မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Tuesday, August 31, 2010

ကျေနပ်မိနေမှာပါ
















  • သူငယ်ချင်းရယ်
  • မင်းနဲ့ ပက်သက်တဲ့အရာအားလုံးကို
  • ငါ့မှာ မျှော်လင့်ခွင့်တောင် ပိုင်ဆိုင်ခွင့်မရှိဘူးလား
  • မင်းအတွက် မာနတွေ ခ၀ါချခဲ့တာတောင်
  • အမုန်းတချို့နဲ့
  • ဒဏ်ရာတချို့ သာပြန်ရခဲ့တယ်
  • ဒါနဲ့တောင် မင်းကို ငါမမုန်းဘူးတဲ့
  • မင်း တောင်းဆိုလိုက်စမ်းပါ
  • မင်းအတွက် ငါ အရာအားလုံးကို 
  • ပေးဆပ်ဖို့ အသင့်ရှိနေလေရဲ့
  • ငါ့ရင်ထဲက တမ်းတစွာနဲ့ခေါ်နေသံကို
  • မင်းမကြားလို့ င့ါကိုထားခဲ့တာလား
  • ငါတောင်းဆိုလိုက်ပါရစေ
  • မင်း ငါ့အချစ်တွေကို အသိအမှတ်ပြုရင်
  • တချက်လောက်ပဲ ငါ့ကို လှည့်ကြည့်ခဲ့ရင်ကို....
  • ငါ... အရာအားလုံးကို အတိုင်းအသိ
  • ကျေနပ်မိနေမှာပဲ...။

ညီမလေး မိုး ရဲ့ သူငယ်ချင်းအပေါ်မှာ ချစ်မိတဲ့ တစ်ဖက်သတ်အချစ် ကဗျာ လေးကို သူငယ်ချင်းတို့ အားလုံးလည်း မျှဝေ ခံစားပေးရင်း........ ညီမလေး မိုး  လည်း မျှော်လင့်သော အချစ်တွေ အမြန်ဆုံး ပြည့်လာ နိုင်ပါစေလို့ ဆန္ဒ ပြု လိုက်ပါတယ်.......။

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

Sunday, August 29, 2010

ဝမ်းတေဘယ်လ်

ည (၁၁) နာရီကျော်မှ ကျွန်တော်တို့လင်မယားပြန်ရောက်ကြတယ်။ အဲ့ဒီညက ကျွန်တော်နည်းနည်းမူးလာတယ်။
သူငယ်ချင်းတစ်ယောက်က သူ့ရဲ့စီးပွားရေါ်လုပ်ငန်းတစ်ခု အောင်မြင်တဲ့အတွက် သူ့ သူငယ်ချင်းတွေဖြစ်တဲ့ ကျွန်တော်တို့လင်မယားကို ကန်တော်ကြီးစောင်းမှာရှိတဲ့ အကောင်းဆုံးဆိုတဲ့ စားသောက်ဆိုင်မှာ ညစာကျွေးတယ်။ ကြက်ကောက်ရိုးမီးကင်လည်းပါတယ်။ ဘဲကင်လည်းပါတယ်။ ယိုးဒယားပုံစံချက်ပြုတ်ထားတဲ့ အစားအစာတွေ အစုံပါတယ်။ Black Label, Green Label လို့ခေါ်ကြတဲ့ နိုင်ငံခြားဖြစ် အရက်အကောင်းစားတွေလည်းပါတယ်။
သူငယ်ချင်းတွေတွေ့ကြတော့ ပြောကြဆိုကြ သောက်ကြစားကြနဲ့ အလွန်ပျော်စရာကော်းပါတယ်။ စားသောက်ဆိုင်ကလည်း စင်တင်တေးဂီတပါတော့ ဦးနှောက်နဲ့ ဝိုးတဝါးအလှကိုခံစားရင်း ည(၁၁) နာရီ ထိုးသွားပါတော့တယ်။
ကားကို ဖြည်းဖြည်းလေးမောင်းပြီး ပြန်ခဲ့တယ်။ အိမရောက်တော့ အဖေမအိပ်သေးဘူး။ အဖေက ကျွန်တော်တို့ စောင့်နေတာဖြစ်မယ်။ ကျွန်တော်တို့လည်း အိမ်ကိုရောက်ရောက်ချင်း ဝင်အိပ်လိုက်ကြတယ်။
………..
ကျွန်တော်တို့အိမ်မှာ ထုံးစံတစ်ခု၇ှိတယ်။ နံနက် ၆ နာရီဆိုရင် ထမင်းစားခန်းထဲမှာ အတူတူဝိုင်းဖွဲ့ပြီး ကော်ဖီသောက်ကြရတယ်။ စကားပြောကြရတယ်။ ပြီးမှ အလုပ်သွားကြရတယ်။ အဲ့ဒီနေ့မနက်မှာ မနေ့ညက အကြောင်းပြောဖြစ်တယ်။
``အဖေရေ.. သိလား။ ကျော်နိုင်ကြီးလေ.. ရေနံမှော်အောင်တယ်။ ဒါကြောင့် မနေ့ညက ကျွန်တော်တို့ကို ``ဝမ်းတေဘယ်လ်`` ပေးတယ် အဖေရ။ ကောင်းလိုက်တဲ့ အစားအစာတွေ။ အရက်ဆိုတာကလည်း အပျံစား။ အဝသောက်လို့ရတယ်``
အဲ့ဒီအချိန်မှာ ကျွန်တော့်မိန်းမက ဝင်ပြောတယ်။
``ကြက်ကောက်ရိုးမီးကင်ဆိုတာတော်တော်ကောင်းတာပဲ။ ယိုးဒယားအစားအစာတွေကလည်း ``ရှယ်``ပဲ ကောင်းလိုက်တာ လွန်ရော``
``ဟုတ်ပါတယ် အဖေရကျော်နိုင်ကြီးရဲ့ ``ဝမ်းတေဘယ်လ်``ကတော့ တစ်သက်မမေ့စရာပါပဲ.. အဖေရာ``
အဖေ ကျွန်တော့်ကို ပြုံးပြုံးကြီးကြည့်ပြီး ကျွန်တော့် စကားကို ခေါင်းတညိတ်ညိတ်နဲ့ နားထောင်နေပါတယ်။
``Green Label ဆိုတာ အရက်လို့သာ ပြောတာပါ။ တအားကြီး မမူးဘူးဗျ။ နိုင်ငံခြားဖြစ်အရက်မို့လားမသိဘူး။ ယဉ်ယဉ်လေးနဲ့ ရစ်တစ်တစ်ကလေး။ မနက်အိပ်ရာထတော့လည်း ဘာမှမဖြစ်ဘူးဗျ.. အဖေရ သိလား``
ဒီအချိန်မှာ အဖေက ကျွန်တော့်ကို စကား စ, ပြောပါတယ်။
``ကျော်နိုင်ဆိုတာ ၂၂လမ်းက ကျော်နိုင်ကို ပြောတာလား။ ဝမ်းသာပါတယ်ကွာ။ မင်းတို့တစ်တွေ အဲ့ဒီလိုကြီးပွားကြတာ၊ ပျော်နိုင်ကြတာ၊ စားနိုင်သောက်နိုင်ကြတာ။ ဒါပေမယ့်တစ်ခုတော့ သတိပေးစရာရှိတယ်``
အဖေဟာ..ကော်ဖီကို သောက်လိုက်တယ်။ သားသမီးတွေနဲ့ မြေးတွေကို တစ်ယောက်ချင်းလိုက်ပြီး ကြည့်တယ်။ စိုက်ကြည့်တယ်။
``အားလုံးသေချာနားထောင်ကြ။ ငါ့သားကြီးက ပြောတယ်။ သူ့သူငယ်ချင်း ကျွေးတဲ့ ``ဝမ်းတေဘယ်လ်`` ဘယ်လိုကောင်းကြောင်း၊ ဘယ်လို ကျေးဇူးတင်ကြောင်း၊ ဘယ်လိုပျော်စရာကောင်းကြောင်း၊ အားလုံးကြားကြတယ်နာ်``
``ဟုတ်ကဲ့.. အဖေ``
``ကျော်နိုင်ရဲ့ ``ဝမ်းတေဘယ်လ်``ကိုတော့ ကျေးဇူးတင်ရကောင်းမှန်းသိတယ်။ တစ်သက် မမေ့နိုင်ဘူးလို့လည်း ပြောတယ်။ တကယ်ကို ဝမ်းပန်းတသာကြီး အူလှိုက်သဲလှိုက်ခံစားပြီးပြောတယ်။ ဟုတ်ရဲ့လား.. ငါ့သားကြီး``
``ဟုတ်ပါတယ်.. အဖေ``
``ဒါဆိုရင် မင်းတို့အားလုံးကို ငါမေးမယ်။ မင်းတို့တစ်တွေကို ငါတို့ မိဘနှစ်ပါးက နေ့စဉ်နေ့တိုင်း ``ဝမ်းတေဘယ်လ်``မကဘူး။ ``သရီးတေ ဘယ်လ်`` ကျွေးနေတယ်။ ကျွေးခဲ့တယ်။ ကျွေးနေဦးမြှ။ မင်းတို့ပျော်ပျော်ပါးပါးစားသောက်နေတာတွေ့ရရင် ငါတို့အရမ်းပျော်တယ်။ မင်းတို့ အဲ့ဒီလို နေ့တိုင်းတစ်နေ့ကို ``သရီးတေဘယ်လ်`` စားနေကြတာကိုတော့ အခုလိုဝမ်းပန်းတသာကြီးပြောဖို့ သတိမရကြဘူးနော်``
ကျွန်တော် တော်တော်လန့်သွားတယ်။ အဖေရဲ့ မျက်လုံးမှာ အဓိပ္ပာယ်တွေရှိနေတယ်။ အဖေက ဆက်ပြောတယ်။
မြန်မာစကားပုံမှာ ``တစ်လုပ်စားဖူး သူ့ကျေးဇူး``ဆိုတာ ကျွန်တော်တို့ သိကြပါတယ်။ ထမင်းအလုတ်ပေါင်းများစွာကျွေးခဲ့တဲ့၊ ကျွေးနေဦးမယ့် အဖေတို့၊ အမေတို့ရဲ့ ကျေးဇူးကို ကျွန်တော်တို့ မတွေးမိကြဘူးနော်။ သူငယ်ချင်းတစ်ယောက်က ကျွေးတဲ့ ``ဝမ်းတေဘယ်လ်``ကိုတော့ ရင်ထဲမှာ မှတ်တမ်းတင်မိတယ်။ အဖေနဲ့ အမေကျွေးနေတဲ့ ``တေဘယ်လ်`` များစွာကိုတော့ ရင်ထဲမှာ မှတ်တမ်းမတင်မိခဲ့ဘူး။
``တစ်သက်မှာ တစ်ခါလောက်သာကျွေးတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ``ဝမ်းတေဘယ်လ်``ကိုတော့ ကျေးဇူးတင်လိုက်ကြတာပြောလို့ကို မဝကြဘူး။ တစ်သက်လုံး နေ့စဉ်နေ့တိုင်း ဒီစားပွဲခုံပေါ်မှာ မရေတွက်နိုင်အောင် ကျွေးခဲ့တဲ့ အဖေတို့ အမေတို့ရဲ့ ``တေဘယ်လ်`` တွေကို မင်းတို့ တန်ဖိုးမထားကြဘူးနော်``
အဖေပြောမှ ကျွန်တော်စဉ်းစားမိတော့တယ်။ ဟုတ်ပါတယ်။ အဖေနဲ့ အမေကျွေးခဲ့တဲ့ ထမင်းတွေနည်းမှ မနည်းဘဲ။ ``တေဘယ်လ်``ပေါင်းများစွာ ကျွန်တော်တို့စားခဲ့ကြပြီးပြီ။ နောင်လည်း စားနေဦးမှာပဲ။
ဒါပေမယ့် ဘာကြောင့်များ၊ ကျေးဇူးတင်ပါတယ်လို့ မတွေးမိကြတာလဲ။ မစဉ်းစားမိကြတာလဲ။ မပြောမိကြတာလဲ။ မြန်မာစကားပုံမှာ ``တစ်လုတ်စားဖူးသူ့ကျေးဇူး`` ဆိုတာ ကျွန်တော်တို့သိကြပါတယ်။ ထမင်းအလုပ်ပေါင်း များစွာကျွေးနေဦးမယ့် အဖေတို့၊ အမေတို့ရဲ့ ကျေးဇူးကို ကျွန်တော်တို့ မတွေးမိကြဘူးနော်။ သူငယ်ချင်းတစ်ယောက်က ကျွေးတဲ့ ``ဝမ်းတေဘယ်လ်``ကိုတော့ ရင်ထဲမှာ မှတ်တမ်းတင်မိတယ်။ အဖေနဲ့ အမေကျွေးနေတဲ့ ``တေဘယ်လ်``များစွာကိုတော့ ရင်ထဲမှာမှတ်တမ်းမတင်မိခဲ့ဘူး။
ကျွန်တော် ဒီစာကို နောင်တများစွာဖြင့် ရေးသားခြင်းဖြစ်ပါတယ်။
တွေးကြည့်ကြရအောင်ဗျာ……။
``ဝမ်းတေဘယ်လ်`` ဆိုသော စာစုလေးများကို ဦးဘုန်း(ဓာတု) ၏  ``တွင်း``ဆိုသော စာလုပ်မှ ပြန်လည်ရေးသား ဖော်ပြလိုက်ရခြင်း ဖြစ်ပါသည်။ ဒီစာစုလေး များကို ဖတ်မိပြီး ကျွန်တော်တို့ တတွေလည်း တေဘယ်လ် ပေါင်း မြောက်များစွာကို ကျွေးနေကြတဲ့ ဖေဖေတို့ မေမေတို့ ရဲ့ တေဘယ်လ် တွေ ကို အမြဲတမ်း အမှတ်ရနေကြပါစေလို့ ဆန္ဒပြုရင်း..........။

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

Saturday, August 21, 2010

ဒူးရင်းသီးပုံပြင်

ရုပ်သေးပညာရှင် ဒေါ်မမနိုင်ရဲ့ ရုပ်သေးရုံမှာ တနင်္ဂနွေနေ့တိုင်း ``ဟက်ပီးဆန်းဒေး`` ကျင်းပတယ်။ သီချင်းတွေဆိုကြတယ်။ သီချင်းတွေက ရေဒီယိုသီချင်းဟောင်းတွေများပါတယ်။ မြို့မသီချင်းတွေကလည်း ပါတယ်။ သီချင်းလာပြီးဆိုကြတဲ့သူတွေလည်း မန္တလေးမြို့ရဲ့ မျက်နှာဖုံးတွေ များပါတယ်။ ပျော်စရာလည်း ကောင်းတယ်။ ကျွန်တော်တို့လို အသက်အရွယ်တွေအတွက် စိတ်ဖိစီးမှုသက်သာစေပါတယ်။ အလုပ်ထဲမှာ စိတ်တွေနစ်ပြီး တစ်ပတ်လုံး အလုပ်လုပ်ခဲ့သမျှ ``ဟက်ပီးဆန်းဒေး`` မှာ သီချင်းဆိုရင်း ဖွင့်ထုတ်ပစ်လိုက်တယ်။
ဒီလိုနဲ့ ကျွန်တော်တို့မှာ အချိန်တိုအတွင်း `` သူငယ်ချင်း`` တွေ အများကြီးတိုးလာပါတယ်။
ပြီးခဲ့တဲ့ ဝါဆိုလပြည့်နေ့က ဆရာမရုပ်သေး ပညာရှင် ဒေါ်မမနိုင်ရယ်၊ စာရေးဆရာမယဉ်ယဉ်နုရယ်၊ စာရေးဆရာမ သင်းသင်းရယ်၊ စာရေးဆရာမ ခင်လေးငယ်ရယ်၊ စာရေးဆရာ ဦးရာစိုးရယ် ၊ ကျွန်တော်ရယ်၊ မန္တလေး ကန်တော်ကြီးရဲ့ ပြည်ကြီးမွန်ဖောင်တော်မှာ နံနက်စာစားရင်း စကားပြောဖြစ်ကြတယ်။
အဲဒီနေ့မှာ ``သူငယ်ချင်း``ဆိုတဲ့ အဓိပ္ပာယ်ကို ပေါ်လွင်စေတဲ့ ``ဒူးရင်းသီး``ပုံပြင်ကိုကျွန်တော်ပြောဖြစ်ခဲ့တယ်။
ပုံပြင်လေးက ဒီလိုပါ။
*******
တစ်ခါတုန်းကပေါ့……။
သူငယ်ချင်း အယောက် (၃၀)ဟာ အုပ်ချုပ်သူ ဆရာ၊ ဆရာမတွေနဲ့အတူ တောစပ်တစ်နေရာကို လေ့လာရေး ခရီးထွက်ခဲ့ကြတယ်။ သူငယ်ချင်းတွေဆိုတော့ .. ဆော့ကြတာပေါ့။ ပတ်ဝန်းကျင်ကိုလည်း လေ့လာကြတယ်။ ပန်းပင်တွေအကြောင်း သစ်ပင်တွေအကြောင်း၊ လိပ်ပြာလေးတွေအကြောင်းပြောကြတယ်။ ပါဆယ်ဂိမ်းကစားကြတယ်။ ပါလာတဲ့ ထမင်းဘူးတွေ ဖွင့်စားကြတယ်။ ဒီ သူငယ်ချင်းတွေထဲက သူငယ်ချင်းသုံးယောက်ဟာ လှပတဲ့ လိပ်ပြာလေးတွေကို လိုက်ပြီးကြည့်ရင်း တောစပ်ကနေ တောထဲကိုရောက်သွားပါတော့တယ်။ လိပ်ပြာလေးတွေလည်း လှတော့.. လိပ်ပြာလေးတွေထဲပဲ စိတ်ကရောက်နေတယ်။ ကိုယ်လာတဲ့လမ်းကို မမှတ်မိတော့ဘူး။ ဒီလိုနဲ့ ညနေစောင်းလို့ စုရပ်ကိုပြန်ကြမယ်လည်းလုပ်ရော မပြန်တက်ကြတော့ဘူး။ သူငယ်ချင်း  သုံးယောက်ဟာ ထင်ရာမြင်ရာ စမ်းမှန်းပြီး စုရပ်ကို ပြန်လာကြတယ်။
သူတို့လာတဲ့လမ်းဟာ စုရပ်ကို မရောက်ဘဲ တောနက်ထဲကိုပဲ တဖြည်းဖြည်းရောက်သွားပါတော့တယ်။
ညနေခင်းရောက်လာတော့ တဖြည်းဖြည်း မှောင်လာတယ်။ သူငယ်ချင်းသုံးယောက် တစ်ယောက်လက်ကို တစ်ယောက်တွဲလို့လမ်းရှာရင်း ခရီးဆက်ခဲ့ပါတော့မယ်။
ညဟာ တော်တော်ကို မှောင်လာတယ်။ အဲ့ဒီအချိန်မှာ မီးတုတ်တွေကိုင်လို့ လူတစ်စုကို သူတို့မြင်လိုက်တယ်။ သူတို့ကိုလိုက်ရှာနေတဲ့ အဖွဲ့ဖြစ်မယ်ထင်တယ်။ အနီးနား လည်းရောက်ရော အဲ့ဒီလူစုဟာ လိုက်ရှာနေတဲ့သူတွေ မဟုတ်ဘဲ လူရိုင်းတွေဖြစ်နေတယ်။ လူရိုင်းတွေဟာ သူတို့ကို တွေ့တွေ့ချင်းပဲ နွယ်ကြိုးတွေနဲ့တုပ်လိုက်တယ်။ ခြေထောက်နဲ့ ကန်တယ်။ သူတို့နားမလည်တဲ့စကားတွေနဲ့ သူတို့ကို ပြောတယ်။ ဖမ်းသွားကြတယ်ပေါ့။
ဒီလိုနဲ့ တစ်ညလုံးလမ်းလျှောက်လိုက်ရတာ မိုးလင်းသွားရောဆိုပါတော့။ မိုးလင်းတော့လည်း ဆက်ပြီး  လျှောက်ရပြန်တယ်။ လမ်းမှာတွေ့တဲ့ အသီးတွေကိုခူးစား။ တွေ့တဲ့ရေကိုသောက်။ ခရီးဆက်လိုက်တာ နှစ်ညအိပ်လောက်ကြာမှာလူရိုင်းတွေနေတဲ့ ရွာကိုရောက်ပါတော့တယ်။
ရွာကိုလည်းရောက်ရော  ရွာလူကြီးလို့ထင်ရတဲ့ ပုဂ္ဂိုလ်ကြီးက အဲ့ဒီ သူငယ်ချင်းသုံးယောက်ကို လှံကြီးနဲ့ရွယ်တယ်။ ချိန်တယ်၊ သတ်ပစ်မယ်ပေါ့။ အဲဒီအချိန်မှာ ``လူ`` စကားနည်းနည်းပြောတက်တဲ့ စကားပြန် တစ်ယောက် ရောက်လာတယ်။
``ငါတို့ လူကြီးကပြောတယ်။ ငါတို့ရွာမှာ လူတစ်ယောက်ရဲ့ ကံကြမ္မာကို စမ်းသပ်တဲ့နည်းရှိတယ်။ ကံကောင်းရင် အသက်ရှင်မယ်။ ကံဆိုးရင်  အသက်သေမယ်။ စမ်းသပ်တဲ့နည်းကလည်း မခက်ဘူး။ ဟိုမယ်.. တွေ့လား။ ဥယျဉ်ခြံထဲမှာ သစ်သီးပင်တွေ စိုက်ထားတယ်။ အဲ့ဒီ သစ်သီးပင်တွေထဲက အမျိုးအစားတူတဲ့ သစ်သီး (၁၀)လုံးခူးခဲ့ရမယ်။ မင်းတို့ခူးခဲ့တဲ့ သစ်သီးပေါ်မူတည်ပြီး မင်းတို့ရဲ့ အသက်နဲ့ ကံကြမ္မာကိုဆုံးဖြတ်မယ်။ ကဲ မင်းတို့သုံးယောက်နှစ်သက်ရာ အမျိုးအစားတူ သစ်သီး(၁၀)လုံးစီခူးခဲ့၊ သွားကြ``
သူငယ်ချင်းသုံးယောက်ဟာ ဥယျာဉ်ခြံထဲကို အပြေးအလွှားပဲ သွားကြပါတယ်။
ပထမဆုံးတစ်ယောက်က ပန်းသီး(၁၀)လုံး ခူးလာတယ်။ စကားပြန်ကပြောတယ်။
``အဲ့ဒီ ပန်းသီး(၁၀) လုံးကို အသံမထွက်ဘဲ အလုံးလိုက်မျိုချရမယ်။ အသံထွက်ရင် သတ်မယ်၊ အသံမထွက်ရင် အသက်ရှင်မယ်``
စဉ်းစားကြည့်ကြစမ်းပါဗျ။ ပန်းသီး(၁၀)လုံး။ အလုံးလိုက် ဘယ်လိုလုပ်မျိုနိုင်မှာလဲ။ ဒီလိုနဲ့ အသတ်ခံရရောဆိုပါတော့။ အသက်ထွက်ထွက်ချင်းပဲ သူဟာ ငရဲပြည်ကို ရောက်သွားပါတော့တယ်။
အဲ့ဒီအချိန်မှာ ဒုတိယသူငယ်ချင်းက စပျစ်သီး (၁၀)လုံးခူးပြီးရောက်လာတယ်။ ထုံးစံအတိုင်းပဲ စကားပြန်ကပြောတယ်။
``စပျစ်သီး ၉၁၀)လုံးကို အသံမထွက်ဘဲ အလုံးလိုက်မျိုချရမယ်။ အသံထွက်ရင်သတ်မယ်။ အသံမထွက်ရင် မင်းအသက်ရှင်မယ်``
စပျစ်သီးဆိုတာသေးသေးလေးတွေဆိုတော့ တစ်လုံးပြီးတစ်လုံး အသံမထွက်ဘဲ မျိုချပါတော့မယ်။ ဒီလိုနဲ့ (၉)လုံးမြောက်အရောက်မှာ အသံထွက်ပြီး ``ရယ်`` လိုက်တယ်။ အဲ့ဒါနဲ့ အသတ်ခံရပါလောရော။ ဒီကောင်လည်း ချက်ချင်း ဆိုသလိုပဲ ငရဲပြည်ကိုရောက်သွားတယ်။
ငရဲပြည်မှာ သူငယ်ချင်းနှစ်ယောက်တွေ့ကြတော့.. ပထမ သူငယ်ချင်းက မေးတယ်။
`ဟေ့ကောင် မင်းဘာအသီးစားလို့ အသတ်ခံရတာလဲကွ``
``စပျစ်သီးကွ`
``ဟ.. စပျစ်သီး (၁၀)လုံးများ အသံထွက်အောင် စားရတယ်လို့ကွ။ ငါကတော့ .. ပန်းသီးမို့ အသတ်ခံရတာ။ အံ့သြပါ့ကွ``
``မင်းဘာသိလို့လဲ။ ငါက.. စပျစ်သီးကို အသံမထွက်ဘဲ ကြိတ်မှိတ်ပြီးမျိုချနေတုန်း ဟိုအကောင် ဘာအသီးတွေခူးပြီး ပြေးလာတယ်မှတ်တုန်း သူ့ကိုကြည့်ပြီး ငါအသံထွက် ``ရယ်``မိလို့ အသတ်ခံရတာ``
``ဒီကောင်က.. ဘာအသီး (၁၀)လုံး ခူးလာလို့တုံးကွ``
``ဒူးရင်းသီး (၁၀)လုံး ခူးလာတယ်တဲ့ကွာ``
ငရဲပြည်ရောက် သူငယ်ချင်း နှစ်ယောက် တဟားဟားနဲ့ ရယ်လိုက်ကြတော့တယ်။
အဲ့ဒီအချိန်မှာ တတိယသူငယ်ချင်း ငရဲပြည်ကိုရောက်လာတယ်။
``မင်းတို့ကမှ မင်းတို့ခူးလာတဲ့အသီး စားခွင့်ရသေးတယ်။ ငါကတော့ ငါခူးလာတဲ့အသီး မစားရဘဲ အသတ်ခံရတာကွ``
သူငယ်ချင်းသုံးယောက် ငရဲပြည်မှာ ပျော်ပျော်ပါးပါးကြီး ရယ်မော်လိုက်ကြပါတော့တယ်။
*******
သူငယ်ချင်းဆိုတာာ ဒီလိုမျိုးပါ။
ပန်းသီးပဲ စားရစားရ၊ စပျစ်သီးပဲ စားရစားရ၊ ဒူးရင်းသီးပဲ စားရစားရ ဘယ်ဘဝပဲရောက်ရောက်၊ ဘယ်အခြေအနေပဲရောက်ရောက်၊ ဘယ်လိုစည်းစိမ်တွေကို ပိုင်ဆိုင်ပိုင်ဆိုင် သူငယ်ချင်းဆိုတာသူငယ်ချင်းပဲ ဖြစ်သင့်တယ်။ သူငယ်ချင်းတွေ အကြားမှာ ဂုဏ်တွေ၊ အရှိန်အဝါတွေ၊ အောင်မြင်မှုတွေ၊ ပိုင်ဆိုင်မှုတွေနဲ့ စည်းခြားမထားသင့်ဘူး။ အားလုံး ပျော်ပျော်ပဲပေါ့ဗျာ။
ကျွန်တော့်ပုံပြင်ကို သူတို့နားထောင်ကြရင်း တဝါးဝါး၊ တဟားဟားနဲ့ ရယ်မောကြပြီး နံနက်စာ စားလိုက်ကြပါတော့တယ်။
တကယ်တော့.. သူငယ်ချင်းဆိုတာ…
ရင်ဖွင့်ဖော် ရင်ဖွင့်ဖတ်၊ ပျော်ဖော်ပျော်ဖက်၊ ချစ်ဖော်ချစ်ဖက်၊ စိတ်ရဲ့ချမ်းသာမှုကို အမျိုးမျိုးပုံဖော်ပေးနိုင်တဲ့ သဘာဝက  ဖန်တီးထားတဲ့ လူသားတွေပဲ မဟုတ်ပါလားခင်ဗျာ…။ 

********
ဒီ ဒူးရင်းသီး ပုံပြင် လေးက တော့ ဦးဘုန်း(ဓာတု) ရဲ့ ``တွင်း`` ဆိုသော စာအုပ်မှ ခေါင်းစဉ်လေး ဖြစ်ပါတယ်။ စီဘောက်မှာ ကိုသူရိန်က အဲဒီပုံပြင်လေး ကိုလည်း သူငယ်ချင်းတွေဖတ်ရအောင်လို့ တင်ပေးပါဆိုလို့  ။ သူပြောပြီးချင်းမှာပဲ ဘေးမှာ စာအုပ် အလွယ်တကူ ရှိနေတာရယ် အချိန်လေး ရနေတာရယ်ကြောင့်  ချက်ခြင်း ကောက်ရိုက်ပြီး တင်ပေးလိုက်တာပါ။ အွန်လိုင်း မှ သူငယ်ချင်းများ အတွက် ပြန်လည် မျှဝေလိုက်ခြင်းဖြစ်ပါတယ်။ 
ဒီပုံပြင်လေး နဲ့ ပုံစံတူ ကိုလည်း အွန်လိုင်းက ဖော်ဝါ့ မေးလ်တွေမှာ မကြာခဏ ဖတ်ဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီမေးလ်တွေကတော့ ဟာသ သဘောမျိုးနဲ့ ရေးထားတာ သက်သက်ပါ။ ဘာအဓိပ္ပာယ်မှ မပါပါဘူး။  အခု ပုံပြင်လေးကတော့ သူငယ်ချင်း ဆိုတဲ့ အခြေအနေအနေမှာ ဘယ်လို အခြေ အနေပဲ ရောက်ရောက် သူငယ်ချင်း ဆိုတဲ့ အဓိပ္ပာယ်လေးကို  အနှစ်သာရ ရှိရှိ ဖွင့်ဆိုထားတာ  ကို ပြချင်တဲ့ သဘောမျိုးပါ။ 
ခင်မင်စွာဖြင့်... 
ဇော်သိင်္ခ

Friday, August 20, 2010

ရင်ခုံသံရဲ့ နောက်ဆုံး




ကောင်လေးရယ်
မတူညီနိုင်တဲ့ အခြေအနေနှစ်ခုကြားမှာ
ငါတို့ နှစ်ယောက်တွေ့ခဲ့ကြတယ်နော်
မင်းမပေးခဲ့တဲ့ပျော်ရွင်မူထက်
ပေးခဲ့တဲ့ဒဏ်ရာတွေက 
ပိုများနေမယ်ထင်တယ်
မင်းအနားမှာနေပြီး စကားလက်ဆုံပြောနေကြတဲ့
အချိန်မှာဆိုရင် မင်းကတော့ သူငယ်ချင်းတစ်ယောက်အနေနဲ့
ရိုးသားစွာပေါ့ ငါကတော့ လိုရာဆွဲတွေးပြီး ပျော်နေမိတယ်
ဘယ်သူတွေ ဘယ်လိုပြောပြော
ငါ့နှလုံသားထဲမှာ မင်းကိုအချိန်တိုင်း
တမ်းတနေဦးမှာပဲ
ဒါကို ရူးတယ်ပြောလည်းငါ လက်ခံပေမယ့် မင်းကတော့ ငါ့ကို
ရူးကြောင်ကြောင်တွေးတယ်လို့  မသတ်မှတ်လိုက်ပါနဲ့နော်
ငါ့နှလုံးသားထဲက ကြေကွဲစွာနဲ့
မင်းကို တမ်းတစွာနဲ့ ခေါ်နေသံကို
မင်းကြားမယ်ဆိုရင်
အချစ်စစ်မဟုတ်တောင် 
အချစ်အတုယောင်လေးဖြစ်ဖြစ်ပေးရင်တောင်
ငါ ကျေနပ်စွာ လက်ခံမိမှာပဲ သူငယ်ချင်းရယ်
ရင်ခုန်သံရဲ့ နောက်ဆုံး
အချိန်တိုင်း မင်းဆီက
မျှော်လင့်ထားတဲ့
အချစ်တွေ ပြန်မရတဲ့အခါ 
ကွဲကြေသွားတဲ့
ရင်ထဲက တစုံတရာရဲ့
အတိုင်းအတာက
မျှော်လင့်ထားတဲ့ လူထက်
ဘယ်သူပိုပြီးသိနိုင်မှာလဲ
အတွေးနဲ့ တောင် ငါမခံစားနိုင်ပေမယ့်
မျှော်လင့်ချက်တွေကို ငါ့ဘ၀နောက်ဆုံးချိန်ထိ
အသက်သွင်းနေမိမှာပဲ
နောက်ဆုံး အိပ်မက်လေးအဖြစ်
မင်းအချစ်တွေကို ငါ ပိုင်ဆိုင်ခွင့်ရတဲ့အထိပေါ့...။

ဒီကဗျာလေးကတော့ အွန်လိုင်းမှ ညီမလေး မိုး ကနေမှ သူကိုယ်တိုင် ပထမဆုံး ရေးထားတဲ့ သူ့ရဲ့ ခံစားချက်ကဗျာလေးကို တင်ပေးပါဆိုလို့ တင်ပေးလိုက်တာပါ။  ညီမလေး မိုး က သူ့ရဲ့ ခံစားချက် ၊ မျှော်လင့်ချက်လေးတွေနဲ့ ရေးဖွဲ့ ထားတဲ့ အတွက် သူ့ ရဲ့ မျှော်လင့်ချက်များ အမြန်ဆုံး ပြည့်ဝနိုင်ပြီးတော့ စစ်မှန်တဲ့ အချစ်တွေကိုလည်းအမြန်ဆုံး ပိုင်ဆိုင်ခွင့် ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ...။ သူငယ်ချင်းတို့ အားလုံးလည်း စစ်မှန်သော ချစ်ခြင်း မေတ္တာများ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း.........။
ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

Pop-up window လေးနဲ့ မေးလ်ပို့မယ်


ဒီတစ်ခါပြောမှာကတော့ အလွယ်ကူဆုံးနည်းလမ်းလေး တစ်ခုပါ။ ဘာလဲ ဆိုတော့ Gmail မှာ ဝင်ထားပြီးရင် မေးလ် ထဲမှာ စာတွေဖတ်နေရင်း  အကြောင်းတစ်စုံတစ်ရာကြောင့် အရေးတစ်ကြီး  မေးလ် ပို့စရာ ပေါ်လာတယ်ဆိုရင် Compose mail ကိုသွားပြီး ပို့လိုက်ရင်..... စောစောက ဖတ်နေတဲ့ စာတွေဟာ အစကနေ ပြန်ဖွင့်ရပြီးတော့ ဖတ်နေတဲ့ နေရာကိုလည်း ပြန်ရှာ ရတာ အလုပ်ရှုပ်ပါတယ်။  ကော်နက်ရှင်က နှေးနေတယ်ဆိုရင် ပိုပြီး စိတ်ညစ်ရတက်ပါတယ်။ ဒါ့ကြောင့် အဲဒီလို အခြေအနေမျိုးမှာ မေးလ် ပို့ချင်တယ်ဆိုရင်... ဖတ်နေတဲ့ စာတွေလည်း ပျောက်မသွားအောင်လို့  Pop-up window လေးခေါ်ပြီး ပို့လိုက်လို့ရပါတယ်။ ဒါကြောင့် Compose mail ရဲ့ Pop-up window လေးကို ဘယ်လိုခေါ်မလဲ ဆိုရင်.... ကီးဘုတ်ပေါ်မှာ ရှိတဲ့ Shift ကီးလေးကို  နှိပ်ထားပြီးတော့ ဖွင့်ထားတဲ့ မေးလ်ထဲက Compose mail ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်  Compose mail ရဲ့ Pop-up window လေးတက်လာပါလိမ့်မယ်။ ဒါဆို မေးလ်ပို့ဖို့ အိုကေ သွားပါပြီ။ အောက်က ပုံလေးလို ဖြစ်လာပါမယ်....

လွယ်မှလွယ်နော်......။ အားလုံး အဆင်ပြေချောမွေ့စွာ နဲ့ မေးလ် ပို့ နိုင်ကြပါစေခင်ဗျာ....။

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

Wednesday, August 18, 2010

Gmail တစ်ခုထဲမှ တစ်ခြား Mail လိပ်စာနဲ့ မေးလ် ပို့ကြရအောင်

အခုတစ်ခါ ပြောမှာကတော့ အီးမေးလ် အကောင့်တွေ အများကြီးကနေ မေးလ်ပို့နေရသော သူတွေအတွက် ပို့တဲ့ မေးလ် အများကြီးကို အကုန် တစ်ခုချင်း ဝင်ပြီး ပို့စရာမလိုအောင်လို့ပါ။ မေးလ်တစ်ခုထဲ မှာ ဝင်ထားပြီးတော့ အဲဒီမေးလ်ကနေ မှတဆင့် လက်ခံတဲ့ ဆီမှာ ဘယ်မေးလ်လိပ်စာနဲ့ ရောက်သွားစေချင်သလဲ..  ဝင်ထားတဲ့ မေးလ်ထဲမှာ From ဆိုတဲ့ Function လေးတစ်ခု ပိုလာတာပါ။ အဲဒီ From ဆိုတဲ့ နေရာမှာ ကိုယ်ဘယ် မေးလ်က နေပို့မလဲ ဆိုတာကို ရွေးချယ်ပြီး ပို့လို့ရပါတယ်။ အဲဒီလို ပို့လို့ ရဖို့အတွက် ပြုလုပ်ရမယ့် အဆင့်လေးတွေကတော့... 
၁။ ထုံးစံ အတိုင်းပဲ.. Setting ထဲကိုသွားပါမယ်။ အဲဒီကနေမှ Accounts and Import ကိုသွားလိုက်ပါ။ 

၂။ အဲဒီထဲမှာ Send mail from another address ကိုတွေ့ပါလိမ့်မယ်။ နှိပ်လိုက်ပါ။
၃။ ပြီးရင် အောက်က ပုံအတိုင်း ကိုယ် သွားမဖွင့်တော့ပဲ အဲဒီလိပ်စာနဲ့ ပို့ချင်တဲ့ မေးလိပ်စာနဲ့ နာမည်ကိုရိုက်ထည့်ပါ။

၎။ ရိုက်ထည့်ပြီးရင် Next Step ကိုနှိပ်ပါ။ ပြီးရင် Confirmation Code တောင်းပါလိမ့်မယ်. စောစောထည့်လိုက်တဲ့ မေးလ်လိပ်စာထဲမှာ သွားယူလိုက်ပါ။ အဲဒီကုဒ်လေး ထည့်ပြီးတော့ Verify နှိပ်လိုက်ရင် ရသွားပါပြီ။

အဲဒီအတိုင်းပါပဲ.. ကိုယ့်မှာ မေးတွေ အများကြီး ရှိတယ်ဆိုရင်တော့ အဲဒီမေးတွေရဲ့ လိပ်စာတွေကို အခုလိုလေး လုပ်ထားလိုက်ရင် မေးလ်တစ်ခုထည်း ဖွင့်ထားတာနဲ့ ဘယ်မေးလ်ကနေ ပို့ချင်လဲ ၊။ Compose mail ကိုသွားပြီး ကိုယ် ပို့ချင်တဲ့ မေးလ်ကို From နေရာမှာ ရွေးပေးလိုက်ယုံပါပဲ။

 ထိုနည်းတူစွာပဲ... Gmail မှ မဟုတ်ပါဘူး တစ်ခြား Hotmail , Yahoo mail စသည်ဖြင့် ဘယ်မေးလ် လိပ်စာနဲ့ပဲ ပို့ပို့ .... အားလုံးပို့လို့ရပါတယ်။ ပြည်တွင်းမှာ ဝင်ဖို့ ခက်တဲ့ လိပ်စာတွေဆို ပိုပြီး အဆင်ပြေတာပေါ့ဗျာ..။ အဲဒီလို ခက်ခဲတဲ့ မေးလ်တွေအတွက် ဝင်ဖတ်ဖို့ဆိုတာကတော့... အဆင်ပြေတဲ့ နည်းနဲ့ပဲ ဝင်ဖတ်ကြပေါ့ဗျာ..။

မသိသေးသောသူများအတွက်ရည်ရွယ်၍ ရေးသားခြင်းဖြစ်ပါသည်။ အားလုံး အဆင်ပြေ ကြပါစေဗျာ...။

ခင်မင်စွာဖြင့်....
ဇော်သိင်္ခ

Browser တစ်ခုထဲမှာ Gmail သုံးခု ဖွင့်သုံးရအောင်


ကျွန်တော်တို့ သုံးနေကြသော Gmail များကို  Mozilla firefox တစ်ခုဖွင့်ပြီး မေးလ်ဝင်စစ်နေမယ် လူမသိအောင် Invisible လုပ်ပြီးချက်နေမယ် ဆိုရင် တစ်ခြားမေးလ် တစ်ခုကို ဖွင့်ချင်တဲ့ အခါမှာ  အဲဒီမော်ဇီလာမှာပဲ ဖွင့်သုံးလို့ မရဘူးဖြစ်နေပါတယ်။ ဒါကြောင့် တခြား Browser တွေဖြစ်တဲ့ IE တို့ Flock စသည်ဖြင့် နောက်ထပ် Browser တစ်ခုခု နဲ့ဖွင့်ပြီးမှ သုံးနေရပါတယ်။ ဒါကြောင့် ဟိုဘက်ပြောင်းဖွင့်လိုက် ဒီဘက်ပြောင်းဖွင့်လိုက်နဲ့ဆိုတော့ အလုပ်ရှုပ်ပါတယ်။ အခုအဲဒီလို အလုပ်မရှုပ်အောင်လို့ မော်ဇီလာ တစ်ခုထဲမှာ ပဲ မေးလ်သုံးခု တစ်ပြိုင်ထဲ ဝင်ပြီး သုံးလို့ ရပါတယ်။ အဲဒီလို ရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးပါမယ်။ 

၁။ Gmail ကို Password ပြောင်းတဲ့ အဆင့်အတိုင်း သွားပါမယ်။ 
Setting ကိုသွားမယ်။ ပြီးရင် Accounts and Import ကိုသွားပါ။ ပြီးရင်အောက်နားက Google Account Setting နှိပ်လိုက်တဲ့ အခါမှာ  Change Password ဆိုတဲ့ အဆင့်ကိုရောက်သွားပါတယ်။ အဲဒီထဲမှာ ကြည့်လိုက်ပါ။  Multiple Sign-in  Off - Edit  ဆိုတာလေး တွေ့ပါလိမ့်မယ်။ အောက်က ပုံလေးကိုကြည့်ပါ။ 


၂။ Edit နှိပ်လိုက်ရင် အောက်နားမှာ *Off - Use one google account at a time. ဆိုပြီး Off လုပ်ထားတာကိုတွေ့ရင် အပေါ်က On- Multiple Google Accounts in the same web browser ကို တစ်လေး ပေးပြီး အောက်က အဆင့်တွေကိုလည်း တစ်လေးတွေပေးလိုက်ပါ။ ပြီးရင် Save လုပ်လိုက်ပါ။ 


အဲဒါဆို ပြီးသွားပါပြီ။ 
၃။ ဖွင့်ထားတဲ့မေးကို refresh ပြန်လုပ်လိုက်ပါ။ ပြီးရင် ကိုယ်ဝင်ထားတဲ့ မေးလ်နာမည်မှာ မောက်လေး နှိပ်ကြည့်လိုက်ရင် အောက်ကလို တွေ့ပါလိမ့်မယ်။ 


၎။ Sign in to another account ဆိုနှိပ်လိုက်ရင် နောက်ထပ်မေးလ်တစ်ခု ဝင်လို့ရသွားပါပြီ။ 


ဒါဆိုရင် နောက်ဝင်လိုက်တဲ့ မေးလ်မှာလည်း စောစောက အဆင့်အတိုင်း သွားပြီး On ထားလိုက်ရင် Browser တစ်ခုထဲမှာမေးလ်သုံးခု အထိ ဝင်သုံးလို့ရသွားပါပြီ။  သူ့ထဲမှာရေးထားတာက Multiple Sign-in On လို့ ပြောပေမယ့် အများကြီး ဝင်လို့မရပါဘူး။ သုံးခုပဲ ဝင်သုံးလို့ နေတာကို တွေ့ရပါတယ်။ 

မှတ်ချက်။   ။ Gamil ဝင်တဲ့ အခါ Standard View အနေနဲ့သာ သုံးလို့ရပါသည်။ Connection နှေးနေတဲ့အချိန်တွင် Basic HTML View နဲ့ ဆိုလျှင် အသုံးပြု၍ မရနိုင်ပါ။
မသိသေးသောသူများအတွက်ရည်ရွယ်၍ ရေးသားခြင်းဖြစ်ပါသည်။ အားလုံး အဆင်ပြေ ကြပါစေ...။

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ



Monday, August 16, 2010

အတ္တဥခွံ

အတ္တဆိုတာ ``အရွေ့`` တစ်မျိုးဖြစ်တယ်။
ဒါနဲ့ပတ်သက်လို့ ကျွန်တော်ကိုယ်တိုင်တွေ့ကြုံတဲ့ ဖြစ်ရပ်လေးပြောပြပါရစေ။ ဒီဖြစ်ရပ်ကြောင့် ကျွန်တော်ရဲ့ အတ္တစိတ်ကို ကျွန်တော်ပြန်ကြည့်တက်တဲ့ အလေ့အကျင့် ရလာခဲ့တယ်။ ဒီဖြစ်ရပ်ကြောင့် ကျွန်တော့်ရင်ထဲက အတ္တစိတ်ဆိုတဲ့ ``အကောင်`` ဥခွံထဲက ပေါက်ထွက်လာတာ သတိပြုမိတက်လာတယ်။
********
 လွန်ခဲ့တဲ့ ငါးနှစ်လောက်တုန်းကပေါ့။
နယ်မြို့လေးတစ်မြို့ကို ကျွန်တော် စာသွားသင်ဖြစ်တယ်။ အိမ်တစ်အိမ် မီးလောင်တာကို အစအဆုံး ကျွန်တော် မြင်တွေ့ခွင့်ရခဲ့တယ်။ အဲ့ဒီဖြစ်ရပ်ကိုစာဖွဲ့ပြပါရစေ။
အဲဒီအိမ်ဟာ မြို့ရဲ့အချက်အချာကျတဲ့နေရာမှာရှိတယ်။ မြေကွက်လပ်ကလည်း အကျယ်ကြီးပဲ။ တိုက်အိမ်ဆောက်ထားတာလည်း မကြာသေးဘူး။ ဒီမြို့မှာတော့ အဲဒီတိုက်အိမ်က အသားနားဆုံးပဲ။ အိမ်ပိုင်ရှင်မှာ သားသုံးယောက်နဲ့ သမီးတစ်ယောက်ရှိတယ်။ သားအကြီးဆုံးက အဲဒီအိမ်မှာပဲ ကျူရှင်ဖွင့်ထားတယ်။ ဓာတုဗေဒဘာသာရပ် အနီးကပ်ပို့ချပေးဖို့ ကျွန်တော့်ကိုဖိတ်ကြားလို့ ကျွန်တော်ရောက်သွားခဲ့တယ်။ ကျွန်တော်ရောက်တဲ့နေ့မှာပဲ အိမ်ပိုင်ရှင်အဖေကြီးက မန္တလေးမြို့ကို ဈေးဝယ်သွားထွက်သွားတယ်။
သူတို့နေတဲ့အိမ်ဟာ မြို့လယ်ဈေးနဲ့ မလှမ်းမကမ်းမှာရှိတော့ သောက်ရေသန့်ကုမ္မဏီတစ်ခုက အဲ့ဒီအိမ်ကို ဝယ်ချင်တယ်။ ပေါက်ဈေးထက် နှစ်ဆပေးတယ်။ အိမ်ပိုင်ရှင် အဖေကြီးက မရောင်းဘူး။ သားတွေက ရောင်းချင်တယ်။ သူ့အဖေက ခရီးမထွက်ခင်မှာ ပြောသွားတယ်။ ဒီအိမ်နဲ့မြေကို ပေါက်ဈေးထက်သုံးဆရရင် ရောင်းမယ်တဲ့။
ကျွန်တော်က အဲဒီ့မြို့မှာ သုံးညအိပ်ပြီး စာသင်ဖို့ ပြင်ဆင်လာတယ်။ ကျွန်တော်ရောက်ပြီး နှစ်ရက်အကြာမှာ အဲဒီအိမ်ကြီးမီးလောင်တော့တယ်။ ဖြစ်ချင်တော့အိမ်ပိုင်ရှင် အဖေကြီးက မန္တလေးက ခရီးရောက်မဆိုက် ပြန်လာတဲ့ အချိန်ဖြစ်နေတယ်။
နယ်မြို့လေးဆိုတော့ မီးလောင်တဲ့အခါ ရရာ ရေပုံးတွေနဲ့ ပက်ကြတယ်။ မီးကိုငြိမ်းသတ်ဖို့ကြိုးစားကြတယ်။ အိမ်ပိုင်ရှင်အဖေကြီးလည်း ပျာယာကိုခတ်လို့။ ကျွန်တော်လည်း တွေ့တဲ့ရေပုံးတစ်ပုံးကိုဆွဲပြီး မီးလောင်နေတဲ့အိမ်ကြီးကို ရေနဲ့ငြှိမ်းသတ်ပေးခဲ့ရတယ်။ ရေတွေလည်း ရွှဲလို့၊ ရွံ့တွေလည်း ပေပွလို့ပေါ့။
``ငါ့အိမ်မီးလောင်နေပြီ။ ငြိမ်းကြပါဟ၊ လုပ်ကြလေ။ ဘာလို့ ငါ့အိမ်မီးလောင်တာကို ဝိုင်းကြည့်နေကြတာတုန်း``
အဲဒီအချိန်မှာ ကျွန်တော်တွေးမိတယ်။ ဒီအိမ်ကိုသာ သူခရီးမထွက်ခင်က ရောင်းသွားခဲ့ရင် ဒီလို သောကမျိုး၊ ဒုက္ခမျိုးဖြစ်မှာ မဟုတ်ဘူး။ အခုတော့ သူ့အိမ်ကြီး မီးလောင်နေတာ သူ့ကိုလောင်နေသလိုပဲလို့ ကျွန်တော်ခံစားနေမိတယ်။ အဲဒီအချိန်မှာ သားအကြီးက သူ့အဖေနားကို ကပ်လာတယ်။
``အဖေ…. စိတ်မပူနဲ့အဖေ။ ဒီအိမ်ကိုပေါက်ဈေးထက် သုံးဆပေးမယ်လို့မနေ့ကပဲ ကျွန်တော် အရောင်းအဝယ်စာချုပ် ချုပ်ထားပြီးပြီ အဖေရ။ အဖေစိတ်ကို  အေးအေးထားပါ။ ဒါအဖေ့အိမ်မဟုတ်တော့ဘူး``
ချက်ချင်းဆိုသလိုပဲ။ ဒီလူကြီးရဲ့မျက်နှာမှာ သောကတွေပျောက်သွားတာ တွေ့လိုက်ရတယ်။ ရင်ထဲမှာ ပူလောင်မှုတွေ ငြိမ်းသွားတာ တွေ့ရတယ်။ မီးလောင်တာကို ဝိုင်းကြည့်နေတဲ့ လူတွေထဲကလူတစ်ယောက်လိုပဲ သူ့မျက်နှာဟာ ချက်ချင်းဖြစ်သွားတယ်။ ငါ့အိမ်ကို မီးလောင်နေတာ မဟုတ်ဘူးလို့ ခံစားချက်ချက်ချင်းဖြစ်သွားတယ်။
အဲဒီအချိန်မှာ ဒုတိယသားက သူ့အဖေကို ဝင်ပြောတယ်။
``အဖေရေ… အရောင်းအဝယ်စာချုပ်သာချုပ်ထားတာ။ စရန်ကလည်း နည်းနည်းလေးပဲ ပေးထားသေးတာ။ မဝယ်တော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ ။ ကျွန်တော့်အထင်တော့ စရံအဆုံးခံမယ်ထင်တယ်``
သားအလတ်ရဲ့စကားကိုလည်းကြားရော အဲ့ဒီ အဖေကြီးဟာ ချက်ချင်းပဲ ပျာယာခတ်သွားပြန်တယ်။ ငါ့အိမ်ကို မီးလောင်နေတယ်လို့ ခံစားသွားရပြန်တယ်။
``လုပ်ကြပါဟ… ငြှိမ်းကြပါဟ။ ဘာလို့ ဝိုင်းကြည့်နေကြတာလဲ။ ကူညီကြပါဦး။ ငါ့အိမ်ကြီး မီးလောင်နေပြီ။ ဝိုင်းကြပါ။ ပက်ကြပါ``
အဲဒီအချိန်မှာ တတိယသားက အဝေးကနေပြီး သူ့အဖေဆီကို ပြေးလာတယ်။ ပြီးတော့ သူ့ဖေကို ဒီလိုပြောတယ်။
``အဖေရေ… အဲဒီကုမ္မဏီက မန်နေဂျာနဲ့ သားနဲ့ကသူငယ်ချင်း။ အခုလေးတင် အဲဒီမန်နေဂျာနဲ့တွေ့ခဲ့ပြီ။ သူ့ရဲ့ ``ဘော့စ်`` ဆီကို ဖုန်းဆက်တယ်တဲ့ သူ့ရဲ့ ``ဘော့စ်``က ပြန်ပြောတယ်။ အိမ်မီးလောင်တာ မြေ မီးလောင်တာမှ မဟုတ်ဘူး။ ဝယ်မယ်လို့ဆုံးဖြတ်ထားတဲ့ကိစ္စ။ ဝယ်မယ်တဲ့။ အဲ့ဒီမြေပေါ်မှာ အဆောက်အအုံအသစ် ပြန်ဆောက်မယ်လို့ပြောတယ် အဖေ``
``မင်းဟာက သေချာရဲ့လားကွ``
``သေချာပါတယ်အဖေရ၊ သား အခုလေးတင် မန်နေဂျာနဲ့စကားပြောလာတာ။ သားရှေ့မှာတင် သူဖုန်းဆက်ပြီး မေးတာ။ အဖေ စိတ်အေးအေးထားပါဗျာ``
အဲဒီအချိန်မှာအိမ်ကြီးက မီးတော်တော်ကျွမ်းနေပါပြီ။ အိမ်နောက်ပိုင်းတစ်ပိုင်းလုံး မရှိတော့ဘူး။ ဘာပစ္စည်းမှလည်း မသယ်ဖြစ်ကြဘူး။ သားငယ်ရဲ့စကားကိုလည်းကြားရော သူ့အဖေဟာ မျက်ရည်တွေကို သုတ်လိုက်တယ်။ ပုဆိုးကို ပြင်ဝတ်လိုက်တယ်။ မြေကြီးပေါ်ကို ထိုင်ချလိုက်တယ်။ သူများအိမ် မီးလောင်နေသလို အကြည့်မျိုးနဲ့ အေးဆေးသက်သာစွာပဲ သက်ပြင်းချလိုက်ပါတယ်။
``တော်ပါသေးရဲ့။ ဒီလို…. ကတိတည်တဲ့သူနဲ့ တွေ့ရတာ အဖေတော့ ကံကောင်းတာပဲ``
မီးလောင်နေတဲ့အိမ်ကြီးကို သားအဖတွေ ထိုင်ပြီးကြည့်နေကြတယ်။ ကိုယ့်အိမ်မဟုတ်ဘူးဆိုတဲ့အသိကြောင့် ရင်ထဲမှာအေးသွားတယ်။ လူတွေကလည်း ဘာမှမတက်နိုင်တော့ မီးသူ့ဘာသာသူ ငြိမ်းမယ့်အချိန်ကိုပဲ စောင့်ကြည့်နေသလိုဖြစ်နေတယ်။ ဒီလိုနဲ့ အိမ်ကြီးဟာ ပြာပုံဖြစ်ခါနီးနေပြီ။ အဲဒီအချိန်မှာ အငယ်ဆုံး သမီးက ငိုပြီးတော့ သူတို့ရှိရာကိုပြေးလာတယ်။
``အဖေရေ… ဒီအိမ်ကြီးကို ဝယ်လက်က စရန် အဆုံးခံမယ်တဲ့``
သားအငယ်ကဝင်ပြောတယ်။
``နင်ကလည်း မဟုတ်တာ။ ငါအခုလေးတင် မန်နေဂျာနဲ့တွေ့ခဲ့တာ သူ့ရဲ့ ဘော့စ်က မြေကို မီးလောင်တာမဟုတ်ဘူးတဲ့။ ပေးထားတဲ့ ကတိအတိုင်းဝယ်မယ်တဲ့။ ငါနားနဲ့ ဆတ်ဆတ်ကြားခဲ့ရတာ``
အဲဒီအချိန်မှာ သူတို့အဖေဟာ သွေးတိုးသလိုလို ဖြစ်လာတယ်။ မောသလိုလိုဖြစ်လာတယ်။
``အငယ်မ နင်ဘာတွေလာပြောနေတာလဲ၊ အဖေ့ကို သေချာရှင်းပြစမ်း။ ငါသေလိမ့်မယ်။ အကြီးကောင်က တစ်မျိုး၊ အလတ်ကောင်က တစ်မျိုး၊ အငယ်ကောင်က တစ်မျိုး၊ နင်ကတစ်မျိုးနဲ့``
``ဟုတ်တယ်အဖေရ၊ သမီးရှေ့မှာ မန်နေဂျာဆီ ဖုန်းထပ်လာတယ်။ ဒီတစ်ခါဖုန်းဆက်တာကတော့ ဘော့စ်ရဲ့ မိန်းမကဆက်တာတဲ့။ ဒီလို မီးလောင်မှတော့ ဘယ်လိုလုပ်ပြီး ``လာဘ်`` ရှိမှာလဲတဲ့။ ဒီလို အတိတ်နမိတ်မကောင်းတဲ့ မြေကို မဝယ်ရဘူးတဲ့။ စရန်ကို အဆုံးခံမယ်တဲ့ အဖေရ``
သမီးစကားလည်း ဆုံးရော…. အဲဒီအဖေကြီးက သတိမေ့သွားပါတော့တယ်။
*******
အတ္တစိတ်ဟာ ကြောက်စရာကောင်းလိုက်တာ။
မီးလောင်တဲ့ဖြစ်ရပ်က အတူတူပဲ။
ငါ့အိမ်ဆိုတဲ့ စိတ်ပူးကပ်နေချိန်မှာ အတ္တဟာ ဥခွံထဲက ဖောက်ထွက်လာပါတော့တယ်။
ငါ့အိမ်မဟုတ်တော့ဘူးဆိုတဲ့ အသိစိတ် ဖြစ်သွားချိန်မှာ အတ္တဟာ ဥခွံထဲမှာငုပ်လျှိုးပြီးနေပြန်တယ်။
ကျွန်တော် စိတ်ထဲမှာ အဲဒီဖြစ်ရပ်ကိုကြည့်ပြီး အတ္တစိတ်ရဲ့ ရွေ့လျားမှုတွေကို အတိုင်းသားမြင်တွေ့လိုက်ရတယ်။
ငါ့ဟာ…. ငါ့ဥစ္စာ… ငါ့ပစ္စည်း…
ငါ့မြေ… ငါ့သား… ငါ့မယား…
ငါ.. ငါ… ငါ.. ဆိုတဲ့ အတ္တစိတ်ဟာ ကျွန်တော်တို့ကို သံသရာ တစ်လျှောက်လုံး ဒုက္ခပေးနေတာ။ ပူလောင်မှေုတွေပေးနေတာကို အတိုင်းသား မြင်လိုက်ရပါတော့တယ်။
အတ္တစိတ်ဆိုတဲ့ ``အကောင်`` ဥခွံထဲက ပေါက်ထွက်လာတာကို သတိနဲ့ ဉာဏ်နဲ့ ကြည့်ကြရအောင်ဗျာ….။

ဦးဘုန်း(ဓာတု) ၏ ``တွင်း`` ဆိုသော စာအုပ်မှ ခေါင်းစဉ်လေးများကို အွန်လိုင်းပေါ်မှ စာဖတ်ပရိသတ်များအတွက် ပြန်လည် မျှဝေ ပေးလိုက်ခြင်း ဖြစ်ပါတယ်။


ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

Friday, August 13, 2010

ကိုယ်ချင်းစာစိတ်လေး ထားစေချင်သည်

ကျွန်တော်သည် ညစဉ် ညတိုင်း အိပ်ယာ မဝင်ခင် အချိန်တွင် မျက်နှာသစ် သွားတိုက် ခြေထောက်ရေလောင်း ပြီးမှ အိပ်လေ့ အကျင့် ရှိသည်။ ထိုည ကလည်း ထုံးစံအတိုင်း သွားတိုက် ၊ မျက်နှာသစ် ၍ အိပ်ယာ ဝင်တော့မည်ဟု တွေးကာ အိပ်ယာခင်း ၊ခြင်ထောင် ထောင်ပြီး တော့ ဘုရား ရှိခိုး ပါတယ်။  ခါတိုင်းလိုပဲ ဘုရားရှိခိုးပြီးရင် မေတ္တတာပို့ အမျှဝေပါတယ်။ အဲဒီလို ဘုရားရှိခိုးပြီးလို့ မေတ္တာ စ ပို့နေတဲ့ အချိန်မှာပဲ… အပြင်ဘက် ကားလမ်းပေါ်ကနေ ကား တစ်စင်း တော်တော် အရှိန်ပြင်းပြင်း မောင်းသွားတဲ့ အသံကို ကြားလိုက်ရပါတယ်။ အဲဒီလို ကြားလိုက်ရတဲ့ အချိန်ခဏလေး အတွင်းမှာပဲ…….
``ဘုန်း..`` ဆိုတဲ့  အသံနဲ့ အတူ…
`` အမေ….​`` ဆိုပြီးမိန်းကလေး တစ်ယောက်ရဲ့ အော်သံကြားလိုက်ပါတယ်။
အဲဒီတော့ မေတ္တာ ပို့နေတာကို့ ရပ်လိုက်ပြီး အသံကို နားစွင့်နေလိုက်စဉ်မှာ . အပြင်ဘက်ကနေ အန်တီရဲ့ ပြောသံကိုကြားလိုက်တာကတော့…
``တိုက်ပြီဟေ့… တော်တော် အရှိန်ပြင်းတယ်ထင်တယ်.. တိုက်တဲ့ အသံကို ဟိန်း… သွားတာပဲ၊ ကားနဲ့ ဆိုင်ကယ်နဲ့ တိုက်တာဖြစ်မယ်ထင်တယ်။ ကောင်မလေး ရဲ့ အော်သံကလည်း ငယ်သံ ကို ပါသွားတာပဲ``
ကျွန်တော်လည်း အကြောင်း တစ်ခုဟဲ့ ဆိုရင် ဘာလဲ ဆိုတဲ့ စပ်စု ချင်တဲ့ စိတ်က ပေါ်လာတော့.. အန်တီဆီက နေ အိမ်ခြံဝင်း သော့ တောင်းပြီး ကားလမ်းဘက်ကို ထွက်ကြည့်ပါတယ်။ ကျွန်တော် ကားလမ်းပေါ်ရောက်တဲ့ အချိန်မှာ ကြည့်လိုက်တော့ တိုက်တဲ့ နေရာနဲ့ ကျွန်တော်တို့အိမ်ဝင်ပေါက်နဲ့က သုံးအိမ်ကျော်လောက်မှာ တိုက်တာပါ။ အဲဒီအချိန်မှာပဲ ဘေးအိမ်က  ဦးလေး (အန်တီရဲ့ မောင်) နဲ့ သူ့သားတို့ကလည်း ယဉ်တိုက်တဲ့ ဆီကို ပြေးသွားကြတာကို တွေ့လိုက်မိပါတယ်။ ကျွန်တော်လည်း ကမ်းလမ်းပေါ်ရောက်လို့ ယဉ်တိုက်တဲ့ နေရာကို လှမ်းကြည့်လိုက်တဲ့ အခါမှာ လူ တော်တော်များများ ရောက်နေပြီး ဝိုင်အုံလာတာကို တွေ့လိုက်ပြီးတော့.. တိုက်တဲ့ ကားလေးဟာလည်း  စူပါစလွန်း ကားအဖြူလေး ဖြစ်ပြီး အဲဒီကားလေးက လမ်းရဲ့ ဘယ်ဘက်ဘေးကို ရောက်နေပြီးတယ်။ ပြီးတော့ နေရကနေ နောက်ဆုတ်လာတယ်။ ပြီးတော့ ကားလမ်းမပေါ်ကိုခေါင်းလှည့်ထွက်လာတာကို မြင်လိုက်မိပါတယ်။
ကျွန်တော့်အထင်တော့… အော်.. ကားက ဆိုင်ကယ်နဲ့ တိုက်လိုက်လို့ နေရာရွေ့ပြီး အတိုက်ခံရတဲ့ ဆိုင်ကယ်နဲ့လူကို ကူညီပြီး ဆေးရုံပို့ပေးဖို့ ကားနေရာ ရွှေ့ရပ်တယ်လို့ အောက်မေ့မိလိုက်တယ်။ တကယ်တော့ ကျွန်တော့်ရဲ့ အထင်က လုံးဝ ကြီးလွဲသွားပါတယ်။ ကားသမားက လုံးဝ လှည့်မကြည့်ပဲ မောင်းပြေးသွားပါတယ်ဗျာ။ အဲဒီနားမှာ ရောက်နေတဲ့ လူတစ်ချို့ကလည်း မောင်းပြေးသွားတဲ့ ကားကို ခဲတွေနဲထုဖို့ ကြိုးစားပါသေးတယ်။ မမှီလိုက်တော့ပါဘူး။ ဒါပေမယ့် အဲဒီနား ရှိနေတဲ့ လူတွေကတော့ ကားနံပါတ်ကို မှတ်ထားလိုက်ကြပါတော့တယ်။
အော်…. တော်တော် မေတ္တာတရား ခေါင်းပါးပြီး၊ ကိုယ်ချင်းစာ စိတ်၊ ရိုင်းပင်းကူညီတက်တဲ့ စိတ်၊ ကိုယ့်တာဝန်ကို ယူနိုင်ရဲတက်တဲ့စိတ်တွေ တော်တော် ကင်းမဲ့ ပါလားလို့ တွေးမိလိုက်ပါရဲ့ဗျာ….။
အတိုက်ခံလိုက်ရတဲ့ သူကတော့ စောစောက အော်လိုက်တဲ့ မိန်းကလေး မဟုတ်ပါဘူး။ တိုက်တဲ့ နေရာရဲ့ ဘေးနား ပလက်ဖောင်းပေါ်မှာ ထမင်းရောင်းတဲ့ ဆိုင်လေး မသိမ်းသေးတဲ့အတွက်ကြောင့် အဲဒီဆိုင်ရှေ့မှာဖြစ်သွာတာမို့ အဲဒီဆိုင်က ကောင်မလေးရဲ့ လန့်ပြီးအော်လိုက်တဲ့ အသံပါ။ ကျွန်တော်ရောက်သွားတော့ အတိုက်ခံရတဲ့သူက အသက် ၃၀ ကျော် လေးဆယ်အတွင်းလောက်ရှိမယ်လို့ ထင်တဲ့ ယောက်ျားကြီး တစ်ယောက်ပါ။ တိုက်ချက်က တော်တော်လေး ပြင်းတဲ့ အတွက်ကြောင့်  လူက ခေါင်းနဲ့ ကတ္တရာ လမ်းနဲ့ စောင့်ကျလိုက်တာကြောင့် မှောက်ယှက်အနေအထားမှာ ခေါင်းနေရာမှာ သွေးအိုင်နေပါတယ်။ အဲဒီလို ဖြစ်နေတဲ့ လူနာတစ်ယောက်ကို ဘေးက လူအများက ဝိုင်းအုံကြည့်နေကြပါတယ်။ ခံရတဲ့ လူနာကတော့ အချိန်မှီ မကုသနိုင်ရင် အသက်ထွက်သွားနိုင်တဲ့ အနေအထားပါ။ အဲဒီအချိန်မှာ စောစောက ထွက်သွားတဲ့ ဦးလေးရဲ့ သားက ဆရာဝန် ဆိုတော့ လူနာကို ကိုင်ပြီး ဆေးရုံပို့ဖို့ လုပ်မယ်လုပ်တော့….
``ဒါက ယဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးသွားတာ ဆိုတော့ ရဲ နဲ့ ဆိုင်တယ်. ရဲစခန်း ဒါမှမဟုတ် ယဉ်ထိန်းရုံးကို အရင်ဖုန်းဆက် ကြရအောင် သွားမကိုင်သေးနဲ့အုံး အခြေအနေပြက်သွားမယ်``ဆိုတဲ့ ဘေးက လူတွေရဲ့ အသံ  တစ်ယောက်တစ်မျိုးစီ ထွက်လာ ကြ ပါတယ်။ တိုက်တဲ့ အချိန်ကလည်း ည ၁၁ ခွဲလောက်ဆိုတော့ အလွယ်တကူ ဘယ်မှ ဖုန်းတွေက မရှိကြဘူးဖြစ်နေတာကိုး…။
စောစောက ဦးလေးက လည်း အဲဒီအချိန်မှာ သူ့ရဲ့ အိမ်ကို ပြန်သွားပြီးတော့ 199 ကို ဖုန်းလှမ်းဆက်ပါတယ်။ 199  ကနေမှ တဆင့် ယဉ်ထိန်းရုံးရဲ့ ဖုန်းနံပါတ်ကို သိရပြီး ယဉ်ထိန်းရုံးကို ဖုန်းဆက်ပါတယ်။ တိုက်သွားတဲ့ နေရာ နဲ့ ကားနံပါတ်ကိုလည်း အတိအကျ ပြောလိုက်ပါတယ်။ ယဉ်ထိန်း ရုံးကလည်း နာရီဝက်လောက်ကြာမှ ကားလေး နဲ့ လူနှစ်ယောက်ရောက်လာပြီးတော့ လူနာ အခြေအနေကို ကြည့်ပြီး လူနာကို ကားပေါ် ဝိုင်းကူတင်ပေးလိုက်ကြပါတယ်။ အဲဒီအချိန်မှာပဲ ရပ်ကွက်ထဲက လူမှူ့ ကူညီရေး အသင်းက ကားလည်း ရောက်လာတော့ အဲဒီကားကိုတော့ ကျေးဇူးတင်စကားပြောပြီး ဒီအတိုင်းပဲ ပြန်လွှတ်လိုက်ရတာပေါ့ဗျာ…။
ဆေးရုံကို ရုံးက သားသမား တစ်ယောက်ထဲ သွားပို့ပါတယ်။ အဲဒီအချိန်မှာ တိုက်တဲ့ နေရာမှာတော့  ယဉ်ထိန်း အရာရှိကြီး တစ်ယောက်ကျန်ရစ်ခဲ့ပြီးတော့ အမှုသွားအမှု့လာ များကို သိလိုက်တဲ့သူ၊ တွေ့လိုက်တဲ့သူများကို မေးမြန်းစုံစမ်းရင်း မှတ်တမ်း ပြုလုပ်ကျန်ရစ်ခဲ့ပါတော့တယ်။ တစ်ချို့သူတွေလည်း ပြန်ကုန်ကြလို့ လူလည်း မရှိတော့တာမို့ စောစောက ဦးလေးနဲ့ ကျွန်တော်နဲ့က အဲဒီ ရဲမှူး ကြီးနားမှာ ကျန်ရစ်ခဲ့ပြီး လူနာသွားပို့တဲ့ ကား ပြန်လာတဲ့ အချိန်ကို စောင့် ပြီး စောစောက တိုက်ခံရတဲ့ ဆိုင်ကယ်ကို သူတို့ကားပေါ်ကို ဝိုင်းပြီး တင်ပေးလိုက်ပါတော့တယ်။
အခုလို ကားနဲ့ ဆိုင်ကယ်နဲ့တိုက်လို့ အတိုက်ခံရတဲ့ ဆိုင်ကယ်သမားဟာ.. နောက်ရက်မှာ ဆေးရုံပေါ်မှာပဲ ဆုံးသွားတယ်လို့ ကြားသိရပါတယ်။ တိုက်သွားတဲ့ ကားကိုလည်း ဖမ်းမိလိုက်ပါတယ်။…
ဒီနေရာမှာ စဉ်းစားစရာ တစ်ခုရှိလာတာက တိုက်တဲ့ ယဉ်ကြီး ကားသမား ဆိုတဲ့သူက တိုက်ခံရတဲ့ ဆိုင်ကယ်မောင်းသူကို ယဉ်တိုက်မှု ဖြစ်ပြီးပြီးချင်းမှာ.. သူ့ရဲ့ လူသားချင်း စာနာနားလည်တက်တဲ့ စိတ်၊ တာဝန်ယူတက်တဲ့စိတ်၊ ရိုင်းပင်းကူညီတက်တဲ့စိတ်လေးနဲ့ မေတ္တာရှေ့ထားပြီး ဒီလူနာကို အချိန်မှီ ဆေးရုံပို့ နိုင်မယ်ဆိုလျှင်ဖြင့် ဒီလူဟာ သေနိုင်လောက်စရာ အကြောင်း မရှိနိုင်ဘူးလို့ ထင်မိပါတယ်။ ဒါ့အပြင် တိုက်တဲ့သူ အတွက်လည်း ပြစ်မှုကနေ ပေါ့လျော့စေနိုင်တယ်လို့ ထင်မိပါတယ်။ 

အခုတော့ ဒီလို မဟုတ်ပါပဲ မေတ္တာတရား ခေါင်းပါးမှု စာနာနားလည်စိတ်မရှိမှု၊ လူမှုရေး စိတ်ဓာတ်မရှိမှု ၊ ရိုင်းပင်းကူညီတက်တဲ့ စိတ်မရှိမှု   ၊ ချမ်းသာခြင်းဆိုတဲ့ ဂုဏ်ပုဒ်ရဲ့ အတ္တကြီးမှု.. စသည်စသည်များ... မရှိကြသော လူတစ်စုကြောင့် မသေသင့်ပဲ သေခဲ့ကြရသော၊ မဖြစ်သင့်ပဲ ဖြစ်ခဲ့ကြရသော အဖြစ်အပျက်များကား…. အများအပြား ရှိနေလိမ့်မယ်လို့ တွေးမိလိုက်ပါရဲ့ဗျာ……….။

ဒါကြောင့် စာဖတ်သူ သူငယ်ချင်းတို့ အပေါင်းလည်း… လူလူခြင်း မေတ္တာတရားလေး ရှေ့ထားပြီးတော့ ရိုင်းပင်းကူညီတက်တဲ့ စိတ်လေး။ စာနာ နားလည်ပေးတဲ့တက်တဲ့ စိတ်ကလေးများနဲ့ ကိုယ်ချင်းစာတက်တဲ့ လူမှုရေး စိတ်ဓာတ်လေးများ မွေးမြူနိုင်ကြပါစေလို့… ဆန္ဒပြုရင်း………….။

ခင်မင်စွာဖြင့်..........
ဇော်သိင်္ခ

Friday, August 6, 2010

ဘဝရဲ့ ဖန်ဆင်းရှင်



ဘဝဆိုတာ အချိန်

အချိန်ဆိုတာ ဘဝ

ဘဝဆိုတာ အင်အား

အင်အားဆိုတာ ဘဝ

ဘဝကို အချိန်တွေ စွမ်းအားတွေနဲ့

ဖွဲ့စည်း တည်ဆောက်ထားတာ

ကိုယ့်ဘဝကို ချစ်တယ်

မြတ်နိုးတယ် ဆိုရင်

အချိန်နဲ့ အင်အားကိုလည်း

ချစ်မြတ်နိုးဖို့ လိုတာပေါ့

ဒီသဘောကို တကယ်သာ နားလည်ရင်တော့

ကိုယ့်စိတ်ကိုမေးပြီး

ကိုယ့်ကိုယ်ကို နေ့စဉ် စစ်ဆေးသင့်တယ်နော်။

အားနဲ့အချိန်၊  အချိန်နဲ့အား

တန်ဖိုးမသိ ဖြုန်းမိနေသလား

တန်ဖိုးသိသိ သုံးမိနေသလား

အားနဲ့အချိန်ကို အရှိန်အဟုန်နဲ့

အရမ်းဖြုန်းမိသွားရင်

ကိုယ်နွမ်း စိတ်ပန်းပြီး

မင်းဘဝမှာ အရှုံးနဲ့

ရင်ဆိုင်ရလိမ့်မယ် ။

အကျိုးရှိရှိ ထိထိ ရောက်ရောက်

ပြောင်မြောက်အောင် သုံးမိသွားရင်တော့

ထိပ်ဆုံးက ကျွန်တော်

ရှင်ကျော်ရဟန်းမော်

ဖြစ်လာလိမ့်မယ်။

မင်းကြိုက်တာ ရွေးလိုက်ပေါ့

တကယ်တော့ မင်းဘဝရဲ့ဖန်ဆင်းရှင်ဟာ

ဟိုကောင်းကင်ပေါ်မှာ မရှိပါဘူး

မင်းရင်ထဲမှာ ရှိတာနော်

မင်းရဲ့ ရွေးချယ်မှုဟာ

မင်းဘဝရဲ့ ဖန်ဆင်းရှင်ပဲ မဟုတ်လား ..


ဘဝရဲ့ဖန်ဆင်းရှင် ကဗျာ လေးကို အရှင်အဘိဝံသ စီစဉ်ပူဇော်သည့်…  မြစကြာကျောင်းတိုက် (၁၆) နှစ်ပြည့် အထိမ်းအမှတ် စာစောင် အဖြစ်  ထုတ်ဝေသည့် သာသနာ့ ဖန်မီးအိမ်  စာအုပ်မှ….  အရှင်ဝိလာသ (ခင်ဦး) မှ ရေးဖွဲ့ပူဇော်ထားခြင်းဖြစ်ပါသည်။ 

ခင်မင်စွာဖြင့်......
ဇော်သိင်္ခ
 
^ထိပ်ဆုံးသို့