မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Tuesday, January 12, 2010

မျက်မမြင်မလေးရဲ့ မျက်လှည့်ပွဲ

ကျွန်တော့် သူငယ်ချင်း ၀ှစ်(တ)က မျက်လှည့် ဆရာတစ်ယောက်ဖြစ်သည်။ သူ့ကို လော့စ်အိန်ဂျလိ(စ)ရှိစားသောက်ဆိုင်တစ်ဆိုင်က ဆိုင်မှာ စားသုံးသူများကို ဧည့်ခံဖျော်ဖြေသော သဘောဖြင့် ၀ိုင်းတကာ လှည့်၍ အနီးကပ် မျက်လှည့်ပြပေးရန် ငှားရမ်းထားသည်။

တစ်ညမှာ သူက မိသားစု စားသောက်ဝိုင်းတစ်ခုထဲ ၀င်ပြီး သူ့ကိုယ်သူ မိတ်ဆက်ကာ မျက်လှည့်ပြရန်အတွက် ဖဲတစ်ထုပ် အိတ်ထဲမှ ထုတ်သည်။ ထို့နောက် ၀ိုင်းထဲမှ မိန်းကလေးတစ်ယောက်အား ” ကဲ၊ သမီး ဒီအထဲက ဖဲတစ်ချပ်ရွေးစမ်းကွာ ” ဟု ဆိုလိုက်သည်။သည်အခါ မိန်းကလေး၏ ဖခင်က သမီး ၀င်ဒီမျာ မျက်စိ မမြင်သည့်အကြောင်း ပြောပြသည်။

” ဟာ ၊ ဟုတ်လား ၊ ဒါလဲ ကိစ္စမရှိပါဘူး ” ၀ှစ်(တ)က ဆိုသည်။ ” သူ့အတွက် အနှောက်အယှက် မဖြစ်ဘူး ဆိုရင် ကျွန်တော်မျက်လှည်တစ်ကွက်လောက်တော့ ပြချင်ပါသေးတယ်” ဆိုပြီး မိန်းကလေး ဘက်သို့ လှည့်ကာ ” ၀င်ဒီ ၊ ဦးရဲ့ မျက်လှည့်ပြကွက်မှာ နည်းနည်း ၀င်ကူပေးပါလား ” ဟု ပြောလိုက်သည်။

ဝင်ဒီက နည်းနည်း တော့ ရှက်တက်သူလေး ဖြစ်သည်။ သူက ပခုံးနှစ်ဖက် တွန့်လိုက်ပြီးနောက် “ ဟုတ်ကဲ့ ၊ ရပါတယ် ” ဟု အဖြေပေးသည်။

ဝှစ်(တ)က စားပွဲမှာ ၀င်ဒီနှင့် မျက်နှာချင်းဆိုင် နေရာ၌ ၀င်ထိုင်လိုက်သည်။ ပြီး ” ၀င်ဒီ ၊ သမီးကို ဖဲချပ် တစ်ချပ် ထောင်ပြမယ်၊ အဲဒီဖဲဟာ အရောင်နှစ်မျိုးထဲက တစ်မျိုးမျိုး ဖြစ်မယ်၊ အနီရောင် ဒါမှ မဟုတ် အနက်ရောင်၊ ၀င်ဒီ့ကို ဦးလုပ်စေချင်တာက ၀င်ဒီရဲ့ စိတ်စွမ်းအင်တွေ သုံး ပြီး ဒီဖဲချပ်ရြ့ အရောင်ဟာ ဘာလဲ၊ အနီလား၊ အနက်လား ဆိုတာ ပြောပေးဖို့ပဲ၊ သမီးသဘောပေါကတယ်နော် ”

ဝင်ဒီက ခေါက်းညိတ်သည်။

ဝှစ်(တ)က ညှင်း ကင်းဖဲ တစ်ချပ်ကို ထောင်ပြပြီး ” ၀င်ဒီ ၊ ဒါ အနီလား အနက်လား ” မေးသည်။

ခဏလေးနေပြီးနောက် မျက်မမြင် ကောင်မလေးက “အနက် ” ဟုဆိုလိုက်သည်။ မိသားစု မျက်နှာအားလုံး ပြုံးသွားသည်။

ဝှစ်(တ၀က ပိမ့်(ဟတ်) ခုနှစ် ဖဲချပ်ကို ထောင်ပြပြီး ဒါ အနီလား အနက်လား မေးပြန်သည်။

“အနီ ” ၀င်ဒီက ဖြေသည်။

အဲသည်နောက် တတိယမြောက်အဖြစ် ထောင့် (ဒိုင်းမွန်း) သုံး ဖဲချပ်ကို ထောင်ပြသည်။ “အနီလား ၊ အနက်လား ”

ဝင်ဒီက မဆိုင်းမတွပင် “အနီ ” ဟုဖြေသည်။

မိသားစုက တဘောကျပြီး ရယ်ကြသည်။ သူတို့ အား လုံး စိတ်လှုပ်ရှားနေသည်။ ၀ှစ်(တ) က နောက်ထပ် ဖဲသုံးချပ် ဆက်ပြသည်။ သုံးချပ်လုံးပင် ၀င်ဒီမှန်အောင်ဖြေနိုင်သည်။ အံ့သြစရာ၊ ခြောက်ချပ်မှာ ခြောက်ချပ်စလုံး မှန်သည်။ ၀င်ဒီကံကောင်းလှပုံကို မိသားစုအဖို့ မယုံနိုင်လောက်အောင် ဖြစ်နေသည်။

သတ္တမမြောက်အဖြစ် ၀ှစ်(တ) က ပိမ့်ငါးဖဲချပ်ကို ကောက်ကိုင်သည်။ သူက ဖဲချပ်ကို ထောင်ပြပြီး၊ ” ၀င်ဒီ၊ ဒီတစ်ခါ ဂဏန်းကိုလဲ ပြောမယ်၊ ဘာဖဲ ဆိုတာလဲ ပြောရမယ်၊ ဟတ်လား ၊ ဒိုင်းမွန်းလား၊ ကလပ်လား၊ စပိတ်(ဖူး) လား ၊ ဟုတ်ပြီနော်. ”

ခဏလေးအကြာမှာ ၀င်ဒီက ရဲရဲ ၀ံ့ဝဲ့ ဖြေသည်။

“ငါးဂဏန်း၊ ဟတ်ဖဲ ”

မသားစု ဟာခနဲဖြစ်သွားကြသည်။ သူတို့ အကြီးအကျယ် အံ့အားသင့်နေသည်။

” ဒါ ရိုးရိုးလှည့်ကွက် တစ်ခုလား၊ ဒါမှ မဟုတ် `ပညာ` တစ်ခုခုလား ” ၀င်ဒီ၏ ဖခင်က မေးသည်။

” အဲဒါကတော့ ၀င်ဒီ့ကိုပဲ မေးကြည့်ပါ ” ၀ှစ် (တ) ဖြေသည်။

” ၀င်ဒီ ၊ သမီးဘယ်လိုသိလဲသလဲ “ အဖေက မေးသည်။ ၀င်ဒီက ပြုံး၍ ဖြေသည်။ ” ဒါက ပညာ၊ အဖေရဲ့၊”

ဝှစ်(တ)က ၀င်ဒီနှင့် မိသားစုကို နှုတ်ဆက်ကာ သူ့လိပ်စာ ကတ်ပြားလေး ပေးပြီးထွက်လာခဲ့သည်။ သည်မိသားစုအတွက် မမေ့ပျောက်နိုင်စရာ အတွေ့အကြုံတစ်ခု သူ ဖန်တီးပေးခဲ့ပြီ။

မိသားစုအဖို့ ပြဿနာက ဖဲချပ်တွေ ၀င်ဒီ ဘယ်လိုလုပ် သိသလဲဆိုတာ ပဲ ဖြစ်သည်။ ၀ှစ်(တ)ဆိုသော သူကို သည်စားသောက်ဆိုင်ရောက်မှ ၀င်ဒီ တွေ့ရဖြင်း ဖြစ်သည်။ ဘယ်ဖဲဟာ အနီ ဘယ်ဖဲဟာ အနက်ဆိုတာတွေ သူဘယ်နည်းနှင့်မျှ ကြိုတင်ပြောပြမထားနိုင်။ ၀င်ဒီက လည်း မျက်စိမမြင်ဘူး ဆိုတော့ ထောင်ပြသည့် အချိန်မှာ မြင်နိုင်သိနိုင်စရာ အကြောင်းမရှိ။ သို့ဖြစ်လျှင် ဘယ်လိုလဲ။

သည်မိသားစုအတွက် တစ်သက်မှာတစ်ခါဟု ဆိုရမည့် ထူးခြားလှသော ထိုပြကွက်ကို ၀ှစ်(တ)က ရုတ်တရက်ပေါ်လာသည့် ဖြတ်ထိုးဥာဏ် နှင့် အချက်ပြ ဆက်သွယ်နည်း စနစ်တစ်ခုကို သုံးပြီး ဖန်တီးပြသသွားခဲ့ခြင်းဖြစ်သည်။ ဟိုးအရင် မျက်လှည့်သမားဘ၀ စတင်စဉ်က ခြေထောက်ဖြင့် အချက်ပြဆက်သွယ်သည့် နည်စနစ်တစ်ခု သူစမ်းသပ် လော့ကျင့်ခဲ့ဖူးသည်။ သို့သော် ၀င်ဒီတို့နှင့် တွေ့သည်အထိ တစ်ကြိမ်မျှ လက်တွေ့ သုံးစွဲခွင့်မရခဲ့သေး။

ထိုနေ့က ၀ိုင်းထဲတွင် ၀င်ဒီရှေ့ ၀င်ထိုင်ပြီး ” ၀င်ဒီ၊ သမီးကို ဖဲချပ် တစ်ချပ် ထောင်ပြမယ်၊ အဲဒီဖဲဟာ အရောင် နှစ်မျိုးထဲက တစ်မျိုးမျိုးဖြစ်မယ်၊ အနီရောင် ဒါမှ မဟုတ် အနက်ရောင် ..” ဟူ၍ ပြောသည့်အခါ ၀င်ဒီ့ခြေထောက်ကို (စားပွဲအောက်၌) `အနီ` ဆိုသည့် အချိန်၌ တစ်ချက်၊ `အနက် ` ဆိုသည့် အချိန်၌ နှစ်ချက် ခြေနှင့် တို့ပြီး အချက်ပြသည်။

ထို့နောက် ပို၍ သေချာစေရန်အတွက် ” …….၊ ၀င်ဒီ့ ကို ဦးလုပ်စေချင်တာက ၀င်ဒီရဲ့ စိတ်စွမ်းအင်တွေ သုံးပြီး ဒီဖဲချပ်ရဲ့ အရောင်ဟာ ဘာလဲ၊ အနီလား (ခြေနှင့် တစ်ချက်တို့ သည်) အနက်လား (နှစ်ချက်တို့သည်) ဆိုတာ ပြောဖို့ဖဲ၊ သမီးသဘောပေါက်တယ်နော်” ဟူ၍ သူထပ်ပြောသည်။

အဲသည်နောက် ၀င်ဒီခေါင်းညိတ်တာ ကြည့်ပြီးသူသဘောပေါက်ကြောင်း၊ မျက်လှည့်ပြရာမှာ မိမိနှင့် အတူ ပါဝင်လိုစိတ် ရှိကြောင်း သိလိုက်သည်။ မိသားစုကတော့ ၊ ” ….သမီးသဘောပေါက်တယ်နော် ” ဟု ၀ှစ်(တ)ပြောလိုက်သည်ကို ၀င်ဒီနှင့် ညှိလိုက်ဖြင်း ဖြစ်ကြောင်းမရိမိကြ၊ သူရှင်းပြသည်များကို နားလည်မလည်သေချာအောင် မေးခြင်းပဲဟု သွေးရိုးသားရိုးမှတ်ယူကြသည်။

ငါးဂဏန်း ဟတ်ဖဲချပ်နှင့် ပတ်သတ်၍ကော ဘယ်လို အချက်ပြသနည်း။ ဒါလည်း လွယ်ပါသည်။ ငါးဂဏန်း ဖြစ်ကြောင်းသိအောင် ခြေထောက်ကို ငါးချက်တို့သည်။ ဟတ်ဖဲဖြစ်ကြောင်း သိနိုင်ရန်အတွက်က၊… `ဟုတ်လား၊ ဒိုင်းမွန်းလား၊ ကလပ်လား၊ စပိတ်လား` မေးသည့်အချိန်၌ `ဟတ်` ဟု ပြောစဉ် ခြေကို တို့ထားခဲ့သည်။

လုပ်ပုံလုပ်နည်း သိပြီဆိုလျှင် သည်ပြကွက်က အံ့သြစရာ သိပ်မရှိတော့ပါ။ သို့သော် သ ည်ပြကွက်ကြောင့် ၀င်ဒီ့မှာ ဖြစ်သည့် အပြောင်းအလဲကတော့ အံ့သြဖွယ်ပင်။ အဲသည်နေ့က စားသောက်ဆိုင်မှာ မိသားစုဝိုင်းတွင် သူက အထင်ပေါ်ဆုံး အာရုံအစူး စိုက်ခံရဆုံး ဖြစ်ခဲ့သည်။ အိမ်မှာလည်း သူက ဆက်ပြီး `စတား` ဖြစ်နေသည်။ စိတ်စွမ်းအင်ဖြင့် ဆောင်ရွက်သည့် သူမ၏ အံ့ဖွယ် ပြကွက်အကြောင်းကို မိသားစုက မိတ်ဆွေမှန်သမျှကို ဖောက်သည်ချ၍မဆုံးနိုင်။

လအနည်းငယ်ကြာသည့်အခါ၌မူ ၀င်ဒီ့ထံမှ လက်ဆောင် ပစ္စည်းထုပ်ကလေးတစ်ခု ၀ှစ်(တ)ရရှိသည်။ လက်ဆောင်ထုပ်ထဲတွင် မျက်မမြင်များ ကစားနိုင်ရန် စီမံထားသည့် ဘရေးလ်ဖဲတစ်တုပ် နှင့် စာတစ်စောင် ပါသည်။ စာ၌ မိမိအား အများကြားမှာ အရေးပါသူအဖြစ်ခံစားရစေရန်နှင့် ထိုအခိုက်အတန့် အဖို့ မျက်စိ `မြင်` ခွင့်ရရှိအောင် ကူညီပေးခဲ့ဖြင်းအတွက် ကျေးဇူးတင်ကြောင်း၊ မိမိအား မိသားစုက အကြိမ်ကြိမ်မေးမြန်းကြသော်လည်း လှည့်ကွက်ကို ယခုထိ မိမိဖော်မပြောသေးသည့်အကြောင်းနှင့် နောင်တွင် မျက်မမြင်များနှင့် မျက်လှည့်ပြကွက်တွေ ယခုထက် ပို၍ လုပ်နိုင်စေရန် ၀ှစ်(တ) ထဲ ဘရေးလ် ဖဲ တစ်ထုပ် ပေးပို့လိုက်ခြာင်းဖြစ်ကြောင်း များ ၀င်ဒီရေးသားလိုက်လေသည်။

မူရင်း။ ။ Michael Jeffreys ၏ How Magic Helped a Blind Girl See.

ဖေမြင့်၏

နှလုံးသား အာဟာရ စာအုပ် (၂) မှ.…

ဇော်သိင်္ခ ...

0 comments:

 
^ထိပ်ဆုံးသို့