
ဒီနှစ်သင်္ကြန်မှာလည်း သူငယ်ချင်းတို့ အားလုံးလည်း သင်္ကြန်ရက်များအတွင်းမှာ အေးချမ်းပျော်ရွှင်စွာဖြင့် သင်္ကြန်ရက်များကို ဖြတ်သန်းနိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း.........
ဇော်သိင်္ခ
ဇော်သိင်္ခရဲ့ မိုးကောင်းကင်လေးအောက်သို့ ရောက်လာသူအားလုံး ရွှင်လမ်းချမ်းမြေ့ကြပါစေ...
ကျွန်တော်တို့ ရွာကလေးသည် ဧရာဝတီမြစ်၏ အလယ်တွင် ဖြစ်ပေါ်ထွန်းနေသော ရှည်လျားသော မြစ်ရိုးတစ်လျောက်အတိုင်း တည်ရှိနေသော ကျွန်းကြီးပေါ်တွင် နေထိုင်ကြသော ရွာများထဲမှ ကျေးရွာ တစ်ရွာပင် ဖြစ်ပါသည်။ ကျွန်တော်တို့ရွာ၏ အရှေ့ဘက်ကို ကြည့်လျှင် ဧရာဝတီမြစ်ကြီးကို တွေ့ရမည်ဖြစ်သကဲ့သို့၊ အနောက်ဘက်ကို ထွက်ကြည့်လိုက်လျှင်လည်း ဧရာဝတီမြစ်ကြီးပဲ တွေ့ရမည် ဖြစ်ပါသည်။ ကျွန်တော်သည်လည်း ဧရာဝတီ မြစ်ရေလျှံနေစဉ် အိမ်အောက်တွင် မြစ်ရေများဖြင့် ပြည့်နေသော အိမ်ပေါ်တွင် မွေးဖွားခဲ့သူ ဖြစ်ပါသည်။ ထို့ကြောင့် ဧရာဝတီက မွေးဖွားလိုက်သော သားဟူ၍ ပင် ပြော၍ရပါသည်။ ကျွန်တော်တို့ ဘိုးဘွား၊ ဘီဘင်၊ လက်ထက်ကပင် ဒီ ဧရာဝတီမြစ် လယ်ခေါင်ရှိ ကျွန်းပေါ်တွင် နေထိုင်၊ လုပ်ကိုင်စားသောက်လာခဲ့ကြပါသည်။ ကျွန်တော် တို့ ရွာနှင့်တကွ ထိုကျွန်းကြီးပေါ်တွင် နေထိုင်ကြသော ကျေးရွာပေါင်း မြောက်များစွာတို့သည်လည်း မိခင် ဧရာဝတီမြစ်ကြီးကို အမှီပြု၍ လုပ်ကိုင်စားသောက်နေကြရသည်မှာ နှစ်ပေါင်း မည်မျှအထိ ကြားညောင်းခဲ့သည်မှာ ပြော၍ပင် မရနိုင်အောင် ရှိလှပါသည်။ ကျွန်တော်တို့ ငယ်စဉ်ကဆိုလျှင် ဧရာဝတီမြစ်ကြီးသည် ရေစီးရေလာ အရမ်းကောင်းမွန်ပြီး၊ နွေရာသီပင်ဖြစ်နေပါစေ… ဧရာဝတီမြစ်ရေတို့ သည် ကျေးရွာများနှင့် မနီးမဝေးတွင်ပဲ တည်ရှိပြီး ထိုမြစ်ရေများကိုပဲ စဉ်ဆက်မပြက် အသုံးပြု ကြရပါသည်။ စိုက်ပျိုးရေး အတွက် ဆိုလျှင် ထိုကျွန်းများပေါ်တွင် စိုက်ပျိုးထားသော သီးနှံများမှာလည်း ဧရာဝတီ မြစ်ရေတက်စဉ် တွင် မြစ်အတွင်း ရေစီးနှင့် အတူ မျောပါလာသော နှုန်းမြေများသည် ကျွန်တော်တို့ ကျေးရွာများကို ဖြတ်သန်းစီးဆင်းပြီး လျှင် အနိမ့်ပိုင်းကျသော မြေနေရာများတွင် ခိုအောင်းကျန်ရစ်ပါသည်။ ဒါ့အပြင် ကုန်းပြင်မြင့်တွင်လည်း အနည်းငယ်စီ မျောပါသောင်တင်နေရစ်ရပါသည်။ ထိုဒေသရှိ ကျေးရွာများ အားလုံးသည် ထိုသို့ ဧရာဝတီ မြစ်ရေနှင့်အတူ မျောပါလာသော နုန်းမြေများကို အမှီပြု၍ စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင် စားသောက် နေထိုင်လာခဲ့သည်မှာ လည်း နှစ်ပေါင်းကြာမြင့်စွာ ရှိနေပါသည်။ ဧရာဝတီ မြစ်ရေသည် မြစ်ကြောင်းအပြောင်းအလဲ ကြောင့် တစ်ခါတရံတွင် တစ်ချို့သော ကျွန်းများကို ရေတိုက်စား ကမ်းပါးပြိုမှုများ ဖြစ်ပေါ်လေ့ ရှိပါသည်။ ထိုသို့ ကမ်းပါးပြို တိုက်စားလိုက်သော မြေများသည် မြစ်အောက်ပိုင်းတွင် မြေနုများ အဖြစ် ပြန်လည် ပေါ်ထွန်းလာလေ့ ရှိသည့် အတွက် ထိုမြေနုများပေါ်ထွန်းရာ နေရာသည် ထိုဒေသရှိ ကျေးများ၏ ပိုင်နက်အသီးသီးတွင် ပေါ်ထွန်းလာပြီး ထိုသို့ မြေနုပေါ်ထွန်းလာသော မြေများကို မိမိတို့ ကျေးရွာ ပိုင်နက် အတွင်းတည်ရှိလျှင် မိမိတို့ ရွာရှိ အိမ်ခြေ ဦးရေအတိုင်း ရသလောက်ကို ခွဲဝေ ယူကြရပါသည်။ ထိုသို့သော မြေနုများ ပေါ်ထွန်းလာခြင်း ၊ လက်ရှိမြေများပေါ်တွင် ဧရာဝတီမြစ်ရေ၏ ကောင်းမွန်းစွာ ဖြတ်သန်းစီးဆင်း လာခြင်းတို့ကြောင့် တင်ကျန်ရစ်သော နုန်းသားများသည် သဘာဝတရားကြီး၏ ဖန်တီးပေးမှု သဘာဝမြေသြဇာများဖြစ်သဖြင့် ထိုမြေသြဇာများကို အသုံးပြု၍ လုပ်ကိုင် စားသောက်နေကြရသည်မှာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးလက်နေပြည်သူတို့အတွက် စီးပွားရေး အဆင်ပြေ ချောမွေ့မှု ဖြစ်ကြရပါသည်။
ထိုသို့ စီးပွားရေး အဆင်ပြေစွာ နေထိုင်လာခဲ့ကြသော ကျွန်တော်တို့ မြစ်ဝကျွန်းပေါ်ရှိကျေးရွာများအားလုံး နီးပါးသည်.. ယခုအခါ သဘဝတရားကြီး၏ ဖောက်ပြန်မှုများ၊ လူသားတစ်ချို့တို့၏ အတ္တ၊ လောဘတို့ကြောင့် ဧရာဝတီမြစ်ကြီးသည် ကျန်းမာရေး စတင်ဖောက်ပြန်လာသည့် အတွက် မြစ်ဝကျွန်းပေါ်တွင် ဧရာဝတီမြစ်ကြီးကို အကြောင်းပြု၍ လုပ်ကိုင်စားသောက်ကြရသော ကျေးလက်နေ ပြည်သူတို့သည်လည်း စီးပွားရေး အဆင်မပြေမှုများမှာ တစ်နှစ်ထက် တစ်နှစ် ပိုမို ကျပ်တည်း လာနေကြပါသည်။ ဟိုးယခင်က ဆိုလျှင် ထိုကျွန်းပေါ်ရှိ ကျေးရွာ တို့သည် ဧရာဝတီမြစ်နှင့် အနီးကပ်ဆုံးမှာ တည်ရှိနေထိုင်ကြရသည့် အတွက် ကျေးရွာ တစ်ရွာလျှင် ရေတွင်း တစ်တွင်းလောက်ပဲ ရှိကြပါသည်။ ဧရာဝတီမြစ်အတွင်းမှ ရေများကိုသာ အလွယ်တကူ အသုံးပြုကြရပါသည်။ ဝါဆို၊ ဝါခေါင်ဆိုလျှင်လည်း ဧရာဝတီမြစ်ရေသည် ကျွန်းပေါ်ရှိ ကျေးရွာများ အားလုံးပေါ်သို့ မြစ်ရေများဖုံးလွမ်းသွားအောင် လျှံတက်သည့်အတွက် ဧရာဝတီမြစ်ရေကို အသုံးပြု၍ စိုက်ပျိုးရသော စပါးများသည်လည်း ဖြစ်ထွန်းအောင်မြင်စွာနဲ့ စိုက်ပျိုးနိုင်ခဲ့သည့်အပြင် ထိုသို့ မြစ်ရေလျံအောင် တက်ခဲ့သည့်အတွက် ကျွန်းပေါ်ရှိ လုပ်စားမြေများသည်လည်း နုန်းပို့မြေများနှင့်အတူ.. အစိုဓာတ်များ အမြဲရှိနေသည့်အတွက် မြေပဲနှင့် တခြား သီးနှံမျိုးစုံ စိုက်ပျိုးရာတွင်လည်း ဖြစ်ထွန်းအောင်မြင်မှုများ ဖြစ်ခဲ့ပါသည်။
သို့သော်….
ယခုအချိန်တွင် ဧရာဝတီမြစ်အထက်ပိုင်းရှိ တံတားတည်ဆောက်မှုများ၊ ရွှေလုပ်ငန်းလုပ်ကိုင်ကြသူများ၊ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေနိုင်သည့် အလုပ်အကိုင်အမျိုးမျိုးတို့ကြောင့် ဧရာဝတီမြစ်ကြီးသည် ကျန်းမာရေး စတင် ချို့တည့်လာသည့် အတွက် သဲသောင်များ ပေါ်ထွန်းလာခြင်းတို့ကြောင့် ကျွန်တော်တို့ ကျေးရွာများအနီးတွင်လည်း နွေရာသီဆိုလျှင် မြစ်နှင့် အတော်ကြီးကို အလှမ်းကွာဝေးသွားကြရပါသည်။ ထို့ကြောင့် ကျေးရွာတိုင်းရှိ အိမ်တိုင်းလိုလိုတွင် လက်လှုပ်ဘုံဘိုင်ရေတွင်းများကို တူး၍ အသုံးနေကြရပါသည်။ ဒီ့ထက် ဆိုးသော အခြေအနေများမှာ ဧရာဝတီမြစ်ရေသည် ဝါဆို၊ ဝါခေါင်သို့ ရောက်လာသော်လည်း ကျွန်းများပေါ်သို့ မြစ်ရေ ဖုံးလွှမ်းခြင်း မရှိသည်မှာ သုံးလေးနှစ်သို့ပင် ရောက်ရှိလာခဲ့သည်။ ထို့ကြောင့် ဧရာဝတီမြစ်ကို အမှီပြု၍ လုပ်ကိုင်စားသောက်နေကြရသော ထိုကျေးရွာများရှိ တောင်သူများအားလုံးသည် တစ်နှစ်ထက် တစ်နှစ် စီးပွားရေး အဆင်မပြေမှုများ ဖြစ်နေရပါသည်။ ထိုနည်းတူစွာပင် ဧရာဝတီမြစ်ရိုးတစ်လျောက်ရှိ ကျေးရွာပေါင်း မြောက်များစွာတို့သည်လည်း ထိုသို့သော အခက်အခဲ များ ဖြစ်ကြရမည်မှာ သေချာသလောက် ရှိပါသည်။
ထိုသို့သော ကျေးလက်နေ ပြည်သူများ၊ တောင်သူဦးကြီးများ အားလုံးဆီမှ ကောက်ပဲသီးနှံနှင့် ဆန်၊ စပါးများ မဖြစ်ထွန်းသည့်အတွက် တောင်သူ ဦးကြီးများ စီးပွားရေး အဆင်မပြေဖြစ်ကြသလို မြို့နေပြည်သူများ အနေဖြင့်လည်း ဆန်၊စပါးနှင့် ကောက်ပဲသီးနှံများကို ဈေးကြီးပဲ၍ ဝယ်ယူစားသုံးရသဖြင့်… ပြည်သူတို့၏ စီးပွားရေးမှာ ပိုမို၍ အဆင်မပြေမှုများ ဖြစ်လာနိုင်ပါသည်။ ထိုသို့ဖြစ်ရသော အကြောင်းအရင်းများမှာ… သဘာဝတရားကြီးက ဖန်ဆင်းပေးလိုက်သော ကျွန်တော်တို့ရဲ့ ဧရာဝတီမြစ်ကြီး နှင့်တကွ သဘာဝပတ်ဝန်းကျင်ရှိ တောတောင်များ ပျက်သုန်းရခြင်းကြောင့် ဖြစ်ရသည်ဟု ထင်မြင်မိပါသည်။
ထို့ကြောင့် ဧရာဝတီမြစ်ကြီးသည် ကျွန်တော်တို့ မြစ်ရိုးတစ်လျောက်ရှိ ပြည်သူတို့၏ အသက်ပင်ဖြစ်သည်။ ထိုသို့ ဧရာဝတီဖြစ်ကြီးသည် ကျွန်တော်တို့၏ အသက်ဖြစ်သလို ကျွန်တော်တို့ တစ်မျိုးသားလုံး၏ အသက်လည်းဖြစ်ပါသည်။ ယခု အခါ ဧရာဝတီ မြစ်ကြီးကို ပိတ်၍ ဆည်တည်ဆောက်နေကြသောကြောင့် ဧရာဝတီမြစ်ကြီးသည် တစ်ချိန်ကျရင် ကွယ်ပျောက်သွားနိုင်သည်မှာ မလွဲမသွေဖြစ်နိုင်ပါသည်။ အဘယ့်ကြောင့်နည်း… ဆည်တည်ဆောက်မှုသည် ယခုမှ စတင်တည်ဆောက်ကာစပင်ဖြစ်လင့်ကလား ဧရာဝတီမြစ်၏ အခြေအနေသည် ယခင်ကနှင့် မတူ မြစ်ကြောင်းပြောင်းလဲ မှုများ စတင်ဖြစ်ပွားလာသည့် အပြင် မြစ်ရေ အခြေအနေမှာလည်း တစ်နှစ်ထက် တစ်နှစ် လျော့နည်း လာလျက်ရှိနေပါသည်။ ထို့ပြင် မြစ်အတွင်း သဲသောင်ပြင်များ ဖြစ်ထွန်းမှုမှာလည်း ပို၍ ပင် များပြားလာသည်ကို တွေ့မြင်နေရပါသည်။ တပိုတွဲ ၊ တပေါင်းလများတွင် ဧရာဝတီမြစ်အတွင်းသို့ ဖြတ်သန်းသွားလာဖူးသူများ တွေ့မြင်နေကြရပါမည်ဖြစ်ပါသည်။
ထို့ကြောင့် ကျွန်တော်တို့သည်လည်း တက်နိုင်သည့်ဘက်မှနေ၍ ဧရာဝတီမြစ်ကြီး ထာဝရ တည်မြဲ စီးဆင်း နေနိုင် စေရန်အတွက် ကြိုးပမ်း ဆောင်ရွက်ကြရပါမည်။
ဧရာဝတီဆိုသည်မှာ… ကျွန်တော်တို့၏ အသက်ဖြစ်သည်။
ဧရာဝတီဆိုသည်မှာ… ကျွန်တော်တို့ တိုင်းပြည်၏ အသက်ဖြစ်သည်။
ဧရာဝတီဆိုသည်မှာ… ကျွန်တော်တို့ တစ်မျိုးသားလုံး၏ အသက်ဖြစ်သည်။
ဧရာဝတီဆိုသည်မှာ… ကျွန်တော်တို့ တိုင်းရင်းသားအားလုံး၏ သွေးစည်းညီညွတ်မှုဖြစ်သည်။
ထို့ကြောင့် မြန်မာဆိုသော ကျွန်တော်တို့ လူမျိုးစုများ ပျောက်ကွယ်မသွားရအောင်… ဧရာဝတီမြစ်ကြီး ထာဝရ ရှင်သန် စီးဆင်းနိုင်အောင် ကျွန်တော်တို့ အားလုံးမှာတာဝန် ရှိတာကြောင့် ကျွန်တော်တို့အားလုံးကနေမှ ဧရာဝတီမြစ်ကြီးပေါ်တွင် တည်ဆောက်လျှက်ရှိနေသော မြစ်ဆုံ စီမံကိန်းကြီးကို ဆက်လက်ပြီး မလုပ်ဆောင်ဖို့ရန်အတွက် မြစ်ဆုံ စီမံကိန်း ကိစ္စကို ကန့်ကွက်ပါတယ် ဆိုတဲ့ အကြောင်း ဤနေရာကနေမှ ကျွန်တော်တို့ရဲ့ ဆန္ဒတွေကို ဘလော့ဂ်ဂါအားလုံးတို့နှင့် ထပ်တူ ထပ်မျှ ဖော်ထုတ်လိုက်ရပါတယ် ခင်ဗျား။
ကျွန်တော့်ရဲ့ ဧရာဝတီအကြောင်းကို ပထမဆုံး အကြိမ်ရေးထားတဲ့ ပထမအမေ ဧရာဝတီ ကိုလည်း ဒီနေရာလေးမှာ ဧရာဝတီမြစ်ရှု့ခင်း ပုံကလေးများနှင့်တကွ သွားဖတ်လို့ရပါတယ် ခင်ဗျာ။
ခင်မင်စွာဖြင့်...
ဇော်သိင်္ခ
မန္တလေးမြို့အထက်နားရှိရွာတစ်ရွာမှ ဧရာဝတီဖြစ်ရေလျံနေစဉ် အမှတ်တရ ရိုက်ကူးလာပုံ
(၁)
အနောက်ကောင်းကင်ထဲမှ တိမ်တိုက်လေးတွေ ဟိုတစ်စု ဒီတစ်စုတွေရဲ့ ကြားမှာ… တစ်ရက်တာ တာဝန်ထမ်းဆောင်ပြီးလို့ မကြာမှီ အိမ်ပြန်ခဏအနားယူတော့မယ့် နေမင်းကြီးဟာ… အလွန်လှပကြည့်ကောင်းနေပါသည်။ မိုးတိမ်တိုက်လေးတွေကြားထဲမှာ တိုးထွက်လာတဲ့ နေမင်းရဲ့ ဖျော့တော့တော့ အလင်းရောင်လေးတွေဟာ.. ဧရာဝတီမြစ်ပြင်ပေါ်ကို ရိုက်ခတ်ကျရောက်လာတဲ့အတွက် ကြည်လင်အေးမြပြီး တည်ကြည်ငြိမ်သက်စွာ စီးဆင်းနေတဲ့ ဧရာဝတီမြစ်ရေပြင်ရဲ့ အလှဟာ ထပ်ဆင့်လို့ အလှလွန်ကဲနေပါတယ်…။ အဲဒီလို ညနေ-နေဝင်ဆည်းဆာရဲ့ အလှနဲ့ ဧရာဝတီ မြစ်ရေပြင်တို့ရဲ့ အလှတွေထဲမှာ ခံစားနစ်မျောနေစဉ်မှာပဲ… နားထဲမှာ အမှတ်မထင်ကြားလိုက်ရတာတွေကတော့………
“သားရေ… ရေချိုးမပြီးသေးဘူးလား… သားရယ်.. တက်တော့လေ… သား”
“ဟုတ်ကဲ့ပါ မေမေရဲ့… ရေက အခုမှ အရမ်းချိုးလို့ကောင်း၊ ကူးလို့ကောင်းတာ မေမေရဲ့.. သားလေ. အခုလို ဧရာဝတီမြစ်ကြီးထဲမှာ.. အားရပါးရကူးခတ်ပြီး ရေချိုးရတာကို အရမ်းပျော်တာပဲ…. သိလား…”
“ သားလေ.. ဒီဧရာဝတီမြစ်ကြီးရှိနေပြီးတော့ အခုလို ကြည်လင်အေးမြစွာနဲ့ စီးဆင်းပေးနေကို အရမ်းကျေးဇူးတင်တယ်.. ပြီးတော့လေ.. မေမေကို ပြောပြရအုံးမယ်သိလား…”
“ ဘာပြောမှာလည်း သားရယ်.. ပြောမှာဖြင့်လည်း အိမ်ရောက်မှပြောပြပါတော့… အခုရေချိုးနေတာကနေ တက်တော့နော်..သား.. တော်ကြာ အအေးမိနေမှာ စိုးလို့ပါသားရယ်…”
“ ဟာ… မေမေကလည်း… သားတို့က ဒီဧရာဝတီမြစ်ကြီးဘေးမှာမွေးဖွားပြီးတော့ သားမွေးကတည်းက ဒီမြစ်ထဲမှာပဲ… အမေတို့ ရေချိုးပေးခဲ့တာပဲ မေမေရဲ့…။ ဒီအအေးဒဏ်တွေက သားတို့လို ဆင်းရဲ့သားတွေအတွက် ကြံ့ကြံ့ခံနိုင်ပြီးသားပါဗျာ…။ အခု သားပြောပြမှာကလည်း… အခုလို ရေချိုးနေရင်း ပြောမှ ပိုပြီး ပြောလို့ ကောင်းတာဗျ..”
“ ကဲကဲ… မောင်လေအိုးရယ်.. ပြောမှာဖြင့် ပြောစမ်းပါအုံး.. သားက ဘာတွေများပြောမှာမို့ ဒီလောက်တောင်များ ပြောပြချင်နေရာတလဲ”
“ ဒီလိုမေမေ…ရဲ့…. သားတို့ မေမေတို့ မိသားစုအတွက်လေ.. ပိုက်ဆံ မကုန်ပဲ အသက်ရှင်သန်နေထိုင်နိုင်ဖို့အတွက် သဘာဝတရားကြီးက ဖန်ဆင်းပေးထားတဲ့ ဟောဒီ ဧရာဝတီမြစ်ကြီးရှိနေတာ ဘယ်လောက် ပျော်စရာကောင်းလည်းလဲဟင်.. ဟော.. သားတို့ကသာ ဒီဧရာဝတီမြစ်ကြီးရှိနေလို့ သားတို့အတွက် ရေသောက်ဖို့၊ ရေချိုးဖို့ သုံးဖို့ ရေကူးဖို့အတွက် အချိန်မရွေး အလကားသုံးလို့ ရနေတာလေ… မြို့ပေါ်မှာနေကြတဲ့သူတွေ ကြည့်စမ်းပါမေမေရယ်.. သုတို့ခမျာ… ဘယ်လောက်သနားစရာကောင်းလဲ? ရေသောက်ဖို့ ဆိုရင်လည်း ရေသန့်ဖူးတွေကို ပိုက်ဆံပေးပြီး ဝယ်သောက်ရတယ်လေ။ ပြီးတော့ ရေကူးချင်တယ် ဆိုရင်လည်း ရေကူးကန်သွားပြီး ပိုက်ဆံပေးပြီးမှ ကူးရတယ်။ သူတို့မှာလည်း ပိုက်ဆံ ချမ်းသာလို့ တော်သေးတာပေါ့နော်။ သားတို့လိုများ ဆင်းရဲရင် သူတို့ဘဝလေးတွေက သနားစရာပဲနော်…။ ပြီးတော့လေ… မြို့ပေါ်မှာ ရေက လုံလောက်အောင် မပေးနိုင်တော့ တစ်ချို့ဆိုရင် ရေတောင် နေ့တိုင်း မချိုးနိုင်ကြဘူးလို့ ကြားတယ်ဗျ။ သူတို့က ပြောကြသေးတယ်နော်. သားတို့ ဆင်းရဲသားတွေကိုကျတော့ ညစ်ပတ်လို့တဲ့လေ။ သားတို့ကမှ ရေနေတိုင်း ချိုးနိုင်သေးတယ်။ သူတို့ကမှ ရေ နေ့တိုင်းမချိုးနိုင်ကြတော့ သူတို့က ပိုပြီး ညစ်ပတ်ကြတာပေါ့နော်….ဟုတ်တယ် မို့လား မေမေ…
ဘယ်လိုပဲဖြစ်ဖြစ်ဗျာ… ကျွန်တော်လေ… ဒီဧရာဝတီမြစ်ကြီး စီးဆင်းတည်ရှိနေတာကိုပဲ.. အရမ်းကျေးဇူးတင်တယ်ဗျာ… ဧရာဝတီမြစ်ကြီး ထာဝရ တည်တံ့စီးဆင်းနေနိုင်ပါစေလို့ သားဆုတောင်းပေးနေတော့မယ်ဗျာ.။”
“ အေးအေး.. ဆုတောင်းလည်း ဆုတောင်း.. သားလည်း ရေကူးတာရေချိုးတာကနေ တက်ခဲ့တော့နော်…”
“ ဟုတ်ကဲ့ပါမေမေ.. သားတက်ခဲ့တော့မယ်နော်.. ရေကူးရတာလည်း မောသွားပြီ…. ဟူး………… မောလိုက်တာ….”
မန္တလေးမြို့ အနောက်ဘက်ကမ်းမှာ နေထိုင်ကြသော လူနေအိမ်ကလေးများ
ဧရာဝတီမြစ်ရေပြင်နှင့် မန္တလေးမြို့ မရမ်းခြံဆိပ်ကမ်းအလှ
(၂)
ဧရာဝတီမြစ်ကြီးရဲ့ ကမ်းနဘေးမှာနေထိုင်ပြီး ဧရာဝတီမြစ်ရေနဲ့ မိသားစုတစ်စုလုံးရဲ့ အဝတ်အစားတွေ လျော်ဖွတ်နေသော မိခင်နှင့် ရေချိုး၊ရေကူးရင်း လေပေါနေသော သားတော်မောင်တို့ရဲ့ စကားသံများ အဆုံးမှာတော့…. ကျွန်တော့်ရဲ့ အထွေးတွေဟာ… လွန်ခဲ့သော နှစ်ပေါင်း (၂၀) ခန့်ဆီသို့ လွှင့်မျောသွားခဲ့ပါတော့တယ်……….
“ သားရေ… ထမင်းစားရအောင်လေ.. သား…”
“ ဟုတ်ကဲ့… လာပြီ မေမေ… ဒီနေ့ ဘာဟင်းတွေ ချက်ထားလဲဟင်”
“ငါးဟင်းချက်ထားတယ်လေ.. သားရဲ့.. ပြီးတော့ ငါးပိရည် ရယ် ပဲပြုတ်ရယ်လေ…”
“ဟာ… ကျွန်တော်ကြိုက်တဲ့ ဟင်းတွေပဲနော်.. တို့မေမေကတော်တော် အလိုက်သိတာပဲ နော်။ သူ့သားကြိုက်တဲ့ ငါးဟင်းတို့ ငါးပိရည်တို့ကို အမြဲ ချက်ကျွေးတာပဲနော်..”
“ အေး… ဒီဟင်းတွေကို မင်းမကြိုက်လည်း စားရမှာပဲ… ကြိုက်လည်း စားရမှာပဲ… မေမေတို့မှာ ကောင်းကောင်းစားစရာ ဆိုလို့ ဒီဟင်းတွေပဲ ချက်စားစရာ ရှိတာနော်..”
“ဒါပေါ့ မေမေရဲ့… သားတို့လို ဆင်းရဲသားတောသူ တောင်သားတွေမှာ.. ငါးဟင်းနေ့တိုင်းစားနိုင်ကို ကျေးဇူးတင်လှပြီလေ..။”
“ဒါပေါ့ သားရဲ့.. မေမေတို့သားတို့အခုလို ငါးဟင်းကို လတ်လတ်ဆတ်ဆတ်ချက်စားနိုင်တာ ဘယ်သူ့ကြောင့်လဲ ဆိုတာ သားသိလား…”
“အာ.. သား သိတာပေါ့ မေမေရ.. ရွာမြောက်ပိုင်းက ဦးလေးတင် တို့ ကျေးဇူးကြောင့်ပေါ့ဗျ.။ သူတို့က ငါးဖမ်းတာ အရမ်းတော်တာပဲနော်။ ပြီးတော့လေ.. မြစ်ထဲက ငါးတွေလည်း အများကြီးရအောင် ဖမ်းနိုင်တယ်နော်..”
“ဟုတ်ပါတယ် သားရယ်.. သားပြောသလို ဦးလေးတင်တို့က ငါးတွေကို ဖမ်းပြီးတော့ ပြန်ရောင်းချပေးလို့ မေမေတို့ ဈေးသက်သက်သာသာနဲ့ လတ်လတ်ဆတ်ဆတ် ဝယ်စားရလို့ ကျေးဇူးတင်ရသလို… အဓိက ကျေးဇူးတင်ထိုက်တာက ငါးတွေအများကြီးရအောင် ဖမ်းပေးတဲ့ ဦးလေးတင်တို့ မဟုတ်ဘူးကွဲ့…”
“မေမေတို့ သားတို့ အခုလို ငါးတွေကောင်းကောင်းစားနိုင်အောင် အဓိက ကျေးဇူးတင်ထိုက်တာက သားတို့မေမေတို့ စားလို့ရအောင် ဦးလေးတင်တို့ ငါးတွေများများဖမ်းနိုင်အောင်လို့ အဲဒီငါးတွေကို ရှင်သန်ကြီးထွားအောင် မွေးမြူပေးထားတဲ့ ဟောဒီ ဧရာဝတီမြစ်ကြီး ကိုကျေးဇူးတင်ရမှာကွဲ့….”
“ဟုတ်ကဲ့ မေမေ ဧရာဝတီမြစ်ကြီးအကြောင်း ဆက်ပြောပါအုံး မေမေ…”
“သားက ပြောပြအုံး ဆိုတော့လည်း မေမေက မေမေသိသလောက် ပြောပြရမှာပေါ့ သားရယ်…။ အခုသားတို့ မေမေတို့ အသက်ရှင်ဖို့အတွက် စားနေတဲ့ ထမင်းတွေလေ.. အဲဒီထမင်းတွေ ဖြစ်လာအောင် ဖန်ဆင်းပေးတာလည်း ဒီဧရာဝတီမြစ်ကြီးကြောင့်ပဲ သား။ ဒီ ဧရာဝတီမြစ်ကြီးဟာ သားတို့ မေမေတို့ရဲ့ အသက် သခင်ကျေးဇူးရှင်လေ…။ သားတို့ မေမေတို့တင်မကဘူးလေ… ဟောဒီမေမေတို့ရွာတစ်ရွာလုံး၊ ဟောဟို တစ်မြို့လုံး…။ တစ်နိုင်ငံလုံးအပြင် တစ်ခြားတိုင်းပြည်တွေရဲ့ အသက်သခင် ကျေးဇူးရှင် လို့တောင်ပြောနိုင်တယ် သား…”
“ဟုတ်ကဲ့ မေမေ.. ဘာလို့ ဒီဧရာဝတီမြစ်ကြီးက သားတို့ တိုင်းပြည်အပြင် တခြားတိုင်းပြည်တွေရဲ့ ကျေးဇူးရှင်လို့ ပြောရတာလဲဟင်…”
“ဒီလိုသားရဲ့… ဒီဧရာဝတီမြစ်ကြီးကရေတွေက တစ်နှစ်ပတ်လုံး စီးဆင်းနေတာသားတွေ့တယ်မို့လား.. ရေနည်းသွားတာနဲ့ များလာတာပဲ ကွာတယ်လေ..။ ဒီဧရာဝတီမြစ်ကြီးကနေ စီးဆင်းနေတဲ့ ရေတွေကို အသုံးပြုပြီးတော့ အခုသားတို့ စားနေတဲ့ ထမင်းဖြစ်လာမယ့် စပါးတွေ စိုက်ပျိုးရတယ်၊ ပဲမျိုးစုံစိုက်ပျိုးနိုင်တယ်။ နောက်ဆုံး အခုလို ထမင်းတို့ ဟင်းတို့ဖြစ်လာအောင် ချက်ပြုတ်ရတဲ့ ထင်းတွေဟာလည်း ဒီမြစ်ကြီးထဲမှာ မျောပါလာတာတွေကို ဆယ်ယူပြီးတော့ သုံးရတာလေ.. ။ ဒီ ဧရာဝတီမြစ်ကြီးဟာ မေမေတို့ မြန်မာနိုင်ငံရဲ့ မြောက်ဖျားဆုံးကနေမှ တောင်ဖျားဆုံးထိ ရောက်အောင် စီးဆင်းသွားပြီးတော့ပင်လယ်ထဲကို စီးဝင်သွားတယ်လေ…။ ဒီဧရာဝတီ မြစ်ကြောင်းတစ်လျောက် မြန်မာပြည် အထက်ပိုင်းကနေ မြန်မာပြည်အောက်ပိုင်းအထိ ဒီဧရာဝတီ မြစ်ကြီးကို အသုံးပြုပြီးတော့ ဆန်၊စပါးတွေ၊ ကောက်ပဲ သီးနှံတွေစိုက်ပျိုးကြတယ်၊ ပြီးတော့ မြစ်အထက်ပိုင်းမှာဆိုရင်လည်း မြစ်ကမ်းဘေးနဲ့ မြစ်လယ်ခေါင်မှာပဲ ရွှေ၊ငွေ၊ ကျောက်သံ၊ ပတ္တမြားတွေ တူးဖော်ပြီးတော့ လုပ်ကိုင်စားသောက်နေကြရတယ်လေ..။ အဲဒီလို လုပ်ကိုင်စားသောက်ကြတဲ့ သူတွေဆီကနေမှ ပိုလျှံလို့ ထွက်ရှိလာတဲ့ ဆန်စပါးတွေ၊ ကောက်ပဲသီးနှံတွေ၊ ရွေငွေ၊ ကျောက်သံ၊ ပတ္တမြားဆိုတဲ့ ရတနာတွေကို မေမေတို့ မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ လူမျိုးပေါင်းစုံက ဝယ်ယူအသုံးပြုစားသောက်ရတဲ့ အပြင် နိုင်ငံခြားတိုင်းပြည်တွေကိုပါ တင်ပို့ရောင်းချနိုင်တဲ့ အတွက်ကြောင့်မို့ လူသားအားလုံးရဲ့ ကျေးဇူးရှင် မွေးမိခင်ကြီးလို့ ခေါ်ဆိုနိုင်တာပေါ့သားရယ်…။”
“ဒါကြောင့်… ဒီဧရာဝတီမြစ်ကြီးဟာ.. သားတို့၊ မေမေတို့ရဲ့ အမေလို့ ပြောနိုင်သလို မေမေတို့ မြန်မာနိုင်ငံရဲ့ အမေ၊ မြန်မာပြည်သူလူထုရဲ့ အသက်ပေါ့ကွယ်…”
“တကယ်လို့လေ.. သားတို့ရဲ့ မွေးမိခင် မေမေ သေဆုံးပျောက်ကွယ်သွားခဲ့မယ်ဆိုရင်လေ.. သားဘဝမှာ မေမေတစ်ယောက်ပဲ ဆုံးရှုံး နစ်နာသွားမှာလေ…။ တကယ်လို့သာ… မေမေတို့သားတို့၊ မြန်မာပြည်သူပြည်သားအားလုံးတို့ရဲ့ မိခင် ဧရာဝတီ မေမေကြီးသာ ကွယ်ပျောက် သေဆုံးသွားခဲ့မယ် ဆိုလျှင်… မေမေတို့ တစ်နိုင်ငံလုံးမှာ ရှိတဲ့ လူသားအားလုံးရဲ့ အသက်တွေ အပြင် အခုမေမေတို့ မြန်မာနိုင်ငံကြီးပါ ကွယ်ပျောက်သွားနိုင်တာပေါ့သားရယ်…. ဒါကြောင့်လေ.. သားရဲ့မေမေ… ငါဟာလေ… သားရဲ့ ဒုတိယ မေမေပါ။ သားတို့ ပထမ အမေက ဟောဒီ ဧရာဝတီပါသားရယ်…။ ဒီလိုပဲ မေမေရဲ့ မွေးမိခင်ဟာလည်း မေမေရဲ့ ဒုတိယ အမေဖြစ်သလို မေမေတို့ရဲပထမ အမေဟာ လည်း ဟောဒီ ဧရာဝတီမြစ်ကြီး ပဲဖြစ်တယ်… သား…။ ဒီလိုပဲ မေမေတို့ မြန်မာတွေရဲ့ အသက်၊ မြန်မာတွေရဲ့ ပထမ အမေဟာ… ဟောဒီ ဧရာဝတီ မြစ်ကြီးဖြစ်ပါတယ် ဆိုတာ .. သားစွဲစွဲမြဲမြဲ မှတ်ထားစေချင်တယ်နော်……………..။”
“ဟုတ်ကဲ့ ဒုတိယမေမေ… သားရင်ထဲ စွဲစွဲမြဲမြဲမှတ်ထားပါ့မယ်.. သားတို့ရဲ့ ပထမအမေဟာ ဟောဒီ ဧရာဝတီ မြစ်ကြီး ဖြစ်ပါကြောင်း သားရဲ့ နှလုံးသားမှာ ကဗျည်းကျောက်စာ ရေးထိုးထားလိုက်ပါပြီ… ဒုတိယမေမေနော်….”
………………………………….
မန္တလေးတောင်ကို ဧရာဝတီ မြစ်ပြင်ပေါ်မှ အမှတ်တရ လှမ်းယူရိုက်ကူးထားပုံ
ဧရာဝတီ မြစ်ကမ်းပါးဘေးရှိ တောတောင်များပေါ်မှ စေတီပုထိုးများရဲ့ ကြည်ညိုဖွယ် အလှတရား
(၃)
အော်… လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) လောက်က မေမေပြောခဲ့တဲ့ ပထမအမေဆိုတာ.. ဧရာဝတီဆိုပါလား… ဧရာဝတီဆိုတာ မြန်မာတစ်နိုင်ငံလုံးရဲ့ အသက်ဆိုပါလား… ဧရာဝတီကွယ်ပျောက်သွားမယ်ဆိုရင်… တစ်နည်းအားဖြင့်.. မေမေပြောသလို ပထမအမေ သေဆုံးသွားခဲ့မယ်ဆိုရင် ကျွန်တော်တို့ မြန်မာတစ်နိုင်ငံလုံး လည်း ကွယ်ပျောက် သေဆုံးသွားနိုင်တယ်ဆိုပါလား……..
ဒါဆိုရင်… ဧရာဝတီ မကွေယ်ပျောက်ရအောင်…
ပထမအမေ သက်ရှိထင်ရှားရှိနေပြီး ထာဝရရှင်သန်စီးဆင်းနေနိုင်အောင်ဆိုရင်… အမေ့(ဧရာဝတီ)ရဲ့ သားတွေသမီးတွေ အားလုံးအပေါ်မှာ တာဝန် ရှိတာပေါ့နော်…။
အော်… အမေရယ်… အမေ့ကိုလေ… သားတို့ သားသမီးတွေအားလုံးက ထာဝရအသက်ရှင်သန်တည်မြဲနေချင်ပေမယ့်လည်း… အမေ(ဧရာဝတီ)က မွေးဖွားပေးလိုက်တဲ့ တစ်ချို့သောသားတွေက သူတို့ရဲ့ ပေါက်ဖော်တွေနဲ့ ပေါင်းပြီး အမေကို ပုန်ကန်ဖို့ လုပ်နေကြပြီလေ… အမေ…။ သူတို့ အမေ့ကို အကျဉ်းချကြတော့မယ်… အမေ့ကို သူတို့ ရောင်းစားကြတော့မယ်…၊ အမေ မျက်ရည်ကျရပြီနော်…၊ အမေမျက်ရည် မကျရအောင် အမေ မသေရအောင် သားတို့မှာ တာဝန်ရှိပါတယ် အမေရယ်… သားတို့အားလုံး ဝိုင်းဝန်းတိုင်ပင်ပြီး… အမေ့ကာကွယ်ကြရအောင် ကြိုးစားနေကြပါတယ်.. အမေရယ်… ။ အမေ့ရဲ့ တစ်ချို့သော သားတွေကပြောသေးတယ်.. သိလား အမေ… သူတို့က အမေ့ကို ပုန်ကန်တာ၊ အကျဉ်းချဖို့လုပ်တာ ၊ ရောင်းစားဖို့လုပ်တာဟာ... သားတို့အားလုံး. ကောင်းစားဖို့အတွက် လုပ်တာပါလို့ .. ပြောကြတယ်.. အမေရယ်.. သူတို့ပြောတာကို ဘယ်သားသမီးကမှ မယုံကြပါဘူး အမေရယ်…… ဟိုတစ်လောကလေ.. အမေ့ရဲ့သားတွေ အားလုံးကို အမေ့ကို ဝိုင်းဝန်းကာကွယ်ဖို့ ကြိုးပမ်းနေကြတဲ့ ကြားထဲကပဲ.. အမေ့ရဲ့.. သားတစ်ယောက်က ပြောသွားသေးတယ်လေ… အမေကြားလိုက်မလား အမေ… အမေ အဲဒီစကားများ ကြားရင် အမေ ဘယ်လောက် ဝမ်းနည်းပူဆွေး.. ငိုကြွေးနေမလဲ ဆိုတော့ သားတို့ မှန်းဆလို့ ရပါတယ် အမေရယ်… ။ အမေ့သားပြောသွားတာကလေ… အမေ့ကို ဘယ်သူတွေ ဘယ်လိုပဲ ဝိုင်းဝန်းကာကွယ်… တားဆီးနေပါစေ… သူကတော့ အမေ့ကို ဆက်ပြီး အကျဉ်းချဖို့… ရောင်းစားဖို့… လုပ်မယ်လို့ ပြောသွားခဲ့တယ်လေ.. အမေရဲ့….။ ဒီစကားတွေများ အမေကြားရရင် အမေသားတွေအားလုံးအတွက် ဝမ်းနည်းပူဆွေးပြီး ငိုကြွေးနေမယ်ဆိုတာ သားတို့အားလုံး သိနေပါတယ် အမေရယ်..။ အမေဟာလေ… သားတွေရဲ့ အပေါ်မှာ အကောင်းအဆိုး မခွဲခြားပဲ.. ပြုံးပြုံးကြီး ရပ်တည်ရှင်သန် စီးဆင်းသွားလာနေပေမယ့်လည်း… အမေရဲ့ ရင်ထဲမှာ… အမေ(ဧရာဝတီ) ငိုကြွေးနေတယ်ဆိုတာ.. သားတို့အားလုံး သိနေကြပါပြီ… အမေရယ်….
အမေ(ဧရာဝတီ)… ငိုနေပြီနော်….
အမေ(ဧရာဝတီ)… ငိုနေပြီနော်….
အမေငိုနေရလို့… သားတို့လည်း ငိုနေရပါပြီ အမေရယ်…
ကျွန်တော်တို့ အားလုံးရဲ့ အမေ(ဧရာဝတီ) မငိုရအောင်…
ကျွန်တော်တို့ အားလုံးရဲ့ ပထမ အမေ(ဧရာဝတီ)… မငိုရအောင်…
အမေ(ဧရာဝတီ)ရဲ့ သားတွေ အားလုံးလည်း …… မငိုရအောင်…
ပထမ အမေ(ဧရာဝတီ)ရဲ့ သားတွေ အားလုံးလည်း ……. မငိုရအောင်….
သားတို့အားလုံးရဲ့ ပထမ အမေ (ဧရာဝတီ) မငိုရလေအောင်… ကျွန်တော်တို့တစ်တွေအားလုံး ဝိုင်းဝန်းကြိုးပမ်း ကြရအောင်လားဗျာ…….။
1:32 AM
17.9.2011
ခင်မင်စွာဖြင့်…
ဇော်သိင်္ခ