မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Friday, August 13, 2010

ကိုယ်ချင်းစာစိတ်လေး ထားစေချင်သည်

ကျွန်တော်သည် ညစဉ် ညတိုင်း အိပ်ယာ မဝင်ခင် အချိန်တွင် မျက်နှာသစ် သွားတိုက် ခြေထောက်ရေလောင်း ပြီးမှ အိပ်လေ့ အကျင့် ရှိသည်။ ထိုည ကလည်း ထုံးစံအတိုင်း သွားတိုက် ၊ မျက်နှာသစ် ၍ အိပ်ယာ ဝင်တော့မည်ဟု တွေးကာ အိပ်ယာခင်း ၊ခြင်ထောင် ထောင်ပြီး တော့ ဘုရား ရှိခိုး ပါတယ်။  ခါတိုင်းလိုပဲ ဘုရားရှိခိုးပြီးရင် မေတ္တတာပို့ အမျှဝေပါတယ်။ အဲဒီလို ဘုရားရှိခိုးပြီးလို့ မေတ္တာ စ ပို့နေတဲ့ အချိန်မှာပဲ… အပြင်ဘက် ကားလမ်းပေါ်ကနေ ကား တစ်စင်း တော်တော် အရှိန်ပြင်းပြင်း မောင်းသွားတဲ့ အသံကို ကြားလိုက်ရပါတယ်။ အဲဒီလို ကြားလိုက်ရတဲ့ အချိန်ခဏလေး အတွင်းမှာပဲ…….
``ဘုန်း..`` ဆိုတဲ့  အသံနဲ့ အတူ…
`` အမေ….​`` ဆိုပြီးမိန်းကလေး တစ်ယောက်ရဲ့ အော်သံကြားလိုက်ပါတယ်။
အဲဒီတော့ မေတ္တာ ပို့နေတာကို့ ရပ်လိုက်ပြီး အသံကို နားစွင့်နေလိုက်စဉ်မှာ . အပြင်ဘက်ကနေ အန်တီရဲ့ ပြောသံကိုကြားလိုက်တာကတော့…
``တိုက်ပြီဟေ့… တော်တော် အရှိန်ပြင်းတယ်ထင်တယ်.. တိုက်တဲ့ အသံကို ဟိန်း… သွားတာပဲ၊ ကားနဲ့ ဆိုင်ကယ်နဲ့ တိုက်တာဖြစ်မယ်ထင်တယ်။ ကောင်မလေး ရဲ့ အော်သံကလည်း ငယ်သံ ကို ပါသွားတာပဲ``
ကျွန်တော်လည်း အကြောင်း တစ်ခုဟဲ့ ဆိုရင် ဘာလဲ ဆိုတဲ့ စပ်စု ချင်တဲ့ စိတ်က ပေါ်လာတော့.. အန်တီဆီက နေ အိမ်ခြံဝင်း သော့ တောင်းပြီး ကားလမ်းဘက်ကို ထွက်ကြည့်ပါတယ်။ ကျွန်တော် ကားလမ်းပေါ်ရောက်တဲ့ အချိန်မှာ ကြည့်လိုက်တော့ တိုက်တဲ့ နေရာနဲ့ ကျွန်တော်တို့အိမ်ဝင်ပေါက်နဲ့က သုံးအိမ်ကျော်လောက်မှာ တိုက်တာပါ။ အဲဒီအချိန်မှာပဲ ဘေးအိမ်က  ဦးလေး (အန်တီရဲ့ မောင်) နဲ့ သူ့သားတို့ကလည်း ယဉ်တိုက်တဲ့ ဆီကို ပြေးသွားကြတာကို တွေ့လိုက်မိပါတယ်။ ကျွန်တော်လည်း ကမ်းလမ်းပေါ်ရောက်လို့ ယဉ်တိုက်တဲ့ နေရာကို လှမ်းကြည့်လိုက်တဲ့ အခါမှာ လူ တော်တော်များများ ရောက်နေပြီး ဝိုင်အုံလာတာကို တွေ့လိုက်ပြီးတော့.. တိုက်တဲ့ ကားလေးဟာလည်း  စူပါစလွန်း ကားအဖြူလေး ဖြစ်ပြီး အဲဒီကားလေးက လမ်းရဲ့ ဘယ်ဘက်ဘေးကို ရောက်နေပြီးတယ်။ ပြီးတော့ နေရကနေ နောက်ဆုတ်လာတယ်။ ပြီးတော့ ကားလမ်းမပေါ်ကိုခေါင်းလှည့်ထွက်လာတာကို မြင်လိုက်မိပါတယ်။
ကျွန်တော့်အထင်တော့… အော်.. ကားက ဆိုင်ကယ်နဲ့ တိုက်လိုက်လို့ နေရာရွေ့ပြီး အတိုက်ခံရတဲ့ ဆိုင်ကယ်နဲ့လူကို ကူညီပြီး ဆေးရုံပို့ပေးဖို့ ကားနေရာ ရွှေ့ရပ်တယ်လို့ အောက်မေ့မိလိုက်တယ်။ တကယ်တော့ ကျွန်တော့်ရဲ့ အထင်က လုံးဝ ကြီးလွဲသွားပါတယ်။ ကားသမားက လုံးဝ လှည့်မကြည့်ပဲ မောင်းပြေးသွားပါတယ်ဗျာ။ အဲဒီနားမှာ ရောက်နေတဲ့ လူတစ်ချို့ကလည်း မောင်းပြေးသွားတဲ့ ကားကို ခဲတွေနဲထုဖို့ ကြိုးစားပါသေးတယ်။ မမှီလိုက်တော့ပါဘူး။ ဒါပေမယ့် အဲဒီနား ရှိနေတဲ့ လူတွေကတော့ ကားနံပါတ်ကို မှတ်ထားလိုက်ကြပါတော့တယ်။
အော်…. တော်တော် မေတ္တာတရား ခေါင်းပါးပြီး၊ ကိုယ်ချင်းစာ စိတ်၊ ရိုင်းပင်းကူညီတက်တဲ့ စိတ်၊ ကိုယ့်တာဝန်ကို ယူနိုင်ရဲတက်တဲ့စိတ်တွေ တော်တော် ကင်းမဲ့ ပါလားလို့ တွေးမိလိုက်ပါရဲ့ဗျာ….။
အတိုက်ခံလိုက်ရတဲ့ သူကတော့ စောစောက အော်လိုက်တဲ့ မိန်းကလေး မဟုတ်ပါဘူး။ တိုက်တဲ့ နေရာရဲ့ ဘေးနား ပလက်ဖောင်းပေါ်မှာ ထမင်းရောင်းတဲ့ ဆိုင်လေး မသိမ်းသေးတဲ့အတွက်ကြောင့် အဲဒီဆိုင်ရှေ့မှာဖြစ်သွာတာမို့ အဲဒီဆိုင်က ကောင်မလေးရဲ့ လန့်ပြီးအော်လိုက်တဲ့ အသံပါ။ ကျွန်တော်ရောက်သွားတော့ အတိုက်ခံရတဲ့သူက အသက် ၃၀ ကျော် လေးဆယ်အတွင်းလောက်ရှိမယ်လို့ ထင်တဲ့ ယောက်ျားကြီး တစ်ယောက်ပါ။ တိုက်ချက်က တော်တော်လေး ပြင်းတဲ့ အတွက်ကြောင့်  လူက ခေါင်းနဲ့ ကတ္တရာ လမ်းနဲ့ စောင့်ကျလိုက်တာကြောင့် မှောက်ယှက်အနေအထားမှာ ခေါင်းနေရာမှာ သွေးအိုင်နေပါတယ်။ အဲဒီလို ဖြစ်နေတဲ့ လူနာတစ်ယောက်ကို ဘေးက လူအများက ဝိုင်းအုံကြည့်နေကြပါတယ်။ ခံရတဲ့ လူနာကတော့ အချိန်မှီ မကုသနိုင်ရင် အသက်ထွက်သွားနိုင်တဲ့ အနေအထားပါ။ အဲဒီအချိန်မှာ စောစောက ထွက်သွားတဲ့ ဦးလေးရဲ့ သားက ဆရာဝန် ဆိုတော့ လူနာကို ကိုင်ပြီး ဆေးရုံပို့ဖို့ လုပ်မယ်လုပ်တော့….
``ဒါက ယဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးသွားတာ ဆိုတော့ ရဲ နဲ့ ဆိုင်တယ်. ရဲစခန်း ဒါမှမဟုတ် ယဉ်ထိန်းရုံးကို အရင်ဖုန်းဆက် ကြရအောင် သွားမကိုင်သေးနဲ့အုံး အခြေအနေပြက်သွားမယ်``ဆိုတဲ့ ဘေးက လူတွေရဲ့ အသံ  တစ်ယောက်တစ်မျိုးစီ ထွက်လာ ကြ ပါတယ်။ တိုက်တဲ့ အချိန်ကလည်း ည ၁၁ ခွဲလောက်ဆိုတော့ အလွယ်တကူ ဘယ်မှ ဖုန်းတွေက မရှိကြဘူးဖြစ်နေတာကိုး…။
စောစောက ဦးလေးက လည်း အဲဒီအချိန်မှာ သူ့ရဲ့ အိမ်ကို ပြန်သွားပြီးတော့ 199 ကို ဖုန်းလှမ်းဆက်ပါတယ်။ 199  ကနေမှ တဆင့် ယဉ်ထိန်းရုံးရဲ့ ဖုန်းနံပါတ်ကို သိရပြီး ယဉ်ထိန်းရုံးကို ဖုန်းဆက်ပါတယ်။ တိုက်သွားတဲ့ နေရာ နဲ့ ကားနံပါတ်ကိုလည်း အတိအကျ ပြောလိုက်ပါတယ်။ ယဉ်ထိန်း ရုံးကလည်း နာရီဝက်လောက်ကြာမှ ကားလေး နဲ့ လူနှစ်ယောက်ရောက်လာပြီးတော့ လူနာ အခြေအနေကို ကြည့်ပြီး လူနာကို ကားပေါ် ဝိုင်းကူတင်ပေးလိုက်ကြပါတယ်။ အဲဒီအချိန်မှာပဲ ရပ်ကွက်ထဲက လူမှူ့ ကူညီရေး အသင်းက ကားလည်း ရောက်လာတော့ အဲဒီကားကိုတော့ ကျေးဇူးတင်စကားပြောပြီး ဒီအတိုင်းပဲ ပြန်လွှတ်လိုက်ရတာပေါ့ဗျာ…။
ဆေးရုံကို ရုံးက သားသမား တစ်ယောက်ထဲ သွားပို့ပါတယ်။ အဲဒီအချိန်မှာ တိုက်တဲ့ နေရာမှာတော့  ယဉ်ထိန်း အရာရှိကြီး တစ်ယောက်ကျန်ရစ်ခဲ့ပြီးတော့ အမှုသွားအမှု့လာ များကို သိလိုက်တဲ့သူ၊ တွေ့လိုက်တဲ့သူများကို မေးမြန်းစုံစမ်းရင်း မှတ်တမ်း ပြုလုပ်ကျန်ရစ်ခဲ့ပါတော့တယ်။ တစ်ချို့သူတွေလည်း ပြန်ကုန်ကြလို့ လူလည်း မရှိတော့တာမို့ စောစောက ဦးလေးနဲ့ ကျွန်တော်နဲ့က အဲဒီ ရဲမှူး ကြီးနားမှာ ကျန်ရစ်ခဲ့ပြီး လူနာသွားပို့တဲ့ ကား ပြန်လာတဲ့ အချိန်ကို စောင့် ပြီး စောစောက တိုက်ခံရတဲ့ ဆိုင်ကယ်ကို သူတို့ကားပေါ်ကို ဝိုင်းပြီး တင်ပေးလိုက်ပါတော့တယ်။
အခုလို ကားနဲ့ ဆိုင်ကယ်နဲ့တိုက်လို့ အတိုက်ခံရတဲ့ ဆိုင်ကယ်သမားဟာ.. နောက်ရက်မှာ ဆေးရုံပေါ်မှာပဲ ဆုံးသွားတယ်လို့ ကြားသိရပါတယ်။ တိုက်သွားတဲ့ ကားကိုလည်း ဖမ်းမိလိုက်ပါတယ်။…
ဒီနေရာမှာ စဉ်းစားစရာ တစ်ခုရှိလာတာက တိုက်တဲ့ ယဉ်ကြီး ကားသမား ဆိုတဲ့သူက တိုက်ခံရတဲ့ ဆိုင်ကယ်မောင်းသူကို ယဉ်တိုက်မှု ဖြစ်ပြီးပြီးချင်းမှာ.. သူ့ရဲ့ လူသားချင်း စာနာနားလည်တက်တဲ့ စိတ်၊ တာဝန်ယူတက်တဲ့စိတ်၊ ရိုင်းပင်းကူညီတက်တဲ့စိတ်လေးနဲ့ မေတ္တာရှေ့ထားပြီး ဒီလူနာကို အချိန်မှီ ဆေးရုံပို့ နိုင်မယ်ဆိုလျှင်ဖြင့် ဒီလူဟာ သေနိုင်လောက်စရာ အကြောင်း မရှိနိုင်ဘူးလို့ ထင်မိပါတယ်။ ဒါ့အပြင် တိုက်တဲ့သူ အတွက်လည်း ပြစ်မှုကနေ ပေါ့လျော့စေနိုင်တယ်လို့ ထင်မိပါတယ်။ 

အခုတော့ ဒီလို မဟုတ်ပါပဲ မေတ္တာတရား ခေါင်းပါးမှု စာနာနားလည်စိတ်မရှိမှု၊ လူမှုရေး စိတ်ဓာတ်မရှိမှု ၊ ရိုင်းပင်းကူညီတက်တဲ့ စိတ်မရှိမှု   ၊ ချမ်းသာခြင်းဆိုတဲ့ ဂုဏ်ပုဒ်ရဲ့ အတ္တကြီးမှု.. စသည်စသည်များ... မရှိကြသော လူတစ်စုကြောင့် မသေသင့်ပဲ သေခဲ့ကြရသော၊ မဖြစ်သင့်ပဲ ဖြစ်ခဲ့ကြရသော အဖြစ်အပျက်များကား…. အများအပြား ရှိနေလိမ့်မယ်လို့ တွေးမိလိုက်ပါရဲ့ဗျာ……….။

ဒါကြောင့် စာဖတ်သူ သူငယ်ချင်းတို့ အပေါင်းလည်း… လူလူခြင်း မေတ္တာတရားလေး ရှေ့ထားပြီးတော့ ရိုင်းပင်းကူညီတက်တဲ့ စိတ်လေး။ စာနာ နားလည်ပေးတဲ့တက်တဲ့ စိတ်ကလေးများနဲ့ ကိုယ်ချင်းစာတက်တဲ့ လူမှုရေး စိတ်ဓာတ်လေးများ မွေးမြူနိုင်ကြပါစေလို့… ဆန္ဒပြုရင်း………….။

ခင်မင်စွာဖြင့်..........
ဇော်သိင်္ခ

10 comments:

မဗေဒါ (၈၈) said...

ကိုကောင်းကင်

စိတ်မကောင်းဘူး.. ကားနဲ့တိုက်တဲ့ အဖြစ်အပျက်မှာ ကားသမားက ဘာမှမဖြစ်တဲ့အတွက် ကူညီသင့်တာ မဟုတ်ဘူး.. သူ့မှာတာဝန်ကို ရှိတာပါ..။ အဲလို ဥပက္ခာပြုခဲ့တဲ့အတွက်လည်း ဥပဒေက ဘယ်လောက်ပဲ ဒဏ်ပေးပါစေ.. တသက်လုံး သူ့စိတ်က အေးချမ်းမှာ မဟုတ်ဘူးလို့ အထင်ရှိပါတယ်..။

ခင်တဲ့
မဗေဒါ (၈၈)

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီလို ကိုယ်ချင်းစာစိတ်ခေါင်းပါးလာတာကြောင့် မဖြစ်သင့်တာတွေ ဖြစ်လာကြရတာပါ။ ထွက်ပြေးလို့လဲ ရာဇ၀တ်ဘေးကနေ ပြေးလို့လဲ မလွတ်ပါဘူး.. သူ့ရဲ့ တာဝန်မဲ့တဲ့ စိတ်ကြောင့် လူတစ်ယောက်အသက် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရတယ်..
ဒီလိုလူမျိုးတွေ နည်းနိုင်သမျှ နည်းပါစေ။။

ahphyulay said...

အင်း..
လူ တွေ က များသောအားဖြင့် ကိုယ့်  အတွက်
ကိုယ် အရင် ကြည့်  တတ်ကြ တာများ တယ်လေ၊
သူ များ အပေါ် စာနာ စိတ် ထား ဘို့  ဆိုတာကတော့ 
နူးညံ့  တဲ့  စိတ်နေ စိတ်ထား ရှိ ဘို့  အရင် လိုအပ်
နေပါတယ်၊ ဒါက လဲ ကြိမ်ဖန် များစွာ ဖြည့်  ကျင့် 
နေမှ ရ မှာပါ ။ စာနာ တတ်တဲ့  သတ္တိ တစ်ခု လို့ 
မြင်ပါတယ်။

Anonymous said...

ခက်တယ်ဗျ။ ကျွန်တော် ခုထိ ကားပိုင် လုံးဝ မရှိဖူးသေးပါဘူး။ ဝယ်လဲ မဝယ်နိုင် မကပ်နိုင်ဘူး။

တိုက်ပြီး မောင်းပြေးတာ ဆိုးလဲ ဆိုးတယ်။ ခက်တာက မောင်းမပြေးရင် အချုပ်ထဲ ရောက်မယ်၊ ထောင်ကျမယ်ဆိုတော့ တိုက်မိတိုင်း မောင်းပြေးကြတာ အများစု ဖြစ်နေပြီ။

SHWE ZIN U said...

ကားနဲ့ တိုက်ပြေးသူများ အတိုက်ခံရတဲ့ သူနေရာမှာ ကိုယ့် မိသားစု တယောက်ယောက် ဆိုတာကို အစားထိုးကြည့်လိုက်ရင် ကိုယ်ချင်းစာ တရားလေး ရှိနိုင်မယ်ထင်တယ်


စိတ်မကောင်းဘူး

ခင်မင်တဲ့
ရွှေစင်ဦး

ကိုကိုးအိမ် said...

ကိုဇော်သိင်္ခရေ အဲဒီလိုအဖြစ်အပျက်တွေကတော့ မန်းရွှေမြို့တော်ကြီးမှာ ခဏခဏကြုံရလွန်းလို့ထုံနေ ပါပြီဗျာ။ အရင်တုန်းကတော့ ဒီလူတွေဘယ်လိုလည်း ဆိုတာခဏခဏဒေါသဖြစ်ရတာပါ။ နောက်တော့လည်း ကိုယ်ကပဲနေတတ်သွားလို့လား သူတို့ပဲတအားပေါသွား လို့လားမသိဘူး နေရာတိုင်းမှာတွေ့ရတာပဲဗျို့။ အဲတော့လည်း သြော် သဗေသတ္တာကမ္မသကာ ပဲလို့မှတ်ရတော့တာပေါ့ဗျာ။

ခင်မင်လျှက်
ကိုကိုးအိမ်

flowerpoem said...

မှန်တယ် မည်သူမဆို. အားလုံးကိုယ်ချင်းစာစိတ် ရှိနိုင်ပါစေ.

ဒေါင်းမင်း said...

စိတ်မကောင်းဘူး..အဲလိုအဖြစ်အပျက်တွေအများကြီးပါပဲမြန်မာပြည်မှာ..

Anonymous said...

ဒါနဲ့ ခင်ဗျားကရော ဘာလုပ်ပေးခဲ့သေးလဲဗျ..။

ကျွန်တော်မိတ်ဆွေများ ကိုယ်ချင်းစာတရားလေး ထားကြပါဗျ ဆိုတော့ မိတ်ဆွေတွေကပဲ ကိုယ်ချင်းစာစိတ် ကင်းနေသလိုလို.. ။

လူတွေ လူတွေ သူများကိုပဲ ဆရာကြီး အရမ်းလုပ်ချင်ကြတာ..။

သဒ္ဓါလှိုင်း said...

ကိုယ့်တာဝန်ကိုယူချင်တဲ့စိတ်မရှိတာပဲနော်..။
ကိုယ်ချင်းစာတရားခေါင်းပါးလိုက်တာ..အဲဒီတိုက်ခံရတဲ့
သူသာ တိုက်လိုက်တဲ့သူရဲ့ဆွေမျိုးမိတ်ဆွေတဦးဦး
ဖြစ်နေခဲ့မယ်ဆိုရင် သူဒီလိုပဲ မောင်းပြေးသွားမလား
ဆိုတာ....

ခင်မင်စွာ
သဒ္ဓါ

 
^ထိပ်ဆုံးသို့