မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Friday, August 6, 2010

ဘဝရဲ့ ဖန်ဆင်းရှင်



ဘဝဆိုတာ အချိန်

အချိန်ဆိုတာ ဘဝ

ဘဝဆိုတာ အင်အား

အင်အားဆိုတာ ဘဝ

ဘဝကို အချိန်တွေ စွမ်းအားတွေနဲ့

ဖွဲ့စည်း တည်ဆောက်ထားတာ

ကိုယ့်ဘဝကို ချစ်တယ်

မြတ်နိုးတယ် ဆိုရင်

အချိန်နဲ့ အင်အားကိုလည်း

ချစ်မြတ်နိုးဖို့ လိုတာပေါ့

ဒီသဘောကို တကယ်သာ နားလည်ရင်တော့

ကိုယ့်စိတ်ကိုမေးပြီး

ကိုယ့်ကိုယ်ကို နေ့စဉ် စစ်ဆေးသင့်တယ်နော်။

အားနဲ့အချိန်၊  အချိန်နဲ့အား

တန်ဖိုးမသိ ဖြုန်းမိနေသလား

တန်ဖိုးသိသိ သုံးမိနေသလား

အားနဲ့အချိန်ကို အရှိန်အဟုန်နဲ့

အရမ်းဖြုန်းမိသွားရင်

ကိုယ်နွမ်း စိတ်ပန်းပြီး

မင်းဘဝမှာ အရှုံးနဲ့

ရင်ဆိုင်ရလိမ့်မယ် ။

အကျိုးရှိရှိ ထိထိ ရောက်ရောက်

ပြောင်မြောက်အောင် သုံးမိသွားရင်တော့

ထိပ်ဆုံးက ကျွန်တော်

ရှင်ကျော်ရဟန်းမော်

ဖြစ်လာလိမ့်မယ်။

မင်းကြိုက်တာ ရွေးလိုက်ပေါ့

တကယ်တော့ မင်းဘဝရဲ့ဖန်ဆင်းရှင်ဟာ

ဟိုကောင်းကင်ပေါ်မှာ မရှိပါဘူး

မင်းရင်ထဲမှာ ရှိတာနော်

မင်းရဲ့ ရွေးချယ်မှုဟာ

မင်းဘဝရဲ့ ဖန်ဆင်းရှင်ပဲ မဟုတ်လား ..


ဘဝရဲ့ဖန်ဆင်းရှင် ကဗျာ လေးကို အရှင်အဘိဝံသ စီစဉ်ပူဇော်သည့်…  မြစကြာကျောင်းတိုက် (၁၆) နှစ်ပြည့် အထိမ်းအမှတ် စာစောင် အဖြစ်  ထုတ်ဝေသည့် သာသနာ့ ဖန်မီးအိမ်  စာအုပ်မှ….  အရှင်ဝိလာသ (ခင်ဦး) မှ ရေးဖွဲ့ပူဇော်ထားခြင်းဖြစ်ပါသည်။ 

ခင်မင်စွာဖြင့်......
ဇော်သိင်္ခ

3 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

သိပ်ကောင်းတဲ့ ကဗျာလေးပါဘဲ
တန်ဖိုးမသိ ဖြုန်းနေမိသူတွေ ဖတ်သင့်တယ်..

ခိုင်နုငယ် said...

ဟုတ်ပ..ဖတ်သင့်ကဗျာကောင်းလေး
တစ်ပုဒ်ပါပဲ။




ခင်မင်စွာဖြင့်
ခိုင်နုငယ်

SHWE ZIN U said...

အင်း ကောင်းလိုက်တဲ့ ကဗျာလေးပါ

ခင်တဲ့
ရွှေစင်ဦး

 
^ထိပ်ဆုံးသို့