မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Friday, September 23, 2011

ဧရာဝတီဆိုသည်မှာ...

ကျွန်တော်တို့ ရွာကလေးသည် ဧရာဝတီမြစ်၏ အလယ်တွင် ဖြစ်ပေါ်ထွန်းနေသော ရှည်လျားသော မြစ်ရိုးတစ်လျောက်အတိုင်း တည်ရှိနေသော ကျွန်းကြီးပေါ်တွင် နေထိုင်ကြသော ရွာများထဲမှ ကျေးရွာ တစ်ရွာပင် ဖြစ်ပါသည်။ ကျွန်တော်တို့ရွာ၏ အရှေ့ဘက်ကို ကြည့်လျှင် ဧရာဝတီမြစ်ကြီးကို တွေ့ရမည်ဖြစ်သကဲ့သို့၊ အနောက်ဘက်ကို ထွက်ကြည့်လိုက်လျှင်လည်း ဧရာဝတီမြစ်ကြီးပဲ တွေ့ရမည် ဖြစ်ပါသည်။ ကျွန်တော်သည်လည်း ဧရာဝတီ မြစ်ရေလျှံနေစဉ် အိမ်အောက်တွင် မြစ်ရေများဖြင့် ပြည့်နေသော အိမ်ပေါ်တွင် မွေးဖွားခဲ့သူ ဖြစ်ပါသည်။ ထို့ကြောင့် ဧရာဝတီက မွေးဖွားလိုက်သော သားဟူ၍ ပင် ပြော၍ရပါသည်။ ကျွန်တော်တို့ ဘိုးဘွား၊ ဘီဘင်၊ လက်ထက်ကပင် ဒီ ဧရာဝတီမြစ် လယ်ခေါင်ရှိ ကျွန်းပေါ်တွင် နေထိုင်၊ လုပ်ကိုင်စားသောက်လာခဲ့ကြပါသည်။ ကျွန်တော် တို့ ရွာနှင့်တကွ ထိုကျွန်းကြီးပေါ်တွင် နေထိုင်ကြသော ကျေးရွာပေါင်း မြောက်များစွာတို့သည်လည်း မိခင် ဧရာဝတီမြစ်ကြီးကို အမှီပြု၍ လုပ်ကိုင်စားသောက်နေကြရသည်မှာ နှစ်ပေါင်း မည်မျှအထိ ကြားညောင်းခဲ့သည်မှာ ပြော၍ပင် မရနိုင်အောင် ရှိလှပါသည်။ ကျွန်တော်တို့ ငယ်စဉ်ကဆိုလျှင် ဧရာဝတီမြစ်ကြီးသည် ရေစီးရေလာ အရမ်းကောင်းမွန်ပြီး၊ နွေရာသီပင်ဖြစ်နေပါစေ… ဧရာဝတီမြစ်ရေတို့ သည် ကျေးရွာများနှင့် မနီးမဝေးတွင်ပဲ တည်ရှိပြီး ထိုမြစ်ရေများကိုပဲ စဉ်ဆက်မပြက် အသုံးပြု ကြရပါသည်။ စိုက်ပျိုးရေး အတွက် ဆိုလျှင် ထိုကျွန်းများပေါ်တွင် စိုက်ပျိုးထားသော သီးနှံများမှာလည်း ဧရာဝတီ မြစ်ရေတက်စဉ် တွင် မြစ်အတွင်း ရေစီးနှင့် အတူ မျောပါလာသော နှုန်းမြေများသည် ကျွန်တော်တို့ ကျေးရွာများကို ဖြတ်သန်းစီးဆင်းပြီး လျှင် အနိမ့်ပိုင်းကျသော မြေနေရာများတွင် ခိုအောင်းကျန်ရစ်ပါသည်။ ဒါ့အပြင် ကုန်းပြင်မြင့်တွင်လည်း အနည်းငယ်စီ မျောပါသောင်တင်နေရစ်ရပါသည်။ ထိုဒေသရှိ ကျေးရွာများ အားလုံးသည် ထိုသို့ ဧရာဝတီ မြစ်ရေနှင့်အတူ မျောပါလာသော နုန်းမြေများကို အမှီပြု၍ စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင် စားသောက် နေထိုင်လာခဲ့သည်မှာ လည်း နှစ်ပေါင်းကြာမြင့်စွာ ရှိနေပါသည်။ ဧရာဝတီ မြစ်ရေသည် မြစ်ကြောင်းအပြောင်းအလဲ ကြောင့် တစ်ခါတရံတွင် တစ်ချို့သော ကျွန်းများကို ရေတိုက်စား ကမ်းပါးပြိုမှုများ ဖြစ်ပေါ်လေ့ ရှိပါသည်။ ထိုသို့ ကမ်းပါးပြို တိုက်စားလိုက်သော မြေများသည် မြစ်အောက်ပိုင်းတွင် မြေနုများ အဖြစ် ပြန်လည် ပေါ်ထွန်းလာလေ့ ရှိသည့် အတွက် ထိုမြေနုများပေါ်ထွန်းရာ နေရာသည် ထိုဒေသရှိ ကျေးများ၏ ပိုင်နက်အသီးသီးတွင် ပေါ်ထွန်းလာပြီး ထိုသို့ မြေနုပေါ်ထွန်းလာသော မြေများကို မိမိတို့ ကျေးရွာ ပိုင်နက် အတွင်းတည်ရှိလျှင် မိမိတို့ ရွာရှိ အိမ်ခြေ ဦးရေအတိုင်း ရသလောက်ကို ခွဲဝေ ယူကြရပါသည်။ ထိုသို့သော မြေနုများ ပေါ်ထွန်းလာခြင်း ၊ လက်ရှိမြေများပေါ်တွင် ဧရာဝတီမြစ်ရေ၏ ကောင်းမွန်းစွာ ဖြတ်သန်းစီးဆင်း လာခြင်းတို့ကြောင့် တင်ကျန်ရစ်သော နုန်းသားများသည် သဘာဝတရားကြီး၏ ဖန်တီးပေးမှု သဘာဝမြေသြဇာများဖြစ်သဖြင့် ထိုမြေသြဇာများကို အသုံးပြု၍ လုပ်ကိုင် စားသောက်နေကြရသည်မှာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးလက်နေပြည်သူတို့အတွက် စီးပွားရေး အဆင်ပြေ ချောမွေ့မှု ဖြစ်ကြရပါသည်။

ထိုသို့ စီးပွားရေး အဆင်ပြေစွာ နေထိုင်လာခဲ့ကြသော ကျွန်တော်တို့ မြစ်ဝကျွန်းပေါ်ရှိကျေးရွာများအားလုံး နီးပါးသည်.. ယခုအခါ သဘဝတရားကြီး၏ ဖောက်ပြန်မှုများ၊ လူသားတစ်ချို့တို့၏ အတ္တ၊ လောဘတို့ကြောင့် ဧရာဝတီမြစ်ကြီးသည် ကျန်းမာရေး စတင်ဖောက်ပြန်လာသည့် အတွက် မြစ်ဝကျွန်းပေါ်တွင် ဧရာဝတီမြစ်ကြီးကို အကြောင်းပြု၍ လုပ်ကိုင်စားသောက်ကြရသော ကျေးလက်နေ ပြည်သူတို့သည်လည်း စီးပွားရေး အဆင်မပြေမှုများမှာ တစ်နှစ်ထက် တစ်နှစ် ပိုမို ကျပ်တည်း လာနေကြပါသည်။ ဟိုးယခင်က ဆိုလျှင် ထိုကျွန်းပေါ်ရှိ ကျေးရွာ တို့သည် ဧရာဝတီမြစ်နှင့် အနီးကပ်ဆုံးမှာ တည်ရှိနေထိုင်ကြရသည့် အတွက် ကျေးရွာ တစ်ရွာလျှင် ရေတွင်း တစ်တွင်းလောက်ပဲ ရှိကြပါသည်။ ဧရာဝတီမြစ်အတွင်းမှ ရေများကိုသာ အလွယ်တကူ အသုံးပြုကြရပါသည်။ ဝါဆို၊ ဝါခေါင်ဆိုလျှင်လည်း ဧရာဝတီမြစ်ရေသည် ကျွန်းပေါ်ရှိ ကျေးရွာများ အားလုံးပေါ်သို့ မြစ်ရေများဖုံးလွမ်းသွားအောင် လျှံတက်သည့်အတွက် ဧရာဝတီမြစ်ရေကို အသုံးပြု၍ စိုက်ပျိုးရသော စပါးများသည်လည်း ဖြစ်ထွန်းအောင်မြင်စွာနဲ့ စိုက်ပျိုးနိုင်ခဲ့သည့်အပြင် ထိုသို့ မြစ်ရေလျံအောင် တက်ခဲ့သည့်အတွက် ကျွန်းပေါ်ရှိ လုပ်စားမြေများသည်လည်း နုန်းပို့မြေများနှင့်အတူ.. အစိုဓာတ်များ အမြဲရှိနေသည့်အတွက် မြေပဲနှင့် တခြား သီးနှံမျိုးစုံ စိုက်ပျိုးရာတွင်လည်း ဖြစ်ထွန်းအောင်မြင်မှုများ ဖြစ်ခဲ့ပါသည်။

သို့သော်….


ယခုအချိန်တွင် ဧရာဝတီမြစ်အထက်ပိုင်းရှိ တံတားတည်ဆောက်မှုများ၊ ရွှေလုပ်ငန်းလုပ်ကိုင်ကြသူများ၊ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေနိုင်သည့် အလုပ်အကိုင်အမျိုးမျိုးတို့ကြောင့် ဧရာဝတီမြစ်ကြီးသည် ကျန်းမာရေး စတင် ချို့တည့်လာသည့် အတွက် သဲသောင်များ ပေါ်ထွန်းလာခြင်းတို့ကြောင့် ကျွန်တော်တို့ ကျေးရွာများအနီးတွင်လည်း နွေရာသီဆိုလျှင် မြစ်နှင့် အတော်ကြီးကို အလှမ်းကွာဝေးသွားကြရပါသည်။ ထို့ကြောင့် ကျေးရွာတိုင်းရှိ အိမ်တိုင်းလိုလိုတွင် လက်လှုပ်ဘုံဘိုင်ရေတွင်းများကို တူး၍ အသုံးနေကြရပါသည်။ ဒီ့ထက် ဆိုးသော အခြေအနေများမှာ ဧရာဝတီမြစ်ရေသည် ဝါဆို၊ ဝါခေါင်သို့ ရောက်လာသော်လည်း ကျွန်းများပေါ်သို့ မြစ်ရေ ဖုံးလွှမ်းခြင်း မရှိသည်မှာ သုံးလေးနှစ်သို့ပင် ရောက်ရှိလာခဲ့သည်။ ထို့ကြောင့် ဧရာဝတီမြစ်ကို အမှီပြု၍ လုပ်ကိုင်စားသောက်နေကြရသော ထိုကျေးရွာများရှိ တောင်သူများအားလုံးသည် တစ်နှစ်ထက် တစ်နှစ် စီးပွားရေး အဆင်မပြေမှုများ ဖြစ်နေရပါသည်။ ထိုနည်းတူစွာပင် ဧရာဝတီမြစ်ရိုးတစ်လျောက်ရှိ ကျေးရွာပေါင်း မြောက်များစွာတို့သည်လည်း ထိုသို့သော အခက်အခဲ များ ဖြစ်ကြရမည်မှာ သေချာသလောက် ရှိပါသည်။

ထိုသို့သော ကျေးလက်နေ ပြည်သူများ၊ တောင်သူဦးကြီးများ အားလုံးဆီမှ ကောက်ပဲသီးနှံနှင့် ဆန်၊ စပါးများ မဖြစ်ထွန်းသည့်အတွက် တောင်သူ ဦးကြီးများ စီးပွားရေး အဆင်မပြေဖြစ်ကြသလို မြို့နေပြည်သူများ အနေဖြင့်လည်း ဆန်၊စပါးနှင့် ကောက်ပဲသီးနှံများကို ဈေးကြီးပဲ၍ ဝယ်ယူစားသုံးရသဖြင့်… ပြည်သူတို့၏ စီးပွားရေးမှာ ပိုမို၍ အဆင်မပြေမှုများ ဖြစ်လာနိုင်ပါသည်။ ထိုသို့ဖြစ်ရသော အကြောင်းအရင်းများမှာ… သဘာဝတရားကြီးက ဖန်ဆင်းပေးလိုက်သော ကျွန်တော်တို့ရဲ့ ဧရာဝတီမြစ်ကြီး နှင့်တကွ သဘာဝပတ်ဝန်းကျင်ရှိ တောတောင်များ ပျက်သုန်းရခြင်းကြောင့် ဖြစ်ရသည်ဟု ထင်မြင်မိပါသည်။

ထို့ကြောင့် ဧရာဝတီမြစ်ကြီးသည် ကျွန်တော်တို့ မြစ်ရိုးတစ်လျောက်ရှိ ပြည်သူတို့၏ အသက်ပင်ဖြစ်သည်။ ထိုသို့ ဧရာဝတီဖြစ်ကြီးသည် ကျွန်တော်တို့၏ အသက်ဖြစ်သလို ကျွန်တော်တို့ တစ်မျိုးသားလုံး၏ အသက်လည်းဖြစ်ပါသည်။ ယခု အခါ ဧရာဝတီ မြစ်ကြီးကို ပိတ်၍ ဆည်တည်ဆောက်နေကြသောကြောင့် ဧရာဝတီမြစ်ကြီးသည် တစ်ချိန်ကျရင် ကွယ်ပျောက်သွားနိုင်သည်မှာ မလွဲမသွေဖြစ်နိုင်ပါသည်။ အဘယ့်ကြောင့်နည်း… ဆည်တည်ဆောက်မှုသည် ယခုမှ စတင်တည်ဆောက်ကာစပင်ဖြစ်လင့်ကလား ဧရာဝတီမြစ်၏ အခြေအနေသည် ယခင်ကနှင့် မတူ မြစ်ကြောင်းပြောင်းလဲ မှုများ စတင်ဖြစ်ပွားလာသည့် အပြင် မြစ်ရေ အခြေအနေမှာလည်း တစ်နှစ်ထက် တစ်နှစ် လျော့နည်း လာလျက်ရှိနေပါသည်။ ထို့ပြင် မြစ်အတွင်း သဲသောင်ပြင်များ ဖြစ်ထွန်းမှုမှာလည်း ပို၍ ပင် များပြားလာသည်ကို တွေ့မြင်နေရပါသည်။ တပိုတွဲ ၊ တပေါင်းလများတွင် ဧရာဝတီမြစ်အတွင်းသို့ ဖြတ်သန်းသွားလာဖူးသူများ တွေ့မြင်နေကြရပါမည်ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်တော်တို့သည်လည်း တက်နိုင်သည့်ဘက်မှနေ၍ ဧရာဝတီမြစ်ကြီး ထာဝရ တည်မြဲ စီးဆင်း နေနိုင် စေရန်အတွက် ကြိုးပမ်း ဆောင်ရွက်ကြရပါမည်။

ဧရာဝတီဆိုသည်မှာ… ကျွန်တော်တို့၏ အသက်ဖြစ်သည်။

ဧရာဝတီဆိုသည်မှာ… ကျွန်တော်တို့ တိုင်းပြည်၏ အသက်ဖြစ်သည်။

ဧရာဝတီဆိုသည်မှာ… ကျွန်တော်တို့ တစ်မျိုးသားလုံး၏ အသက်ဖြစ်သည်။

ဧရာဝတီဆိုသည်မှာ… ကျွန်တော်တို့ တိုင်းရင်းသားအားလုံး၏ သွေးစည်းညီညွတ်မှုဖြစ်သည်။

ထို့ကြောင့် မြန်မာဆိုသော ကျွန်တော်တို့ လူမျိုးစုများ ပျောက်ကွယ်မသွားရအောင်… ဧရာဝတီမြစ်ကြီး ထာဝရ ရှင်သန် စီးဆင်းနိုင်အောင် ကျွန်တော်တို့ အားလုံးမှာတာဝန် ရှိတာကြောင့် ကျွန်တော်တို့အားလုံးကနေမှ ဧရာဝတီမြစ်ကြီးပေါ်တွင် တည်ဆောက်လျှက်ရှိနေသော မြစ်ဆုံ စီမံကိန်းကြီးကို ဆက်လက်ပြီး မလုပ်ဆောင်ဖို့ရန်အတွက် မြစ်ဆုံ စီမံကိန်း ကိစ္စကို ကန့်ကွက်ပါတယ် ဆိုတဲ့ အကြောင်း ဤနေရာကနေမှ ကျွန်တော်တို့ရဲ့ ဆန္ဒတွေကို ဘလော့ဂ်ဂါအားလုံးတို့နှင့် ထပ်တူ ထပ်မျှ ဖော်ထုတ်လိုက်ရပါတယ် ခင်ဗျား။

ကျွန်တော့်ရဲ့ ဧရာဝတီအကြောင်းကို ပထမဆုံး အကြိမ်ရေးထားတဲ့ ပထမအမေ ဧရာဝတီ ကိုလည်း ဒီနေရာလေးမှာ ဧရာဝတီမြစ်ရှု့ခင်း ပုံကလေးများနှင့်တကွ သွားဖတ်လို့ရပါတယ် ခင်ဗျာ။

ခင်မင်စွာဖြင့်...

ဇော်သိင်္ခ

18 comments:

KMC@ချင်းလေး said...

အမှန်တွေချည်းပါပဲဗျာ။ကိုဇော်သိင်္ခကန့်ကွက်တာကိုချွန်းချက်မရှိထောက်ခံပါတယ်။
သွေးစည်းညီညွတ်ရေးကိုရှေးရှူသောအားဖြင့်ဤစီမံကိန်းကိုလုံးဝကန့်ကွက်ပါတယ်။
လေးစားလျက်ပါအစ်ကိုရေ။

SHWE ZIN U said...

kztk ရေ

ဧရာဝတီဆိုသည်မှာ… ကျွန်တော်တို့ တိုင်းရင်းသားအားလုံး၏ သွေးစည်းညီညွတ်မှုဖြစ်သည်။

မှန်လိုက်လေ
ဧရာဝတီ ကို ဝိုင်းဝန်းကာကွယ်ကြမယ်

ခင်မင်တဲ့
ရွှေစင်ဦး

Myanmar Good Knowledg Co., Ltd said...

အော် ...တကယ့်ကို ဧရာဝတီထဲမှာကို မွေးဖွါးကြီးပြင်းလာတာပဲ။
ရွာလေးအကြောင်းရေးထားတာကိုမျက်စိထဲမှာမြင်ယောင်မိတယ်။

လင်းဦး(စိတ်ပညာ) said...

ဒီလောက်ဆိုးကျိုးတွေနဲ့ ၂၀% လဲယူရဲတဲ့ စိတ်ဓါတ် လုပ်ရပ်ကို အံ့သြမိသည်။

mstint said...

'မြစ်ဧရာ' လက်ရှိအခက်အခဲများကျော်လွှားပြီး ထာဝရအေးချမ်းစွာစီးဆင်းနိုင်ပါစေလို့ ဆုတောင်းနေမိပါရဲ့ မောင်ဇော်သိင်္ခရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

စံပယ်ချို said...

တစ်ကယ်ပဲအဲဒီနေရာမှာမွေးဖွားခဲ့တာပေါ့နော်....
ရေးပြထားတဲ့ရွာလေးအကြောင်းကမျက်စိထဲကို
ကွင်းကွင်းကွက်ကွက်မြင်ရပါတယ်....
ပြည်သူအားလုံးရဲ့ကန့်ကွက်မှုကို jas လဲ
အပြည့်အ၀ထောက်ခံပါတယ်။
ခင်မင်တဲ့ jas

မြသွေးနီ said...

ဧရာဝတီကို လွတ်လပ်ခွင့်ပေးပါ...။
ဒီမြေမှာနေ ဒီရေကိုသောက်ပြီး
ဧရာဝတီကို ကျေးစွပ်နေကြတာ ရင်နာတယ်..။
ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါတယ်..။

seesein said...

ဧရာဘေးမှာနေ ဧရာရေကိုသောက်
ဧရာရဲ့ကျေးဇူး အထူးမမေ့ပါ
ဧရာဝတီ ထာဝရ စီးဆင်းစေဖို့
မြန်ပြည်သား အားလုံး မာန်အဟုန်နဲ့
ကန့်ကွက်ကြပါစို့...


ခင်မင်တဲ့
seesein

seesein said...

ဧရာဘေးမှာနေ ဧရာရေကိုသောက်
ဧရာရဲ့ကျေးဇူး အထူးမမေ့ပါ
ဧရာဝတီ ထာဝရ စီးဆင်းစေဖို့
မြန်ပြည်သား အားလုံး မာန်အဟုန်နဲ့
ကန့်ကွက်ကြပါစို့...


ခင်မင်တဲ့
seesein

seesein said...

ဧရာဘေးမှာနေ ဧရာရေကိုသောက်
ဧရာရဲ့ကျေးဇူး အထူးမမေ့ပါ
ဧရာဝတီ ထာဝရ စီးဆင်းစေဖို့
မြန်ပြည်သား အားလုံး မာန်အဟုန်နဲ့
ကန့်ကွက်ကြပါစို့...


ခင်မင်တဲ့
seesein

ကိုအောင်(ပျူနိုင်ငံ) said...

မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ထပ်တူထပ်မျှ ကန့်ကွက်ပါတယ်၊ ဧရာဝတီမြစ်ကြီး အဓွန့်ရှည်ပါစေ ...

မေသိမ့်သိမ့် ကျော် said...

နာမကျန်းဖြစ်လာတဲ့ ဧရာဝတီကို ကုစားပေးဖို့ မျှော်လင့်နေပါတယ်။ ဧရာဝတီကို လွတ်လပ်ခွင့်ပေးလိုက်ပါလို့...

ညီရဲ said...

ကျွန်တော်လဲ ဧရာဝတီမြစ်ကမ်းဘေးနားက ရွာလေးတစ်ရွာမှာ နေတာပါအစ်ကို...
ဒီတော့ ကျွန်တော်တို့ က ဧရာဝတီရဲ့ တန်ဖိုးကို ပိုတန်ဖိုးထားရမယ် မဟုတ်လား အစ်ကို...
ကျွန်တော်လဲ မြစ်ဆုံစီမံကိန်းကို အပြင်းအထန် ရှုတ်ချ ကန့် ကွက်ပါတယ် ခင်ဗျာ...

ချော(အစိမ်းရောင်လွင်ပြင်) said...

အားလုံးနဲ့ သဘောတူညီစွာဘဲ ဧရာဝတီပျက်စီးမဲ့အရေးကို ကန့်ကွက်ပါတယ်
ကိုယ့်တိုင်းပြည်ရဲ့ သဘာဝအလှပဆုံးနေရာမှာ ဆည်ဆောက်တာလည်း မဖြစ်သင့်သလို ဧရာဝတီကို ငွေကြေးအတွက် ရောင်းစားတာလည်း မဖြစ်သင့်ပါဘူး။ တာဝန်သိသူတိုင်း ကန့်ကွက်ကြရမှာပါ

အင်ကြင်းသန့် said...

ကိုဇော်သိင်္ခရေ....ဧရာဝတီမြစ်ကြီးပေါ်မှာ မွေးဖွားလာတဲ့ ဧရာဝတီရဲ့ သားတစ်ယောက်က မိခင်ဧရာဝတီနဲ့ပတ်သက်လို့ ဖြစ်ပေါ်နေမှုတွေ၊ နောင်ဖြစ်လာမယ့် အကျိုးဆက်တွေကို အခုလို တစ်ထောင့်တစ်နေရာကနေ အသေးစိတ်လေး ရေးပြထားတာ သိပ်ဖတ်လို့ကောင်းပါတယ်။

ကျွန်တော်တို့အားလုံးညီညီညွှတ်ညွှတ်နဲ့အမေ့ကို ကယ်တင်ကြမယ်။

ခင်မင်စွာဖြင့်
အင်ကြင်းသန့်

မြစ်ကျိုးအင်း said...

ဧရာဝတီဆိုသည်မှာ… ကျွန်တော်တို့ တစ်မျိုးသားလုံး၏ အသက်ဖြစ်သည်။

ဒါကြောင့်

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို လုံးဝ ကန့်ကွက်ပါတယ်။

သတိုး said...

Ayeyarwady is the life-blood of Myanmar people.
ပြဋ္ဌာန်းစာအုပ်ထဲမှာရေးထားတာလေ။ ခုတော့ အပြောတခြား၊ အလုပ်တခြားပဲ...။
သတိုး

mabaydar88 said...

ဟိုင်းးးးးးးးးးးးး

မရောက်ဖြစ်တာလည်းကြာ..သွားပါသည်..။ အခုတော့ တခုတ်တရ လာဖတ်ပါတယ်... မြစ်ဆုံစီမံကိန်းလည်း နားလည်မှုရှိရှိနဲ့ ရပ်ပေးရင် ကောင်းမယ်လို့ မြင်ပါတယ်.. ရေးချင်တာ အများကြီးပါ...နောင်မှပဲလာပါတော့မယ်..။ အခုတော့ ဆရာထင်လှပြောထားတဲ့ မြစ်ဆုံရေကာတာကြောင့် ဖြစ်လာနိုင်မဲ့ အကျိုးအပြစ်လေးများကို ထားခဲ့ပေးပါတယ်.. အားလုံးကျယ်ကျယ်ပြန့်ပြန့် သိရတာပေါ့..။

မဗေဒါ (၈၈)


၁ ။မြစ်ကို ထိခိုက်ပျက်စီးစေသည်။
၂ ။သန့်ရှင်းသောရေနှင့် ဂေဟစနစ်ကို ပျက်စီးစေသည်။
၃။မြစ်ကျိုးအင်းများ ဖြစ်ပေါ်ခြင်းကြောင့် ပြောင်းရွှေ့ကျက်စားတတ်သော ငါးများကို သက်ရောက်မှု ဖြစ်ပေါ်စေသည်။
၎ ။နုန်းပို့ချမှုကို ပျက်ပြားစေသည်။
၅ ။တမံကျိုးပေါက်ခြင်းကြောင့် တမံအောက်ပိုင်းတွင် နေထိုင်သည့် လူသန်းပေါင်းများစွာ အသက် အိုးအိမ်များကို ပျက်စီးစေသော အန္တရာယ်ရှိသည့် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်စေသည်။
၆ ။ကုန်ကျစရိတ်များပြားပြီး ပမာဏကြီးမားသော တမံများ၏ စီးပွားရေးနှင့် လူမှုရေးအကျိုးအမြတ် များသည် သေချာရေရာမှု မရှိပါ။
၇ ။ရေလွှမ်းမိုးမှုကြောင့် လူသန်းပေါင်းများစွာ နေထိုင်သော နေရာဒေသများကို ဆုံးရှုံးစေပါသည်။
၈ ။သဘာဝရေစီးနှုန်း၊ နုန်းအနည်အနစ်နှင့် ရိုးရှင်းသော ဂေဟစနစ်ကို ပျက်စီးစေသည်။
၉။ဆိုးကျိုးများကို လျော့နည်းအောင် ဆောင်ရွက်နိုင်သော်လည်း ပျက်စီးမှုအားလုံးအား လျော့ပါးအောင် ဆောင်ရွက်ရန် မဖြစ်နိုင်ပါ။
၁၀ ။နှစ်စဉ်ရေကြီးမှုကို ကာကွယ်နိုင်သော်လည်း နှစ်များစွာကြာမှ တခါတရံဖြစ်ပေါ်သော ရေကြီးရေလျှံမှု ကိုမူ ကာကွယ်နိုင်ခြင်းမရှိပေ။
၁၁ ။တမံအနီးဝန်းကျင်တွင် နေထိုင်သူများအတွက် ကျန်းမာရေးဆိုင်ရာအန္တရာယ်များ ဖြစ်ပေါ်စေသည်။
၁၂။ ရေအားလျှပ်စစ်သည် သန့်ရှင်းသော စွမ်းအင်မဟုတ်ပါ။
၁၃ ။ရေလှောင်ကန်သည် ဖန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှင့်ပါသည်။
၁၄။နေစွမ်းအင်ကဲ့သို့ ခေတ်မီနည်းပညာရပ်များ အသုံးပြုပါက တမံများ တည်ဆောက်မှုကို လျော့ချနိုင်ပါသည်။
၁၅ ။သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့် လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်မှုကို လျော့ကျစေခြင်းသည် စဉ်ဆက် မပြတ် မဖြစ်ပေါ်နိုင်ပါ။
၁၆ ။ဂေဟဆိုင်ရာ၊ လူမှုစီးပွားရေးဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ ကုန်ကျစရိတ်များသည် တည်ဆောက် ရေး၏ အကျိုးတရားနှင့် ဆက်နွှယ်နေပါသည်။
၁၇ ။တမံကြီးသည် ကုန်ကျစရိတ် ကြီးမားပါသည်။

 
^ထိပ်ဆုံးသို့