မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။
Showing posts with label ရွှေစကားတို့ရဲ့ မြစ်ဖျား. Show all posts
Showing posts with label ရွှေစကားတို့ရဲ့ မြစ်ဖျား. Show all posts

Tuesday, September 25, 2012

ရွှေစကားတို့ရဲ့ မြစ်ဖျား (၃)



ကုန်းဘောင်ခေတ်စာမျက်နှာတွေ လှန်လိုက်ရင် ရှေ့ပိုင်းစာမျက်နှာတွေဖတ်ရတာ အားပါသလောက် နောက်ပိုင်း စာမျက်နှာတွေကျတော့ သိပ်ပြီးအားမပါတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ “ဇာတ်သိမ်းပိုင်း” ကို သိထားပြီးဖြစ်တာကိုး။ ဆရာညိုမြကတော့ ကုန်းဘောင်ရှာပုံတော် စာအုပ်ထဲမှာ ကုန်းဘောင်တစ်ခေတ်ကို နေထွက်ချိန်၊ မွန်းတည့်ချိန်၊ နေဝင်ချိန်ဆိုပြီး လောကနေ့တစ်နေ့နဲ့ ဥပမာပေးထားပါတယ်။ အတက်ကာလ၊ အဆင်းကာလ အားဖြင့် ပြောမယ်ဆိုရင်တော့ အလောင်းမင်းတရားကနေ ဘိုးတော်ဘုရားနတ်ရွာစံတဲ့အထိကို အတက်ကာလ၊ ဘကြီးတော်မင်းတရားကနေ သီပေါမင်းအထိကို အဆင်းကာလလို့ ဆိုထားပါတယ်။ ပြီးတော့ ကုန်းဘောင်ခေတ်(ရှေ့ပိုင်း) မြန်မာပြည်မြေပုံအရ အာသံ၊ မဏိပူရ၊ ဇင်းမယ်၊ အယုဒ္ဓယတို့ဟာ မြန်မာ့အင်ပါယာဖြစ်ခဲ့ဖူးပါတယ်။ အောင်မြင်ခြင်း၊ ကျရှုံးခြင်းဟာ လောကဓမ္မတာဆိုပေမယ့် သမိုင်း ကျရှုံးခြင်းတွေကျတော့ နောင်မျိုးဆက်များစွာအထိ ဒီကျရှုံးမှုဒဏ်ရာတွေကို ခံစားရပါတယ်။ နိုင်ငံသစ်တစ်ခု တည်ဆောက်တဲ့နေရာမှာ အတိတ်ခေတ်ရဲ့ သမိုင်းကျရှုံးမှုဒဏ်ရာတွေကို ဦးစွာ ကုစားပြီးမှ ကျန်တဲ့ အစိတ်အပိုင်းတွေကို တစ်ဆင့်ချင်းတည်ဆောက်ရတာကိုး။ သမိုင်းဒဏ်ရာတွေကလည်း စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာ၊ ရုပ်ပိုင်းဆိုင်ရာဒဏ်ရာ နှစ်ခုရှိတဲ့အနက် ရုပ်ပိုင်းဆိုင်ရာကို ကုစားဖို့ လွယ်ကူသလောက် စိတ်ပိုင်းဒဏ်ရာကတော့ အချိန်ကာလ များစွာ ယူပြီးကုစားရပါတယ်။ တချို့သမိုင်းအရှုံးတွေကျတော့ မျိုးဆက်ကုန်တဲ့အထိပဲ ဒဏ်ရာအမာရွတ်တွေကျန်သွားမယ့် အနေအထားပါ။ ရေးနေကျ ရွှေစကားတွေအကြောင်း မရေးခင် ဒီအတွေးတွေ အရင်ဝင်လာတာကတော့ ရွှေစကားအတွက် ရေးဖို့လှန်ထားတဲ့ စာမျက်နှာတွေက ကုန်းဘောင်ခေတ် စာမျက်နှာတွေဖြစ်နေလို့ပါ။ ကဲ… ကုန်းဘောင်ခေတ် စာမျက်နှာတွေထဲက ရွှေစကားတို့ရဲ့ မြစ်ဖျားခံရာ လိုက်ကြည့်လိုက်ရအောင်။

တစ်နေ့မှာ မောင်းထောင်သာသနာပိုင်ဆရာတော်က ဦးတေဇဆိုတဲ့ ဦးပဉ္စင်းငယ်တစ်ပါးကို စာပြန်ခိုင်းပါတယ်။ စာပြန်ရတာက သမားရိုးကျပုံစံနဲ့ ပြန်ရတာမဟုတ်ပါဘူး။ ဆိုင်မဆင့်ဗုံမဆင့် ခေါ်ပြီး ပြန်ခိုင်းတာပါ။ ပြန်ခိုင်းတဲ့ စာတွေကတော့ ဘိက္ခုပါတိမောက် ပါဠိနိဿယအကုန်၊ ဘိက္ခုနီပါတိမောက် ပါဠိနိဿယအကုန်၊ ခုဒ္ဒကသိက္ခာ၊ ပါဠိနိဿယအကုန်၊ မလသိက္ခာပါဠိနိဿယအကုန်ပါ။ ဒီစာတွေက ဝိနည်းပိုင်းဆိုင်ရာစာတွေပါ။ စာပြန်ရမယ်ဆို ကြိုတင်သိမထားတာရယ်၊ ပြန်ခိုင်းတဲ့စာတွေက များလွန်းနေတာရယ်ကြောင့် ဦးတေဇက အကုန်မရပါဘူး။ တချို့တဝက်ကိုပဲ ရပါတယ်။ မောင်းထောင်သာသနာပိုင် ဆရာတော်ကလည်း မရမချင်း အထပ်ထပ် ပြန်ဆိုခိုင်းပါတယ်။ အစကတည်းက ကြိုတင်ပြင်ဆင်ခွင့်မရလာတာကြောင့် ဘယ်လိုပြန်ခိုင်းပြန်ခိုင်း မရပါဘူး။ ဒါကြောင့် စာမရ,ရ ကောင်းလားဆိုပြီး သဲဒဏ် ရေဒဏ် ပေးပါတယ်။
စာပြန်ခိုင်းခံရသူ ဦးတေဇဆိုတာက တခြားမဟုတ်ပါဘူး။ တောင်ငူမင်းသားရဲ့ ရဟန်းပါ။ တောင်ငူမင်းသားက သူ့ရဟန်း မောင်းထောင်သာသနာပိုင်ဆရာတော်ကျောင်းမှာ ဒဏ်ထမ်းနေရတဲ့သတင်းကို ကြားသွားပါတယ်။ သတင်းကြားတာနဲ့ ကျောင်းကို တစ်ခါတည်း ထလိုက်သွားပါတယ်။ ကျောင်းရောက်တော့ သူ့ရဟန်း ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲနဲ့ ဒဏ်ထမ်းနေရတာကိုမြင်ရပါတယ်။ သူ့ရဟန်း အတွက် အတော်လေးစိတ်မကောင်း ဖြစ်သွားဟန်တူပါတယ်။ ဒါကြောင့် သာသနာပိုင်ဆရာတော်ဆီသွားပြီး “တပည့်တော်ရဲ့ ရဟန်းစာမရပေမယ့် ဝိနည်းသိက္ခာနဲ့ဆန့်ကျင်တဲ့ အကျင့်ပျက်မှုများရှိပါသလား” လို့ လျှောက်ထားပါတယ်။ သာသနာပိုင်ဆရာတော်က “အကျင့်သိက္ခာပုဒ်မပျက် လိုက်နာကြောင်းငါသိတယ်။ ဒင်း စာမရလို့ ငါဒဏ်ပေးတာ” လို့ ပြန်အမိန့်ရှိပါတယ်။  ဒီတော့ တောင်ငူမင်းသားက “စာမရသော်လည်း အကျင့်သိက္ခာပုဒ်မပျက်ရင် သည်းခံတော် မူသင့်ပါတယ်။ မေ့နေတဲ့စာကို နောင်ပြန်ကျက်ရင် ရနိုင်တာပဲမဟုတ်လားဘုရား” လို့ ပြန်လျှောက်ပါတယ်။ သာသနာပိုင်ဆရာတော်ကလည်း “မဟုတ်ဘူးမင်းသားရဲ့၊ ဒင်း ဝိနည်းသိက္ခာကျမ်းကို အာဂုံအမြဲဆောင်ထားရမှာကို အရဆောင်မထားလို့ နောင်မှတ်သွားအောင် ငါက ဒဏ်ပေးထားတာ”  ထပ်မိန့်ပါတယ်။ တောင်ငူမင်းသားက ကိုယ့်ရဟန်းဆိုတဲ့ သံယောဇဉ်ရယ်၊ မင်းသားဆိုတဲ့ဂုဏ်ရယ်ကြောင့် “မာန်”လေး ဝင်လာပုံ ရပါတယ်။ အဲဒီဝင်လာတဲ့ “မာန်” လေးနဲ့အတူ တောင်ငူမင်းသားက “အရှင်ဘုရားဟာ မဟုတ်သေးပါဘူး။ အရှင်ဘုရားက အခုချက်ချင်းအကုန်ရ,ရမယ်လို့ အမိန့်ချပြီး ချက်ချင်းပြန်ခိုင်းတော့ ဘယ်လာရနိုင်မှာလဲ။ စာကျက်ရက်ပေးပြီး ပြန်ခိုင်းတာမရလို့ ဒဏ်ပေးတယ်ဆိုတော်သေး။ အခုအပြစ်ပေးတာလဲ အတော်ပင်ပန်းနေပြီ၊ သည်းခံတော်မူပါဘုရား” လို့လျှောက်ပါတယ်။
ဆရာတော်ကလည်း သာသနာပိုင်ဆိုတဲ့ ရာထူးကို လွယ်လွယ်ကူကူနဲ့ ရ ထားတာမှမဟုတ်တာ။ ဘက်စုံ ထက်မြက်လို့ ရ ထားတာကိုး။ ပြီးတော့ တောင်ငူမင်းသားနည်းတူ “သာသနာပိုင်” ဆိုတဲ့ “မာန်” ကလေးကလည်း တစ်ခါတည်းဝင်လာလေတော့ “နင် ဘာလာစကားများနေတာလဲ” ဆိုပြီး အနီးမှာ ရှိတဲ့ထွေးခံနဲ့ ပစ်ပေါက်လိုက်ပါတယ်။ တောင်ငူမင်းသားကလည်း ထွေးခံကိုကောက်ပြီး ဆရာတော်ကို ပြန်ပေါက်ပါရော။ ဒီတော့ ဆရာတော်က ထ တဲ့ပြီး ခြေထောက်နဲ့ပြေးကန်ပစ်လိုက်ပါတယ်။ တောင်ငူ မင်းသားကလည်း အကန်ခံနေရာကနေချက်ချင်းထ၊ ဆရာတော်ကိုဖက်ပြီး နပန်းသတ်တော့တာပါပဲ။ သာသနာ ပိုင်ဆရာတော်နဲ့ တောင်ငူမင်းသား ထွေးလုံးရစ်ပတ်နဲ့ နပန်းသတ်နေကြတာကို အနားမှာရှိတဲ့ တိုက်အုပ်၊ တိုက်ကြပ် ဘုန်းကြီးတွေ၊ ကပ္ပိယတွေက ဒီအတိုင်းပဲ ကြည့်နေကြရပါတယ်။ ဘယ်သူမှဝင်ပြီး မခွဲဝံ့ကြပါဘူး။ နောက် မဟာဒါန်ဝန်ရောက်လာပြီး မဟာဒါန်ဝန်က်ခွဲပေးမှ  ရန်ပွဲ ပြီးသွားပါတယ်။ တောင်ငူမင်းသားကလည်း သူ့ရဲ့ ရဟန်း ဦးတေဇကို ဒဏ်ထမ်းနေရာကနေပင့်ပြီး ပြန်သွားပါတယ်။
ဒီသတင်းကို ဘိုင်းတော်ဘုရားကြားသွားတော့ “အင်း တောင်ငူကလည်း တောင်ငူပဲ။ မောင်းထောင်ကလဲ မောင်းထောင်ပဲ” လို့ ညည်းတွားမိန့်တော်မူပါတယ်။ ဘိုးတော် ဘုရားအနေနဲ့ တစ်ဖက်ကလည်း သားတော်၊ တစ်ဖက်ကလည်း သာသနာပိုင်ဆရာတော်၊ ဘုန်းကြီးဘက်က မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ လောကရေးနဲ့ ကြည့်ရင် အမြင်မလှပါဘူး။ ဒါကြောင့် လူဖြစ်တဲ့သားတော်အနေနဲ့ ဝန်ချတောင်းပန်စေချင်ပါတယ်။ ဒါပေမယ့် သားတော် တောင်ငူမင်းသားက ခပ်စွာစွာ ခပ်ထက်ထက် မာနနဲ့။ မိမိပြောလို့ကတော့ ဘယ်လိုမှတောင်းပန်မှာမဟုတ်တဲ့အကြောင်း ကိုယ့်သားတော်အကြောင်း ကိုယ်သိပြီးသားပါ။ ဒီတော့ သားတော်တောင်ငူမင်းသားကို နိုင်တဲ့ ရန်ကုန် ဝန်ကြီး ဦးကျော်ရွေးကို အကူအညီတောင်းရပါတယ်။ ဦးကျော်ရွေးဆိုတာက တောင်ငူမင်းသားငယ်ငယ်က ချီပိုးထိန်းကျောင်း ခဲ့ရသူ။ ရိုက်သင့်ရင် ရိုက်ပြီး ဆုံးမခဲ့သူ။ တောင်ငူမင်းသား ကိုယ်တိုင်ကလည်း ချစ်ကြောက်ရိုသေရသူ၊ တောင်ငူမင်းသားက ငြင်းမယ့်သူမဟုတ်ပါဘူး။ လောကထုံးစံအတိုင်း နိုင်ရာနဲ့ကိုင်တွယ်တာပါ။ ဘိုးတော်မင်းတရားအနေနဲ့ သားတော် တောင်းပန်တယ်ဆိုတဲ့  နေရာမှာလဲ ကာယကံရှင်နှစ်ဦးသာသိတဲ့ တောင်းပန်မှုမျိုးမဟုတ်ဘဲ သံဃာ့ပရိသတ်၊ မင်းပရိသတ်၊ လူပရိသတ်အလယ်မှာ တောင်းပန်စေချင်တာပါ။ ဘိုးတော်မင်းတရားက သူ လိုချင်တဲ့ ပုံစံကိုပါ တစ်ပါးတည်းပြောပြပါတယ်။
ဦးကျော်ရွေးက တောင်ငူမင်းသားကို လောကရေး၊ ဓမ္မရေးတွေနဲ့ဆုံးမပြီး သာသနာပိုင်ဆရာတော်ကို ဝန်ချတောင်းပန်ဖို့ပြော၊ တောင်ငူမင်းသားကလည်း ခေါင်းညိတ်၊ ဒီလိုနဲ့ ဝန်ချတောင်းပန်ပွဲအစီအစဉ်ကို ပြုလုပ်လိုက်ကြပါတော့တယ်။
နန်းတော်ရဲ့ ဇေတဝန်ဆောင် သံဃာစင်ပေါ်မှာ မောင်းထောင်သာသနာပိုင်ဆရာတော်၊ သုဓမ္မာ ဆရာတော်များ၊ အောက်ခြေမှာ ဘိုးတော်မင်းတရားနဲ့ မိဖုရားခေါင်ကြီး၊ ဝန်ကြီးဦးကျော်ရွေး၊ အမတ်ကြီး ဦးပေါ်ဦး၊ အခြား မှူးမတ်ကြီးများ၊ သားတော်သမီးတော်များ၊ မောင်းမမိတ်ဿံများ၊ ရဟန်းပရိတ်သတ်၊ မင်းပရိသတ်၊ လူပရိသတ် စုံစုံညီညီ၊ ရဟန်းတော်များဆွမ်းစားခြင်းကိစ္စပြီးလို့ ငါးပါးသီလယူ၊ ပရိတ်တရားတော်လည်းနာပြီးပြီ။ အပ်ကျသံ ကြားရအောက်အောင် ခန်းမဆောင်တစ်ခုလုံး ငြိမ်သက်နေပါတယ်။ အားလုံးရဲ့စိတ်က တောင်ငူမင်းသားဆီမှာ။ တောင်ငူမင်းသားဆီကအသံကို အားလုံးနားစွင့်နေကြပါတယ်။ တောင်ငူမင်းသားက ဦးကျော်ရွေးကို တစ်ချက်ကြည့်လိုက်ပါတယ်။ စ ရတော့မလားပေါ့။ ဦးကျော်ရွေးက ခေါင်းဆတ် ပြလိုက်ပါတယ်။ တောင်ငူမင်းသားက ပုဆစ်တုပ်ထိုင်နေရာကနေ ဆောင့်ကြောင့်ထိုင် လက်အုပ်ချီပြီ…..
ကျေးဇူးတော်ရှင် သာသနာပိုင်ဆရာတော်ဘုရား…. တပည့်တော်သည် မကောင်းသောဒေါသ၏ နောက်ပါဖြစ်၍ စိတ်လိုက်မာန်ပါ ဆရာတော်ဘုရားအား ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော ကံသုံးပါးဖြင့် ပြစ်မှား ကျူးလွန် မိုက်မှားမိပါသည်။ ထိုမိုက်မှားကျူးလွန်မိသောအပြစ်ကို ချမ်းသာပေးသနားတော်မူပါရန် တပည့်တော် ကန်တော့ ဝန်ချတောင်းပန်ပါ၏ဘုရား။ ဝန်ချတောင်းပန် ကန်တော့သည့်အတိုင်း တပည့်တော်ကို သနားသောအားဖြင့် သည်းခံ တော်မူပါရန် အကြိမ်ကြိမ်ကန်တော့ဝန်ချပါကြောင်း ရှိခိုးလျှောက်ထားဝံ့ပါသည်ဘုရား” လို့ ဝန်ချတောင်းပန်လိုက်ပါတယ်။ တောင်ငူမင်းသားရဲ့စကားဆုံးတာနဲ့ ပရိသတ်အားလုံးက ဝိုင်းပြီး သာဓုခေါ်ကြပါတယ်။ ပရိသတ်အားလုံး သာဓုခေါ်သံအဆုံးမှာ မောင်းထောင်သာသနာပိုင် ဆရာတော်က တည်တည်ငြိမ်ငြိမ်နဲ့ မိန့်တော်မူပါတယ်။
အင်း … သာဓု၊ သာဓု၊ သာဓု ငါသည်းခံ၏။ မင်းသားချည်း မှားသည်မဟုတ်။ ငါလဲ မှားလေသည်။ မင်းသားလဲ ပုထုဇဉ်၊ ငါလဲ ပုထုဇဉ်ဖြစ်ခဲ့၏။ ပုထုဇဉ်ဂတိလိုက်စားမိသည့်အတွက် ဖြစ်ကြသောကြောင့် မှားကြချေပြီ။ ပုထုဇဉ်ပင်ဖြစ်သော်လည်း မင်းသားက ပုထုဇဉ်အငယ်။ ငါက ပုထုဇဉ်အကြီးဖြစ်၍ ငါက မင်းသားထက် သာလွန်၍ မိုက်မှားမိချေသည်။ မြတ်စွာဘုရား၏ အရေတော်ကို ဝတ်ဆင်မြန်းလျက် မဟာသံဃာရာဇာအမည်ကို ရရှိသဖြင့် သည်းမခံနိုင်ဘဲ သာသနာပိုင်ဂုဏ်ယစ်မူးသောကြောင့် ဒေါသာဂတိကိုလိုက်စားမိသဖြင့် ဖြစ်ရချေသည်။ သို့အတွက် မင်းသားလဲ ငါ့အပေါ်၌ အမျက်မထားလေနဲ့။ သည်းခံပါလေ”
သာသနာပိုင်ဆရာတော်က ခေတ္တရပ်လိုက်တော့ ပရိတ်သတ်အားလုံးက ဝိုင်းပြီး သာဓု ခေါ်ကြပါတယ်။ ပြီးမှ ဆရာတော်က မိန့်လက်စ စကားကို ဆက်ပြီး မိန့်ပါတယ်။ “မင်းသားကို ဥပမာ တစ်ခုပြောရဦးမယ်။ မြတ်စွာဘုရားဟောတော်မူသော မဟောသဓဇာတ်တော်မှာ စူဠနီမင်းဟာ မဟောသဓကို သတ်ပစ်ရန် သာ ဒေါသအမျက်ထားပြီးလျှင် ကြံစည်လျက်ရှိနေသည်။ မဟာဥပကာရီဥမင် လှိုဏ်ခေါင်းအတွင်းသို့ ကျရောက်မှ နောက်က ပျက်စီးအောင် ကြံခဲ့ကြသော ဒေါသအမျက်ကြီးတွေကို တစ်ခါတည်းပျောက်ကွယ်၍ တစ်ယောက်နှင့်တစ်ယောက် အသက်ချင်းလဲကြ၍ ချစ်ကြည်ကြသောအဖြစ်သို့ ရောက်လေသကဲ့သို့ ဤနန်းတော်ဇေတဝန်အဆောင်သည် မဟာဥပကာရီ ဥမင်လိုဏ်ခေါင်းဟု သဘောထား၍ ဖြစ်ခဲ့သော ဒေါသအမျက်တို့သည် တစ်ခါတည်းစွန့်ပစ်ပယ်ဖျောက်ပြီး အသက်ချင်းလဲကြသကဲ့သို့ ရှေ့ကိုအသက်ရှည်သမျှ ကာလပတ်လုံး မေတ္တာစိတ်မပျက်ကြရအောင်သာ သတိပြုကြရန် ဖြစ်တော့သည်ကို အသင်မင်းသား မှတ်ယူပါလော့”
သာသနာပိုင်ဆရာတော်ရဲ့ တရားမိန့်ကြားသံ ဆုံးတော့ ပရိသတ်အားလုံးက သာဓုထပ်မံခေါ်ကြပါတယ်။ နောက် တောင်ငူမင်းသားကိုယ်တိုင် အလှူတော်သင်္ကန်းတွေကို ဆရာတော်များအားကပ်လှူပါတယ်။ ကိစ္စဝိစ္စတွေပြီးလို့ ဆရာတော်တွေပြန်ကြွတဲ့အခါ တောင်ငူမင်းသားက သာသနာပိုင်ဆရာတော်ရဲ့ ဖိနပ်ကို ကိုယ်တိုင်ကိုင်ပြီး ပရိသတ်တွေရဲံ့ မျက်နှာကြည်နူးကျေနပ်စိတ်တွေက အထင်းသားနေမှာပါ။
တကယ်တော့ ဒီပွဲဟာ မောင်းထောင်သာသနာပိုင် ဆရာတော်နဲ့ တောင်ငူမင်းသားတို့ ကိုယ့်ရဲ့မာနကို နိဝါတဆိုတဲ့ဆပ်ပြာနဲ့ ဖွပ်လျှော်တဲ့ပွဲ။ တစ်နည်းအားဖြင့် မာနနဲ့ နိဝါတ လဲလှယ်တဲ့ပွဲ။ ဒါမှမဟုတ် တမလွန်ကို မာနတွေ ယူမသွားဘဲ နိဝါတတွေသာယူသွားမယ်လို့ တရားဝင် ကြေညာတဲ့ပွဲ။ မောင်းထောင်သာသနာပိုင် ဆရာတော်ရဲ့ “ငါကပုထုဇဉ်အကြီးဖြစ်၍ ငါကမင်းသားထက်သာလွန်၍ မိုက်မှားမိချေသည်” ဆိုတဲ့စကားဟာ ကုန်းဘောင်ခေတ်မှာ ဘယ်လောက်အထိ မြည်ဟည်းခဲ့တယ်ဆိုတာ မပြောတက်ပေမယ့် စားရေးသူကတော့ မောင်းထောင်သာသာနာပိုင် ဆရာတော်ရဲ့ နိဝါတမင်္ဂလာကိုအရုံပြုပြီး ကန်တော့လိုက် မိတာတော့ အမှန်ပါ။


ရဝေနွယ်(အင်းမ)
ကျမ်းကိုး
(၁)ပါးစပ်ရာဇဝင်(မှော်ပီဆရာသိန်းကြီး)
(၂)ကုန်းဘောင်ရှာပုံတော် (ညိုမြ)
(မြတ်သတိ အောက်တိုဘာ၊ ၂၀၀၀)
ခင်မင်စွာဖြင့်….
ဇော်သိင်္ခ

Monday, August 13, 2012

ရွှေစကားတို့ရဲ့ မြစ်ဖျား (၂)






“တော်ထဲ၌ ပရိသတ်ခြွေရံနည်းသည်၊ ကြောက်တော်မမူလော”
(တောင်ဖီလာဆရာတော်)
“ကြောက်၍ပင် တောထဲ၌ ပရိသတ်အနည်းနှင့်နေပါသည်”
(ရွှေဥမင်ဆရာတော်)

အင်းဝခေတ် စာမျက်နှာတွေလှန်လိုက်ရင် လုံးဝ ချန်လှပ်လို့မရတဲ့ ရွှေစကားနှစ်ခွန်းရှိပါတယ်။ အဲဒါတွေကတော့ တောင်ဖီလာဆရာတော်နဲ့ ရွှေဥမင်ဆရာတော်တို့ရဲ့ စကားနှစ်ခွန်းပါ။ ဒီစကားနှစ်ခွန်းရဲ့ မြစ်ဖျားခံရာကို ကြည့်လိုက်တော့……..   
                 
တောင်ဖီလာဆရာတော်နဲ့ ရွှေဥမင်ဆရာတော်ဆိုတာ အင်းဝခေတ် သာလွန်မင်းတရားလက်ထက်မှာပေါ်ထွန်းခဲ့တဲ့ ဆရာတော်တွေပါ။  အဲဒီခေတ်လတ်တလော ပစ္စုပ္ပန်အနေအထားအရ တောင်ဖီလာဆရာတော်က မြို့မှာ သီတင်းသုံးတဲ့ ဆရာတော်။ မင်းကိုးကွယ်တဲ့ ဆရာတော်၊ ရွှေဥမင်ဆရာတော်က တောထဲမှာ ကပ္ပိယသူတော် တစ်ယောက်ကိုသာ အဖော်ပြုပြီး သတင်းသုံးနေတဲ့ ဆရာတော်။ ဒါပေမယ့် ဆရာတော်နှစ်ပါးစလုံး ပါရမီဗီဇအခံတွေ တူနေကြတော့ လျှောက်လှမ်းနေတဲ့ ခြေလှမ်းနှစ်စုံဟာ တစ်ခုတည်းသော ပန်းတိုင်ဆီကိုသာ ဦးတည်နေပါတယ်။ ဦးတည်ချက်ပန်းတိုင် မှန်ရင် လုပ်ဆောင်ချက်လဲမှန်ကြတာ လောကဓမ္မတာပါ။ 

တစ်နေ့မှာ သာလွန်မင်းတရားးဆီကို “နှစ်ပေါင်း များစွာ ပျောက်ကွယ်နေတဲ့ မန်းစက်တော် နှစ်ဆူကို ရှာဖွေပေးဖို့” စာသွင်းလျှောက်ထားကြပါတယ်။ မင်းကြီးလဲ သဘောကျတာနဲ့ ကြည်ညိုရင်းစွဲရှိတဲ့ တောင်ဖီလာဆရာတော် အပါအဝင် ဆရာတော်လေးပါးနဲ့အတူ မန်းစက်တော်ရာ နှစ်ဆူရှာဖို့ အင်းဝနေပြည်တော်ကနေ မင်းဘူးကိုကြွခဲ့ကြပါတယ်။ ဒီလိုနဲ့ တစ်တောဝင် တစ်တောင်ထွက် ရှာလိုက်ကြတာ ရက်တွေသာ ကုန်လွန်သွားပါတယ်။ ဘာသဲလွန်စမှ မရဘူးဖြစ်နေပါတယ်။ ရှာလိုက် နားလိုက် စက်တော်ရာအနီး မရှက်ရွာရောက်တော့ အနားယူရင်း တစ်ညတာ ကျိန်းစက်ဖို့ စီစဉ်ကြပါတယ်။  

အဲဒီညမှာပဲ တောင်ဖီလာဆရာတော် အိပ်မက်မက်ပါတယ်။ ဘယ်လိုမက်သလဲဆိုတော့ လူတစ်ယောက်က ခွေးနက်ကြီးတစ်ကောင်နဲ့လာပြီး “ဘုန်းကြီးတို့လာကြသည်မှာ အန္တရာယ်ကြီးလှပါသည်။ တောလည်းနက် သားရဲလဲထူပြောပါတယ်၊ အဘယ့်ကြောင့်ကြွလာရသနည်း” လို့ မေးပါတယ်၊ ဆရာတော်ကလဲ “ရှေးမင်းတို့ သွားရောက် ပူဇော်လေ့ရှိတဲ့ စက်တော်ရာနှစ်ဆူရှိကြောင်း၊ ရာဇဝင်ကြောင်းရှိ၍ ရှာဖွေရန်ကြွလာကြောင်း”  ပြန်အမိန့်ရှိလိုက်ပါတယ်။ ဒီတော့ ခွေးနက်ကြီးနဲ့လူဟာ “`ဤသို့ဆိုလျှင် ခွေးနက်ကြီးဝင်ရာတော်သို့ နောက်ကလိုက်လျှင် တွေ့ပါလိမ့်မည်” လို့ပြန်လျှောက်ပါတယ်။ စကားဆုံးတော့ ဆရာတော်လည်း တစ်ခါတည်းနိုးသွားပါတယ်။ အဖော်သုံးပါးကိုလည်း အိပ်မက်အကြောင်းပြေပြလိုက်ပါတယ်။
မနက်မိုးလင်းတော့ အိပ်မက်အတိုင်းလိုက်ရှာကြပါတယ်။ ခွေးနက်ကြီးတစ်ကောင်က ဆရာတော်တို့ရဲ့ ရှေ့ကသွားနေတာနဲ့ ခွေးနက်ကြီးနောက်လိုက်ရင်း စက်တော်ရာ နေရာရောက်တော့ ပျောက်သွားပါတယ်။ မန်းချောင်းနှဖူးအရောက်မှာ နတ်ဘီလူးတစ်ယောက် ကိုယ်ထင်ရှားပြပြီး စက်တော်ရာနှစ်ဆူကိုလိုက်လံ ညွှန်ပြပါတယ်။ 

တောင်ဖီလာဆရာတော်တို့လည်း စက်တော်ရာနှစ်ဆူတွေ့ပြီဆိုတော့ တောင်ပေါ်မှာပဲ ကျိန်းစက်ကြပါတယ်။ တောင်ဖီလာဆရာတော်ကတော့ ပဋ္ဌာန်းဒေသနာနဲ့ ရွတ်ဖတ်ပြီးပူဇော်ပါတယ်။ ပြီးတော့ ဆရာတော်က စက်တော်ရာကို ပံ့သကူသင်္ကန်းနဲ့ လွှမ်းအုပ်ပြီး  “ငါသည် ဘုရားဖြစ်မည်ဧကန်မှန်လျှင် ဤသင်္ကန်း၌ တစ်ရာ့ရှစ်ကွက် စက်လက္ခဏာများ ထင်စေသတည်း” ဆိုပြီး အဓိဠာန်လိုက်ပါတယ်။ သင်္ကန်းတော်ဟာ ကြိုးကြာရုပ်ကဲ့သို့ ကုန်းကွထလာတယ်လို့ ဆိုပါတယ်။ ကြိုးလည်းကြိုးစား ကြာလည်းကြာဦးမယ်ဆိုတဲ့ အမှတ်နိမိတ်ပါ။ ဒါတွေ ရေးပြလိုက်ရတာကတော့ စက်တော်ရာ နှစ်ဆူနဲ့ တောင်ဖီလာဆရာတော်တို့ရဲ့ ကျေးဇူးရယ်၊ မြန်မာပြည်သား ဘုရားဆုပန် ဆရာတော်တစ်ပါးရဲ့ ပုံရိပ်ကိုတစ်စိတ်တစ်ဒေသရယ်ကို ကြည်ညိုစေချင်သိစေချင်လို့ပါ။ 

တောင်ဖီလာဆရာတော်ဟာ စက်တော်ရာကအပြန် ရွှေဥမင်ဆရာတော်ထံ ဝင်ရောက်ဖူးတွေ့ပါတယ်။ တောင်ဖီလာဆရာတော်က  ရွှေဥမင်ဆရာတော်ကို ဖူးရုံသက်သက်မဟုတ်ဘဲ သီခြားရည်ရွယ်ချက်တစ်ခုလည်း ပါလာပါတယ်။ အဲဒါကတော့ မိမိရေးသားပြုစုထားတဲ့ ဝိနည်း ငါးကျမ်း ပါဠိအဠကထာ နိဿယနဲ့ ၊ ရွှေဥမင်ဆရာတော် ပြုစုရေးသားထားတဲ့ ဝိနည်းငါးကျမ်း ပါဠိအဠကထာနိဿယ တို့ကို တိုက်ဆိုင်ကြည့်ချင်လို့ပါ။ 

မင်းဆရာတော် ကြွလာတယ်ဆိုတော့ သိတဲ့အတိုင်းပါပဲ။ နောက်ကခြွေရံပရိသတ်တွေ လှူဖွယ်ပစ္စည်းဝတ္ထုတွေ အပြည့်နဲ့ပေါ့။ ရွှေဥမင်ဆရာတော်က ကပ္ပိယသူတော် တစ်ယောက်ပဲရှိပါတယ်။ ပြီးတော့ ဘာပစ္စည်းဝတ္ထုမှလည်း မရှိပါဘူး။ ပစ္စည်းဝတ္ထုဘယ်လောက်ခေါင်းပါးသလဲဆိုရင် မင်းဆရာနဲ့ ပရိသတ်အတွက် နေရာထိုင်ခင်းမပေးနိုင်လို့ မိမိထိုင်နေကျ သားရေနွယ်အခင်းလေးကို ဖုန်ခါပြီးနေရာ ထိုင်ခင်းပေးရပါတယ်။ အဲဒီလောက်အထိ ပစ္စည်းဝတ္ထု ခေါင်းပါးတာပါ။ 

ရွှေဥမင်ဆရာတော်ရဲ့ လက်ရှိပစ္စက္ခ အနေအထာ
းအရ တောထဲမှာပရိသတ်မရှိပုံ ပရိသတ်မရှိလို့ ပစ္စည်းဝတ္ထု ခေါင်းပါးပုံတို့ကို ကြည့်ပြီး တောင်ဖီလာဆရာတော်က….

“အရှင်ဘုရား… တောထဲ၌ ပရိသတ်ခြေရံနည်းသည်၊ ကြောက်တော်မမူသောလော” လို့မေးလျှောက်ပါတယ်။ ဒီတော့ ရွှေ့ဥမင်ဆရာတော်က ”ကြောက်၍ပင် တောထဲ၌ ပရိသတ်အနည်းနှင့်နေပါသည် လို့ ပြန်မိန့်လျှောက်ပါတယ်။ 

မထင်မှတ်ထားတဲ့စကားကြားလိုက်ရတော့ တောင်ဖီလာဆရာတော် တော်တော်လေးတုန်လှုပ်သွားပါတယ်။ ပါရမီ အခြေခံရှိပြီးသားဆိုတော့ ဒီစကားနဲ့တန်ပြန်အတွေးတစ်ခု ဝင်လာပါတယ်။ အဲဒါကတော့ “သြော်… ငါကတော့ မကြောက်တက်သူဖြစ်ခဲ့ပါပြီ” ဆိုတဲ့ တန်ပြန်အတွေးပါ။ နောက် တောင်ဖီလာဆရာတော်က သူ့မှာပါလာတဲ့ ပစ္စည်းတွေထဲက နှစ်ထပ်သင်္ကန်းကြီးကို ကိုယ်တိုင်ကိုင်ပြီး …

“သင်္ကန်းပါဘုရား… အရှင်မဟာကဿပကိုဘုရားရှင် ကပ်လှူသော နှစ်ထပ်သင်္ကန်းကြီးကဲ့သို့ မွန်မြတ်သော မင်းဧကရာဇ်လှူ၍ ရသော ပစ္စည်းပါဘုရား။ သံသရာကို ချီးမြှောက်သဖြင့် သုံးဆောင်တော်မူပါ” လို့ပြောဆိုပြီး လှူဒါန်းပါတယ်။ ရွှေဥမင်ဆရာတော်ကလည်း ကိုယ်တိုင် လက်နှစ်ဖက်နဲ့ခံယူပါတယ်။ သင်္ကန်းကို အောက်မချသေးဘဲ တောင်ဖီလာဆရာတော်နည်းတူ သင်္ကန်းကို အပေါ်မြှောက်လိုက်ပြီး “သာဓု၊ သာဓု၊ ဤသင်္ကန်းကို ရွှေစည်းခုံဘုရားအား လှူပါ၏” လို့ဆိုပြီး အောက်ပြန်ချထားလိုက်ပါတယ်။ နောက် တောင်ဖီလာဆရာတော်က ပါလာတဲ့ ပစ္စည်းတွေကို တစ်ခုချင်းလှူပါတယ်။ ပစ္စည်းတစ်ခု လှူတိုင်း လှူတိုင်း ရွှေဥမင်ဆရာတော်က “ဤပစ္စည်းကို ရွှေစည်းခုံဘုရားအား လှူဒါန်းပါ၏” လို့ချည်းဆိုပြီး ဘေးကို ချချထားလိုက်ပါတယ်။ 

ရွှေဥမင်ဆရာတော်ရဲ့ အပြုအမူကိုကြည့်ပြီး တောင်ဖီလာ ဆရာတော်က ဒီလိုတွေးပါတယ်။ “သြော်…. ငါကား မင်းဆရာဖြစ်၍ ငါ့ပစ္စည်းဝတ္ထုတို့၌ ရွံရှာသဖြင့် ဤသို့ ပြုချေသည်”

ရွှေဥမင်ဆရာတော်ရဲ့ သဘောကတော့ အဲဒီလို မဟုတ်ပါဘူး၊ ရွှေဥမင်ဆရာတော်ရဲ့ သဘောက “ဤ အရှင်မြတ်သည် မင်းဧကရာဇ်ဆရာတော်ဖြစ်လျက် ကိုယ်တိုင်ငါ့ထံသို့လာရောက်၍ ပူဇော်သက္ကာရများနှင့် ငါ့အားပူဇော်ပေသည်။ ငါးကား သူကဲ့သို့ပူဇော်ရန် ပစ္စည်း ဝတ္ထုမရှိသောကြောင့် သူ့အားမပူဇော်ရ။ ထိုအရှင်မြတ်အား ပစ္စည်းပရိသတ် ခြွေရံတို့ကိုစွန့်၍ တောနေခြင်းအကျိုးငှာ မြတ်သောဆုံးမစကားဖြင့် ပူဇော်အံ့။ နောက်တစ်ခုအလွန်ရခဲလှစွာသော ရဟန်းအဖြစ်ကို ရပါလျက်မင်းဆရာတော် အခေါ်ခံ၍ နေခြင်းသည် အကျိုးမရှိ၊ အကျိုးရှိရာကို ရှာစေအံ့”  အဲဒီလို နှလုံးသွင်းနဲ့ ပြုမူပြောဆိုခဲ့တာပါ။ 

လှူဖွယ်ဝတ္ထုတွေလှူပြီးတော့ တောင်ဖီလာဆရာတော်က မိမိရေးသားထားတဲ့ ဝိနည်းငါးကျမ်း ပါဠိအဠကထာ နိဿယနဲ့ ရွှေဥမင်ဆရာတော်ရေးသားထားတဲ့ ဝိနည်း ငါးကျမ်း ပါဠိအဠကထာနိဿယကို တိုက်ဆိုက်ကြည့်လိုကြောင်း လျှောက်ထားပါတယ်။ ရွှေဥမင်ဆရာတော်ကလည်း မိမိရေးသားထားတဲ့ ပါဠိအဠကထာနိဿယကို ချက်ချင်းပဲ ထုတ်ပြပါတယ်။ တောင်ဖီလာဆရာတော်က ရွှေဥမင်ဆရာတော်ရဲ့ နိဿယကို စိတ်ချကျေနပ်သည်အထိ ကြည့်ရှု့ပါတယ်။ ကြည့်လို့အားရတော့မှ “ငါရေးသားသည့် နိဿယသည် ကျယ်လွန်းသည်၊ ရွှေဥမင်ဆရာတော် နိဿယသည် ကျဉ်းသည်။ ရွှေဥမင်ဆရာတော် နိဿယသည်ပင် နောင်စာသင်သားတို့အတွက် အားကိုးရာ ဖြစ်လောက်ပြီ၊ နှစ်နည်းရှိသဖြင့် လောကဝယ် ဘုရားနှစ်ဆူပွင့်သော် သတ္တဝါတို့၌ သူ့ဘုရားသာသည် ငါ့ဘုရားသာသည် အငြင်းအခုံသာဖြစ်၍ အကျိုးမရှိသကဲ့သို့ ရှိပေတော့မည်” အဲဒီလို နှလုံးပိုက်ပြီး မိမိကိုယ်တိုင် ရေးသားထားတဲ့ နိဿယတွေကို ရွှေစည်းခုံစေတီရင်ပြင်မှာ မီးပူဇော်လိုက်ပါတယ်။ ပြီးမှ ပြန်ကြွသွားပါတယ်။ 

ရှေးရှေးဆရာတော်ကြီးတွေဟာ ဘာစာမူခ ဘာလာဘသက္ကာရမှ မျှော်လင့်ချက်မထားဘဲ ကျမ်းပေါင်းများစွာကို တကယ့်သဒ္ဓါနှလုံးသားစစ်စစ်နဲ့ ရေးသွားတာပါ။ အဲဒီခေတ်ကာလက ဘောလ်ပင်တွေ၊ စာရွက်တွေ၊ လျှပ်စစ်မီးတွေ မပေါ်သေးတော့ ပေရွက်မှာ ကညစ်တံနဲ့ မီးခွက်ထွန်းပြီး ခဲရာခဲဆစ် ရေးခဲ့ကြရတာပါ။ ဒါတင်မကသေးဘဲ ကျမ်းချင်းတူလို့ ကိုယ့်ရဲ့ ကျမ်းစာက အားနည်းချက်ရှိနေရင်လည်း မီးပူဇော်ပစ်ဖို့ဝန်မလေးကြပါဘူး။ ဒါတွေကတော့ စာရေးတဲ့ အခါတိုင်းတွေးရမယ့် အတွေးတွေလို့ နားလည်ထားမိပါတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ လက်တွေ့အနေနဲ့ ကွာဟနေပြန်ပါတယ်။ “သြော်… ဒီအတွေးတွေ တွေးဖြစ်ပါလား” ဆိုတဲ့ အတွေးနဲ့ပဲ ကိုယ့်ကိုယ်ကို ဖော့ပြီး ဖြေဆည်လိုက်ရပါတယ်။ 

တောင်ဖီလာဆရာတော်နဲ့ ရွှေဥမင်ဆရာတော် နှစ်ပါးရဲ့ အပြုအမူတွေကို ကြည့်နေသူတွေထဲမှာ ကပ္ပိယသူတော်လဲ ပါပါတယ်။ ကပ္ပိယသူတော်က သူ့ဆရာတော်ရဲ့ အပြုအမူတွေကို အားမလိုအားမရဖြစ်နေဟန်တူပါတယ်။ ဒါကြောင့် တောင်ဖီလာဆရာတော်ပြန်ကြွသွားတော့ ရွှေဥမင်ဆရာတော်အနားကပ်ပြီး……

“ဘုန်းကြီးတို့ ဝိနည်းမှာ သဒ္ဓါ၍ လှူသောပစ္စည်းကို မသုံးဆောင်ဘဲ သူတစ်ပါးကိုမပေးအပ်၊ ပေးသော် သူ့သဒ္ဓါတရားကို ဖျက်ဆီးသည်မည်ရကား သဒ္ဓါဒေယျဝိနိပါတဒုက္ကဋ်အာပါတ်သင့်သည် မဟုတ်ပါလော။ အဘယ့်ကြောင့် မင်းဆရာကိုယ်တိုင် လာ၍ လှူသည့် ပစ္စည်းကို အားပါးမနာ သူရှေ့တွင်ပင် ရွှေစည်းခုံကိုလှူဘိသနည်း။ မသင့်လော” လို့ အပြစ်တင်ဟန်နဲ့လျှောက်ပါတယ်။ ဒီတော့ ရွှေဥမင်ဆရာတော်က  “သူတော် ငါ့စောင့်၏ သူတော့် ဆရာတော်ကို ငါဆုံးမလိုက်သည်။ ဒီကအပြန် စစ်ကိုင်းလေးထပ်ကြီး သူနေသောကျောင်းတော်ကို သူတော့်ဆရာတော် ဝင်ဝံ့ပေလျှင် လောကဝယ် အာဂယောက်ျားပဲ” လို့ ပြန်အမိန့်ရှိလိုက်ပါတယ်။ 

မကြာခင်တစ်ရက်မှာ ရွှေဥမင်ဆရာတော်နဲ့ ကပ္ပိယသူတော်ဆီကို သတင်းတစ်ခု ရောက်လာပါတယ်။ အဲဒီသတင်းကတော့ “တောင်ဖီလာ   ဆရာတော် ရွှေဥမင်ဆရာတော်ဆီကအပြန် မြို့နေမင်းဆရာအဖြစ်ကို ရှက်ရွံ့လို့ စစ်ကိုင်းတောင် အရှေ့ချောက်ကြား တောင်ဖီလာ တောရမှာ တောရဆောက်တည်သွားကြောင်း”်ဆိုတဲ့ သတင်းပါပဲ၊ အဲဒီ အချိန်မှာ ရွှေဥမင်ဆရာတော်က သူတော့်ကို “ကိုင်း ဘယ့်နှယ့်လဲ” ဆိုတဲ့အကြည့်နဲ့ ကြည့်နေပုံ သူတော်ကလည်း သူ့ဆရာတော်စကားတစ်ခွန်း တာသွားပုံကို တွေးပြီး ခေါင်းတဆတ်ဆတ်ညိတ်နေပုံ ပုံရိပ်နှစ်ခုကို အတွေးနဲ့ ပုံဖော်ကြည့်လိုက်မိပါတယ်။ 
ရဝေနွယ်(အင်းမ)
ကျမ်းကိုး
-သီလဝိသောဓနီ(တတိယနံမော်ဆရာတော်)
မြတ်သတိ -စက်တင်ဘာ- ၂၀၀၀။
ခင်မင်စွာဖြင့်…
ဇော်သိင်္ခ

Sunday, July 22, 2012

ရွှေစကားတို့ရဲ့ မြစ်ဖျား (၁)



“ငါ၏ အူခွေအူမတို့သည် မိမိတည်ရာ ဝမ်းဗိုက်အတွင်းမှထွက်၍ အပြင်၌အစာရှာစေကာမူ အသက်ကိုစွန့်ရစေကာမူ အသက်မွေးမှုကို စောင့်ရှောက်ခြင်း၊ အာဇီဝသီလကို မဖျက်ပေအံ့။”
(ရှင်သာရိပုတ္တရာမထေရ်)


ဗုဒ္ဓဝင်ကို ဇာတ်လမ်းတွဲရှည် ရုပ်ရှင်ကားကြီးသာ ရိုက်ဖြစ်ကြမယ်ဆိုရင်  ကဒ်တော်တော်များများမှာ အရှင်သာရိ ပုတ္တရာနဲ့ အရှင်မောဂ္ဂလာန်တို့ရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို အားပါးတရဖူးတွေ့ကြရမှာပါ။ အဲ့ဒီလို ဖူးတွေ့တဲ့နေရာမှာလည်း အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလာန်ကို တစ်ပါးစီ လှုပ်ရှားမှုပုံရိပ်ထက် တပူးတွဲတွဲပုံရိပ်တွေကို စုပြီး ဖူးတွေ့ကြရမှာ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗုဒ္ဓဝင်စာမျက်နှာတွေကို လှန်ကြည့်လိုက်ရင် လူဝတ် ကြောင်ဘဝနဲ့ တပူးတွဲတွဲတရားရှာခဲ့ကြပုံ၊ ရဟန်းဘဝနဲ့ တပူးတွဲတွဲ သာသနာပြုခဲ့ကြပါပုံ စတဲ့ ပုံရိပ်တွေက တစ်ပါးစီလှုပ်ရှားမှု ပုံရိပ်တွေထက် ပိုပြီး ရုပ်လုံးကြွနေသလားလို့ပါ။ ဒီရုပ်လုံးကြွ ပုံရိပ်တွေကို ဒါရိုက်တာတွေကလည်း အလွတ်ပေးမှာ မဟုတ်ပါဘူး။ ဒါက အနုပညာရှု့ထောင့်က တွေးကြည့်မိတာပါ။
အရှင်သာရိပုတ္တရာရဲ့ စကားတော် မြစ်ဖျားခံရာ လိုက်ကြည့်လိုက်တော့ အရှင်မောဂ္ဂလာန်ကိုပါ ဇာတ်ဆောင်တစ်ပါးအနေနဲ့ ပူးတွဲတွေ့ရပါတယ်။
အခါတစ်ပါးမှာ အရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ အရှင်မောဂ္ဂလာန်မထေရ်နဲ့အတူ တစ်ခုသောတောအုပ်မှာ အရဟတ္တဖိုလ်သမာပတ်ကိုပွားများပြီး သီတင်းသုံးနေတော်မူပါတယ်။ အဲဒီလိုနေရင်း တစ်နေ့ အရှင်သာရိပုတ္တရာ မထေရ်မှာ လေနာရောဂါတစ်ခု ဖြစ်ပေါ်လာပါတယ်။ ရောဂါဖြစ်လာတော့ ရောဂါရဲ့ဒဏ်ကို အနည်းနဲ့ အများ ခံစားရစမြဲပေါ့။ အရှင်သာရိပုတ္တရာမထေရ်လည်း ရောဂါရဲ့ ဒဏ်ကသက်သာလို သက်သာငြား လဲလျောင်းနေ တော်မူပါတယ်။ အဲဒီအချိန်မှာပဲ အရှင်မောဂ္ဂလာန်က အရှင်သာရိပုတ္တရာကို ခစားဖို့ ရောက်လာပါတယ်။ အရှင်သာရိပတ္တရာပြုမူနေပုံ အနေအထားကိုကြည့်ပြီး ရောဂါ တစ်ခုခု ခံစားနေရတာပဲလို့ သိလိုက်ပါတယ်။
“ငါ့ရှင် ဘာရောဂါ ခံစားနေရပါသလဲ”
“တပည့်တော် လေနာရောဂါ ခံစားနေရပါတယ်”
“ငါ့ရှင် ရှေးတုန်းက ဘာဆေးနဲ့ ပျောက်ဖူးသလဲ”
“အို ငါ့ရှင် လူ့ဘောင်မှာ နေစဉ်အခါတုန်းက ဒီလေနာ ရောဂါဖြစ်ပြီဆိုရင် ငါ့ရဲ့ မယ်တော်က ထောပတ် ပျားသကာတွေနဲ့ ရောနှောပြီး ရေမရောတဲ့နို့ရည်နဲ့ ချက်တဲ့ “ဃနာနို့ထမင်း”  ကိုကျွေးပါတယ်။ အဲဒီ “ဃနာနို့ထမင်း” နဲ့  ပျောက်ပါတယ်”
“ငါ့ရှင် သာရိပုတ္တရာ သင့်ရဲ့ဘုန်းကံ ငါ့ဘုန်းကံ တကယ်လို့ ရှိမယ်ဆိုရင် မနက်ဖြန်ခါ သင်ပြောတဲ့ “ဃနာနို့ထမင်း” ရကောင်းပါရဲ့”
မထေရ်နှစ်ပါး အပြန်အလှန် ပြောဆိုနေတာကို သစ်ပင်စောင့်နတ်က ကြားသွားပါတယ်။ ဒီသစ်ပင်စောင့်နတ်က အရှင်သာရိပုတ္တရာမထေရ်ကို ကြည်ညိုရင်းစွဲရှိသူပါ။ သူလည်း အရှင်သာရိပုတ္တရာရဲ့ ရောဂါကို တစ်ဖတ်တစ်လမ်းက ကူညီချင်ဟန်တူပါတယ်။ ဒါကြောင့် အရှင်သာရိပုတ္တရာရဲ့ ဒါယကာအိမ်သွားပြီး အဲဒီအိမ်က သားကြီးကို ဝင်ပူးပါတယ်။ ဝင်ပူးပြီးတော့ “မနက်ဖြန် အရှင်သာရိပုတ္တရာအတွက် နို့ဃနာဆွမ်းလောင်းရင် သားကြီးကို လွှတ်ပေးမယ်” လို့ ပြောပါတယ်။ ဒီတော့ အိမ်ရှင်တွေက“ သင်မပြောလဲ အရှင်သာရိပုတ္တရာကို ငါ့တို့ လောင်းလှူနေကျပဲ” လို့ ပြန်ပြောလိုက်ပါတယ်။
တိုတိုပြောရရင်တော့ နောက်တစ်နေ့ နံနက် အရှင်မောဂ္ဂလာန်ဆွမ်းခံကြွ၊ အရှင်မောဂ္ဂလာန်ကို အိမ်မှာ ဘုန်းပေးသုံးဆောင်စေ၊ အရှင်သာရိပုတ္တရာအတွက် “နို့ဃနာဆွမ်း” သပိတ်ထဲအပြည့်လောင်းလူ၊ အရှင်မောဂ္ဂလာန် ကျောင်းပြန်ပြီး အရှင်သာရိပုတ္တရာကို ဆွမ်းကပ်ပေါ့။
အရှင်သာရိပုတ္တရာက အရှင်မောဂ္ဂလာန်ကပ်တဲ့ “နို့ဃနာဆွမ်း” ကို ဆင်ခြင်ကြည့်လိုက်တော့ “ပယောဂ”  ပါနေတယ်ဆိုတာ သိလိုက်ပါတယ်။ ဒါကြောင့် “ငါ့ရှင် မောဂ္ဂလာန်၊ သုံးဆောင်ခြင်းငှာမထိုက်၊ သင့်လျော်ရာ တစ်နေရာမှာ သွန်ပစ်လိုက်ပါ” လို့ မိန့်ဆိုပါတယ်။ အရှင် မောဂ္ဂလာန်ကလည်း “ငါကဲ့သို့သောသူ ယူဆောင်လာသောဆွမ်းကို မသုံးဆောင်လေတကား” လို့ စိတ်ထဲစနိုးစနှောင့်မဖြစ်ဘဲ သင့်လျော်ရာမှာ သွန်ပစ်လိုက်ပါတယ်။ နို့ဃနာဆွမ်း မြေပေါ်မှာ ရောက်တာနဲ့ အရှင်သရိပုတ္တရာရဲ့ လေနာရောဂါလဲ တစ်ခါတည်းပျောက်သွားပါသတဲ့။ ပြီးတော့ အရှင်သာရိပုတ္တရာမထေရ်က အောက်ပါ နိဒါန်းစကားကို ကျူးရင့်လိုက်ပါတယ်။

“ဝစီဝိညတ် ပြန့်ခြင်းဟုဆိုအပ်သော နှုတ်မြွတ် ပြောဆိုခြင်းကြောင့် ဖြစ်ပေါ်သော ပျားသကာတို့နှင့် ရောနှော အပ်သော နို့ဃနာဆွမ်းကို ငါသည်အကယ်၍ စားမိသည်ဖြစ်အံ့။ ငါ၏ အသက်မွေးခြင်းကို သူတော်ကောင်းတို့ ကဲ့ရဲ့အပ်သည် ဖြစ်ရာ၏။ ငါ၏ အူခွေအူမတို့သည် မိမိတည်ရာ ဝမ်းဗိုက်အတွင်းမှထွက်၍ အပြင်၌အစာရှာစေကာမူ အသက်ကိုစွန့်ရစေကာမူ အသက်မွေးမှုကို စောင့်ရှောက်ခြင်း၊ အာဇီဝသီလကို မဖျက်ပေအံ့။ ငါသည် မိမိ၏ စိတ်ကို နှစ်သက်စေအံ့၊ မလျောက်ပတ်သော ရှာမီးခြင်းကို ငါဆက်စုပ်ရွံရှာတော်မူအပ်သော မသင့်သော ရှာမှီးခြင်းမျိုးကို အမြဲပင်မပြုဘဲနေအံ့”
ဒီနေရာမှာ ရှင်းစရာ တစ်ခုရှိပါတယ်။ ဘာလဲဆိုတော့ အရှင်သာရိပုတ္တရာ နို့ဃနာဆွမ်းကို သွန်ပစ်ရတဲ့ အကြောင်းပါ။
မြတ်စွာဘုရားရဲ့ တပည့်သား ရဟန်းတော်တွေဟာ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးဆိုတဲ့ ပစ္စည်းလေးပါး အတွက် ဒကာ၊ ဒကာမတွေကို အမှီပြုပြီး နေကြရတာပါ။ အမှီပြုပြီး နေရတယ်ဆိုပေမယ့် အလှူခံချင်တိုင်း ခံခွင့် မရှိပါဘူး။ စည်းတွေဘောင်တွေ ရှိပါတယ်
စာထဲမှာ အလှူခံခြင်းနဲ့ ပတ်သက်ပြီး နိမိတ်၊ သြဘာသ၊ ပရိကထာ ဝိညတ်ဆိုတဲ့ ဝေါဟာရလေးမျိုး ရှိပါတယ်။ နိတ်မိတ်ဆိုတာက လိုချင်တဲ့ ပစ္စည်းတစ်ခုကို အမှတ်နိမိတ်ပြုပြီး အလှူခံတာပါ။ သြဘာသဆိုတာက အဖြောင့်တိုက်ရိုက်မဆိုဘဲ ရိပ်ခါဝဲခါနဲ့ ပြောဆိုပြီး အလှူခံတာပါ။ ပရိကထာဆိုတာက ပရိယာယ်စကားကို ပြောပြီးအလှူခံတာပါ။ ဝိညတ်ဆိုတာက “ကျောင်းလှူလော့” လို့ အဖြောင့်တိုက်ရိုက် အလှူခံတာပါ။
ရဟန်းတော်တွေဟာ ပစ္စည်းလေးပါးထဲက ဆွမ်းနဲ့ သင်္ကန်းကို အထက်ကပြောခဲ့တဲ့၊ နိမိတ်၊ သြဘာသ၊ ပရိကထာ၊ ဝိညတ်ဆိုတဲ့လေးမျိုးနဲ့ လုံးဝအလှူမခံကောင်းပါဘူး။ ကျောင်းကို နိမိတ်၊ သြဘာသနှစ်မျိုးနဲ့ အလှူခံကောင်းပါတယ်။ ဆေးပစ္စည်းကျတော့ နိမိတ်၊ သြဘာသ၊ ပရိကထာ၊ ဝိညတ်လေးမျိုးလုံးနဲ့ အလှူခံခွင့်ရှိပါတယ်။ ဒါက စာမှာလာတဲ့ အဆုံးအဖြတ်ပါ။
အခု အရှင်မောဂ္ဂလာန်ရလာတဲ့ နို့ဃနာဆွမ်းဟာ ကိုယ်တိုင် ပယောဂမပါပေမယ့် သစ်သင်စောင့် နတ်ရဲ့ နှုတ်မြွက်ခြင်းဆိုတဲ့ ဝိညတ်ပယောဂ ပါနေပါတယ်။ ဒါကို ကြည့်ပြီး အရှင်သာရိပုတ္တရာက သွန်ပစ်ခိုင်းတာ ဖြစ်ပါတယ်။
ဒီအပြုအမှုကို သီလထဲမှာထည့်ရင် အာဇီဝပါရိသုဒ္ဓိ သီလပါ။ အာဇီဝပါရိသုဒ္ဓိသီလဆိုတာက ဗေဒင်ဟောလို့ ဆေးကုလို့ စသည့်ဖြင့် မသင့်သော နည်းတွေနဲ့ ရှာမှီးလို့ရတဲ့ ပစ္စည်းလာဘ်လာဘမှ ရှောင်ကြဉ်တာပါ။
အပြစ်မကင်းတဲ့ အပြုအမူတွေနဲ့ ကြုံတဲ့အခါ ကြိုက်မရှက်၊ ငိုက်မရှက် အစရှိတဲ့ လောကစကားပုံတွေနဲ့ ကိုယ့်အပြစ်ကိုယ် ဖော့တွေးခဲ့ဖူးပါတယ်။ အရှင်သာရိပုတ္တရာရဲ့ အပြုအမူကိုဖတ်ပြီး ကျောထဲချမ်းစိမ့် သွားတာတော့ အမှန်ပါပဲ။

ရဝေနွယ်(အင်းမ)
-ကျမ်းကိုး
-ဝိသုဒ္ဓိမဂ် ပထမအုပ်
-မြတ်သတိ ဇူလိုင် ၂၀၀၀။
ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

 
^ထိပ်ဆုံးသို့