မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Saturday, September 10, 2011

ဘေလာ့ဂ္ဂါဆုိတာ…

ဘေလာ့ဂ္ဂါဆုိတာဘာလဲ(တဂ်ပို့စ်) ဆိုတဲ့ ခေါင်းစဉ်လေးတွေကို ကျွန်တော်ရဲ့ ဘလော့ဂ် List ထဲမှာ စတင်တွေ့လိုက်တာကတော့ တူတော်မောင် ကိုကိုးအိမ် ရဲ့ ဘလော့ဂ်ကနေ စတွေ့လိုက်တာပဲ။ နောက်မှာတော့ Blog List ထဲမှာအဆက်မပျက်ဆိုသလိုပဲ ဟိုဘလော့ဂ်က တက်လာလိုက် ဒီဘလော့ဂ်ကတက်လာလိုက်နဲ့ပဲ။ အားတဲ့ အချိန်လေးတွေမှာ အဲဒီလို blog list ထဲမှာ တက်လာတဲ့ ဘလော့ဂ်ဂါဆိုတာ ဘာလဲ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သွားဖတ်မိလိုက်တော့၊ ဘလော့ဂ်ဂါ အသီးသီးကဖြင့် ရေးထားကြရာမှာ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ စုံလင်နေပြီ ဖြစ်တဲ့ အတွက် ကျွန်တော်အနေနဲ့ကတော့ ထွေထွေထူးထူး အဓိပ္ပာယ်ဖွင့်စရာ မရှိလောက်တော့ဘူးလို့ ထင်မိပါတယ်။ ဒါပေမယ့် ဘလော့ဂါ ဆိုတာဘာလဲ ဆိုတဲ့ ပထမဆုံး List ကိုတွေ့လိုက်လို့ သွားဖတ်မိလိုက်ပါတယ်။ တူတော်မောင် ကိုကိုးအိမ်က ကျွန်တော့်ကို တဂ်လုပ် ထားတာကို သွားတွေ့လိုက်ရပါတယ်။ တူတော်မောင်က ကိုယ့်ဦးလေးကို တော်တော် ချစ်ပုံရတယ်။ တဂ်လုပ်တဲ့ သူတွေထဲမှာ ထိပ်ဆုံးကနေကို ထည့်ထားတဲ့ အပြင် ဖေ့ဘုတ်မှာလည်း ထပ်ပြီး တဂ်လုပ်လိုက်သေးဗျာ။ ဒါအပြင် စီဘောက်စ်မှာလည်း ဘလော့ဂ်ဂါဆိုတာ.. ရေးပြီးပြီလားဆိုပြီး လာလာချောင်းနေကြတာဆိုတော့ J မရေးမဖြစ်၊ မရေးတက်ရေးတက်နဲ့ပဲ ဘလော့ဂ်ဂါဆိုတာ ဘာလဲ ဆိုတာကို ရေးမှဖြစ်တော့မယ်ပေါ့လေ။ ကျွန်တော့်မှာလည်း စာအရေးအသား မကောင်းတဲ့အပြင် စာကလည်း မရေးတက်တော့ ကိုယ့်ရဲ့ဘလော့ဂ်မှာလည်း ကိုယ်ပိုင်ရေးတာ ဆိုလို့ ဘာအကြောင်းအရာမှ သိပ်မရှိတော့ တဂ်လုပ်မယ့်သူကလည်း ရှိဘူးလေ…။ ဒါနဲ့ဆိုရင် တဂ်ပို့စ်ရေးတာ နှစ်ခုပဲ ရှိသေးတယ်လေ..။ ပထမတစ်ခုတုန်းကလည်း တူတော်မောင်ပဲ တဂ်လုပ်လို့ရေးလိုက်ရတယ်လေ။ ကိုယ့်ကို လာတဂ်လုပ်တာ ဆိုလို့ အချစ်ဆုံး တူတော် မောင်လေး ကိုကိုးအိမ် တစ်ယောက်ရှိတာ ဆိုတော့ သူ့ကို လေးစားသောအားဖြင့် ဒီတဂ်ပို့စ်လေး ကိုရေးလိုက်ရတာပါ။ သူ့ကို လေးစားတယ်ဆိုတာကတော့ သူက စာအရေးအသားကောင်းတဲ့သူမို့ လေးစားရတာပါ။ (ဘယ်လိုကောင်းတာလဲတော့ တိဝူး.. သူ့စာတွေလည်း ဖတ်ဖူးဘူး… :P ) ဝတ္ထုတိုတွေ ဘာတွေ လည်းရေး၊ ရှေ့နေဆိုတော့အပြောကလည်း ကောင်းတယ်ဆိုလို့ နည်းနည်းလောက် ချီးကျူး ကြည့်တာပါ… မြောက်မသွားနဲ့နော် (မြောက်ဘက်မှာ အန္တရာယ်ရှိတယ်.. တောင်ဘက်ပဲသွားနော်.. ) စတာနော် စိတ်ဆိုးရဘူး…. :P


စကားတွေ နည်းနည်းရှည်သွားပြီဆိုတော့ အဓိကလိုရင်းကို သွားကြည့်လိုက်ရအောင်ဗျာ..


ဘလော့ဂ်ဂါ ဆိုတာ ဘာလဲ ဆိုတာကို ကျွန်တော့်စိတ်ထဲ ရှိတာလေး ပြောပြရမယ်ဆိုရင်ဖြင့်…


လူတစ်ယောက်ဟာ ကိုယ့်ရဲ့… ကိုယ်ပိုင် စိတ်ကူး၊ အတွေးအခေါ်လေးတွေ၊ ခံစားချက်လေးတွေ၊ ပျော်ရွှင်ခြင်းလေးတွေ၊ ဝမ်းနည်းခြင်းလေးတွေကို ကိုယ့်ရဲ့ ဦးနှောက်ထဲမှာမြှုပ်နှံမထားတော့ပဲ…. အရင်ကလို ဒိုင်ယာယီစာအုပ်တွေ၊ စာရွက်တွေပေါ်မှာ ချရေးပြီး သိမ်းမထားတော့ပဲ… တစ်ကမ္ဘာလုံးမှာ ဘယ်နိုင်ငံကနေဝင်ဖတ်ဖတ် ဖတ်လို့ရတဲ့ အင်ကြာနက်လို့ ခေါ်တဲ့… J အဲ.. ဟုတ်ပေါင်.. အင်တာနက်လို့ ခေါ်တဲ့ အွန်လိုင်းပေါ်မှာ.. တနည်းအားဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံသူနိုင်ငံသားတို့ ရဲ့ မိခင်ကြီးလို့ ဆိုနိုင်တဲ့… Google ကြီးကနေ အလကားပေးထားတဲ့ဟာကို…. နည်းနည်းလောက်မှ ပိတ်မထားရင် မကျော်တက်၊ မခွတက်ဖြစ်ပြီး မြန်မာပြည်သူပြည်သားတွေ နည်းပညာပိုင်းမှာ အသိနောက်ကျသွားမှာ ဆိုးတဲ့အတွက် ကျော်ခွပြီး ဝင်ရေးလို့ရအောင်လုပ်ပေးထားတဲ့ Blogspot တို့ Wordpress တို့မှာ (ဆရာမ ဒေါ်ရွှေဇင်ဦး ပြောသလို) ကိုယ်ပိုင်အိမ်လေးတွေ တည်ဆောက်ပြီး အဲဒီအိမ်လေးတွေပေါ်မှာပဲ မည်သူမဆို ဝင်ယောက် စားသုံးနိုင်အောင် (မဒိုးကန် ပြောသလို တစ်ယောက်ရဲ့ အန်ဖတ်လေးတွေကို တခြားသူတွေ မျှဝေစားသုံးနိုင်အောင်) လို့ ကိုယ်ပိုင် စိတ်ကူးလေးတွေ နဲ့ ကိုယ်ပိုင်အင်ဂျင်နီယာလုပ်ပြီး၊ တချို့ကြတော့လည်း အင်ဂျင်နီယာတွေငှားပြီး တည်ဆောက်ထားတဲ့ အိမ်လေးတွေပေါ်မှာ ခင်းကျင်းပြသကျွေးမွေးထားတဲ့သူတွေ ကို ဘလော့ဂ်ဂါ လို့ ခေါ်ဆိုမိပါတယ်ဗျာ…။


အဲဒီလိုဘလော့ဂ်ဂါတွေဟာ… ကိုယ်ကျိုးကို မငဲ့ပဲ ၊ ကိုယ်ပိုင် အချိန်ကုန်ခံ ၊ ပိုက်ဆံ အကုန်ခံပြီးတော့ သူတို့သိထားတဲ့ ၊ တွေ့ထားတဲ့ အတွေးအခေါ်တွေ၊ ပညာတွေ၊ ဗဟုသုတတွေ၊ နည်းပညာတွေ၊ Software တွေ၊ ဘာသာရေးဆိုင်ရာ အသိပညာတွေ၊ သုတ၊ ရသစာပေတွေ၊ သတင်းတွေ၊ စာအုပ်တွေကို အီးဘုတ်တွေပြုလုပ်ပြီး စာကြည့်တိုက်တွေပေါ်မှာတင်ပြီး မည်သူမဆို အခမဲ့ရယူနိုင်အောင် ပြုလုပ်ထားကြပြီးတော့ ကိုယ့်ရဲ့ဘလော့ဂ်တွေပေါ်မှာ အများပြည်သူများ မည်သူမဆို ဝင်ရောက် ဖတ်ခွင့်ရအောင်၊ ဒေါင်းလုပ်လုပ်ပြီး ယူခွင့်ရအောင် ဖန်တီး ထားကြတာဟာဖြင့် အင်မတန်မှကို မြန်မာပြည်သူ ပြည်သားတွေရဲ့ ချစ်စရာကောင်းသော ဓလေ့လေးများ ဖြစ်ပါတယ်။ အဲဒီလို ချစ်စရာ ကောင်းသောဓလေ့လေးတွေကို တစ်ချို့က ဝမ်းမြောက်ဝမ်းသာစွာဖြင့် ဝင်ရောက်ဖတ်ရှု့ပြီး ချီးကျူး အားပေး သာဓု ခေါ်သွား ကြသောသူများ ရှိသလို၊ တစ်ချို့ကလည်း တစ်ခြားသူတွေရဲ့ လုပ်ဆောင်ချက် ကောင်းကွက်တွေကို၊ မေတ္တာမပွားနိုင်၊ ဂုဏ်မယူနိုင်ပဲ လှည့်ပတ် ဆဲဆို ကြိမ်းမောင်း မေတ္တာပို့သွားကြတဲ့သူတွေလည်း ရှိနေနိုင်တဲ့ အတွက် ကျွန်တော်တို့ဘလော့ဂ်ဂါ များအနေဖြင့်… ဘယ်သူတွေ ဘယ်လိုပဲ မနာလိုဖြစ်ပါစေ ၊ ဆဲဆိုကြိမ်းမောင်းမှုများ ပြုနေပါစေ… လောကရဲ့ရိုက်ခတ်လာတဲ့ အဆိုးလောကဓံကို ကြံ့ကြံ့ခံနိုင်ပြီးတော့ ၊ လောကကောင်းကျိုး၊ အများကောင်းကျိုးအတွက် အထောက်အကူ ဖြစ်စေမည့် စာပေများကိုရေးသား မျှဝေ နိုင်ကြပါစေလို့ ရေးသားရင်း… ဘုရားရှင်ကိုယ်တော်မြတ်ကြီးတောင် လူ့သားတွေရဲ့ ဘဝ ကောင်းစားဖို့ အတွက် လူ့ဘဝ သာသနာလာပြုတာလည်း လောကဓံဆိုးရဲ့ လှိုင်းတံပိုးဒဏ် (ဆဲဆို)ခံရပုံအကြောင်းလေးကို သာဓကအနေနဲ့ ရေးသားဖော်ပြရင်း… ကျွန်တော့်ရဲ့ ဘလော့ဂ်ဂါ ဆိုတာ… ဆိုတဲ့ ခေါင်းစဉ်လေးကို အဆုံးသတ်လိုက်ရပါတယ်ခင်ဗျာ…။


“ဘုရားရှင်လက်ထက်တော် အခါက ဥတေနမင်းကြီးအုပ်ချုပ်တဲ့ ကောသမ္ဗီပြည်ကြီးမှာ ဆိုရင် ဘုရားရှင်နှင့် သံဃာတော်တွေ မနက်ဆွမ်းခံကြွတိုင်း အမူးသမားများက နောက်က တကောက်ကောက်လိုက်ပြီး ခုနစ်ရက်ကြာအောင် ဆဲဆိုခဲ့ကြရပါတယ်။”


သူတို့က ဘာလို့ ဆဲကြတာလဲ ဆိုတော့…


“ ဥတေနမင်းကြီးရဲ့ မိဖုရားတစ်ပါးဖြစ်တဲ့ မာဂဏ္ဍီက ဆဲခိုင်းလို့ဖြစ်ပါတယ်။ မာဂဏ္ဍီဟာ.. အပျိုတော်ဘဝတုန်းက အရမ်းချောမောလှပတဲ့အတွက် သူ့အဖေပုဏ္ဏားကြီးက ငါ့သမီးထက်လှတဲ့ ယောကျာ်းနဲ့ပဲ ပေးစားမယ်ဆိုပြီး သားမတ်ချောချောကို ကိုယ်တိုင်လိုက်ရှာခဲ့ပါတယ်။ သူဌေးသားတွေ၊ ဝန်ကြီးသားတွေ လာလာစပ်ပေမယ့် သူ့သမီးလောက် ရုပ်မလှလို့ လက်မခံပါဘူး``


``တစ်ရက်တော့ သူ့လိုကိုယ်လို ရဟန်းတစ်ပါးအသွင်နဲ့ဆွမ်းခံကြွလာတော်မူတဲ့ ဘုရားရှင်ကို သဘောကျသွားပြီး သူ့သမီးချောကို သွားပြောကာ ဘုရားရှင်နှင့်သံဃာတော်များကို အိမ်ကိုအပါ ခေါ်လာခဲ့ပြီး သူ့သမီးနဲ့ လက်ဆက်ဖို့ပြောပါတယ်။ အဲဒီမှာ ဘုရားရှင်က ငါဟာ ဘုရားမဖြစ်ခင် အလောင်းတော်ဘဝ တရားကျင့်စဉ်ကပင် မာရ်နတ်၏ သမီးသုံးယောက် လာပြီး ဖျားယောင်းသွေးဆောင်တာတောင် စိတ်မယိုင်ခဲ့ဘူး…``


``အခုလို ကိလေသာကုန်ခမ်းပြီး ဘုရားဖြစ်တဲ့ အချိန်မှာတော့ သင့်သမီးကို လက်ထက်ယူဖို့ဝေးလို့ ခြေမနဲ့တောင် မတို့ချင်ဘူး.. လို့ မိန့်တော်မူပြီး တရားဆက်ဟောလိုက်တာ မာဂဏ္ဍီရဲ့ အဖေနဲ့အမေဟာ မဂ်ဖိုလ်ကို ရသွားကြပါတယ်။ ဒေါသဖြစ်နေတဲ့မဂဏ္ဍီကတော့ ဘာမှတရားမရတဲ့အပြင် ဘုရားရှင်ကို ရန်ငြိုးဖွဲ့ပြီး အခုလို သူ မိဖုရားဖြစ်တဲ့အချိန်မှာ ကလဲ့စားချေတဲ့အနေနဲ့ အမူးသမားတွေကို ငွေပေးပြီး ဘုရားရှင်နဲ့ သံဃာတော်တွေကို နေ့စဉ် လိုက်ဆဲခိုင်းခြင်းပဲ ဖြစ်ပါတယ်…`` တဲ့…….။


မှတ်ချက်။ ။ မေတ္တာရှင်ဆရာတော်ဟောတော်မူသော တရားတော်ထဲမှ သိရှိခဲ့ရသော အကြောင်းအရာလေးအား ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

ဒါကြောင့် ဘလော့ဂ်ဂါ အားလုံးလည်း လောကဓံဆိုးရဲ့ လှိုင်းတံပိုးများကို ကြံကြံခံနိုင်ပြီး… အေးချမ်းသာယာချမ်းမြေ့စွာဖြင့်… အများအကျိုးသယ်ပိုးနိုင်သော၊ အများအတွက်၊ တိုင်းပြည်နှင့်လူမျိုးအားလုံးအတွက် တစ်တောင့်တစ်နေရာမှ အကျိုးပြုနိုင်ကြသော ဘလော့ဂါများ ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း….


စာအရေးအသား မကျွမ်းကျင်သည့်အတွက် အမှားများပါသွားခဲ့ရင် ခွင့်လွှတ်နားလည် သည်းခံဖတ်ရှု့ပေးကြပါလို့.. ဆန္ဒပြုရင်း…

ခင်မင်စွာဖြင့်…

ဇော်သိင်္ခ

6 comments:

SHWE ZIN U said...

ကိုဇော်သိက္ခ ရေ

ရွှေစင်ဦး ရဲ့ အိမ်လေး သာယာလှပရေး အတွက် ကူညီ ခဲ့တာတွေ ကိုမမေ့ပါဘူး

အဓိပ္ပါယ်ဖွင့်ဆိုချက်လေး ကိုဖတ်သွားပါတယ်

ခင်မင်စွာဖြင့်

mstint said...

တဂ်ပို့စ်လေးကို တရားတော်နဲ့ပတ်သက်ပြီး ရေးမှရေးပါ့မလားလို့ စိုးရိမ်နေတား))ဘလော့ဂါကောင်းတစ်ယောက် ဖြစ်စေဖို့အတွက်အထောက်အကူပြု စာကောင်းပေကောင်း ဖတ်သွားတယ် ဇော်သိင်္ခရေ။ (မရေးတတ်လို့ပဲနော် ရေးတတ်ရင်မလွယ်ဘူးး))
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Angelhlaing(May everybody be happy and healthy! said...

ဟုတ်ပနော် မရေးတက်လို့ပဲ ဟွန့် ..အန်တီတင့်လိုပဲ :):)

KMC@ချင်းလေး said...

ဖတ်လိုက်ပြီအစ်ကို...လေးစားဖွယ်အရေးအသားလေးနဲ့သာဓကလေးပါ.။ အားကျမိပါ၏:P..။ ဘလော့ဂါကောင်းတစ်ယောက်ဖြစ်မြဲအတိုင်းဖြစ်နေပါစေလို့ ဆန္ဒပြုပေးလိုက်ပါတယ်အစ်ကိုရေ..

8Yar said...

အစ်ကိုရေ ဥပမာလေးက အရမ်းကောင်းတယ်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေ ခင်ဗျာ။

Green said...

အကိုရေ ဘလော့ဂါဆိုတာလေးကိုဖတ်သွားပါတယ်

စာပေရေးတဲ့သူနဲ့ဖတ်တဲ့သူနဲ့ ကြားမှာ

အချင်းချင်း ချစ်သောမျက်စိ နှင့်ကြည့်နိုင်ကြပါစေဗျာ

လေးစားလျက်.

 
^ထိပ်ဆုံးသို့