္တလေး မဟုတ်လို့…။ ခဏ နေတော့မှ နောက်ထပ် ဖုန်း တဲ့ ဆိုပြီ လာပြန်ရောဗျ.. ဒီတစ်ခါ ဖုန်းက တော့ စောစောက မူးပြီး မဏ္ဍပ်တွေကြား တိုး သွားတော့ ပျောက်သွားတဲ့ သူငယ်ချင်း ကဆက်တာပါ။ သူ့ကိုလာခေါ် ပါအုံး တဲ့ ဆိုလို့ 68 လမ်း က ၁၆ ကျောင်း နားလေး မှာ သွားပြီးတော့ ပြန်ခေါ် ခဲ့လိုက်ရပါတော့တယ်ဗျာ… ။ သူ့ ကိုမေး ကြည့်တော့ ဆိုင်ကယ်ပေါ်က ဆင်း ပြီးတော့ ရေကစားနေတဲ့ လူအုပ်ကြားထဲ တိုး သွားလိုက်တာ.. ဆိုင်ကယ် ဘယ်နား ရပ်ထားမှန်းကို မသိလို့ ပြန်မလာ ခဲ့တာတဲ့။ ဒါနဲ့ လူကြားတွေထဲ က နေ တိုးရင်း တိုးရင်းနဲ့ ပဲ… အယ်လ်ပိုင်း မဏ္ဍပ်ရှေ့ မှာ ပဲ ၀င်ကဲ နေလိုက်တာ ပါတဲ့ဗျာ……. ။ အဲဒီ သင်္ကြန်အကျတ်နေ့မှာပဲ ကျွန်တော်တို့ နယ်က အသိတွေက ကားနဲ့ လာလည်တာ ပြင်ဦးလွင်ကနေ ပြန်လာကြတယ်တဲ့။ အဲဒါနဲ့သူတို့ ဆီ သွားတော့ ညပိုင်းကို မြို့တော်ဝန်တို့ အယ်လ်ပိုင်းတို့ မှာ သီချင်းဆိုတာ ကို သွားကြည့်အုံးမယ်ဆိုလို့ ကျွန်တော်လည်း သူတို့ နဲ့ ညပိုင်းမှာ လိုက်သွားခဲ့ရပါတယ်။ ကျွန်တော်တိုက အုပ်စု သွားတဲ့ နေ့ မှာ ကံဆိုးတာ လားတော့မသိဘူးဗျ။ ညနေက ရန်ကုန်မှာ ဗုံးကွဲ ထားတာ ဆိုတော့ အဲဒီနေ့ ည မှာ.. သီချင်း မတော့တော့ဘူးတဲ့ဗျာ… အဲဒါနဲ့ ပဲ ပြန်လှည်လာခဲ့လိုက်ရပါတော့တယ်။ ဒါကတော့ သင်္ကြန် အကျတ်နေ့ က ကြုံခဲ့ ရတာလေးတွေပါ……. ။

သင်္ကြန်အတက်နေ့ ……….
အတက်နေ့ ရဲ့ အတွေ့အကြုံလေးတွေကတော့ တော်တော်များတယ်ဗျ။ ဘာဖြစ်လို့ လည်း ဆိုတော့ ကျွန်တော်က ဒီနေ့ မှာ အရင်ရက်က လာခေါ်တဲ့ သူငယ်ချင်း နဲ့ မလိုက်တော့ဘူးဗျ။ မနက်ပိုင်းကတည်းကပဲ အရင်ရက်က ရောက်လာတဲ့ ကျွန်တော်တို့ နယ်က ကားနဲ့ပဲ လိုက်သွားလိုက်လို့ ပေါ့ဗျာ။ မနက် ၈ နာရီခွဲလောက်ကတည်းက စထွက်လာခဲ့ကြပါတယ်။ ကျွန်တော်တို့ စထွက်တာ့ နန်းရှေ့ 62 လမ်း 25 လမ်း ဒေါင့်က ဘုန်းကြီးကျောင်းက နေစထွက်တယ်ခင်ဗျ။ အဲဒီက နေ စထွက်တော့် ကျုံးဘက်ကို အရင် ၀င်ကြည့်လိုက်ပါတယ်။ ဆီဒိုးနား ဟိုတယ်ရှေ့ေ၇ာက်တော့ ကားတွေက ပြည့်နေပါပြီဗျာ။.. ၀င်လို့ ကို မရတော့ပါဘူး။ အဲဒါနဲ့ ပဲ ၂၇ လမ်းဘက်ကို ပြန်ထွက်ပြီးတော့ ကျွန်တော်တို့ ကားက ဘုရားကြီးကို အရင် ဘုရားသွားဖူးလိုက်ပါတော့တယ်။ ဘုရားကြီးမှာလည်း မနက်အစောပိုင်းမို့လားပဲ တော်တော် စည်တယ်ခင်ဗျာ။ အော်.. ဗုဒ္ဓဘာသာ လူမျိုးတွေပဲလည်း အခါကြီးအရက်ကြီးမှာ.. ဘုရားကြီး ကိုသတိရကြတာ တကယ် သာဓု ခေါ် ပါတယ်ဗျာ။ ဘုရားကြီးကနေ ဘုရားဖူး ထွက်ပြန်လာတော့ ကျွန်တော်တို့ ကား ကဘယ်က နေ စ၀င်လိုက်လည်း ဆိုတော့ ကျုံးရဲ့ အနောက်ဘက်ကနေ စပြီး ၀င်လိုက်ပါတယ်။ ကျုံး အနောက်ဘက်မှာ လည်း မဏ္ဍပ် သိပ်မရှိဘူး ဆိုပြီး မစည်ကား ဘူး မထင်လိုက်နဲ့ ဗျို့။ မဏ္ဍပ် တွေ ရှိနေတဲ့ အတိုင်းပဲ ကျုံး ဘေးမှာ ကားတွေရော လူတွေေ၇ာ ကို ပြည့်နေတာ ပဲ။ ကျုံးရဲ့ အနောက်ဘက်ကတော့ ဘယ်လို ရေကစားကြလဲ ဆိုတော့ မီးစက်တွေ ချထားပြီးတော့ ရေ ပိုက်လုံးတွေနဲ့ ဒီအတိုင်း မဏ္ဍပ် မပါပဲ ပတ်ကြတာ ခင်ဗျ။ ကားတွေကလည်း ပြည့် ရေပတ်တဲ့ လူတွေကလည်း အပြည့်ပဲ။ ကျွန်တော်တို့ ကားတောင်.. ရှေ့ကို တိုးလို့ ရအောင်လို့ ကျွန်တော်က ရှေ့က နေ လမ်းပြ လုပ်လုပ် ပြီးတိုးလာ လိုက်ရတာ.. ကျုံး အနောက်မြောက်ဒေါင့်ကို ဘယ်လို ရောက်သွားမှန်းတောင် မသိလိုက်ပါဘူးဗျာ။ လူလည်း တော်တော် လည်း ပန်းတယ်ဗျ။ အဲဒီမနက်က။ ကျုံး အနောက်ဘက်က နေ ကျုံးမြောက်ဘက်ကိုပတ်လာခဲ့လိုက်ကြပါတယ်။ မြောက်ဘက်မှာတော့ အနောက်ဘက်ကလောက်မစည်ဘူးဗျ။ မဏ္ဍပ်က လည်း နည်းတယ်။ ပြီးတော့ အတက်နေ့ မနက် အစောကြီးက နေနဲ့ မိုးနဲ့ ချထားတော့ သစ်ပင် ကြီးတစ်ပင်က လဲသွားပြီး မဏ္ဍပ်ကို ဖြတ်စီးခြင်း ခံလိုက်ရသေးတယ်ဗျ။ ဒါကြောင့် ကျုံး ရဲ့ မြောက်ဘက်မှာက သိပ်ပြီးတော့ အကြာကြီး မနေခဲ့ရပဲ ခဏ နဲ့ ပဲ ပြန်ထွက်ခဲ့လိုက်ရတာပေါ့ဗျာ။ အဲဒီကနေ ကျုံးအရှေ့ဘက်ကို ကားနဲ့ ပတ်ပါတယ်။ ရေပတ်ခံ ထွက်တယ်ပေါ့ဗျာ။ ကျုံး အရှေ့ဘက်ရောက်တော့ နေ့လည်ပိုင်း ရောက်သွားပြီဆိုတော့ ရေပတ်တဲ့ မဏ္ဍပ်တွေကလည်း ထမင်းစား နားနေကြပြီလေ။ ဒါကြောင့် ကျွန်တော်တို့ လည်း ကျုံး အရှေ့ဘက် နန်းရှေ့ကနေ ပတ်ထွက်လာခဲ့ ပြီးတော့ ဥပိန်တံတားကို ထွက်လာ ခဲ့လိုက်ကြပါတော့တယ်.။ ဥပိန်တံတား နား မရောက်ခင် အမရပူရ မြို့ထဲ ကတည်းက ရေပတ်တဲ့ သူတွေ ကလည်း တော်တော် များတယ်။ ဒါကြောင့် ဖြည်းဖြည်းခြင်း ကားကို ရှေ့တိုးလာခဲ့လိုက်တာ.. တံတားနား ရောက်တော့ လမ်းကြောကပိတ်သွားပါလေရော..။ အဲဒီမှာတင် ကားပေါ်က လူတွေက အကုန်ဆင်းပြီးတော့ တောင်သမန်အင်း ထဲ မှာ ရေသွားကူး ကြတယ်ဗျ။ ကျွန်တော်ကတော့ ကားနားမှာပဲ နေရတာပေါ့ဗျာ။ ကားမောင်းတဲ့သူက ကျွန်တော့် အကိုဆိုတော့ ကျွန်တော်က ကား ရှေ့တိုး နောက်ဆုတ် လုပ်ရဖို့..နေပေးရတာပါ။ ဒီလိုနဲ့ ရဲသားတွေနဲ့ မော်တော်ပီကယ်တွေရဲ့ ကျေးဇူးနဲ့ အတက်ကားတွေကို ကုန်အောင် ရှင်းထုတ်လိုက်တော့ ကျွန်တော်တိုက ကားက တောင်သမန် ချောင်းဘေးကို ဆင်းခွင့်ရသွားတာပေါ့လေ..။ တောင်သမန် ကလည်း တော်တော်လေး ကို စည်တယ်ဗျ။ စားသောက်ဆိုင်တွေထဲမှာလည်း လူတွေကအပြည့်ပဲ။ ကျွန်တော်တို့ လည်း ကားထိုးထားပြီးတော့ ဗိုက်ဖြည့်ဖို့ စားသောက်ဆိုင်ထဲ ၀င်လိုက်တော့ နေရာတောင် တော်တော် ရှာ ယူ ပါတယ်။ ဆိုင်ထဲ လည်း ရောက်လို့ မေးလိုက်တော့ ထမင်း ဆီဆမ်း တစ်ပွဲ ဘယ်လောက်လဲ ဆိုတော့ ဘာမှ မပါပဲ ဆီဆမ်း တစ်ပွဲကို ငါးရာ တဲ့ဗျာ။ .. အောင်မလေ… သင်္ကြန် ရက်ကိုး………လို့ ပြန်လည် ဖြေလိုက်ရပါတယ်။ ငါးရာလည်း တွယ်ရမှာပဲ။ ထမင်း ဆီဆမ်း တွေ မှာ.လူက လေးငါးယောက်လောက်ဆိုတော့ ဆတ်သားခြောက်ထောင်း တစ်ပွဲ မှာလိုက်တယ်.. သုံးထောင်တဲ့ ခင်ဗျ။ ဈေးကတော့ ရှယ်ပဲ…။ အဲဒီမှာပဲ… မနက်စာကို ထမင်းဆီဆမ်းလေး နဲ့ စားသောက်လာခဲ့ကြပြီးတော့ ကားပေါ်က အုပ်စုလည်း အဲဒီမှာပဲ ၀င်စားကြပါတယ်။ စားလည်း ပြီးရော.. ကျွန်တော်တို့ အုပ်စု တောင်သမန်ကနေ ငါးရာတန် ထမင်းဆီဆမ်း လေး.. စားလာပြီးတော့ မြို့ထဲ ၀င်လာလိုက်ပါတယ်။ မြို့ထဲ ရောက်တော့ ဘယ်သွားမလဲ ဆိုတော့ မြို့တော် ဥယဉ် တဲ့ ။ အဲဒါနဲ့ မြို့တော်ဥယာဉ် မှာသွား ပြီးတော့ ကားပေါ် က ပါလာတဲ့ ကောင်မလေး တွေရော ယောကျာ်းလေး တွေရော.. မြို့တော်ဥယဉ်မှာ ကဲ ကြတာပေါ့ဗျာ။ ဟိုဟာ စီး ဒီဟာစီးပေါ့။ ကျွန်တော်ကတော့ မစီးချင်ဘူးခင်ဗျ။ တစ်ခုခု စီးရင်.. အနည်းဆုံး ၇၀၀ နဲ့ ၈၀၀ တွေဆိုတော့ နှမောလို့ သူများ စီးတာ ပဲ ဒီအတိုင်း ကြည့်လာခဲ့လိုက်တော့တယ်။ မြို့တော်ဥယဉ်က လည်း တော်တော်လေး စည်တယ်ခင်ဗျ။ မြို့တော် ဥယဉ်က နေ ထွက်လာပြီးတော့ ကျိုးတောင်ဘက်မှာ ဆက်တိုးမယ်ဆိုပြီး ၀င်တိုးလိုက်တာ.. အစပိုင်းနားရှိသေးတယ် တိုး မရလို့ မနည်း နောက်ဆုတ်ပြီးတော့ ပြန်ထွက်လာ ခဲ့လိုက်ရပါတော့တယ်။ အဲဒီက နေ ပြန်ထွက်လာပြီးတော့ ၂၇ လမ်းကနေ. ကျုံး အရှေ့ ဘက်ေ၇ာက်အောင် ပြန်သွားပြီးတော့ ကားပေါ်က အုပ်စု က အယ်လ်ပိုင်း မဏ္ဍပ်ရှေ့ တိုး ချင်တာဆိုလို. အရှေ့ ဘက်က နေ ပြန်တိုး ၀င်ပါသေးတးယ်.. ဒီလောက် ကားတွေ ရော လူတွေ ရော ပြည့်ညက်နေတာ ဆိုတော့ ဘယ်လိုမှ ၀င်မရတာ နဲ့ ပဲ ကျုံး အရှေ့ ဘက် ဒေါင့် နားလေး မှာ.. ကားကို ရပ်ထားခဲ့ ပြီးတော့ ကားပေါ် က အုပ်စုလိုက်ကို ခြေလျှင် တိုးခိုင်း လိုက်ပါတော့တယ်။ အဲ…….. ကျွန်တော်တို့ အုပ်စု ခြေလျှင် တိုး ဖို့ ၀င်သွားတဲ့ အခါမှာ.. ဆီဒိုးနား ဟိုတယ်ရှေ့ က နေ ဖြေးဖြေး ချင်း တိုး သွားလိုက်တာ.. အယ်လ်ပိုင်း မဏ္ဍပ်ရှေ့ ကို ရောက်ဖို့ မလွယ်ဘူးဗျ။ အဲဒီအချိန် မှာ အယ်လ်ပိုင်း ရဲ့ အရှေ့ဘက်က ရတနာပုံ မဏ္ဍပ်ရှေ့ ရောက်တော့ ခဏ ကြည့်နေတုန်း ရှိသေးတယ်.. မဏ္ဍပ်ပေါ်မှာ ရန်ပွဲ က ချနေကြပါတယ်။ အဲဒီရန်ပွဲ ကို အောက်နေကြည့်နေတုန်း ခဏ နေတော့ မဏ္ဍပ်ပေါ်မှာလည်း ရေပတ်တဲ့သူလည်း တစ်ယောက်မှ မရှိတော့ဘူး ရန်ဖြစ်တဲ့သူတွေပဲရှိတော့တယ်။ အဲဒီအောက်က နေမှ.. တစ်ချို့က ပြန်ပြစ်ကြနဲ့ ဆိုတော့ အဲဒီ မဏ္ဍပ်ရှေ့ မှာက လူတွေ လည်း ပြေးကုန်ကြတာပေါ့ဗျာ.. ။ အဲဒီလို ပြေးတဲ့ အချိန်မှာပဲ ကျွန်တော်တို့ အုပ်စု က အယ်လ်ပိုင်း မဏ္ဍပ်ရှေ့ ကို ရောက်အောင် တိုး သွားလိုက်ကြတာ ကျွန်တော်ကို မသိလိုက်ဘူး ဗျ.. ကျွန်တော် တစ်ယောက်ထည်း ကျန်ရစ်ခဲ့တော့တယ်။ အဲဒါနဲ့ အယ်လ်ပိုင်း မဏ္ဍပ်ရှေ့ ကို တစ်ယောက်ထဲ တိုး ပြီး ရှာပါသေးတယ်.. ဘယ်လိုမှ မတွေ့တာ နဲ့ ။ နောက်ဆုံး တော့ အဲဒီရှေ့ကနေ ပြန်ထွက်လာပြီးတော့ ဆီဒိုးနား ဒေါင့်က LCD တီဗီ ကြီးနဲ့ အယ်လ်ပိုင်း က သီဆိုနေတာ တွေကို တိုက်ရိုက် ပြထားတာ ကို ခဏ ရပ်ကြည့်ပြီး ကား ရပ်ထားရာ နေရာ ကိုပဲ ပြန်လာခဲ့လိုက်ပါတော့တယ်။… ကားပေါ်က အုပ်စုက တော့ အယ်လ်ပိုင်း ရှေ့ မှာ အားပေးနေလိုက်ကြတာ ကျွန်တော်တော့ ပျင်းလာတာနဲ့ ကားပေါ် မှာ ပဲ အိပ်လိုက်တာ တရေး ရတယ်ဗျ.. ။ စောစောက အုပ်စု ကတော့ တော်တော်ကြီး မှောင်မှ ပဲ ပြန်လာခဲ့ကြတော့ တယ်. ။ သူတို့ ပြန်လာတော့မှာပဲ… သူတို့ လည်း ကျွန်တော်တို့ နယ်ကို ညတွင်းခြင်းပဲ ပြန်သွားကြတယ်.. ကျွန်တော်လည်း သူတို့ တည်းတဲ့ ဘုန်းကြီးကျောင်းက နေမှ ပဲ ဆိုင်ကယ်လေး ယူပြီး ပြန်လာခဲ့လိုက်ပါတော့တယ် ခင်ဗျ……..။

ဒီလို နဲ့ ပဲ သင်္ကြန် လေးရက်လုံး လည်ပတ်ပြီးတော့ …. ၁၃၇၁ ခုနှစ်ရဲ့ နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေး ကြော ပစ်ရင်း ၁၃၇၂ ခုနှစ်ရဲ့ နှစ်သစ်ကို ကြို ဆိုခဲ့လိုက်ပါတော့တယ်။ နှစ်ဆန်း တစ်ရက်နေ့ မှာတော့ ဘယ်မှ မလည်လိုက်ရတော့ပါဘူး။ ဘာကုသိုလ်မှလည်း မလုပ်လိုက်ရတော့ပါဘူး။ မနက်ကတည်းက အလုပ် ထည်း တန်းရောက်သွားလို့ ညပိုင်း မှ ပဲ အနားယူ အိပ်စက်လိုက်ရပါတော့တယ်။ ဒီထိ ရောက်အောင် ဖတ်လာခဲ့ ကြသော သူငယ်ချင်း များ ကို ကျေး ဇူးအထူး တင်ရှိပါတယ်ခင်ဗျ။ ဘာရယ် မဟုတ် ကျွန်တော် သင်္ကြန် လည်ပတ်တဲ့ အကြောင်းလေးကို နိုင်ငံ ရပ်ခြား မှာ ရောက်နေတဲ့ မန်းသင်္ကြန်နဲ့ ဝေးကွာနေတဲ့ သူငယ်ချင်း မိတ်ဆွေများ၊ ဘလော့ဂါ မောင်နှမများ အတွက် မန်းသင်္ကြန်လေးကို ကျွန်တော်နဲ့ အတူ စိတ်ကူးထဲကနေ ပြန်လည် ခံစားပြီး ပျော်ရွှင်စေလိုသော ရည်ရွယ်ချက်ဖြင့် ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။ သူငယ်ချင်းတို့ လည်း ပျော်တက်မယ်ဆို ရင် ဒီစာလေး တွေကို ဖတ်ပြီးတော့ မျှဝေ ပျော်ရွှင်နိုင်ပါတယ် ဆိုတဲ့ အကြောင်း ၊ ပြီးတော့ သူငယ်ချင်းတို့ အတွက် ဒီစာတွေ ကို ဖတ်လိုက် ရတဲ့ အတွက် ဘာမှ မျှဝေခံစားလို့ မရ ၊ ဗဟုသုတလည်း မရပဲ တန်ဖိုး ရှိတဲ့ အချိန်တွေ ဆုံးရှုံး သွားတယ် ဆိုရင် လည်း ကျွန်တော် ဒီနေရာ နေပဲ တောင်းပန်စကား ပြောကြားအပ်ပါတယ်……….။
စာလာဖတ်သော သူငယ်ချင်းတို့ အားလုံး နှင့်တကွ ဘလော့ဂါ ညီအကို မောင်နှမ များ အားလုံး လည်း ကျွန်တော်တို့ ရဲ့ မြန်မာ နှစ်သစ်လေး မှာ ပျော်ရွှင် ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်……….။

ဒီနှစ်သင်္ကြန်မှာလည်း သူငယ်ချင်းတို့ အားလုံးလည်း သင်္ကြန်ရက်များအတွင်းမှာ အေးချမ်းပျော်ရွှင်စွာဖြင့် သင်္ကြန်ရက်များကို ဖြတ်သန်းနိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း.........

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ
 
^ထိပ်ဆုံးသို့