မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Tuesday, March 29, 2011

အဖေ့အိမ်

5347601.jpg

ဦးဘုန်း(ဓာတု) မန္တလေး ၏ အဖေ့အိမ် စာအုပ်ကို သံယောဇဉ်နွယ် စာပေ မှ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဦးဘုန်း၏ ၅ အုပ်မြောက် စာအုပ်အနေနဲ့ ထုတ်ဝေ ဖြန့်ချီလိုက်ပါပြီ။ ဆရာ ၏ အတွေး လက်ဆောင် လေးများကို ပုံပြင် ဇာတ်လမ်းတိုများ၊ ကိုယ့်တွေ့ဘဝပုံရိပ်များနှင့် သပ်ရပ်စွာ ထုတ်ပိုး တင်ဆက်ပေးထားတဲ့ စာအုပ်လေးဖြစ်ပါတယ်။ ဒီအဖေ့အိမ် စာအုပ်မှာ မျက်နှာဖုံး ပန်းချီကေထွန်း ရဲ့ အဖေ့အိမ် မျက်နှာဖုံး သရုပ်ဖော်လေးနဲ့ အတူ ဦးဘုန်း ၏ အမှာစကားလေးများ ကို ဖော်ပြ ပေးသွားပါ့မယ်။ ဦးဘုန်း(ဓာတု) ၏ ခံစားမှု စာစုများ၊ ဘဝရဲ့ ကြုံတွေ့နေရသော အတွေး လက်ဆောင်လေးများ။ အတွေးစာစုလေးများ အားလုံးကို အွန်လိုင်းမှ စာပေချစ်သူ ပရိသတ်များအတွက် ဦးဘုန်း၏ ဝက်ဆိုဒ်မှ( www.uphonedhartu.com ) မကြာခင် တင်ဆက် ဖော်ပြပေးသွားတော့မည် ဖြစ်ပါကြောင်းလည်း သတင်းကောင်းလေး ပေးလိုက်ရပါတယ်ခင်ဗျာ။

အဖေ့အိမ် မျက်နှာဖုံးမှာ….
            ဘဝရောင်စုံများထဲမှ `အဖေ့အိမ်`
            ပြည့်စုံခြင်း၊ အထီးကျန်ခြင်း…
            ပျော်ရွှင်ခြင်း၊ ပူဆွေးခြင်း…
            အဖေပြောသော အတွေး…
            အဖေပေးသော အသိများ…
            ခံစားမိသမျှ ရောင်စုံဘဝလေးကို
            ပုံဖော်ထားခြင်းဖြစ်သည်။
ကေထွန်း

စာရေးသူ၏ အမှာစကား
ဒီစာအုပ်သည် (၅) အုပ်မြောက်ဖြစ်ပါသည်။
ဒီနေ့ လူတော်တော် များများသည် စာဖတ်ဖို့ အချိန်မရှိကြပါ။
စာဖတ်ဖို့လည်း အချိန်မပေးနိုင်ကြပါ။
အချိန်ကို ငွေဖြင့် ညီမျှခြင်းချပြီး လောဘနှင့် ရှင်သန်နေကြရသော သူများဖြစ်သောကြောင့် စာဖတ်မလား။ ငွေယူမလား… ဆိုလျှင် ငွေကိုသာ ယူကြမည့်သူက များပါသည်။ လူ၏အသိဉာဏ်သည် လူ၏ဘဝဖြစ်သည်။ သို့သော် ငွေသည်သာ လူ၏ဘဝဖြစ်သည်ဟု ခံယူသော ယနေ့ခေတ်အခြေအနေတွင် စာအုပ်တစ်အုပ်ဖြစ်ရန် ကြိုးစားရသည်မှာ မလွယ်ပါ။
စိတ်ကောင်းရှိဖို့.. စာဖတ်ရပါသည်။
လောကဓံကို ခံနိုင်ရည်ရှိဖို့.. စာဖတ်ရပါသည်။
စိတ်ဖိစီးမှု သက်သာဖို့… စာဖတ်ရပါသည်။
ကိုယ်ချင်းစာစိတ် ဖြစ်လာဖို့… စာဖတ်ရပါသည်။
စာမဖတ်သူသည် မျက်လုံးများရှိလျက် ကန်းနေသူသာ ဖြစ်ပါသည်။
စာမဖတ်သူသည် ဦးနှောက်များရှိလျက် အသိဉာဏ်မဲ့နေသူသာ ဖြစ်ပါသည်။
စာမဖတ်သူသည် နှလုံးသားများရှိလျက် ခံစားချက် မဲ့နေသူများသာ ဖြစ်ပါသည်။
စာဖတ်စေချင်ပါသည်။ စာဖတ်စေချင်သောကြောင့် ဖတ်နိုင်လောက်သည့် စာလုံးအရေအတွက်၊ ပေးနိုင်လောက်သည့် အချိန်အကန့်အသတ်၊ စိတ်ရှည် နိုင်လောက်သည့် စာမျက်နှာအနေအထားမျှကိုသာ ရေးဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါသည်။
ယခုစာများသည် မန္တလေးမြို့ထုတ် ဂျာနယ်များ၊ သတင်းစာများတွင် ဖော်ပြပြီးသော စာများသာ ဖြစ်ပါသည်။

ကျွန်တော့်စာများကို ဖတ်ပြီး လူငယ်များက ဒီလိုပြောကြသည်။
``ဆရာရဲ့ စာတွေက မတိုမရှည်နဲ့ဆိုတော့ ဖတ်ရတာ မငြီးငွေ့ဖူးဆရာ။ ဖတ်ရတာ အဆင်ပြေတယ်။ ဖတ်ပြီးရင်.. ရင်ထဲမှာတစ်ခုခု ခံစားရတယ်.. ဆရာ``

လုပ်ဖော်ကိုင်ဖက် ကျောင်းဆရာ တချို့က ပြောကြသည်။
``မောင်ဘုန်း… စာအုပ်ထဲက စာတွေကို စာပြန်လုပ်ထားတဲ့ စာတွေကတော့ .. ရင်ထဲကို မရောက်ဖူးကွ။ မင်းစာတွေက လူတွေထဲက ထွက်လာတဲ့ စာတွေမို့လို့ ဖတ်ရတာ အရသာရှိတယ်။ ဖတ်ပြီး တွေးရတာ ပျော်စရာကောင်းတယ်။ ပြီးတော့… စာသင်ခန်းထဲမှာ ကျောင်းသားတွေကိုလည်း ဆုံးမလို့ရတယ်။ ပြောပြလို့ရတယ်။ လူတွေအတွက် အသုံးကျတယ်ကွ``

ရဟန်းသံဃာတော်များက ဒီလိုဆိုကြပြန်သည်။
``ဒကာကြီးရဲ့ စာတွေက ဘုန်းကြီးတို့ တရားပွဲမှာ ထည့်ပြီးဟောလို့ပြောလို့ရတယ်။ ကြိုက်တယ်။ ကောင်းတယ်။ တရားသဘောတွေ ပြည့်နှက်နေတယ်။ မလေးပင်ဘူး။ အကိုးအကား မပါတာကိုက သဘောကျစရာ ကောင်းတယ်``
ဘာပဲဖြစ်ဖြစ် စာတ်သူများက ကြိုက်နှစ်သက်တယ်လို့ ပြောကြတာကြောင့် ရေးရကျိုးနပ်သည်ဟု ခံစားမိပါသည်။

စာရေးဖော် ရေးဖတ်များကလည်း ကျွန်တော့်၏ စာများကို ဝေဖန်ကြပါသည်။
``ခင်ဗျားရဲ့ စာတွေက ဘယ်အမျိုးအစားထဲကို ထည့်ရမှန်းမသိဘူး။ ရသလည်းပါတယ်။ အတွေးလည်း ပါတယ်။ အက်ဆေးလိုလို၊ ဝတ္ထုလိုလိုနဲ့ ဆိုတော့ ပြောရခက်တယ်။ ဒါပေမဲ့… ခင်ဗျားရဲ့ အရေးအသားအတွေးတွေက ရိုးသားတယ်..။ ရဲရင့်တယ်..၊ ထိရှတယ်။ ဒါကြောင့် ခင်ဗျားစာကို လူတွေက ကြိုက်ကြတာပဲဖြစ်မယ်။ ကျုပ်တို့လည်း ကြိုက်တယ်``
လူတော်..လူညံ့မဖြစ်ဖို့ စာဖတ်စေချင်ပါသည်။
လူတော်လူကောင်းဖြစ်ဖို့ စာဖတ်စေချင်ပါသည်။
လောကတိုက်ပွဲ မကျရှုံးဖို့ စာဖတ်စေချင်ပါသည်။
ယခု ``အဖေ့အိမ်``  ဟု ဆိုအပ်သော ဤစာအုပ်ကို စာဖတ်သူတို့၏ လက်ဝယ်သို့ ပို့လွှတ်လိုက်ပါပြီ။
ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေ..။
ဦးဘုန်း(ဓာတု)
မန္တလေး။
``မြင်းမိုရ်တောင်`` သည် ပြိုတက်ပါသည်။
``မြင်းမိုရ်တောင်`` ပြိုလျှင် ``မြင်းမိုရ်`` တောင်ကြီး ``ပိ`` တက်ပါသည်။
``မြင်းမိုရ်`` တောင်ပြို၍ ``မြင်းမိုရ်``တောင် ``ပိ``၍ ကျလာသော မျက်ရည်များကို ကျွန်တော်တို့ ဘယ်လို အဓိပ္ပာယ်ဖွင့်ကြရမည်နည်း။
``မြင်းမိုရ်ပြို၍ မြင်းမိုရ်ပိသူ`` သည် ကျွန်တော်တို့တစ်တွေသာ ဖြစ်နေပါ သလား ဆိုတာကို စဉ်းစား တွေးခေါ် သုံးသပ် နိုင်စေရန် အတွက် ဦးဘုန်း(ဓာတု) ၏ အဖေ့အိမ် စာအုပ်ကလေး ကို ဖတ်ကြည့်လိုက်ကြရအောင်စို့ဗျာ….။

ခင်မင်စွာဖြင့်……
ဇော်သိင်္ခ

2 comments:

အုပ်ကြီး said...

အမှန်အတိုင်းပြောရရင် ..ဆရာဦးဖုန်း(ဓာတု)
ရဲ့ စာတွေကို ဒီဆိုက်ပေါ်မှာမှ ဖတ်မိပြီး ပိုပြီးစိတ်ဝင်စားမိတာပါ ..
ခုလို ဝေမျှပေးတာ ကျေးဇူးပါ ..အစ်ကို

Anonymous said...

ဆရာ ဦးဖုန်း(ဓာတု) ရဲ့ တန်ဖိုးရှိတဲ့ အမှာစကားလေးတွေကို ဖတ်ခွင့်ရလို့ ကျေးဇူးပါ ကိုဇော်သိင်္ခရေ....။



ခင်မင်စွာဖြင့်
အင်ကြင်းသန့်

 
^ထိပ်ဆုံးသို့