မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Monday, August 13, 2012

ရွှေစကားတို့ရဲ့ မြစ်ဖျား (၂)






“တော်ထဲ၌ ပရိသတ်ခြွေရံနည်းသည်၊ ကြောက်တော်မမူလော”
(တောင်ဖီလာဆရာတော်)
“ကြောက်၍ပင် တောထဲ၌ ပရိသတ်အနည်းနှင့်နေပါသည်”
(ရွှေဥမင်ဆရာတော်)

အင်းဝခေတ် စာမျက်နှာတွေလှန်လိုက်ရင် လုံးဝ ချန်လှပ်လို့မရတဲ့ ရွှေစကားနှစ်ခွန်းရှိပါတယ်။ အဲဒါတွေကတော့ တောင်ဖီလာဆရာတော်နဲ့ ရွှေဥမင်ဆရာတော်တို့ရဲ့ စကားနှစ်ခွန်းပါ။ ဒီစကားနှစ်ခွန်းရဲ့ မြစ်ဖျားခံရာကို ကြည့်လိုက်တော့……..   
                 
တောင်ဖီလာဆရာတော်နဲ့ ရွှေဥမင်ဆရာတော်ဆိုတာ အင်းဝခေတ် သာလွန်မင်းတရားလက်ထက်မှာပေါ်ထွန်းခဲ့တဲ့ ဆရာတော်တွေပါ။  အဲဒီခေတ်လတ်တလော ပစ္စုပ္ပန်အနေအထားအရ တောင်ဖီလာဆရာတော်က မြို့မှာ သီတင်းသုံးတဲ့ ဆရာတော်။ မင်းကိုးကွယ်တဲ့ ဆရာတော်၊ ရွှေဥမင်ဆရာတော်က တောထဲမှာ ကပ္ပိယသူတော် တစ်ယောက်ကိုသာ အဖော်ပြုပြီး သတင်းသုံးနေတဲ့ ဆရာတော်။ ဒါပေမယ့် ဆရာတော်နှစ်ပါးစလုံး ပါရမီဗီဇအခံတွေ တူနေကြတော့ လျှောက်လှမ်းနေတဲ့ ခြေလှမ်းနှစ်စုံဟာ တစ်ခုတည်းသော ပန်းတိုင်ဆီကိုသာ ဦးတည်နေပါတယ်။ ဦးတည်ချက်ပန်းတိုင် မှန်ရင် လုပ်ဆောင်ချက်လဲမှန်ကြတာ လောကဓမ္မတာပါ။ 

တစ်နေ့မှာ သာလွန်မင်းတရားးဆီကို “နှစ်ပေါင်း များစွာ ပျောက်ကွယ်နေတဲ့ မန်းစက်တော် နှစ်ဆူကို ရှာဖွေပေးဖို့” စာသွင်းလျှောက်ထားကြပါတယ်။ မင်းကြီးလဲ သဘောကျတာနဲ့ ကြည်ညိုရင်းစွဲရှိတဲ့ တောင်ဖီလာဆရာတော် အပါအဝင် ဆရာတော်လေးပါးနဲ့အတူ မန်းစက်တော်ရာ နှစ်ဆူရှာဖို့ အင်းဝနေပြည်တော်ကနေ မင်းဘူးကိုကြွခဲ့ကြပါတယ်။ ဒီလိုနဲ့ တစ်တောဝင် တစ်တောင်ထွက် ရှာလိုက်ကြတာ ရက်တွေသာ ကုန်လွန်သွားပါတယ်။ ဘာသဲလွန်စမှ မရဘူးဖြစ်နေပါတယ်။ ရှာလိုက် နားလိုက် စက်တော်ရာအနီး မရှက်ရွာရောက်တော့ အနားယူရင်း တစ်ညတာ ကျိန်းစက်ဖို့ စီစဉ်ကြပါတယ်။  

အဲဒီညမှာပဲ တောင်ဖီလာဆရာတော် အိပ်မက်မက်ပါတယ်။ ဘယ်လိုမက်သလဲဆိုတော့ လူတစ်ယောက်က ခွေးနက်ကြီးတစ်ကောင်နဲ့လာပြီး “ဘုန်းကြီးတို့လာကြသည်မှာ အန္တရာယ်ကြီးလှပါသည်။ တောလည်းနက် သားရဲလဲထူပြောပါတယ်၊ အဘယ့်ကြောင့်ကြွလာရသနည်း” လို့ မေးပါတယ်၊ ဆရာတော်ကလဲ “ရှေးမင်းတို့ သွားရောက် ပူဇော်လေ့ရှိတဲ့ စက်တော်ရာနှစ်ဆူရှိကြောင်း၊ ရာဇဝင်ကြောင်းရှိ၍ ရှာဖွေရန်ကြွလာကြောင်း”  ပြန်အမိန့်ရှိလိုက်ပါတယ်။ ဒီတော့ ခွေးနက်ကြီးနဲ့လူဟာ “`ဤသို့ဆိုလျှင် ခွေးနက်ကြီးဝင်ရာတော်သို့ နောက်ကလိုက်လျှင် တွေ့ပါလိမ့်မည်” လို့ပြန်လျှောက်ပါတယ်။ စကားဆုံးတော့ ဆရာတော်လည်း တစ်ခါတည်းနိုးသွားပါတယ်။ အဖော်သုံးပါးကိုလည်း အိပ်မက်အကြောင်းပြေပြလိုက်ပါတယ်။
မနက်မိုးလင်းတော့ အိပ်မက်အတိုင်းလိုက်ရှာကြပါတယ်။ ခွေးနက်ကြီးတစ်ကောင်က ဆရာတော်တို့ရဲ့ ရှေ့ကသွားနေတာနဲ့ ခွေးနက်ကြီးနောက်လိုက်ရင်း စက်တော်ရာ နေရာရောက်တော့ ပျောက်သွားပါတယ်။ မန်းချောင်းနှဖူးအရောက်မှာ နတ်ဘီလူးတစ်ယောက် ကိုယ်ထင်ရှားပြပြီး စက်တော်ရာနှစ်ဆူကိုလိုက်လံ ညွှန်ပြပါတယ်။ 

တောင်ဖီလာဆရာတော်တို့လည်း စက်တော်ရာနှစ်ဆူတွေ့ပြီဆိုတော့ တောင်ပေါ်မှာပဲ ကျိန်းစက်ကြပါတယ်။ တောင်ဖီလာဆရာတော်ကတော့ ပဋ္ဌာန်းဒေသနာနဲ့ ရွတ်ဖတ်ပြီးပူဇော်ပါတယ်။ ပြီးတော့ ဆရာတော်က စက်တော်ရာကို ပံ့သကူသင်္ကန်းနဲ့ လွှမ်းအုပ်ပြီး  “ငါသည် ဘုရားဖြစ်မည်ဧကန်မှန်လျှင် ဤသင်္ကန်း၌ တစ်ရာ့ရှစ်ကွက် စက်လက္ခဏာများ ထင်စေသတည်း” ဆိုပြီး အဓိဠာန်လိုက်ပါတယ်။ သင်္ကန်းတော်ဟာ ကြိုးကြာရုပ်ကဲ့သို့ ကုန်းကွထလာတယ်လို့ ဆိုပါတယ်။ ကြိုးလည်းကြိုးစား ကြာလည်းကြာဦးမယ်ဆိုတဲ့ အမှတ်နိမိတ်ပါ။ ဒါတွေ ရေးပြလိုက်ရတာကတော့ စက်တော်ရာ နှစ်ဆူနဲ့ တောင်ဖီလာဆရာတော်တို့ရဲ့ ကျေးဇူးရယ်၊ မြန်မာပြည်သား ဘုရားဆုပန် ဆရာတော်တစ်ပါးရဲ့ ပုံရိပ်ကိုတစ်စိတ်တစ်ဒေသရယ်ကို ကြည်ညိုစေချင်သိစေချင်လို့ပါ။ 

တောင်ဖီလာဆရာတော်ဟာ စက်တော်ရာကအပြန် ရွှေဥမင်ဆရာတော်ထံ ဝင်ရောက်ဖူးတွေ့ပါတယ်။ တောင်ဖီလာဆရာတော်က  ရွှေဥမင်ဆရာတော်ကို ဖူးရုံသက်သက်မဟုတ်ဘဲ သီခြားရည်ရွယ်ချက်တစ်ခုလည်း ပါလာပါတယ်။ အဲဒါကတော့ မိမိရေးသားပြုစုထားတဲ့ ဝိနည်း ငါးကျမ်း ပါဠိအဠကထာ နိဿယနဲ့ ၊ ရွှေဥမင်ဆရာတော် ပြုစုရေးသားထားတဲ့ ဝိနည်းငါးကျမ်း ပါဠိအဠကထာနိဿယ တို့ကို တိုက်ဆိုင်ကြည့်ချင်လို့ပါ။ 

မင်းဆရာတော် ကြွလာတယ်ဆိုတော့ သိတဲ့အတိုင်းပါပဲ။ နောက်ကခြွေရံပရိသတ်တွေ လှူဖွယ်ပစ္စည်းဝတ္ထုတွေ အပြည့်နဲ့ပေါ့။ ရွှေဥမင်ဆရာတော်က ကပ္ပိယသူတော် တစ်ယောက်ပဲရှိပါတယ်။ ပြီးတော့ ဘာပစ္စည်းဝတ္ထုမှလည်း မရှိပါဘူး။ ပစ္စည်းဝတ္ထုဘယ်လောက်ခေါင်းပါးသလဲဆိုရင် မင်းဆရာနဲ့ ပရိသတ်အတွက် နေရာထိုင်ခင်းမပေးနိုင်လို့ မိမိထိုင်နေကျ သားရေနွယ်အခင်းလေးကို ဖုန်ခါပြီးနေရာ ထိုင်ခင်းပေးရပါတယ်။ အဲဒီလောက်အထိ ပစ္စည်းဝတ္ထု ခေါင်းပါးတာပါ။ 

ရွှေဥမင်ဆရာတော်ရဲ့ လက်ရှိပစ္စက္ခ အနေအထာ
းအရ တောထဲမှာပရိသတ်မရှိပုံ ပရိသတ်မရှိလို့ ပစ္စည်းဝတ္ထု ခေါင်းပါးပုံတို့ကို ကြည့်ပြီး တောင်ဖီလာဆရာတော်က….

“အရှင်ဘုရား… တောထဲ၌ ပရိသတ်ခြေရံနည်းသည်၊ ကြောက်တော်မမူသောလော” လို့မေးလျှောက်ပါတယ်။ ဒီတော့ ရွှေ့ဥမင်ဆရာတော်က ”ကြောက်၍ပင် တောထဲ၌ ပရိသတ်အနည်းနှင့်နေပါသည် လို့ ပြန်မိန့်လျှောက်ပါတယ်။ 

မထင်မှတ်ထားတဲ့စကားကြားလိုက်ရတော့ တောင်ဖီလာဆရာတော် တော်တော်လေးတုန်လှုပ်သွားပါတယ်။ ပါရမီ အခြေခံရှိပြီးသားဆိုတော့ ဒီစကားနဲ့တန်ပြန်အတွေးတစ်ခု ဝင်လာပါတယ်။ အဲဒါကတော့ “သြော်… ငါကတော့ မကြောက်တက်သူဖြစ်ခဲ့ပါပြီ” ဆိုတဲ့ တန်ပြန်အတွေးပါ။ နောက် တောင်ဖီလာဆရာတော်က သူ့မှာပါလာတဲ့ ပစ္စည်းတွေထဲက နှစ်ထပ်သင်္ကန်းကြီးကို ကိုယ်တိုင်ကိုင်ပြီး …

“သင်္ကန်းပါဘုရား… အရှင်မဟာကဿပကိုဘုရားရှင် ကပ်လှူသော နှစ်ထပ်သင်္ကန်းကြီးကဲ့သို့ မွန်မြတ်သော မင်းဧကရာဇ်လှူ၍ ရသော ပစ္စည်းပါဘုရား။ သံသရာကို ချီးမြှောက်သဖြင့် သုံးဆောင်တော်မူပါ” လို့ပြောဆိုပြီး လှူဒါန်းပါတယ်။ ရွှေဥမင်ဆရာတော်ကလည်း ကိုယ်တိုင် လက်နှစ်ဖက်နဲ့ခံယူပါတယ်။ သင်္ကန်းကို အောက်မချသေးဘဲ တောင်ဖီလာဆရာတော်နည်းတူ သင်္ကန်းကို အပေါ်မြှောက်လိုက်ပြီး “သာဓု၊ သာဓု၊ ဤသင်္ကန်းကို ရွှေစည်းခုံဘုရားအား လှူပါ၏” လို့ဆိုပြီး အောက်ပြန်ချထားလိုက်ပါတယ်။ နောက် တောင်ဖီလာဆရာတော်က ပါလာတဲ့ ပစ္စည်းတွေကို တစ်ခုချင်းလှူပါတယ်။ ပစ္စည်းတစ်ခု လှူတိုင်း လှူတိုင်း ရွှေဥမင်ဆရာတော်က “ဤပစ္စည်းကို ရွှေစည်းခုံဘုရားအား လှူဒါန်းပါ၏” လို့ချည်းဆိုပြီး ဘေးကို ချချထားလိုက်ပါတယ်။ 

ရွှေဥမင်ဆရာတော်ရဲ့ အပြုအမူကိုကြည့်ပြီး တောင်ဖီလာ ဆရာတော်က ဒီလိုတွေးပါတယ်။ “သြော်…. ငါကား မင်းဆရာဖြစ်၍ ငါ့ပစ္စည်းဝတ္ထုတို့၌ ရွံရှာသဖြင့် ဤသို့ ပြုချေသည်”

ရွှေဥမင်ဆရာတော်ရဲ့ သဘောကတော့ အဲဒီလို မဟုတ်ပါဘူး၊ ရွှေဥမင်ဆရာတော်ရဲ့ သဘောက “ဤ အရှင်မြတ်သည် မင်းဧကရာဇ်ဆရာတော်ဖြစ်လျက် ကိုယ်တိုင်ငါ့ထံသို့လာရောက်၍ ပူဇော်သက္ကာရများနှင့် ငါ့အားပူဇော်ပေသည်။ ငါးကား သူကဲ့သို့ပူဇော်ရန် ပစ္စည်း ဝတ္ထုမရှိသောကြောင့် သူ့အားမပူဇော်ရ။ ထိုအရှင်မြတ်အား ပစ္စည်းပရိသတ် ခြွေရံတို့ကိုစွန့်၍ တောနေခြင်းအကျိုးငှာ မြတ်သောဆုံးမစကားဖြင့် ပူဇော်အံ့။ နောက်တစ်ခုအလွန်ရခဲလှစွာသော ရဟန်းအဖြစ်ကို ရပါလျက်မင်းဆရာတော် အခေါ်ခံ၍ နေခြင်းသည် အကျိုးမရှိ၊ အကျိုးရှိရာကို ရှာစေအံ့”  အဲဒီလို နှလုံးသွင်းနဲ့ ပြုမူပြောဆိုခဲ့တာပါ။ 

လှူဖွယ်ဝတ္ထုတွေလှူပြီးတော့ တောင်ဖီလာဆရာတော်က မိမိရေးသားထားတဲ့ ဝိနည်းငါးကျမ်း ပါဠိအဠကထာ နိဿယနဲ့ ရွှေဥမင်ဆရာတော်ရေးသားထားတဲ့ ဝိနည်း ငါးကျမ်း ပါဠိအဠကထာနိဿယကို တိုက်ဆိုက်ကြည့်လိုကြောင်း လျှောက်ထားပါတယ်။ ရွှေဥမင်ဆရာတော်ကလည်း မိမိရေးသားထားတဲ့ ပါဠိအဠကထာနိဿယကို ချက်ချင်းပဲ ထုတ်ပြပါတယ်။ တောင်ဖီလာဆရာတော်က ရွှေဥမင်ဆရာတော်ရဲ့ နိဿယကို စိတ်ချကျေနပ်သည်အထိ ကြည့်ရှု့ပါတယ်။ ကြည့်လို့အားရတော့မှ “ငါရေးသားသည့် နိဿယသည် ကျယ်လွန်းသည်၊ ရွှေဥမင်ဆရာတော် နိဿယသည် ကျဉ်းသည်။ ရွှေဥမင်ဆရာတော် နိဿယသည်ပင် နောင်စာသင်သားတို့အတွက် အားကိုးရာ ဖြစ်လောက်ပြီ၊ နှစ်နည်းရှိသဖြင့် လောကဝယ် ဘုရားနှစ်ဆူပွင့်သော် သတ္တဝါတို့၌ သူ့ဘုရားသာသည် ငါ့ဘုရားသာသည် အငြင်းအခုံသာဖြစ်၍ အကျိုးမရှိသကဲ့သို့ ရှိပေတော့မည်” အဲဒီလို နှလုံးပိုက်ပြီး မိမိကိုယ်တိုင် ရေးသားထားတဲ့ နိဿယတွေကို ရွှေစည်းခုံစေတီရင်ပြင်မှာ မီးပူဇော်လိုက်ပါတယ်။ ပြီးမှ ပြန်ကြွသွားပါတယ်။ 

ရှေးရှေးဆရာတော်ကြီးတွေဟာ ဘာစာမူခ ဘာလာဘသက္ကာရမှ မျှော်လင့်ချက်မထားဘဲ ကျမ်းပေါင်းများစွာကို တကယ့်သဒ္ဓါနှလုံးသားစစ်စစ်နဲ့ ရေးသွားတာပါ။ အဲဒီခေတ်ကာလက ဘောလ်ပင်တွေ၊ စာရွက်တွေ၊ လျှပ်စစ်မီးတွေ မပေါ်သေးတော့ ပေရွက်မှာ ကညစ်တံနဲ့ မီးခွက်ထွန်းပြီး ခဲရာခဲဆစ် ရေးခဲ့ကြရတာပါ။ ဒါတင်မကသေးဘဲ ကျမ်းချင်းတူလို့ ကိုယ့်ရဲ့ ကျမ်းစာက အားနည်းချက်ရှိနေရင်လည်း မီးပူဇော်ပစ်ဖို့ဝန်မလေးကြပါဘူး။ ဒါတွေကတော့ စာရေးတဲ့ အခါတိုင်းတွေးရမယ့် အတွေးတွေလို့ နားလည်ထားမိပါတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ လက်တွေ့အနေနဲ့ ကွာဟနေပြန်ပါတယ်။ “သြော်… ဒီအတွေးတွေ တွေးဖြစ်ပါလား” ဆိုတဲ့ အတွေးနဲ့ပဲ ကိုယ့်ကိုယ်ကို ဖော့ပြီး ဖြေဆည်လိုက်ရပါတယ်။ 

တောင်ဖီလာဆရာတော်နဲ့ ရွှေဥမင်ဆရာတော် နှစ်ပါးရဲ့ အပြုအမူတွေကို ကြည့်နေသူတွေထဲမှာ ကပ္ပိယသူတော်လဲ ပါပါတယ်။ ကပ္ပိယသူတော်က သူ့ဆရာတော်ရဲ့ အပြုအမူတွေကို အားမလိုအားမရဖြစ်နေဟန်တူပါတယ်။ ဒါကြောင့် တောင်ဖီလာဆရာတော်ပြန်ကြွသွားတော့ ရွှေဥမင်ဆရာတော်အနားကပ်ပြီး……

“ဘုန်းကြီးတို့ ဝိနည်းမှာ သဒ္ဓါ၍ လှူသောပစ္စည်းကို မသုံးဆောင်ဘဲ သူတစ်ပါးကိုမပေးအပ်၊ ပေးသော် သူ့သဒ္ဓါတရားကို ဖျက်ဆီးသည်မည်ရကား သဒ္ဓါဒေယျဝိနိပါတဒုက္ကဋ်အာပါတ်သင့်သည် မဟုတ်ပါလော။ အဘယ့်ကြောင့် မင်းဆရာကိုယ်တိုင် လာ၍ လှူသည့် ပစ္စည်းကို အားပါးမနာ သူရှေ့တွင်ပင် ရွှေစည်းခုံကိုလှူဘိသနည်း။ မသင့်လော” လို့ အပြစ်တင်ဟန်နဲ့လျှောက်ပါတယ်။ ဒီတော့ ရွှေဥမင်ဆရာတော်က  “သူတော် ငါ့စောင့်၏ သူတော့် ဆရာတော်ကို ငါဆုံးမလိုက်သည်။ ဒီကအပြန် စစ်ကိုင်းလေးထပ်ကြီး သူနေသောကျောင်းတော်ကို သူတော့်ဆရာတော် ဝင်ဝံ့ပေလျှင် လောကဝယ် အာဂယောက်ျားပဲ” လို့ ပြန်အမိန့်ရှိလိုက်ပါတယ်။ 

မကြာခင်တစ်ရက်မှာ ရွှေဥမင်ဆရာတော်နဲ့ ကပ္ပိယသူတော်ဆီကို သတင်းတစ်ခု ရောက်လာပါတယ်။ အဲဒီသတင်းကတော့ “တောင်ဖီလာ   ဆရာတော် ရွှေဥမင်ဆရာတော်ဆီကအပြန် မြို့နေမင်းဆရာအဖြစ်ကို ရှက်ရွံ့လို့ စစ်ကိုင်းတောင် အရှေ့ချောက်ကြား တောင်ဖီလာ တောရမှာ တောရဆောက်တည်သွားကြောင်း”်ဆိုတဲ့ သတင်းပါပဲ၊ အဲဒီ အချိန်မှာ ရွှေဥမင်ဆရာတော်က သူတော့်ကို “ကိုင်း ဘယ့်နှယ့်လဲ” ဆိုတဲ့အကြည့်နဲ့ ကြည့်နေပုံ သူတော်ကလည်း သူ့ဆရာတော်စကားတစ်ခွန်း တာသွားပုံကို တွေးပြီး ခေါင်းတဆတ်ဆတ်ညိတ်နေပုံ ပုံရိပ်နှစ်ခုကို အတွေးနဲ့ ပုံဖော်ကြည့်လိုက်မိပါတယ်။ 
ရဝေနွယ်(အင်းမ)
ကျမ်းကိုး
-သီလဝိသောဓနီ(တတိယနံမော်ဆရာတော်)
မြတ်သတိ -စက်တင်ဘာ- ၂၀၀၀။
ခင်မင်စွာဖြင့်…
ဇော်သိင်္ခ

1 comments:

အင်းတော်ရှမ်း said...

မသိသေးသည့် အကြောင်းအရာတွေဖြစ်တဲ့ ယခင်ကတည်းကလေးစားကြည်ညိုရသည့်ဆရာတော်အကြောင်းကိုဖတ်ခွင့်ရလို့ ကျေးဇူးတင် သာဓုခေါ်သွားပါတယ်။

 
^ထိပ်ဆုံးသို့