ကျွန်တော်ဟာ တာဝေး အပြေးသမား တစ်ယောက်ပါ… ကြုံတွေ့ရတဲ့ အဖြစ်အပျက် ကလေးကတော့ ကျွန်တော့်ရဲ့ ပြေးလမ်း တစ်ခုပေါ်က အမှတ်တရ လေးပါ ကျွန်တော် မီတာ ၃၂၀၀ အပြေးပြိုင်ပွဲ ၀င်ဖို့အတွက် တစ်ရာသီလုံး လေ့ကျင့်မှုတွေ ကျွန်တော် အကြိမ်ကြိမ် လုပ်နေခဲ့ပေမဲ့ အရင်တုန်းကတည်းက ရထားတဲ့ ခြေထောက် ဒဏ်ရာက ခုချိန်ထိ မသက်သာသေးပါဘူး.. ဒါကြောင့်လဲ ကျွန်တော်ဟာ ဒီပြိုင်ပွဲကို ၀င်သင့် မ၀င်သင့် အတန်တန် စဉ်းစားခဲ့တယ်.. ဘယ်လိုပင် ဖြစ်စေကာမူ ပြိုင်ပွဲနေ့ရောက်တော့ ကျွန်တော် ၀င်ပြိုင် ဖြစ်ခဲ့ပါတယ်…
အသင့်ပြင်..
နေရာယူ
ဒိုင်း……………….
သေနတ်သံက ကျယ်လောင်စွာ ထွက်လာပြီး ကျွန်တော်တို့လဲ တာလွှတ်တဲ့ နေရာကနေ ပြေးထွက်လာကြပါတော့တယ်.. မိန်းခလေးတစ်ယောက်က ကျွန်တော့် ရှေ့ကနေ ပြေးနေတာကို ကျွန်တော်တွေ့ရတယ်… ပထမ အပြေးပတ်လမ်း သုံးပတ် ပြည့်တဲ့အချိန်မှာ ခြေထောက်က နာကျင်လွန်းလို့ ထော့နင်း ထော့နင်း ဖြစ်နေပါပြီ.. ကောင်မလေးရဲ့ နောက်မှာ ကျွန်တ်ာဟာ တစ်ဖြေးဖြေး ဝေးပြီး ကျန်ရစ်ခဲ့ပြီ ဆိုတာ ကိုယ့်ကိုယ်ကို သဘောပေါက်မိတယ်.. ဒီအခါမှာတော့ အရှက်တကွဲ ဖြစ်ပြီဆိုတဲ့ စိတ်အနှောက်အယှက်က ပိုပိုပြီး ဖိစီးလာပါတယ်.. ပထမနေရာက ဦးဆောင်ပြေးနေသူ မိန်းခလေးက ကျွန်တော့်ထက် ပြေးလမ်း ၂ပတ် စောနေခဲ့ ပါတယ်..
မိန်းခလေးက ပန်းတိုင်ကို ၀င်သွားတဲ့ အချိန်မှာ ကြည့်ရှုနေတဲ့ ပရိသတ်တွေဆီက ဝေး ဆိုတဲ့ အလွန်ကျယ်လောင်လှတဲ့ လက်ခုပ်သြဘာသံနဲ့ အော်ဟစ် အားပေးတဲ့ အသံကြီးကို ကျွန်တော်ကြားလိုက်ရပါတယ်.. ကျွန်တော့်တစ်သက်မှာ ကြားဖူးသမျှ အားပေးသံတွေထဲမှာ အကျယ်လောင်ဆုံး အသံတွေဘဲ ဖြစ်ပါတယ်.. အဲဒီချိန်မှာ ကျွန်တော် စဉ်းစားလိုက်မိတာက ဒီပြိုင်ပွဲကနေ ကျွန်တော်ထွက်သင့်ပြီဆိုတာပါဘဲ.. ဒီပွဲကို ကြည့်ရှုအားပေးနေတဲ့ ပရိတ်သတ်တွေက ခြေထောက် ထော့နင်း ထော့နင်းနဲ့ ပြေးနေတဲ့ ကျွန်တော့်လို လူတစ်ယောက်ရဲ့ ပန်းတိုင် ၀င်ချိန်ထိအောင် စောင့်ကြည့်ချင်ကြလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး… ဒါပေမဲ့လည်း ကျွန်တော့် အတွင်းစိတ်ကတော့ ဆက်ပြေးဖို့ကိုဘဲ တိုက်တွန်းနေခဲ့ပါတယ်..
ပန်းဝင်ဖို့ ပြေးလမ်း ၂ပတ်လောက် ကျန်သေးတဲ့အချိန်မှာ ကျွန်တော့်ခြေထောက်တွေက ဆိုးဆိုးဝါးဝါး နာကျင် ကိုက်ခဲလို့နေပါပြီ.. နာကျင်ခြင်းတွေနဲ့ ခက်ခက်ခဲခဲ ပင်ပန်း ဆင်းရဲခြင်း ကြီးစွာနဲ့ ဆက်ပြေးနေရင်းနဲ့ နောက်နှစ်တွေမှာ ဒီအပြေးပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုတော့ဖို့ ကျွန်တော် ဆုံးဖြတ်ချက် ချလိုက် မိပါတယ်.. တကယ်လို့ ကျွန်တော့်ခြေထောက် ပြန်ကောင်းလာခဲ့ရင်လည်း ကျွန်တော် မပြိုင် ချင်တော့ပါဘူး.. ကျွန်တော့်ထက် ပြေးလမ်း ၂ပတ်စောပြီး ပန်းဝင် သွားတဲ့ မိန်းခလေးတစ်ယောက်ကိုတောင် ကျွန်တော်နိုင်အောင် မပြေးနိုင်ခဲ့တာ ရှက်ဖို့ တော်တော်ကောင်းပါတယ်.. မိန်းခလေးတစ်ယောက်က ကျွန်တော့်ကို အနိုင် ရသွားတဲ့အဖြစ်.. တွေးကြည့်ရင် ကျွန်တော် ဘယ်လောက်များ အသုံးမကျလိုက်တဲ့ လူလဲဗျာ…..
ကျွန်တော် ပန်းဝင်မျဉ်းကြောင်းကို ကျော်ဖြတ်လိုက်တဲ့အချိန်မှာ ခုနက ပထမဆုံးပန်းဝင်သွားတဲ့ မိန်းခလေးကို အားပေးကြသလိုမျိုး ကျယ်လောင်လှတဲ့ အားပေး အော်ဟစ်သံ၊ လက်ခုပ်တီးသံ တွေကို ကြားလိုက်ရပါတယ်.. ဘာတွေ ဒီလောက် အော်ဟစ်နေကြပါလိမ့်… ကျွန်တော် ကိုယ့်ကိုယ်ကို မေးလိုက်မိတယ်… ဟိုကြည့် ဒီကြည့်နဲ့ သေချာအောင် ကျွန်တော် လိုက်ရှာမိတော့ နောက်ပြိုင်ပွဲ တစ်ခုအတွက် ပြိုင်ပွဲဝင်မဲ့လူတွေက နေရာယူနေကြတာ တွေ့ရပါတယ်…. ဒီတော့ သူတို့ကို အားပေး နေကြတာဘဲလို့ တျွန်တော် သဘောပေါက်မိပြီး ရေချိုးခန်းဘက်ကို လျှောက်လာခဲ့ပါတယ်.. အဲဒီချိန်မှာ ပထမဆုံး ပန်းဝင်သွားတဲ့ ကောင်မလေးနဲ့ မမျှော်လင့်ဘဲ ၀င်တိုး မိပါတယ်..
သူက ကျွန်တော့်ကို
“အိုး….. ရှင်က အရမ်း တော်တာဘဲနော်… ဒီလို ရဲရင့်တဲ့ ခွန်အား ၊သတ္တိတွေ ရှင် ဘယ်ကများရပါလိမ့်…”
“ ရဲရင့်တယ်? ”
သူ တစ်ယောက်ယောက်နဲ့ လူမှားနေပုံရတယ်.. ကျွန်တော်က ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့လူလေ..
“ကျွန်မသာ ရှင့်နေရာမှာဆိုခဲ့ရင် ဒီ ၂မိုင်လောက် ရှိတဲ့ ပြေးပွဲကို ဘယ်လိုမှ ၀င်ပြိုင်နိုင်မယ် မထင်ဘူး.. ပထမ ပြေးလမ်းမှာတင် ထွက်ဖြစ်မှာ သေချာပါရဲ့… ရှင့်ခြေထောက်က ဘာများဖြစ်လို့လဲ … ဒီလောက် နာကျင်နေတဲ့ကြားက ရှင် ကြိုးကြိုးစားစားနဲ့ ပန်းတိုင်ကို ရောက်အောင် ပြေးနိုင်တယ်နော်… ကျွန်မတို့တွေ ရှင့်ကို အော်ဟစ် အားပေးနေကြတာ ရှင်ကြားတယ်မဟုတ်လား… ပွဲကြည့်တဲ့သူတွေ အားလုံးကလဲ နာကျင်နေ တာတောင် အရှုံမပေးဘဲ ပြီးအောင် ပြိုင်ပွဲဝင်သွားတဲ့ ရှင့်ရဲ့ စိတ်ဓာတ်ကို ချီးကျုး လေးစားပြီး အားလုံးက လက်ခုပ်တီး၊ အော်ဟစ်ပြီး အားပေး နေခဲ့ကြတာလေ…”
အိုး… အံ့သြစရာပါလား..ကျွန်တော် ယုံတောင် မယုံနိုင်အောင်ပါဘဲ.. တစ်စိမ်းပြင်ပြင် မိန်းခလေးတစ်ယောက်နဲ့ ပွဲကြည့်ပရိတ်သတ်တွေက ကျွန်တော့်ကို အော်ဟစ် အားပေးနေခဲ့တာတဲ့.. အဲလိုအားပေးခြင်းဟာ ဒီပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲစေလိုသောကြာင့်မဟုတ်ဘဲ.. ကျွန်တော့်အား ပြိုင်ပွဲကို ဆက်လက်ပြီး ပြေးစေချင် သောကြောင့်၊ လက့်လျှော့ အရှုံးမပေး စေလိုသောကြောင့် အားပေး နေကြခြင်းသာ ဖြစ်ကြောင်း ကျွန်တော် သိရပါပြီ.. ကျွန်တော့်မျှော်လင့်ချက်တွေ၊ အိပ်မက်တွေ ပြန်လည် တောက်ပလို့ လာခဲ့ပါပြီ… ကျွန်တော်ဆုံးဖြတ်ချက် ချလိုက်ပါတယ်… နောက်နှစ်မှာ အပြေးပြိုင်ပွဲကို ကျွန်တော် ပြန်ဝင်ဖြစ်အောင် ၀င်ပါတော့မယ်..
တော်ပါသေးရဲ့… ကျွန်တော်ရဲ့ ချွတ်ခြုံကျသွားခဲ့တဲ့ စိတ်ဓာတ်နဲ့၊ ပျောက်ရှ သွားတော့မဲ့ အိပ်မက်ကို ပြန်လည် အသက်သွင်းပေးလိုက်သူက ထို ပထမ ရသွား ခဲ့သော မိန်းခလေးသာ ဖြစ်ပါတယ်.. အဲဒီနေ့က ကျွန်တော်ရခဲ့တဲ့ သင်ခန်းစာလေး၂ခုမှာ
ပထမတစ်ခုက တစ်စုံတစ်ဦးဆီက ရလိုက်တဲ့ အကြင်နာတရားနဲ့ အားပေး ချီးကျူးစကားတွေဟာ မမျှော်လင့်ဘဲ လူတစ်ယောက်ရဲ့ဘ၀ကို ကောင်းကောင်းကြီး ပြောင်းလဲ သွားစေနိုင်တယ် ဆိုတာရယ်.
ဒုတိယအချက်က ရဲစွမ်းသတ္တိ နဲ့ စိတ်ဓာတ်ခွန်အား ဆိုတာ ဆုတံဆိပ်၊ အောင်မြင်မှု ဆိုတာတွေနဲ့ တိုင်းတာလို့မရဘဲ ပြိုင်ပွဲကို ဘယ်လို အခက်အခဲဘဲ ကြုံတွေ့လာပါစေ.. ပြီးဆုံးအောင် ယှဉ်ပြိုင်ခြင်းနဲ့သာ တိုင်းတာသင့်ကြောင်း နားလည်ခွင့် ရလိုက်ပါတယ်..
ကြီးကျယ်သော ခွန်အားရှိသူ၊ ဘ၀ကိုအောင်နိုင်သူများ ဆိုတာ ပြိုင်ပွဲမှာ အနိုင်ရသူတွေကို ဆိုလိုတာ မဟုတ်ဘဲ ဘ၀မှာ အရှုံးနဲ့ ကြုံတွေ့ရသော်လည်း အလွယ်တကူ အားမလျှော့ဘဲ၊ မလျှော့သောဇွဲ၊လုံ့လတို့နဲ့ ရည်ရွယ်ရာ ပန်းတိုင်ကို ရောက်အောင် သွားနိုင်တဲ့ သူတွေကိုသာ ခေါ်ဆိုပါတယ်… အခုတော့ ကျွန်တော့်မှာ အိမ်မက်လေး တစ်ခု ရှိလာပါပြီ.. အဲဒီအိပ်မက်လေးက တစ်ခြားမဟုတ်ပါဘူး… အကြီးတန်းအပြေးသမား ဘ၀နဲ့ဘဲ ဖြစ်ဖြစ် ကျွန်တော့် ခွန်အားသစ်တွေနဲ့ အပြေး ပြိုင်ပွဲကို ပြန်ဝင်ပြီး အနိုင်ရအောင် ယှဉ်ပြိုင်ပါမယ်.. အဲဒီချိန်ကျရင် ကျွန်တော်ရှုံးနိမ့်ခဲ့စဉ်က ရခဲ့ဖူးတဲ့ အားပေးချီးကျူးသံ လက်ခုပ်သံတွေကို ပြန်လည်ရရှိ နိုင်လိမ့်လို့ ကျွန်တော် ယုံကြည်မိပါတယ်… ဒီအိမ်မက်လေးကို ပြန်လည် မွေးဖွားပေးလိုက်တဲ့ ပြေးလမ်းပေါ်မှာ ကျွန်တော့်ထက်အရင် ပန်းဝင်သွားသူ မိန်းခလေးကို ကျေးဇူးတင် သတိရနေမိမှာပါခင်ဗျာ…………
————————————————————
ကျွန်နုပ်တို့တွေရဲ့ ဘ၀ ဆိုတဲ့ တာဝေး ပြေးလမ်းတစ်လျှောက်မှာ အခက်အခဲဆိုတဲ့ နာကျင်မှုတွေ၊ ရှုံးနိမ့်မှုတွေနဲ့ လူတိုင်း ကြုံတွေ့ကြမှာပါ.. အဲဒီလို အခက်အခဲတွေ၊ ရှုံးနိမ့်မှုတွေနဲ့ ကြုံတဲ့အခါမှာ ကျွန်နုပ်တို့ဟာ လွယ်လွယ်ကူကူနဲ့ လက်လျှော့ အရှုံးပေးကြမလား စဉ်းစားစရာပါ…. ကြီးကျယ် မြင့်မြတ်တဲ့ အောင်နိုင်သူ ၊ မဟာ လူသားဆိုတာ ဘ၀မှာ စီးပွားဥစ္စာ ကြီးပွား ချမ်းသာနေပြီး၊ အောင်မြင်ထင်ရှား ကျော်ကြားနေတဲ့သူတွေကို ခေါ်တာမဟုတ်ဘဲ အခက်အခဲများ၊ ရှုံးနိမ့်မှုများနဲ့ ရင်ဆိုင် ကြုံတွေ့လာတဲ့အခါမှာ လက်လျှော့အရှုံးမပေးဘဲ ပြန်လည်ကြိုးစား ရုန်းကန်ပြီး ဘ၀ပြေးလမ်းကို ခွန်အားသစ်များနဲ့ ဆက်လက် ယှဉ်ပြိုင်သူများကိုသာ ခေါ်ပါတယ်ဆိုတာ ဒီပြေးလမ်းပေါ်က ရှိလိုက်တဲ့ သင်ခန်းစာလေးပါ… ကျွန်နုပ်တို့လဲ ဘယ်လောက်ကြီးမားတဲ့ ရှုံးနိမ့်မှုနဲ့ ကြုံတွေ့ရပါစေ ဘ၀ ပြေးလမ်းပေါ်က မစွန့်ခွာဘဲ ရှိသမျှ ခွန်အားတို့နဲ့ ရင်ဆိုင် အနိုင်ယူ ကြပါစို့လား။….
–
အစိမ်းရောင်လွင်ပြင်
ဇော်သိင်္ခ
0 comments:
Post a Comment