Friday, January 18, 2013
စက္ခုပါလ - အရှင် ဇဝန
Tuesday, October 30, 2012
သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ မြတ်စွာဘုရားကို ပူဇော်ခြင်း

သန္နဒ္ဓေါ ခတ္တိယော ဘာတိ၊ ဈာယီ တပတိ ဗြဟ္မဏော၊
အထသဗ္ဗမဟောရတ္တိံ ၊ ဗုဒ္ဓေါတပတိတေဇသာ၊
(ဓမ္မပဒ၊သံယုတ္တ)
တာဒိသံ တေဇသမ္မန္နံ၊ ဗုဒ္ဓံဝန္ဒာမိ အာဒရံ။ (ပေါရာဏ)
ဒီဂါထာကတော့ အလုံးစုံမင်္ဂလာရှိလို့ "သဗ္ဗမင်္ဂလာ" ဂါထာ, တစ်ထောင်တန်လို့" သဟဿရဟ" သစ္စာပြုတာမို့ "သစ္စ"ဂါထာလို့ခေါ်တဲ့ ဂါထာပါ။
ဓမ္မပဒပါဠိ, သံယုတ္တပါဠိတော်မှာလာတဲ့ ဂါထာပါ။ တချို့ပါဠိရတယ်။ အနက်မရ။ တစ်ချို့ ပါဠိ၊အနက် ရပြန်တော့ ဂါထာဖြစ်ပေါ်လာပုံကိုမသိကြဘူး။ ဒါကြောင့် ပါဠိ၊ အနက်၊ ဂါထာဖြစ်ပေါ်လာပုံလေးကို ရေးသား ပေးလိုက်ပါတယ်။
မြတ်စွာဘုရားဟာ တစ်ခုသော သီတင်းကျွတ်လပြည့်နေ့ညမှာ တရားဟောပလ္လင်ပေါ်မှာ သီတင်းသုံး နေပါတယ်။ အဲဒီအချိန်မှာ နေမင်းကြီး ၀င်တော့မည်ဆဲဆဲ အနောက်တောင်ပေါ်မှာ မေးတင်နေပါတယ်။ အရှေ့ဥဒည်စွန်းမှာတော့ ငွေလမင်းကြီးထွက်ပေါ်စပြုနေပါပြီ။ တစ်ဖက်မှာတော့ ပေဿနဒီကောသလမင်းကြီး မင်းတန်ဆာအစုံဝတ်ဆင်ပြီး မှူးမတ် ဗိုလ်ပါအခြံအရံနဲ့ တရားနာနေပါတယ်။ တစ်ဖက်မှာတော့ ကာဠုဒါယီ ရဟန္တာမထေရ်မြတ်ကြီး ဈန်ဝင်စားပြီးနေပါတယ်။ မြတ်စွာဘုရား၊ နေမင်း၊ လမင်း၊ ကောသလမင်း၊ ကာဠုဒါယီ မထေရ်တို့ဟာ အသီးသီး သူ့ကြက်သရေနဲ့သူ ရှိနေတာကို ရှင်အာနန္ဒာမထေရ်မြတ် မြင်တော်မူပါတယ်။ အဲဒီ ကြက်သရေရှိနေတဲ့ ၅ မျိုးထဲမှာ နေမင်းဟာ နေ့အခါမှာပဲ တင့်တယ်တယ်။ လမင်းဟာ ညဥ့်အခါမှာပဲ တင့်တယ်တယ်။ ကောသလမင်းဟာ မင်းမြောက်တန်ဆာ ဆင်ယင်ထားတဲ့အခါမှာဘဲ တင့်တယ်တယ်။ ရဟန္တာ မထေရ်မြတ်ဟာလည်း ဈန်ဝင်စားတဲ့အခါမှဘဲ တင့်တယ်တယ်။ ကြက်သရေရှိတယ်။ သုံးလောကထွဋ်ထား မြတ်စွာဘုရားကတော့ ကြက်သရေမျိုးစုံ တန်ခိုးဂုဏ်တို့ဖြင့် နေ့ရော,ညဥ့်ရော အချိန်ရှိသရွေ့ တင့်တယ်တယ်။ ကြက်သရေရှိတယ်။ အဲဒီလို ရှင်အာနန္ဒာမထေရ်မြတ်က ရှုမြင်တော်မူပါတယ်။ အဲဒီရှုမြင်တော်မူတဲ့အတိုင်း မြတ်စွာဘုရားကို လျှောက်တယ်။ အဲဒီတော့ မြတ်စွာဘုရားက ရှင်အာနန္ဒာ လျှောက်တာကို လက်ခံတော်မူပါ တယ်။ အဲဒါကြောင့် ဒီဂါထာဟာ မြတ်စွာဘုရားဟောဂါထာဖြစ်လာပါတယ်။ အဲဒါက မြတ်စွာဘုရားလက်ထက်က အကြောင်းအရာဖြစ်ပါတယ်။
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် နှစ်ပေါင်း ၅၀၀ လောက် သီဟိုဠ်ကျွန်းမှာ ဘာတိကတိဿမင်းကြီး နန်းစံပါတယ်။ မင်းကြီးဟာ တစ်ခုသော သီတင်းကျွတ်လပြည့်နေ့မှာ မှူးမတ်ဗိုလ်ပါ ပရိတ်သတ်နှင့်အတူ မဟာစေတီကို ဖူးမြော်ရန် ထွက်တော်မူပါတယ်။ အဲဒီအချိန်ကလည်း နေ၀င်ခါနီး လထွက်တဲ့အချိန်ဖြစ်ပါတယ်။ ထုတယ်ကြီးမားတဲ့ မဟာစေတီတော်မြတ်ကြီးအပေါ် အနောက်ဘက်မှ နေ၀င်ခါနီးဆည်းဆာရောင်ခြည်၊ အရှေ့ဘက်မှ လထွက်ခါစ ဖြူဝင်းအေးမြသော လရောင်တို့ကျရောက်ကာ ကြက်သရေရှိနေပုံကို မင်းကြီးမြင်ရတော့ အမတ်ကြီးဘက်ကိုလှည့်ပြီး အမတ်ကြီးတို့ မဟာစေတီတော်မြတ်ကြီး ကြက်သရေ ရှိလိုက်တာ။ မြတ်စွာဘုရားဟောတော်မူတဲ့ ပါဠိတော်မှာ ဒီလိုကြက်သရေရှိတဲ့ဂါထာများ မရှိဘူးလားလို့မေး တော့ အမတ်ကြီးတစ်ယောက်က လက်အုပ်ချီပြီး နေမင်းဘက်ကိုလှည့်ကာ "ဒိဝါတပတိ အာဒိစ္စော" ဟုရွတ်ဆိုပါတယ်။ တဖန်လလမင်းဘက်လှည့်ပြီး"ရတ္တိမာ ဘာတိ စန္ဒိမာ" လို့ ရွတ်ဆိုပါတယ်။ တဖန် ဘာတိကတိဿမင်းကြီး ဘက်ကိုလှည့်ပြီး "သန္ဒဒ္ဓေါ ခတ္တိယော ဘာတိ" လို့ဆိုပါတယ်။ မဟာစေတီအနီးရှိ သံဃာတော်များသီတင်းသုံးတဲ့ မဟာဝိဟာရကျောင်းဘက်လှည့်ပြီး "ဈာယီ တပတိ ဗြဟ္မဏော" လို့ရွတ်ဆိုပါတယ်။ နောက်ဆုံးကျတော့မှ နေရောင်လရောင် တို့ဖြင့် တင့်တယ်လျက်ရှိတဲ့ မဟာစေတီတော်မြတ်ကြီး ဘက်ကိုလက်အုပ်ချီလှည့်ပြီး " အထ သဗ္ဗမဟောရတ္တိံ၊ ဗုဒ္ဓေါတပတိ တေဇသာ" လို့ဆိုပြီး ဘုရားရှိခိုးလိုက်ပါတယ်။
အဲဒီအခါမှာ ဘာတိကတိဿမင်းကြီးက "အိုအမတ်ကြီး လက်အုပ်ကိုမချလိုက်ပါနဲ့ဦး" လို့ပြောပြီး အသပြာတစ်ထောင်ထုပ်ကို အမတ်ကြီးရဲ့ လက်ထဲထည့်ပြီး ပူဇော်လိုက်ပါတယ်။ အဲဒါကြောင့် ဒီ "ဒိဝါတပတိဂါထာ" ဟာသဟဿရဟ=သဟဿ= တစ်ထောင်။ အရဟ=ထိုက်တန်တဲ့ တစ်ထောင်တန်ဂါထာ လို့ဆိုပါတယ်။ သစ္စာပြုရာ ရောက်လို့ "သစ္စာ"ဂါထာလို့လည်း ဆိုပါတယ်။ ဆိုတာလေးကို သီတင်းကျွတ်လပြည့်အမှီ သုံးလောကထွဋ်ထား သဗ္ဗညု မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ရှိခိုးလိုက်ကြပါကုန်စို့………………………..။
မေတ္တာရှင် ဖောင်ဒေးရှင်း
ခင်မင်စွာဖြင့်....
ဇော်သိင်္ခ
Sunday, April 8, 2012
ပျော်ပျော်ပါးပါး မန္တလေး သင်္ကြန်

ဒီနှစ်သင်္ကြန်မှာလည်း သူငယ်ချင်းတို့ အားလုံးလည်း သင်္ကြန်ရက်များအတွင်းမှာ အေးချမ်းပျော်ရွှင်စွာဖြင့် သင်္ကြန်ရက်များကို ဖြတ်သန်းနိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း.........
ဇော်သိင်္ခ
Wednesday, February 29, 2012
ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်ပြည်နယ် လူထု၏ မေတ္တာ စေတနာ

၁၉၄၆ ခုနှစ်၊ နိုင်ဝင်ဘာလ ၂၈ ရက် နံနက် စောစောပိုင်းမြစ်ကြီးနားမြို့တွင်ကား နှင်းများကျလျက် ခိုက်ခိုက်တုန်အောင် ချမ်းအေးလျက်ရှိသည်။ နံနက်စောစောဝေလီဝေလင်းနှင်းမှုန်တွေ တဖွဲဖွဲ ကျနေသည့်ကြားထဲတွင် မြစ်ကြီးနားမြို့တစ်မြို့လုံး လှုပ်လှုပ်ရှားရှားဖြစ်နေသည်။ မြို့လူထုကြီးသည် မြောက်ဘက်စူးစူးဆီသို့ စီတန်း၍ ခပ်မှန်မှန် ချီတက်သွားနေကြသည်။ ချီတက်သွားနေသောလူထုကြီးကို ကြည့်လိုက်သည့်အခါ ဂျိန်းဖော(ကချင်) အမျိုးသားများ၊ အခြား တိုင်းရင်းသားများ၊ ဗမာများ၊ ကုလား၊ တရုတ်များနှင့် ပြည်သူ့ရဲတပ်ဖွဲ့များ စသည်ဖြင့် ပါဝင်နေကြသည်။
အောက်မြန်မာနိုင်ငံတွင် တိုင်းပြည်နှင့် လူမျိုးအတွက်ကိုယ်ကျိုးစွန့် အနစ်နာခံကာ လှုပ်ရှား ဆောင်ရွက်နေသော ဗိုလ်ချုပ်အောင်ဆန်း အကြောင်းသည် မြန်မာပြည် မြောက်ဖျား တိုင်အောင် ကျော်ကြား လာနေသည်။ ယခုလည်း ဗိုလ်ချုပ်အောင်ဆန်းသည် ပထမဆုံး အကြိမ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရန်ကုန်မှနေ၍ ရောက်လာတော့မည် ဖြစ်သဖြင့် မြစ်ကြီးနားရှိ လူမျိုးပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံမှ သောင်းသောင်းဖြဖြ ကြိုဆိုရန် မြို့မြောက်ဘက် လေယာဉ်ကွင်းဆီသို့ ချီတက်သွားနေကြခြင်းဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ဘုရင်ခံ အတိုင်ပင်ခံ အစိုးရအဖွဲ့တွင် ကာကွယ်ရေး ဝန်ကြီးအဖြစ် ကချင် သေနတ်ကိုင် တပ်ရင်းကို လာရောက် စစ်ဆေးခြင်းဖြစ်သည်။ ထိုနေ့ညနေ ၃ နာရီခွဲတွင် မြစ်ကြီးနားမြို့ ကုန်သည်ကြီးများအသင်းကဗိုလ်ချုပ်အောင်ဆန်းအား လက်ဖက်ရည်ပွဲဖြင့် ဧည့်ခံကြသည်။ ကုန်သည်ကြီးများအသင်းမှ ဆိုသော်လည်း ထိုလက်ဖက်ရည်ပွဲသို့ အဖွဲ့ပေါင်းစုံ လူထုပေါင်းစုံ တက်ရောက် လာကြလေသည်။
နိုင်ဝင်ဘာ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် အမှတ် ၂ ကချင်ရိုင်ဖယ်တပ်ကို သွားရောက် စစ်ဆေးကြည့်ရှု့သည်။ ဗိုလ်ချုပ်အောင်ဆန်းက သြဝါဒစကားပြောကြားခဲ့သည်။ ထိုသို့ပြောကြားရာတွင် ကချင်ဗမာ ချစ်ကြည်ရေးအကြောင်း။ လွတ်လပ်လာမည့် မြန်မာနိုင်ငံတွင်တိုင်းရင်းသား လက်နက်ကိုင်တပ်များ လိုအပ်မည့် အကြောင်းနှင့် ယခု တပ်တွင်းရှိ ရဲဘော်များ၏ ပြဿနာများကိုလည်းမကြာမီ ဖြေရှင်းပေးသွားမည်ဟု ပြောကြားခဲ့သည်။
ကချင်စစ်တပ်မှ ရဲဘော်များနှင့် အရာရှိများသည် နာမည်သာ ကြားဖူးသည့် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ စကားပြောသံကို ကြားရသည့်အခါ အလွန်တရာမှ စိတ်တက်ကြွ နှစ်ထောင်းအားရ ဖြစ်သွားကြသည်။
``ဗိုလ်ချုပ် အခုလို ကျွန်တော်တို့ တပ်ကို လာပြီး ကြည့်ရှု စစ်ဆေးတာကို ကျွန်တော်တို့ဖြင့် အင်မတန်ပဲ ဝမ်းသာ အားရ ဖြစ်ပါတယ်။`` ဟု ဂျိန်းဖောကချင် အမျိုးသားအရာရှိ ဗေဂျာလဇွန်ဟ်တန်က ပြောပြသည်။
နိုင်ဝင်ဘာ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် မြစ်ကြီးနားမြို့ရာဇဝင်တွင် အကြီးများဆုံး လူထု အစည်းအဝေးပွဲကြီး ကျင်းပ လေသည်။ ထိုအစည်းအဝေးပွဲကြီးသို့ မြစ်ကြီးနားမြို့ အနီးအနား ပတ်ဝန်းကျင်က သာမက မိုးကောင်း၊ ဟိုပင် စသည်တို့မှလည်းကောင်း၊ ဗန်းမော်၊ ကသာတို့မှ လည်းကောင်း လူထုကြီးများ စုရုံးရောက်ရှိလာကြည်သည်။ ထိုဒေသများမှ ဖဆပလ ခေါင်းဆောင်များလည်း တက်ရောက်ကြည်သည်။ ဂျိန်းဖောကချင် ဒူဝါကြီးများနှင့် ခေါင်းဆောင်များကိုလည်း စုံစုံလင်လင် တွေ့ရလေသည်။ အစည်းအဝေး မစတင်မီ ဂေါ်ရခါး အမျိုးသမီးတစ်ဦးက ဗိုလ်ချုပ်အောင်ဆန်းအား ပန်းကုံးစွပ် လေသည်။ ဂေါ်ရခါးလူမျိုးတို့၏ ထုံးစံမှာ ဤသို့ ပန်းကုံးစွပ်ခြင်းသည် အမှန်တကယ် ကြည်ညို လေးစား၍ ခင်မင် ရင်းနှီးသည့် အထိမ်းအမှတ် ဖြစ်သည်ဟု ဆိုသည်။
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းက စကားဟောပြောလေသည်။ ဗိုလ်ချုပ်က ခက်ခဲ၍ အဓိပ္ပာယ် ရှုပ်လှသော နိုင်ငံရေး၊ စကားလုံးများကို မသုံး၊ မပြောဘဲ တကယ့် ဆင်းရဲသား လူထုကြီးနားလည်နိုင်သည့် စကားတို့ဖြင့် လက်ရှိ ဗမာပြည် အခြေအနေ၊ ဖဆပလအဖွဲ့ကြီး အကြောင်းနှင့် ဂျိန်းဖော ဗမာ ချစ်ကြည်ရေးအကြောင်းကို ခပ်ရှင်းရှင်း ဟောပြောလေသည်။ ဗိုလ်ချုပ် ဟောပြောပြီးသည့်အခါ မိုးကောင်းနယ်မှ ဂျိန်းဖောဒူဝါ တစ်ဦးဖြစ်သော ဆမားဒူဝါ ဆင်ဝါနောင်က ဗိုလ်ချုပ်ပြောသွားသည်များကို ကချင်ဘာသာဖြင့် ပြန်ပြောပြလေရာ ကချင် လူထုကြီးမှာ များစွာ သဘောကျ နှစ်သက်ကြလေသည်။
လူထုအစည်းအဝေးကြီး အပြီးတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျိန်းဖောကချင် အမျိုးသား ခေါင်းဆောင်များ၊ ဒူဝါများနှင့် သီးသန့် တွေ့ဆုံပြီး ရင်းနှီးပွင့်လင်းစွာ တိုင်ပင် ဆွေးနွေးလေသည်။
နိုင်ဝင်ဘာလ ၃၀ ရက်နေ့တွင် မြစ်ကြီးနား မြောက်ဘက် ၅ မိုင်ကွာ ကန်ခရင်ခေါ် ကချင်ရွာကလေး၌ ဗိုလ်ချုပ်အား ကချင်လူမျိုးတို့၏ ထုံးစံအတိုငး နံနက် ထမင်းတည်ခင်း ကျွေးမွေး လေသည်။
ရွာအလယ်ရှိ စာသင်ကျောင်းဝင်းအတွင်း၌ ဝါးမဏ္ဍပ် တစ်လုံးထိုး၍ တစ်ရွာလုံးက ဖော်ရွေစွာ ခရီးဦးကြိုပြုလျက် ကချင် ဓလေ့ ထမင်းပွဲကို တည်ခင်း ဧည့်ခံခဲ့သည်။ ဆရာဇော်လွန်း ကိုယ်တိုင် သွားရောက် ငှဲ့ယူပေးသော ကချင် အရက်တစ်ခွက်ကို ဗိုလ်ချုပ်က သောက်ရပြီး လာရောက် ချပေးသော ကချင်ထမင်းထုပ်ကို ဖြည်၍ စားရလေသည်။ ဖက်ခွက်ထိုး၍ ထည့်ထားသော ဟင်းချို သောက်နည်းကိုပင် ကချင်တို့က ဗိုလ်ချုပ်ကို ပြသ ပေးလေသည်။
ဂျိန်းဖော အမျိုးသမီး တစ်ဦးက ရှေ့ထွက်လာပြီး ကချင် ဓားတစ်လက်နှင့် လွယ်အိတ် တစ်လုံးကို ဗိုလ်ချုပ် အောင်ဆန်းအား လက်ဆောင်ပေးလေသည်။ ပေးရင်းနှင့် ထိုအမျိုးသမီးက အောက်ပါအတိုင်း ပြောလေသည်။
``ဒီဓားနဲ့ လွယ်အိတ်ဟာ တန်ဖိုး အားဖြင့်တော့ သိပ်အဖိုးမတန်လှပါဘူး။ ဒါပေမဲ့ ကျွန်မတို့အဖို့မှာတော့ အင်မတန် ရင်းနှီးတဲ့ ဆွေမျိုးသားချင်း မောင်နှမ အရင်းလို လူကိုသာ ပေးလေ့ရှိပါသည်။ ပစ္စည်းက အဖိုးမတန်ပေမယ့် တကယ် အဖိုးတန်တဲ့ စေတနာနှင့် ပေးတာပါရှင်``
ထမင်းစားပွဲတွင်လည်း ဗိုလ်ချုပ်အောင်ဆန်းသည် ကချင်ခေါင်းဆောင်များနှင့် ရင်းနှီးစွာ ဆွေးနွေးခဲ့ကြလေသည်။ ကချင် ဗမာ သွေးစည်းရေး မိတ်ဆက်ပွဲ ဖြစ်သဖြင့် နောင်တွင်လည်း အမှတ်တရ ဖြစ်စေခြင်းငှာ ဓာတ်ပုံရိုက် မှတ်တမ်းတင်လေသည်။

ဓာတ်ပုံထဲတွင် ပါသော ဗိုလ်ချုပ်အောင်ဆန်း၏ လွယ်အိတ်နှင့် ဓားမှာ ကချင် အမျိုးသမီးလေး တစ်ဦစး၏ လက်ဆောင်ဖြစ်သည်။. ခေါင်းတွင် ဆောင်းထားသော ခေါင်းပေါင်းမှာ ကချင် လူငယ် ခေါင်းဆောင် ဦးဇော်ရစ် ၏ ခေါင်းပေါင်း ဖြစ်သည်။
နောက်တစ်နေ့ နံနက်စောစောတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကချင်ပြည်နယ် မြစ်ကြီးနားမှ ရန်ကုန်သို့ ပြန်ခဲ့လေသည်။
ဗိုလ်ချုပ်အောင်ဆန်း သည် မြစ်ကြီးနားမြို့သို့ ရောက်လာပြီး ကချင်လူမျိုးတို့ မေတ္တာနှင့် စေတနာကို သယ်ဆောင်ခဲ့ပြီး ကချင်ဗမာ သွေးစည်းရေး ညီညွတ်ရေး အုတ်မြစ်ကို ချမှတ်ခဲ့လေတော့သည်။
ရည်ညွှန်း- ``ဂျိန်းဖော ကချင်များကြား ရောက်ခဲ့သော ဗိုလ်ချုပ်`` ပြည်သူ့ရဲဘော် ဂျာနယ်၊ အတွဲ ၁ အမှတ် ၃၂ ( ၁၈၊ဒီဇင်ဘာ၊ ၁၉၄၆) ထုတ်မှ ပြန်လည် ဖော်ပြသည်။)
တင်ဆွေမိုး (ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၂၊ အမှတ် ၈၄၊ မတ်လ ၁ ရက် ၂၀၁၂)
ခင်မင်စွာဖြင့်…
ဇော်သိင်္ခ
Wednesday, December 21, 2011
ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်

ဒီဇင်ဘာ ၂၂ ရက်နေ့မှာ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးသွားခဲ့ရသော ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကို ပြန်လည် အမှတ်ရစေသော အားဖြင့် ဗိုလ်အောင်ကျော်၏ အကြောင်းဆောင်းပါးကို ပြည်သူ့ခေတ် ဂျာနယ်မှ တင်မိုးဆွေ ရေးသားသော ဆောင်းပါးလေးအား ပြန်လည် ရေးသား မျှဝေ ဖော်ပြပေးလိုက်ရပါတယ်။
ဗိုလ်အောင်ကျော်သည် ၁၃၀၀ ပြည့်အရေးတော်ပုံခေတ်က တိုင်းပြည်နှင့် လူမျိုးအတွက် အသက်နှင့် လဲသွားသော ကျောင်းသားခေါင်းဆောင် တစ်ယောက် ဖြစ်သည်။ အမည်ရင်းမှာ ကိုအောင်ကျော် ဖြစ်သော်လည်း အာဇာနည် ခေါင်းဆောင် တစ်ယောက်အနေနှင့် ဗိုလ်အောင်ကျော် ဟု ခေါ်ကြသဖြင့် ထိုအမည်နှင့်ပင် မြန်မာ့ သမိုင်းတွင် ထင်ရှားကျော်ကြားခဲ့သည်။
ကိုအောင်ကျော်ကို မြန်မာသက္ကရာဇ် ၁၂၇၇ ခုနှစ် တပို့တွဲလဆုတ် ၉ ရက် တနင်္ဂနွေနေ့တွင် ဟင်္သာတခရိုင် မဲဇလီကုန်း၊ ရုံးဇင်ရွာတွင် အဖ အလယ်တန်းကျောင်းဆရာကြီး ဦးကျော်ဒင်၊ အမိ ဒေါ်ရွှေကျော့တို့မှ ဖွားမြင်သည်။ ညီအစ်ကို မောင်နှမ တစ်ကျိပ် တစ်ယောက် ရှိသည့် အနက် အဠမမြောက် မွေးဖွားခဲ့သူ ဖြစ်သည်။ မွေးချင်းပေါက် ဖော်များမှာ ဖခင်ကြီးကဲ့သို့ ကျောင်းဆရာ ဆရာမ များသာ ဖြစ်ကြသည်။ ကိုအောင်ကျော် သည် ဖခင်ကြီး၏ အလယ်တန်းကျောင်းတွင် သူငယ်တန်းမှ စ၍ ခြောက်တန်းအထိ ပညာဆည်းပူးခဲ့သည်။
ထို့နောက် အမျိုးသား ကျောင်းများ ပေါ်ပေါက်လာချိန်တွင် ဇာတိရုံးဇင်ရွာနှင့် တစ်မိုင်ခန့် ဝေးသော မဲဇလီင်္ကုန်းရှိ အမျိုးသား အလယ်တန်းကျောင်းသို့ ပြောင်းရွှေ့ကာ အင်္ဂလိပ်မြန်မာ နှစ်ဘာသာပညာ သင်ယူသည်။ ထိုကျောင်းမှပင် ကိုအောင်ကျော်သည် အမျိုးသားစိတ် ဗီဇကို ရရှိခဲ့သည်ဟု ဆိုရပေမည်။
မဲဇလီကုန်းမြို့ အမျိုးသား အလယ်တန်းကျောင်းမှ သတ္တမတန်း အောင်မြင်ပြီးနောက် ဟင်္သာတမြို့ရှိ ဒေါက်တာ ကမ်းမင်း အထက်တန်းကျောင်းတွင် မိဘဆွေမျိုးများ၏ ဆန္ဒအရ အထက်တန်းပညာများကို ဆက်လက် သင်ယူခဲ့သည်။
ယင်းသို့ အနောက်တိုင်းဆန်သူများ နေလေ့ရှိသော ကျောင်းတွင်ကိုအောင်ကျော်အတွက်မျက်စိနောက်စရာများနှင့် သာ တွေ့နေရသဖြင့် ထိုဓလေ့ထုံးစံများကို သရော်သည့်အနေဖြင့် ကိုအောင်ကျော်သည် ခုံဖိနပ်စီး၊ ပင်နီတိုက်ပုံဝတ်၊ ကတုံးဆံထောက်ညှပ်၊ ဘုကျကျ၊ ခွကျကျ နေထိုင်ခဲ့သည်။ သို့ရာတွင် ပညာရေးဘက်၌မူ ထူးချွန်သူဖြစ်သဖြင့် ၁၉၃၄ ခုနှစ်တွင် ဆယ်တန်း စာမေးပွဲကို အောင်မြင်ခဲ့လေသည်။
ဆရာများ၏ ဆုံးမစကားကို နာယူတက်သူ တစ်ယောက် ဖြစ်သဖြင့် ကိုအောင်ကျော်သည် ဟင်္သာတကျောင်းမှ ဆရာများ၏ လမ်းညွှန်မှုအရ ၁၉၃၄-၃၅ ပညာသင်နှစ်တွင် ဂျပ်ဆင်ကောလိပ် တက်ရောက် ပညာသင်ယူခဲ့သည်။ မြန်မာဘာသာ၊ စီးပွားရေး ပညာရပ်တို့ကို ယူ၍ တက္ကသိုလ် ပညာကို သင်ယူခဲ့ရာ မြန်မာစာပေတွင် ထူးချွန်သဖြင့် မြန်မာစာ ကထိက ဦးထွန်းဖေက မြန်မာစာဂုဏ်ထူးယူရန် တိုက်တွန်းခဲ့သည်။
အမျိုးသားစိတ်ဓာတ် ပြင်းထန်သော ကိုအောင်ကျော်သည် ကောလိပ်ကျောင်းမှ အနောက်တိုင်းဆန်ဆန် ပွဲသဘင်များကို မျက်စိစပါးမွေး စူးခဲ့သည်။ ကပွဲသဘင် အခမ်းအနားများသို့ ခုံဖိနပ်စီး၍ ဝင်ခြင်း ပွဲသဘင်အခန်းမှ တစ်ယောက်တည်း ဆန့်ကျင်၍ ထွက်ခဲ့ခြင်းများ လုပ်ခဲ့လေသည်။ အမျိုးသားစိတ်ဓာတ်ကို အမူအရာနှင့်သာမက အဟောအပြောတို့နှင့်လည်း ပြသခဲ့သည်။ ပါတော်မူနေ့နှင့် အမျိုးသားအောင်ပွဲနေ့များသို့ ရောက်တိုင်း လိုလိုပင် ကိုအောင်ကျော်သည် မိမိမြို့နယ်သို့ အမျိုးသား လှုံ့ဆော်ရေးတရားများ သွားရောက် ဟောပြောခြင်း၊ စာကြည့်တိုက်များ ဦးစီးဖွင့်လှစ်ပေးခြင်း၊ စကားရည်လုပွဲများ၊ စောပြောပွဲများကို လုပ်ကိုင်နိုင်ရန် စီးစဉ်ပေးခြင်းများ ပြုလုပ်ပေးခဲ့သည်။ တစ်ခါတစ်ရံ ကျောင်းပိတ်ရက် အတွင် ခရမ်း၊ သုံးခွဘက်သို့ စည်းရုံးရေး ဆင်းနေရသည့်အခါ နေရင်းရပ်ရွာရှိ မိတ်ဆွေ သူငယ်ချင်းများထံ သူကိုယ်တိုင် မလာရောက်နိုင်သဖြင့် မည့်သည့် လုပ်ငန်းစဉ်များ လုပ်ဆောင်သင့်ကြောင်း အကြံပေး စာများရေးသားပေးပို့ခဲ့သည်။
ပါတော်မူနေ့ တစ်ရက်တွင် ကိုအောင်ကျော်သည် ဂျပ်ဆင်ကောလိပ် ကြော်ငြာသင်ပုန်းတွင် နယ်ချဲ့တော်လှန်ရေး ဆောင်းပါးအနေဖြင့် ``ဤနေ့ရောက်တိုင်း နိုင်ငံခြားသားများကို စိတ်နာသည်၊ ဤနေ့တွင် နိုင်ငံခြားသားများနှင့် အလိုတော်ရိများကို စကားမပြောလို`` စသည်ဖြင့် မင်နီဖြင့် ရေးသားကာ ကပ်ထားခဲ့ဖူးသည်။
၁၉၃၈ ခုနှစ် ဇူလိုင်လတွင် ကုလားဗမာ အဓိကရုဏ် ဖြစ်ပွားစဉ်အခါက ကိုအောင်ကျော်၏ ဇာတိမြို့ကလေးတွင်လည်း ဖြစ်ပွားသဖြင့် အဖမ်းခံရသူအများအပြားရှိခဲ့သည်။ ထိုစဉ် ကိုအောင်ကျော်သည် ဟင်္သာတသို့ရောက်လာကာ ဟင်္သာတဦးမြ၊ ပါလီမန်အမတ် ဦးဟိန်တို့နှင့် တိုင်ပင်၍ ဟင်္သာတထောင်သို့ ဝင်ရောက် ကြည့်ရျုပြီး အဖမ်းအဆီးခံနေရသူများကို အားပေးစကား ပြောဆိုခဲ့သည်။ ၁၃၀၀ ပြည့်အရေးတော်ပုံ မတိုင်မီကိုအောင်ကျော်သည် ကျောင်းသားခေါင်းဆောင် သမဂ္ဂ ဒုတိယဥက္ကဠ ကိုလှရွှေ၊ ကိုသိန်းအောင်တို့နှင့်အတူ မဲဇလီကုန်းသို့ ရောက်ရှိလာပြီး ကျောင်းသားများ သပိတ်မှောက်ရေးကို လှုံ့ဆော်ခဲ့သည်။
၁၃၀၀ ပြည့် အရေးတော်ပုံတွင် ကိုအောင်ကျော်သည် ကျောင်းသားသမဂ္ဂ အမှုဆောင်တစ်ဦးဖြစ်သဖြင့် အရေးတော်ပုံအတွက် မအားမလပ်အောင် ဆောင်ရွက်ခဲ့ရသည်။ ရေနံမြေ သပိတ်မှောက် အလုပ်သမားများအား ဆူပူအောင် လှုံ့ဆော်ဟောပြောမှုဖြင့် တက္ကသိုလ် သမဂ္ဂ ဥက္ကဠကိုဗဟိန်းနှင့် အတွင်းရေးမှူး ကိုဗဆွေတို့အား အစိုးရက ဖမ်းဆီးလိုက်သည့်အခါ ၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက် ညတွင် ရန်ကုန်တက္ကသိုလ် သမဂ္ဂ အသင်းတိုက်၌ ကိုအောင်ကျော် အပါအဝင် အမှုဆောင်အဖွဲ့သည် ဆွေးနွေးတိုင်ပင်ပြီးနောက် ရန်ကုန်နှင့် မကွေးတွင် ထုတ်ထားသော ပုဒ်မ ၁၄၄ ကို ရုပ်သိမ်းပေးရန်နှင့် ဖမ်းဆီးထားသော ကျောင်းသား ခေါင်းဆောင်များကို ပြန်လွှတ်ပေးရန် အစိုးရထံ တောင်းဆိုခဲ့သည်။ သို့ရာတွင် တောင်းဆိုချက်များ မရသဖြင့် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရန်ကုန်ရှိ ကျောင်းပေါင်းစုံ မှ ကျောင်းသားများ သည် မြို့မကျောင်းဝင်းအတွင်း စုရုံးပြီးနောက် ပုဒ်မ ၁၄၄ ကို ကန့်ကွက်သည့်အနေနှင့် စီတန်း လမ်းလျှောက် ဆန္ဒပြကြသည်။ ထိုသို့ စီတန်းလမ်းလျှောက် ဆန္ဒပြရာတွင် ကိုအောင်ကျော်သည် ဦးဆောင်အဖွဲ့တွင် ပါဝင်ပြီး ကြွေးကြော်သံများကို ရှေ့မှတိုင်၍ လိုက်ပါခဲ့သည်။
ထိုသို့ ဆန္ဒပြ၍ တောင်းဆိုချက်များကို အစိုးရက မလိုက်လျောသဖြင့် အစိုးရ အုပ်ချုပ်ရေး ကြိုးကိုင်ရာဖြစ်သော အတွင်းဝန်ရုံးကြီးကို ဝိုင်း၍ အာဏာဖီဆန်သည့် သဘောနှင့် ဆန္ဒပြရန် ဆုံးဖြတ်ကြလေသည်။ ဆုံးဖြတ်ချက်အတိုင်း ဒီဇင်ဘာ ၂၀ ရက်နေ့ နံနက်တွင် ကျောင်းပေါင်းစုံမှ ကျောင်းသား တစ်သောင်းကျော်နှင့် အတွင်းဝန်ရုံးကို ဝိုင်း၍ ဆန္ဒပြကြရာ ကိုအောင်ကျော်က သူရိယသတင်းစာတိုက်ဘက် အတွင်းရုံး အဝင်ပေါက်ဘက်၌ ကျောင်းသား ကျောင်းသူများနှင့် ဆန္ဒပြ သပိတ်ထားရာ၌ ခေါင်းဆောင်ရလေသည်။ ယင်းသို့ ဆန္ဒပြသပိတ်ထားရာ နေ့လယ် ၁ နာရီခန့်တွင် အတွင်းဝန်ရုံးကြီးသည် ဘာမျှလုပ်၍ မရသဖြင့် ရုံးကြီးကို ပိတ်လိုက်ရသည်။
ထိုအခါ ကျောင်းသားများ တပ်ခေါက်ပြန်မည်အပြုတွင် လက်နက်ဟူ၍ အပ်တစ်ခေါင်းမျှ မပါသော ကျောင်းသားများအား နယ်ချဲ့ လက်ပါးစေ ပုလိပ်များက နံပါတ်တုတ်ဖြင့် အတင်းဝင်ရောက် ရိုက်နှက်ရာ ကိုအောင်ကျော် အပါအဝင် ကျောင်းသား ကျောင်းသူ ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ကိုအောင်ကျော်၏ ဒဏ်ရာသည် ပြင်းထန်သဖြင့် ဒီဇင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန် ဆေးရုံကြီး၌ သူချစ်မြတ်နိုးလှသော တိုင်းပြည်နှင့် လူမျိုးကို စွန့်ခွာသွားရလေသည်။
ကိုအောင်ကျော်၏ ဈာပနသည် မြန်မာတစ်နိုင်ငံလုံးအား တပ်လှန့်နှိုးသကဲ့သို့ နိုးကြားမှုကို ဖြစ်စေသည်။
``အသက်သေချင်သေပါစေ၊ နောက်လူများ အတုယူဖွယ် အလုပ်တစ်ခုကို လုပ်ပြချင်သည်``ဟု ပြောခဲ့ဖူးရာ ကိုအောင်ကျော်၏ ဆန္ဒကား ပြည့်ဝခဲ့သည်ဟု ဆိုရပေမည်။
ကိုအောင်ကျော်သည် အမျိုးသား စိတ်ပြင်းထန်ရုံမျှမက စာပေဘက်၌လည်း ဝါသနာထုံသူဖြစ်သည်။ ကောလိပ်ကျောင်းရောက်၍ မကြာခင်မှာပင် စာရေးဆရာကြီး မဟာဆွေနှင့် ခင်မင် ရင်းနှီးသွားခဲ့သည်။ စာရေးဆရာကြီး မဟာဆွေနှင့် စာပေရေးရာများကို အမြဲတမ်း သွားရောက် ဆွေးနွေးလေ့ ရှိသည်။ တစ်နေ့တွင် မဟာဆွေက သူရိယမဂ္ဂဇင်းတွင် သူရေးသော ``ထောင်ကျချင်သူ`` ဝတ္ထုအကြောင်း ပြောဆိုရာ ကိုအောင်ကျော်က မဟာဆွေအား ဆရာကြီး ရေးတဲ့ ဝတ္တုကို အင်္ဂလိပ်လို ဖတ်ဖူးကြောင်း ပြောလိုက်သဖြင့် မဟာဆွေက အင်္ဂလိပ် ဝတ္တုတစ်ပုဒ်ကို မှီးထားကြောင်း ဝန်ခံရဖူးလေသည်။
ကိုအောင်ကျော် ကိုယ်တိုင်လည်း ဂန္ထလောက မဂ္ဂဇင်းတွင် အောင်ကျော် အမည်နှင့် စာတိုပေစများ ရေးသားခဲ့ဖူးသည်။
ဂျပ်ဆင်ကောလိပ် ကျောင်းတိုက် မဂ္ဂဇင်းတွင်လည်း စာပေဆောင်းပါး ကဗျာများ ရေးသားခဲ့သည်။ ကိုအောင်ကျော်သည် နိုင်ငံရေးစာပေများကို အမြဲမပြတ် ဖတ်ရှုသူ တစ်ဦးလည်း ဖြစ်သည်။
ဗိုလ်အောင်ကျော် နဲ့ ပတ်သတ်တဲ့ သီချင်းစာသားလေးများကို ရှာဖွေ ဖော်ပြပေးလိုက်ပါတယ်။ သီချင်း အသံဖိုင်ကိုတော့ အင်တာနက်မှာလည်း ရှာဖွေလို့ မတွေ့တဲ့ အတွက်ကြောင့် စာသားလေးများကိုပဲ သီချင်းသံစဉ် ပုံစံဖြင့် သီဆို နိုင်ကြပါသည်။
ဗိုလ်အောင်ကျော်သီချင်း
(အို ဆိုးတဲ့ကြမ္မာ ကိုယ်ကျိုးတွက်မပါ သယ်ပိုးရွက်ရာ၊ သနားသနော် နေမျိုးသီဟသူကျော် ရဲဘော် ရဲဘော် တို့ရဲဘော်။ )၂
တားဆီးချုပ်ချယ် တတိုင်းလုံးညှိုးငယ်၊ ပြုပလေ ထုချေ ဥပဒေအတွက်ကယ် ရက်စက်ပါပေ့နော်။ အိုရဲဘော် တို့ရဲဘော် ကျနော်တို့ရဲ့ရဲဘော် ဘဒ္ဒကမ္ဘာမြေ ကမ္ဘာမကြေ ကြွေးကြော် နောင်ဥဒါန်း မကြေနိုင်သနော် ရဲဆုပန်ခဲ့သသော်။
ခေါင်းဆောင်လမ်းပြ ဗိုလ်အောင်ကျော် အသက်တောင် မမက်ပေါင် စွန့်စားသနော်၊ တို့တတွေ မကျေချမ်းနိုင်ဘူးနော်။ ။
အာဇာနည် ကိုအောင်ကျော်
ကျောင်းသားတို့အပေါ်ကောင်းစားဖို့မျှော်၊ ကြိုးစားတဲ့ ကိုအောင်ကျော်၊ သတ်ပုတ်ခိုင်းတဲ့ မောင်ဘမော်၊ ဗမာပြည်ကြီးအရေးတော် သူက ဖိစီးနေသေးသနော်၊ ဒဏ်ရာရအောင် တို့ကျောင်းတော် တပ်ကို သတ်ဖြတ်လိုက်တဲ့ ရွှေဉာဏ်တော်၊ ပုလိပ်များနဲ့ စခန်းသွားတဲ့ ဘမော်၊ ရာထူးဂုဏ်ခုံမင်လို့ပဲ မှတ်တော့နော်။
မောင်ဘမော် နန်းရင်းဝန်ကို ဒီရာထူး ပြုကျလေအောင် ကြိုးစားကြပါ အဆွေတော်၊ တို့ ရဲဘော် အပေါင်း အဖော်တွေ ကိုအောင်ကျော် သတ္တိဂုဏ်ကို ချီးကျူးမမေ့နဲ့နော်၊ ပုဒ်မပုဒ်ထီးများကို ထုတ်ဖော်၊ ဘမော်ဘဦးတို့က ရှုပ်သနော်။ တိုင်းသူပြည်သားတွေရဲ့ အပေါ်၊ စာမရီသွေးနဲ့ အစိုးရအပေါ်၊ တို့ကြွေးကြော်၊ ထောင်ကျတဲ့ ဥက္ကဠဘမော် ကန့်ကွက်တယ်၊ လွှတ်လိုက်တို့ ရဲဘော်။
ခင်မင်စွာဖြင့်…
ဇော်သိင်္ခ