အသိဥာဏ် အမြော်အမြင် ဟူသည် တက္ကသိုလ်၊ ကောလိပ်ဆိုသည့် တောင်ထိပ်ပေါ်မှာ ရှိသည်မဟုတ်၊ မူကြိုကျောင်းက ကလေးကစားသည့် သဲကျင်းလေးထဲ မှာ ပင်ရှိနေပါသည်။
အဲသည်မှာ ကျွန်တော်သင်ခဲ့ သိနားလည်ခဲ့ရတာတွေက အများကြီး။
ဘယ်အရာမဆို အများနှင့် ဝေမျှယူရမည်။
မတရား မလုပ်ရ။
သူတစ်ပါးကို မရိုက်ရ။
ပစ္စည်းတစ်ခု ယူကိုင်ပြီးလျှင် မူလနေရာမှ ပြန်ထားရမည်။
ကိုယ်ရှုပ်ထားသည့် အမှိုက် ကိုယ့်ဘာသာ ရှင်းရမည်။
ကိုယ့်ဥစ္စာ မဟုတ်ဘဲ မယူရ။
ကိုယ့်ကြောင့် တစ်စုံတစ်ယောက် ထိခိုက်နာကျင်သွားလျှင် တောင်းပန်ရမည်။
အစမစားမီ လက်ဆေးရမည်။
အိမ်သာသွားပြီးလျှင် ရေဆွဲခဲ့ရမည်။
ကွတ်ကီ(ဘီစကစ်) နှင့် နွားနို့သည် ပူပူနွေးနွေး စားသုံးမှကောင်းသည်။
ဘ၀ကို မျှတစုံလင်စွာ နေထိုင်ရမည်။
စားနည်းနည်းဖတ်ရမည်။
ဦးနှောက်က နည်းနည်းစဉ်းစားရမည်။
ပုံဆွဲရမည်၊ ဆေးခြည်ရမည်၊ သီချင်းဆိုရမည်၊ကရမည်၊ကစားရမည်၊အလုပ်လုပ်ရမည်၊ အားလုံးနည်းနည်းစီ နေ့စဉ်လုပ်ရမည်။
ပြီးတော့.............
နေ့လယ်ချင်းမှာ တစ်ရေးအိပ်ရမည်။
အပြင်ထွက်လျှင် ယာဉ် အသွားအလာကို ကြည့်၊ သူငယ်ချင်းနှင့် လက်တွဲ မခွဲမခွာဘဲ ကူးရမည်။
လောကကြီးထဲက အုံသြစရာတွေကို ကြည့်တက်မြင်တက်ရမည်။ ပလတ်စတစ်ခွက်ထဲက သစ်စေ့လေးကိုသတိရ၊ အမြစ်က အောက်ဘက်ထိုးဆင်းသွားပြီး ပင်စည်က အပေါ်ထောင်တက်လာခြင်းဖြစ်သည် ဘာ့ကြောင့်လဲ၊ သည်ကိစ္စ ဘယ်သူမျှ အဖြေမပေးနိုင်။ ကျွန်တော်တို့ကိုယ်တိုင်လည်း သည်သစ်စေ့လေးအတိုင်း အံ့သြစရာ။
ပြီး ရွှေငါးလေးတွေ၊ ဟမ္မစတာ ကြွက်ကြီးတွေ၊ ကြွက်ဖြူလေးတွေအပြင် စောစောက ပြောခဲ့သည့်ပလတ်စတစ်ခွက်ထဲက သစ်စေ့လေးသည်ပင် တစ်နေ့မှာ သေဆုံးရမည်။ ကျွန်တော်တို့သည်လည်း ထိုနည်းလည်းကောင်း........။
အဲသည်နောက် ဒစ်(ခ)(ကောင်းလေး)နှင့် ဂျိန်း (ကောင်မလေး) ပါသည့် ဖတ်စာအုပ်အကြောင်း ပြန်ပြောင်းတွေးကြည့်စမ်းပါ။ သင်ပထမဆုံး သင်ရသည့် သင့်အတွက် အကြီးမားဆုံး ဝေါဟာရက ဘာလဲ။
Look ကြည့်ပါ .. တဲ့။ မှန်သည်။ လိုက်ရှာကြည့်ပါ။ တစ်နေရာရာမှ ပါသည်။ ကိုယ်ချင်းစာတရားပါသည်။
ချစ်ခြင်းမေတ္တာပါသည်။ သန့်ရှင်းစင်ကြယ်မှုပါသည်။ လူ၊ တိရစ္ဆာန်၊ သစ်ပင်နှင့် ပတ်ဝန်းကျင်တို့ ဆက်စပ်ရပ်တည်နေပုံကို ပြသည့် ecology သဘောတရားကိုလည်း သူ့အထဲမှာ တွေ့ရမည်။ နိုင်ငံရေး၏ သဘောကိုလည်း တစ်စွန်းတစ်စ ရိပ်စားမိရသ်ည်။ အသိဥာဏ်ရှိစွာ အသက်ရှင် နေထိုင်ရန် နည်းလမ်းများလည်း သူပေးထားသည်။
စဉ်းစားကြည့်ပါ။
ကမ္ဘာပေါ်မှာ ရှိသည့် ကျွန်တော်တို့ လူသားတွေအားလုံးသာ နေ့လယ် ၃ နာရီမှာ ကွတ်တီ ပူပူစား ၊ နွားနို့ပူပူလေးသောက်ကာ စောင်လေး ကိုယ်စီခြုံပြီး တစ်ရေးအိပ်ကြမည်ဆိုလျှင် ကမ္ဘာကြီး သခုထက် မည်မျှ ပို၍ အေးချမ်းသွားပါမည်နည်း။
သို့တည်းမဟုတ် ကျွန်တော်တို့ တိုင်းပြည်အသီးသီးမှာ `ကိုယ် ကိုင်မိသည့် ပစ္စည်းကို မူလ တွေ့ခဲ့သည့် နေရာမှာ ကိုယ်ပြန်ထားမည်၊ ကိုယ်ရှုပ်သည့် အမှိုက်ကို ကိုယ်ပြန်ရှင်းမည်`` ဟူသော မူဝါဒကိုယ်စီ တိတိကျကျ ချထားကြမည်ဆိုလျှင်ကော သည်ကမ္ဘာကြီး ဘယ်လောက်သာယာလှပသွားမည်နည်း။
ပြီး.......စဉ်စားကြည့်ပါ။ သင်တို့ ကျွန်ုပ်တို့ အသက်အရွယ် ဘယ်မျှ ရှိသည်ဆိုစေ အပြင်လောက ကမ္ဘာ ထဲထွက်သည့်အခါ လက်ချင်းမြဲမြဲတွဲ၍ မခွဲမခွာ သွားကြ မည်ဆိုလျှင် အားလုံး အတွက် မည်မျှ ပျော်ရွှင် ချမ်းမြေ့စရာ ဖြစ်သွားပါမည်နည်း...............။
မူရင်း။ ။ Robert Fulghum ၏ All Really Needed To Know I Learned In Kindergarten.
ဖေမြင့်၏
နှလုံးသား အာဟာရ စာအုပ်မှ...
ဇော်သိင်္ခ ...
0 comments:
Post a Comment