မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Tuesday, March 29, 2011

အဖေ့အိမ်

5347601.jpg

ဦးဘုန်း(ဓာတု) မန္တလေး ၏ အဖေ့အိမ် စာအုပ်ကို သံယောဇဉ်နွယ် စာပေ မှ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဦးဘုန်း၏ ၅ အုပ်မြောက် စာအုပ်အနေနဲ့ ထုတ်ဝေ ဖြန့်ချီလိုက်ပါပြီ။ ဆရာ ၏ အတွေး လက်ဆောင် လေးများကို ပုံပြင် ဇာတ်လမ်းတိုများ၊ ကိုယ့်တွေ့ဘဝပုံရိပ်များနှင့် သပ်ရပ်စွာ ထုတ်ပိုး တင်ဆက်ပေးထားတဲ့ စာအုပ်လေးဖြစ်ပါတယ်။ ဒီအဖေ့အိမ် စာအုပ်မှာ မျက်နှာဖုံး ပန်းချီကေထွန်း ရဲ့ အဖေ့အိမ် မျက်နှာဖုံး သရုပ်ဖော်လေးနဲ့ အတူ ဦးဘုန်း ၏ အမှာစကားလေးများ ကို ဖော်ပြ ပေးသွားပါ့မယ်။ ဦးဘုန်း(ဓာတု) ၏ ခံစားမှု စာစုများ၊ ဘဝရဲ့ ကြုံတွေ့နေရသော အတွေး လက်ဆောင်လေးများ။ အတွေးစာစုလေးများ အားလုံးကို အွန်လိုင်းမှ စာပေချစ်သူ ပရိသတ်များအတွက် ဦးဘုန်း၏ ဝက်ဆိုဒ်မှ( www.uphonedhartu.com ) မကြာခင် တင်ဆက် ဖော်ပြပေးသွားတော့မည် ဖြစ်ပါကြောင်းလည်း သတင်းကောင်းလေး ပေးလိုက်ရပါတယ်ခင်ဗျာ။

အဖေ့အိမ် မျက်နှာဖုံးမှာ….
            ဘဝရောင်စုံများထဲမှ `အဖေ့အိမ်`
            ပြည့်စုံခြင်း၊ အထီးကျန်ခြင်း…
            ပျော်ရွှင်ခြင်း၊ ပူဆွေးခြင်း…
            အဖေပြောသော အတွေး…
            အဖေပေးသော အသိများ…
            ခံစားမိသမျှ ရောင်စုံဘဝလေးကို
            ပုံဖော်ထားခြင်းဖြစ်သည်။
ကေထွန်း

စာရေးသူ၏ အမှာစကား
ဒီစာအုပ်သည် (၅) အုပ်မြောက်ဖြစ်ပါသည်။
ဒီနေ့ လူတော်တော် များများသည် စာဖတ်ဖို့ အချိန်မရှိကြပါ။
စာဖတ်ဖို့လည်း အချိန်မပေးနိုင်ကြပါ။
အချိန်ကို ငွေဖြင့် ညီမျှခြင်းချပြီး လောဘနှင့် ရှင်သန်နေကြရသော သူများဖြစ်သောကြောင့် စာဖတ်မလား။ ငွေယူမလား… ဆိုလျှင် ငွေကိုသာ ယူကြမည့်သူက များပါသည်။ လူ၏အသိဉာဏ်သည် လူ၏ဘဝဖြစ်သည်။ သို့သော် ငွေသည်သာ လူ၏ဘဝဖြစ်သည်ဟု ခံယူသော ယနေ့ခေတ်အခြေအနေတွင် စာအုပ်တစ်အုပ်ဖြစ်ရန် ကြိုးစားရသည်မှာ မလွယ်ပါ။
စိတ်ကောင်းရှိဖို့.. စာဖတ်ရပါသည်။
လောကဓံကို ခံနိုင်ရည်ရှိဖို့.. စာဖတ်ရပါသည်။
စိတ်ဖိစီးမှု သက်သာဖို့… စာဖတ်ရပါသည်။
ကိုယ်ချင်းစာစိတ် ဖြစ်လာဖို့… စာဖတ်ရပါသည်။
စာမဖတ်သူသည် မျက်လုံးများရှိလျက် ကန်းနေသူသာ ဖြစ်ပါသည်။
စာမဖတ်သူသည် ဦးနှောက်များရှိလျက် အသိဉာဏ်မဲ့နေသူသာ ဖြစ်ပါသည်။
စာမဖတ်သူသည် နှလုံးသားများရှိလျက် ခံစားချက် မဲ့နေသူများသာ ဖြစ်ပါသည်။
စာဖတ်စေချင်ပါသည်။ စာဖတ်စေချင်သောကြောင့် ဖတ်နိုင်လောက်သည့် စာလုံးအရေအတွက်၊ ပေးနိုင်လောက်သည့် အချိန်အကန့်အသတ်၊ စိတ်ရှည် နိုင်လောက်သည့် စာမျက်နှာအနေအထားမျှကိုသာ ရေးဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါသည်။
ယခုစာများသည် မန္တလေးမြို့ထုတ် ဂျာနယ်များ၊ သတင်းစာများတွင် ဖော်ပြပြီးသော စာများသာ ဖြစ်ပါသည်။

ကျွန်တော့်စာများကို ဖတ်ပြီး လူငယ်များက ဒီလိုပြောကြသည်။
``ဆရာရဲ့ စာတွေက မတိုမရှည်နဲ့ဆိုတော့ ဖတ်ရတာ မငြီးငွေ့ဖူးဆရာ။ ဖတ်ရတာ အဆင်ပြေတယ်။ ဖတ်ပြီးရင်.. ရင်ထဲမှာတစ်ခုခု ခံစားရတယ်.. ဆရာ``

လုပ်ဖော်ကိုင်ဖက် ကျောင်းဆရာ တချို့က ပြောကြသည်။
``မောင်ဘုန်း… စာအုပ်ထဲက စာတွေကို စာပြန်လုပ်ထားတဲ့ စာတွေကတော့ .. ရင်ထဲကို မရောက်ဖူးကွ။ မင်းစာတွေက လူတွေထဲက ထွက်လာတဲ့ စာတွေမို့လို့ ဖတ်ရတာ အရသာရှိတယ်။ ဖတ်ပြီး တွေးရတာ ပျော်စရာကောင်းတယ်။ ပြီးတော့… စာသင်ခန်းထဲမှာ ကျောင်းသားတွေကိုလည်း ဆုံးမလို့ရတယ်။ ပြောပြလို့ရတယ်။ လူတွေအတွက် အသုံးကျတယ်ကွ``

ရဟန်းသံဃာတော်များက ဒီလိုဆိုကြပြန်သည်။
``ဒကာကြီးရဲ့ စာတွေက ဘုန်းကြီးတို့ တရားပွဲမှာ ထည့်ပြီးဟောလို့ပြောလို့ရတယ်။ ကြိုက်တယ်။ ကောင်းတယ်။ တရားသဘောတွေ ပြည့်နှက်နေတယ်။ မလေးပင်ဘူး။ အကိုးအကား မပါတာကိုက သဘောကျစရာ ကောင်းတယ်``
ဘာပဲဖြစ်ဖြစ် စာတ်သူများက ကြိုက်နှစ်သက်တယ်လို့ ပြောကြတာကြောင့် ရေးရကျိုးနပ်သည်ဟု ခံစားမိပါသည်။

စာရေးဖော် ရေးဖတ်များကလည်း ကျွန်တော့်၏ စာများကို ဝေဖန်ကြပါသည်။
``ခင်ဗျားရဲ့ စာတွေက ဘယ်အမျိုးအစားထဲကို ထည့်ရမှန်းမသိဘူး။ ရသလည်းပါတယ်။ အတွေးလည်း ပါတယ်။ အက်ဆေးလိုလို၊ ဝတ္ထုလိုလိုနဲ့ ဆိုတော့ ပြောရခက်တယ်။ ဒါပေမဲ့… ခင်ဗျားရဲ့ အရေးအသားအတွေးတွေက ရိုးသားတယ်..။ ရဲရင့်တယ်..၊ ထိရှတယ်။ ဒါကြောင့် ခင်ဗျားစာကို လူတွေက ကြိုက်ကြတာပဲဖြစ်မယ်။ ကျုပ်တို့လည်း ကြိုက်တယ်``
လူတော်..လူညံ့မဖြစ်ဖို့ စာဖတ်စေချင်ပါသည်။
လူတော်လူကောင်းဖြစ်ဖို့ စာဖတ်စေချင်ပါသည်။
လောကတိုက်ပွဲ မကျရှုံးဖို့ စာဖတ်စေချင်ပါသည်။
ယခု ``အဖေ့အိမ်``  ဟု ဆိုအပ်သော ဤစာအုပ်ကို စာဖတ်သူတို့၏ လက်ဝယ်သို့ ပို့လွှတ်လိုက်ပါပြီ။
ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေ..။
ဦးဘုန်း(ဓာတု)
မန္တလေး။
``မြင်းမိုရ်တောင်`` သည် ပြိုတက်ပါသည်။
``မြင်းမိုရ်တောင်`` ပြိုလျှင် ``မြင်းမိုရ်`` တောင်ကြီး ``ပိ`` တက်ပါသည်။
``မြင်းမိုရ်`` တောင်ပြို၍ ``မြင်းမိုရ်``တောင် ``ပိ``၍ ကျလာသော မျက်ရည်များကို ကျွန်တော်တို့ ဘယ်လို အဓိပ္ပာယ်ဖွင့်ကြရမည်နည်း။
``မြင်းမိုရ်ပြို၍ မြင်းမိုရ်ပိသူ`` သည် ကျွန်တော်တို့တစ်တွေသာ ဖြစ်နေပါ သလား ဆိုတာကို စဉ်းစား တွေးခေါ် သုံးသပ် နိုင်စေရန် အတွက် ဦးဘုန်း(ဓာတု) ၏ အဖေ့အိမ် စာအုပ်ကလေး ကို ဖတ်ကြည့်လိုက်ကြရအောင်စို့ဗျာ….။

ခင်မင်စွာဖြင့်……
ဇော်သိင်္ခ

Monday, March 21, 2011

ရွာအလှူ

ဒီတစ်ခေါက် ဇာတိမြေပြန်ရာတွင် ရွာအတွင်းရှိ အစ်မ ဝမ်းကွဲတစ်ယောက် ၏ အလှူနှင့် သွားကြုံခဲ့ပါသည်။ ထို့ကြောင့် ပျော်ရွှင်ခဲ့သည်ဟုပင် ပြောရပါမည်။ ရွာအလှူများ မကြုံဖူးသည်၊ မတွေ့ရသည်မှာ နှစ်ပေါင်းအတော်ကြာနေပါသည် ဖြစ်သည့်အတွက် ပျော်ရွှင်ရခြင်း ဖြစ်ပါသည်။ ငယ်စဉ်က ရွာတွင် အလှူရှိလျှင် အရမ်းပျော်စရာ ကောင်းပါသည်။ အလှူအိမ်တွင် သီချင်းဖွင့်လျှင် ထိုအလှူအိမ်တွင် တစ်နေကုန် နေလေ့ရှိတက်ပါသည်။ ထမင်းကိုလည်း အလှူအိမ်မှပင် စားလေ့ရှိသည်။ ကျွန်တော်တို့နယ်တွင် အလှူအဝင်နေ့ ညနေပိုင်း၌ မောင်ရှင်လောင်း လှည့်လေ့ ရှိပါသည်။ တစ်ချို့ တက်နိုင်သောသူများ လှူလျှင် ထိုအလှူဝင်နေ့ ညနေ၌ ရွာထဲရှိ နွားလှည်းများနှင့် ဘေးရွာရှိ နွားလှည်းများကို ခေါ်ယူ၍ မောင်ရှင်လောင်း များနှင့် နားတွင်း (ယောက်ျားလေးများ ကိုရင်မဝတ်ခင်ကို မောင်ရှင်လောင်းဟုခေါ်၍  မိန်းကလေးများ နားသသည်ကို နားတွင်းဟု ခေါ်ကြပါသည် ) များကိုတင်၍ ရွာရှိ ဘုန်းကြီးကျောင်းသို့ အရင်သွားကန်တော့ကြပြီးနောက် ရွာဦး ဘိုးဘိုးကြီး နတ်စဉ်သို့ သွား၍ နတ်ပြ သွားကြပါသည်။ ထိုနောက် ထိုလှည်းများဖြင့် ရွာကို ပတ်၍ လှည့်သွားကြပြီးနောက် အလှူအိမ်သို့ ပြန်လည် ရောက်လာတက်ကြပြီးနောက်။ အလှူဝင် နေ့ ကျွေးသော ထမင်းဟင်းများကို ချွေးတစ်လုံးလုံးဖြင့် စားသောက်ရသည်မှာ စားလည်းကောင်း ပျော်စရာလည်းကောင်းလှပါသည်။
အလှူနေ့သို့ ရောက်သောအခါတွင်လည်း မနက်စောစောတွင် ထမင်းကျွေးလေ့ရှိပါသည်။ ရွာထဲရှိ လူများအားလုံးကို ဘေးရွာမှ ဧသည်များမလာခင် အစောကြီးသွား၍ စားရပါသည်။ နေအနည်ငယ်မြင့်လာမှ ဘေးရွာမှ ဧည့်သည်များကို ကျွေးလေ့ရှိပါသည်။ အားလုံးကျွေးမွေးပြီးလျှင်လည်း ရှင်လောင်းယူလေ့ ရှိပါသည်။ အလှူတွင် ပါဝင်ကြသော မောင်ရှင်လာင်းများကို ထန်းစဉ်များဖြင့် ကာလသားများမှ ထမ်းကြရပြီးနောက် နားတွင်းများက အောက်မှ လမ်းလျှောက်ကြရပါသည်။ ထို့အပြင် ရွာရှိလူကြီးများ၊ ကလေးများနှင့် အမျိုးသမီးလေးများလည်း အလှူနေ့တွင် ရှင်လောင်းယူ လိုက်ရန်အတွက် ပြင်ဆင်ပြီး ရှင်လောင်းလှည့် လိုက်ကြရပါသည်။ ထိုရှင်လောင်းယူရာ တွင်လည်း ရွာဦးဘုန်းကြီးကျောင်းကို သုံးပတ် အရင်ပတ်ရပါသည်။ ထို့နောက် သုံးပတ်ပြည့်လျှင် ရွာထဲသို့လည်း ရွာတစ်ပတ် ပတ်၍ လှည့်ကြရပါသည်။ ထိုသို့ ရွာအတွင်းသို့ ပတ်၍ ပြန်ရောက်လျှင် ယှဉ်လောင်းလှည့်လိုက်သောသူများက ထမင်း တစ်ထပ် ထပ်၍ စားကြပါသည်။ ပြီးနောက် အလှူရှင် မိသားစုမှ အလှူတွင် ပင့်ဖိတ်ထားသော သံဃာများအား ဆွမ်းကပ်ကြပါသည်။ ရွားဦးဆရာတော်မှ ဆွမ်းဘုန်းပေးပြီးလျှင် အလှူရှင်များအတွက် တရားဟောကြားတော်မူပြီးနောက် မောင်ရှင်လောင်းများအား သင်္ကန်းတောင်းများ ရွတ်ဆိုပေးပြီးနောက် ကိုရင်ဝတ်ပေးလိုက်ပါသည်။ ထို့နောက် အလှူရှင်မိသားစုတို့နှင့်အတူ အလှူအတွက် ရေစက်ချ၊ သာဓု အနုမောဓနာ ခေါ်ဆို၍ ညနေစောင်း အချိန်တွင် အလှူပွဲ ကို အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။

မှတ်ချက်။ ။ ရွာများတွင် အလှူပေးရာ၌ ပုံစံအမျိုးမျိုးရှိကြပါသည်။ ကျွေးသော ထမင်းဟင်များလည်း ပိုက်ဆံ တက်နိုင်လျှင် တက်နိုင်သလို ကျွေးမွေးမှုများ ကွာခြား သွားတက်ကြပါသည်။ ယခုကြုံခဲ့ရသော အလှူပုံစံလေးကိုပဲ ရေးလိုက်ပြီးနောက် မှတ်တမ်းတင်ခဲ့သော ဓာတ်ပုံလေးများကို အမှတ်တရအနေနဲ့ ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါသည်။

5300018.jpg
ဘုန်းကြီးဆွမ်းကပ်ဖို့ရန် ချက်ထားသော ကြက်သားဟင်းအိုးကြီး

5300010.jpg
အလှူလာသောသူများအား ကျွေးမွေးရန် ချက်နေသော ပဲဟင်းအိုးကြီးများ

5300176.jpg
ရွာရှိကလေးများ ထမင်းစားနေသည်ကို လှည့်ကြည့်နေသော အလှူ့ဒါယကာနှင့် အလှူ့ဒါယိကာမ

5300016.jpg
အလှူလာသောသူများ ထမင်းစားနေသည်ကို လှည့်ကြည့်၍ မှတ်တမ်း ဓာတ်ပုံရိုက်နေစဉ်

5300150.jpg
အလှူရှင် မိသားစုများ
5300017.jpg
အလှူလာသောသူများ ထမင်းစားနေကြစဉ်

5300011.jpg
ထိုနေ့အလှူတွင် ရိုးရှင်းစွာကျွေးသော ထမင်း၊ ပဲဟင်း၊ သရက်ချဉ်နှင့် ငါးခြောက်ကြော် တို့ဖြင့်ပြင်ဆင်ထားသော ထမင်းပွဲလေး။

5301240.jpg
အလှူ့ဒါယကာ၊အလှူဒါယိကာမနှင့် မောင်ရှင်လောင်းများ၊ နားတွင်းများအမှတ်တရ ဓာတ်ပုံရိုက်ကြပုံ။
5300202.jpg
ရွာဘုန်းကြီးကျောင်းကို ပတ်၍ ရှင်လောင်းယူလှည့်နေကြပုံ

5300206.jpg
ရွာထဲရှိ အပျိုလေးများမှ ရှင်လောင်းယူလှည့်နေပုံ

5300212.jpg
မောင်ရှင်လောင်း ကို ထမ်းစဉ်ဖြင့် ထမ်း၍ လှည့်နေကြပုံ
5300207.jpg

5300551.jpg
အလှူတွင် ကျွေးသော ထမင်းများကို ပေါင်းအိုးဖြင့် ပေါင်းပြီး မီးဖိုပေါ်မှချနေကြပုံ။

အားလုံးပျော်ရွှင် ချမ်းမြေ့ကြပါစေ....။

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

Saturday, March 19, 2011

မန္တလေး တော့ကင်(န်)


5284128.jpg
မန္တလေးမှ စာရေးဆရာ ကိုဇော်ခိုင်ဦး ၏ မန္တလေး တော့ကင်(န်) ဆိုတဲ့ စာအုပ်လေးကို သူရိယသစ္စာ စာအုပ်တိုက် ကနေ ၂၀၁၀ခုနှစ် ဒီဇင်ဘာလမှာ ပထမအကြိမ်အဖြစ် ထုတ်ဝေလိုက်ပါတယ်။ ဒီမန္တလေး တော့ကင်(န်) ဆိုတဲ့ စာအုပ်လေးမှာ စာရေးဆရာ တစ်ယောက်အနေနဲ့ မန္တလေးရဲ့ အကြောင်းကို ဘယ်လိုတော့ကင်(န်)တွေ ပွားထားလဲ။ ပြီးတော့    ``တစ်ရွက်ချင်း လှန်ဖတ်ဖြစ်ခဲ့ရင် သင်ကိုယ်တိုင် `မန္တလေး`ဖြစ်သွားလိမ့်မည်။`` ဆိုတာကို သိရှိနိုင်စေနိုင်ရန် အတွက် စာပေချစ်ပရိသတ်တွေအတွက် စာအုပ်မိတ်ဆက် အနေနဲ့ စာရေးသူရဲ့ အောက်မေ့ဖွယ် လေးနှင့်တကွ ဒီတော့ကင်(န်)စာအုပ်မှာရေးထားတဲ့ တော့ကင်(န်) ခေါင်းစဉ်လေးများကို ရေးသား ဖော်ပြေပေးလိုက်ရပါတယ်။

အောက်မေ့ဖွယ်
အအေးငွေ့ရစ်သိုင်းခြုံနေသည့်တစ်ည၊ မန္တလေးမြို့သစ် ၆၂ လမ်းနှင့် မနော်ဟရီလမ်းတောင့်ရှိ လက်ဖက်ရည်ဆိုင်ရှေ့ ပလက်ဖောင်းပေါ်မှ စားပွဲလေးဘေး ထိုင်မိရုံရှိသေး ဆရာညိုထွန်းလူက မိမိကို
``ကိုယ့်လူ ဘာမှ တောင်တောင်အီအီ စဉ်းစားမနေနဲ့…ကိုယ် နေ့စဉ်ဒီလောက်သွားနေတဲ့ မန္တလေးအကြောင်း ရှာရေးပေါ့… ဥပမာ မန္တလေးတော့ကင်(န်) ဖြစ်ဖြစ်……``
ရင်ထဲမှအခံကို လှုပ်နှိုးလိုက်သူက ဆရာညိုထွန်းလူ။ မကြာမတင်မှာပင် ရွှေအမြူတေ စာပေဆုပေးပွဲ (၂၀၀၉) ဆင်းဖြစ်ခဲ့ရင်း ပေါ်ပြူလာဂျာနယ်တိုက်သို့ စာရေးဆရာများနှင့်အတူ ရောက်သွားခိုက် ခရီးမဆိုက်ကပင် ဆရာဟိန်းလတ်က
``လာမည့်လက ပေါ်ပြူလာဂျာနယ် ၁၂ နှစ်ပြည့် အမှတ်တရထုတ်မှာ.. အဲဒါ ဆရာ၊ ဆရာမတို့ ရေးပေးကြဦး``
ဆရာက လိုလိုလားလားပင် စာမူတွေ တောင်းခံခဲ့သည်။ သို့ဖြင့် ပေါ်ပြူလာဂျာနယ် အတွဲ ၁၃၊ အမှတ် ၂၇ မှစပြီး ``မန္တလေးတော့ကင်(န်)`` ရေးဖြစ်ခဲ့ခြင်း။
တစ်ခါတစ်ရံ အပတ်စဉ် ဆက်တိုက်..၊ လပိုင်းမျှ ခြားသွား…။ ထုံ့ပိုင်း ထုံ့ပိုင်း။ လူထုဦးလှ နှစ် ၁၀၀ ပြည့်ပွဲမှာ ဓာတ်ပုံဆရာတစ်ဦးက ``မန္တလေး တော့ကင်(န်)`` အဆက်ပြတ်သွား၍ထင့်… မိမိကို
``ဆရာ့ မန္တလေး တော့ကင်(န်) ကို စောင့်ဖတ်နေတယ်နော်…``
မိမိမှာ အံ့အားတသင့်။ ဝမ်းသာရ၊ အားတက်ရသည်။ သို့ဖြစ်ပါ၍ ရေးဖြစ်ခဲ့ဖို့ အကြံပြု အားပေးတိုက်တွန်းခဲ့ကြသော ဆရာညိုထွန်းလူ၊ ဆရာ ဟိန်းလတ်၊ ဆရာမျိုးမြင့်ညိမ်း၊ ကိုခင်မောင်အေး၊(နှင်းနှင်းယု စာအုပ်တိုက်)၊ မောင်နွေလှိုင်း၊ ဆရာမ ချောအိမာန်(မန္တလေး)၊ မမိုးသူဇာ(ကွန်ပျူတာ)၊ စီစဉ်သူ ညီလေး ကျော်သူရ၊ ကျော်သက်ထွန်း၊ သူငယ်ချင်းစိုးမိုးလှိုင်(ဇီဝသုခ)နှင့်တကွ… `Talking` ပရိသတ်အပေါင်းအား ကျေးဇူးအထူးတင်လျက်….
ဇော်ခိုင်ဦး
မာတိကာ
၁။ ပညတ်တော်ဆယ်ပါး ၊ ကြက်သားတစ်ဖဲ့
၂။ ကျွန်တော့်ဆရာပေးသောလက်ဖြင့်
၃။ အဖေတစ်ခု သားတစ်ခု
၎။ ဦးကျားကြီး မီး
၅။ ပထမချစ်သူ
၆။ မြွေကြီးနှစ်ကောင်
၇။ အာဇာနည်နေ့
၈။ မင်းဖြူမှန်မှန်ပြော
၉။ မိုးဟေကို၊ ချစ်ကောင်း၊ ကျောက်ပန်းတောင်း
၁၀။ မြို့မငြိမ်း
၁၁။ တုန်ခြင်း မှုန်ခြင်း သည်းခံပါ
၁၂။ ချိုတကူး
၁၃။ ယတြာ
၁၄။ ငါးမုန့်ခြောက်
၁၅။ ဈေးချိုပုံပြင်
၁၆။ ဒုတိယချစ်သူ
၁၇။ ပိုး
၁၈။ သင်္ကြန်မိုး
၁၉။ ဗာဒံရွက်ကြွေများ
၂၀။ ငတက်ပြားနှင့် ငါးခြောက်ပြား

ဒီမန္တလေး တော့ကင်(န်) စာအုပ်လေးကို…
ရန်ကုန် ဖြန့်ချိရေး…..        ကျော်မွှေးစာပေ နှင့်
မန္တလေး ဖြန့်ချိရေး….        ရာပြည့်စာပေ
                                    ညိုစာပေ
                                    ထွန်းဦးစာပေ
                                    နဂါးစာပေ 
တို့မှာ ဝယ်ယူ ရရှိနိုင်ကြောင်း စာပေချစ်ပရိသတ်များအတွက် သတင်းကောင်းလေး ပေးလိုက်ရပါတယ်။

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

Tuesday, March 8, 2011

ချောအိမာန် ပြီးတော့ ငွေဇင်ယော်ဦး....... ငွေဇင်ယော်ဦး ပြီးတော့ ချောအိမာန်

5218417.jpg
5218412.jpg
ယခု ဖော်ပြပေးမယ့် အကြောင်းအရာကတော့ ကျွန်မရဲ့ စာဖတ်ပရိသတ်တွေအတွက် ကျွန်မနှင့် ငွေဇင်ယော်ဦးတို့ ၏ဝတ္ထုတို စုစည်းမှု စာအုပ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ကျွန်မရဲ့ စာပေချစ်ပရိသတ်တွေအတွက် ကျွန်မရဲ့ ဝတ္တုတို (၈)ပုဒ်နဲ့ ငွေဇင်ယော်ဦးရဲ့ ဝတ္ထုတို (၇)ပုဒ် စုစုပေါင်း ဝတ္တုတို (၁၅) ပုဒ် ပါဝင်တဲ့ စာအုပ် လေးကို ``ချောအိမာန် ပြီးတော့ ငွေဇင်ယော်ဦး … ငွေဇင်ယော်ဦး ပြီးတော့ ချောအိမာန် `` ဆိုတဲ့ စာအုပ်ခေါင်းစဉ် လေးနဲ့  ထူးထူးဆန်းဆန်း ပုံစံလေးနဲ့နှစ်ဖက်လှပုံစံဖြင့် မိုးမာန် စာပေမှ ဒုတိယမြောက် ထုတ်ဝေလိုက်တဲ့ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ မှာ ပထမအကြိမ် အဖြစ် ထုတ်ဝေ ဖြန့်ချီလိုက်ပါတယ်။ ဒီစာအုပ်လေး မှာ အမှာစာ အနေနဲ့ ရေးပေးတဲ့ ဆရာမ မစန္ဒာ ကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ ဒါ့အပြင် ဆရာမ မစန္ဒာမှ ကျွန်မတို့ ရဲ့ စာအုပ်လေးကို ရေးပေးခဲသော အမှာစာလေးကို ကျွန်မရဲ့ စာဖတ်ပရိသတ်တွေ အနေနဲ့ ခံစား ဖတ်ရှုနိုင်စေရန်အတွက် ဆရာမ ရဲ့ အမှာစာလေးများကို ဖော်ပြ ပေးလိုက်ရပါတယ်

***********
ကျွန်မတို့၏ စာပေလောကကြီးသည် သစ်ပင်ကြီးတစ်ပင်နှင့် တူသည်ဟု တင်စား၍ ပြောလိုပါသည်။ စာပေသစ်ပင်ကြီးတွင် အကိုင်းအခက်၊ အရွက်အလက်များနှင့် စိမ်းစိုဝေဖြာပြီး အုံ့ဆိုင်းညိုမှိုင်းနေရန် အရေးကြီးပါသည်။ သို့မှသာလျှင် သစ်ပင်အောက်တွင် အရိပ်ခိုနေသော စာဖတ်ပရိသတ်များ ချွေးသိပ်နိုင်မည်။ အေးမြ အမောပြေနိုင်မည် ဖြစ်သည်။
မန္တလေးမှ ချောအိမာန်နှင့် မိုးကုတ်မှ ငွေဇင်ယော်ဦးတို့သည် စာပေ သစ်ပင်ကြီးကို အားဖြည့်လာသော ရွက်စိမ်း ရွက်သစ်ကလေးများ ဖြစ်ကြပါသည်။ ရွှေအမြူတေ စင်မြင့်မှ ရွှေလက်ကလေး နှစ်လက်ဟု ပြောလျှင်လည်း ရပါသည်။ ယခု သူတို့စာပေညီအစ်မက နှစ်ဦးပူပေါင်းပြီး ဝတ္တုတိုပေါင်းချုပ်တစ်အုပ် ထွက်လာတော့မည်ဟု သိရတော့ ဝမ်းမြောက်ဝမ်းသာနှင့် ကြိုဆိုရပါသည်။
ချောအိမာန်၏ ဝတ္ထုက (၈) ပုဒ်၊ ငွေဇင်ယော်ဦး၏ ဝတ္ထုက (၇) ပုဒ် မို့ စုစုပေါင်း (၁၅) ပုဒ် ပါဝင်ပါသည်။ တစ်ဦးနှင့် တစ်ဦး လက်ရည်ညီကာ ရပ်တည်ချက်ချင်းလည်း တူကြသည်မို့ စာအုပ်တစ်အုပ်အနေနှင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရှိနေပါသည်။
ထူးထူးဆန်းဆန်း အမည်များကို ပိုင်ဆိုင်သော၊ အလွန်ချော၊ အလွန်လှ၊ အလွန်ချမ်းသာသော ဇာတ်ရုပ်များကို သူတို့ မရွေးချယ်ပါ။ ဆန်းဆန်းပြားပြား ဖြစ်တောင့်ဖြစ်ခဲ အဖြစ်အပျက်များကိုလည်း မရေးပါ။ လက်တွေ့ဘဝထဲမှ ဖြစ်လေ့ဖြစ်ထရှိသော ဖြစ်နေပျက်နေသော ဖြစ်ရပ်များနှင့် ဇာတ်ရုပ်များကိုသာ ဝတ္ထု၏ စာမျက်နှာများဆီသို့ ခေါ်လာခဲ့ကြပါသည်။ သူတို့၏ ဝတ္ထုထဲတွင် သက်ဝင်လှုပ်ရှားနေသူများသည် ကျွန်မတို့ နေ့စဉ် သွားရင်း လာရင်း မြင်မိ၊ တွေ့မိ၊ လူချင်းတိုက်မိ၊ ငဲ့စောင်းကြည့်မိ၊ မျက်စောင်းခဲမိ၊ ပြုံးပြနှုတ်ဆက်မိသော သာမန်လူများသာ ဖြစ်ကြပါသည်။
ဖခင်ထံမှ ကွမ်းဝါးဖတ်ကို နှစ်သက်စွာ တောင်း၍စားတက်သော ``ကွမ်းစားသမီး`` ဝတ္ထုတိုလေးထဲမှ အဖေနှင့် သမီး၏ မေတ္တာကို စာဖတ်သူပါ ခံစားလိုက်ရသည်။ ထို့နောက် အားငယ်တက်သော ၊ စိတ်ကောက် ကလေးဆန်သော ဇနီးအပေါ်တွင် ထားရှိသည့် ခင်ပွန်းသည် အဘိုးကြီး၏ မေတ္တာကို ရေးဖွဲ့သည့် ``ဆေးပေးမီးယူ``။ ထိုဝတ္ထုတိုလေး နှစ်ပုဒ်လုံးသည် ရိုးရိုးလေးနှင့် လှနေပါသည်။ မေတ္တာရနံ့ ပျံ့ပျံ့လေး သင်းနေပါသည်။
``ပွဲခ``၊ ``အားနာခြင်း သည်းခံပါ``၊ ``တစ်ခါတလေမှာ…`` စသည့် ဝတ္တုတိုလေးများကိုတော့ ဖတ်ပြီး ပြုံးရယ်မိပါသည်။ ထိုကဲ့သို့သော ခပ်ဆင်ဆင် အဖြစ်အပျက်မျိုးကို ကျွန်မတို့လည်း ကြုံဖူးသောကြောင့် ဖြစ်ပါသည်။ ကျွန်မတို့၏ ပတ်ဝန်းကျင်တွင် ``မျှော်လင့်ချက်``ထဲမှ စုစုနိုင်လို၊ ``မုသား``ထဲမှ ခင်မေလို၊ ``ခေါင်းမော့ထားသူ`` ထဲမှ ကလျာဆွေလို မိန်းကလေး၊ တစ်ခါတစ်ရံ ယောက်ျားလေးမျိုးကို တွေ့ဖူး မြင်ဖူးကြပါသည်။ ``ငယ်ငယ်တုန်းက တစ်ယောက်`` လို ဘာရယ်လို့ မဟုတ်တာလေးတွေကိုလည်း ကြုံဖူးကြမည် ဖြစ်ပါသည်။ သို့ပါသော်လည်း မြင်သူ၊ တွေ့သူ၊ ကြုံဖူးသူတိုင်းက ဖတ်၍ကောင်းသော စာကလေးများဖြစ်အာင် မဖန်တီးနိုင်ကြ၊ မရေးတက်ခဲ့ကြသည်ကတော့ အမှန်ပင်။
ထူးထူးဆန်းဆန်း အကြောင်းအရာများကို စာဖွဲ့ရသည်က မခက်လှပါ။ မထူးမဆန်းဖြစ်တက် ပျက်တက်၊ ဖြစ်ပျက်နေသောလူတို့နှင့် သူတို့၏ သဘောသဘာဝ အဖြစ်အပျက်ကလေးများကို စာဖွဲ့ရသည်ကတော့ မြင်တက်၊ ရေးတက်ရန် လိုသဖြင့် ပို၍ ခက်ပါသည်။ ထို… ပို၍ခက်သောအလုပ်ကို ကြိုးစားလုပ်ဆောင်နေကြသော စာပေညီအစ်မနှစ်ဦးကို နှစ်သက် ချီးကျူးမိပါသည်။
စာတစ်ပုဒ်ဖြစ်လာရန်အတွက် ရေးစရာအကြောင်းအချက်ကို မြင်တက်၊ တွေ့တက်ဖို့လိုပါသည်။ တွေ့ရုံနှင့် မပြီးသေး၊ ဆက်၍လည်း အတွေးနယ်ချဲ့ဖို့လိုပါသည်။ စာရေးဖြစ်ရုံနှင့်လည်း ပြီးပြီဟု မယူဆစေလိုပါ။ ကိုယ်ရေးထားသည့် စာသည် မည်ကာမတ္တ မဟုတ်ဘဲ ရသမြောက်ပါမှ၊ အနုပညာမြောက်ပါမှစာကောင်းတစ်ပုဒ် ဖြစ်လာမည်ကို သတိချပ်ရမည်ဖြစ်ပါသည်။
ထင်ရှားခဲ့သော စာရေးဆရာကြီးတစ်ဦး ပြောခဲ့သောစကားကို အမှတ်ရမိပါသည်။ ``ရေးတက်ရင် ဝတ္ထုဖြစ်တယ်`` တဲ့။ ထို့ကြောင့် ချောအိမာန်နှင့် ငွေဇင်ယော်ဦး…။ သူတို့နှစ်ဦးစလုံး ရေးတက်ကြပါပေသည်ဟု ပြောလိုပါသည်။ ရေးတက်လျှင် ဝတ္တုဖြစ်ပြီး၊ ဖြစ်လာသော ဝတ္ထုကလည်း လှလှပပလေး ရှိတက်ပါသည်။ ထို့အတွက်ကြောင့် သက်ကြီးတန်း၊ သက်ရင့်တန်း စာရေးသူတစ်ဦးအနေနှင့် ဝမ်းမြောက် ကြိုဆိုရပါသည်။ စာဖတ်သူတစ်ဦးအနေနှင့်လည်း ကျေးဇူးတင်ရပါသည်။ ပို၍ တွေးပြီး  ရေးကာ၊ ပို၍ အောင်မြင်ကြပါစေဟူ၍ ဆန္ဒပြု ဆုတောင်းလိုက်ရပါသည်။
ကျွန်မတို့၏ စာပေသစ်ပင်ကြီးတွင်လည်း ပိုးကိုက်ရွက်များ ကင်းပါစေ။ ရွက်စိမ်း၊ ရွက်သစ်၊ ရွက်နု၊ ပုရစ်ဖူးများနှင့် ဝေသည်ထက် ဝေပါစေဟု ထပ်ဆင့် ဆုတောင်းလိုက်ရပါသည်။
မစန္ဒာ (၇.၁၀.၁၀)

*********
ကျွန်မတို့ရဲ့ စာအုပ်မှာ ပါဝင်တဲ့ ဝတ္ထုတိုလေးတွေရဲ့ ခေါင်းစဉ်လေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

ချောအိမာန်ပြီးတော့ ငွေဇင်ယော်ဦး
5218435.jpg
၁။ မျှော်လင့်ချက်
၂။ ဖြစ်ခွင့်
၃။ ကွမ်းစားသမီး
၎။ မုသား
၅။ ကွန်ဒိုအိပ်မက်
၆။ ပစ္စုပ္ပန်နေရာ
၇။ ပွဲခ
၈။ မချိုမြိန်သော တေးသံများ
 **************
ငွေဇင်ယော်ဦးပြီးတော့ ချောအိမာန်
5218438.jpg
၁။ ဆေးပေးမီးယူ
၂။ တစ်ခါတလေမှာ
၃။ ငယ်ငယ်တနုးက တစ်ယောက်
၎။ ထီး
၅။ ခေါင်းမော့ထား သူ
၆။ စက်ဝိုင်းထဲက ခြေရာ
၇။ အားနာခြင်း သည်းခံပါ

ဖြန့်ချိရေး………
ရန်ကုန်   -       လင်းလွန်းခင်စာပေ
မန္တလေး  -       ထွန်းဦးစာပေ
                        နဂါးစာပေ
                        ရာပြည့်မန္တလေးစာပေ
                        ညိုစာပေ
တို့မှာ ဝယ်ယူရရှိနိုင်ကြောင်း ကျွန်မရဲ့ စာပေချစ်ပရိသတ်များသို့ သတင်းကောင်းပေးလိုက်ရပါတယ်။


ခင်မင်စွာဖြင့်........
ဇော်သိင်္ခ




 
^ထိပ်ဆုံးသို့