မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Wednesday, January 26, 2011

စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း အနီးရှိလမ်းအား ကတ္တရာလမ်းခင်းရန် အလှူရှင်များစာရင်း

4933250.jpg
ကတ္တရာလမ်းခင်းမည့် မြေသားလမ်းနေရာ

စစ်ကိုင်းမြို့ မြစကြာ ကျောင်းတိုက် အနီးရှိ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်း အသင်းကို မေတ္တာရှင်ဆရာတော်နဲ့ မြစကြာဆရာတော်တို့မှနာယကအဖြစ်ဆောင်ရွက်လျှက် သြ၀ါဒ ဆရာတော်ကြီးများ လမ်းညွှန်မှုဖြင့် ဦးကောဝိဒ နှင့်ဒါယကာဒါယိကာမများ ဆောင်ရွက်လျှက်ရှိသော ဆွမ်းလောင်းအသင်း ကို  2009 ခုနှစ်တွင် စတည်ထောင်၍ တနင်္လာနေ့တိုင်း သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းလောင်းလှူလျက် ရှိပါသည်။

ထိုသို့ ဆွမ်းလောင်းလှူလျက် ရှိသော စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းအနီး၊ လပြည့်ဝန်းလမ်း သီလရှင်ကျောင်းတိုက်များ အနီးရှိ ပေ ၅၀၀ ခန့်အရှည်ရှိ လမ်းသွယ်လေးသည် မြေသားလမ်း ဖြစ်နေ၍ မိုးရာသီတွင် ရေအိုင်များဖြစ်နေခြင်းကြောင့် ဆွမ်းခံကြွတော်မူကြသော ရဟန်းသံဃာတော်များနှင့် သီလရှင်များအတွက် ရေအိုင်များကြောင့် အခက်အခဲ ဖြစ်ကြရပါသည်။ ထို့ကြောင့် သံဃာတော်များနှင့် သီလရှင်များအတွက် အဆင်ပြေစွာ ဆွမ်းခံကြွတော်မူနိုင်ရန် အတွက် အဆိုပါ လပြည့်ဝန်း လမ်းသွယ်အား ကတ္တရာလမ်းခြင်း လုပ်ငန်းများကို ဦးဇင်း ဦးကောဝိဒမှ ဦးဆောင်၍ လမ်းခင်းမည် ဖြစ်ပါ၍ လမ်းခင်းရန်အတွက် ခန့်မှန်း ကုန်ကျငွေမှာ သိန်းနှစ်ဆယ် ခန့် ကုန်ကြမည်ဖြစ်သောကြောင့် အလှူရှင်များအနေဖြင့် လှူဒါန်းနိုင်ရန် ရေးသားဖော်ပြပေးလိုက်ရပါသည်။
4933258.jpg
သံဃာတော်များဆွမ်းခံကြွရာ ကတ္တရာလမ်းခင်းမည့် မြေသားလမ်း နေရာ

အလှူရှင်များအနေဖြင့် လှူဒါန်းရာတွင်လည်း အဆင်ပြေမှုရှိစေရန်အတွက် တစ်ဦးလျှင် တစ်သိန်းနှုံန်းဖြင့် လှူဒါန်းမည်ဆိုပါက အလှူရှင် ဦးနှစ်ဆယ် ရရှိပါက အဆင်ပြေမည်ဖြစ်ပါသည်။ ထိုသို့ လှူဒါန်းရာတွင်လည်း အလှူရှင်များအတွက် ပိုမိုအဆင်ပြေစေရန် အတွက် တစ်လလျှင် တစ်သောင်းနှုံန်း ဖြင့် လည်း လစဉ် လှူဒါန်း သွားနိုင်ပါသည်။ ထိုလမ်းခင်းခြင်း လုပ်ငန်းများကိုလည်း ယခု ဇန်နဝါရီလကုန်မှ စ၍ စတင် အကောင်အထည် ဖော်မည်ဖြစ်ရာ.. ထိုလမ်းအတွက် စတင် လှူဒါန်းထားသော အလှူရှင်များအား ဖော်ပြပေးလိုက်ပါသည်။
၁။  နော်ဝေးနိုင်ငံမှ မောင်နိုင်းနိုင်း မှ အလှူငွေ  လေးသောင်းကျပ် ။
၂။  ကိုထွန်းဝင်းလတ် မှ အလှူငွေ သုံးသောင်းကျပ် ။
၃။ စစ်ကိုင်းမြို့ ဘိုသု ကွမ်းယာဆိုင်မိသားစု နှင့် အလှူရှင် သုံးဦးတို့မှ လစဉ်လှူဒါန်းရာတွင် ဇန်နဝါရီ လအတွက်  အလှူငွေ လေးသောင်းကျပ် ။
၎။ မန္တလေးမြို့မှ မနီလာအေးမှ လစဉ်လှူဒါန်းရာတွင် ဇန်နဝါရီလအတွက် စတင်အလှူငွေ တစ်သောင်းကျပ်။
၅။ ဒေါ်ရွှေဇင်ဦး (SS DTP & Copy) မှ လစဉ်လှူဒါန်းထားရာ ဇန်နဝါရီလအတွက် အလှူငွေ တစ်သောင်းကျပ်။
၆။ ကိုဇော်သိင်္ခ မှ လစဉ်လှူဒါန်းထားရာ ဇန်နဝါရီလအတွက် အလှူငွေ တစ်သောင်းကျပ် ။
၇။ MKK1 အင်တာနက်ဆိုင်မှ လစဉ်လှူဒါန်းထားရာ ဇန်နဝါရီလအတွက် အလှူငွေ တစ်သောင်းကျပ် ။
၈။ Wai Yan အင်တာနက်ဆိုင်မှ လစဉ်လှူဒါန်းထားရာ ဇန်နဝါရီလအတွက်အလှူငွေ တစ်သောင်းကျပ် ။
ယခု ဇန်နဝါရီလအတွက် လမ်းခင်းရန် အလှူရှင် ၁၂ ဦးတို့မှ အလှူငွေ တစ်သိန်းခြောက်သောင်း(၁၆၀၀၀၀) ကျပ် ရရှိထားပါသည်။ ယခု လအတွက်လည်း နောက်လှူမည့် အလှူရှင်များလည်း ရှိပါသေးသည်။ ထိုသို့ နောက်ထပ် လက်ခံရရှိမည့် အလှူရှင်များ၏ စာရင်းများကို လည်း ပြန်လည်ဖော်ပြပေးသွားမည် ဖြစ်ပါသည်။
စေတနာရှင်များအနေဖြင့်လည်း ကတ္တရာ လမ်းလေးဖြစ်မြောက်သွားနိုင်ရန်အတွက် ကိုယ်တက်နိုင်သလောက်လေး ပါဝင် လှူဒါန်းလိုပါက အောက်ပါ အီးမေးလ် လိပ်စာများမှ တဆင့် ဆက်သွယ် လှူဒါန်းနိုင်ကြောင်း ၊ နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆောင် သတင်ပေးလိုက်ပါတယ်ခင်ဗျာ….။

ဆက်သွယ်ရန်…
Kovida9@gmail.com  ဦးဇင်း ဦးကောဝိဒ (စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း  ဖုန်း-09-2110202)
Zawtk07@gmail.com   ကိုဇော်သိင်္ခ ( မန္တလေး ၊ မိုးကောင်းကင် ဘလော့ )
Yadanarbon.2010mdy@gmail.com ( မန္တလေးမြို့)


ခင်မင်စွာဖြင့်
ဇော်သိင်္ခ



Tuesday, January 25, 2011

အမေတွက်တဲ့ သင်္ချာ

4928248.jpg

ကျွန်တော်တို့ ငယ်ငယ်
မနက်မိုးလင်းတိုင်းမှာ
အိမ်ရှေ့က ပန်းခင်းလေးထဲ
အမေနဲ့ လမ်းလျှောက်ခဲ့ဖူးတယ်

ကျွန်တော်တို့ရဲ့ လက်တွေကို ဆွဲလို့
ပန်းရနံ့လေးတွေကို ရှုရှိုက်လို့
အသစ်ပွင့်လာတဲ့ ပန်းပွင့်လေးတွေကို
တစ်ပွင့်ချင်း
တစ်ပွင့်ချင်း
အမေရေတွက်တယ်
ပန်းပွင့်လေးတွေကို နမ်းလိုက်
ကျွန်တော်တို့ကို နမ်းလိုက်နဲ့
ရယ်သံတွေကြားက ပြောတယ်
ကျွန်တော်တို့ရဲ့ မျက်နှာလေးတွေက
ပန်းပွင့်လေးတွေနဲ့ သိပ်တူသတဲ့
ပန်းပွင့်လေးတွေလိုပဲ လှပသတဲ့

ညရောက်ပြန်တော့
အမေ့ရဲ့ ရင်ခွင်ထဲမှာ ထိုင်ရင်း
အမေပြောတဲ့ ပုံပြင်တွေကို
ကျွန်တော်တို့ နားထောင်ခဲ့ကြတယ်
ပြီးတော့ ပြတင်းပေါက်ဆီကို ကြည့်ရင်း
ကောင်းကင်က ကြယ်ပွင့်လေးတွေကို
တစ်ပွင့်ချင်း
တစ်ပွင့်ချင်း
ရေတွက်ရင်းနဲ့ အမေပြောတယ်
ကျွန်တော်တို့ရဲ့ မျက်လုံးတွေက
ကြယ်ပွင့်လေးတွေနဲ့ သိပ်တူသတဲ့
ကြယ်ပွင့်လေးတွေလိုပဲ တောက်ပသတဲ့
ခုတော့ဖြင့် ငယ်ငယ်က ရေတွက်ခဲ့ဖူးတဲ့
ပန်းတွေနဲ့ ကြယ်တွေရဲ့ သင်္ချာကို
အမေမေ့လျော့ခဲ့ပြီထင်ပါရဲ့
အဖေက ကျွန်တော်တို့ရဲ့ ဟိုး..အဝေးမှာ
အဖေ့ဆီ ပို့ပေးရမယ့် ပစ္စည်းတွေ
အဖေပြန်ရောက်လာမယ့် နေ့တွေ
အမေရေတွက်တယ်
ပြက္ခဒိန်ပေါ်က နေ့စွဲတွေ
လကုန်ရင် ပေးရတော့မယ့် ပိုက်ဆံတွေ
အမေရေတွက်တယ်
ဧည့်ခန်းထဲမှာ မိုးယိုတဲ့ အပေါက်တွေ
မီးဖိုချောင်မှာ ကျိုးတဲ့ကြမ်းခင်းတွေ
အမေရေတွက်တယ်
ညီမလေး ကျောင်းပြီးမယ့် နေ့တွေ
လကုန်ရင် ကျွန်တော်ပါလာမယ့် ပိုက်ဆံတွေ
အမေရေတွက်တယ်
ပြတင်းပေါက်က ကြယ်ပွင့်လေးတွေ
အမေ မရေတွက်ရတာ ကြာပြီ
တောက်ပတဲ့ ကြယ်ပွင့်လေးတွေ
အမေ မရေတွက်ရတာ ကြာပြီ
မျက်ရည်က ဖုံးကွယ်ထားတဲ့ ကြယ်ပွင့်တွေဆိုတော့
ဘယ်လိုနည်းနဲ့ တောက်ပနိုင်ပါ့မလဲ
လှပတဲ့ ပန်းပွင့်လေးတွေ
အမေ မရေတွက် ရတာ ကြာပြီ
အသစ်ပွင့်လာတဲ့ ပန်းပွင့်လေးတွေ
အမေ မနမ်းရှိုက်ရတာ ကြာပြီ
အမေစိုက်ထားခဲ့တဲ့
အိမ်ရှေ့က ပန်းခင်းလေးလည်း
မနှစ်ကပဲ သေဆုံးသွားခဲ့ပြီ။

ရေးသားသူ -  မြင့်မိုးအောင်


အမေတွက်တဲ့ သင်္ချာ ကဗျာလေးကို ဆုံစည်းရာ ဘလော့မှာ ဖတ်လိုက်ရတော့ ကြိုက်မိတာနဲ့ မို့ သူငယ်ချင်းတို့ အတွက်လည်း ပြန်လည် မျှဝေ ပေးလိုက်ရတာပါ။ 

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

Wednesday, January 19, 2011

ပြာသိုလပြည့် အမေနေ့


4894241.jpg
စာရေးဆရာ ချစ်ဦးညို အမေအကြောင်း ဟောပြောနေပုံ
(၁၅)ကြိမ်မြောက် အမေနေ့ အခမ်းအနားနှင့် အမေ့ခြေရာ ခံယူပွဲ ကို မန္တလေးမြို့ စကြာသီဟ ဘုရားဝင်း အတွင်း၌ ကျင်းပရာ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဆွေဇင်ထိုက်နှင့် စာရေး ဆရာ ချစ်ဦးညိုတို့ မှ အမေနှင့် ပတ်သတ်သော အကြောင်းအရာများကို ဟောပြောသွားပါသည်။ ထိုအမေနေ့ အခမ်းအနားသို့ မန္တလေးမြို့ပေါ်မှ အမေ့ခြေရာ ယူလိုကြသော ပုဂ္ဂိုလ်များနှင့် မိဘကျေးဇူးကို နာခံယူကြလိုသော သူများ၊ ရဟန်း၊သံဃာများ စည်ကားသိုက်မြိုက်စွာ လာရောက် နားထောင် အားပေးကြပါတယ်။
4894222.jpg
ရုပ်ရှင်သရုပ်ဆောင် ဆွေဇင်ထိုက် ဟောပြောနေပုံ 

4894231.jpg
အမေနေ့ နှင့်ပတ်သတ်သော စာစုလေးများကို ဓာတ်ပုံများနှင့်တကွ အမှတ်တရ အနေနဲ့ ပြန်လည် ရေးသားဖော်ပြ ပေးလိုက်ပါတယ်။
4894234.jpg
သူငယ်ချင်းနဲ့ အမှတ်တရ 
4894251.jpg
ပဋိသန္ဓေ၊ ဆယ်လနေ၍
မြုတေမျက်နှာ၊ မြင်သောခါက
နံ့သာပန်းမျိုး၊ မဉ္ဇူပျိုးသို့
ကျော်စောထင်အောင်၊ စီးပွားဆောင်သည်
ဘုန်းခေါင်မိခင်၊ ကျေးဇူးရှင်။
(ရှင်မဟာရဌသာရ)
4894258.jpg
အမေ့ခြေရာ ခံယူနေစဉ်
4894268.jpg
အမေ့ခြေရာ မှတ်တမ်း ဓာတ်ပုံ

မိခင်ရဲ့ကျေးဇူးကို မသိတက်သောသူသည် မည်သူ၏ဂုဏ်ကျေးဇူးကိုမျှ သိတက်တော့မည် မဟုတ်ပါ။ မိခင်ရဲ့ ကျေးဇူးကို အောက်မေ့တက်၊ လေးစားတက်၊ ဂါရဝပြုတက်မှသာ မိမိတို့၏ပတ်ဝန်းကျင်ကိုလည်း ကျေးဇူးတုံ့ပြန်တက်မှာပါ။ ဒါမှသာ စိုပြည်သာယာသော ပတ်ဝန်းကျင်၊ နိုင်ငံ၊ ကမ္ဘာကြီး ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။
အမေမှန်ရင်လေ……… အမေ နားနဲ့မနာ ဖဝါးနဲ့နာ ပြောလိုက်ပါရစေတော့…………
အမေဟာ ကျနော့် လက်ထက်ထဲမှာ…… ကျနော့် မျက်စိ အောက်မှာပဲ မိန်းမရွှင် ဖြစ်နေပါစေ….
အမေဟာ .. အမေပါပဲ……….။
(ဘဘဦးသုခ)

4894274.jpg
ဟောပြောပွဲ လာရောက်နားထောင်ကြသော ရဟန်းသံဃာများ
4894281.jpg
လူသားတစ်ယောက် ပေါက်ပေါက်လားလား ဖြစ်လာဖို့အတွက် မိဘနှစ်ပါးစလုံးမှာ တာဝန်ရှိတာမှန်ပေမယ့် ကိုးလလွယ်ပြီး ဆယ်လမွေးရတာ၊ လူဖြစ်လာဖို့ နို့တိုက် မွေးရတာ၊ စကားပီ နားကြားရှိအောင် သင်ကြားရတာ၊ ကျွေးမွေးသုတ်သင်ရတာ တွေက အမေ့တာဝန်တွေကြည့်မို့ သားသမီးဟာ အမေ့မွေးကျေးဇူးကို ဘယ်တော့မှ မထိန်မြူးရဘူး၊ တချို့အကြောင်း အမျိုးမျိုးကြောင့် မိဘကို မွေးတုံ့မွေးလှည့်၊ ကျွေးတုံ့ကျွေးလှည့် ကလေးမှ သတိမရနိုင်သူများကို ဆရာ ဘဘဦးသုခက သတိပေးနှိုးဆော်တဲ့ သဘောနဲ့ ဖြစ်ပါလိမ့်မယ်။ တကယ်တော့ နေ့တိုင်း ပြာသိုလပြည့်နေ့ဖြစ်နေကြပါစေ။
(အမေလူထုဒေါ်အမာ)

 4894300.jpg
ပညာအမွေရွှေအိုး ရိုးသားမှု့ ဂုဏ်သိက္ခာ
မေတ္တာ အကြင်နာမှတပါး
အခြားပေးစရာအထွေထွေမွဲသော်လည်း
အမေဟာအမေပဲလေ။

ဇမ္ဗူတိုင်းမှာ အဖြေညှိပြရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့ 
လူတိုင်းဟာ အမေရှိကြတယ်။
မရေမရာ ပဟေဋ္ဌိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေရှိတယ်။

အမေကျေးဇူးများကို ကျေပွန်စွာပြန်လည်ပေးဆပ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း…..။
ခင်မင်စွာဖြင့်
ဇော်သိင်္ခ




Sunday, January 16, 2011

ဘ၀ကို လှပစွာ ဖြတ်သန်း နိုင်ကြပါစေ

ဤ ဆောင်းပါးလေးသည် သီတဂူ ဆရာတော် ဘုရားကြီး၏ ဘ၀ ကောင်းကြောင်း တရားတော်မှ ထုတ်နုတ် ရေးသား ထားပါခြင်း ဖြစ်ပါသည်။ တရားတော်ကို နာယူရန် အချိန်မပေး နိုင်သော စာဖတ်သူများအတွက် ဒီဆောင်းပါးဖြင့် ကုသိုလ်ပြု ပါသည်။
လူသားတွေဟာ တစ်ဖြည်းဖြည်း အိုခြင်းတရားဆီသို. ဦးတည်သွား နေကြပါတယ်။ အိုတဲ့ဒုက္ခ၊ နာတဲ့ဒုက္ခ၊ သေတဲ့ဒုက္ခ၊ ဤ ဒုက္ခ သုံးပါး ကို ဘယ်သူမှ ရှောင်လွှဲလို. မရနိုင်ပါဘူး။
အို တဲ့အခါ မျက်စိတွေမှုန်၊ နားတွေလေး၊ အထိုင်အထခက်၊ အရည်ပြား တွေလည်းတွန်.၊ အသား အရိုး အကြော၊ စတဲ့ ရုပ် ပိုင်းဆိုင် ရာ ၀တ္တုတွေ အကုန်ဆွေးမြေ. ကုန်ကြပါတယ်။ ကံတရားဟာ နှစ်တစ်ရာခံအောင် ထောက်ပံ့မူ. မပေးနိုင်ပါဘူး။ ဒါကြောင့် မိမိတို.ရဲ့ ရုပ်ခန္ဓာကိုယ်ကို မည်မျှ ကြံ့ခိုင်အောင် ၊ မိမိတို.ရဲ့ မည်သို့သော ကံမျိုးက အထောက် အပံ့ ပေးထားသလဲ ဆိုတာကို နေ.တိုင်း စီစစ်ဖို. လိုပါတယ်။
မိမိက အတိတ်ကံ အားနည်းတယ်လို. ထင်လျှင် ပစ္စုပ္ပန် ကံကောင်းအောင် များများလုပ် ရမှာ ဖြစ်ပါတယ်။ ကံတွေက မည်မျှပင် ကောင်းနေ စေကာမူ တစ်ခါတစ်လေ စိတ်ဓတ်တွေ သိပ်ကျဆင်း နေလျှင်လည်း အိုလွယ်ပါတယ်။
ကံတွေ၊ စိတ်တွေ၊ သိပ်ကောင်း နေပေမဲ့ အတွင်းက ဥတု ၊အပြင်က ဥတု၊ မညီညွတ် ရင်လည်း အိုလွယ်ပါတယ်။ ဥတု လည်း ကောင်းတယ် ၊ကံလည်း ကောင်းတယ်၊ စိတ်ဓတ် လည်းပဲ ရွှင်ရွှင်ပြပြ တက်တက်ကြွကြွ အမြဲတမ်း ရှိပေမဲ့ အဟာရဓတ် ညံ.ဖျင်း ရင်လည်းပဲ အိုလွယ်ပါတယ်။ နာလွယ်ပါတယ် ။ သေလွယ်ပါတယ်။
ဒါကြောင့် ကံ၊ စိတ်၊ ဥတု၊ အဟာရ ဓတ်လေးပါး မညီညွတ်ပါက အိုလွယ်၊ နာလွယ်၊ သေလွယ် ပါတယ်။ ခန္ဓာရဲ့ အထောက် အပံ့ ဖြစ်တဲ့ ကံ၊ စိတ်၊ ဥတု၊ အဟာရ ထိုလေးပါး ညီညွတ်မျှတ နေမှသာ အသက်ရှည်ဘို. အကြောင်းပင် ဖြစ်ပါတယ်။
ထိုအကြောင်းနဲ့ ပတ်သက်ပြီး တစ်ခါက နတ်သားတစ်ပါးက ၊ မြတ်စွာဘုရားရှင်အား မည်သည့် အရာသည် လူတို.အတွက် လူ.ဘ၀မှာ အိုသည့် တိုင် အောင် ၊ နာသည့် တိုင်အောင်၊ သေသည့်တိုင်အောင် ကောင်းတယ် ဆိုတာ ဘယ်အရာများ ဖြစ် သနည်း ဟုမေးမြန်း ရာ မြတ် စွာဘုရားရှင်က အောက်ပါ အတိုင်း ဖြေကြားတော်မူခဲ့ပါတယ်။
၁။ အို သည့် တိုင်အောင် ကောင်းသည် ဆိုတာ " သီလ " ပါပဲ။
သီလ ဆိုသည်မှာ စည်းကမ်းပါ။ ကိုယ်အမူအရာနဲ့ နုတ်အမူအရာ တွေကို စောင့်ထိန်းတဲ့ စည်းကမ်း ဖြစ်ပါတယ်။ သီလ ကောင်းတဲ့ လူဟာ အပြစ် ကင်းပါတယ်။ အပြစ်ကင်းလျှင် သုခ ချမ်းသာ ဆိုတဲ့ အကျိုးတွေ ရရှိနိုင်တာကြောင့်၊ မိမိ ကိုယ်မိမိ(confident) ယုံကြည်ခြင်း ကိုလည်း ဖြစ်စေပါတယ်။ မိမိဘ၀ကို ယုံကြည် စိတ်ချ မူ.ရှိနေတဲ့ ပုဂ္ဂိုလ်ဟာ သေလည်း သေရဲပါတယ်။ နေလည်း နေရဲပါတယ်။ သီလ ကောင်းရင် ကိုယ့်ကိုယ့်ကိုယ် အပြစ်တင်ခြင်း ၊ ကိုယ့်ကိုယ်ကိုယ် စွတ်စွဲခြင်း ၊ မိမိကိုသူတစ်ပါး စွတ်စွဲခြင်း၊ ဘေးမှလည်း ကင်းဝေးစေသောကြောင့် စိတ်က အမြဲတမ်း ကြည်လင် နေစေပါတယ်။ စိတ်ကြည်လင်တဲ့ အတွက်ကြောင့် ရုပ်ပါ ကြည်လင်လာစေ ပါတယ်။
ရုပ်ကို စိတ်က အစဉ်သဖြင့် ပြောင်းလဲ စေပါတယ်။ လူတို.ရဲ့ ခန္ဓာကိုယ် တကိုယ်လုံးဟာ သွေးများနဲ့ လည်ပတ် နေပါတယ်။ စိတ်ရဲ့ ပြောင်းလဲမှု.ကြောင့် နှလုံးသွေးကလည်း ပြောင်းလဲလာပြီး မျက်နှာအနေ အထားလည်း ပြောင်းလဲလာတတ် ပါတယ်။ နှလုံးသွေးဟာ ဥာဏ်ဝင်တဲ့အခါ ပတ္တမြားရောင် တောက်ပါတယ်။ သဒ္ဓါ ၀င်တဲ့အခါ ရွှေရောင် တောက်ပါတယ်။ ရာဂ ၀င်လျှင် နီတတ် ပါတယ်။ မောဟ၀င်တော့ နီကျဲကျဲပါ။ ၀ိတက်ဝင်တော့ ဖြူကြဲကြဲ အရောင်ဖြစ်ပါတယ်။ ဒေါသ၀င်ရင် မဲပါတယ်။ ဒါကြောင့် စိတ်တိုတဲ့ အချိန်ဆိုရင် မျက်နှာပေါ်တွင် မဲပုတ် နေတတ်ပါတယ်။ အဲဒါဟာ ရုပ်ကို စိတ်က အစဉ် သဖြင့် ပြောင်းလဲစေတဲ့ သဘော ကြောင့်ပါ။ ဒါကြောင့် မိမိတို. ရဲ့ ကိုယ် ၊ နုတ်နှစ်ပါး (ကာယကံ၊၀စီကံ) နှစ်ပါး ကို သီလ ဆိုတဲ့ စည်းကမ်းနဲ့ စောင့်ထိန်း ရပါမယ်။ သီလ စောင့်ထိန်းတဲ့ ပုဂ္ဂိုလ်ဟာ အပြစ်ကင်းပြီး၊ မိမိကိုယ်ကိုယ် စွတ်စွဲခြင်း၊ သူတစ်ပါး စွတ်စွဲခြင်းတို.မှလည်း ကင်းဝေးပါတယ်။ စိတ်နှလုံး ကြည်လင် စေပါတယ်။ စိတ်နှလုံး ကြည်လင်သောကြောင့် နေတော့လည်း ကြည်လင် သေတော့လည်း ကြည်လင် ပါတယ်။ ဒါကြောင့် အိုသည့် တိုင်အောင် ကောင်းသည် ဆိုတာ သီလပါပဲ။ အိုခြင်း တစ်ရားကို သီလနဲ. တန်ဆာဆင်ပါ။
၂ ။ အို သည့် တိုင်အောင် ၊ နာသည့်တိုင်အောင်၊ သေသည့် တိုင်အောင် ကောင်းသည် ဆိုတာ " သဒ္ဓါ " ပါပဲ။
သဒ္ဓါ ဆိုတာက စိတ်ကိုကြည်လင် စေပါတယ်။ ဘာကြောင့် စိတ်မှာ သဒ္ဓါ ဖြစ်စေသလဲ ဆိုရင် ကံ၊ ကံ၏ အကျိုးနဲ့ ဘုရား၊ တရား၊ သံဃာ၊ သာသနာတော်ရဲ့ ကျေးဇူးကို ယုံကြည်ပြီး စိတ်ထဲမှာ ကြည်လင် လာလို.ပါ။ သဒ္ဓါဟာ၊ စိတ်ကို ကောင်းစွာ ကြည်စေ တတ်တဲ့ သတ္တိ အထူး ရှိပါတယ်၊ သဒ္ဓါ စိတ်ကြောင့်၊ သဒ္ဓါကောင်းဖြစ်ရင်၊ သဒ္ဓါကောင်းစွာရရင်
၁။ ကိလေသာ အကြမ်းစားတွေကို အနည်ထိုင် သွားစေပါတယ်။
၂။ စိတ်ပေါ်မှာ လွမ်းအုပ်နေတဲ့ အညစ်အကြေးတွေ ကွာသွားစေပါတယ်။
၃။ ပူလောင်နေတဲ့ စိတ်နှလုံးသားတွေဟာ အေးချမ်း သွားစေပါတယ် လို.ဆိုထားပါတယ်။
မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကို ထပ်တလဲလဲ ပွားများခြင်းဟာ သဒ္ဓါ တရားကို ဖြစ်ပွားစေတဲ့ အကောင်းဆုံး ဗုဒ္ဓနုဿတိ ဘာဝနာ ဖြစ်ပါတယ်။ သဒ္ဓါဆိုတဲ့ ယုံကြည်ချက် မရှိရင် လောကမှာ အကျင့် သီလ ကောင်းသော်လည်း၊ ဘ၀ သံသရာမှာ အခက်အခဲ တွေ အများကြီး တွေ.နိုင်ပါတယ်။ မျက်မှောက် ဘ၀မှာ ခဏ၊ ခဏ စိတ်ညစ် ရတတ်ပါတယ်။ ယုံကြည်ချက် မရှိလျှင် ဘ၀သံ သရာ ကို မကူး ခတ်နိုင်ပါဘူး။ ဒါကြောင့်အို သည့်တိုင်အောင်၊ နာသည့်တိုင်အောင် ၊ သေသည့် တိုင်အောင် ကောင်း တာ သဒ္ဓါလို့် မိန့်ကြားတော် မူခဲ့ပါတယ်။
၃ ။ အို သည့် တိုင်အောင်၊နာသည့်တိုင်အောင် ကောင်းသည် ဆိုတာ " ပညာ " ပါပဲ။
ပညာဆိုတာ အသေးစိတ် သိနားလည်ခြင်း (Detail Understanding) ပါ။ ကျောင်းတွေ၊ တက္ကသိုလ်တွေက သင်ပေးလိုက်တဲ့ ပညာရပ်အပြင်၊ လောကကြီးကို အမှန်တကယ် မိမိကိုယ်တိုင် လျှေက်လှမ်း တဲ့အခါ ဘ၀မှာ ကြုံတွေ.လာတဲ့ ပြသနာတွေ၊ အခက်အခဲတွေကို ဆုံးဖြတ်ချက် မှန်မှန်ကန်ကန်နဲ့ ဖြေရှင်းနိုင်တဲ့ နည်းလမ်းကို သိတာကိုလည်း ပညာလို. ခေါ်ပါတယ်။ ထိုပညာကို လောကထဲမှာသာ သင်ယူလို.ရနိုင် ပါတယ်။ ဒါကြောင့် ကမ္ဘာလောက ကြီးဟာ လူသားတို့ရဲ့ ဆရာသမား ဖြစ်ပါတယ်။ ဘယ်လောက်ပဲ နုပျိုသော်ငြားသော်လည်း ပညာမတတ်လျှင် အချီးအနှီးပါပဲ။
ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ဟာ ပညာတော့ သိပ်တတ်ပြီး၊ သဒ္ဓါခေါင်းပါးလျှင်လည်း ကောက်ကျစ်တဲ့ ပညာတတ် အဖြစ်သို. ရောက် သွားတတ် ပါတယ်။
သဒ္ဓါ ယုံကြည်ချက်တွေ ဘယ်လောက်ပဲ ပြင်းထန်နေပေမဲ့ ပညာ(အသိဥာဏ်) ကင်းမဲ့တဲ့ ယုံကြည်ချက်ဆိုရင် အကန်းရုံ ဖြစ်သွား တတ်ပါတယ်။
သီလကင်းမဲ့ပြီး ပညာ သိပ်တတ်ခြင်း ဟာလည်း ယုတ်မာတဲ့ ပညာတတ် ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အိုသည့်တိုင်အောင် ကောင်းသည်မှာ၊ သီလ၊ သဒ္ဓါ ၊ ပညာ၊ ပါပဲလို. မိန်.တော်မူခဲ့ပါတယ်။
၎။ အို သည့် တိုင်အောင်၊နာသည့်တိုင်အောင်၊ သေသည့်တိုင်အောင် ကောင်းသည် ဆိုတာ " ပုညဆိုတဲု့သိုလ်ကောင်းမှု. " ပါပဲ။
မိမိ ဘ၀ တစ်လျောက်လုံး ကောင်းစေရန်အတွက် ကုသိုလ် ကောင်းမှု.တွေကို များများကြီး စုဆောင်း ထားသင့်ပါတယ်။ ရာထူး ဥစ္စာ၊ စီးပွား၊ တက်ချင်တိုင်း တက်ပါစေ။ ထိုအရာများဟာ နှစ်တစ်ရာ အတွင်းမှာ ကိုယ်ပိုင်ဆိုင် ထားမယ်လို. ယုံကြည်လို. မရနိုင်ပါဘူး။ ဘ၀ဆိုတာ ရှေ့သို့သာ ဦးတည် သွားနေပါတယ်။
ဒါကို ဥပမာလေး တစ်ခုနဲ့ ပြောပြရလျှင်တော့ - ရန်ကုန် ကနေ မန္တလေး သို. သွားမယ် ဆိုကြပါစို.။
ဘူတာကြီးသွားပြီး ရထားလက်မှတ်ဝယ် တဲ့အခါ လက်မှတ် လေးမှာ ခုံနံ ပါတ် လေးရေးပေး လိုက်ပါတယ်။ အဲဒီလက်မှတ် လေးကိုင်ပြီး ဒီတွဲနံပါတ်ဟာ ငါ့အတွဲ ၊ဒီခုံက ငါ့ခုံ၊ ဆိုပြီးတော့ တက်ထိုင်လိုက် ပါတယ်။ ရထားက ရန်ကုန်က နေထွက် သွားပြီး ပဲခူးရောက် ပါတယ်၊ ရန်ကုန်၊ မန္တလေး မိုင်ပေါင်း ၄၅၀ ကွာဝေးတယ်ပဲထား၊ ပဲခူးရောက်တော့ မိုင် ၅၀ ကုန်သွားပါပြီ။ သူပိုင်ဆိုင်ခွင့် မိုင် ၄၀၀ပဲ ကျန်ပါ တော့တယ်။ ရထားကလည်း ရှေ့သို.ပဲသွားပါတယ်၊ နောက်ပြန်မဆုတ်ပါဘူး၊ ပျဉ်းမနား ရောက်တော့ မိုင်နှစ် ရာကျော်သွားပြီ။ ကိုယ်ပိုင်ဆိုင်ခွင့် တွေက တဖြည်းဖြည်းလျော့ သွားပါတယ်၊ ရှေ.ကိုပဲ သွားရင်း၊ သွားရင်း နဲ့ ငါပိုင်ဆိုင်တဲ့ ဥစ္စာတွေ၊ တဖြည်းဖြည်းခြင်း ငါပိုင် ငါပိုင် ဆိုတာတွေ တဖြည်းဖြည်း ကုန်ဆုံးနေတာကို အားလုံး သတိမပြုမိ လိုက်ကြပါဘူး၊
မန္တလေးဘူတာကို ရထားဝင်လို.၊ ရထားလည်းရပ်ရော ထိုရထား လက်မှတ်ဟာ ဘာမှ အသုံးမ၀င်တော့ သလို ၊ ငါ့တွဲ၊ ငါ့ထိုင်ခုံ ဆိုပြီး ယူသွားလို့ မရပါဘူး။ ဘူတာဆိုက်ရင် အကုန်လုံး ထားခဲ့ကြရမှာပါ။ ဘူတာ ဆိုက်တဲ့အခါ ရထားပေါ်ကယူ သွား လို.ရမှာက တွဲနဲ့ထိုင်ခုံ မဟုတ်ပါဘူး၊ ကိုယ့်အိပ်ကပ်ထဲမှာ ပါတဲ့ ပိုက်ဆံဖြစ်တဲ့ ရိက္ခာထုတ် ကသာ ကိုယ့်သွား လေရာ သယ် သွား လို့ ရမဲ့ ရိက္ခာပါပဲ။ (ကိုယ့်ရဲ့ ရိက္ခာထုတ် ဆိုတာ ကိုယ်ပြုထားတဲ့ ကုသိုလ် ကောင်းမှု.တွေကို ဆိုလိုတာပါ)
လူသားအားလုံးဟာ လူ.ဘ၀ခရီးမှာ ပိုင်ဆိုင်မှု.၊ စီးပွားဥစ္စာ၊ ရာထူး၊ တွေဆိုတာကတော့ ဘူတာ မဆိုက်ခင်လေး ပိုင်ဆိုင်ကြ ရတာပါ။ ဘူတာဆိုက်ရင် အကုန်လုံး ထားခဲ့ကြရမှာပါပဲ။
ပုညဆိုတဲ့ ကုသိုလ်ကောင်းမှု.နှင့် ကိုယ်ပြုတဲ့ ဒါန၊ သီလ၊ သမထ၊ ၀ိပသနာ ဆိုတဲ့ကောင်းမှု. တွေဟာ ရန်သူမျိုးငါးပါး တို့ လုယက် ဖျက်စီးလို. မရတဲ့အတွက် ကိုယ်ပိုင်ဥစ္စာ လည်းဖြစ်ပါတယ်။ ဒါကြောင့်  အိုသည့် တိုင်အောင်၊ နာသည့်တိုင်အောင်၊ သေသည့်တိုင်အောင် ကောင်းတယ် ဆိုတာ " သီလ၊ သဒ္ဓါ၊ ပညာ၊ နဲ့ ကုသိုလ်ကောင်းမူ." ပါပဲ။
ထိုလေးမျိုးဟာ ဘ၀ကို လှပစေဘို့ရာ ဘ၀ရဲ့အလှ တန်ဆာများ ဖြစ်ပါတယ်။
ရုပ်ခန္ဓာကြီးကတော့ ဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်း ငါးဆယ်ကျော်တာနဲ့ ဘ၀တစ်ဝက်ကျိုးတာနဲ့ ဆွေးမြေ့ပျက် စီးမှု့တွေ ထင်ရှားစွာ ပြပြလာမှာ ကိုတွေ.ရမှာပါ။ ဆွေးမြေ့ပျက်စီး သွားတဲ့ရုပ်ခန္ဓာကို ဒီလေးခုနဲ့ တန်ဆာဆင် အလှဆင်ပြီး အိုသည့်တိုင်အောင် ကောင်းတာသီလ၊ နာသည့် သေသည့်တိုင်အောင် ကောင်းတာ သဒ္ဓါ၊ အိုနာသေ ဘယ်လောက်နှိပ်စက် ပါ စေ ပညာနဲ့ ကုသိုလ်ကောင်းမူ. တို.သာလျှင် ဘ၀ရဲ့ကောင်းကြောင်း တရားတွေ ဖြစ်တယ် လို့ မြတ်စွာဘုရားက နတ်သားအား ဖြေကြား တော် မှုခဲ့ပါတယ်။
နတ်သားကလည်း ထိုအဖြေများအား ၀မ်းမြောက် ကျေနပ်သဖြင့် မြတ်စွာဘုရားအား ရှိခိုးဦးချကန့်တော့ပြီး သန်းကောင်ယံမှာ သူနဲ့ပါလာတဲ့ နတ်ပရိတ် သတ် ထောင်သောင်းကို ခေါ်၍ နတ်ပြည်သို့ ပြန်တော်မူပါတယ်။
ထို သီလရယ် သဒ္ဓါရယ်၊ ပညာရယ်၊ ကုသိုလ်ကောင်းမှု.ရယ် ဆိုတာကို သာဓုလေးပါးလို့ မှတ်သားထားကြပါတယ်။ ဘ၀ရဲ့ အကောင်းတရားလေးပါးဖြစ်တဲ့ ထိုသာဓု တရားလေးပါးနဲ. မိမိတို့ရဲ့ ဘ၀ကို အိုသည့် နာသည့် သေသည့် တိုင်အောင် အကောင်းဆုံး အလှပြင်၍ တန်ဆာ ဆင်နိုင်ကြပါစေလို့ ဆန္ဒပြု လိုက်ပါတယ်။
လောကမှာ ဘဝကို ဖြတ်သန်းနေကြရာမှာ လောဘတွေ ၊ မောဟတွေ ၊ ဒေါသတွေ နဲ့ ဘဝမှာ လုံးထွေးဖြတ်သန်း နေကြသူတွေနဲ့ လောကကြီးကို နာကြီး စိတ်နာပြီး ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်မြင် ၊ သူတစ်ပါးကို အပြစ်မြင်နေကြသူတွေ အတွက် ဒီ သီတဂူ ဆရာတော်ကြီးရဲ့ ဆုံးမ သြဝါဒ တရားလေးများကို ဖတ်မိပြီး ဘဝကို လှပစွာ ဖြတ်သန်း သွားနိုင်ကြစေရန်အတွက် ရည်ရွယ်၍ ပြန်လည် မျှဝေပေးလိုက်ပါတယ်။ ဒီတရားတော်လေးတွေကို ကွန်ပျူတာနဲ့စာစီပြီး တော့ ဖော်ဝါ့မေးတွေမှ တစ်ဆင့် ဘယ်သူမှန်းမသိသော မျှဝေပေးသူကိုလည်း ကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။
အားလုံးပဲ ဘ၀ကို လှပစွာ ဖြတ်သန်း နိုင်ကြပါစေလို့ ဆန္ဒပြုရင်း……. ။
ခင်မင်စွာဖြင့်
ဇော်သိင်္ခ

Saturday, January 15, 2011

မန္တလေး ဘလော့ဂါလေး

ကျွန်တော့်ဘလော့လေးက ဟိုရောက်ဒီရောက်နဲ့ဖြစ်နေတာကြာပြီဗျ။ အခုတော့ မန္တလေးကနေရေးနေတဲ့ မန္တလေးသားလေးလို့ ပဲပြောတော့မယ်ဗျာ။ ဒါကြောင့် ကျွန်တော့်ဘလော့လေးကလည်း အခု မန္တလေးသားလေး ဖြစ်သွားပါပြီခင်ဗျ။ အရင် မြန်မာပြည်သားလေးဘဝက နေ ဘလော့စပေါ့သားလေး ဖြစ်နေကိုတော်တော်ကြာပါပြီဗျာ။ ကော်နက်ရှင်ကလည်း မကောင်းတော့ ဘလော့စပေါ့ ဆိုတော့ကျွန်တော်လည်း သိပ်ပြီးတော့ကို ဝင်လည်း မကြည့်ဖြစ်၊ ရေးလည်း မရေးဖြစ်ပါဘူး။ ပြီးတော့ ကိုယ်တိုင်ကလည်း မရေးဖြစ်တော့ သူငယ်ချင်းဘလော့ဂါများဆီလည်း မလည်ဖြစ်ဘူးဖြစ်နေတာဗျ။ ဒါကြောင့် သူငယ်ချင်း ဘလော့ဂါတွေကို အလည်မရောက်လာဖြစ်တာ ခွင့်လွှတ်ပါလို့နော်။ :) ဒီနောက်ပိုင်းတော့ မပျက်ရေးသွားပါတော့မယ်နော်။ သူငယ်ချင်းဘလော့ဂါတွေလည်း လင့်လေး ပြောင်းချိတ်ပေးကြပါအုံးလို့ ၊ ကျေးဇူးတင်စွာဖြင့် တောင်းဆိုအပ်ပါတယ်ဗျာ။ ဘလော့ဂါ သူငယ်ချင်းတွေလည်း စိတ်မဆိုးကျနဲ့နော်၊ ဟိုပြောင်းချိတ် ဒီပြောင်းချိတ်နဲ့ ဆိုပြီး စိတ်ပျက်သွားမှာဆိုးလို့ တောင်းပန်ထားရတာပါ။ ကျေးဇူးတင်တယ်နော်။ ကျွန်တော်တို့ မန္တလေးက Subdomain လေးမျှဝေပေးတဲ့ Mandalar.Net နဲ့ အိုင်တီမန်း(မန္တလေး) တို့လည်း ကျေးဇူး အထူးတင်ရှိကြောင်း ပြောကြားလိုပါတယ်ခင်ဗျ။ နောက်ပြီး မန္တလေးမှ ဘလော့ဂါများအတွက်လည်း သတင်းကောင်းလေး ပေးလိုက်ပါတယ်နော်။ မန္တလေးဘလော့ဂါမှ သတင်းလေးများကို တိုက်ရိုက်ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျ။


MandalayBloggers တို့၏ ရည်ရွယ်ချက်။
၁။ ကျွန်တော်တို့ သိသမျှ၊ ကြုံတွေ့သမျှ နည်းပညာတွေကို ရေးသား ဖြန့်ဝေမည်။

၂။ ကျွန်တော်တို့ Web Domain ကို MandalayBloggers( .Org ) ကို အသုံးပြုထားပါသည်။ Websites တော်တော်များများက ( .Com ) ကို အသုံးပြုကြတာ များပါတယ်။ ( .Com ) ဆိုတာ Commercial ပါ။ တစ်သီး ပုဂ္ဂလစံပါတယ် တစ်ဦးတစ်ယောက်ကသာ ပိုင်ဆိုင်သည့် သဘောမှာ သက်ရောက်နေပါတယ်။ ( .Org ) က Organization ပါ။ အဖွဲ့အစည်း (သို့မဟုတ်) အသင်းအဖွဲ့ ဖြစ်ပါတယ်။ တစ်ဦးတစ်ရောက်သာ ပိုင်ဆိုင်သည့် သဘော မဟုတ်တော့ဘဲ Blog ရေးသားချင်သူ အများစုကို ရည်ရွယ်လိုက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ( MandalayBloggers.Org ) ကို ရွေးချယ်လိုက်တာပါ။

၃။ ကျွန်တော်တို့ MandalayBloggers.Org ရဲ့ Sub Domain တွေကိုလည်း ရသလောက် အခမဲ့ ဖြန့်ဝေပေးသွားပါ့မယ်။

၎။ ကျွန်တော်တို့က မန္တလေးသားတွေလေ...။ မန္တလေးမှာ အိုင်တီ နည်းပညာကို စိတ်ဝင်စားသော၊ ဝါသနာပါသော Mandalay Bloggers တွေ များစွာ ပေါ်ထွန်းစေချင် ပါတယ်။ သူတို့ရဲ့ အသိအမြင်၊ ပညာတွေကို တစ်ဦးနှင့် တစ်ဦး နှီးနှော ဖလှယ်စေချင်ပါတယ်။ နည်းပညာ ဖလှယ်မှု၏ အကျိုးကျေးဇူးကြောင့် တစ်ဦးနှင့် တစ်ဦး လိုအပ်ချက်တွေ ပြည့်စုံလာမယ်။ တဖြည်းဖြည်းနဲ့ ပြည့်စုံသော ပညာရှင်တွေ ကျွန်တော်တို့ မန္တလေးမှာ များစွာပေါ်ထွန်းလာမယ်လို့ ယုံကြည်ပါတယ်။
Blog ရေးသားမှုကို စိတ်ဝင်စားသော၊ ဝါသနာပါသော မည်သည့်နေရာ၊ မည်သို့သော မန္တလေးသူ၊ မန္တလေးသား မဆို ကျွန်တော်တို့စီကို ဆက်သွယ်ပြီး Sub Domain ကို အခမဲ့ တောင်းယူနိုင်ပါကြောင်း သတင်းကောင်းပေးလိုက်ပါရစေ။

ဆက်သွယ်ရန် - nnyioo@gmail.com, myintnaing.mdy@gmail.com သို့ အီးမေး ပို့ပေးပါ။ ရေးသားမည့်ပုံစံ အကျဉ်းကို အီးမေးတွင် ဖော်ပြပေးပါ။ ( ဥပမာ - ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ သမိုင်း၊ ကဗျာ၊ ရသ စာပေ စသည့်ဖြင့် ကိုယ်ဘယ်လိုပုံစံ ရေးသားမှုမျိုး ပြုလုပ်မည်ဆိုတာကို ဖော်ပြပေးစေချင်ပါတယ် ခင်ဗျာ။ )

( မှတ်ချက် - Gtalk မှ တဆင့် တောင်းဆိုမှုမျိုး မပြုရန် လေးစားစွာ မေတ္တာ ရပ်ခံပါတယ် )

အားလုံးကို ကျေးဇူးတင်လျက်…
ခင်မင်စွာဖြင့်….
ဇော်သိင်္ခ


Thursday, January 6, 2011

မိဘမဲ့ကလေးများအတွက် မေတ္တာရှင် ဆရာတော်နှင့် စေတနာရှင်တို့၏ လှူဒါန်းမှု

မေတ္တာရှင် ဆရာတော် အရှင်ဇဝန နှင့် စေတနာရှင် တို့ ၏ လှူဒါန်းမှု တို့ကို 27.12.2010 ရက်နေ့က ပြင်ဦးလွင်မြို့ ဒိုးပင်အောင်ကံသာ မိဘမဲ့ ပရဟိတကျောင်းနှင့် မျက်မမြင်ကျောင်းတို့ အားသွားရောက်၍ လှူဒါန်းမှုများပြုခဲ့ကြပါတယ်။
ဒိုးပင်အောင်ကံသာ ပရိတကျောင်းတွင် ဆရာတော် အရှင်ပဏ္ဍဝ မှ ဦးဆောင်တည်ထောင်ပြီး ရှမ်း၊ပအို့၊နာဂတိုင်းရင်းသားများ၊နာဂစ်အလွန် မိဘမဲ့ကလေးများအား စုစုပေါင်း 1100 ကိုပြုစုပျိုးထောင်ပြီး ကျွေးမွေးစောင့်ရှောက်ထားတာကို တွေ့ရပါတယ်။
ဆရာတော်မှ တက္ကသိုလ်အဆင့်သို့ တက်ရောက်နေသော ကျောင်းသား ၁၀၀ ကျော်ကိုလည်း မွေးထုတ်ပေးခဲ့ပါတယ်။ ထိုကလေးငယ်များအား ထမင်းဆီစမ်းပြီး ပဲပြုတ်ဖြင့် ဆားဖြူး၍ ကျွေးယုံဖြင့် ဆားသုံးပိဿာ ခန့်အထိကုန်ကြောင်း ဆရာတော်မှ ပြောကြားသွားပါတယ်။
ကလေးငယ်များအတွက် ထမင်းကျွေးရာတွင်လည်း တစ်ယောက်ကို ပန်းကန်ပြားတစ်ချပ် နှုံးဖြင့် ထည့်၍ ကျွေးဖို့ရာတွင်လည်း အဆင်မပြေသဖြင့် စတီးဇလုံ အကြီးကြီးဖြင့် ထည့်၍ လေးယောက်၊ ငါးယောက်တစ်ဝိုင်းကျွေးရပါတယ်။
မိဘမဲ့ ကလေးငယ်များအတွက် ပြုစုစောင့်ရှောက်ဖို့အတွက် ဝန်ထမ်းများလည်း ခန့်အပ်ထားပါတယ်။ သို့ပေမဲ့ ကလေးငယ်များမှာ အရမ်းများ လွန်းသဖြင့် ပြုစုစောင့်ရှောက်မှုများမှာလည်း မနိုင်ဘူးဖြစ်နေပါတယ်။
ထိုကဲ့သို့ ပြုစု၊ကျွေးမွေးစောင့်ရှောက် မှုအတွက် စေတနာရှင် ပြည်သူများ၏ ကူညီမှု၊ လှူဒါန်းမှု တို့လည်း လိုအပ်လျှက်ရှိပါတယ်။ ဒါကြောင့်စေတနာရှင် ပြည်သူများအနေနဲ့လည်း ထိုကဲ့သို့ မိဘမဲ့ ကလေးတို့၏ ဘဝကလေးများ  နွေးထွေးမှုရှိစေဖို့အတွက် တက်နိုင်သလောက် သွားရောက်လှူဒါန်းနှိင်ပါတယ်။
ထိုနေ့တွင် မေတ္တာရှင်ဆရာတော် နှင့် စေတနာရှင်တို့၏ အလှူငွေ နှင့် ဆန်၊ ဆီ ၊ အဝတ်အစား၊
မုန့် စုစုပေါင်း တန်ဖိုးငွေ ၁၈ သိန်းကျော်ကို လှူဒါန်းခဲ့ကြပါတယ်။ ထို့နောက် မေတ္တာရှင်ဆရာတော်မှ မိဘမဲ့ကလေးများရဲ့ လိုအပ်မှုအားလုံးအတွက် လစဉ် သုံးသိန်း ကျပ် ကို လည်း လှူဒါန်းခဲ့ပါတယ်။
နောက်ပြီး ထိုမိဘမဲ့ ကျောင်းအတွက် သတင်းနှင့် အခြေနေတို့ကို ဖော်ပြပြီး၊ စေတနာရှင် ပြည်သူတို့အတွက် လှူဒါန်းမှု အဆင်ပြေစေနိုင်ရန်အတွက် အွန်လိုင်းပေါ်တွင် ဝက်ဆိုဒ်ကလေးတည်ထောင်ပြီး (www.dopin.net) ၊
အဝေးရောက် စေတနာရှင်များအနေနဲ့လည်း လှူဒါန်းနိုင်အောင် လှူဒါန်းနိုင်မည့် လိပ်စာများကိုလည်း ဖော်ပြပေးသွားမည်ဖြစ်ပါကြောင်း။ အသိပေးအပ်ပါတယ်ခင်ဗျ။ 

ထိုနေ့တွင် မိဘမဲ့ ကလေးကျောင်းမှ တဆင့် မျက်မမြင်ကျောင်းသို့  သွားရောက်၍ မေတ္တာရှင် ဆရာတော်နှင့်စေတနာရှင်တို့မှ အလှူငွေ ၈ သိန်းကျော်ကိုလည်း သွားရောက်လှူဒါန်းပြီး၊ ဆရာတော်မှ တရားရေအေးတိုက်ကျွေးပြီး၊လှူဒါန်းမှု အစုစုတို့အတွက် မေတ္တာပို့ အမျှအတန်းပေးဝေခဲ့ကြပါတယ်။
ထို့နောက် မျက်မမြင် ကျောင်းမှ ကျောင်းသားလေးများက မြန်မာ့သံစဉ်တီးဝိုင်းဖြင့် သီဆို ဧည့်ခံဖျော်ဖြေခဲ့တယ်တယ် ဆိုတဲ့အကြောင်းကို ဓာတ်ပုံလေးများနှင့်တကွ ဖော်ပြပေးလိုက်ရပါတယ် ခင်ဗျ....။

ခင်မင်စွာဖြင့်
ဇော်သိင်္ခ
 
^ထိပ်ဆုံးသို့