မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။
Showing posts with label နှလုံးသား အာဟာရ. Show all posts
Showing posts with label နှလုံးသား အာဟာရ. Show all posts

Saturday, April 10, 2010

မဖြစ်နိုင်ဘူး ထင်သလား

တက်ချင်သည့် လူအတွက် “တက်လမ်း“ဆိုတာ ရှိစမြဲ ဖြစ်သည်။

ဘယ်ကိုတက်မည်လဲ။ သစ်ပင်ထိပ်ဖျားလား၊ တိုက်ခေါင်မိုးလား၊ ဟိုးကောင်းကင်လား။ တကယ် ဆန္ဒပြင်းပြလာပြီဆိုလျှင် ပက်လက်ကုလားထိုင်မှာ ထိုင်ရင်းပင် မိုးကောင်းကင် တိမ်ယံကြား တက်သွားနိုင်ပါတယ်။

အလကားအခြောက်တိုက် လျှောက်ပြောနေသည်ထင်ပါလား။ မယုံမရှိနှင့်။

တကယ် တက်သွားဖူးသူ ရှိပါသည်။ သူ့နာမည်က လယ်ရီဝေါ်လတား(စ)။

ဝေါ်လတား(စ)သည် ထရပ်ကား မောင်းသမားတစ်ယောက်ဖြစ်သည်။ အဲသည်တုန်းက သူ့အသက် ၃၃ နှစ်။ အားလပ်သည့် အချိန်တိုင်း အိမ်နောက်ဖေးကွက်လပ်တွင် ပက်လက်ကုလားထိုင်တစ်လုံးနှင့် ထိုင်ကာ လေမှာ ပျံဝဲလိုက်ရရင် သိပ်ကောင်းမှာဟု တွေးသည်။ စင်စစ် သူက လူမှန်းသိစ အရွယ်ကတည်းကပင် ကောင်းကင်မှာ သိပ်ပျံချင်လှသူ ဖြစ်သည်။ ဟိုး အထက်ကြီး တက်သွား၊ အမြင့်ကြီးကနေ ဟိုးအဝေးကြီး လှမ်းကြည့်၊ သိပ်အရသာ ရှိမှာ၊ အဲသည်လို သူတွေးလေ့ရှိသည်။ သို့သော် စိတ်ကူးသာ ယဉ်နေရသည်။ လက်တွေ့ လုပ်ဖြစ်ဖို့ လမ်းစရှာမရ။

အကယ်၍ လေယာဉ်နှင့် ၀ဲပျံမည် ဆိုပါစို့။ လေယာဉ် ပိုင်းလော့ဖြစ်ဖို့ သူ့မှာ ပညာအခြေခံ မရှိ။ သင်တန်းတက်ဖို့ ငွေမရှိ၊ အချိန်မရှိ၊ အခွင့်ရေးမရှိ။ ဟင်းဂလိုက်ဒါ ( hang glider) ကျတော့လည်း အန္တရာယ် ကြီးလွန်းသည်။ ပြီး – သည်ဟာတွေ စီး၍ကောင်ားသည့် နေရာကလည်း အဝေးကြီးမှာ။ ထို့ကြောင့် သူ့ခမြာ နွေနေ့လယ်ခင်း များစွာကို ထိုင်ရင်းသာ ကုန်လွန်စေရသည်။ သူ့ကုလားထိုင်က ပန်းခြံထဲ နောက်ဖေး ကွက်လပ်များထဲမှာ သူသူငါငါ ချထားတက်သည့် အလျူမီနီယံ ဘောင်တပ်ကြိုးထိုး ကုလားထိုင်ဟောင်း တစ်လုံး ဖြစ်သည်။ အဲသည်လိုနေရင်းက တစ်နေ့မှာတော့ သတင်းစာတွေ၊ တီဗွီတွေထဲမှာ လယ်ရီဝေါ်လတား(စ) အကြောင်း ရုတ်တရက်ကြီး ပါလာသည်။ လော့စ်အိန်ဂျလိ(စ)မြို့ကြီး အထက်က ကောင်း ကင်ပြင်မှာ လယ်ရီကြီး ရောက်နေသည်။ တကယ် လေမှာ ပျံနေပြီ။ တကယ့်ကို ဟိုး အထက်ကြီးမှာ။ သူ့အလျူမီနီယံ ပက်လက် ကုလားထိုင် ဟောင်းကြီးမှာ ပင် ထိုင်လျက်။ သို့သော် သည်ကုလားမှာ ချိတ်ဆွဲထားသည်က သို့မဟုတ် သည်ကုလားထိုင်ကြီးကို မ,ချီထားသည်က ဟီလီယမ် ဓာတ်ငွေ့ ဖြည့်ထားသည့် မိုးလေ၀သ ပူဖောင်းအကြီးစား ၄၅ လုံး။

သူ့ကျောမှာ လေထီးတစ်ခု ပိုးထားသည်။ သူနှင့် အတူ အသံလွှင့် အသံဖမ်း(စီဘီ) ရေဒီယိုတစ်လုံး၊ ဘီယာ ခြောက်ဘူး၊ အသားညှပ်ပေါင်မုန့် အချို့အပြင် အောက်ဘက် ပြန်ဆင်းချင်သည့်အချိန်၌ ပူဖောင်းအချို့ကို ပစ်ဖောက်ရန် လေသေနတ်တစ်လက်ပါသည်။

လယ်ရီ လေထဲတက်သွားသည်က ပေတစ်ရာ နှစ်ရာ မဟုတ်၊ အမြင့်ပေ သောင်းတစ်ထောင်အထိ ဖြစ်သည်။ လော့စ်အိန်ဂျလိ(စ) အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်မည့် လေယာဉ်များ၏ ချဉ်းကပ်လမ်းကြောင်းထဲသို့ပင် သူ ရောက်သွားသည်။

လယ်ရီက စကားများများ ပြောလေ့ရှိသူ တစ်ဦးမဟုတ်။ စာနယ်ဇင်းသမားတွေက သူ ဘာကြောင့် ပူစီဖောင်းနှင့် ကောင်းကင်ပေါ်တက်ရသလဲ မေးသည့် အခါ “ ဒီအတိုင်းချည်း ငုတ်တုတ်ထိုင်မနေနိုင်ဘူးလေဗျာ“ ဟုတ်ဖြေသည်။ အပေါ်ရောက်တဲ့အခါ မကြောက်ဖူးလား ဆိုတော့ “ ကြောက်တာပေါ့ဗျ“ တဲ့။ နောက်တစ်ခါ တက်ဦးမလား မေးသည့်အခါ “ ဟင့်အင်း“ ဟု ဆိုသည်။ သို့သော် အခုလို လုပ်လိုက်ရတော့ ခင်ဗျား တော်တော် ကျေနပ်သွားလား မေးသည့်အခါ သူက နှုတ်ခမ်းထောင့်စွန်းတွေ နားရွက်တက်ချိတ်မတက် အားရပါးရကြီး ပြုံးကာ “အရမ်း ကျေနပ်တာပေါ့ဗျာ“ ဟူ၍ ဆိုလေသည်။

******

အဲဒါပဲ ဖြစ်၏

လူတွေ ကြည့်လိုက်လျှင် ပက်လက်ကုလားထိုင်မှာ ထိုင်ကာ မဖြစ်နိုင်ပါဘူးဟု တွေးနေသူများ၏။ ဘယ်သူတွေ ဘာတွေဖြစ်နေကြပေမယ့် ငါ့အတွက်တော့ မျှော်လင့်ချက် မရှိပါဘူးဟု စိတ်ဓာတ်ကျနေသူတွေ များ၏။ သည်အတိုင်း အပျက်ပဲ တွေးကာ ငုတ်တုတ်ထိုင် မှိုင်နေသရွေ့တော့ ဘာမှ ဖြစ်မလာနိုင်တာ အမှန်ပင်။

သို့သော် လယ်ရီဝေါ်လတား(စ)လို ပုဂ္ဂိုလ်မျိုးအဖို့တော့ လောကကြီးမှာ မဖြစ်နိုင်တာ ဘာမှ မရှိ။

လေမှာ ပျံဝဲချင်သလား။ တခြားနည်းနှင့် မဖြစ်နိုင်လျှင် ကုလားထိုင်မှာ ပူစီဖောင်းချည်သော နည်းနှင့် ဖြစ်ရမည်။ ပေသောင်း တစ်ထောင် ရောက်သည့် အခါ “ဟေး… ၊ ငါရောက်ပြီးကွ၊ ငါ လေထဲ ပျံနေပြီ“ ဟု အော်မည်။ တစ်ကမ္ဘာလုံး ကြားအောင် ရေဒီယိုနှင့် လှမ်းပြောမည်။

မှန်သည်။ လောကကြီးမှာ အပြီးသတ် အဆုံးအဖြတ်ပေးမည့် အရာက စိတ်ဓာတ်ပဲ ဖြစ်သည်။ အချိန်ကာလ ကြာချင် ကြာသွားမည်။ ပုံစံက အများထင်တာ၊ မျှော်လင့်တာနှင့် ကွာခြားကာ ဆန်းဆန်းပြားပြားတွေ ဖြစ်ချင်ဖြစ်နေမည်။ သို့သော် အရေးကြီးသည်က ကောင်းကင်သို့ ရောက်ဖို့၊ ရင်ထဲ နှလုံးသားထဲက ဆန္ဒ ပြည့်ဝဖို့၊ ရည်မှန်းချက်ပန်းတိုင် ပေါက်မြောက်အောင်မြင်ဖို့၊ ဒါပဲ ဖြစ်သည်။

ကိုယ့်စိတ်ကူးကို မဖြစ်နိုင်ဘူးဟု မချုပ်ချယ်နှင့်။ သူများ စိတ်ကူးကိုလည်း အဓိပ္ပာယ်မရှိတာဟု မလှောင်ပြောင်နှင့်။

လူတွေ လေထဲ မပျံနိုင်ဘူးဟု ဆိုခဲ့သည်။ လေမှာ ပုံစံ အမျိုးမျိုးဖြင့် ပျံသူတွေ ပျံပြခဲ့ကြပြီ။ “ဟေး တခြားကိရိယာ အကူအညီတွေနဲ့ ပျံတာပါကွ၊ ငှက်တွေလို သူ့ ခန္ဓာကိုယ် သက်သက်နဲ့ ပျံနိုင်သလား“ ဟု ဆိုသူတွေ ဆိုကြပါမည်။

စောင့်သာ ကြည့်ကြစမ်းပါ။ ဗီတာမင်ဆေးတွေ တီဗီမှာ ကြော်ငြာသည့် စွမ်းအား မြှင့် ဆေးရည် တွေ သောက်ကာ တစ်ယောက်ထည်း ကျိတ်ပြီး တောင်ပံ ခတ်ကျင့်နေသော ပုဂ္ဂိုတွေ မရှိဟု မပြောနိုင်။

တစ်နေ့သော အခါ သည်လူတွေ လေမှာ ပျံမပြဘူး ဟု ဘယ်သူမျှ မပြောနိုင်။

*********************

လောက မှာ လူတော်တော်များများ ဟာ ပက်လက် ကုလားထိုင်ပေါ်မှာ ထိုင်ပြီး စိတ်ကူးယဉ်နေကြပြီးတော့ တကယ်တမ်း လက်တွေ့ထလုပ် ရမှာ ကို မဖြစ်နိုင်ပါဘူး ဆိုပြီး ကြောက်နေကြသူတွေဟာ မရေတွက် နိုင်လောက်အောင် များပြားလှပါတယ်။ ထိုနည်းတူစွာပဲ ကိုယ်တိုင်က ဖြင့် မဖြစ်နိုင်ပါဘူး ဆိုပြီး စွန့်စားရမှာ ကို ကြောက်နေတဲ့ အပြင် တခြားသူတွေက စွန့်စားလုပ်ကိုင်မယ် လို့ ပြောတဲ့ အခါမှာလည်း ရင်းနီးသော မိတ်ဆွေ သူငယ်ချင်း ဆွေမျိုးသားချင်းများဆိုလျှင် “မဖြစ်နိုင်ပါဘူးကွာ။ မဖြစ်နိုင်တာ မလုပ်စမ်းပါနဲ့ ။ မရူးချင်စမ်းပါနဲ့ ။ ကိုယ့်ဖာသာ အေးအေးဆေးဆေးပဲ နေစမ်းပါ ၊ ထသွားမှ အကျိုးမှန်း လူသိနေပါအုံးမယ် “ဟု စသည်ဖြင့် ပြောလေ့ရှိကြပါတယ်။ မရင်းနှီးသော သူများ ဆိုလျှင်တော့ “ အဲဒီကောင် ငပေါကြီး၊ အရူး မို့ လို့ ဒီလို လုပ်တာ။ စဉ်းစားဉာဏ် မရှိတဲ့ကောင် ၊ အလကားကောင် “ စသည်ဖြင့် သူတစ်ပါးကို ကဲ့ရဲ့ လှောင်ပြောင် တက်ကြတာ ကတော့ လူ့ သဘာဝ လို့ ပဲ ပြောရမလားပဲ။ ဒါကြောင့် ဒီစာစုလေးတွေကို ဖတ်ပြီးတော့ လောက မှာ မဖြစ်နိုင်တာ ဟာ ဘာမှ မရှိပါဘူး ။ မဖြစ်သေးတာ ပဲ ရှိတယ်ဆိုတဲ့ အကြောင်းကို သက်သေပြ နိုင်ဖို့ရန်အတွက် လယ်ရီဝေါ်လတား(စ) လို… ကိုယ် ဖြစ်ချင်နေသော စိတ်ကူး လေးများကို တကယ် အကောင်အထည်ဖော်နိုင်အောင်၊ စိတ်ကူးယဉ် ရေစီးကြောင်းထဲ မှာ မျောပါမနေဘဲ အချိန်ရှိသရွေ့ ကြိုစား အားထုတ် နိုင်ကြ ပါတယ်။ ဒီနည်းလမ်း နဲ့ က မဖြစ်နိုင်ဘူး ဆိုရင်တော့ ဟိုဘက်က နည်းလမ်းနဲ့ ချဲ့ထွင်စဉ်းစားပြီး ၊ ရှု့တောင့် ပေါင်းစုံက နေ ဖြစ်နိုင်တဲ့ နည်းလမ်းတစ်ခုခု နဲ့ ကြိုးစား ပြုလုပ် နိုင်ကြပါတယ်။ ဒါကြောင့် ဟိုး … အရင်က ဖတ်ဖူးခဲ့တဲ့ စကားပုံလေး ကို ပြန်ပြောပြရရင်……

“ကြိုးစား အားထုတ်နေသမျှ သင်မရှုံး။ လက်မြှောက်နောက်ဆုတ်သွားပြီဆိုလျှင်ကား…. သင်လုံးဝ ဆုံးရှုံးပေပြီ….။“

ဒီစကားပုံလေးကလည်း တကယ် စိတ်ဓာတ် ခွန်အားတွေ တိုးပွားစေတဲ့ စကားပုံလေးပါ။ ဒါကြောင့် စာဖတ်သူ သူငယ်ချင်းတို့တတွေလည်း မဖြစ်နိုင်ပါဘူး ဆိုပြီး တွေဝေ မနေပဲ တကယ်လက်တွေ့ ကြိုးစား လုပ်ဆောင် နိုင်ကြစေရန် အတွက် ဖေမြင့်၏ နှလုံးသား အာဟာရ (၂) စာအုပ်မှ စိတ်အားဆေး လေးများကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။ ဒီစာအုပ်ကိုတော့ ဖတ်ဖူးပြီးသားသူတွေတော့ တော်တော်များများ ပါလိမ့်မယ်ထင်ပါတယ်။ ဖတ်ဖူးသူများရော၊ မဖတ်ရသေးသောသူများပါ ပြန်လည် ဖတ်မိတဲ့ အခါမှာ စိတ်ဓာတ် ခွန်အားများ တိုးပွားပြီးတော့ လက်တွေ့ လုပ်ဆောင်နိုင်ကြပါစေလို့ ဆန္ဒ ပြုရင်း……………….

Robert Fulghum ၏ All I really Need to Know I Learned in Kindergarten စာအုပ်မှ။

ဇော်သိင်္ခ

Monday, February 1, 2010

နောက်ကျပြီဟု ဘယ်သူပြောမည်လဲ

လူအများအပြားကို နှိပ်စက်ခြောက်လှန့်တက်သည့် စကားတစ်ခွန်းရှိသည်။

“သိပ်နောက်ကျသွားပြီ“ ဆိုသောစကား။

အထက်တန်းကျောင်းသားဘ၀မှ ကျောင်းထွက်လာခဲ့သူက အနိမ့်စားအလုပ်တွေ လုပ်နေရခြင်းအတွက် စိတ်မချမ်းမသာ ဖြစ်သည်။ ခုနေကျောင်းပြန်တက်ပြီး အတန်းပညာပြည့်စုံအောင် သင်လို့ရရင် သိပ်ကောင်းမည်ဟု တွေးသည်။ သို့သော်၊ “ ခုတော့ သိပ်နောက်ကျသွားပြီ“ တဲ့။ သူက ဆိုသည်။

ဇနီးသည်အပေါ် သစ္စာဖောက်ဖျက်ခဲ့မိသည့် ခင်ပွန်းသည်ကလည်း သူ့အိမ်ထောင်ရေးဘ၀ကို အဖတ်ဆည်ချင်သည်။ပြန်သာယာအောင် ပြုပြင်ချင်သည်။ သို့သော် “သိပ်နောက်ကျသွားပြီ“ ဟု သူက ဆိုနေသည်။

အရက်သောက်လွန်းသဖြင့် အလုပ်မှ ထုတ်ပယ်ခြင်းခံရသူကလည်း အရက်စွဲရောဂါကို ကုစားကာ ဘ၀ကို အသစ်တစ်ဖန် ပြန်စချင်သည်။ သို့သော် “နောက်ကျခဲ့ပြီ“ ဟု မြင်နေသည်။

မိသားစုတွေ ဇနီး ခင်ပွန်းတွေကို ကြည့်လျှင် အချင်းချင်း ပဋိပက္ခမဖြစ်ဖူးသူ အလွန်ပင်နည်းလှကြောင်း တွေ့ရမည်ဖြစ်သည်။ ကတောက်ကဆ ဖြစ်ပြီးစတွင် နှစ်ဖက်စလုံး တင်းမာကာ ပြေရာပြေကြောင်း စကားဆိုလိုသော ဆန္ဒ မရှိတက်ကြ။ အချိန်ကြာသည့်အခါ၌မူ စိတ်တွေတော့ ပြေသွားသည်။ သို့သော် ဒေါသထွက်စဉ်က လွန်လွန်ကျွံကျွံပြောခဲ့ဆိုခဲ့ လုပ်ခဲ့မိသည်များ အတွက် ၀န်ချတောင်းပန်ဖို့ကျတော့ အချိန်တွေ သိပ်နောက်ကျသွားပြီဟု ခံစာမိတက်ကြပြန်သည်။

သည်လိုပုဂ္ဂိုလ်မျိုးတွေကို ကျွန်တော် အမြဲပြောသည်။

“အဓိပ္ပာယ်မရှိတာ၊ ပြီးခဲ့တဲ့အမှားကို ပြန်ပြေအောင်လုပ်ဖို့ ဘယ်တော့မှ နောက်ကျတယ်လို့ မရှိဘူး၊ ဘယ်ကိစ္စမဆို အသစ်ပြန်စဖို့အတွက် နောက်ကျသွားပြီ ဆိုတာ မရှိဘူး“ ဟူ၍ ။

များမကြာမီက ကျွန်တော် ဂီတပညာရှင်ကြီး ရောဘတ်ရှောအကြောင်း ဆောင်းပါးတစ်ပုဒ် ဖတ်ရ၏။ ရှောမှာ အတ္တလန်တာ ဆင်ဖိုနီ အော်ခက်စတြာအဖွဲ့ တွင် ဂီတဒါရိုက်တာနှင့် တီးဝိုင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်နေရာမှ အငြိမ်းစားယူတော့မည် ဖြစ်၏။

ရှောနှင့် ကျွန်တော့်ကြားတွင် အဖြစ်အပျက်ကလေးတစ်ခု ရှိခဲ့ဖူးသည်။

ဟိုး…. လွန်ခဲ့သော နှစ်ပေါင်းများစွာ၊ နယူယောက်မြို့တော်ရှိ မာဘယ်ကော်လီဂျီယိတ် ဘုရားကျောင်းတွင် သင်းအုပ်ဆရာအဖြစ် ကျွန်တော် ၀င်ရောက်စအချိန်က ရှောကျွန်တော့်ထံရောက်ရှိလာကာ ဘုရားရှိခိုးကျောင်းတွင် တေးသီချင်း သီဆိုမည့် လူငယ်အဖွဲ့တစ်ခု ကျွန်တော်တို့မှာ ရှိသင့်ကြောင်း၊ သည်အဖွဲ့ မျိုးတစ်ခု သူဦးဆောင်နေကြောင်း နှင့် ကျောင်းအတွက် စီစဉ်ပေးနိုင်ကြောင်းများ ပြောဆိုသည်။

သူ့စိတ်ကူးကို ကျွန်တော်သဘောကျသွားသည်။သည်အစီအစဉ်က ကျောင်းအသင်းဝင် လူငယ်များအတွက် နှစ်သက်ဖွယ်ဖြစ်စေလိမ့်မည်ဟု ကျွန်တော်မြင်လိုက်သည်။ သို့နှင့် သူ့အား သူ့အစီအစဉ်အတိုင်း ဆက်လုပ်ရန် တိုက်တွန်းဖြစ်ခဲ့သည်။ အဆိုအဖွဲ့မှ ပုဂ္ဂိုလ်များမှာ တေးသီချင်း သီဆိုရာ၌ အလွန်ပင် ထက်ထက်သန်သန်ကြိုးကြိုးကြွကြွရှိကြရာ သူတို့ကြောင့် ကျွန်တော်တို့ ၀တ်ပြုပွဲမှာ ပို၍ ပြည်ဝစုံလင်လာသည်ဟု ကျွန်တော်တွေးမိခဲ့သည်။

သို့သော် အချို့သော အသင်းသူ အသင်းသားများက သည်အစီအစဉ်ကို သဘောမကျခဲ့။ ပို၍ဆိုးသည်က သဘောမကျသူများထဲတွင် သက်ကြီးဝါကြီး ပုဂ္ဂိုလ်နှစ်ဦးပါနေခြင်းပင်။ သိုတို့က အစဉ်အလာ အစွဲအလမ်း ပြင်းထန်သူများ ဖြစ်ကြသည်။ တေးဂီတအဖွဲ၏ သီဆိုမှုများသည် မာဘယ် ဘုရားရှိခိုးကျောင်းက အစဉ်အဆက် လက်ခံကျင့်သုံးခဲ့သည့် လုပ်နည်းလုပ်ဟန်များနှင့် များစွာ ခြားနားနေသည်ဟု ၄င်းတို့က ယူဆကြသည်။ ထို့နောက် သည်အစီအစဉ်သစ်ကို သူတို့မလိုလား မနှစ်မြို့သည့်အကြောင်း ကျွန်တော်သိမြင်အောင် အထင်အရှားပြသကြသည်။ သို့နှင့် နောက်ဆုံး၌ အကျိုးအကြောင်းမလျော်ကန်မှန်း သိလျက်နှင့်ပင် ရှောအား ၀မ်းနည်းကြောင်း တောင်းပန်ကာ သူ ကမကထပြုနေသည့် အစီအစဉ်ကို ရပ်နားရတော့မည် ဖြစ်ကြောင်း ပြောလိုက်ရတော့သည်။

သူ အတော်ကြီး စိတ်ပျက်သွားသည်။ သို့သော် အခြေအနေကို သဘောပေါက်ကြောင်းတော့ သူပြောသွားခဲ့သည်။

သည်အဖြစ်အပျက်သည် ကျွန်တော့်စိတ်ကို အမြဲနှောက်ယှက်ခြောက်လှန့်၍ နေခဲ့သည်။ ကိုယ် ယုံကြည်သည့် အရာကို ဖြစ်အောင် လုပ်ရဲသည့် သတ္တိ ကျွန်တော့မှာ မရှိခဲ့ဘူး မဟုတ်လား။

ယခုဆိုလျှင် သည်ကိစ္စဖြစ်ပွားခဲ့တာ ရာစုနှစ်တစ်ဝက်နီးပါး ကြာခဲ့ပြီ ဖြစ်ပါသည်။ သည်ကာလ တစ်လျှောက်လုံးပင် ရှောနှင့် ကျွန်တော် တွေ့ဆုံပြောဆိုမိခြင်း လုံးဝ မရှိခဲ့။

သို့သော် သူ့အကြောင်း ဆောင်းပါးကို ဖတ်နေခိုက်ကျွန်တော့်ခေါင်းထဲရှိ မှန်မှားသိစိတ်က တစ်ခု သတိဖော်ပေးလာသည်။ ရှောနှင့်ပတ်သက်၍ ကျွန်တော့်ဘက်က အမှားတစ်ခု ကျူးလွန်မိခဲ့ဖူးသည်။ သည်အမှားကို ယနေ့ထိ အမှန်ပြန်မပြင်ရသေး ဟူ၍။

သို့နှင့် အိမ်ပြန်ရောက်သည့်အခါ ရောဘတ်ရှောထံစာတစ်စောင် ကျွန်တော်ရေးသည်။ ထိုစဉ်က ကျွန်တော့်ဘကက မှားယွင်းခဲ့သည့် အကြောင်း၊ ယင်းအတွက် တောင်းပန်ကြောင်း ရေးသားလိုက်ခြင်းဖြစ်သည်။ ချက်ချင်း ဆိုသလိုပင် ဂီတပညာရှင်ကြီးထံမှ စာတစ်စောင်ပြန်လည်ရောက်ရှိလာသည်။ “သဘောထားကြီးသော၊ ယဉ်ကျေးပျူငှာ၍ ရင်းနှီးပွင့်လင်းမှုလည်းရှိသော“ ထိုပေးစာကို ဖတ်ရသည့် အတွက် ကျွန်တော့်အား ကျေးဇူးတင်ကြောင်းနှင့် ထိုစဉ်က ဖြစ်ရပ်တွင် ကျွန်တော့်ဘက်ကသာ မဟုတ် သူ့ဘက်ကလည်း ထပ်တူထပ်မျှ မှားယွင်းမှု ရှိခဲ့ကြောင်း သူ့စာ၌ ဖော်ပြခဲ့သည်။

သည်စာ ဖတ်ရပြီးသည့်နောက် ကျွန်တော် ၀မ်းမြောက် အားတက်သွားလိုက်ပုံမှာ ပြောဖွယ်ရာ မရှိတော့ပေး။ ၀န်ချတောင်း ပန်စကားဟူသည် နှစ်ပေါင်းများစွာကြာသော်လည်း နောက်ကျပြီဟူ၍ မရှိကြောင်း အထင်အရှားပြလိုက်သည့် သာဓကတစ်ခု ပင်တည်း။

သင့်စိတ်ထဲတွင်ကော သည်လိုအတိတ်ဖြစ်ရပ်မျိုးတွေ ပေကတ်ကျန်နေတာ မရှိပေဘူးလား။ သင့်မြတ်ရာသင့်မြတ်ကြောင်း စကားတစ်ခွန်းပြောလိုက်သင့်တာ၊ ပုဂ္ဂိုလ်ရေးမကျေလည်မှုတစ်ခု ကျေလည်အောင် ဖြေရှင်းလိုက်သင့်တာ၊ ကောင်းသော အမှုတစ်ခု ဆောင်ရွက်သင့်လျက် ပြီးစီးအောင် မဆောင်ရွက်ဖြစ်သောသေးတာ၊……….စသဖြင့် ။

အဲသည်ကိစ္စတွေသည် ဖြစ်ပျက်ခဲ့တာ ကြာကောင်း ကြာခဲ့ပါမည်။ သို့သော် နောက်ကျသွားပြီ ဟူ၍ ကား မယူဆပါနှင့်။

အကြောင်းမူ သည်ကိစ္စမျိုးမှာ ဘယ်သောအခါမျှ နောက်ကျပြီ ဟူ၍ မရှိသောကြောင့်ပင်။

မူရင်း။ ။ N.V.Peale ၏ Who Says It’s Too Late?

ဖေဖြင့် (နှလုံးသား အာဟာရ ၂)

ဇော်သိင်္ခ

Wednesday, January 27, 2010

တစ်ဖက်သားကို အရမ်းအထင်သေးမထားနှင့်

အဲသည်တုန်းက ငွေတန်းဖိုးရှိလှသည်။

အိုက်စကရင် ဆန်းဒေး (သီးစုံအိုက်စကရင်) တစ်ခွက်ပင် ဘယ်လောက်မှ များများစားစား မပေးရသည့်ကာလ။

၁၀ နှစ်ရွယ် ကောင်လေးတစ်ယောက်ဟိုတယ် ကော်ဖီခန်းထဲ ၀င်ကာ စားပွဲတစ်လုံးမှာ ထိုင်သည်။ စားပွဲထိုး အမျိုးသမီး တစ်ယောက် သူရှေ့ရောက်လာကာ ရေတစ်ခွက် ချပေးပြီးနောက် သူ ဘာမှာမလဲ စောင့်ဆိုင်း နေသည်။

” အိုက်စကရင်ဆန်းဒေးတစ်ခွက် ဘယ်လောက်လဲ ခင်ဗျ”

” ဆင့် ငါးဆယ်ပါ ” စားပွဲတိုးက ဖြေသည်။

ကောင်းလေးက သူ့အိတ်ထဲမှ အကြွေစေ့တွေ နှိုက်ထုတ်ကာ ရေတွက်သည်။ ပြီးတော့၊ ‘ အိုက်စကရင်ရိုးရိုးတစ်ခွက် ဆိုရင်ကောဗျာ ‘ ဟု မေးသည်။

ထိုင်စရာနေရာ မရသေးသည့်ဧည့်သည်တချို့လည်းရှိနေတော့ စားပွဲထိုး အမျိုးသမီး သိပ်စိတ်မရှည်ချင်။

” သုံးဆယ့်ငါးဆင့် ” သူက တိုတိုပြတ်ပြတ် ဖြေသည်။

ကောင်လေးက သူ့ ပိုက်ဆံပြားတွေ ရေတွက်ပြန်သည်။ ထိုနောက် ” အိုက်စကရင် ရိုးရိုးတစ်ခွက်ပဲ ပေးပါ ခင်ဗျာ” ဟု ဆိုသည်။

အမျိုးသမီးက အိုက်စကရင် ယူလာသည်။ ဘီလ်စာရွတ်ကိုပါ တစ်ပါးတည်း စားပွဲပေါ် တင်ပေးခဲ့ပြီး လှည့်ထွက်သွားသည်။

ကောင်လေး အိုက်စကရင်ကိုစားပြီးနောက်ကောင်တာမှာ ငွေသွားရှင်းသည်။ ပြီး ထွက်ခွာသွားသည်။

စားပွဲထိုးအမျိုးသမီး ကောင်လေးထိုင်သည့် စားပွဲဆီ ပြန်လာပြီး ခုံကို သုတ်သည့်အခါ မြင်လိုက်ရသော အရာကြောင့် သူ့ရင်ထဲ လှိုက်ခနဲဖြစ်သွားသည်။ ကောင်လေး စားသွားသည့် အိုက်စကရင်ခွက်နံဘေးတွင် ငါးဆင့်စေ့ နှစ်စေ့နှင့် တစ်ဆင့်စေ့ ငါးစေ့ ညီညီညာညာလေးပုံ ၍ထားသည်။

သူမအတွက် တစ်(ပ)(စ)ပေးထားခဲ့ခြင်းပင်။

[ မူရင်း။       ။ The Best of Bits & Pieces မှ Tw0 Nickels and Five Pennies ]

ဖေမြင့်၏

နှလုံးသား အာဟာရ စာအုပ် (၂) မှ.…

ဇော်သိင်္ခ

မြို့နှစ်မြို့

မြို့ကြီးတစ်မြို့၏အ၀င်ဝနား ခရီးသွားတစ်ယောက် ဆိုက်ရောက်လာသည်။

မြို့ထဲမ၀င်မီ လမ်းဘေးမှာ ထိုင်နေသည့် မိန်းမတစ်ယောက်ကို သူ မေးသည်။

” ဒီမြို့ကလူတွေ ဘယ်လိုစိတ်သဘောထားမျိုး ရှိကြသလဲဗျ”။

အမျိုးသမီးက ပြန်မေးသည်။ ” ရှင်ထွက်လာခဲ့တဲ့မြို့က လူတွေကော ဘယ်လိုသဘောထားမျိုး ရှိကြသလဲ”

” ဆိုးပါ့ဗျာ၊ အင်မတန် ယုတ်မာကောက်ကျစ်တဲ့ လူတွေ၊ လုံးဝ ယုံကြည်လို့မရတဲ့ လူတွေ၊ ကောင်းကွက်ဆိုလို့ တစ်စက်ကလေးမှ မရှိတဲ့လူတွေ ” သူက မဲ့မဲ့ရွဲ့ရွဲ့ ပြန်ဖြေသည်။

” အင်း၊ ဒီမြို့ထဲက လူတွေလဲ အဲဒီပုံစံအတိုင်းပဲ ရှင် တွေ့ရဦးမှာပါ ” အမျိုးသမီးက ဆိုလိုက်သည်။

များမကြာမီပင် နောက်ခရီးသည် တစ်ယောက် မြို့နား ရောက်လာပြန်ကာ အမျိုးသမီးအား မြို့ထဲက လူတွေ အကြောင်း မေးပြန်သည်။ သည်အခါ အမျိုးသမီးကလည်း ပထမခရီးသည်တုန်းကအတိုင်း သူ လာခဲ့သည့်မြို့က လူတွေအကြောင်း ပြန်လှန်မေးခွန်းထုတ်ပြန်သည်။

” အင်မတန် စိတ်သဘောထားကောင်းကြပါတယ်ဗျာ။ ရိုးသားတယ်၊ အလုပ်ကြိုးစားတယ်၊ သူမတူအောင်လဲရက်ရောကြပါတယ်၊ ကျွန်တော် အဲဒီက ထွက်လာရတာ စိတ်မကောင်းဘူး ” ဒုတိယခရီးသည်က လှိုက်လှဲသော လေသံဖြင့် ဆိုလေသည်။

သည်အခါ ပညာရှိ အမျိုးသမီး အဖြေပေးလိုက်သည်။

” ရှေ့က မြို့ထဲမှာလဲ အဲဒီလိုလူမျိုးတွေပဲ ရှင်ထပ်တွေ့ရမှာပါ ” ဟူ၍။

[ မူရင်း။   ။  The Best of  Bits and Pieces မှ A Tale of Two Cities ]

ဖေမြင့်၏

နှလုံးသား အာဟာရ စာအုပ် (၂) မှ.…

ဇော်သိင်္ခ

မျက်မမြင်မလေးရဲ့ မျက်လှည့်ပွဲ

ကျွန်တော့် သူငယ်ချင်း ၀ှစ်(တ)က မျက်လှည့် ဆရာတစ်ယောက်ဖြစ်သည်။ သူ့ကို လော့စ်အိန်ဂျလိ(စ)ရှိစားသောက်ဆိုင်တစ်ဆိုင်က ဆိုင်မှာ စားသုံးသူများကို ဧည့်ခံဖျော်ဖြေသော သဘောဖြင့် ၀ိုင်းတကာ လှည့်၍ အနီးကပ် မျက်လှည့်ပြပေးရန် ငှားရမ်းထားသည်။

တစ်ညမှာ သူက မိသားစု စားသောက်ဝိုင်းတစ်ခုထဲ ၀င်ပြီး သူ့ကိုယ်သူ မိတ်ဆက်ကာ မျက်လှည့်ပြရန်အတွက် ဖဲတစ်ထုပ် အိတ်ထဲမှ ထုတ်သည်။ ထို့နောက် ၀ိုင်းထဲမှ မိန်းကလေးတစ်ယောက်အား ” ကဲ၊ သမီး ဒီအထဲက ဖဲတစ်ချပ်ရွေးစမ်းကွာ ” ဟု ဆိုလိုက်သည်။သည်အခါ မိန်းကလေး၏ ဖခင်က သမီး ၀င်ဒီမျာ မျက်စိ မမြင်သည့်အကြောင်း ပြောပြသည်။

” ဟာ ၊ ဟုတ်လား ၊ ဒါလဲ ကိစ္စမရှိပါဘူး ” ၀ှစ်(တ)က ဆိုသည်။ ” သူ့အတွက် အနှောက်အယှက် မဖြစ်ဘူး ဆိုရင် ကျွန်တော်မျက်လှည်တစ်ကွက်လောက်တော့ ပြချင်ပါသေးတယ်”  ဆိုပြီး မိန်းကလေး ဘက်သို့ လှည့်ကာ ” ၀င်ဒီ ၊ ဦးရဲ့ မျက်လှည့်ပြကွက်မှာ နည်းနည်း ၀င်ကူပေးပါလား ” ဟု ပြောလိုက်သည်။

ဝင်ဒီက နည်းနည်း တော့ ရှက်တက်သူလေး ဖြစ်သည်။ သူက ပခုံးနှစ်ဖက် တွန့်လိုက်ပြီးနောက် “  ဟုတ်ကဲ့ ၊ ရပါတယ် ” ဟု အဖြေပေးသည်။

ဝှစ်(တ)က စားပွဲမှာ ၀င်ဒီနှင့် မျက်နှာချင်းဆိုင် နေရာ၌ ၀င်ထိုင်လိုက်သည်။ ပြီး ” ၀င်ဒီ ၊ သမီးကို ဖဲချပ် တစ်ချပ် ထောင်ပြမယ်၊ အဲဒီဖဲဟာ အရောင်နှစ်မျိုးထဲက တစ်မျိုးမျိုး ဖြစ်မယ်၊ အနီရောင် ဒါမှ မဟုတ် အနက်ရောင်၊ ၀င်ဒီ့ကို ဦးလုပ်စေချင်တာက ၀င်ဒီရဲ့ စိတ်စွမ်းအင်တွေ သုံး ပြီး ဒီဖဲချပ်ရြ့ အရောင်ဟာ ဘာလဲ၊ အနီလား၊ အနက်လား ဆိုတာ ပြောပေးဖို့ပဲ၊ သမီးသဘောပေါကတယ်နော် ”

ဝင်ဒီက ခေါက်းညိတ်သည်။

ဝှစ်(တ)က ညှင်း   ကင်းဖဲ တစ်ချပ်ကို ထောင်ပြပြီး ” ၀င်ဒီ ၊ ဒါ အနီလား အနက်လား ” မေးသည်။

ခဏလေးနေပြီးနောက် မျက်မမြင် ကောင်မလေးက “အနက် ” ဟုဆိုလိုက်သည်။ မိသားစု မျက်နှာအားလုံး ပြုံးသွားသည်။

ဝှစ်(တ၀က ပိမ့်(ဟတ်) ခုနှစ် ဖဲချပ်ကို ထောင်ပြပြီး ဒါ အနီလား အနက်လား မေးပြန်သည်။

“အနီ ” ၀င်ဒီက ဖြေသည်။

အဲသည်နောက် တတိယမြောက်အဖြစ် ထောင့် (ဒိုင်းမွန်း) သုံး ဖဲချပ်ကို ထောင်ပြသည်။ “အနီလား ၊ အနက်လား ”

ဝင်ဒီက မဆိုင်းမတွပင် “အနီ ” ဟုဖြေသည်။

မိသားစုက တဘောကျပြီး ရယ်ကြသည်။ သူတို့ အား လုံး စိတ်လှုပ်ရှားနေသည်။ ၀ှစ်(တ) က နောက်ထပ် ဖဲသုံးချပ် ဆက်ပြသည်။ သုံးချပ်လုံးပင် ၀င်ဒီမှန်အောင်ဖြေနိုင်သည်။ အံ့သြစရာ၊ ခြောက်ချပ်မှာ ခြောက်ချပ်စလုံး မှန်သည်။ ၀င်ဒီကံကောင်းလှပုံကို မိသားစုအဖို့ မယုံနိုင်လောက်အောင် ဖြစ်နေသည်။

သတ္တမမြောက်အဖြစ် ၀ှစ်(တ) က ပိမ့်ငါးဖဲချပ်ကို ကောက်ကိုင်သည်။ သူက ဖဲချပ်ကို ထောင်ပြပြီး၊ ” ၀င်ဒီ၊ ဒီတစ်ခါ ဂဏန်းကိုလဲ ပြောမယ်၊ ဘာဖဲ ဆိုတာလဲ ပြောရမယ်၊ ဟတ်လား ၊ ဒိုင်းမွန်းလား၊ ကလပ်လား၊ စပိတ်(ဖူး) လား ၊ ဟုတ်ပြီနော်.  ”

ခဏလေးအကြာမှာ ၀င်ဒီက ရဲရဲ ၀ံ့ဝဲ့ ဖြေသည်။

“ငါးဂဏန်း၊ ဟတ်ဖဲ ”

မသားစု ဟာခနဲဖြစ်သွားကြသည်။ သူတို့ အကြီးအကျယ် အံ့အားသင့်နေသည်။

” ဒါ ရိုးရိုးလှည့်ကွက်  တစ်ခုလား၊ ဒါမှ မဟုတ် `ပညာ` တစ်ခုခုလား ” ၀င်ဒီ၏ ဖခင်က မေးသည်။

” အဲဒါကတော့ ၀င်ဒီ့ကိုပဲ  မေးကြည့်ပါ ” ၀ှစ် (တ) ဖြေသည်။

” ၀င်ဒီ ၊ သမီးဘယ်လိုသိလဲသလဲ “  အဖေက မေးသည်။ ၀င်ဒီက ပြုံး၍ ဖြေသည်။ ” ဒါက ပညာ၊ အဖေရဲ့၊”

ဝှစ်(တ)က ၀င်ဒီနှင့် မိသားစုကို နှုတ်ဆက်ကာ သူ့လိပ်စာ ကတ်ပြားလေး ပေးပြီးထွက်လာခဲ့သည်။ သည်မိသားစုအတွက် မမေ့ပျောက်နိုင်စရာ အတွေ့အကြုံတစ်ခု သူ ဖန်တီးပေးခဲ့ပြီ။

မိသားစုအဖို့ ပြဿနာက ဖဲချပ်တွေ ၀င်ဒီ ဘယ်လိုလုပ် သိသလဲဆိုတာ ပဲ ဖြစ်သည်။ ၀ှစ်(တ)ဆိုသော သူကို  သည်စားသောက်ဆိုင်ရောက်မှ ၀င်ဒီ တွေ့ရဖြင်း ဖြစ်သည်။ ဘယ်ဖဲဟာ အနီ ဘယ်ဖဲဟာ အနက်ဆိုတာတွေ သူဘယ်နည်းနှင့်မျှ ကြိုတင်ပြောပြမထားနိုင်။ ၀င်ဒီက လည်း မျက်စိမမြင်ဘူး ဆိုတော့ ထောင်ပြသည့် အချိန်မှာ မြင်နိုင်သိနိုင်စရာ အကြောင်းမရှိ။ သို့ဖြစ်လျှင် ဘယ်လိုလဲ။

သည်မိသားစုအတွက် တစ်သက်မှာတစ်ခါဟု ဆိုရမည့် ထူးခြားလှသော  ထိုပြကွက်ကို ၀ှစ်(တ)က ရုတ်တရက်ပေါ်လာသည့် ဖြတ်ထိုးဥာဏ် နှင့် အချက်ပြ ဆက်သွယ်နည်း စနစ်တစ်ခုကို သုံးပြီး ဖန်တီးပြသသွားခဲ့ခြင်းဖြစ်သည်။ ဟိုးအရင် မျက်လှည့်သမားဘ၀ စတင်စဉ်က ခြေထောက်ဖြင့် အချက်ပြဆက်သွယ်သည့် နည်စနစ်တစ်ခု သူစမ်းသပ် လော့ကျင့်ခဲ့ဖူးသည်။ သို့သော် ၀င်ဒီတို့နှင့် တွေ့သည်အထိ တစ်ကြိမ်မျှ လက်တွေ့ သုံးစွဲခွင့်မရခဲ့သေး။

ထိုနေ့က ၀ိုင်းထဲတွင် ၀င်ဒီရှေ့ ၀င်ထိုင်ပြီး ” ၀င်ဒီ၊ သမီးကို ဖဲချပ် တစ်ချပ်   ထောင်ပြမယ်၊ အဲဒီဖဲဟာ အရောင် နှစ်မျိုးထဲက တစ်မျိုးမျိုးဖြစ်မယ်၊ အနီရောင် ဒါမှ မဟုတ် အနက်ရောင် ..”  ဟူ၍ ပြောသည့်အခါ ၀င်ဒီ့ခြေထောက်ကို (စားပွဲအောက်၌) `အနီ` ဆိုသည့် အချိန်၌ တစ်ချက်၊ `အနက် ` ဆိုသည့် အချိန်၌ နှစ်ချက် ခြေနှင့် တို့ပြီး အချက်ပြသည်။

ထို့နောက် ပို၍ သေချာစေရန်အတွက် ” …….၊ ၀င်ဒီ့ ကို ဦးလုပ်စေချင်တာက ၀င်ဒီရဲ့ စိတ်စွမ်းအင်တွေ သုံးပြီး ဒီဖဲချပ်ရဲ့ အရောင်ဟာ ဘာလဲ၊ အနီလား (ခြေနှင့် တစ်ချက်တို့ သည်) အနက်လား (နှစ်ချက်တို့သည်) ဆိုတာ ပြောဖို့ဖဲ၊ သမီးသဘောပေါက်တယ်နော်” ဟူ၍ သူထပ်ပြောသည်။

အဲသည်နောက် ၀င်ဒီခေါင်းညိတ်တာ ကြည့်ပြီးသူသဘောပေါက်ကြောင်း၊ မျက်လှည့်ပြရာမှာ မိမိနှင့် အတူ ပါဝင်လိုစိတ် ရှိကြောင်း သိလိုက်သည်။ မိသားစုကတော့ ၊ ” ….သမီးသဘောပေါက်တယ်နော် ” ဟု ၀ှစ်(တ)ပြောလိုက်သည်ကို ၀င်ဒီနှင့် ညှိလိုက်ဖြင်း ဖြစ်ကြောင်းမရိမိကြ၊ သူရှင်းပြသည်များကို နားလည်မလည်သေချာအောင် မေးခြင်းပဲဟု သွေးရိုးသားရိုးမှတ်ယူကြသည်။

ငါးဂဏန်း ဟတ်ဖဲချပ်နှင့် ပတ်သတ်၍ကော ဘယ်လို အချက်ပြသနည်း။ ဒါလည်း လွယ်ပါသည်။ ငါးဂဏန်း ဖြစ်ကြောင်းသိအောင် ခြေထောက်ကို ငါးချက်တို့သည်။ ဟတ်ဖဲဖြစ်ကြောင်း သိနိုင်ရန်အတွက်က၊… `ဟုတ်လား၊ ဒိုင်းမွန်းလား၊ ကလပ်လား၊ စပိတ်လား` မေးသည့်အချိန်၌ `ဟတ်` ဟု ပြောစဉ် ခြေကို တို့ထားခဲ့သည်။

လုပ်ပုံလုပ်နည်း သိပြီဆိုလျှင် သည်ပြကွက်က အံ့သြစရာ  သိပ်မရှိတော့ပါ။ သို့သော် သ ည်ပြကွက်ကြောင့် ၀င်ဒီ့မှာ ဖြစ်သည့် အပြောင်းအလဲကတော့ အံ့သြဖွယ်ပင်။ အဲသည်နေ့က စားသောက်ဆိုင်မှာ မိသားစုဝိုင်းတွင် သူက အထင်ပေါ်ဆုံး အာရုံအစူး စိုက်ခံရဆုံး ဖြစ်ခဲ့သည်။ အိမ်မှာလည်း သူက ဆက်ပြီး `စတား` ဖြစ်နေသည်။ စိတ်စွမ်းအင်ဖြင့် ဆောင်ရွက်သည့် သူမ၏ အံ့ဖွယ် ပြကွက်အကြောင်းကို မိသားစုက မိတ်ဆွေမှန်သမျှကို ဖောက်သည်ချ၍မဆုံးနိုင်။

လအနည်းငယ်ကြာသည့်အခါ၌မူ ၀င်ဒီ့ထံမှ လက်ဆောင် ပစ္စည်းထုပ်ကလေးတစ်ခု ၀ှစ်(တ)ရရှိသည်။ လက်ဆောင်ထုပ်ထဲတွင် မျက်မမြင်များ ကစားနိုင်ရန် စီမံထားသည့် ဘရေးလ်ဖဲတစ်တုပ် နှင့် စာတစ်စောင် ပါသည်။ စာ၌ မိမိအား အများကြားမှာ အရေးပါသူအဖြစ်ခံစားရစေရန်နှင့် ထိုအခိုက်အတန့် အဖို့ မျက်စိ `မြင်` ခွင့်ရရှိအောင် ကူညီပေးခဲ့ဖြင်းအတွက် ကျေးဇူးတင်ကြောင်း၊ မိမိအား မိသားစုက အကြိမ်ကြိမ်မေးမြန်းကြသော်လည်း လှည့်ကွက်ကို ယခုထိ မိမိဖော်မပြောသေးသည့်အကြောင်းနှင့် နောင်တွင် မျက်မမြင်များနှင့် မျက်လှည့်ပြကွက်တွေ ယခုထက် ပို၍ လုပ်နိုင်စေရန် ၀ှစ်(တ) ထဲ ဘရေးလ် ဖဲ တစ်ထုပ် ပေးပို့လိုက်ခြာင်းဖြစ်ကြောင်း များ ၀င်ဒီရေးသားလိုက်လေသည်။

မူရင်း။    ။ Michael Jeffreys ၏ How Magic Helped a Blind Girl See.

ဖေမြင့်၏

နှလုံးသား အာဟာရ စာအုပ် (၂) မှ.…

ဇော်သိင်္ခ

Tuesday, January 26, 2010

ရှေးရေစက်

နာမည်ကျော် ဂျာမန်ဂီတဆရာကြီး မင်ဒဲလ်ဇွန်း၏ အဘိုးဖြစ်သူ မိုးဇက်မင်ဒဲလ်ဇွန်းသည် အလွန်အရုပ်ဆိုး အကျည်းတန်သူတစ်ဦး ဖြစ်သည်။ လူက အရပ်ပုပြီး ကျောမှာ ဘုကြီးတစ်ခု ရှိကာ ခါးကုန်းနေသည်။

တစ်နေ့တွင် ဟမ်းဘွတ်မြို့ရှိ ကုန်သည်ကြီးတစ်ဦးထံ သူအလည်ရောက်ရှိသည်။ ကုန်သည်ကြီးမှာ ဖရွမ်တီထဲ အမည်ရှိ သမီးချောတစ်ယောက်ရှိသည်။ သူကလေးကိုမြင်တော့ မိုးဇက် အရူးအမူး ချစ်မိသည်။ သို့သော် ဖရွမ်တီယဲအဖို့တော့ သူ့ရုပ်ကို မြင်ရသည်ကပင် အော်ဂလီဆန်ချင်စရာ။

မည်သို့ဖြစ်စေ၊ ပြန်ခါနီး အချိန်မှာတော့ မိုးဇက် အားတင်းက အပေါ်ထပ်ရှိ သူမအခန်းဆီသို့ တက်သွားပြီး စကားပြောဆိုရန် ကြိုးစားသည်။ သူမ၏ရုပ်သွင်က ကောင်းကင်ဘုံက နတ်မိမယ်ပမာ တင့်တယ် လွန်းလှသည်။ သို့သော် သူ့ကိုသာ မျက်လွှာ တစ်ချက်ပင့်၍မျှမကြည့်။

သူ့ရင်ထဲ ကြေကွဲလျက်နှင့်ပင် သူ အကြိမ်ကြိမ်စကား စ,ကြည့်သည်။ မရ။

နောက်တော့ ရှက်ရွံစွာပင် သူစကား တစ်ခွန်းဆိုသည်။

” အိမ်ထောင်ဖက်ဆိုတာ ကောင်းကင်ဘုံက ရွေးချယ်ပေးလိုက်တဲ့အတိုင်း ဖြစ်ရတယ်ဆိုတဲ့စကား မင်း ယုံသလား” ဟု သူမေးတော့၊

” ယုံတယ် ၊ ရှင်ကော ” တဲ့ ။ သူမက ခေါင်းငုံ့လျက် ပင် ပြန်ပြောသည်။

” ကိုယ်လဲ သိပ်ယုံကြည်တာပေါ့ ” ဟု သူက ဆိုသည်။ ” ဒီမှာ ကိုယ်ပြောပြမယ်၊ ယောကျာ်းလေး တစ်ယောက် လူ့ပြည်ကို မွေးဖွား ရောက်ရှိတော့မယ့် အခါ တိုင်း လူ့ပြည်မှာ  သူနဲ့ ထိမ်းမြားရမယ့် မိန်းကလေးဟာ ဘယ်သူဘယ်ဝါပဲလို့ ကြေညာပေးလေ့ရှိတယ်၊ ကိုယ့်ကိုမွေးလာတဲ့အချိန် ကိုယ်နဲ့ လက်ထပ်ရမယ့် မိန်းကလေးကို ပြပြီး ဖန်ဆင်းရှင်က ပြောတယ် ၊ ” မင်းရဲ့ ဇနီးသည်ကတော့ ကျောမှာ ဘုတစ်ခုနဲ့ ခါးကုန်းမလေး ဖြစ်နေရှာ” တဲ့ ၊ အဲဒီတော့ ကိုယ်က ပြောလိုက်တယ်၊ ” မိန်းကလေးတစ်ယောက်အဖို့ ကျောမှာဘုနဲ့ခါးကုန်းမလေး ဖြစ်ရရှာမယ်ဆိုရင် သိပ်ကို ကြေကွဲဝမ်းနည်းစရာပါ၊ ဒါကြောင့်မို့ဖြစ်နိုင်မယ်ဆိုရင် အဲဒါတွေကို  ကျွန်တောမျိုးရဲ့ ကိုယ်ထဲ ထည့်ပေးလိုက်ပါ၊ သူ့ကို ချောမောလှပတဲ့ မိန်းကလေးတစ်ယောက် ဖြစ်အောင်သာ ဖန်တီးပေးတော်မူပါ ” လို့ ကိုယ်ပန်ကြားခဲ့တယ်။

သည်စကား ကြားတော့ ဖရွမ်တီယဲ မျက်လွှာလေးပင့်၍ ကြည့်သည်။ သူမအာရုံထဲတွင် ရှေးအတိတ်က တွေ့ခဲ့ဖူးသည့် မိုးဇက်၏ ရုပ်သွင်ကို ပြန်လည် အမှတ်ရသလို မြင်လာသည်။ မိုးဇက်ထဲ သူမ၏ လက်ကို ဆန့်တန်း၍ ပေးလိုက်သည်။ ထို့နောက်မူ ခင်ပွန်းသည်အား တကယ်ပင် ချစ်ခင်စုံမက်သည့် ထာဝရကြင်ဖက်ဖြစ်သွားခဲ့လေသည်။

မူရင်း။      ။ Barry and Joyce Vissell တို့၏  True Love.

ဖေမြင့်၏

နှလုံးသား အာဟာရ စာအုပ်မှ…

ဇော်သိင်္ခ ...

Monday, January 11, 2010

အခက်အခဲဆိုတာ ဘာလဲ စဉ်းစားကြည့်စမ်းပါ

ကြီးမားသည့် အဆီးအတားဟူသည်


သင့်မျက်စိကို ပန်းတိုင်မှ လွှဲဖယ်လိုက်စဉ်


မြင်ရတက်သည့် ကြောက်မက်ဖွယ်ရာတို့ကို ဆိုပေသည်။


....ဟင်နရီဖို့ဒ်.....


စဉ်းစားပါ။

သည်ပုဂ္ဂိုလ်တွေအကြောင်း စဉ်းစားကြည့်စမ်းပါ။

*ဖရက်(ဒ)အက်စတယ ရုပ်ရှင်ရိုက်ရန်အတွက် စမ်းသပ်ခံသည့်အခါ အမ်ဂျီအမ် ရုပ်ရှင် ကုမ္မဏီမှ စစ်ဆေးသူက " သရုပ်မဆောင်တက်၊ ထိပ်နည်းနည်းပြောင်သည်၊ အနည်းအကျဉ်းသာ ကတက်သည်"  ဟူ၍ မှတ်ချက်ပေးသည်။ အဲသည် မှတ်ချက်ပေးတုန်းက ၁၉၃၃ ခုနှစ်။ အဲသည်နှစ်မှာပင် သူနာမည်စ ရသည်။ သည်နောက်တော့ ဟောလိဝုဒ်မှာ အကျော်ကြားဆုံး ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်လာသည်။ ကမ္ဘာမှာအက အကောင်းဆုံး ပုဂ္ဂိုလ်ဟု ချီးမွမ်းပြောဆိုခြင်း ခံရသည်။

အက်စတယ်က အမ်ဂျီအမ်မှ..မှတ်ချက်ကို သူ့အိမ်ရှိ မီးလင်း ဖိုထိပ်တွင် အမှတ်တရ ချိတ်ဆွဲထားခဲ့သည်။

*ကျွမ်းကျင်သ ဆိုသော ပုဂ္ဂိုလ် တစ်ယောက်က  ဗင်းဆင့်လွန်ဘာဒီ သည် ဘောလုံးပညာ မည်မည်ရရမတက်၊ စိတ်အားထက်သန်မှုလည်း မရှိဟု မှတ်ချက်ချခဲ့သည်။

*ဆော့ခရတ္တိ အား လူငယ်များ ကိုစာရိတ္တ ပျက်စေသူဟူ၍ မလိုသူတို့က စွပ်စွဲခဲ့ဖူးသည်။

ဆော့ခရတ္တိ၏ ကိုယ်ကျင့်တရားဆိုင်ရာ သြ၀ါဒများကို ယနေ့တိုင် ကမ္ဘာက ဆည်းပူးရဆဲ ဖြစ်သည်။ ပလေတို၊ အရစ္စတိုတယ်စသည့် ဆော့ခရတ္တိ၏ တပည့်စဉ်ဆက်တို့သည် ဥရောပနှင့်တကွ ကမ္ဘာကိုပါ အသိ ပညာ ဖြန့်ဖြူးပေးဝေသည့် ပညာရေးသမားကြီးများ ဖြစ်ခဲ့သည်။

* ပီတာဂျေ ဒင်နီယယ် စတုတ္တတန်းမှာ.. ရှိစဉ်က သူ့ဆရာမ မစ္စစ် ဖိလစ်(ပ)(စ)က....

"  ပီတာ ဂျေ ဒင်နီယယ်၊ မင်းဟာ အလကား အသုံး မမျတဲ့ ပန်းသီးပုပ်ပဲ၊ ဘယ်တော့မှ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး " ဟူ၍ အမြဲပြောလေ့ရှိခဲ့သည်။

ပီတာသည် အသက် ၂၆ နှစ်အထိ စာလုံးဝ မတက်သလောက်ဖြစ်ခဲ့သည်။ သို့သော် သူအားသူငယ်ချင်း တစ်ယောက်က နပိုလီယန်ဟေးလ်၏ အကြံဥာဏ်ဖြင့် ကြီးပွားရေး စာအုပ်ကို ညလုံးပေါက် ဖတ်ပြပြီးသည့်နောက်တွင် သူ့ဘ၀ ပြောင်းလဲသွားခဲ့သည်။ ယခုအခါ၌ သူသည် ယခင် သူအမြဲရန်ဖြစ်လေ့ ရှိခဲ့သည့် လမ်းဆုံးလမ်းခွများကို ပိုင်ဆိုင်လျက်ရှိခဲ့သည်။ စာလည်း ကောင်းစွာ တက်မြောက်ခဲ့ရုံမက စာအုပ်စာတမ်းများပင် ရေးသား ထုတ်ဝေနိုင်ခဲ့သည်။ သူ၏ နောက်ဆုံး ထုတ်စာအုပ် မှာ Mrs. Phillips , You Were Wrong! ( ဆရာမ ပြောတာ မှားသွားပြီ) ဟူ၍ ဖြစ်သည်။

* လူဝီဆာ မေ အယ်လကော့ (တ) အား သူမ၏ မိသားစူက အပ်ချုပ်သမ အလုပ်၊ အိမ်ဖော်အလုပ်များ လုပ်ရန် တိုက်တွန်းခဲ့ကြဖူးသည်။

လူဝီဆာသည် Little Women ၀တ္ထုအပါအ၀င် လူငယ်စာပေ  အများအပြား  ရေးသား ပြုစုခြင်းဖြင့် ထင်ရှားသော စာရေးဆရာမ တစ်ဦးဖြစ်လာခဲ့သည်။

*ဘေထိုးဗင် သည် တယောကို အချိုးတကျ မကိုင်တက်ခဲ့၊ ထို့ပြင် တေးဂီတနည်းစနစ်များ ကျွမ်းကျင်အောင် လုပ်ဖို့ထက် ကိုယ်ပိုင်သံစဉ် ရေးဖွဲရန်သာ အားသန်နေတက်သည်။ ပြီး သူ့ ဆရာကလည်း သူ့အား တေးဂီတ ရေးဖွဲ့ သီကုံးသူ ( composer) တစ်ဦးဖြစ်ဖို့ မျှော်လင့်ချက် မရှိဟု ဆိုခဲ့သည်။

သို့သော် နောင် တစ်နေ့၌ ဘေထိုးဗင်သည် ကမ္ဘာ့တေးဂီတ သမိုင်း တွင် အထင်ရှားဆုံး ပါရမီရှင်၊ ပညာ ရှင်ကြီး တစ်ဦး ဖြစ်လာခဲ့သည်။

* အင်နရီကို ကာရူဆို အား မိဘများ အင်ဂျင်နီယာ ဖြစ်စေချင်ကြသည်။ သူ့ဆရာကလည်း သူ့မှာ အသံမရှိ၊ သီချင်းဆိုသမား မဖြစ်နိုင်ဟု မှတ်ချက်ချသည်။

ကာရူဆိုသည် ၂၀ ရာစုနှစ်၏ အထင်ရှားဆုံး အဆိုတော် တစ်ဦး ဖြစ်ခဲ့ပါသည်။

အလားတူပင်...

* အီဗော်လူရှင်း သီဝရီ၏ ဖခင်ကြီး ချားလ်(စ)ဒါဝင် သည် သူ့ဆရာများနှင့် သူ့ဖခင် ကိုယ်တိုင်က ဥာဏ်ရည်နိမ့်သူတစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။

*ဖန်တီမှု အနုပညာလောကတွင် ထိပ်သီး တစ်ဦးဖြစ်လာသော ဝေါ့ဒစ္စနေ သည် စိတ်ကူဥာဏ် ခေါင်းပါးသည်ဟူသော မှတ်ချက်ဖြင့် သတင်းစာအလုပ်မှ ထုတ်ပယ်ခြင်းခံရဖူးသည်။ ထို့ပြင် ကလေး လူကြီးတကာတို့ လာရောက်လည်ပတ်ကြသော ဒစ္စနေ အံ့ဖွယ်ကမ္ဘာ လုပ်ငန်းကြီး အောင်မြင်စွာ မတည်ထောင်နိုင်မီစီးပွား အကြိမ်ကြိမ် ပျက်ခဲ့ဖူးသည်။

*ဓာတ်စက်၊ လျှပ်စစ်မီးသီး စသည်တို့အပါအ၀င် တီထွင်မှုပေါင်း ၁၃၀၀ မျှပြုလုပ်ခဲ့သည့် သိပ္ပံပညာရှင်ကြီး အက်ဒီဆင် အား သူ့ဆရာများက အလွန်ထုံထိုင်းသူ၊ ဘာစာမျှသင်၍ မရသူဟူ၍ မှတ်ချက်ချဖူးခဲ့သည်။

*နှစ်ဆယ်ရာစု၏ အကြီးကျယ်ဆုံး သိပ္ပံပညာ ကျော် အယ်လဘက်အိုင်စတိုင်း သည် အသက် ၄နှစ်အရွယ်ထိ စကား မပြောတက်ခဲ့။ အသက် ၇ နှစ်သားအထိစာမဖတ်တက်ခဲ့။ သူ့ဆရာကလည်း သူ့အား ဦးနှောက်လေးသူ၊ ပေါင်းသင်းဆက်ဆံရေးချို့တဲ့သူ ဟူ၍ မှတ်ချက်ချခဲ့သည်။

၎င်းတို့သာ မဟုတ်.....

*ဓာတုဗေဒ နှင့် ပိုးမွှားဗေဒ ပညာရှင်ကြီး လူဝီပါစတာ သည်လည်း ကျောင်းနေစဉ်က သာမန်မျှသာ ဖြစ်ပြီး နောင်တွင် ပါရဂူတစ်ဆူ ဖြစ်လာမည့် ဓာတုဗေဒဘာသာရပ်၌ပင် ကျောင်းသား ၂၂ယောက်ထဲတွင် အဆင့် ၁၅ ရှိခဲ့သည်။

*ရူပဗေဒ ပညာနယ်ပယ်၌ ကြီးကျယ်လှသော သဘောတရားသစ်များကို ဖော်ထုတ်ခဲ့သူ ၁၈ ရာစု အင်္ဂလိပ်တွေးခေါ်ရှင် သိပ္ပံပညာရှင်ကြီး အိုက်ဇက် နယူတန် သည်လည်း အခြေခံပညာအတင့်တွင် အလွန်စာညံ့သူ တစ်ဦးဖြစ်ခဲ့သည်။

* `တွေးတောသူ` ပန်းပုရုပ်ဖြင့် ကမ္ဘာသိ ထင်ရှားသူ ပန်းပုဆရာကြီး ရိုဒင်အား သူ့ဖခင်က ငါ့မှာ ကျပ်မပြည့်တဲ့ သားတစ်ယောက် မွေးထားရတယ်ဟု ပြောဖူးသည်။ ရိုဒင်သည် အနုပညာကျောင်းသို့ ၀င်ခွင့်လျှောက်ထားရာ သုံးကြိမ်တိတိ အပယ်ခံရသည်။ သူ့ဦးလေးက မူ ဒီကောင်က ဘာပညာမှ သင်လို့မရဘူးဟူ၍ မှတ်ချက်ချသည်။

* `စစ်နှင့် ငြိမ်းချမ်းရေး` ၀တ္ထုကြီးဖြင့် ကမ္ဘာက လေးစားရသော ရုရှားစာရေးဆရာကြီး  တော်စတွိုင်း သည် ကောလိပ်ကျောင်းမှ တစ်ဝက်တစ်ပျက်နှင့် ထွက်ခဲ့ရသူ ဖြစ်သည်။ သူ့အား စာသင်၍မရ၊ စာသင်ချင်စိတ်လည်း သူ့မှာ မရှိဟူ၍ မှတ်ချက်ချခြင်းခံရသည်။

*မော်တော်ကား ပညာရှင် အမေရိကန် စက်မှုလုပ်ငန်းရှင် သူဌေးကြီး ဟင်နရီဖို့ဒ် သည် အကြီးအကျယ်ချမ်းသာကြွယ်ဝသည့်အဆင့်မရောက်မီက ငါးကြိမ်တိတိစီးပွား ပျက်ခဲ့ဖူးသည်။

* နှစ်ဆယ်ရာစု ပထမပိုင်းကာလ၏ အထင်ရှားဆုံး လူသားတစ်ဦး အဖြစ် သတ်မှတ်ခြင်းခံရသူ ဆာဝင်စတန် ချာချီ သည် ခြောက်တန်းတွင် စာမေးပွဲကျခဲ့သည်။ဘ၀သက်တမ်း တစ်လျှောက်လုံးလည်း နိုင်ငံရေး နယ်ပယ်တွင် ရှုံးပွဲတွေ အလီလီ ဆင်နွှဲခဲ့ရပြီး အသက် ၆၂ နှစ်တွင် မှ ဗြိတိသျှဝန်ကြီးချုပ်ရာထူးကို ရရှိခဲ့ဖြင်း ဖြစ်သည်။

*`ယောနသံစင်ရော်` ၀တ္ထုဖြင့်ကမ္ဘာကျော်ခဲ့သည့် စာရေးဆရာ ရစ်ချတ်ဘတ်(ခ)သည် အစပိုင်းက သည် ၀တ္ထုလေး တပိုက်ပိုက်နှင့် စာအုပ်တိုက်တကာ လည်ခဲ့ရသည်။ ထုတ်ဝေသူ ၁၈ ဦးတိတိက သူ့စာအုပ်ကို ငြင်းပယ်ခဲ့သည်။ ၁၉၇၀ ခုနှစ်တွင်မှ မက္ကမီလန် စာအုပ်တိုက်မှ လက်ခံထုတ်ဝေခဲ့ရာ အကြီးအကျယ် အောင်မြင်ကျော်ကြားသွားခဲ့ပြီး နောက်ငါးနှစ်အတွင်း အမေရိကန် တစ်ပြည်တည်းမှာပင် စောင်ရေ ၇သန်းကျော် ရောင်းချခဲ့ရသည်။

* အလားတူ အလားတူ အဲသည်လို ပုဂ္ဂိုလ်မျိုးဖြစ်ရပ်မျိုးတွေ အများအပြား ပင် ရှိပါသည်။

ထို့ကြောင့် အကယ်၍ သင့်မှာ လောလောဆယ် မအောင်မြင်မှု၊ ဆုံးရှုံးမှု၊ အရေးနိမ့်မှုများ  ကြုံနေရသည် ဆိုငြားအံ့၊ ထိုအတွက် စိတ်ပျက်လက်လျှော့လိုစိတ်များ လည်း ဖြစ်ပေါ်မယ် ဆိုငြားအံ့၊ သည်ပုဂ္ဂိုလ်တွေအကြောင်းတွေးကာ၊ ထို့နောက် သူတို့အကြောင်းတွေ အသေးစိတ်လိုက်လံလေ့လာကာ၊ စိတ်သစ် အားသစ်တွေ မွေးပြီး ကြိုးစားကြည့်စမ်းပါဟု အကြံပေးလိုက်ချင်ပါသည်။

မူရင်း။   ။ Jack Canfield နှင့်  Mark V. Hansen တို့၏  Consider This.

ဖေမြင့်၏

နှလုံးသား အာဟာရ စာအုပ်မှ…

ဇော်သိင်္ခ ...

Thursday, January 7, 2010

ကျွန်တော် သိသင့်သမျှ အရာအားလုံး သူငယ်တန်းကတည်းက သင်ခဲ့ပြီးပါပြီ

ဘ၀မှာ ဘယ်လိုနေမည်၊ ဘာတွေလုပ်မည်၊ ဘယ်ပုံဖြစ်ရမည် ဆိုတာတွေနှင့် ပတ်သတ်၍ ကျွန်တော်သိသင့်သိထိုက်သည့်အရာ အများစုကို သူငယ်တန်းမှာကတည်း ကပင် ကျွန်တော်သင်ယူခဲ့ရပြီးဖြစ်သည်။

အသိဥာဏ် အမြော်အမြင် ဟူသည် တက္ကသိုလ်၊ ကောလိပ်ဆိုသည့် တောင်ထိပ်ပေါ်မှာ ရှိသည်မဟုတ်၊ မူကြိုကျောင်းက ကလေးကစားသည့် သဲကျင်းလေးထဲ မှာ ပင်ရှိနေပါသည်။

အဲသည်မှာ ကျွန်တော်သင်ခဲ့ သိနားလည်ခဲ့ရတာတွေက အများကြီး။

ဘယ်အရာမဆို အများနှင့် ဝေမျှယူရမည်။

မတရား မလုပ်ရ။

သူတစ်ပါးကို မရိုက်ရ။

ပစ္စည်းတစ်ခု ယူကိုင်ပြီးလျှင် မူလနေရာမှ ပြန်ထားရမည်။

ကိုယ်ရှုပ်ထားသည့် အမှိုက် ကိုယ့်ဘာသာ ရှင်းရမည်။

ကိုယ့်ဥစ္စာ မဟုတ်ဘဲ မယူရ။

ကိုယ့်ကြောင့် တစ်စုံတစ်ယောက်  ထိခိုက်နာကျင်သွားလျှင် တောင်းပန်ရမည်။

အစမစားမီ လက်ဆေးရမည်။

အိမ်သာသွားပြီးလျှင် ရေဆွဲခဲ့ရမည်။

ကွတ်ကီ(ဘီစကစ်) နှင့် နွားနို့သည် ပူပူနွေးနွေး စားသုံးမှကောင်းသည်။

ဘ၀ကို မျှတစုံလင်စွာ နေထိုင်ရမည်။

စားနည်းနည်းဖတ်ရမည်။

ဦးနှောက်က နည်းနည်းစဉ်းစားရမည်။

ပုံဆွဲရမည်၊ ဆေးခြည်ရမည်၊ သီချင်းဆိုရမည်၊ကရမည်၊ကစားရမည်၊အလုပ်လုပ်ရမည်၊ အားလုံးနည်းနည်းစီ နေ့စဉ်လုပ်ရမည်။

ပြီးတော့.............

နေ့လယ်ချင်းမှာ တစ်ရေးအိပ်ရမည်။

အပြင်ထွက်လျှင် ယာဉ် အသွားအလာကို ကြည့်၊ သူငယ်ချင်းနှင့် လက်တွဲ မခွဲမခွာဘဲ ကူးရမည်။

လောကကြီးထဲက အုံသြစရာတွေကို ကြည့်တက်မြင်တက်ရမည်။ ပလတ်စတစ်ခွက်ထဲက သစ်စေ့လေးကိုသတိရ၊ အမြစ်က အောက်ဘက်ထိုးဆင်းသွားပြီး ပင်စည်က အပေါ်ထောင်တက်လာခြင်းဖြစ်သည် ဘာ့ကြောင့်လဲ၊ သည်ကိစ္စ ဘယ်သူမျှ အဖြေမပေးနိုင်။ ကျွန်တော်တို့ကိုယ်တိုင်လည်း သည်သစ်စေ့လေးအတိုင်း အံ့သြစရာ။

ပြီး  ရွှေငါးလေးတွေ၊ ဟမ္မစတာ ကြွက်ကြီးတွေ၊ ကြွက်ဖြူလေးတွေအပြင် စောစောက ပြောခဲ့သည့်ပလတ်စတစ်ခွက်ထဲက သစ်စေ့လေးသည်ပင် တစ်နေ့မှာ သေဆုံးရမည်။ ကျွန်တော်တို့သည်လည်း ထိုနည်းလည်းကောင်း........။

အဲသည်နောက် ဒစ်(ခ)(ကောင်းလေး)နှင့် ဂျိန်း (ကောင်မလေး) ပါသည့် ဖတ်စာအုပ်အကြောင်း ပြန်ပြောင်းတွေးကြည့်စမ်းပါ။ သင်ပထမဆုံး သင်ရသည့် သင့်အတွက် အကြီးမားဆုံး ဝေါဟာရက ဘာလဲ။

Look ကြည့်ပါ .. တဲ့။ မှန်သည်။ လိုက်ရှာကြည့်ပါ။ တစ်နေရာရာမှ  ပါသည်။ ကိုယ်ချင်းစာတရားပါသည်။

ချစ်ခြင်းမေတ္တာပါသည်။ သန့်ရှင်းစင်ကြယ်မှုပါသည်။ လူ၊ တိရစ္ဆာန်၊ သစ်ပင်နှင့် ပတ်ဝန်းကျင်တို့ ဆက်စပ်ရပ်တည်နေပုံကို ပြသည့် ecology သဘောတရားကိုလည်း သူ့အထဲမှာ တွေ့ရမည်။ နိုင်ငံရေး၏ သဘောကိုလည်း တစ်စွန်းတစ်စ ရိပ်စားမိရသ်ည်။ အသိဥာဏ်ရှိစွာ အသက်ရှင် နေထိုင်ရန် နည်းလမ်းများလည်း သူပေးထားသည်။

စဉ်းစားကြည့်ပါ။

ကမ္ဘာပေါ်မှာ ရှိသည့် ကျွန်တော်တို့ လူသားတွေအားလုံးသာ နေ့လယ် ၃ နာရီမှာ ကွတ်တီ ပူပူစား ၊ နွားနို့ပူပူလေးသောက်ကာ စောင်လေး ကိုယ်စီခြုံပြီး တစ်ရေးအိပ်ကြမည်ဆိုလျှင် ကမ္ဘာကြီး သခုထက် မည်မျှ ပို၍ အေးချမ်းသွားပါမည်နည်း။

သို့တည်းမဟုတ် ကျွန်တော်တို့ တိုင်းပြည်အသီးသီးမှာ `ကိုယ် ကိုင်မိသည့် ပစ္စည်းကို မူလ တွေ့ခဲ့သည့် နေရာမှာ ကိုယ်ပြန်ထားမည်၊ ကိုယ်ရှုပ်သည့် အမှိုက်ကို ကိုယ်ပြန်ရှင်းမည်``  ဟူသော မူဝါဒကိုယ်စီ တိတိကျကျ ချထားကြမည်ဆိုလျှင်ကော သည်ကမ္ဘာကြီး ဘယ်လောက်သာယာလှပသွားမည်နည်း။

ပြီး.......စဉ်စားကြည့်ပါ။ သင်တို့ ကျွန်ုပ်တို့ အသက်အရွယ် ဘယ်မျှ ရှိသည်ဆိုစေ အပြင်လောက ကမ္ဘာ ထဲထွက်သည့်အခါ လက်ချင်းမြဲမြဲတွဲ၍ မခွဲမခွာ သွားကြ မည်ဆိုလျှင် အားလုံး အတွက် မည်မျှ ပျော်ရွှင် ချမ်းမြေ့စရာ ဖြစ်သွားပါမည်နည်း...............။

မူရင်း။   ။ Robert Fulghum ၏ All Really Needed To Know I Learned In Kindergarten.

ဖေမြင့်၏

နှလုံးသား အာဟာရ စာအုပ်မှ...

ဇော်သိင်္ခ ...

Wednesday, January 6, 2010

နပိုလီယန်နှင့် သားမွေးဆိုင်ရှင်

ဒေါသဖြင့်လည်း နောက်ကြောင်းပြန်မကြည့်နှင့်၊


ကြောက်စိတ်ဖြင့်လည်း ရှေ့ရေးမတွေးတောနှင့်၊


ပညာသတိဖြင့်သာ


ဝန်းကျင်ကိုရှုမြင်ပါ။


(ဂျိမ်းစ်သာဗာ)




ရှရှားပြည်ကြီးကို နပိုလီယန် ကျူးကျော်တိုက်ခိုက်စဉ်ကာလ။ မြို့ကလေးတစ်မြို့တွင်း စစ်ခင်းကြစဉ် နပိုလီယန်နှင့် သူ့နောက်လိုက်နောက်ပါတွေ အမှတ်မထင် လူစုကွဲသွားကြသည်။

ရှရှားကော့ဆက်စစ်သားတစ်စုက သူ့ကိုမြင်သွားပြီး တရကြမ်းလိုက်သည်။ ကွေ့ကောက်သောလမ်းသေးလမ်းသွယ်များကြား အသက်ကို လု၍ ပြေးလာခဲ့ပြီး လမ်းမြှောင်တစ်ခုထဲရှိ သားမွေးထည် အရောင်းဆိုင် တစ်ဆိုင်တွင် အလစ်ဝင်ခိုသည်။

ဆိုင်ရှင်ကိုမြင်တော့ " ကယ်စမ်းပါဦးဗျာ၊ ကယ်စမ်းပါဦးဗျာ၊ ကျွန်တော်ဘယ်မှာပုန်းရမလဲ" ၊ တောင်းပန်တိုးလျှိုးသော လေသံဖြင့် နပိုလီယန် အမောတကောမေးသည်။

ဆိုင်ရှင်က " အဲဒီထောင့်က သားမွေးပုံကြီးအောက်အမြန်ဝင်" ဟု ဆိုပြီးနောက် နပိုလီယန်အား အပေါ်မှ သားမွေးတွေ တစ်ထပ်ကြီး ဖုံးဖိပေးထားသည်။

ဖုံးဖိပြီးရုံရှိသေး ကော့ဆက်တွေ အခန်းထဲ အော်ဟစ်ပြေးဝင်လာကြသည်။ " ဘယ်မလဲဟေ့၊ ဒီဆိုင်ထဲ ၀င်သွားတာ ငါတို့မြင်လိုက်တယ်"

ဆိုင်ရှင်က ငြင်းသည်။ သို့သော် သူတောင်းပန်နေသည့်ကြားကပင် ကော့ဆက်တွေ တစ်ဆိုင်လုံး ဆွဲလွဲ မွှေနောက်ကာ နပိုလီယန်ကို ရှာကြသည်။ မတွေ့။ နောက်ဆုံး သူတို့ လက်လျှော့ပြီး ထွက်သွားကြသည်။

အတော်ကြာတော့မှ နပိုလီယန်သားမွေးပုံအောက်မှ တွား၍ ထွက်လာသည်။ သူ ဘာမှ ဒဏ်ရာမှ မရခဲ့။ သည်အခိုက်မှာပင် သူ့ကိုယ်ရံတော်တွေ ဆိုင်ဝ ရောက်လာည်။

သည်အချိန် သား မွေးဆိုင်ရှင်က နပိုလီယန်အား ကြည့်ကာမရဲတရဲနှင့် မေးသည်။

" ဒီလောက်ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ကြီးကို အားမနာပါးမနာ မေးတယ်လို့တော့ သဘောမထားပါနဲ့ခင်ဗျာ၊ သားမွေးပုံအောက် ရောက်နေတဲ့ အချိန်၊ နောက် တစ်ခဏမှာ အဆုံးစီရင်ခံရနိုင်တယ်လို့ သိနေရတဲ့အချိန်က ဘယ်လို ခံစားရပါသလဲ ခင်ဗျာ"

နပိုလီယန် ဆက်ခနဲ မတ်မတ်ရပ်လိုက်ပြီး သားမွေးဆိုင်ရှင်အား ဒေါသနှင့် ပြောသည်။

" နပိုလီယန် ဧကရာဇ်တစ်ယောက်လုံးကို မထီလေးစား မေးရသလား၊ ရိုင်းပျတဲ့ ဒီသတ္တ၀ါကို ဖမ်း၊ မျက်နှာ ကို ပ၀ါစည်းပြီး ချက်ချင်းသုတ်သင်စမ်း၊ ငါကိုယ်တော်မြတ် ကိုယ်တိုင် ဒီကောင့်ကို ပစ်မိန့်ပေးမယ်"

ကိုယ်ရံတော် စစ်သည်တွေ သားမွေးဆိုင်ရှင်အား ၀ိုင်းချုပ်ပြီး အပြင်သို့ တရွတ်ဆွဲ ခေါ်သွားကြသည်။ သူ့ကို နံရံမှာရပ်စေကာ မျက်နှာကို ပ၀ါစည်းသည်။

သားမွေးဆိုင်ရှင်သည် ဘာကိုမျှမမြင်ရ။ သို့သော် စစ်သားတွေ တန်းစီသံ ၊ ပစ်ခတ်ရန်အတွက် ရိုင်ဖယ်သေနတ်များ ပြင်ဆင်ကြသံတွေ သူကြားနေရသည်။ လေတိုးသဖြင့် သူ့ကိုယ်ပေါ်က အ၀တ်အစားတွေ လှုပ်ခတ်သွားတာ၊ ပါးပြင်က အေးစက်သွားတာ ၊ ပြီးတော့ သူ့ဒူးတွေ တဆတ်ဆတ်တုန်နေတာတွေလည်း သူ သတိပြုမိနေသည်။

ထို့နောက် နပိုလီယန် လည်ချောင်း ရှင်းလိုက်ပြီး တစ်ဆင့်ချင်း အမိန့်ပေးသံ သူကြားရသည်။

" အသင့်ပြင်....... ချိန်....... "

လောလောဆယ် သူသိမှတ်နေရသည့် အကြားအာရုံ၊ အထိအတွေ့ အာရုံကလေးသည်ပင် အချိန်အနည်ငယ်အတွင်း သူ့ထံမှ ထာဝရနုတ်ပယ်ခြင်း ခံရတော့မည်ဟူသည်ကို တွေးမိကာ အမျိုးအမည် မဖော်ပြနိုင်သည့် ဝေဒနာတစ်ခု သူ့ကို လွှမ်းမိုးလာပြီး ပါးပြင်ပေါ်သို့ မျက်ရည်တွေ စီးကျလာသည်။

အတော်ကြီး ကြာအောင် တိတ်ဆိတ်ငြိမ်သက်နေပြီးနောက်တွင်  သူ့အနီးသို့ ချဉ်းကပ်လာသည့် ခြေသံများ သားမွေးဆိုင်ရှင်ကြားရသည်။ ထို့နောက် သူ့မျက်နှာမှာ စည်းထားသည့် အ၀တ်ကို ဖြေပေးသည်။ ရုတ်တရက် တိုးဝင်လာသည့် နေရောင်ကြောင့် သူ့အမြင်အာရုံတွေ မသဲမကွဲသေး။ သို့သော် မှုန်ရီဝိုးဝါး ဖြစ်နေသေးသည့် ကြားကပင် သူ့အား ဖောက်ထွင်းမတက် စူးစိုက်ကြည့်နေသည့် နပိုလီယန်၏ မျက်လုံးအစုံကို သူမြင်ရသည်။ သည်မျက်လုံးများကား သူ့တစ်ကိုယ်လုံး ကို တစ်ထောင့် တစ်ဌာနမကျန် အသေးစိတ် ဖော်ထုတ်သိမြင်သွားသည့် ဟန်ပင်။

သည့်နောက် နပိုလီယန်က လေသံအေးအေးနှင့်ပင် ပြောလိုက်သည်။ " ကဲ.... အခုတော့ မင်း သိပြီမဟုတ်လား "  တဲ့......။

မူရင်း။    ။ Steve Andreas ၏ Napoleon and the Furrier.

ဖေမြင့်၏

နှလုံးသား အာဟာရ စာအုပ်မှ…

ဇော်သိင်္ခ ...

Monday, January 4, 2010

တန်ခိုးရှိသော ကျောက်စရစ်ခဲလေးများ

" ဒီဟာတွေက ဘာအသုံးဝင်မှာမို့လို့ ကျွန်တော်တို့ သင်နေရတာလဲ"

တပည့်တွေထံမှ ကျွန်တော်ကြားရသမျှ မကျေနပ်ချက်တွေ၊ စောတကတက်မှုတွေထဲမှာ သည်စကားက အကြိမ် အရေအတွက် အများဆုံးဖြစ်၏၊

အဲသည်စကား ကြားရတိုင်း ကျွန်တော်ဟောသည် ပုံပြင်လေးကို ပြန်ပြောပြလေ့ ရှိသည်။

*****


တစ်ခါက ခြေသလုံး အိမ်တိုင် နေထိုင်သူ လူမျိုးတစ်စုဟာ ညဘက် စခန်းချရပ်နားဖို့ ပြင်ဆင်နေတုန်း ရုတ်တရက် သူတို့နေရာကို အလင်းတန်းကြီးတစ်ခု ထိုးကျလာတယ်။ ဒါဟာတော့ ထက်ကောင်းကင်က တန်ခိုးရှင် တစ်ဦးပဲလို့ သူတို့ သဘောပေါက်လိုက်ပြီး ဘယ်လိုအရေးကြီးတဲ့ ဗျာ ဒိတ်တော်များ သူတို့ သူတို့ အတွက် အထူးမြွက်ကြွားတော်မူလေမလဲလို့ မျှော်လင့်ကြီးစွာ စောင့်စားနားထောင်ကြတယ်။


အတန်ကြာပြီတဲ့နောက်မှာ အသံတော်ထွက်ပေါ်လာတယ်။


" ကျောက်စရစ်ခဲတွေ ရနိုင်သမျှ ကောက်ကြ၊ ပြီးတော့ ကုန်းနှီးအိတ်တွေထဲ မှာ ထည့်၊ တစ်နေ့ ခရီးသွားပြီး နောက်နေ့ညမှာ သင်တို့ ပျော်ရွှင်ရလိမ့်မယ်၊ စိတ်မချမ်းမသာ ဖြစ်ရလိမ့်မယ်"


သည်လိုပြောပြီးတဲ့နောက် ပျောက်သွားတယ်။


ဒီလူတွေအားလုံး စိတ်ပျက်ဒေါသထွက်ကြတယ်။


အချင်းချင်း ပွစိပွစိပြောဆိုကျန်ရစ်တယ်။ သူတို့ တစ်တွေ ချမ်းသာသုခ ခံစားရဖို့၊ ကမ္ဘာလောကရဲ့  အကျိုးကိုလည်း သယ်ပိုးနိုင်စေဖို့ ကြီးကျယ်တဲ့ ဥာဏ်အမြင်တွေ ဖွင့်ဟမြွက်ကြားမသွားဘဲ အဓိပ္ပာယ်မရှိတဲ့ အသေးအမျှားအလုပ်ကိုသာ ခိုင်းသွားတယ်ဆိုပြီး မကျေမနပ်ဖြစ်ကြတာပေါ့၊ ဒါပေမယ့် အရောင်အ၀ါထိန်လင်းစွာနဲ့ လာတဲ့ ထူးခြားသော ပုဂ္ဂိုလ်ဖြစ်တာကြောင့် သူ့မိန့်မှာချက်ကို လုံးလုံး လျားလျားတော့ လျစ်လျူမရှု့ဝံ့ဘူး။ ဗျစ်တောက် ဗျစ်တောက် ပြောဆိုရင်းနဲ့ပဲ ကျောက်စရစ်ခဲတွေ တစ်လုံးနှစ်လုံးစီလောက် ကောက်ပြီး ကုန်းနှီးအိတ်တွေထဲ ထည့်ကြတယ်။


နောက်နေ့ တစ်နေ့လုံး ခရီးနှင်ကြပြီး ညဘက် စခန်းချ ရပ်နားကြတော့ ကုန်းနှီးအိတ်တွေထဲ နှိုက်မိတဲ့အခါ သူတို့ကောက်ခဲ့တဲ့ ကျောက်စရစ်ခဲ တစ်လုံးစီဟာ စိန်တစ်လုံးစီ ဖြစ်နေတာ သွားတွေ့ရတယ်။


စိန်တွေ ရလာတော့ သူတို့  ၀မ်းသာကြတာပေါ့၊ ဒါပေမယ့် များများမကောက်မိလေခြင်းလို့လည်း အကြီးအကျယ် ၀မ်းနည်းမိကြရပြန်တယ်။


*****


သည်ပုံပြင်၏ အဆိုမှန်ကန်လှပုံ အကြောင်းကို စောစောပိုင်းကာလ ကျွန်တော်တွေ့ခဲ့ရသည့် တပည့်တစ်ယောက်၏ ကိုယ်တွေ့ဖြစ်ရပ်က သာဓက ဆောင်ခဲ့သည်။


တပည့်အမည်က အလန်။


ရှစ်တန်း ကျောင်းသားဘ၀၌ အလန်၏ အဓိက ဘာသာရပ်မှာ `ပြဿနာ` ဖြစ်ပြီး တွဲဖက် အဖြစ် ``ပြစ်ဒဏ်စုံ`` ဘာသာကို သူယူခဲ့၏။ ကျောင်းသား အချင်းချင်းအနိုင်ကျင့်ခြင်း၊ ဗိုလ်ကျခြင်း ပညာ ကို သူစွမ်းစွမ်းတမံ လေ့လာခဲ့ပြီး `အတိုအရှို` ဘာသာ၌ မဟာဝိဇ္ဇာဘွဲ့ရခဲ့၏ ။


သည်တုန်းက ကျောင်းမှာ ကျွန်တော်လုပ်သည့်အစီအစဉ်တစ်ခု ရှိသည်။


နေ့စဉ် တပည့်များအား တွေးခေါ်ရှင်ကြီးများ၏ အဆိုအမိန့်စကားတစ်ခွန်းစီကို ကျက်မှတ်စေခြင်း ဖြစ်သည်။ အတန်းထဲတွင် နာမည်ခေါ်သည့်အချိန် ကျွန်တော်က နာမည်နှင့်အတူ အဆိုအမိန်စကားတစ်ခု၏ အစပိုင်းကို တိုင်ပေးလိုက်လျှင် ကျောင်းသားက အဆုံးပိုင်းကို ဆက်ဆိုပြီးမှ ​`ရှိပါတယ်ခင်ဗျ` ဟု ထူးရသည်။


" အဲလစ် အာဒမ်(စ) ၊ `ကြိုးစားအားထုတ်နေသရွေ့သင်မရှုံး`၊ ... "


" `လက်မြှောက်နောက်ဆုတ်သွားပြီ ဆိုလျှင်ကား သင်လုံးဝ ရှုံးပေးပြီ`၊ ရှိပါတယ် ဆရာ "


အဲသည်လို။


တစ်နေက တစ်ပုဒ်ဆိုတော့ တစ်နှစ်ကုန်သည့်အခါ အဆိုအမိန့် ၁၅၀ မျှ သူတို့ ကျက်ဖူးသွားကြသည်။


" သင်တက်နိုင်မည် ထင်မလား၊ မတက်နိုင်ဘူး ထင်သလား၊ မည်သို့ ထင်သည် ဖြစ်စေ သင့်အထင် မှန်ပါလိမ်မည် "


" အတားအဆီးတွေ မြင်နေသည်ဆိုက ပန်းတိုင်ကို သင်မြင်မည်မဟုတ်တော့"


" အဆိုးအပြစ် ၀ါဒီ (cynic) ဟူသည် ဈေးနှုန်းတွေအားလုံးသိပြီး မည့်သည့်ပစ္စည်း၏ တန်းဖိုးကိုမျှ မသိသောသူကို ဆိုသည်" စသည်များ။


နပိုလီယန်ဟေးလ်၏ " သင့်အာရုံထဲတွင် မြင်ယောင်မှန်းဆ၍ ရမည်၊ ဖြစ်ရမည်ဟူ၍လည်း ယုံကြည်မည် ဆိုလျှင် ထမြောက်အောင်မြင်မှာ မုချဖြစ်သည်"  ဟူသော စကားလည်း ပါသည်ပေါ့။


အဲသည်လို အဆိုအမိန်တွေ နေ့စဉ်ရွတ်ဆိုရသည့်ကိစ္စကို မကျေမနပ်အဖြစ်ဆုံးက အလန် ဖြစ်သည်။ ကျောင်းထုတ်ခံရ၍ ထွက်သွားသည့်နေ့အထိ အမြဲ ပူညံပူညံ။


ပြင်ပ ရောက်သွားပြီးသည့်နောက် ငါးနှစ်မျှ ကျွန်တော်နှင့် အဆက်အသွယ်ပြတ်သွားသည်။ တစ်နေ့မှာတော့ သူဆက်သွယ်သည်။ လောလောဆယ် သူက ကျွန်တော်တိုက အနီးအနားရှိ ကောလိပ်ကျောင်း တစ်ကျောင်း၏ အထူးအစီအစဉ်တစ်ခု တွင် ပါဝင်တက်ရောက်လျက်ရှိသည်။ ခံဝန်ချုပ်ဖြင့် နေရသည့်ကာလ ပြီးဆုံးသွားသည်မှာ ဘာမျှ မကြာသေး။


ကျောင်းမှ ထွက်သွားပြီးသည့်နောက် သူ၏ ဆိုးသွမ်းမှုများအတွက် သက်ငယ် တရားရုံးသို့ ရောက်သည်။ ထို့နောက် ကယ်လီဖိုးနီးယားပြည်နယ လူငယ်ပြုပြင်ရေးစခန်းသို့ အပို့ခံရသည်။ တစ်နေ့၌မူ သူ့ဘ၀ကိုသူ အလွန်အမင်း စက်ဆုပ်သလို ခံစားမိလာကာ လက်ကောက်ဝတ် နှစ်ဖက်လုံးရှိ သွေးကြောများကို ဘလိတ်ဓားနှင့် လှီးပြီး သေကြောင်းကြံစည်သည်။


အဲသည်တုန်းက အဖြစ်ကို သူပြန်ပြောပြသည။


" လက်က စီးကျတဲ့ သွေးတွေနဲ့ အတူ ခန္ဒာကိုယ်က ကျွန်တော်အသက်ဝိညာဉ် ဖြည်းဖြည်းချင်း ထွက်ခွနေတဲ့အချိန် ကျွန်တော် ဘာသွားသတိရသလဲ သိလား။


တစ်နေ့ အတန်းထဲမှာ ဆရာ ကျွန်တော့ကို ဒဏ်ပေးပြီး အကြိမ်နှစ်ဆယ် ရေးခိုင်းတဲ့၊ ကျွန်တော သိပ်အမြင်ကတ်တဲ့ အ ဆိုအမိန်တစ်ခုဆရာ ၊ " ကြိုးစားအားထုတ်နေသရွေ့ သင်မရှုံး၊ လက်မြှောက်နောက်ဆုတ်သွားပြီဆိုလျှင်ကား သင်လုံးဝရှုံးပေပြီ " တဲ့ စကား၊ ဒီစကားရဲ့ အဓိပ္ပာယ်က လည်း အဲဒီတော့မှ ချက်ချင်း ခေါင်းထဲ လင်းသွားတယ်။ အသက်ရှင်နေသရွေ့ ငါမရှုံးသေးဘူး၊ အခုနေသေလိုက်ရင် ငါအရှုံးသမား တစ်ယောက်အနေနဲ့ သေခဲ့ရတာဖြစ်မယ်၊ ဒီလိုတွေးပြီ ရှိစုမဲ့စု အားကလေးနဲ့ အကူအညီလှမ်းခေါ်တယ်၊ အဲဒီကနေပြီး ကျွန်တော်ဘ၀ အသစ်စခဲ့တာပဲ ဆရာ "


*****


အလန်၏ ကိုယ်တွေ့က ပုံပြင်ထဲမှ လူစု၏ အဖြစ်အပျက်နှင့် ဆင်တူပင် ဖြစ်သည်။


ကျောင်းတွင် သူစတင်ကြားသိရစဉ်က ထိုအဆိုအမိန့်သည် ကျောက်စရစ်ခဲ ဖြစ်သည်။ တကယ် ဘေးဒုက္ခကြုံချိန် သူ့အား လမ်းပြကယ်တင်လိုက်နိုင်သည့် အချိန်တွင်ကား ကျောက်စရစ်ခဲသည် စိန်တုံး ဖြစ်သွားခဲ့သည်။


ထို့ကြောင့်.....


သည်ကနေ့ချိန်ခါ  ကျောက်စရစ်ခဲတွေ ရနိုင်သမျှ ကောက်ယူစုဆောင်းပါ။ နောင်တစ်နေ့ သင့်ဘ၀ ခရီလမ်းမှာ စိန်တွေပြည့်လျှမ်းနေတာ တွေ့ရပါလိမ့်မည်ဟူ၍ပဲ တိုက်တွန်းချင်ပါသည်။


မူရင်း။   ။ John Wayne Schletter ၏  The Magic Pebbles.



ဖေမြင့်၏

နှလုံးသား အာဟာရ စာအုပ်မှ

ဇော်သိင်္ခ ...

Thursday, December 31, 2009

နှလုံးသားအတွက် တစ်သက်တာ အာဟာရ

အတန်းထဲက

အမှတ်မထင်လေ့ကျင့်ခန်လေးသည်

တစ်သက်တာ မမေ့နိုင်စရာ

သင်ခန်းစာတစ်ခု ဖြစ်သွားခဲ့သည်။


သူ့နာမည် မာ့ခ် အက္ကလွန်း။ သူက တကယ့်ကို ရှားရှားပါးပါး လူစားမျိုး။

မင်နီဆိုတားပြည်နယ်။ မောရစ်မြို့ကလေးရှိ စိန့်မေရီကျောင်းမှာ တတိယတန်း ကလေးတွေ စာသင်ပေးရစဉ် သူ့ကို ကျွန်မ စတွေ့ခဲ့ခြင်းဖြစ်သည်။ အတန်းသား ၃၄ ယောက်လုံးပင် အလွန် ချစ်စရာ ကောင်းလှသည်။ သည်အထဲမှာ မှ မာ့ခ်က ပို၍ထူးထူးခြားခြား ။

လူက အလွန်သပ်ရပ်သန့်ပြန့်သည်။ အမြဲရွှင်ရွှင် ပျပျ တက်တက်ကြွကြွ ရှိသည်။ တစ်ခါတလေ သူဆိုးတက်သည်။ သို့သော် ဆိုးတာ လေးသည်ပင် ရယ်ရွှင်ချင်စရာ။

သူက စကားလည်း အလွန်များသည်။ ဘယ်တော့မှ ပါးစပ်ပိတ်မနေနိုင်။ အတန်းထဲမှာ ဆရာမ ခွင့်ပြုချက်မရဘဲ စကားပြောလျှင် အပြစ်ဖြစ်ကြောင်း သူ့ကို ခဏခဏ သတိပေးရသည်။ သို့သော် သူနှင့် ပတ်သက်၍ ကျွန်မ အထင်ကြီးမိရတာ ဆစ်ခုတော့ရှိသည်။ အဲဒါက သူ့ကို အပြစ်ဒဏ်ပေးသည့်အခါတိုင်း " ကျွန်တော့်ကို ဆုံးမတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာမ" ဟု၍တကယ်အရိုးခံနှင့် ပြန်လည်ပြောဆိုတက်ခြင်းဖြစ်သည်။ အစတွင်တော့ သူ့စကားက နားထဲမှာ တစ်မျိုးကြီးဖြစ်နေသည်။ နောက်တော့လည်း နေ့စဉ် အကြိမ်ပေါင်းများစွာ ကြားရကာ တဖြည်းဖြည်း ရိုး၍သွားသည်။

တစ်နေ့နံနက်မှာတော့ မာခ်ကို စကား မပြောဖို့ပြောရတာ အကြိမ်ပေါင်းများလွန်းသဖြင့် ကျွန်မ စိတ်မရှည်ဖြစ်ကာ ဆရာမ  ပေါက်စများ ထုံးစံအတိုင်း အမှားတစ်ခုကို ကျူးလွန်မိသည်။ မာခ့်ကို စေ့စေ့ ကြည့်ကာ " နောက်ထပ် စကားတစ်ခွန်းပြောရင်.  မင်းပါးစပ်ကို ပလာစတာနဲ့ ကပ်ထားမယ် "  ဟူ၍ ပြောလိုက်မိခြင်းပင်။

ဆယ်စက္ကန့်မျှပင် မကြာပါ။ " မာ့ခ် စကားပြောနေပြန်ပြီး " ဟူ၍ ချပ်က လှမ်းတိုင်သည်။ အတန်းသားများ အား မာ့ခ်ကို စောင့်ကြည့်ပေးရန် ကျွန်မ အကူအညီတောင်းထားသည်တော့ မဟုတ်။ သို့သော် မာ့ခ် နောက်ထပ် စကားပြောလျှင် ဘယ်လိုအပြစ်ပေးမည်ဆိုတာအားလုံးရှေ့မှာ ကျွန်မ ကြေညာမိခဲ့ပြီးဖြစ်ရာ ယခု ပြစ်မှုကျူးလွန်ပြီဆိုတော့ ကျွန်မ အပြစ်မပေးဘဲ နေ၍ မဖြစ်တော့။

အဲသည်တုန်းက  အကြောင်းကို သည်ကနေ့ မနက်မှ ဖြစ်ပျက်ခဲ့သလို ကျွန်မ အာရုံထဲတွင် ပြက်ပြက်ထင်ထင် မြင်နေဆဲ ဖြစ်သည်။ စားပွဲဆီသို့ ကျွန်မ လျှောက်သွားသည်။ အံဆွဲကို ဖြည်းဖြည်းချင်း ဖွင့်သည်။ အထဲက ပလာစတာခွေကို ယူသည်။ အစ နှစ်စ ညှပ်သည်။ ပြီးနောက် မာ့ခ်ပါးစပ်မှာ. ကြက်ခြေခတ် ကပ်ထားလိုက်ပြီး အတန်းရှေ့ ပြန်လျှောက်လာသည်။

သူ ဘယ်လိုနေသလဲ လှမ်းကြည့်လိုက်တာ့ သူက မျက်စိမှတ်ပြသည်။

" မှတ်ကရော.. အခုတော့  စကား မပြောနိုင်တော့ဘူး မဟုတ်လား " ဟု တွေးကာ သူ့ကို ကြည့်ပြီး ကျွန်မ ရယ်နေမိသည်။ ကျွန်မ သူ့ဆီပြန်သွားကာ ပလာစတာတွေ ပြန်ခွာပေးလိုက်တော့ တစ်ခန်းလုံး သြဘာသံတွေ ညံသွားသည်။ ပါးစပ်လည်း ဟ၍ ရရော သူပြောလိုက်သည့် စကားက ထုံးစံအတိုင်း " ကျွန်တော့်ကို ဆုံးမတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာမ" ဟူ၍ပင် ။

နောက်နှစ်မှာ ကျွန်မ အလယ်တန်း (Junior High) အဆင့်ကနေ တက်ကာ သင်္ချာ ဘာသာ သင်ရသည်။ နှစ်တွေက အလျင်အမြန် ကုန်လွန်ခဲ့ရာ ဘာမျှပင် ကြာသည် မထင်လိုက်ရဘဲ မာ့ခ်တစ်ယောက် ကျွန်မ အတန်းသို့ ရောက်လာပြန်သည်။ လူက အရင်ကထက် ပိုချောလာသည်။ အပြောအဆိုက ယခင်အတိုင်း ယဉ်ကျေးဆဲပင်။ သို့သော် ကိုးတန်းမှာ ကျွန်မ သင်သည့် သင်္ချာသစ်က အတော်ကြိုးစားပြီး လိုက်ရသည်ဖြစ်ရာ မာ့ခ်တစ်ယောက် အရင်ကလို စကားများများ မပြောနိုင်ခဲ့။

တစ်ခုသော သောကြာနေ့တွင်မူ အခြေအနေကနည်းနည်းပိုဆိုးနေခဲ့သည်။ အဲသည် ရက်သတ္တပတ် တစ်ခုလုံး သင်္ချာသစ်သင်ခန်းစာတစ်ခုကို အတန်းသားများ အကြိတ်အနယ် ကြိုးပမ်းတွက်ချက်ခဲ့ကြရသည်။ သင်ခန်းစာကတော်တော်

Monday, December 28, 2009

ထိုအပြုံး

ပြင်သစ်စာရေးဆရာ အန်တွိုင်း ဆန်တက်ဇူပေရီ ၏ " မင်းသားလေး " ( The Little Princes) ၀ထ္ထု ကို စာသမား အတော်များများ သိကြပါသည်။ ကလေးများ အတွက် နှစ်ခြိုက်ဖွယ် ပုံပြင်တစ်ပုဒ် ဖြစ်သကဲ့သို့ လူကြီးများအတွက် အတွေးပွားစေသော စာတစ်အုပ်လည်း ဖြစ်ကြောင်း ဖတ်မိသူတို့ လေးစားသိမှတ်ခဲ့ကြပါသည်။

"မင်းသားလေး " ကိုသိသော်လည်း ဆန်တက်ဇူပေရီ၏ အခြား ၀တ္ထုတို-ရှည်များကိုကား သိသူနည်းလှပါသည်။

ဆန်တက် ဇူပေရီသည် တိုက်လေယာဉ်မှူး တစ်ယောက်ဖြစ်၍ ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီတို့နှင့် တိုက်ခိုက်စဉ် ကျဆုံးသွားခဲ့ပါသည်။ ဒုတိယ ကမ္ဘာစစ်မတိုင်မီကလည်း သူသည် စပိန်ပြည်တွင်းစစ်တွင် ဖက်ဆစ်များအား ဆန့်ကျင်သည့် ဘက်က ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး ယင်းစစ်ပွဲကာလ သူ့အတွေ့အကြုံတစ်ရပ်ကိုမူတည် ၍ " ထိုအပြုံး "( The Smile) အမည်ရှိ ၀တ္ထုတစ်ပုဒ် ရေးခဲ့သည်။ ၄င်းဝတ္ထုလေး အကြောင်း ကျွန်တော်ယခု ပြောလိုပါသည်။ " ထိုအပြုံး"  ကို သူသည် ကိုတွေ့ ဖြစ်ရပ်တစ်ခု အနေဖြင့် ရေးသည်လား၊  ၀တ္ထုတစ်ပုဒ်အဖြစ် ဖန်တီးခဲ့ခြင်းလား ကျွန်တော်မခွဲခြားတက်ပါ။ သို့သော် ဖြစ်ရပ်မှန် ဟူ၍ပဲ ကျွန်တော်ယူခဲ့ပါသည်။

၎င်းစာ၌ ဆန်တက်ဇူပေရီက.....

သူ့အား ရန်သူတို့ ဖမ်းမိသွားပြီး အချုပ်ခန်းတစ်ခုထဲ ထည့်ထားလိုက်ကြောင်း၊ ဖမ်းဆီးချုပ်နှောင်သူတို့၏ စက်ဆုပ်မုန်းတီးပုံ ရသောအကြည့်နှင့် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံပုံများအရ နောက်နေ့မှာတော့ သူ့အား သတ်မှာ မုချဟု သူယူဆခဲ့ကြောင်းရေးပါသည်။

သည့်နောက် သူဆက်လာက်ရေးသားပုံကို တော်မှတ်မိသလို ပြန်ပြောပြပါမည်။

*****


" ငါ့ကို သတ်ကြတော့မှာ မုချဟု ကျွန်တော် သိနေပြီ၊ လူက အကြီးအကျယ် တုန်လှုပ်ချောက်ချားကာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လာသည်။  အိတ်တွေထဲ လျှောက်နှိုက်ကာ စီးကရက်တစ်လိပ်တလေများ သူတို့ရှာတုန်း က မတွေ့ဘဲ ကျန်ရစ်လေမည်လားဟု  စမ်းကြည့်မိသည်။ ကံအားလျှော်စွာ  တစ်လိပ်ရသည်။ သို့သော် လက်တွေ အကြီးအကျယ် တုန်နေသဖြင့် စီးကရက်ကို နှုတ်ခမ်းမှာပင် ကောင်းစွာ တပ်၍ မရချင်။ ဆေးလိပ်ရပြန်တော့ မီးခြစ်က လိုလာပြန်သည်။ မီးခြစ်လည်း သူတို့ယူသွားသဖြင့် မရှိတော့။

" ကျွန်တော့်အား စောင့်ကြပ်နေသူကို သံတိုင်ကြားမှနေ၍ ကြည့်မိသည်။ သူက ကျွန်တော်နှင့် မျာက်လုံးချင်းမဆိုင်။ သေလူတစ်ယောက်နှင့် ဘယ်သူ မျက်လုံးချင်းဆိုင်ချင်မည်လဲ။ " မီးခြစ်ရှိရင် တစ်ဆိတ်လောက်ဗျာ" ကျွန်တော် လှမ်း၍ပြောလိုက်သည်။ သူ ကျွန်တော့်ကို လှမ်းကြည့်ပြီး ပခုံး တစ်ချက်တွန့် ကာ စီးကရက်မီးညှိပေးရန် လျှောက်လာသည်။

" သူအနာ်းကပ်ပြီး မီးညှိပေးနေစဉ် အမျတ်မထင် သူနှင့် ကျွန်တော်မျက်လုံးချင်းဆိုင်မိသည်။ အဲသည်အခိုက် ကျွန်တော်ပြုံးပြလိုက်သည်။ ဘာကြောင့် ပြုံးပြမိသလဲ ကျွန်တော့်ဘာသာ မသိ။ ကျွန်တော် စိတ်ဂနာမငြိမ်ဖြစ်နေတာကြောင့်လည်း ဖြစ်နိုင်သည်။ ဒါမှ မဟုတ် လူတစ်ယောက်နှင့်တစ်ယောက် အဲသည်လောက် နီးကပ်နေသည့်အခါ မျိုးမှာ ပြုံးမပြဘဲ မနေနိုင်တာလား မပြောတက်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ပြုံးပြလိုက်မိသည်။ အဲသည့်အခိုက်အတန့်မှာ သူ့နှလုံးသားနှင့် ကျွန်တော့ နှစ်လုံးသား အကြား လျှပ်စစ်ဝါယာနှစ်ခု ပူးမိသည့်အခါမှာ ဖြစ်သလို မီးပွားတစ်ခု ခုန်ကူးသွားသည် ဟု ထင်လိုက်ရသည်။ သူ့မှာ နဂိုမူလက ကျွန်တော့အား ပြန်လည်ပြုံးပြရန် ဆန္ဒမရှိဆိုတာ ကျွန်တော် သိသည်။ သို့သော် ကျွန်တော့် အပြုံးက သံတိုင်များ ကြားမှ နေ၍  သူ့ထံ ခုန်ကူးသွားပြီး သည့်နောက်တွင် သူ့နှုတ်ခမ်းပေါ်၌လည်း အပြုံးတစ်ခု ပေါ်လာသည်။ သူက ကျွန်တော့်စီးကရက်ကို မီးညှိပေးပြီးနောက် အနားမှ ခွာမသွားသေးဘဲ ကျွန်တော့်မျက်လုံးများကို စူးစိုက်စွာပင် ကြည့်ကာ ပြုံး၍ နေသည်။

" ကျွန်တော်လည်း သူ့ကို ဆက်၍ပြုံးကြည့်နေသည်။ သူသည် အချုပ်ထောင်စောင့် တစ်ယောက်မဟုတ်တော့၊ သူ့ကို လူတစ်ယောက်အဖြစ် ကျွန်တော်မြင်နေပြီ၊ ကျွန်တော့်ကို သူ ကြည့်ရှုပုံ၌လည်း အဓိပ္ပာယ်သစ်တွေ ပါလာပြီ။ " ခင်ဗျားမှာ သားသမီး ရှိလား" သူက မေးသည်။

" ရှိပါတယ်ခင်ဗျ။ ဟောဒီမှာ ဟောဒီမှာ" ကျွန်တော် ပျာပျာသလဲ ပိုက်ဆံအိတ်ကို ဖွင့်ကာ ကျွန်တော့်မိသားစု ဓာတ်ပုံကို ထုတ်ယူပြီး သူ့အား ပြသည်။ သူလည်း သူ့ကလေးများ ဓာတ်ပုံတွေ ထုတ်လာကာ သည်ကလေးတွေနှင့် ပတ်သက်သည့် သူ့အစီအစဉ်များ၊ စိတ်ကူးများ၊ သူတို့အတွက် မျှော်မှန်းထားသည်များကိုပြောပြနေသည်။ တဖြည်းဖြည်း ကျွန်တော့မျက်လုံးထဲမှာ မျက်ရည်တွေ အိုင်လာသည်။ ကျွန်တော့်မိသားစုကို ကျွန်တော်မတွေ့ရတော့မှာ စိုးရိမ်ထိတ်လန့်လှကြောင်း၊ သည်ကလေးတွေ ကြီးပြင်အောင် စောင့်ရှောက်နိုင်ခွင့် မရှိတော့မှာ ပူပန်နေသည့် အကြောင်းများ ကျွန်တော်ပြောမိသည်။ ကျွန်တော့် စကားတွေ နားထောင်ရင်ူး့မျက်လုံးများမှာလည်း မျက်ရည်တွေ ရစ်ဝဲလာသည်။

" သည့်နောက်မူ ဘာစကား တစ်ခွန်းမျှ မပြောဘဲ သူက ရုတ်တရက် ကျွန်တော့် အချုပ်ခန်းတံခါးသော့ ကို ဖွင့်ကာ ကျွန်တော့်ကို အပြင်ထုတ်သည်။ အချုပ်ထောင်ပြင်ဘက် ရောက်လာပြီးနောက် လမ်းကြိုလမ်းကြားများအကြား တိတ်ဆိတ်စွာပင် ဖြတ်သန်ခေါ်ဆောင်လာပြီး မြို့စွန်နား ရောက်သည့်အခါ ကျွန်တော့ကို လွှတ်ပေးလိုက်သည်။ ထို့နောက် နှုတ်ဆက်စကားတွေ ဘာတွေလည်း ပြောမနေတော့ဘဲ မြို့ဘက်ဆီ သူလှည့်ပြန်သွားသည်။

" ကျွန်တော့အသက်ကို အပြုံးတစ်ခုက ကယ်ဆယ်လိုက်ခြင်းပေတည်း" ။

မှန်သည်။ ဟန်ဆောင်မှု ကင်းသော ကြိုတင် ကြံရွယ်ချက် မပါသော ပင်ကို သဘ၀ အပြုါံ်၊ သို့မဟုတ် လူနှစ်ဦးအကြား အရိုးသား အပွင့်လင်း ဆုံး ပေါင်းကူး ဆက်သွယ်မှု။

*****


ဆန်တက် ဇူပေရီ၏ သည်ဝတ္ထုလေးကို အလုပ်ခွင်မှာ ကျွန်တော်ပြောပြလေ့ရှိသည်။ အဓိက ရည်ရွယ်ချက်ကတော့ ကျွန်တော့်တို့တတွေမှာ ဂုဏ်သိက္ခာတွေ၊ ဘွဲ့ထူး ဂုဏ်ထူး ရာထူး အဆင့်အတန်းတွေ ကိုယ့်ကိုအများက ဘယ်လိုမြင်စေချင်သည်ဟူသော ကိုယ်ပိုင်သတ်မှတ်ချက်တွေ အလွှာလွှာ အထပ်ထပ် ဖုံးကာ ကိုယ့်ကိုယ်ကို ကွယ်ကာထားကြသည်။ သို့သော် ဘာတွေ ဘယ်လို ဖုံးဖုံး အောက်ဆုံးမှာတော့ တကယ့် လူပုဂ္ဂိုလ် အစစ်အမှန်က ရှိနေသည်ဆိုတာ သိကြမြင်ကြစေလို၍ပဲ ဖြစ်သည်။

အဲသည်အတွင်းပိုင်း အနက်အရှိုင်းထဲက အရာကို ၀ညာဉ်ဟုပဲ ကျွန်တော်ဆိုလိုက်ပါမည်။ ကျွန်တော့်ကိုယ်တွင်းက အဲသည်ဝိညာဉ်ဟု ကျွန်တော်အမည်ပေးလိုက်သော အစိတ်အပိုင်းနှင့် သင့်ကိုယ်တွင်းက အလားတူ အစိတ်အပိုင်းဆို့ အပြန်အလှန် သိကျွမ်းသွားကြပြီ ဆိုလျှင် ကျွန်တော်တို့ ဘယ်နည်းနှင့်မျှ ရန်သူတွေ မဖြစ်နိုင်ကြတော့။ တစ်ယောက်ကိုတစ်ယောက် မမုန်းတီးနိုင်၊ မနာလိုဝန်တို မဖြစ်နိုင် ၊ ကြောက်ရွံ ထိတ်လန့်ခြင်း လည်း မရှိနိုင်တော့။

ယခုတော့ ကျွန်တော်တို့ တစ်သက်ပတ်လုံး ကြိုးစား တည်ဆောက်ထားကြသည့် အလွှာ အထပ်တွေ ရစ်ပတ်ဖုံးကွယ်နေသည့်အတွက် တစ်ယောက်နှင့် တစ်ယောက် အစစ်အမှန် မတွေ့ဆုံနိုင်ကြဘဲ ရှိနေသည်။ ဆန်တက် ဇူပေရီ၏ ၀တ္ထုက ၀ိညာဉ် နှစ်ခု အပြန်အလှန် တွေ့ထိ သိမြင်သွားကြသည့် ထူးခြားသော အခိုက်အတန့်လေးအကြောင်း ရေးဖွဲ့ထားခြင်း ဖြစ်သည်။

ကျွန်တော် ကိုတိုင်လည်း အဲသည်လို အခိုက်အတန့်လေးတချို့တော့ ကြုံဖူးပါသည်။ ဥပမာ တစ်ခုပြောရလျှင် တစ်စုံတစ်ယောက်ကို ရုတ်တရက် ချစ်ကျွမ်းဝင်သွားမိခြင်းမျိုး ဆိုပါစို့။

နို့စို့အရွယ ကလေး ငယ်များနှင့် တွေ့ရသည့်အခါ မျိုးမှာလည်း အလားတူ ဖြစ်မိတက်သည်။ သည်လို ကလေးငယ်မျိုးကို တွေ့ရသည့် အခါ ကျွန်တော်တို့ ဘာကြောင့် ပြုံးမိတက်ကြသလဲ။

အပေါ်ယံလွှာ တစ်ခု မျှ ကွယကာထားခြင်းမရှိသူ တစ်ဦးကို တွေ့လိုက်မြင်လိုက်ရ၍လား။ သူ၏ အပြုံးမှာ ဟန်ဆောင်မှု အက်ငး ဆုံး အပြုံး။ အစစ်မှန်ဆုံး အပြုံးဖြစ်ကြောင်း ကျွန်တောတို့ သိနေကြ၍လား။ ဒါမှမဟုတ် ကျွန်တော်တို့ရင်ထဲရှိ ငယ်ဝိညာဉ်က ရွယ်တူအချင်းချင်း သိကျွမ်းခင်မင်ကာ နှစ်လိုအားရစွာ ပြုံးလိုက်မိခြင်းလား။

မူရင်း။    ။ Hanoch McCarty ၏ The Smile.

ဖေမြင့်၏

နှလုံးသား အာဟာရ စာအုပ်မှ

နောက်ထပ် ခေါင်းစဉ်များကို လည်း ဆက်လက် ရေးသား ဖော်ပြပေးသွားပါအုံးမယ်ခင်ဗျာ….

zawtk...

Wednesday, December 23, 2009

သတ္တိ ဆိုတာ

.........

" အဲဒီတော့ ရှင်က ကျွန်မကို သတ္တိရှိတယ်လို့ ယူဆတယ်ပေါ့ " သူမက မေးသည်။

" ဟုတ်တယ် "

" အင်းလေ... ဟုတ်ချင်လဲ ဟုတ်မှာပေါ့၊ ဒါပေမဲ့ သတ္တိရှိတယ် ဆိုရင်လဲ အဲဒီလို ရှိလာအောင် နှိုးဆွပေးခဲ့တဲ့ ပုဂ္ဂိုလ် တစ်ယောက်အကြောင်း ကျွန်မ ပြောပြပါ့မယ်"

*****


" လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ကျွန်မ စတင်းဖို့ဒ် ဆေးရုံမှာ စေတနာ့ဝန်ထမ်း အလုပ်လုပ်ခဲ့ဖူးတယ်၊ အဲဒီမှာ လီဇာဆိုတဲ့ လူနာမိန်းကလေးတစ်ယောက် ကျွန်မတွေ့ရတယ်၊ သူကလေးက အင်မတန်ဖြစ်ခဲတဲ့ ရောဂါဝေဒနာဆိုးတစ်မျိုးကို ခံစားနေရတာ၊ သူ နာလန်ပြန်ထူလာဖို့အတွက်က အသက်ငါးနှစ်ပဲ ရှိသေးတဲ့သူ့မောင်လေးဆီက သွေးကို သွင်းပေးတဲ့ နည်းလမ်းတစ်ခုပဲ ရှိတော့တယ်၊ ဒီမောင်လေးက သူကိုယ်တိုင် သူ့အစ်မရဲ့ ရောဂါမျိုး ဖြစ်ခဲ့ဖူးပြီး ထူးခြားအံ့သြဖွယ် ပြန်ကျန်းမာရှင်သန်လာခဲ့သူလေးပဲ။ အဲဒီရောဂါကို ခုခံတွန်းလှန်နိုင်တဲ့ ပဋိပစ္စည်းတွေလဲ သူရဲ့သွေးထဲမှာဖြစ်ပေါ်ခဲ့တယ်၊ဆရာဝန်က ဒီကလေးကို သူ့အစ်မရဲ့ ရောဂါ အခြေအနေအကြောင်းကိုရှင်းပြပြီး အစ်မအတွက် သူ့သွေးကို ပေးလိုတဲ့ ဆန္ဒရှိသလားလို့ မေးတယ်၊ ကောင်းလေးဟာ ခဏတော့ တွေသွားတာ ကျွန်မ သတိထားမိတယ်၊ အဲဒီနောက် သက်ပြင်းတစ်ချက် ရှိုက်ပြီး သူပြန်ဖြေတယ်၊ ' မမ အသက်ကို ကယ်နိုင်မယ်ဆိုရင် ကျွန်တော်ပေးပါ့မယ် ' တဲ့။


" အဲဒါနဲ့ သူ့ဆီက သွေးကို  သွင်းတဲ့အခါ အစ်မခုတင်ဘေးမှာ သူလဲ ခုတင်တစ်လုံးနဲ့ လှဲရင်း ကြည့်နေတယ်၊ ကောင်းမလေးပါးပြင်မှာ သွေးရောင်သန်းလာတော့ ကျွန်မတို့ကြည့်နေသူတွေအားလုံးနည်းတူ သူလဲပြုံးနေတာပဲ၊ အဲဒီနောက်တော့ သူ့မျက်နှာလေးက ဖြူရော်ရော်ဖြစ်လာပြီး အပြုံးလေးလဲ ပြယ်သွားတယ်၊ ပြီးတော့ ဆရာဝန်ကို မော့ကြည့် ပြီး တုန်တုန်ယင်ယင် အသံလေးနဲ့ သူ မေးရှာတယ်၊ ' ကျွန်တော် အခုတစ်ခါတည်း သေသွားတော့မှာလား ' တဲ့။


" ကလေးက ငယ်တော့ ဆရာဝန်ရှင်းပြတာကို ကောင်းကောင်းသဘောမပေါက်ဘူး၊ သူ့အစ်မအတွက် သွေးပေးရမယ်ဆိုတာ သူ့ သွေးအားလုံး ဖောက်ပေးလိုက်ရမယ်လို့ တင်ထားတာကိုး၊


" အဲဒါပါပဲ၊ သတ္တိစိတ် မွေးပေးတဲ့ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေ တွေ့ခဲ့ရဖူးလို့ ကျွန်မမှာလဲ သတ္တိဆိုတာ ရှိတတ်လာခဲ့တာပါ "


[ မူရင်း။  ။ Dan Millman ၏ On Courage ]


ဖေမြင့်၏

နှလုံးသား အာဟာရ စာအုပ်မှ

နောက်ထပ် ခေါင်းစဉ်များကို လည်း ဆက်လက် ရေးသား ဖော်ပြပေးသွားပါအုံးမယ်ခင်ဗျာ....

zawtk...

ငါသိတယ်၊ ငါလုပ်နိုင်ရမယ်

အဲသည်တုန်းက ရော့ကီး အသက် ငါးနှစ်။

သူ့မိခင် ကယ်လီက ပစ်ကပ် ထရပ်ကားလေးကိုမောင်းကာ သားအမိနှစ်ယောက် အယ်လဗားမား တောကျေးလက်ပိုင်းကို ဖြတ်သန်းလာခဲ့ကြသည်။ ရော့ကီးက သူ့အမေပေါင်ပေါ် ခြေတင်လျက် အိပ်ရင်း လိုက်ပါလာသည်။

အမ်းက ယဉ်ကြော နျစ်ခုစာလောက်သာ ကျယ် တောလမ်း။ အကွေ့ အ၀ိုက်တွေလည်းများသည်။ ကယ်လီက ကားကို ဂရုစိုက် မောင်းနှင်လာသည်။ သို့သော် တစ်နေရာတွင် လမ်းက ကွေ့သွားပြီး တံတားကျဉ်းကျဉ်းတစ်ခုထဲ ဆက်တိုက်ဝင်ရသည်။ သည်အချိန် ကားက ချိုင့်တစ်ခုထဲသို့ ဆောင့်ကျပြီး လမ်းဘေးဘက်ချောထွက်ာ ညာဘက်ရှေ့ဘီးက မြောင်းလို ဖြစ်နေသည့် ဘီးလမ်းကြောင်းရာ တစ်ခုထဲ ကျသည်။ ကား မှောက်မှာ စိုးသဖြင့် ကယ်လီက လီဗာကို ဖိနင်း၊ စတီယာရင်ကို ဘယ်ဘက်တအားလှည့်ပြီး ကားကို လမ်းပေါ် ကမန်းကတန်း ဆွဲတင်သည်။ သို့သော် ကံဆိုးချင်တော့ ရော့ကီ၏ ခြေထောက်က စတီယာရင်ဘီးနှင့် သူမ၏ ခြေထောက်ကြားမှာ ကန့်လန့်ခံနေသည်။ ပစ်ကပ်ကို သူ မထိန်းနိုင်တော့။

ကားက တစ်ပြန်နှစ်ပြန်လိမ့်ကာ ပေနှစ်ဆယ်ခန့်နက်သည့်ချောက်ထဲ ကျသွားသည်။ ချောက်ထဲ ကားရောက်တော့မှ ရော့ကီး နိုးလာသည်။

" မေမေ... မေမေ ၊ သားတို့ ကားဘီးတွေ မိုးပေါ်ထောင်နေပါလား " အမေ့အား သူ မေးသည်။

ကယ်လီ့မျက်စိနှစ်ဖက်လုံး သွေးတွေဖုံးနေသဖြင့် ဘာမှကို မမြင်ရ။ ဂီယာတံနှင့် ဆောင့်ထိုးမိသောဒဏ်ကြောင့် နှုတ်ခမ်းက ပါးအထိ ဟတ်တတ်ကွဲကာ မျက်နှာ တစ်ခုလုံး စုတ်ပြတ်ကြေမွနေသည်။ ပခုံးနှစ်ဖက်လုံးကျိုးကြေသွားပြီး ချိုင်းကြားတစ်ဖက်၌ အရိုးတစ်ချောင်း ဖောက်ထွက်နေသည်။ ပြီး ပိန်ချိုင့်သွားသည့် တံခါးကသူ့ခန္ဓာကိုယ်အား ဖိညှပ်ထားသလိုလည်းဖြစ်နေသည်။

" မေမေ့ကို သားဆွဲထုတ်ပေးမယ် " ရော့ကီးက ဆိုသည်။ အံ့သြဖွယ်ပင်သူက ဒဏ်ရာလုံးဝမရခဲ့။ သူ့အမေအောက်မှ တိုးဝှေ့ထွက်ကာ ပွင့်နေသော တံခါးပေါက်မှ သူလျှောဆင်းသည်။ ပြီးလျှင် မိခင်အား ဆွဲထုတ်နိုင်ရန် ကြိုးစားသည်။ သို့သော် သူ မည်မျှ အားစိုက်ဆွဲသော်လည်း ကယ်လီက နည်းနည်းမျှ မရွေ့။

" မေမေ ခဏအိပ်ပါရစေ သားရယ် " ကယ်လီကဆိုသည်။ သူက သတိလစ်တစ်ချက် မလစ်တစ်ချက် ဖြစ်နေသည်။

" ဟင့်အင်း မေမေ .... မေမေ မအိပ်ရဘူး" ရော့ကီးက လုံးဝငြင်းသည်။

ရော့ကီးက ကားထဲ ခဲခဲယဉ်းယဉ်းပြန်ဝင်ပြီး သူ့အမေကို သည်အထဲက မရမက တွန်းထုတ်သည်။ ပြီးနောက် အမေသည်နား ခဏနေခဲ့ ၊ သားလမ်းပေါ်တတ်ပြီး တွေ့တဲ့ကားကို အကူညီတောင်းမယ်ဟု ဆိုသည်။ မိခင်က စိတ်မချ။ မှောင်မှောင်မည်းမည်းထဲမှာ သူ့သားလေးကို ကားမောင်းသူတွေမြင်ချင်မှမြင်မှာဟု တွေးကာ သားတစ်ယောက်တည်း မသွားနဲ့ဟု ဆိုသည်။

အဲသည်နောက် သားအမိနှစ်ယောက် လမ်းဘေးကမ်းပါးယံကို ဖြည်းဖြည်းချင်း တွားတတ်ကြသည်။ ရော့ကီးက အလေးချိန် ပေါင် ၄၀ မျှရှိသည့်သူခန္ဓာကိုယ်လေးနှင့် ၁၀၄ ပေါင်လေးသော သူ့အမေကို တွန်းတင်သည်။ ခရီးက မတွင်နိုင်။ တစ်ကြိမ်မှာ တစ်လက်မနှစ်လက်မ လောက်စီပဲ ရွေ့သည်။ ဝေဒနာပြင်းထန်လွန်းသဖြင့် ကယ်လီလက်လျှော့ချင်လာသည်။ သို့သော်ရော့ကီးက မလျှော့ရ။

သူ့အမေ အားမလျှော့စေရန် ရော့ကီးက " မေမေ၊ မီးရထားလေးအကြောင်းသတိရ " ဟုဆိုသည်။ သူတို့ကလေးတွေ အလွန်နှစ်သက်သည့် 'စွမ်းဆောင်နိုင်သောစက်ခေါင်းလေး' ပုံပြင်ကို သူ ဆိုလိုခြင်းဖြစ်သည်။ စက်ခေါင်းလေးသည် မက်စောက်သော တောင်ကြီးကို မရ ရအောင် တတ်သွားသည်။ စက်ခေါင်းလေးအကြောင်း မိခင်အား သတိပေးဖော်ပေးနိုင်ရန်အတွက် ပုံပြင်ထဲမှာ ပါသည့် ' ငါ သိတယ်၊ မင်းတတ်နိုင်တယ်၊ ငါသိတယ်၊ မင်းတတ်နိုင်တယ်' ဆိုသည့် လှုံဆော်စကားလေးကို သူ့နှုတ်က တတွတ်တွတ် ရွတ်သည်။

နောက်ဆုံး လမ်းမပေါ် ရောက်ကြပြီး သူ့အမေ၏ မျက်နှာပေါ်မှ ရုပ်ပျက်ဆင်းပျက် ဒဏ်ရာများကို သေသေချာချာ မြင်ရတော့မှ ရော့ကီး ရှိုက်ကြီးတငင် ငိုလေသည်။ ထို့နောက် ထရပ်ကားတစ်စီး လာတာ မြင်တော့လက်နှစ်ဖက်ကို ဝှေ့ယမ်းကာ " ရပ်ပါခင်ဗျာ၊ ရပ်ပါခင်ဗျာ" ဟု အော်သည်။

" မေမေကို ဆေးရုံပို့ပေးပါ" ထရပ်ကား မောင်းသူအား သူ မေတ္တာရပ်ခံသည်။

ကယ်လီ၏ မျက်နှာကို ခွဲစိတ်ခန်းမှာ ရှစ်နာရီမျှကြာအောင် ပြန်လည်ပြုပြင်ယူရသည်။  စုစုပေါင်း ၃၄၄ ချက်တိတိ ချုပ်ခဲ့ရသည်။ သို့တိုင်အောင် ယနေ့သူ့မျက်နှာက ယခင်နှင့် တခြားစီဖြစ်နေသည်။ " အရင်တုန်းကဆိုရင် ကျွန်မ နှာတံလေးက သွယ်တန်းနေတာပဲ၊ နှုတ်ခမ်းက ပါးပါး၊ ပါးရိုးပေါ်ပေါ်နဲ့ပေါ့၊ အခုတော့ နှာခေါင်းပွပွ၊ နှုတ်ခမ်းထူထူ၊ ပါးရိုးချပ်ချပ်ဖြစ်နေပြီ"

သို့သော် ဘာပဲပြောပြော အမာရွတ်တော့ သိပ်မပေါ်ပေ။ ထိခိုက်ဒဏ်ရာတွေ အားလုံး ရှင်းရှင်းလင်းလင်း ပြန်ကောင်းသွားခဲ့သည်။

ရော့ကီး၏ စွမ်းဆောင်ပုံအကြောင်းသည် ဧရာမသတင်းကြီးတစ်ခု ဖြစ်သွားခဲ့သည်။ သို့သော် သတ္တိခဲ ချာတိတ်ကတော့ သူ လုပ်ခဲ့တာ ဘာမှထူးထူးခြားခြား ကြီးကြီးကျယ်ကျယ် မပါပါဟု ဆိုသည်။ " ဒီကိစ္စကြီးဖြစ်ပျက်ခဲ့တာကို ကျွန်တော် သဘောကျတယ်လို့မထင်ကြပါနဲ့နော်၊ မတော်တဆဖြစ်လာတော့ ကျွန်တော်လည်းလုပ်ရတာပေါ့၊ ဘယ်သူမဆို ဒီလိုကြုံရင် ဒီအတိုင်းလုပ်ကြမှာပဲ မဟုတ်လား"

သူ့ မိခင်ကတော့ ဆိုသည်။

" ရော့ကီးလေး ကယ်လို့သာပေါ့၊ မဟုတ်ရင် ကျွန်မ သွေးလွန်ပြီး သေမှာ " ဟူ၍။

[ မူရင်း။  ။ Michele Borba ၏ I Think I Can! ]

ဖေမြင့်၏

နှလုံးသား အာဟာရ စာအုပ်မှ

နောက်ထပ် ခေါင်းစဉ်များကို လည်း ဆက်လက် ရေးသား ဖော်ပြပေးသွားပါအုံးမယ်ခင်ဗျာ..

zawtk...

ညီအစ်ကို နှစ်ယောက်

မိသားစုပိုင် ယာမြေတစ်ခုကို ညီအစ်ကိုနှစ်ယောက် အတူတကွ လုပ်ကိုင်ကြသည်။ တစ်ယောက်က  အိမ်ထောင်သည်။ သူ့မိသားစုက ကြီးသည်။ နောက်တစ်ယောက်က လူပျိုလူလွတ်။

တစ်နေကုန် အလုပ်လုပ်ပြီးလျှင် လယ်ယာထွက်သီးနှံများနှင့် ရောင်းချရသည့် အမြတ်အစွန်းများကို ညီအစ်ကိုနှစ်ယောက် ညီတူညီမျှ ခွဲဝေယူကြသည်။

တစ်နေ့မှာတော့ တစ်ကိုယ်တည်းသမားက စဥ်းစြားသည်။ " လယ်ယာထွက်သီးနှံတွေ အကျိုးအမြတ်တွေ ကို ညီတူညီမျှ ခွဲဝေနေတာ မသင့်ဘူး၊ ငါက တစ်ယောက်တည်းသမား ၊ ငါ့လိုအပ်ချက်က နည်းနည်းလေး" သည်လိုတွေးကာ ညစဉ်ညတိုင်း သူ့စပါးကျီမှ စပါးတစ်အိတ်စီထမ်းကာ ကွင်းပြင်ကို တိတ်တဆိတ်ဖြတ်သန်းပြီး သူ့အစ်ကိုအိမ်က စပါးကျီထဲ သွားထည့်သည်။

သည်အတွင်း အိမ်ထောင်ရှင် အစ်ကိုကြီးကလည်း စဉ်းစားသည်။ " သီးနှံတွေ၊ ၀င်ငွေတွေကို ညီတူညီမျှဝေယူနေကြတာ မမှန်ဘူး၊ ငါက အိမ်ထောင်သည် ၊ ငါ့မှာ အသက်ကြီးတဲ့အချိန်ပြုစုစောင့်ရှောက်ဖို့ မိန်းမရှိတယ်။ သားထောက်သမီးခံ ရှိတယ်၊ ငါ့ညီမှာက တစ်ယောက်တည်း၊ မမာရေး မကျန်းရေး ဆိုရင်စောင့်ရှောက်မယ့်သူမရှိဘူး" သူ၍ တွေးကာ ညတိုင်း စ ပါးတစ်အိတ်စီ ထမ်းပြီး သူ့ညီစပါးကျီထဲ သွားထည့်သည်။

သည်လိုနှင့် နှစ်ချီ၍ ကြာလာလေသည်။ ကိုယ့်ကျီထဲက စပါးတွေ ညစဉ်ထုတ်ယူနေပါလျက် လျော့နည်းသွားခြင်း မရှိသည်ကို နှစ်ယောက်လုံးပင် စဉ်းစား မရဖြစ်နေကြသည်။

သို့သော် မှောင်မည်းမည်း ညတစ်ည၌ ညီအစ်ကိုနှစ်ယောက် ၀င်တိုက်မိကြသည်။ သည်တော့မှပင် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ဖြစ်ပျက်ပုံအလုံးစုံကို နှစ်ဦးသား သိမြင်သွားကြသည်။

စပါးအိတ်တွေ ပစ်ချကာ ညီအစ်ကိုတွေ တစ်ဦးကိုတစ်ဦး တင်းတင်းဖတ်ထားလိုက်မိကြလေသည်။

[ မူရင်း။   ။ More Sower's Seeds စာအုပ်မှအမည်မသိစာရေးသူ၏ Two Brothers ]

ဖေမြင့်၏

နှလုံးသား အာဟာရ စာအုပ်မှ

နောက်ထပ် ခေါင်းစဉ်များကို လည်း ဆက်လက် ရေးသား ဖော်ပြပေးသွားပါအုံးမယ်ခင်ဗျာ..

zawtk...

Monday, December 21, 2009

ဆပ်ကပ်

ကျွန်တော် လူပျိုပေါက် အရွယ်လောက်က ဖြစ်သည်။ အဖေ နှင့် ကျွန်တော် ဆပ်ကပ်ပွဲအတွက် လက်မှတ်တန်းစီနေကြသည်။ အတော်ကြာ စောင့်ဆိုင်းပြီး သည့်နောက်တွင် စောင့်ဆိုင်းပြီးသည့်နောက်တွင် လက်မှတ်ပေါက်နှင့် ကျွန်တော်တို့ ကြာ်းမှာ မိသားစု တစ်ခုသာ ကျန်လေသည်။

သည်မိသားစုကို ကြည့်ပြီး ကျွန်တော် သဘောကျနေမိသည်။ ကလေးချည်း ရှစ်ယောက်ပါသည်။ တစ်ယောက်မျှ အသက် ၁၂ နှစ်ပြည့်သေးပုံမရပေ။ သူတို့ အသွင်အပြင်တွေကြည့်ယုံဖြင့်ပင် ငွေကြေးပြည့်ပြည့်စုံစုံထဲက မဟုတ်ကြောင်း သိနိုင်သည်။ အ၀တ်အစား တွေက အဖိုးတန်ထဲက မဟုတ်။ သို့သော်သပ်သပ်ရပ်ရပ်ရှိသည်။ ကလေးတွေ က အမူအရာယဉ်ကျေးသည်။ မိဘများနောက်မှာ နှစ်ယောက်တစ်တွဲ လက်ချင်းချိတ်ပြီးတန်းစီနေကြသည်။ သို့သော် နှုတ်ကမူ ညဘက်တွင် သူတို့ကြည့်ရမည့်ဆပ်ကပ်လူပြက်များ၊ ဆင်လိမ္မာများနှင့် အခြားပြကွက်များ အကြောင်းကို အားတက်သရော ပြောဆိုနေကြသည်။ သူတို့လေးတွေခမြာ ဆပ်ကပ်ပွဲ တစ်ခါမျှ ကြည့်ဖူးကြဟန်မတူ။ သည်ညကတော့ သူတို့ဘ၀မှာ တကယ့် အမှတ်တရည ဖြစ်တော့မည့်ပုံမျိုး။

အဖေနှင့်အမေက အုပ်စုထိပ်မှာ ၀မ်းမြောက်ဂုဏယူသည့် အသွင်အပြင်များဖြင့် ရပ်နေကြသည်။ ကလေး တွေ၏ မိခင်က ခင်ပွန်းသည်၏ လက်ကို ကိုင်လျှက် သူ့မျက်နှာကို ရွှန်းရွှန်းစားစား ကြည့်နေပုံမှာ " မေ့ချစ်သူ လူစွမ်းကောင်းကြီး " ဟု နှုတ်ခွန်းဆက်နေဘိသည့်အလား အထင်ကြီးမှု၊ လေးစားမှု လက္ခဏာတွေ အပြည့်ပါသည်။ ခင်ပွန်းသည်ကလည်း " အားကိုးစမ်းပါ အချစ်ရယ် " ဟု ခွန်းတုံ့ပြန်နေသည့်နှယ် ဂုဏ်ယူသော အပြုံးနှင့် ချစ်ကြည့်နူးစွာ ကြည့်သည်။

သည်အခိုက် လက်မှတ်ရောင်းသော အမျိုးသမီးက အဖေ လုပ်သူအား လက်မှတ် ဘယ်နှစ်စောင်ယူမလဲ လှမ်းမေးသည်။

"ကျွန်တော် ကလေး လက်မှတ် ရှစ်စောင်နဲ့ လူကြီးလက်မှတ် နှစ်စောင် လိုချင်ပါတယ်၊ အဲဒါ မှ ကျွန်တော်တို့တစ်မိသားစုလုံး လာလို့ရမှာ " သူက တက်တက်ကြွကြွပင် ဖြေသည်။

အမျိုးသမီးက လက်မှတ်ခ နှုန်းထားများ လှမ်းပြောသည်။

ဇနီးသည်က သူ့ခင်ပွန်း၏လက်ကို လွှတ်ချလိုက်ပြီး ခေါင်းလည်း ငုံ့သွားသည်။ အမျိုးသား၏ နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်လာသည်။ သူရှေ့သို့ အနည်းငယ်တိုးကာ " ဘယ်လောက်ဗျာ" ဟူး၍ မေးသည်။

လက်မှတ်ရောင်းသော အမျိုးသမီးက ဈေးနှုန်းတွေ ထပ်ပြောသည်။

အဖေ လုပ်သူမှာ ပိုက်ဆံ အလုံအလောက်မပါ။

သို့သော် သည်အချိန်ကျမှ သူနောက်ဘက်လှည့်ကာ ကလေးတွေကို အဖေ့မှာ ပိုက်ဆံ အလုံအလောက်မပါလို့ သည်ည ဆပ်ကပ် ကြည့်နိုင်မှာ မဟုတ်ဘူးဟု သူဘယ်သို့ ပြောထွက်နိုင်ပါမည်နည်း။

ဖြစ်ပျက်ပုံ အလုံးစုံကို မြင်ကာ ကျွန်တော့အဖေ အင်္ကျီအိပ်ထဲ လက်နှိုက်သည်။ ဒေါ်လာ ၂၀ တန် တစ်ရွက်ထုတ်လာပြီနောက် မြေကြီးပေါ် အသာပစ်ချသည်။ (ကျွန်တော်တို့လည်း ချမ်းသာသူများမဟုတ်ကြောင်း ကြားဖြတ်ပြောလိုပါသည်။) ထို့နောက် အဖေပဲ သည့်ပိုက်ဆံကို ပြန်ကောက်ကာ ကလေးမျာဖခင် ပခုံးကို သွားပုတ်ပြီးပြောသည်။ " ဒီမှာ ခင်ဗျ၊ စောစောကေ ခင်ဗျား အိတ်ထဲက ထွက်ကျသွားတယ် "

အဖေ ဘာလုပ်သည်ဆိုတာ ထိုပုဂ္ဂိုလ် ကောင်းစွာ နားလည်လိုက်ပါသည်။ ဘယ်သူ့ဆီမှာမှ သူလက်ဖြန့်တောင်းခံခဲ့သည်တော့မဟုတ်။ သို့သော် ဒီလို အသည်းအသန် အရေးကြီးအချိန်၊ ဖခင်တစ်ယောက်အနေနှင့် အရှက်ဘကီး ရှက်ရမည့် အ ဖြစ်မျိုး ကြုံရအံ့ဆဲဆဲ အချိန်တွင် မမျှော်ဘဲ ပေါ်ပေါက်လာသည့် သည်အကူအညီအတွက် သူတကယ်ပဲ ကျေးဇူးတင်သွားခဲ့သည်။ ဒေါ်လာ ၂၀ တန် ကိုင်ထားသော အဖေ့လက်ကိုသူ့လက်နှစ်ဖက်နှင့် ဖျစ်ညှစ်ဆုပ်ကိုင်ကာ တုန်ယင်သော နှုတ်ခမ်းများဖြင့် ကျေးဇူး တင်စကား ဆိုသည်။

" ကျေးဇး တင်ပါတယ်ဗျာ၊ တကယ့်ကို ကျေးဇူးပါပဲ၊ ကျွန်တော့အတွက်ရော ကျွန်တော့် မိသားစုအတွက်ပါ အဖိုးမဖြတ်နိုင်ပါဘူးဗျာ " သည်လိုပြောရင်း သူ့ပါးပြင်ပေါ်မှ မျက်ရည်တစ်ပေါက် လိမ့်ဆင်းကျလာသည်။

အဖေ နှင့် ကျွန်တော် ကားဆီသို့ လှည့်ပြန်ကာ အိမ်သို့ပဲ မောင်းလာခဲ့ကြသည်။ အဲသည်ည  ဆပ်ကပ်ပွဲသို့ကျွန်တော်တို့ မသွားကြပါ။ သို့သော် သည်ညသည်သာ အချည်းအနှီး ညတော့ လုံးဝ မဟုတ်ခဲ့။

မူရင်း။    ။ Dan Clark ၏ The Circus.

ဖေမြင့်၏

နှလုံးသား အာဟာရ စာအုပ်မှ

နောက်ထပ် ခေါင်းစဉ်များကို လည်း ဆက်လက် ရေးသား ဖော်ပြပေးသွားပါအုံးမယ်ခင်ဗျာ..

zawtk....

ဖြစ်အောင် လုပ်စမ်းပါ

၁၉၅၇ ခုနှစ်က ကယ်လီဖိုးနီးယားတွင် ဆယ်နှစ်ရွယ် ကောင်လေးတစ်ယောက် ရည်မှန်းချက် ပန်းတိုင်တစ်ခု ချသည်။

အဲသည်အချိန်က အမေရိကန်ကြေးစား ဘောလုံး(ရပ်ဂဘီ) လောကတွင် ဂျင် (မ)ဘရောင်းသည် အကျော်ကြားဆုံး နောက်တန်းအလယ်လူ ဖြစ်သည်။ ပိန်တာရိုးကောင်လေးက  သူ့အော်တိုလက်မှတ်လိုချင်သည်။ သည်ရည်မှန်းချက် အောင်မြင်ရေးအတွက် ကောင်လေးမှာ ကျော်လွှားရမည့် အခက်အခဲတချို့ ရှိနေသည်။

သူသည် လူမည်း ဆင်းရဲသားရပ်ကွက်တွင် ကြီးပြင်ရသူဖြစ်သည်။ သူ့ခမြာ ဘယ်တုန်းကမှ ၀၀လင်လင်မစားရ။ အာဟာရ ချို့တဲ့မှုကြောင့် အရိုးပျော့ရောဂါ ရနေသည်။ အရိုးပေါ် အရေတင်သည့် သူ့ခြေတောက်ခွင်လေးကို သံမဏိထိန်းနံများဖြင့် ကျားကန်ပေးထားရသည်။ လောလောဆယ်လည်း ပိုက်ဆံ မရှိသဖြင့် ဘောပွဲကြည့်ရန် လက်မှတ်မ၀ယ်နိုင်။ ထို့ကြောင့် ဂျင်(မ) ဘရောင်း ကစားပြီး၍ ပြန်တက်လာသည့်အချိန် တွေ့ဆုံရန် အ၀တ်လဲခန်းနားက စိတ်ရှည်လက်ရှည်စောင့်မျှော်နေရသည်။

ဂျင်(မ)ဘရောင်းနှင်တွေ့တော့ အော်တိုရေးပေးရန် ယဉ်ယဉ်ကျေးကျေး တောင်းခံသည်။ ဘရောင်း လက်မှတ်ထိုးနေ့အချိန် ကောင်လေးက ပြောပြသည်။

"မစ္စတာဘရောင်း........ခင်ဗျားပုံကို ကျွန်တော့်အခန်းနံရံမှာ ချိတ်ထားတယ်ဗျ၊ စံချိန်တွေအားလုံး ခင်ဗျားချိုးထားတာ ကျွန်တော်သိတယ် ၊ ခင်ဗျားက ကျွန်တော်ကြည်ညိုလေးစားဆုံး ပုဂ္ဂိုလ်ဗျ "

ဘရောင်းပြုံး၍ နားထောင်ပြီး သွားရန်ပြင်သည်။ သို့သော် ကောင်လေးက မပြီးသေး၊ " ကျွန်တော် တစ်နေ့ကျရင် မစ္စတာ ဘရောင်းတင်ထားတဲ့ စံချိန်တွေအားလုံးကို ချိုးမယ်ဗျ" သူက ရဲရဲဝံ့ဝံ့ ကြေညာသည်။

ဘရောင်း ဖြုံသွားသည်။ " သားနာမည် ဘယ်လိုခေါ်လဲကွ " သူ က မေးလိုက်မိသည်။

" အိုရင်သယ် ဂျိမ်း(စ) ပါ ၊ သူငယ်ချင်းတွေကတော့  အိုဂျေလို့ အတိုကောက်ခေါ်ကြပါတယ်" ကောင်လေးက ပြန်ဖြေသည်။

နောက်ပိုင်းတွင်မူ အိုဂျေ ဆင်မဆင်ဆိုသော ထိုအရိုးပျော့နှင့် ကောင်လေးသည် ထူးချွန်ထင်ရှားသော ဘောလုံးသမားတစ်ဦး တကယ်ဖြစ်လာခဲ့သည်။ထိခိုက်ဒဏ်ရာကြောင့် ဘောလုံးလောကမှ စောစီးစွာ နုတ်ထွက်ခဲ့ရသည့်အချိန်၌ ဂျင်(မ)ဘရောင်း တင်ခဲ့သည့်စံချိန် များအနက် သုံးခုမှအပ ကျန်အားလုံး ကို သူချိုးနိုင်ခဲ့သည်။

လူတစ်ယောက်ကို ထက်သန်တက်ကြွအောင် နှိုးဆွပေးသည့်နေရာ၌ ရည်မှန်းချက်ပန်းတိုင် ချမှတ်ခြင်းလောက် အင်အား ပြင်းသောအရာ မရှိပါ။ ထို့ကြောင့်

ပန်းတိုင် ခိုင်ခိုင်ချပါ ။ ပြီးလျှင် အဲသည်အတိုင်း တကယ်ဖြစ်အောင် စွမ်းဆောင်ပါ။

မူရင်း ။ ။ DAn Clark ၏ Make It Come True.

ဖေမြင့်၏

နှလုံးသား အာဟာရ စာအုပ်မှ

နောက်ထပ် ခေါင်းစဉ်များကို လည်း ဆက်လက် ရေးသား ဖော်ပြပေးသွားပါအုံးမယ်ခင်ဗျာ..

zawtk...

Saturday, December 19, 2009

တစ်ကြိမ်မှာ တစ်ခု

ကျွန်တော်တို့ မိတ်ဆွေတစ်ယောက်က လူသူရှင်းသော မက္ကဆီကို ကမ်းခြေတစ်နေရာမှာ သူတွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်တစ်ခုကို ပြောပြသည်။

နေ၀င်ဆည်းဆာအချိန်ကမ်းခြေ မှာ သူတစ်ယောက်ထည်း လျှောက်သွားရင်းက ဟိုအဝေးဆီမှာ လူတစ်ယောက်လှမ်းမြင်ရသည်။ နည်းနည်းနီးလာတော့ ဒေသခံ တစ်ယောက်ဖြစ်ကြောင်း သတိပြုမိသည်။ သည်လူက ကမ်းခြေသောင်စပ်မှာ ကုန်းကုန်း ကုန်းကုန်းနှင့်သွားနေရာက တစ်စုံတစ်ရာကို ငုံ့ကောက်ကာ ပင်လယ်ရေထဲလွှင့်ပစ်သည်။ သည့်နောက် အဲသည်လိုပဲ နည်းနည်းလျှောက်သွားလိုက် တစ်ခုခုတွေ့လျှင် ကောက်ယူလိုက် လွှင့်ပစ်လိုက် လုပ်နေသည်။

ကျွန်တော်တို့ မိတ်ဆွေ သူ့အနားရောက်သွားပြီး သေသေချာချာ ကြည့်တော့ လှိုင်းနှင်ပါလာပြီး သဲသောင်ပြင်ပေါ် တင်ကျန်နေသည့် ကြယ်ငါးတွေကို ရေထဲ ပြန်ပစ်ထည့်ပေးနေခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။

သည်လူ ဘရည်ရွှယ်ချက်နှင့် လုပ်နေသလဲ ကျွန်တော်တို့မိတ်ဆွေ စဉ်းစားမရဖြစ်သွားသည်။ သို့နှင့် သူ့ကိုနှုတ်ဆက်ပြီး တည့်တည့်ပင် မေးကြည့်သည်။ " မသိလို့မေးပါရစေဗျာ၊ မိတ်ဆွေ ဘာလုပ်နေတာပါလိမ့်"

" ကြယ်ငါးတွေ သမုဒ္ဒရာထဲ ပြန်ပို့ပေးနေတာလေ၊ ခင်ဗျား မြင်တဲ့အတိုင်း ပဲ ၊ အခု ဒီရေကျချိန် သောင်ပြင်ပေါ်မှာ တင်ကျန်ခဲ့တဲ့ကောင်တွေဟာ ရေတက်တဲ့ အချိန်ရောက်အောင် ဒီမှာ အကြာကြီးစောင့်နေရမှာ ၊ ဒါပေမယ့် အဲဒီလောက်ကြာရင် အောက်ဆီဂျင်ပြတ်ပြီး သေမှာပဲ"

" ဟုတ်ကဲ့၊ အဲဒါတော့ ကျွန်တော်လဲ သဘောပေါက်ပါတယ်"  ကျွန်တော်တို့ မိတ်ဆွေက ဆိုသည်။ " ဒါပေမယ့် ဒီကမ်းခြေတစ်လျှောက်မှာ ကြယ်ငါးတွေ ထောင်ချီပြီးရှိနေမှာပေါ့ဗျာ.၊ အဲဒီကောင်တွေအားလုံး ခင်ဗျား ဘယ်လိုလိုက်ကောက်မလဲ၊ တစ်ယောက်ထည်း မနိုင်နိုင်ဘူးလေဗျာ၊ ပြီးတော့စဉ်းစားကြည့်၊ ဒီကမ်းရိုးတန်း တစ်လျှောက်လုံးဆိုရင် ခုလို သဲသောင်ပြင်ပေါင်း ရာချီရှိမှာပေါ့၊ ဒီသောင်စပ်တိုင်းမှာ ရှိနေမယ့် ကြယ်ငါးတွေ ဘယ်လိုလုပ်မလဲ၊ သူ့သဘာဝနဲ့သူ ဖြစ်နေတာ ခင်ဗျားတစ်ယောက်ကြောင့် ဘာတွေ ထူးခြား ပြောင်းလဲသွားနိုင်မလဲ"

ဒေသခံပုဂ္ဂိုလ်က ပြုံးသည်။ နောက်ထပ် ကြယ်ငါးတစ်ကောင် ကောက်သည်။ ထို့နောက် " တခြားကောင်တွေအတွက် မထူးခြားပေမယ့် ဟောဒီ ကြယ်ငါးတစ်ကောင်အတွက်တော့ ထူးခြားသွားတာပေါ့ဗျာ" ဟုတ် ဆိုကာ ပင်လယ်ရေထဲ လှမ်းပစ်ထည့်လိုက်လေသည်။......

မူရင်း ။   ။ Jack Canfield နှင့် Mark V. Hansen တို့၏ One At Time.

ဖေမြင့်၏

နှလုံးသား အာဟာရ စာအုပ်မှ

နောက်ထပ် ခေါင်းစဉ်များကို လည်း ဆက်လက် ရေးသား ဖော်ပြပေးသွားပါအုံးမယ်ခင်ဗျာ..

zawtk...

အဲသည်လို အစ်ကိုမျိုး

ကျွန်တော့်သူငယ်ချင်း ပေါလ်မှာ ခရစ္စမက် လက်ဆောင်အဖြစ် သူ့အကိုကြီးထံမှ ကားတစ်စီး ရသည်။

ခရစ္စမတ် အကြိုနေ့မှာ သူ့ရုံးခန်းက ထွက်လာတော့ လမ်းဘေးမှာ ကောင်လေးတစ်ယောက်က တောက်ပသော သူ့ကားသစ်ကြီးကိုသဘောကျစွာ လှည့်ပတ်ကြည့်နေတာ မြင်ရသည်။ ကြည့်ရုံနှင့် အားမရသေးဟန်ဖြင့် ကောင်လေးက မေးသည်။

" ဒါ အစ်ကို့ကား " တဲ့ ။

ပေါလ်က ခေါင်းညိတ်ပြီး " အေးကွ၊ ငါ့အစ်ကိုက ခရစ္စမတ် လောက်ဆောင်ပေးတာ" ဆိုတော့ ကောင်လေး အံ့အားသင့်သွားသည်။

" ဟာ.. ခင်ဗျားအစ်ကိုက ခင်ဗျားကို အလကား ပေးတာ.. ဟုတ်လား၊ ခင်ဗျား ပိုက်ဆံ တစ်ပြားမှ မကုန် ဘူးပေါ့၊ ဟာဗျာ... ကျွန်တော်သာ ဆုတောင်းလို့ရမယ် ဆိုရင်..." ဆိုပြီး ကောင်လေး ရပ်နေသည်။

သို့သော် ကောင်လေးထံမှ နောက်ထပ်ကြားလိုက်ရသောစကားကြောင့် ပေါလ် ကြက်သီးမွေးညင်း ထသွားသည်။

" ကျွန်တော် အဲဒီလို အစ်ကိုမျိုး ဖြစ်ချင်လိုက်တာဗျာ " တဲ့။

ကောင်လေး ကို သူ အံ့အားသင့်စွာ ငေးကြည့်နေမိသည်။ ထို့နောက်မှ ရုတ်တရက် ဘယ်လိုဖြစ်သွားသည်မသိ။ "မင်း ငါ့ကား လိုက်စီးကြည့်မလား " ဟုမေးမိသည်။

"ဟုတ်ကဲ့၊ စီးချင်တာပေါ့ခင်ဗျာ"

ကားစီးပြီး ခဏလေး ကြာတော့ ကောင်လေး က ပေါလ်ဘက်သို့ လှည့်ကာ " အကိုရေ..ကျွန်တော်တို့ အိမ်ဘက် လှည့်မောင်းပေးလို့ ရမလားဗျ" ဟုမေးသည်။

သူ့မျက်လုံးတွေ တောက်ပနေတာ ကြည့်ပြီး ပေါလ် ပြုံးမိသည်။ ကောင်လေး စိတ်ထဲ ဘာရှိနေသလဲ သူတွေးမိသည်။ သူ ကားသစ်ကြီးစီးပြီး အိမ်ပြန်လာတာ အိမ်နီးနားချင်းတွေကို ကြွားချင်ပုံပဲ။

သို့သော် သည်တစ်ခါလည်း ပေါလ် မှားပြန်ပါသည်။

" ဟိုလှေကားနှစ်ဆင့်  နဲ့ အိမ်ရှေ့ ရပ်ပေးပါဗျာ" ကောင်လေး က ဆိုသည်။

လှေကားထစ်တွေ သူပြေးတက်သွားသည်။ ခဏလေးကြာတော့ ပြန်လာနေသံ ကြားရသည်။ တက်သွားတုန်းကလိုမမြန်။ သူက ကလေး တစ်ယောက်ကို ချီယူလာခြင်း ဖြစ်သည်။ ခြေမသန်သော သူ့ညီလေး။ သူက ညီလေးကို အောက်ဆုံးလှေကားထစ်မှာ ထိုင်ခိုင်းသည်။သူ့လက်တစ်ဖက်က ညီလေးကို တင်းတင်းဖက်ထားပြီး ကားကို ပြသည်။

"ဟောဒီမှာ တွေ့လား ညီလေး၊ အပေါ်ထပ်မှာတုန်းက အစ်ကိုကြီး ပြောတာလေ၊ ဒါသူ့အစ်ကိုကြီးက ခရစ္စမတ်လက်ဆောင်ပေးတာတဲ့၊ သူ့ပိုက်ဆံ တစ်ပြားမှ မကုန်ဘူး၊ နောက်ကျရင် အစ်ကိုကြီးလည်း ညီလေးကို ဒါမျိုးကား တစ်စီး ၀ယ်ပေးမယ်။ အဲဒီအခါကျတော့ ညီလေးကို အစ်ကိုကြီးပြောတဲ့ ခရစ္စမတ် အရာင်းဆိုင်တွေမှာ ပြထားတဲ့ အလှအပပစ္စည်းမျိုးစုံတွေ  ညီလေးလိုက်ကြည့်နိုင်မှာပေါ့ကွ" တဲ့၊ သူက အားပါးတရပြောနေသည်။

ပေါလ် ကားထဲက ထွက်လာပြီး ခြေမသန်သော ကလေးငယ်လေးကိုချီ၍ ကားရှေ့ခန်းထဲထည့်သည်။ အကိုလုပ်သည့်ကောင်လေးက ၀မ်းသာအားရ သူ့ညီလေးဘေးမှ ၀င်ထိုင်လိုက်သည်။

အဲသည့်နေ့က သူတို့ သုံးယောက် လျှောက်လည်ကြသည့် အတွေ့အကြုံမှာ သုံးယောက်လုံး အတွက် တစ်သက် မမေ့နိုင်စရာ ဖြစ်ခဲ့သည်။

အထူးသမြင့် ပေါလ်အဖို့ သင်ခန်းစာ တစ်ခု မှတ်မှတ်သားသား ရခဲ့သည်။ ယူရခြင်းအရသာထက် ပေးရခြင်းကြောင့် ဖြစ်သော ပီတိက ပို၍ နှစ်သက်ဖွယ် ချိန်မြိန်လှ၏ ..... ဟူသော အသိတရား..။

မူရင်း။   ။ DAn Clark ၏ A Brother Like That.

ဖေမြင့်၏

နှလုံးသား အာဟာရ စာအုပ်မှ

နောက်ထပ် ခေါင်းစဉ်များကို လည်း ဆက်လက် ရေးသား ဖော်ပြပေးသွားပါအုံးမယ်ခင်ဗျာ..

zawtk…

ကောင်လေးနဲ့ ခွေးကလေး

စတိုးဆိုင်ပိုင်က ဆိုင်တခါးဝမှာ ဆိုင်းဘုတ်အသစ်တစ်ခု ထပ်ချိတ်သည်။

"ခွေးပေါက်ကလေးများ ရောင်းရန်ရှိသည်" တဲ့။

သည်ကြော်ငြာမျိုးကို ကလေးတွေ အလွန် စိတ်ဝင်စားသည်။  သူတို့က ခွေးချစ်တက်သူများ မဟုတ်လား။ ခဏအကြာမှာပင် ကလေးတစ်ယောက် ဆိုင်ပေါက်ဝသို့ ရောက်လာသည်။

" ခွေးလေးတစ်ကောင် ဘယ်လောက် ရောင်းသလဲ ခင်ဗျ" သူက မေးသည်။

"ဒေါ်လာ ၃၀ က ၅၀ အထိဈေးအစားစားရှိတယ်" ဆိုင်ရှင်က ဖြေသည်။

ကောင်လေးက သူ့အိတ်ထဲမှာ ရှိသည့် ပိုက်ဆံ အကြွေတွေ နှိုက်ထုတ်သည်။ " ကျွန်တော့မှာ ၂ ဒေါ်လာနဲ့၃၇ ဆင့်ပဲ ရှိပါတယ်၊ ခွေးလေးတွေ ကို ကျွန်တော်ကြည့်လို့ရမလားခင်ဗျ"

ဆိုင်ရှင်က ပြုံးသည်။ ထို့နောက် ခွေးအိမ်ထဲမှာ ရှိနေသည့် ခွေးမကြီးကို လေချွန်ပြီးခေါ်လိုက်သည်။ ခွေးမကြီးဆိုင်ခန်းထဲ ပြေးဝင်လာတော့ သူ့နောက်က ခွေါ်ပေါက်ကလေး ငါးကောင် တန်းစီ၍ လိုက်ပါလာသည်။ ပိစိကွေးလေးတွေ၊ အမွေးက သိပ်ရှည်တော့ တစ်ကိုယ်လုံး အမွှေးတွေ ဖုံးကာလုံးနေသည်။ အဲသည်အထဲမှ တစ်ကောင်က ဟိုးနောက်မှာ ပြတ်ကျန်ခဲ့သည်။ သူက ထော့တီး ထော့နဲ့နှင့် လမ်းမလျှောက်တက်သလို။

ကောင်လေးက သည်ဟာလေး မြင်တော့ ချက်ချင်း စိတ်ဝင်စား သွားသည်။

" ဒီခွေးလေးက ဘာဖြစ်တာလဲ ဟင်"

ခွေးလေး မှာ မွေးကတည်းက တင်ပါးဆုံ အရိုးခွက်ပါမလာသဖြင့် တစ်သက်လုံး ခြေထော့နဲ့ဖြစ်နေမည်ဟု တိရစ္ဆာန်ဆေးကု ဆရာဝန်က ပြောဆိုသည့်အကြောင်း ဆိုင်ရှင်ကြီးက ရှင်းပြသည်။

ကောင်လေး ပို၍ စိတ်ဝင်စားသွားသည်။

" ဒီခွေးလေး ကျွန်တော် ၀ယ်ချင်တယ်ဗျာ"  သူက ဆိုသည်။

" ဟာ... မ၀ယ်ပါနဲ့ကွ၊ မင်း တကယ်လိုချင်ရင် ငါပေးပါ့မယ်"

သည်စကားကြားတော့ ကောင်လေးမျက်နှာပျက်သွားသည်။ သူက မကျေနပ်သည့် အမူအရာမျိုးနှင့် ဆိုင်ရှင်ကြီးကို မော့ကြည့်ပြီးပြန်ပြောသည်။

" အလကားပေးတာ ကျွန်တော်မလိုချင်ဘူး ခင်ဗျ၊ ဒီခွေးလေးလဲ ကျန်တဲ့ခွေးတွေနဲ့ တန်းတူတန်ဖိုးရှိတာပဲ၊ တစ်ပြားသားမှ မလျှော့ပါဘူး၊ ကျွန်ေတေ တန်ဖိုး အပြည့်ပဲ ပေးမယ်၊ ဒါပေမဲ့ ကျွန်တော့်မှာ လောလောဆယ် ၂ ဒေါ်လာနဲ့ ၃၇ဆင့်ပဲ ပါတယ်၊ အခု အဲဒါယူထားပါ၊ နောက်ကို တစ်လ ဆင့်ငါးဆယ်စီ ကျေတဲ့အထိ ကျွန်တော်ဆက်ပေးပါ့မယ်"

သို့သော် စတိုးဆိုင်ရှင်က အလျှော့မပေး။

" မ၀ယ်ပါနဲ့ ကလေးရ၊ နောက်ကျတော့ မင်းစိတ်ပျက်သွားလိမ့်မယ်၊ ဒီခွေးလေးက ပြေးနိုင်လွှားနိုင်မှာ မဟုတ်ဘူး၊ မင်းနဲ့ခုန်ပေါက်ကစားနိုင်မှာမဟုတ်ဘူး"

သည်အခါကျတော့မှ ကောင်လေးက ဆိုင်ရှင်ကြီးကိုမော့ကြည့်ကာ သူ့ဘောင်းဘီအောက်နားစကို လှန်၍ ပြရင်း လေသံတိုးတိုးနှင့် ပြောသည်။

" ကျွန်တော်လဲ ကောင်းကောင်း မပြေးနိုင်ပါဘူးဗျာ၊ ပါပီလေးခမြာ မှာ သူ့ကို ကိုယ်ချင်းစာမယ့်လူတစ်ယောက်တော့ ရှိဖို့လိုမှာပေါ့" တဲ့။

ကောင်လေး၏ ဘယ်ခြေထောက်ကလေးက အတော်ဆိုးဆိုးဝါးဝါးပင် သိမ်နေ ကောက်နေကာ လမ်းလျှောက်နိုင်ရန်အတွက် သတ္တုချုပ်တံများဖြင့် အားဖြည့်ပေးထားရလေသည်။..........

မူရင်း။  ။ Dan Clark ၏  Puppies for Sale.

ဖေမြင့်၏

နှလုံးသား အာဟာရ စာအုပ်မှ

နောက်ထပ် ခေါင်းစဉ်များကို လည်း ဆက်လက် ရေးသား ဖော်ပြပေးသွားပါအုံးမယ်ခင်ဗျာ..

zawtk...

 
^ထိပ်ဆုံးသို့