မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Wednesday, April 6, 2011

စစ်ကိုင်းဆွမ်းလောင်းအသင်းအနီး လမ်းခင်းခြင်း

5396784.jpg

5396786.jpg


စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းအနီး၊ လပြည့်ဝန်းလမ်းသွယ်တွင် ၊ သီလရှင်ကျောင်း ၃၉ ကျောင်းမှ သီလရှင်များ၊ သာရေးနာရေးအတွက် သွားလာနေကြသော  ပေ ၅၀၀ ကျော်ခန့်အရှည်ရှိ လမ်းသွယ်လေးသည် မြေသားလမ်း ဖြစ်နေ၍ မိုးရာသီတွင် ရေအိုင်များ၊ရေစီးကြောင်းများ ဖြစ်နေခြင်းကြောင့်  သီလရှင်များအတွက် ရေအိုင်နှင့် ရေးစီးကြောင်း များကြောင့် အခက်အခဲ ဖြစ်ကြရပါသည်။ ထို့ကြောင့် ထိုလမ်းခင်းခြင်းအစီအစဉ်ကို နာယကဆရာတော်ကြီးများ၊ သြ၀ါဒဆရာတော်ကြီးများနှင့် တိုင်ပင်ပြီး  ဆောင်ရွက်လျှက် ရှိပါသည်။ 

5396772.jpg

5396785.jpg
ယခု ပြန်လည်၍ လမ်းခင်းခြင်း ပထမအဆင့် အနေဖြင့် လမ်းခင်းမှုနှင့်ပါက်သက်၍ လုပ်ငန်းအခြေအနေမှာ ပေ(၃၀၀)အား အောက်ခြေဖောင်ဒေးရှင်း ကျောက်ကြီးများ(၆x၉) ခင်းပြီး အဆိုပါကျောက်ကြီးအပေါ်မှ (၂x၄) ကျောက်ခင်းခြင်း နှင့် ထိုအပေါ်မှ (၁x၂)ကျေက်ခင်းထားပါသည်။ ကျန်သောပေ ၂၅၀ အား ဆက်လက်ပြီး မြေတူးခြင်း များဆောင်ရွက်နေပြီဖြစ်ပါသည်။ သင်္ကြန်မတိုင်ခင် ကျန်သောလမ်းပေ ၂၅၀ အား ကျောက်အပြီးခင်းမည်ဖြစ်ပါသည်။ ဒုတိယအဆင့်အနေနှင့် လမ်းကြိတ်စက်ဖြင့် လမ်းအား ကြိတ်မည်ဖြစ်ပါသည်။ အဆိုပါလမ်း ပြီးမြောက်ရန်အတွက် နောက်ထပ် အလှူရှင်များလည်း အိုအပ်လျက်ရှိပါသည်။ ထို့ကြောင့် လှူဒါန်းလိုသူများအနေဖြင့် အောက်ပါ လိပ်စာများ တွင် ဆက်သွယ် လှူဒါန်း နိုင်ပါသည်။ ယခု လှူဒါန်းထားသူများနှင့် ရရှိပြီး အလှူငွေ စာရင်းကိုလည်း အောက်တွင်ဖော်ပြပေးသွားပါမည်။   
 5396754.jpg
5396755.jpg

5396756.jpg

ပုံမှန်လစဉ်အလှူရှင်များ စာရင်း
၁။ မတည် အလှူရှင် ဘိုသု ကွမ်းယာ မိသားစုနှင့်အလှူရှင်သုံးဦး (စစ်ကိုင်းမြို့)တို့ မှ အလှူငွေ လေးသိန်းကျပ်။
၂။ မနီလာအေး ``ပင်မြင့်စံ`` ဘော်ဒါ (မန္တလေးမြို့) မှ အလှူငွေ တစ်သိန်းကျပ်။
၃။ ဒေါ်ရွှေဇင်ဦး (SS DTP & Copy ) မန္တလေးမြို့ မှ အလှူငွေ တစ်သိန်းကျပ်။
၎။ ကိုဇော်သိင်္ခ (မိုးကောင်းကင်ဘလော့) မှ အလှူငွေ တစ်သိန်းကျပ်။
၅။ MKK1 အင်တာနက်ဆိုင်(မန္တလေးမြို့)မှ အလှူငွေ တစ်သိန်းကျပ်။
၆။ Wai Yan အင်တာနက်ဆိုင်(မန္တလေးမြို့)မှ အလှူငွေ တစ်သိန်းကျပ်။
၇။ ကိုအားဝေ(GTC မန္တလေးမြို့) နှင့်ကိုသော်ဇင်မောင်တို့ မှ အလှူငွေ တစ်သိန်းကျပ် လှူဒါန်းပြီး ။
၈။T&D အင်တာနက်ဆိုင် စစ်ကိုင်းမြို့မှ အလှူငွေတစ်သိန်းကျပ်။ 
၉။ ဒေါ်အေးသန်း စစ်ကိုင်းမြို့ မှ အလှူငွေ ငါးသောင်းကျပ်။
အထက်ပါအလှူရှင်များမှာ ဇန်နဝါရီလမှ စ၍ လစဉ် တစ်လ တစ်သောင်းနှုံးဖြင့် ပုံမှန် လှူ ဒါန်းလျက်ရှိပါသည်။
5396752.jpg

5396761.jpg

တစ်ခါတည်း လှူဒါန်းပြီးသော အလှူရှင်များ စာရင်းမှာ

၁။  စင်ကာပူ မှ အလှူရှင် ဒကာမကြီး တစ်ဦးမှ အလှူငွေ ခုနစ်သိန်း(၇၀၀၀၀၀)ကျပ်။
၂။ ကိုကျော်သူရ စင်ကာပူမှ တစ်သိန်းကျပ်။
၃။ ဦးမြင့်ကျော်+ဒေါ်သိန်းသန်းညွန် (မြစ်ကြီးနားမြို့) မှ အလှူငွေ တစ်သိန်းကျပ်။
၎။ Polar အင်တာနက်ဆိုင် (စစ်ကိုင်းမြို့) မှ အလှူငွေ ငါးသောင်းကျပ်။
၅။ ကိုရန်အောင် USA  မှ အလှူငွေ လေးသောင်းသုံးထောင်(၄၃၀၀၀)ကျပ်။
၆။ နော်ဝေးနိုင်ငံမှ မောင်နိုင်းနိုင်း မှ အလှူငွေ  လေးသောင်းကျပ် ။
၇။  ကိုထွန်းဝင်းလတ် မှ အလှူငွေ သုံးသောင်းကျပ် ။
၈။ ငြိမ်းအိဖြိုး ၊မြတ်နိုး ၊သီတာမျိုး ၊လူပျိုကြီးတင်မျိုး(မန္တလေးမြို့) တို့မှ အလှူငွေ ၂၇၀၀၀ကျပ်။
၉။ Top အင်တာနက်ဆိုင်(မန္တလေးမြို့)မှ အလှူငွေ တစ်သောင်းကျပ်။
၁၀။ ချောအိမာန်(မန္တလေး)မှ အလှူငွေ တစ်သောင်းကျပ်။
၁၁။ ကိုမျိုး (မြစ်ကြီးနားမြို့)မှ အလှူငွေ တစ်သောင်းကျပ်။
၁၂။ နတ်ဆိုးလေး ဘလော့ဂါမှ အလှူငွေ ငါးထောင်ကျပ်။
လမ်းခင်းရန်အတွက် ရရှိပြီး စုစုပေါင်း အလှူငွေမှာ ၂၂၇၅၀၀၀ (နှစ်ဆယ့်နှစ်သိန်းခုနစ်သောင်းငါးထောင်) ကျပ် ဖြစ်ပါသည်။
ထို့ကြောင့် လှူဒါန်းလိုသူများ အနေဖြင့် အဆင်ပြေနိုင်စေရန်အတွက် ကျောက်ကားတစ်စီး လျှင် (၁၈၀၀၀)နှုံးဖြင့် လည်း ပါဝင်လှူဒါန်း နိုင်ကြပါသည်။

လှူဒါန်းလိုသူများအနေဖြင့် အောက်ပါလိပ်စာများသို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော် လိုက်ရပါသည်။

ဦးကောဝိဒ(စစ်ကိုင်း)  kovida9@gmail.com  ( ဖုန်း - 092110202 )
ကိုဇော်သိင်္ခ(မန္တလေး) zawtk07@gmail.com ( ဖုန်း - 0991041540 )
ကိုဇော် (မလေးရှား)  zaw357@gmail.com (မလေးရှားမှ လှူဒါန်းလိုသူများအတွက်)
ကိုရန်အောင် (USA) aungyan@gmail.com (USA မှ လှူဒါန်လိုသူများအတွက် )


စင်ကာပူမှ လှူဒါန်းလိုသူများအနေဖြင့်...
ကိုငယ်လေး (စင်ကာပူ) unrecover@gmail.com
Ye Lin Maung
Trident Hydro Jetting Pte. Ltd
Tel: +65 6268 1752 / Fax: +65 6268 3095
11, Tuas West Avenue, S,638436
Hp- +65 9757 9864
yelinmaung@boilermaster.biz
www.boilermaster.com.sg
POSB saving- 171-32030-5



ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

ပဋိသန္ဓေတားခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်းနှင့် ကိုယ့်ကိုယ်ကို သတ်သေခြင်း

 ယောကျာ်းမှာ မိသားစု စီမံချက်ကို မိမိတို့ရဲ့ အဆင်ပြေမှုအရ လွတ်လပ်စွာ ပြုလုပ်နိုင်သော်လည်း ကိုယ်ဝန် ဖျက်ချခြင်းကတော့ တရားမဝင်ပါဘူး။

ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ပဋိသန္ဓေ တားဆီး ထိန်းချုပ်ခြင်းကို ဆန့်ကျင်ရန် အကြောင်း ယုတ္တိ မရှိပါ။ မိမိတို့ သဘော ဆန္ဒအလျောက် အိမ်ထောင်ရှင်များ အနေနဲ့ ရှေးကျတဲ့ နည်းတွေနဲ့ပဲ ဖြစ်ဖြစ်၊ ခေတ်သစ် တားဆေးတွေနဲ့ပဲ ဖြစ်ဖြစ် ပဋိသန္ဓေ မရအောင် တားဆီးလိုက လွတ်လပ်စွာဆားဆီးနိုင်ပါတယ်။ တချို့ ပဋိသန္ဓေ တားဆီးခြင်းကိစ္စကို ကန့်ကွက်သူများ ပြောကြတာက ဒါဟာ ဘုရား သခင်ရဲ့ အလိုတော်ကို ဆန့်ကျင်တာ ဖြစ်တယ်ဆိုပြီး ကန့်ကွက်ကြတာပါ။ သူတို့အနေနဲ့ သတိပြုသင့်တာက ပဋိသန္ဓေ ကိစ္စကို သူတို့ ပြတဲ့ အကြောင်းပြချက်ဟာ သဘာဝယုတ္တိ၊ အာဂမယုတ္တိ မရှိဘူး ဆိုတာပါ။ ပဋိသန္ဓေ တားဆီး ထိန်းချုပ်ရေးကိစ္စမှာ ပြုလုပ်ကြတာက နောက် ဖြစ်တည်လာမည့် သတ္တဝါကို လူ ဖြစ်မလာမီ တားဆီးထားတာပဲဟာ။ ဒါဟာဖြစ်လာပြီးတဲ့ သတ္တဝါကို သတ်ဖြတ်တာမှ မဟုတ်ဘဲနဲ့။ ဒါ့ကြောင့် ပဋိသေန္ဓ မဖြစ်ခင် တားတာဟာ အကုသိုလ် အလုပ်လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ပဋိသန္ဓေရပြီသား သန္ဓေသားကို ကိုယ်ဝန် ဖျက်ချတာကတော့ မကောင်းတဲ့ အကုသိုလ်အမှု ဖြစ်ပါတယ်။ ဒါဟာ မှားယွင်းတဲ့ အလုပ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ဝန် ဖျက်ချခြင်းဟာ ရှင်သန်ပြီး သတ္တဝါကို သတ်ဖြတ်ခြင်း၊ ဖျက်ဆီးခြင်း ဖြစ်လို့ပဲ ဖြစ်တယ်။ ကိုယ်ဝန် ဖျက်ချခြင်းကတော့ တရားမဝင်တဲ့ လုပ်ရပ်ပါ။
မြတ်ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောကြားတော်မူခဲ့တဲ့ ပါဏာတိပါတကံထိုက်တဲ့ အခြေအနေ ငါးမျိုး ရှိပါတယ်။ ဒီငါးမျိုးနဲ့ အကျုံးဝင်ရင် သူ့အသက်ကို သတ်ခြင်း အကုသိုလ်ကံ မြောက်တယ်။ ပါဏာတိပါတကံဖြစ်စေတဲ့ အခြေအနေ ငါးမျိုး ဆိုတာက….
၁ ။ သတ္တဝါ ဖြစ်ဖြင်း
၂။ သက်ရှိသတ္တဝါ ဖြစ်သည်ကို သိခြင်း
၃။ သတ်ဖြတ်လိုသော ရည်ရွယ်ချက် စေတနာ ပါရှိခြင်း
၎။ သတ်ဖြတ်ရန် အားထုတ်မှုရှိခြင်း
၅။ သတ်၍ သေခြင်း တို့ ဖြစ်သည်။
အမျိုးသမီး  တစ်ဦးမှာ ကိုယ်လေးလက်ဝန် ရှိလာပြီဆိုရင် သူမရဲ့ ဗိုက်ထဲမှာ သက်ရှိ ရုပ်ကလေး၊ သတ္တဝါကလေး တစ်ခု ဖြစ်ပေါ်လာပြီး ဖြစ်ပါတယ်။ ဒါဆိုရင်  ပထမချက်ဖြစ်တဲ့ သတ္တဝါဖြစ်ခြင်းဆိုတဲ့ အခြေအနေ ရှိပြီ ဖြစ်ပါတယ်။ တစ်လ နှစ်လ ကြာပြီးနောက် သူမက သူမမှာ ကိုယ်ဝန် ရှိနေပြီဆိုတာကို သိလာတဲ့အခါ သူမ ဗိုက်ထဲမှာ ကလေး ရှိနေပြီကို သိပြီ ဖြစ်တယ်။ ဒါဆို ဒုတိယ အင်္ဂါရပ်နှင့် ပြည့်စုံသွားပြီ ဖြစ်ပါတယ်။ ဒီနောက် အကြောင်းတစ်ခုခုကြောင့် သူမက ဒီကိုယ်ဝန်ကို ဖျက်ချပစ်ချင်လာတယ်ဆိုရင် သူမက  ကလေး ဖျက်ချပေးမည့် လက်သည်ကို ရှာရပါတယ်။ ဒီအလုပ်ကို ဖျက်ချပေးသူက ပြုလုပ်တာနဲ့ တစ်ပြိုင်နက် တတိယနဲ့ စတုတ္ထ အချက်တွေကို ကျူးလွန်ပြီ ဖြစ်ပါတယ်။  နောက်ဆုံး ကိုယ်ဝန် ပျက်ကျပြီး အသက်က ဆုံးရှုံးသွားရင် ပဉ္စမ အချက်ကို ကျူးလွန်မိပြီး လူသတ်မှု ပါဏာတိပါတကံမြောက်သွားပါတော့တယ်။ ဒီလိုဖြစ်ရင် သူ့အသက်ကို သတ်ခြင်း ဆိုတဲ့ ကိစ္စ ပြီးမြောက်သွားပါပြီ။ ဗုဒ္ဓဘာသာအရကတော့ ငါတို့မှာ ကိုယ် မလိုချင်ရင် ကိုယ့် ဗိုက်ထဲက ကိုယ်ဝန်ကို ကိုယ့်ဘာသာကို ဖျက်ချတာပဲ။ ဒါ ကိုယ့်မှာ အခွင့်အရေး ရှိတယ်ဆိုလို့ လုံးဝ မရပါ။ ဗိုက်ထဲက ကိုယ်ဝန်ဟာ ကိုယ့်ရင်သွေး ၊ ကိုယ့် သားသမီး ဖြစ်ပေမဲ့ ကိုယ့်မှာ ဒီကလေးကို သတ်ပိုင်ခွင့် လုံးဝ မရှိပါ။
အချို့သော ပတ်ဝန်းကျင် အခြေအနေအရ အမျိုးသား၊ အမျိုးသမီးတွေရဲ့ ဘဝ အဆင်ပြေရေး အတွက် ဒီလို ကိုယ်ဝန် ဖျက်ချဖို့ လိုလာတယ် ဆိုတာမျိုးကို ခံစားချက် ရှိလာတာမျိုးလည်း ကြုံတက်ပါတယ။် ဒါပေမဲ့ ကိုယ်ဝန် ဖျက်ချတာဟာ မကောင်းမှု အကုသိုလ်ရဲ့ မကောင်းတဲ့ ကံအကျိုးပေးကိုတော့ ပြေးမလွတ်ခံစားရမှာကတော့ သေချာပါတယ်။ ဒီအလုပ်ဟာ တရားသဖြင့် ဖြစ်တယ်ဆိုပြီးတော့ ဘယ်နည်းနဲ့မှ မပြောနိုင်ပါဘူး။ တချို့ နိုင်ငံတွေမှာတော့ ကိုယ်ဝန် ဖျက်ချခြင်းကို ဥပဒေနဲ့ ခွင့်ပြုထားတာ ရှိပါတယ်။ ဒါက ပြဿနာ အချို့ကို ကျော်လွန်နိုင်ဖို့ အတွက် ဥပဒေက ခွင့်ပြုထားရတာ ဖြစ်တယ်။ လူတွေ ပျော်ပါးဖို့အတွက် ဘာသာရေး  အခြေခံမူတွေကိုတာ့ ဘယ်တော့မှ မစွန့်လွှတ်သင့်ပါဘူး။ ဘာသာရေး အခြေခံမူတွေက လူ့ လောကကြီး တစ်ခုလုံး ကောင်းကျိုး ချမ်သာ ခံစားကြရဖို့ ရပ်တည်နေကြတာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း

ဘယ်အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ်၊ ကိုယ့်အသက်ကို ကိုယ်သတ်ပြီး သေတာဟာ ကိုယ်ကျင့်သီလ သဘောအရရော၊ ဘာသာရေး သဘောအရရော မှားတဲ့ အလုပ်ဖြစ်တယ်။ စိတ်ပျက်လို့ပဲ ဖြစ်ဖြစ်၊ စိတ် မချမ်းမသာဖြစ်လို့ပဲ ဖြစ်ဖြစ်၊ ကိုယ့်အသက်ကို ကိုယ် သတ်ပြီး သေခြင်းဟာ ပိုပြီး ကြီးမားတဲ့ ဒုက္ခဆင်းရဲကိုသာ ဖြစ်စေနိုင်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် သတ်သေတာဟာ ပြဿနာ တစ်ခုကို ရင်မဆိုင်ရဲလို့ သူရဲဘောကြောင်စွာ မိမိဘဝကို အဆုံးစီရင်တာသာ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ စိတ်ဟာ ကြည်လင် သန့်ရှင်းနေလို့ရှိရင် ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ အသေခံပြီးလုပ်တဲ့ အပြစ် ကျူးလွန်မှုမျိုးကို ဘယ်တော့မှ လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ စိတ်ရှုပ်ထွေးပြီး ချောက်ချားနေတဲ့ စိတ်နဲ့၊ ဒီလောကကြီးကို စွန့်ခွာသွားရင် သူဟာ နောင်ဘဝမှာ ပဋိသန္ဓေ နေတဲ့အခါ သုဂတိဘုံမှာ ဘယ်နည်းနဲ့မှ ပြန်လည် မွေးဖွားလာနိုင်မှာ မဟုတ်တော့ပါ။ မိမိကိုယ်ကိုယ် အဆုံးစီရင်တဲ့ အလုပ်ဟာ အကုသိုလ် အလုပ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ အသေခံပြီး ပြုလုပ်တဲ့ ဒီအလုပ်ကို လုပ်တဲ့ လူရဲ့ စိတ်ထဲမှာ ကြီးမားတဲ့ လောဘ၊ ဒေါသနဲ့ မောဟတရားတွေ ဖုံးလွှမ်းနေပါတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေသူဟာ ဘဝ ပြဿနာတွေကို ဘယ်လို ဖြေရှင်းရမှန်း မသိဘဲ အခြေရှာမရသူ ဖြစ်တယ်။ ဘဝ အခြေအနေတွေကို ဘယ်လို ရင်ဆိုင်ရမှန်းမသိတဲ့ လူ ဖြစ်တယ်။ မိမိ စိတ်ကို သင့်တင့် လျောက်ပတ်စွာ ဘယ်လို အသုံးချရမှန်း မသိတဲ့ လူ ဖြစ်တယ်။ ဒီလူတွေဟာ ဘဝရဲ့ သဘောသဘာဝ လောကရဲ့ သဘောသဘာဝကို နားမလည်နိုင်သူ ဖြစ်တယ်။
တချို့ လူတွေက သူတို့ အယူ မွန်မြတ်တယ်လို့ ထင်တဲ့ အကြောင်းတွေအတွက် မိမိ အသက်ကို စွန့်လွှတ် အနစ်နာခံတာမျိုးကိုလည်း ပြုလုပ်တက်ကြတယ် ဒီလူတွေဟာ အစာငတ်ခံတာတို့ ၊ အသေခံ ဗုံးခွဲတာတို့၊ မိမိကိုယ် အသက်နဲ့ ယဇ်ပူဇော်တာ၊ ကျည်ဆံနဲ့ ပစ်သတ်တတို့ လုပ်တက်ကြတယ်။ ဒီလို လုပ်ရပ်တွေကို ရဲစွမ်းသတ္တိ ရှိတဲ့ အလုပ် ဆိုပြီးလည်း ယူဆတက်ကြတယ်။ သို့သော် ဒါကို ဗုဒ္ဓဘာသာ ရှုထောင့်က ကြည့်ရင်တော့ ဒီလို အပြုအမူတွေဟာ ကိုယ်ကျင့် သီလ သဘောအရ အပြစ်မကင်းပါဘူး။  ဗုဒ္ဓရှင်တော်မြတ်ဘုရားက ကိုယ့်ကိုယ်ကိုယ် သတ်သေစေတဲ့ စိတ်စေတနာဟာ ပို၍ ဆင်းရဲ ဒုက္ခ ရောက်ဖြင်းသို့သာ ရောက်ရှိစေတယ်လို့ ရှင်းရှင်းလင်းလင်း ဟောကြားတော်မူခဲ့ပါတယ်။

ဆန်းလွင်(ရှင်အာဒိစ္စရံသီ) ၏  ``ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတာက `` စာအုပ်မှ ကောက်နှုတ် ဖော်ပြသည်။

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

Monday, April 4, 2011

အိမ်ထောင်ရေးအပေါ် ဗုဒ္ဓဘာသာအမြင်

ဗုဒ္ဓဘာသာမှာ အိမ်ထောင်ရေး ကိစ္စကို လုံးဝ ကိုယ်ရေးကိုယ်တာ ကိစ္စလို့ပဲ သတ်မှတ်တယ်။ ဘာသာရေးနဲ့ လုံးဝ မဆိုင်ပါ။
အိမ်ထောင်ရေး ကိစ္စသည် လူမှုရေးဆိုင်ရာ အများလက်ခံထားသော ဓလေ့ထုံးထမ်းတစ်ခု ဖြစ်တယ်။ လူတွေက လူသားတို့ ပျော်ရွှင်ချမ်းမြေ့စွာ နေနိုင်ရေးအတွက် တီထွင်ထားသော လူမှုရေး အဆောက်အအုံ သဘော တစ်ခုပင် ဖြစ်ပါသည်။ အိမ်ထောင်ရေးသည် လူနှင့် တိရစ္ဆာန်တို့ရဲ့ ကွဲပြား ခြားနားမှုကို ဖော်ဆောင်တဲ့ လူမျိုးဆက် ပြန့်ပွားရေး မွေးဖွားမှုနှင့် ဆိုင်တဲ့ လူ့အဖွဲ့အစည်းအတွင်း သဘောထား ညီညွတ်မှုနှင့် စည်းကမ်းတကျ ရှိမှုကို ထိန်းသိမ်းတဲ့ ဖြစ်စဉ် တစ်ခုပါ။ ဗုဒ္ဓဘာသာ စာပေကျမ်းဂန်များထဲမှာတော့ တစ်လင် တစ်မယားစနစ်၊ တစ်လင် မယားအများစနစ်ကို မဖော်ပြဘဲ ရေငုံနှုတ်ပိတ် ထားစေကာမူ ဗုဒ္ဓဘာသာဝင် ဒါယကာ၊ ဒါယိကာမများအနေနဲ့ တစ်လင်တစ်မယား စနစ်ကိုပဲ လက်ခံ ကျင့်သုံးကြဖို့ ဆုံးမထားပါတယ်။ ဗုဒ္ဓရှင်တော်မြတ်ဘုရားအနေနဲ့ လူသာမန်တွေနဲ့ စပ်ဆိုင်တဲ့ အိမ်ထောင်ရေး စည်းမျဉ်း စည်းကမ်းတွေကိုတော့ ချမှတ်ခဲ့တာ မရှိပါဘူး ။ ဒါပေမယ့် ပျော်ရွှင် ချမ်းမြေ့တဲ့ အိမ်ထောင်ရေး ဘဝကို ဘယ်လို တည်ဆောက်သင့်ကြောင်း အဆုံးအမများကိုတော့ ဟောကြားတော်မူခဲ့ပါတယ်။ မိမိရဲ့ ဇနီးမယား တစ်ဦးတည်းအပေါ်မှာပဲ သစ္စာရှိရှိ ပေါင်းသင်း ဆက်ဆံပြီး တခြားသော မိန်းမများ နောက်သို့ မလိုက်စားခြင်းသည်သာ ဉာဏ်ပညာရှိရာကျကြောင်း ဟောကြားတာတွေ ရှိပါတသ်ည။ အမျိုးကောင်းသား  တစ်ယောက်ရဲ့ ကျဆုံးခြင်း အကြောင်းဟာ မိမိ ဇနီးမယားမှ တစ်ပါး အခြားသော မိန်းမများနှင့် ငြိစွန်းခြင်းကြောင့် (ပရမ္ဘာဝသုတ်)မှာ ဟောပါတယ်။ ယောက်ျား တစ်ယောက်ဟာ ဇနီး မိန်းမ တစ်ယောက်နဲ့ ပေါင်းသင်းဆက်ဆံတဲ့ အိမ်ထောင် တစ်ခု တည်ထောင်ရာမှာပင် တွေ့ကြုံရတက်တဲ့ အခက်အခဲတွေ၊ အကဲစမ်းမှုတွေ ဘယ်လောက်များတယ်ဆိုတာ နားလည်သင့်တယ်။ ဘေးအန္တရယ်နဲ့ ကြုံတွေ့ရတဲ့ အချိန်အခါကျရင် ဒီအခက်အခဲတွေဟာ ဘယ်လောက်တောင် ပိုပြီး ကြီးကျယ်လာသလဲ ဆိုတာကိုလည်း နားလည်သင့်တယ်။ လူ့ သဘာဝရဲ့ စိတ်ဓာတ် ပျော့ညံ့မှု၊ စိတ်လွယ်မှုကို သိမြင်တော်မူတာကြောင့် မြတ်ဗုဒ္ဒက ငါးပါးသီလ သိက္ခာပုဒ်ထဲမှာ ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်ကို ထည့်သွင်းထားပြီး သူ့ တပည့်သားများ ဒီသိက္ခာပုဒ်ကို ထိန်းသိမ်းကြဖို့ကိုလည်း တိုက်တွန်းတော်မူထားပါတယ်။
အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ဗုဒ္ဓဘာသာတို့ရဲ့ အမြင် အယူအဆဟာ သိပ်ပြီး လွတ်လပ်ပါတယ်။ ဗုဒ္ဓဘာသာမှာ အိမ်ထောင်ရေး ကိစ္စဟာ ပုဂ္ဂိုလ်ရေး ကိစ္စ၊ မိမိတို့ရဲ့  ကိုယ်ရေးကိုတာ ကိစ္စသာ ဖြစ်တယ်။ ဘာသာရေးနှင့် လုံးဝ မပက်သက်ပါ။ ဘာသာ တာဝန် တစ်ရပ်လည်း မဟုတ်ပါ။ လူ တစ်ယောက်ကို အိမ်ထောင်မပြုဘဲ မနေရ ဆိုတဲ့ ဥပဒေ ပညတ်မျိုးလည်း ဗုဒ္ဓဘာသာမှာ မရှိပါ။ မိမိ သဘောအလျောက် အိမ်ထောင် မပြုဘဲ ငယ်ဖြူအဖြစ် လူပျိုကြီး၊ အပျိုကြီး အဖြစ် နေလိုကလည်း နေနိုင်တယ်။ ဗုဒ္ဓဘာသာဝင်တွေဟာ သားသမီး မွေးရမယ်လို့ ပြဌာန်းထားချက်မျိုးလည်း ဘယ်နေရာမှာမှ မရှိပါဘူး။ သားသမီး ဘယ်နှယောက်ပဲ မွေးရမယ်လို့လည်း  ကန့်သတ်ချက်မျိးလည်း မရှိပါ။ အိမထောင်ရေးနဲ့ ပတ်သက်သမျှ အမှုခပ်သိမ်းမှာ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ လွတ်လပ်စွာရွေးချယ်ဆောင်ရွက်ခွင့် ရှိပါတယ်။ အိမ်ထောင် မပြုရဘူးဆိုတဲ့ ဥပဒေ မရှိရင် ဘာကြောင့်  ဒီနေရာမှာမေးနိုင်တဲ့ မေးခွန်း တစ်ခုက ဗုဒ္ဓဘာသာ ရဟန်းသံဃာတွေဟာ ဘာကြောင့် အိမ်ထောင် မပြုရတာလဲ ဆိုတဲ့ အမေးပါ။
အဖြေကတော့ ရှင်းပါတယ်။ အကြောင်းက လူသားတွေ အကျိုးကို လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်ဖို့ပဲ ဖြစ်တယ်။ သံဃာတော်တွေဟာ မေထုန်မှုကို ရှောင်ကြဉ်တဲ့ ဘဝနေနည်းကို ရွေးချယ်တာပဲ ဖြစ်ပါတယ်။ အိမ်ထောင်ရေးကို ပယ်တဲ့၊ လောကီနယ်ကို စွန့် တဲ့ ရဟန်းဟာ လောကီရေး တာဝန်ယူရမှုတွေကို မိမိ သဘောအလျောက် စွန့်ပယ်ခြင်းအားဖြင့် စိတ်ရဲ့ ငြိမ်းအေးမှုကိုထိန်းသိမ်းပြီး မိမိတို့ရဲ့ သာဝကများ အကျိုးသက်သက်ကို ဆောင်ရွက်နိုင်အောင်နဲ့ မိမိရဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရရှိရေးကို လွတ်လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်ဖို့ပဲ ဖြစ်တယ်။ ရဟန်း သံဃာတော်များအနေနဲ့ လက်ထပ်ပွဲ အခမ်းအနားကို တာဝန်ယူ ဆောင်ရွက် ပေးခြင်း မရှိသော်လည်း မင်္ဂလာဆွမ်းကျွေးပြီး အကြင်လင်မယားအတွက် မင်္ဂလာပွဲချီး မြှင့်ခြင်းမျိုးကိုတော့ ကျင်းပပေးနိုင်ပါတယ်။

လင်မယား ကွာရှင်းပြတ်စဲခြင်း

ဗုဒ္ဓဘာသာမှာ ကွာရှင်းပြတ်စဲခြင်းကို တားမြစ်ထားတာ မရှိပါ။ လိုအပ်လာတဲ့အခါမှာတော့ ဗုဒ္ဓရဲ့ မိန့်မှာထားချက်များကို တိတိကျကျ လိုက်နာရတာမျိုးတော့ ရှိပါတယ်။ တစ်ယောက်နှင့် တစ်ယောက် သဘောမတူကြတော့တဲ့အခါ ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲ ဖြစ်ဖြစ် ကွာရှင်းနိုင်တဲ့ အခွင့်အရေး တန်းတူ ရှိပါတယ်။ လွတ်လပ်စွာ ကွာရှင်းနိုင်တယ်။ စိတ်ဆင်းရဲခံပြီး ပေါင်းသင်းနေရတာနဲ့ စာရင် ကွာရှင်းလိုက်တာက ပိုပြီး ကောင်းတယ်။ စိတ်ဆင်းရဲခံ ပေါင်းသင်းနေရတဲ့ ဘဝကြာရှည်နေမှုကို ရှောင်ရှားရေးအတွက် ကွာရှင်းလိုက်တာက ပိုကောင်းပါတယ်။
မြတ်ဗုဒ္ဓက အသက်အရွယ် ကြီးရင့်တဲ့ လူအို ယောက်ျားကြီးများ ဇနီး မိန်းကလေးငယ်ငယ်ကို လက်မထပ်သင့်ကြောင်း၊ အိုမင်းရင့်ရော်သူနဲ့ နုပျိုသူဟာ အံဝင်ခွင်ကျ မရှိနိုင်လို့ပဲ ဖြစ်တယ်။ ဒီလို ဇရာအိုနဲ့ ကညာပျို ပေါင်းသင်းကြရင်ဖြင့် မဖြစ်သင့်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်။ သဘောထား ကွဲမှုတွေ၊ ကျဆုံးမှုတွေ ဖြစ်လာနိုင်တယ်။(ပရဗ္ဘာဝသုတ်)
လူ့အဖွဲ့အစည်းဟာ လူအချင်းချင်း အတွင်းကျကျ ဆက်ဆံ ပေါင်းသင်းမှု၊ တစ်ဦးအပေါ် တစ်ဦး မှီခိုမှုကနေ ပေါ်ပေါက်လာတာ ဖြစ်တယ်။ ဒီလို ပေါင်းသင်းဆက်ဆံမှုဟာ စိတ်ရောကိုယ်ပါ တာဝန်ယူမှု၊ တစ်ဦးကို တစ်ဦးက ထောက်ပံ့မှု၊ ကာကွယ် စောင့်ရှောက်မှုပြုဖို့ ဆိုတဲ့ ခံဝန်ကတိပြုမှုတွေနဲ့ တည်ဆောက်လာကြတာ ဖြစ်တယ်။ ဒီဆက်ဆံရေး ပင့်ကူအိမ်ထဲမှာ အိမ်ထောင်ရေး ဘဝဟာ အလွန် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အိမ်ထောင်ရေး ဘဝကို စိတ်ဆန္ဒ ရာဂနဲ့ လိုက်စားမှုနဲ့ မတည်ဆောက်ဘဲ နားလည်မှုနဲ့ သစ္စာရှိမှုပေါ်မှာသာ မူတည်ပြီး ထူထောင်သင့်ပါတယ်။ လူ့ ယဉ်ကျေးမှု တိုးတက် ဖြစ်ထွန်းလာရာမှာ အိမ်ထောင်ရေး အဆောက်အအုံဟာ ကောင်းမြတ်တဲ့ အခြေခံ အုတ်ဖြစ်ကို ချမှတ်ပေးပါတယ်။ လူနှစ်ယောက်ရဲ့ ပျော်ရွှင်စွာ ပေါင်းသင်းမှု၊ အထီးကျန် မှုက လွတ်မြောက်မှုများနှင့်  ပြုစု ပျိုးထောင်ယူရတာ ဖြစ်တယ်။ အိမ်ထောင်ရေး ဘဝမှာ တစ်ယောက်ဟာ တစ်ယောက်ရဲ့ ဘဝဖြည့်ဖက်၊ ကြင်ဖက်ဖြစ်လာပါတယ်။ တစ်ယောက်ကို တစ်ယောက်က အင်အားရှိအောင် ရဲစွမ်းသတ္တိရှိလာအောင် ပံ့ပိုးပါတယ်။ တစ်ယောက်ရဲ့ ကျွမ်းကျင်မှုက တစ်ယောက်ကို ကူညီပံ့ပိုးပြီး နှစ်သိမ့်မှုကို ပေးပါတယ်။ အိမ်ထောင်ရေးမှာ ယောက်ျားက ပိုမြတ်တယ်။ မိန်းမက ပိုမြတ်တယ် ဆိုတဲ့ အတွေးအခေါ်မျိုးနဲ့လည်း မရှိဘူး တစ်ယောက်ရဲ့ ဘဝဟာကွက်ကို နောက်တစ်ယောက်က ဖြည့်ဖက်အဖြစ် ကွက်လပ်ဖြည့်ပြီး တန်းတူ ရည်တူ ကြင်နာယုယမှု၊ ရက်ရောမှု၊ ငြိမ်သက်မှုနဲ့ တစ်ယောက်ကို တစ်ယောက်က အပ်နှံခြင်းဖြင့် ဆက်ဆံကြတာ ဖြစ်ပါတယ်။

ဆန်းလွင်(ရှင်အာဒိစ္စရံသီ) ၏  ``ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတာက `` စာအုပ်မှ ကောက်နှုတ် ဖော်ပြသည်။

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

Friday, April 1, 2011

April ၁ရက်နေ့မှာ ဧပရယ်လ် ဖူးလ် အလုပ်မခံကြရအောင်လို့

5364964.jpg
ဒီဧပရယ်လ် ဖူးလ်နေ့ အကြောင်းလေးကို အရင်ကျောင်းသားဝကတုန်းက ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အကြောင်းလေးကို မနှစ်က ဧပရယ်လ်ဖူးလ်နေ့ မတိုင်ခင်မှာ ရေးပြီး တင်လိုက်တဲ့ ပို့စ်လေးပါ။ ဒီပို့စ်လေးကို  ဧပရယ်လ်တစ်ရက်နေ့ မတိုင်ခင်က ကြိုတင် ပြီးတော့ ပြန်တင်ပေးဖို့ရာ မေ့သွားတဲ့ အတွက် ဒီနေ့မှ ပြန်လည် တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်။


ဧပရယ်လ် တစ်ရက်နေ့ကို ဧပရယ်လ် ဖူးလ် နေ့ လို့လူသိများကြပါတယ်။ ဒါကြောင့် ဧပရယ်လ် တစ်ရက်နေ့ကို ရောက်တော့မှာဆိုတော့ အဲဒီ နေ့မှာ ဧပရယ်လ်ဖူးလ် အလုပ်မခံကြရအောင်လို့ ကျွန်တော့်ရဲ့ ဘလော့သို့လာရောက် လည်ပတ် ၊ စာဖတ် အားပေးကြသော သူငယ်ချင်းများ ကို့  ကြိုတင် သတိပေးတဲ့ အနေနဲ့ ကျွန်တော်ကိုယ်တိုင် ဧပရယ်လ် ဖူးလ် အလုပ်ခံလိုက်ရတဲ့ အကြောင်းလေး ကို ရေးဖွဲ့ ပြီးတော့ ဖော်ပြ ပေးလိုက်ရပါတယ်။
ကျွန်တော်တို့အုပ်စု ကွန်ပျူတာ တက္ကသိုလ် တတိယနှစ် ပထမ နှစ်ဝက် စာမေးပွဲ ဖြေနေတဲ့ အချိန် ၊ သုံးဘာသာ ဖြေပြီးတဲ့ နေ့ ၊ ဧပရယ်လ် လ တစ်ရက်နေ့မှာ ဖြစ်ပါတယ်။ ရာသီဥတု ကလည်း အဲဒီနေ့မှာ မနက်ပိုင်း မိုးလေးက တဖွဲဖွဲ နဲ့ ရွာနေလိုက်တာ ကျွန်တော်တို့ စာမေးပွဲဖြေဆိုပြီးလို့အပြန်မှာလည်း မိုးက ရွာ နေတော့ လူတွေ လည်း တကိုယ်လုံး ရွဲရွဲစိုနေပါတယ်။ ကျောင်းက နေ စာမေးပွဲ ဖြေပြီးလို့ သူငယ်ချင်းတွေ နဲ့ ကျောင်းကားပေါ်က ဆင်းပြီး ကျွန်တော်တို့ သူငယ်ချင်းတတွေ ထမင်း ဆိုင်သို့ သွား ထမင်း စား ကြပါတယ်။ ထမင်း စားပြီးတဲ့ အခါမှာတော့ ကျွန်တော် တို့ သူငယ်ချင်း တွေရဲ့ ထုံးစံ အတိုင်း လက်ဖက်ရည် လေး တစ်ခွက် လောက်တော့ သောက်လိုက်ရမှ ကျေနပ်ကြတဲ့ ထုံး စံ ရှိပါတယ်။ ဒါကြောင့် ကျွန်တော် တို့ အုပ်စု လက်ဖက်ရည် ဆိုင်မှာ ထိုင် လက်ဖက်ရည်တစ်ခွက်ဆီ မှာပြီး သောက်လိုက်ကြတယ်။ လက်ဖက်ရည် သောက်ရင်း လူငယ်တွေရဲ့ ထုံး စံ အတိုင်းပဲ ဟိုအကြောင်း ဒီအကြောင်း တွေ ပြောပြီး တော့ လက်ဖက်ရည်ဆိုင်မှာ အချိန် ကြာမြင့် စွာထိုင်လို့ မဖြစ်ကြောင်း မနက်ဖြန် စာမေးပွဲ အတွက် ညပိုင်းမှာ စာကောင်းကောင်း ကြည့်နိုင်အောင်လို့ ဒီနေ့ နေ့လည်ပိုင်းမှာ တစ်ရေး တစ်မော အိပ်ရအုံး မယ်ဆိုတဲ့ အကြောင်း ပြောပြီး တော့ ပြန်ကြဖို့ ပြောလိုက်ပါတယ်။ ကျွန်တော်တို့ အုပ်စု လိုက် မိုးလည်း မိထားတယ်.။ အခုလည်း မိုးလေးက တဖွဲဖွဲ ရွာနေတုန်း ဆိုတော့ စာမေးပွဲ အတွင်း အအေး မိသွားမှာ ဆိုးတဲ့ အတွက် လက်ဖက်ရည်ဆိုင်မှာ အချိန် ကြာမြင့်စွာ မထိုင်ပဲ ပြန်လာခဲ့လိုက်ကြပါတယ်။ ကျွန်တော်တို့ အုပ်စု ဟာ လက်ဖက်ရည် ဆိုင် ထိုင်ပြီဆိုရင် ဖြင့် အနည်း ဆုံး နှစ် နာရီ လောက်ကို ထိုင်လိုက်ရမှ ကျေနပ်ကြပါတယ်။ နေ့ ခင်း ဆိုရင် တစ်ခါ ထိုင် ပါတယ်။ ညပိုင်း ဆိုရင်လည်း ထမင်း စားသောက်ပြီးကြပြီ ဆိုရင်ဖြင့် သူငယ်ချင်း တွေကလာခေါ်ပါပြီ။ လက်ဖက်ရည်ဆိုင်သွားမယ်ဆိုပြီး။ ဒီလိုနဲ့ပဲ နေ့စဉ်နေ့တိုင်း လက်ဖက်ရည်ဆိုင် ဖြစ်ကြပါတယ်။ တစ်ယောက်မှာ ပိုက်ဆံ မရှိရင် ရှိတဲ့ တစ်ယောက်က ရှင်း နဲ့ အလှည့်ကျနဲ့ ရှင်းရပါတယ်။ ပိုက်ဆံ မရှိတဲ့ သူဆိုရင်တော့ နေပါစေတော့ ဆိုပြီး ရှိတဲ့ သူက စိုက်ပြီးတော့ ရှင်း ပေးပါတယ်။
ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်ထိုင်ကြတာက ခါတိုင်းဆိုရင်တော့် သူငယ်ချင်း ခြောက်ယောက်လောက်ရှိပါတယ်။ ဒီနေ့မှာတာ့ သူငယ်ချင်းက လေးယောက်ထဲပဲ ထိုင်ဖြစ်ကြပါတယ်။ လက်ဖက်ရည်ဆိုင်ထိုင်နေရာ က နေ ပြန်လာခဲ့တဲ့ ကျွန်တော်တို့ သူငယ်ချင်း လေးယောက်မှာ မိန်းကလေး နှစ်ယောက်ပါပါတယ်။ သူတို့ နှစ်ယောက် က ဆေးတက္ကသိုလ်.. နား က အဆောင်မှာ နေပါတယ်။ ကျွန်တော်တို့ ယောက်ျားလေး နှစ်ယောက်က တော့ မိန်းတက္ကသိုလ်နဲ့ နီးတဲ့ ၆၉ လမ်းက အဆောင် မှာ နေကြပါတယ်။ သူတို့နှစ်ယောက်က ဆိုင်ကယ် တစ်စီးပါ။ ကျွန်တော်တို့ ယောက်ျားလေး နှစ်ယောက်က ဆိုင်ကယ်တစ်စီးနဲ့ပါ။ သူတို့ နဲ့ ကျွန်တော်တို့က တစ်နေရာဆီ ဆိုတော့ သူတို့ နေတဲ့ အဆောင် ထိ လိုက်မပိုတော့ပါဘူး။ လက်ဖက်ရည်ဆိုင်ကနေမှ ပဲ နှစ်ယောက်စီ လမ်းခွဲ ပြီး တော့ ပြန်လာခဲ့ကြပါတယ်။ သူတို့ နှစ်ယောက်ကလည်း သူတို့ အဆောင်ဘက်ကို မိုး ရွာထဲမှာပဲ ပြန်သွားကြပါတယ်။ ကျွန်တော်တို့ လည်း မိုးရွာထဲ မှာပဲ ပြန်လာ လိုက်ကြပါတယ်။ ဒီလို နဲ့ အဆောင်ကို ရောက်တော့ မိုးရွဲထားတဲ့ အ၀တ်အစားတွေနဲ့ ဆိုတော့ ရေချိုးမယ် ။ ရေချိုးပြီးရင် အိပ်မယ် ။ အိပ်ပြီးရင် စာ ထ ကြည့်မယ်ဆို စိတ်ကူး ပြီးတော့ ရေ ချိုမယ်လို့ ပြင်ဆင်နေတုန်းမှာပဲ…
" ကိုဇော်တို့ ၊ ကိုဂေါက်ကြီးတို့ ဖုန်း လာတယ် " ဆိုတဲ့ အဆောင် မှူး ရဲ့ ခေါ်သံကြောင့် ရေမချိုးသေးပဲ ဖုန်းသွားကိုင်လိုက်ပါတယ်။
"ဟဲလို… အမိန့်ရှိပါခင်ဗျာ…" ဒီလို "ဟဲလို အမိန့်ရှိပါခင်ဗျာ".. ဆိုတာကတော့ ဖုန်းလာရင် ကျွန်တော့်ရဲ့ ပြန်ထူးတက်တဲ့ အကျင့်မို့ပါ။ ခဏနေတော့ … တစ်ဖက်က မိန်းကလေး ရဲ့ အသံထွက်လာပါတယ်.. ။ ကျွန်တော့် သူငယ်ချင်းရဲ့ အသံပါ။
"အမိန့်ရှိပါ လုပ်မနေနဲ့ ကျွန်တော် မိသိမ့်ပါ။.."
" အေး ပြော မိသိမ့်၊ နင်တို့က ဘာပြောစရာ ရှိလို့ လဲ ၊ အခုမှ ငါတို့ လက်ဖက်ရည်ဆိုင်ကနေ လမ်းခွဲ လာတဲ့ ဟာကို "
"`ဟုတ်တယ် ။ အဲဒီ ခင်ဗျား တို့ နဲ့ လမ်း ခွဲပြီးတော့ ၊ ကျွန်တော်တို့ နှစ်ယောက်က အဆောင် မပြန်ချင်သေးတာရယ်၊ မိုးရွာထဲမှာ ဆိုင်ကယ် လျှောက်စီး ချင်တာ နဲ့ ပဲ ဆိုင်ကယ် လျှောက်စီးကြတာလေ… အခု ဆိုင်ကယ် တိုက်ခံရလို့"
"ဟေ.. ဟုတ်လား နင်တို့ ဘာဖြစ်သွားကြသေးလဲ "
" တော်တော် ဖြစ်တာလား? ဘယ်နားမှာ တိုက်တာလဲ.. မိသီ ကရော ဘယ်လိုနေလဲ… ? "
"ဟုတ် ပြောမှာပေါ့.. ခင်ဗျားကကြည့်ပဲ မေးနေတော့ ကျွန်တော်က .. ဆိုင်ကယ် အတိုက်ခံထားရလို့ တုန်နေလို့ စကား မပြောနိုင်ရတဲ့ အထဲ… ဘယ်က စပြောရမှန်းတောင် မသိဘူး "
" အင်း ဟုတ်သားပဲ ပြော"
"ကျွန်တော်တို့ လမ်းသုံးဆယ် ပေါ်က မန်းမြို့တော် နားလေး မှာ တိုက်ခံရတာပါ။ ဆိုင်ကယ် နှစ်စီး တိုက်မိတာ ။ မိသီ ကတော့ တော်တော် များတယ် ဒဏ်ရတာ ၊ ကျွန်တော်လည်း တကိုယ်လုံး ပွန်းပဲ့ကုန်တယ် ဒဏ်ရာတွေက။ ဒါကြောင့် ခင်ဗျားတို့ အခု ချက်ခြင်း လာခဲ့ကြအုံး။ "
"အေး … ငါတို့ အခု လာခဲ့မယ်လေ.. ၊ အခု အဲဒီ မန်းမြို့တော်နားမှာ ပဲလား"
"ဟုတ်တယ် အခုတော့ မန်းမြို့တော်ရှေ့မှာပဲ ရှိသေးတယ်… ။ တစ်ဖက်က တိုက်တဲ့ သူတွေ လည်း ဒဏ်ရာတွေက တော်တော်လေး များတယ်။ အဲဒါ အခု သူတို့ရောပဲ ဆေးရုံကြီးကိုတော့ သွားဖို့ လုပ်နေကြတယ်။ "
"အေး .. အေး ငါတို့ အခုချက်ခြင်း အဲဒီလိုက်ခဲ့မယ်လေ.. နော်. "
" ဟုတ်၊ ကျွန်တော်တို့ ကို မန်းမြို့တော်ရှေ့  မှာ မတွေ့ ရင် ဆေးရုံကြိးထဲ လိုက်ရှာကြည့်လိုက်နော်… ဆေးရုံကြီးကို အခု သွားကြမှာ.."
" အေး ပါဟာ.. ငါတို့ မန်းမြို့တော် ရှေ့ တိုက်တဲ့ နေရာ ကို အရင်လာခဲ့ပါမယ်.. တကယ်လို့ အဲဒီမှာ မတွေ့မှ ဆေး ရုံကြီးထဲ ကို လိုက်ခဲ့မယ်နော်…."
"ဟုတ်အကို .. အခု ချက်ခြင်း လာခဲ့နော်..။ ဖုန်းချလိုက်တော့မယ်နော်…"
" အေး အေး…​ချလိုက်လိုက်တော့" လို့ ပြောပြီး ဖုန်းချသွားပါတယ်။
ကျွန်တော်လည်း ချက်ခြင်းဆိုသလိုပဲ သူငယ်ချင်း ဂေါက်ကြီး ကို အကျိုးအကြောင်း ပြောပြလိုက်ပါတယ်။ သူကလည်း ပဲ အရမ်းစိတ်ပူသွားပါတယ်။ ဒါနဲ့ပဲ ကျွန်တော်တို့ နှစ်ယောက် ရေကို မချိုးလိုက်ရပါဘူး အင်္ကျီလေး ပြန်ဝတ်ပြီး တော့ ထွက်လာခဲ့လိုက်ကြပါတယ်။
လမ်းမှာလည်း မိုးက ရွာနေတုန်းဆိုတော့ ဆိုင်ကယ် မောင်းရတာကို သတိနဲ့မောင်းနေရတာ ပါ။ သူငယ်ချင်းတွေ ဆိုင်ကယ် အတိုက်ခံရတယ်ဆိုတော့ စိတ်ပူပြီးတော့ ဆိုင်ကယ်နဲ့အပြေး မောင်းလာလိုက်ကြတာ.. ကိုယ်မောင်းတဲ့ဆိုင်ကယ်တောင် ဆိုင်ကယ် ဒေါက် မတင်ခဲ့လိုက်ရပါဘူး။ လမ်းမကြီးပေါ် ရောက်မှ ဘေး မှ ဆိုင်ကယ် တစ်စီးက လှမ်းပြောလို့ ဒေါက်ကို တင်လိုက်ရပါတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ နှစ်ယောက် ဘူတာကြီးရှေ့က လမ်းသုံးဆယ်ပေါ်က မန်းမြို့တော်ရှေ့ကို ရောက်လာကြပါတယ်။ မန်းမြို့တော် ရှေ့သို့ ရောက်တဲ့အခါမှာ ကျွန်တော် သေချာ ကြည့်ပါတယ်။ ဘာမှ လည်း အခြေအနေ ထူးထူးခြားခြားမတွေ့ပါဘူး။ ဆိုင်ကယ်တိုက်တာ ဒီနား ရော ဟုတ်ရဲ့လားပေါ့။ ဒါနဲ့ ဆိုင်ရှေ့မှာ ရှိနေတဲ့ စားပွဲထိုး ကလေး တစ်ယောက်ကို ခေါ် ပြီး မေးကြည့်လိုက်တယ်… ။
"ညီလေး ရေ.. ခဏ"
" ဟုတ် အကို ပါဆယ် ထည့်မှာလား အကို.. ကြက်သားနဲ့လား ? ၀က်သားနဲ့လား ? ဘယ်နှလုံး လုံး ယူမလဲ အကို" ဆိုပြီး မန်းမြို့တော် ပေါက်ဆီ ဆိုင်ထဲက ညီလေးက စကားတွေကို ပြန်ပြောနေပါတယ်။ ကျွန်တော်လည်း စိတ်ညစ်ညစ်နဲ့ပဲ… ကိုယ်မေးရမယ့် စကား ကို ဆက်ပြီး မေးရပါတယ်။
"ညီလေး ရေ.. အကိုက ကြက်သား လည်း မ၀ယ်သေးဘူး။ ၀က်သား ပေါက်ဆီလည်း မ၀ယ်သေးဘူး၊ အကို မေးစရာ ရှိလို့ "
" ဟုတ်အကို ဘာမေး မလဲ .. မေးလေ.. " ဆိုပြီး ညီလေး က ပြန်ပြောပါတယ်။
"ဒီဆိုင်ရှေ့မှာ လေ.. စောစောက ဆိုင်ကယ် နှစ်စီး တိုက် တယ် ဆိုလို့ အဲဒါ … ဒီနားမှာ ဖြစ်တာ လား၊ သိချင်လို့ ပါ ညီလေး.."
ကျွန်တော်က အဲဒီလို ပြောလိုက်တဲ့ အခါမှာ စောစောက ညီလေး က ကြောင်အမ်းအမ်းဖြစ်သွားပါတယ် ။ ပြီးမှ.. ပြန်ပြောပါတယ်….
" ဟာ.. အကိုက လည်း ဒီရှေ့မှာ ဘာဆိုင်ကယ် မှ မတိုက်ပါဘူး ဗျ… ၊ တကယ်လို့ တိုက်ကြရင်လည်း ကျွန်တော်တို့ သိမှာပေါ့ဗျ…"
"ဟေ.. ဟုတ်လား၊ ဒါဆို ဒီရှေ့မှာ ဘာမှ မဖြစ်ဘူးပေါ့"
`ဟုတ် အကို.. ဒီရှေ့ မှာ ဘာမှ မဖြစ်ဘူး ၊ ပုံမှန်ပဲ သွားလာနေကြတာ ပါ"
"အေး..အေး။ ကျေးဇူးပဲ နော်ညီလေး၊ အကိုတို့ က အကိုတို့ သူငယ်ချင်းတွေ ဒီရှေ့မှာ ဆိုင်ကယ် အတိုက်ခံ ရတယ် ပြောလို့ လိုက်လာတာကွ၊ အခုတော့ .. ဘာမှ မဖြစ်ဘူး ဆိုတော့ တို့ တော့ ဘက်ခံ ရပြီလား မသိပါဘူး ကွာ….၊ "
"သွားမယ် နော် ညီလေး"
"ဟုတ် အကို "
ဆိုင်ရှေ့က ညီလေး ကိုနှုတ်ဆက် ပြီး အဲဒီ ဆိုင်ရှေ့က ပြန်ထွက်လာခဲ့ ကြပါတယ်။
" ဂေါက်ကြီးရေ.. ဒီကောင်မလေး တွေ ၊ သူတို့ ပြောတာ တော့ မန်းမြို့တော် ပေါက်ဆီ ဆိုင်ရှေ့မှာ မတွေ့တော့ ရင် ဆေး ရုံကြီးထဲကို လိုက်ခဲ့လိုက်လို့ တော့ ပြောတယ်ကွ.. ။ ဒါကြောင့် သူတို့ ဆေးရုံ ကြီးထဲ များ ရောက်နေကြလား မသိဘူး ။ တို့ ဆေး ရုံကြီးထဲ လှည့်ပတ်ကြည့်ကြည့်ရအောင်ကွာ၊ တကယ်လို့ ဆေးရုံကြီးထဲမှ မတွေ့ဘူး ဆိုရင်တော့် သူတို့ အဆောင်လိုက်သွားကြတာပေါ့။ သူတို့ အဆောင်ရောက်ရင်တော့ အကျိုးအကြောင်း သိရမှာပဲ။ "
" ဟုတ် ကိုဇော် ဆေး ရုံထဲ သွား ကြည့်လိုက်ကြတာပေါ့ဗျာ.။ မတွေ့မှ သူတို့ အဆောင်လိုက်သွားကြတာပေါ့။" သူငယ်ချင်းဂေါက်ကြီးကပြန်ပြောလိုက်ပါတယ်။
ဒီလိုနဲ့ပဲ ကျွန်တော်တို့ နှစ်ယောက် ဆေးရုံ ကြီးထဲ ရောက်လာပြီးတော့ လှည့်ပတ် ကြည့်ကြပါတယ်. ။ ကျွန်တော်တို့ သူငယ်ချင်းတွေ ရဲ့ အရိပ်အယောင်မျှပင် မတွေ့ရပါဘူး။ ဒါကြောင့် ဆေး ရုံကြီးထဲက ပြန်ထွက်လာကြပြီးတော့ သူတို့ နေတဲ့ အဆောင်ကို လိုက်သွားကြပါတယ်။ မိုးကလည်း ရွာနေ၊ စောစောပိုင်းကလည်း မိုး မိထားထာရယ်. အခုလည်း မိုးရွာထဲမှာ ဆိုင်ကယ် စီးရတာ ရယ် ဆိုတော့ လူနှစ်ယောက်လည်း တော်တော် လေး ကို ချမ်း တုံ နေကြပါပြီ….. စိတ်ထဲမှာ လည်း သိပ်မယုံသလို ဖြစ်လာပါပြီ.. ဒါပေမယ့် တကယ်ဖြစ်တယ် ဆိုရင်ခက်နေမှာ ဆိုးတဲ့အတွက်.. အဆောင်ကိုပဲ အပြေးအလွှား မောင်းလာခဲ့လိုက်ကြပါတယ်…။
ဒီလိုနဲ့ သူတို့အဆောင်ရှေ့ရောက်တဲ့ အခါမှာ.. သူတို့ အဆောင်ကို အရိပ်အခြေ လှမ်းကြည့်လိုက်တော့လည်း ။ လူသူ အရိပ်အယောင်တောင် မတွေ့ဘူး ဆိုတော့ ။ "သူငယ်ချင်းတွေ ဆိုင်ကယ် တိုက်ခံရတယ် ဆိုတာ ဟုတ်များဟုတ်နေမလားပေါ့။ ဆေး ရုံကြီးကိုမသွားချင်လို့ တခြား အပြင် ဆေးခန်း များ သွားကြတာလား မသိဘူး။ . အဆောင်မှူး ကိုလှမ်းခေါ် ကြည့်အုံးမှ ပဲ ဆိုပြီး… လှမ်းခေါ်မလို့ အဆောင် အပေါက်ဝနားကို နှစ်ယောက်သား လိုက်တဲ့အခါမှာ.. ထင်မှတ်မထား တဲ့ အပြုအမူ မျိုး အလုပ်ခံလိုက်ရပါတယ်…."
"ဗွမ်း…. .. ဟာ… "
ဆိုပြီး နှစ်ယောက်သား ရေတွေ နဲ့ အလောင်း ခံလိုက်ရပါတယ်… သူတို့နှစ်ယောက်ရဲ့ လက်ထဲမှာလည်း ရေခွက် ကိုယ်စီနဲ့ ကိုင်ထားရင်း သူတို့ နှစ်ယောက်ကတော့ ကျွန်တော်တို့ နှစ်ယောက်ကို ဟား တိုက် ပြီးတော့ ရယ်နေ လိုက်ကြပါတယ်.။ ကျွန်တော်တို့ ကတော့ သူတို့ နှစ်ယောက် တကယ်ဆိုင်ကယ် အတိုက်ခံရတယ် ဆိုပြီး စိတ်တွေ ပူ ပြီး မိုးရွာထဲမှာ အပြေးအလွှား လိုက်လာရတာ နဲ့ ချမ်းတုံ နေရတဲ့ အထဲ.. အခု ရေ နဲ့ပါ ထပ်ပြီး အလောင်းခံလိုက်ရတော့ နှစ်ယောက်သား စိတ်အရမ်းတို အရမ်းပဲ ဒေါသထွက်သွားပါတယ်။ သူငယ်ချင်း ဂေါက်ကြီးကဆို ပိုပြီးတော့ ကို စိတ်တိုနေတာပါ။
"နင်တို့ ဆိုင်ကယ် တိုက်တယ် ဆိုတာ တကယ် မဟုတ်ဘူးလား.." လို့ ကျွန်တော်က မေးလိုက်တဲ့အခါမှာ.. သူတို့ နှစ်ယောက်က ရယ်မော နေတဲ့ကြားပဲ.. ဆက်ရယ်ပြီးတော့…..
"တကယ် မတိုက်ပါဘူး ဗျ….. "
"ဟင်.. ဒါဆို နင်တို့ က… ……….. ငါတို့ ကို…"
"ဟုတ်တယ်.. ကျွန်တော် တို့ နှစ်ယောက်က .. ခင်ဗျား တို့ နှစ်ယောက်ကို ဧပရယ် ဖူးလ်လုပ်လိုက်တာ လေ… "
သူတို့က ကျွန်တော်တို့ ကို.. ဧပရယ်ဖူးလ် လုပ်လိုက်တာလို့သာ ပြောတာ..ကိုယ်တို့က အဲဒီအချိန်တုန်းက ဧပရယ် ဖူးလ်ဆိုတာကို ကောင်းကောင်း မသိသေးတော့…. ဧပရယ်ဖူးလ် ဆိုတာက ကြားယုံပဲ ကြားဖူးတာ။ တခါမှ လည်းအလုပ်မခံရဖူးတော့ နည်းနည်း တော့ စိတ်တို သွားတာပေါ့လေ.. အခုလို ခံရတာ လည်း ခံသင့်ပါတယ်လို့ ပဲ ဖြေဖျောက်လိုက်ရပါတယ်။ ပြီးတော့ သင်္ကြန် မရောက်ခင်မှာပဲ… ရေက အလောင်း ခံလိုက်ရသေး… ။
"အေးပေါ့ ဟာ. နင်တို့က တော့ ငါတို့ ကို ဧပရယ် ဖူးလ် လုပ်လိုက်ရလို့ ရယ်မော နေနိုင်ပေမယ့် … ငါတို့ နှစ်ယောက်ကတော့ နင်တို့ နှစ်ယောက် တကယ် ဆိုင် ကယ်အတိုက်ခံရတယ်ထင်ပြီး အပြေးအလွှားနဲ့ ဆိုင်ကယ်မောင်းလာလိုက်တာ.. ကိုယ့်ဆိုင်ကယ် ဒေါက် တောင် မတင်မိလို့ လမ်း မှာ ငါတို့ မလဲတာ ကံကောင်း တယ်…" လို့ ဆိုပြီး ဂေါက်ကြီးက စိတ်တိုတိုနဲ့ ပဲ ပြန်ပြောလိုက်ပါတယ်။ အဲဒီအခါမှာတော့ သူငယ်ချင်း နှစ်ယောက်ကလည်း
"စိတ်မဆိုးရဘူးနော်. .. ကျွန်တော်တို့က ဒါ ပျော်လို့ ဧပရယ်ဖူးလ် လုပ်လိုက်တာနော်….၊ ပျော်ရအောင်လို့ လုပ်လိုက်တာပါ။ စိတ်မဆိုးနဲ့နော်.." လို့ ပြောပြီး သူတို့က ပြန်တောင်းပန်လိုက်ပါတယ်။ ပြီးတော့ သူတို့ အဆောင်မှာပဲ ဖျော်ရည် တွေ ဖျော်ပြီး ကျွန်တော်တို့  ကို ဖျော်ရည်တိုက်ပြီး ကျေအေးဖို့ ပြောလိုက်တဲ့ အတွက် ကျွန်တော်တို့ လည်း အဲဒီလောက်နဲ့ပဲ ကျေအေးခဲ့ရပါတော့တယ်…။
ထိုအချိန်မှ စ၍ ဧပရယ် ဖူးလ် ဆိုတဲ့ ဧပရယ် တစ်ရက်နေ့ဆိုတာ ကို နှစ်စဉ်နှစ်တိုင်း အမှတ်ရစေ မိပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ဧပရယ်ဖူးလ် နောက်ထပ် အလုပ်မခံ ရအောင် အမြဲ သတိ နဲ့ နေနေမိပါတော့ တယ်။ ဒီလို နေနေတဲ့ ကြားက ပဲ…. တခါလေ… အမှတ်မထင်နဲ့ပဲ ဧပရယ် ဖူးလ် အလုပ်ခံ လိုက်ရပါသေးတယ်။
ဒီပို့စ် ကိုရေးရတဲ့ အကြောင်းကတော့ အခုလို ဧပရယ် တစ်ရက်နေ့မှာ ဧပရယ်ဖူးလ် လုပ်သွားတဲ့ သူငယ်ချင်းတွေ ကို ပြန်လည် အမှတ်ရစေတဲ့ အပြင် ကိုယ့်နယ်ကိုယ့်ဒေသတွေသို့ အသီးသီးပြန်သွားကြပြီး နေထိုင်စားသောက်လုပ်ကိုင်နေကြသော သူငယ်ချင်း များ နိုင်ငံရပ်ခြားရောက်နေသော သူငယ်ချင်းများအား… သတိတရ အနေနဲ့ ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်… ။
ကျွန်တော့်ရဲ့ ဘလော့ လေး သို့ လာရောက်စာဖတ်ကြသော သူငယ်ချင်း များ အားလုံးလည်း ဧပရယ်လ် တစ်ရက်နေ့မှာ ဧပရယ် ဖူးလ် အလုပ်မခံကြစေဖို့ … သတိပေး နှိုးဆော် ရင်း… တကယ်လို့ ဧပရယ်ဖူးလ် အလုပ်ခံခဲ့ရရင်လည်း ပျော်ရွှင်ပျော် ဧပရယ်ဖူးလ် ဖြစ်နိုင်ကြပါစေ လို့…… ဆန္ဒ ပြု ရင်း….

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

 
^ထိပ်ဆုံးသို့