မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Thursday, September 29, 2011

မိကျောင်းမင်း ရေကင်းပြခြင်း

6658795.jpg

မှားယွင်းမှုဟူသည် မောဟမကင်းသူလူတိုင်းနှင့်ဆက်ဆံ၏။

သူတစ်ပါးမှားလျှင် အမှန်ရောက်အောင် ငါပြင်မည်။

ငါမှားလျှင် သူတစ်ပါးအပြင်ကို ငါခံမည်။

ငါ့ကိုပြုပြင်သူကို ငါ့ဆရာဟု အမှတ်ပြုမည်။

သူတစ်ပါးအကျိုးကို ငါလိုလားမှ

ငါ့အကျိုးကို သူတစ်ပါးက လိုလားမည်။

ငါ့တာဝန်ကို ငါကိုယ်တိုင်သိ၍ ဆောင်ရွက်မည်။

ငါ့အလိုသို့သာ တစ်ဖက်သတ်လိုက်သူမှာ

ငါ့မိတ်ဆွေမဟုတ်

သုခ၏ မျိုးစေ့ဖြစ်သောဒုက္ခကို

ရဲဝံ့စွာ ငါခံယူမည်။

ဒုက္ခ၏ မျိုးစေ့ဖြစ်သော သုခကို

ရဲဝံ့စွာ ငါရှောင်ရှားမည်။

ငါ့အလုပ်နှင့်တူသော အကျိုးကို

မချွတ်ငါရမည်။

(အဘိဓဇမဟာရဋ္ဌဂုရု ညောင်တုန်းမြို့၊ ရွှေဟင်္သာတောရ၊ စတုတ္ထစံကျောင်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိမလ)

“မိကျောင်းမင်း ရေကင်းပြ၊ ဘုန်းကြီးစာချ”

ဟူသော စကားပုံတို့က

ဆရာကသာတပည့်ကို ဆုံးမရမည်။

တပည့်ဖြစ်သူက ဆရာအား

မဆုံးမရဟု ပြနေသည်။

ထိုစကားပုံတို့သည်

မသိမှုအဝိဇ္ဇာကို အကုန်အစင်ပယ်ပြီးသော

ရဟန္တာ တို့အတွက်သာ ဖြစ်နိုင်သည်။

အဝိဇ္ဇာမပယ်ရသေးသော

ပုထုဇဉ်တို့အတွက်ကား မဖြစ်နိုင်ချေ။

အဘယ်ကြောင့်နည်း။

မောဟ မကင်းသေးသူမှန်သမျှ

အမှားနှင့် မကင်းသေးသောကြောင့်ပါတည်း။

သီဟိုဠ်ကျွန်း၊ တလင်္ဂရအရပ်၌ သီတင်းသုံးနေထိုင်တော်မူသော ဓမ္မဒိန္န အမည်ရှိ ရဟန္တာမထေရ်မြတ်ကြီးသည် ဥစ္စဝါလိကအရပ်၌ သီတင်းသုံး နေထိုင်တော်မူသည့် ကမ္မဋ္ဌာနစရိယဆရာဖြစ်တော်မူသော မဟာနဂမထေရ်ကြီးကို အဘယ်ကဲ့သို့ဆုံးမရမည်ကို စဉ်းစား၍ မရအောင် ရှိနေတော် မူရှာလေသည်။

အစဉ်းစားရကြပ်မည်ဆိုလျှင်လည်း ကြပ်စရာပါပေ။ အဘယ်ကြောင့် ဆိုသော် မဟာနာဂမထေရ်ကြီး၏ နည်းပေးလမ်းပြမှုဖြင့် ဓမ္မဒိန္နမထေရ် နှင့်တကွ တပည့်ပေါင်း သုံးသောင်းကျော်တို့သည် ကိလေသာအာသဝေါကုန်ခန်း ရဟန္တာ ဖြစ်တော်မူကြရသည်။ သို့သော် မိမိတို့ကိုယ်တိုင် ရဟန္တာဖြစ်ပြီး၍ ဆရာဖြစ်သူ၏ စိတ်ကို မိမိတို့စိတ်ဖြင့် ပိုင်းခြားဝေဖန်၍ ကြည့်လိုက်သောအခါ ထူးပေဆန်းပေစွ။ အံ့သြစရာကောင်းပေစွ။

ဆရာဖြစ်သူ မဟာနာဂမထေရ်ကြီးကား တစ်ထောင့်ငါးရာ ကိလေသာကို တစ်ပါးမှ မသတ်ရသေးသော ပုထုဇဉ်ဘဝသာ ရှိသေးသည်ကို တွေ့ကြရသောကြောင့်ပေတည်း။ ဝါတော် ၆၀-ကျော်၊ သက်တော် ၈၀-ကျော်၊ မထေရ်ကြီးလည်းဖြစ်ပြန်၊ မိမိတို့ရဟန္တာဖြစ်ရန် တရားပြပေးသော ဆရာလည်းဖြစ်ပြန် ဤအကြောင်းကြီးနှစ်ချက်ကြောင့် မည်သည့်တပည့်ကမျှ အသိပေး လျှောက်ထားရဲခြင်း မရှိကြပါချ။

ကိလေသာကင်းကွာခြင်းသည် လျှပ်စစ်လက်သကဲ့သို့ တဒင်္ဂကင်းကွာခြင်း၊ မှော်တောထဲခဲပစ်လိုက်သကဲ့သို့ ဝိက္ခမ္ဘန= အနည်းငယ်ကြာအောင် ကင်းကွာခြင်း၊ မိုးကြိုပစ်ချသကဲ့သို့ နောင်သံသရာ တစ်လျှောက် ဘယ်တော့မှ ထပ်မဖြစ်တော့အောင် သမုစ္ဆေဒ= အမြစ်ပြတ်ကင်းကွာခြင်းဟု သုံးမျိုးရှိရာ အဘိညာဉ်သမာပတ်အရာ အမြဲဝင်စားနိုင်လောက်အောင် နိုင်နင်းတော်မူသော မဟာနာဂမထေရ်ကြီး၏သန္တာန်၌ အဘိညာဉ်၏ တန်ခိုးဖြင့် နှစ်ပေါင်း ၆၀-ကျော်ကြာအောင် ကိလေသာများ ဝိက္ခမ္ဘနပဟာန်အားဖြင့် ကင်းကွာနေရာ အရဟတ္တမဂ်ရရှိပြီး ရဟန္တာဖြစ်၍ ကင်းကွာနေတာဟု ထင်လျှင်လည်း ထင်စရာပါပေ။ အကယ်၍ ဆရာဟူသောဂုဏ်ကြောင့် မည်သည့်တပည့်ကမှ အသိပေးဆုံးမခြင်းမရှိခဲ့လျှင် ရဟန္တာတပည့်သုံးသောင်းကျော်ကို မွေားဖွားပေးခဲ့သော မဟာနာဂမထေရ်ကြီးကား ပုထုဇဉ်အဖြစ်နှင့်သာ ပျံတော်မူရပေတော့မည်။

ထိုအဖြစ်ကို မြင်တော်မူရက်ရှာသော ဓမ္မဒိန္နမထေရ်မြတ်ကြီးသည် မဖြစ်ဖြစ်သည့်နည်းဖြင့် အသိပေး ဆုံးမတော်မူမည်ဟူသော စေတနာဖြင့် မဟာနာဂမထေရ်ကြီး သီတင်းသုံးရာ ဥစ္စဝါလိကအရပ်သို့ ကြွရောက်တော် မူခဲ့လေသည်။ ဓမ္မဒိန္နမထေရ်ကိုမြင်လျှင် မဟာနဂမထေရ်ကြီးက..

“ငါ့ရှင် ဓမ္မဒိန္န အခါမဟုတ်ဘဲ အဘယ်သို့သော အကြောင်းထူးကြောင့် လာခဲ့ပါသလဲ”

“မှန်ပါ့ အရှင်ဘုရားထံတွင် ပြဿနာလေးများ မေးလျှောက်ရန် အတွက် လာခဲ့ခြင်းဖြစ်ပါသည်ဘုရား”

“ငါ့ရှင် ဓမ္မဒိန္န မေးပါ။ သိလျှင်လည်း ဖြေပါ့မယ်”

သို့နှင့် လောကုတ္တရာရေးနှင့်ပတ်သက်ဆက်စပ်သော ပြဿနာပေါင်း တစ်ထောင်ကိုမေးမြန်းရာ လွယ်လင့်တကူပင် ဆုတ်ဆိုင်းခြင်းမရှိ၊ ဖြေတော်မူ နိုင်သည်။ ထိုအခါ ဓမ္မဒိန္နမထေရ်မြတ်က…

“အရှင်ဘုရားရဲ့ ဉာဏ်တော်ဟာ ထက်မြက်စူးရှတော်မူလှပါတယ်။ အရှင်ဘုရား ဒီတရားထူးကို ဘယ်အချိန်ကာလလောက်က ရရှိခဲ့ပါသလဲဘုရား”

“လွန်ခဲ့သော အနှစ်ခြောက်ဆယ်လောက်က ရခဲ့ပါတယ်”

“အရှင်ဘုရား သမာဓိတန်ခိုး(အဘိညာဉ်တန်ခိုး) အသုံးပြုပါသေးသလားဘုရား”

“ငါ့ရှင် သမာဓိအသုံးပြုခြင်းသည် မခဲယဉ်းပါ”

“ဤသို့ဆိုလျှင် တပည့်တော်ကို ဆင်တစ်ကောင် ဖန်ဆင်းပြပါဘုရား”

ထိုအခါ မဟာနာဂမထေရ်ကြီးက အစွယ်ကြီးတကားကားနှင့် ကြီးများထွားကြိုင်းလှသော ဆင်ဖြူတော်ကြီးတစ်ကောင်ကို ဖန်ဆင်းပြလိုက်သည်။

“အရှင်ဘုရား။ အဲဒီဆင်ကြီးဟာ နားရွက်ကုပ်၊ အမြီးထောင်ကာ နှာမောင်းကို ခံတွင်းထဲထည့်ပြီး ကြောက်မက်ဖွယ် အသံပေးလျာက် အရှင် ဘုရားထံ တည့်တည့်ပြေးလာဟန် ဖန်ဆင်းပြတော်မူပါဦးဘုရား”

ဓမ္မဒိန္နမထေရ်၏ စကားအဆုံးမှာပင် မဟာနဂမထေရ်ကြီးက ဖန်ဆင်းပြတော်မူလိုက်ရာ အဘိညာဉ်တန်ခိုးဖြင့် ဖန်ဆင်းထားသော ဆင်သည် တကယ့်မုန်ယိုနေသည့် ဆင်တစ်ကောင်ကဲ့သို့ ပြေးလာရာ ပုထုဇဉ်မျှသာရှိသေးသော မဟာနာဂမထေရ်ကြီးသည် မိမိဖန်ဆင်းသော ဆင်ကိုပင် ကြောက်လန့်ရှာလွန်းသဖြင့် ထပြေးရန် ဟန်ပြင်လိုက်ရာ ထိုအချက်ကို သတိထားနေသော ဓမ္မဒိန္နမထေရ်မြတ်က မဟာနာဂမထေရ်ကြီး၏ သင်္ကန်းစကို လှမ်းဆွဲပြီး မေးလျှောက်လိုက်သည်မှာ…

“အရှင်ဘုရား… ရဟန္တာများမှာ ကြောက်ရွံ့ထိတ်လန့်ခြင်း ရှိပါသေးသလားဘုရား”

ထိုအခါကျမှ မဟာနာဂမထေရ်ကြီးမှာ မိမိ၏ ပုထုဇဉ်အဖြစ်ကို သိရှာတော်မူသဖြင့် တပည့်ဖြစ်သူ ဓမ္မဒိန္နမထေရ်ရှေ့တွင် လက်အုပ်ချီဆောင့်ကြောင့်ထိုင်လျက်…

“ကျေးဇူးကြီးလှပါသည် ငါ့ရှင်ဓမ္မဒိန္န။ ငါ့ရှင် ဝံ့ဝံ့စားစား လာရောက် ဆုံးမသောကြောင့်သာလျှင် တပည့်တော်သည် မိမိ၏ ပုထုဇဉ်အဖြစ်ကို သိရပါသည်။ တပည့်တော်အား ကိလေသာကို အမြစ်ဖြတ် ပယ်သတ်ပေးနိုင်မည့် ကမ္မဋ္ဌာန်းနည်းလမ်းကို ပေးသနားတော်မူပါ” ဟု ကမ္မဋ္ဌာန်းတောင်းရာ ဓမ္မဒိန္နမထေရ်မြတ်ကလည်း ပေးသနားတော်မူသဖြင့် ကမ္မဋ္ဌာန်းကိုသင်ယူပြီး စကြံင်္သွားရင်းအားထုတ်ရာ ခြေသုံးလှမ်းအရမှာပင် ရဟန္တာဖြစ်တော်မူခဲ့ရပါသည်။ ဤသည်လည်း အောင်မြင်သော ဆုံးမခြင်းပေတည်……။

မေတ္တာရှင် (ရွှေပြည်သာ)ဖဖောင်းတိုင်တစ်တိုင်၏အလင်းရောင် နှင့် ဒဿနရသဝတ္ထုတိုများ စာအုပ်မှ ကောက်နှုတ်ရေးသား ဖော်ပြသည်။

ခင်မင်စွာဖြင့်…

ဇော်သိင်္ခ

4 comments:

jasmine(တောင်ကြီး) said...

ငါ့အလုပ်နှင့်တူသော အကျိုးကို
မချွတ်ငါရမည်။
ဟုတ်တာပေါ့ တစ်ချို့သောသူတွေခုထိ
မသိသေးဘူး ၊
ပုထုဇဉ်တို့အတွက်ကား မဖြစ်နိုင်ချေ။
အဘယ်ကြောင့်နည်း။
မောဟ မကင်းသေးသူမှန်သမျှ
အမှားနှင့် မကင်းသေးသောကြောင့်ပါတည်း။
အကောင်းဆုံးကအမှားနဲပြီး ဒေါသနဲတာ
ကောင်းပါတယ်နေရာတိုင်းဒေါသကြီးရင်အမှာတွေ့
တာမြန်တယ်နော်.....
ခင်မင်တဲ့ jasmine

အလွမ်းမြို့လေး said...

သူတစ်ပါးမှားလျှင် အမှန်ရောက်အောင် ငါပြင်မည်။

ငါမှားလျှင် သူတစ်ပါးအပြင်ကို ငါခံမည်။.

အဟီး...အလွမ်းမြို့ကိုများ ပြောထားတာလား မသိ။ဒီစာလေးက.. စာတွေဖတ် ဗဟုသုတ ယူသွားတယ်။ပျော်ရွှင်ပါစေ

Anonymous said...

ဆရာတော်ဧ။်အဆုံးအမများအား ရိုသေစွာ
လိုက်နာကျင့်ကြံနိုင်အောင်ကြိုးစားသွားပါမည်။
ဝေမျှပေးတဲ့ ဘလော့ပိုင်ရှင် အန်ကယ်ဇော်လည်း
ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းစွာ
ဆက်လက်ဝေမျှနိုင်ပါစေရှင်
ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း..
ချစ်ခင်စွာဖြင့်
သမီးစံ

mstint said...

တန်ဘိုးရှိလှတဲ့ တရားဓမ္မအဆုံးအမများကို မျှဝေပေးတဲ့အတွက် ကျေးဇူးပါ မောင်ဇော်သိင်္ခရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

 
^ထိပ်ဆုံးသို့