မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Wednesday, June 29, 2011

သမိုင်းတကွေ့မှ အဓိပတိကြီး ဒေါက်တာဘမော်

5990831.jpg


ဒေါက်တာဘမော်သည် ကိုလိုနီခေတ်၊ ဂျပန်ခေတ်၌ ထင်ရှားခဲ့သော ပထမဆုံး ပါရဂူဘွဲ့ရ နိုင်ငံရေးသမားနှင့် ခေါင်းဆောင်တဦးဖြစ်သည်။ သူသည် နှစ်ပေါင်းများစွာ နိုင်ငံရေးတွင် ကျင်လည်၍ နိုင်ငံရေးပါး ဝသည်။ ထို့ပြင် မြန်မာတိုင်းရင်းသားများထဲမှ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနတွင် ပထမဆုံးသော ကထိကရာထူးရခဲ့သူဖြစ်ပြီး၊ လန်ဒန် ဂရေးအင်းဥပဒေကျောင်းမှ (Bar of Law) ဝတ်လုံဘွဲ့နှင့် ပြင်သစ်နိုင်ငံ ဘောလ်ဒိုးတက္ကသိုလ်မှ ပီအိပ်ခ်ျဒီ (ပါရဂူ)ဘွဲ့ကို ပထမဆုံးရခဲ့သူဖြစ်သည်။ သူသည် ကိုလိုနီခေတ် ကိုးဆယ့်တစ်ဌာန အုပ်ချုပ်ရေးကာလတွင် ပညာရေးဝန်ကြီးချုပ်၊ နန်းရင်းဝန် (ဝန်ကြီးချုပ်)၊ ဂျပန်ခေတ်တွင် နိုင်ငံတော်အကြီးအကဲ (အဓိပတိ) တာဝန်များကိုထမ်းရွက်ခဲ့သူ ဖြစ်သည်။

          ဒေါက်တာဘမော်ကို ၁၈၉၃ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်ဗုဒ္ဓဟူးနေ့တွင် မအူပင်မြို့၌ အဖ ဦးကျေး၊ အမိ ဒေါ်သိန်းတင်တို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်းနှစ်ယောက်တွင် အငယ်ဖြစ်သည်။ အစ်ကို ဖြစ်သူမှာ ဥပဒေပါမောက္ခ ဒေါက်တာဘဟန် (၁၈၉၀-၁၉၆၉) ဖြစ်သည်။ ဖခင် ဦးကျေး (ဦးမောင်မောင်ကျေး)မှာ သာသနာပြုဆရာကြီး ဒေါက်တာမှတ်၏ တပည့်ရင်းတဦးဖြစ်၍ မန္တလေး သံထဲကျောင်းတွင် မင်းတုန်းမင်း၏ သားတော်မင်းညီမင်းသားများနှင့်အတူ ပညာသင်ကြားခဲ့သူ ဖြစ်သည်။ အင်္ဂလိပ်တို့ အထက်မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် သထုံဒေသ တော်လှန်ပုန်ကန်မှု တွင်ပါဝင်၍ ထိုင်းနိုင်ငံသို့ တိမ်းရှောင်သွားခဲ့သည်။

          ဒေါက်တာဘမော်သည် ငယ်စဉ်က ခရစ်ယာန်ဘာသာဝင်ဖြစ်ပြီး ဥရောပမှပြန်လာပြီးနောက် ဗုဒ္ဓဘာသာဝင်ဖြစ်လာသည်။ ငယ်စဉ်ကစိန်ပေါကျောင်း (အ.ထ.က (၆) ဗိုလ်တထောင်) မှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်၍ ၁၉၁၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ ရန်ကုန် အစိုးရအထက်တန်းကျောင်းတွင် ကျောင်းဆရာအဖြစ် ခေတ္တဝင်ရောက်လုပ်ကိုင်ပြီး ကာလကတ္တား တက္ကသိုလ်မှ ၁၉၁၇ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့(M.A) ရရှိခဲ့သည်။ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာ ဌာနတွင် ပထမဆုံး ဗမာလူမျိုး ကထိကအဖြစ် ၁၉၁၆ မှ ၁၉၂၀ အထိ လေးနှစ်တာမျှ ဆောင်ရွက်ခွင့်ရရှိခဲ့သည်။ ၁၉၂၁ ခုနှစ်တွင် အင်္ဂလန်ပြည် ကိန်းဗရစ်တက္ကသိုလ်သို့ သွားရောက် ပညာ သင်ကြားခဲ့ပြီး ၁၉၂၃ ခုနှစ်တွင် လန်ဒန်မြို့ ဂရင်းအင်းမှ ဘာရစ်စတာ (Barrister at Law) ဝတ်လုံ ဘွဲ့ရသည်။ ၁၉၂၄ ခုနှစ်မှာပင် ပြင်သစ်နိုင်ငံ ဘောလ်ဒိုးတက္ကသိုလ်မှ ဗုဒ္ဓဘာသာကျမ်းပြု၍ ပါရဂူ (Ph.D) ဘွဲ့ရရှိခဲ့သည်။ ပီအိပ်ခ်ျဒီအတွက် တင်သွင်းခဲ့သည့်စာတမ်းမှာ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန် ဘာသာရှိ ဈာန်ကမ္မဌာန်းများကို နှိုင်းယှဉ်လေ့လာသည့် 'အိစ်တင်းမစ်တစ်ဇင်း' (Eastern Mysticism) စာတမ်း ဖြစ်သည်။

          ၁၉၂၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီး ဝတ်လုံလိုက်ရာ ၁၉၃၀ ပြည့်နှစ် သာယာဝတီ ဂဠုန်ဆရာစံနှင့် မျိုးချစ်တော်လှန်ရေးသမားများဘက်မှ လိုက်ပါဆောင်ရွက်ရာမှ ထင်ရှားလာခဲ့သည်။

          ၁၉၃၂ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံအား အိန္ဒိယနိုင်ငံနှင့် ခွဲရေးတွဲရေးကိစ္စ ပေါ်ပေါက် လာသောအခါ အိန္ဒိယနှင့်ခွဲရေးကိုလိုလားသော ဦးဘဘေ ခေါင်းဆောင်အဖွဲ့များက ခွဲရေးအသင်း ဖွဲ့စည်းခဲ့သလို ဒေါက်တာဘမော်၊ ဒေါက်တာဘဟန်၊ ဝတ်လုံဦးကျော်မြင့်၊ ဦးကျော်ဒင်၊ ရမ်းဗြဲ ဦးမောင်မောင်၊ ဒီးဒုတ်ဦးဘချို၊ ဦးဘခိုင်တို့ ပါဝင်သည့်အဖွဲ့က တွဲရေးကိုလိုလားသူများက မခွဲခွာရေး အသင်း (တွဲရေးအဖွဲ့)ကို ဖွဲ့စည်းခဲ့ကြသည်။ ယင်းအဖွဲ့ကို အတိုကောက်အားဖြင့် 'မော်မြင့်ဗြဲ ပါတီ' ဟုလည်း ခေါ်ကြသည်။ ထိုအချိန်မှစ၍ ဒေါက်တာဘမော်သည် နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့သည်။

          ထို့ပြင် ရန်ကုန်တက္ကသိုလ်သမဂ္ဂအသင်းတိုက်၌ ခွဲရေး တိုက်ရေး အချေအတင်စကားပြောပွဲ ကျင်းပရာ ခွဲရေးဘက်မှ ဦးဘဘေနှင့် ဝတ်လုံဦးဘစီ၊ တွဲရေးဘက်မှ ဒေါက်တာဘမော်နှင့် ဒေါက်တာဘဟန် ညီအစ်ကိုတို့က ဟောပြောကြသည်။

          ၁၉၃၂ ခု နိုဝင်ဘာလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ဒိုင်အာခီအုပ်ချုပ်ရေးအရ စတုတ္ထ အကြိမ်မြောက် ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲကျင်းပခဲ့ရာ ဒေါက်တာဘမော် ဦးစီးသော ပါတီက အမတ်ဦးရေ ၂၅ ဦး ရွေးကောက်တင်မြှောက်ခံသည်။

          ဒေါက်တာဘမော်သည် ရွေးကောက်ပွဲတွင် အမတ်အဖြစ်ရွေးချယ်ခံရပြီးနောက် ဗြိတိသျှ ပါလီမန် အထက်လွှတ်တော် တွဲဖက်ကော်မတီနှင့်ဆွေးနွေးရန် မြန်မာကိုယ်စားလှယ် ၁၂ ဦး (ဦးဘဘေ၊ ဝတ်လုံတော်ရ ဦးသိမ်းမောင်၊ ဦးချစ်လှိုင်၊ ဒေါက်တာဘမော်၊ အိန္ဒိယလူမျိုးအမတ် ထရပ်ဂျီ၊ ဒေါက်တာဒေါ်စောစ၊ သရာရွှေဘ၊ မစ္စတာကင်းပတ်နက်၊ မစ္စတာဟာဂျီ၊ မစ္စတာကောဝပ်စ်ဂျီ၊ မစ္စတာ ဟာပါး၊ ဦးရွှေသား)နှင့်အတူ ၁၉၃၃ နိုဝင်ဘာ ၈ ရက်နေ့တွင် အင်္ဂလန်ပြည် လန်ဒန်မြို့သို့ သွားရောက်ခဲ့သည်။

          ထို့နောက် ၁၉၃၄ ခုနှစ် ဧပြီ ၉ ရက်နေ့တွင် ဒေါက်တာဘမော်သည် မြန်မာနိုင်ငံ ပူးတွဲတာဝန်ခံ အစိုးရအဖွဲ့တွင် ပညာရေးဝန်ကြီးချုပ်အဖြစ် စတင်ဆောင်ရွက်ခဲ့သည်။ ပညာရေးဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေစဉ်အတွင်း နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်ကိုအမျိုးသားနေ့အဖြစ် မြန်မာပြည်ကျောင်းများအားလုံး တရားဝင်ကျောင်းပိတ်ရက်အဖြစ် သတ်မှတ်ခဲ့သည်။ ထို့နောက် ၁၉၃၆ တွင် ဒေါက်တာဘမော်သည် ဆင်းရဲသားဝံသာနု (ဓားမ) ပါတီကို ဖွဲ့စည်းတည်ထောင်၍ ၁၉၃၆ မှ ၁၉၄၂ အထိ ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။

          ၁၉၃၆၊ မေ ၁၃ တွင် ငါးပွင့်ဆိုင်အဖွဲ့ဥက္ကဋ္ဌ မင်းသားကြီးထိပ်တင်ဝ က ဒေါက်တာဘမော်ထံ ညီညွတ်ရေးအဖွဲ့ထဲ ပါဝင်ရန် ဖိတ်ခေါ်စာပေးပို့သည်။ ဒေါက်တာဘမော်က ငါးပွင့်ဆိုင်ဥက္ကဋ္ဌ မင်းသားကြီးထိပ်တင်ဝ ထံ ၎င်းတင်ပြသော အချက်လေးချက်ကို ညီညွတ်ရေးအဖွဲ့က လက်ခံပါက နောက်လိုက်အဖြစ် ထားရာနေစေရာသွားပါမည်ဟု အကြောင်းပြန်စာပို့ခဲ့သည်။

          ယင်းနောက် ၁၉၃၆ နိုဝင်ဘာ ၁၀ ရက်မှ ၁၄ ရက်နေ့အထိကျင်းပခဲ့သော မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှု အက်ဥပဒေ (၉၁ ဌာန အုပ်ချုပ်ရေး) အရ ပထမဆုံးအကြိမ် အောက်လွှတ်တော်အမတ် ရွေးကောက်ပွဲတွင် ငါးပွင့်ဆိုင်ပါတီမှ ၄၆ ဦး၊ ဒေါက်တာဘမော်၏ ဆင်းရဲသားဝံသာနု (ဓားမ)ပါတီမှ ၁၆ ဦး၊ ဦးချစ်လှိုင် ဂျီစီဘီအေမှ ၁၂ ဦး၊ ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့မှ ၃ ဦး၊ ဖေဘီယန်ပါတီမှ ၁ ဦး (ဦးမောင်မြစ်)နှင့် ရွှေတောင်ကြားပါတီမှ ၂ ဦး၊ သက်ပန်း ဂျီစီဘီအေမှ ၁ ဦးနှင့် တသီးပုဂ္ဂလအမတ် ၁၇ ဦး အရွေးခံရသည်။

          သို့သော် ငါးပွင့်ဆိုင်အဖွဲ့သည် ရွေးကောက်ပွဲတွင် အမတ်လောင်းများ ရာထားစဉ်ကပင် အတွင်းရေးအားဖြင့် စိတ်ဝမ်းကွဲပြားနေကြရာ ၁၆ ဦးမျှ အရွေးခံရသည့်အတွက် အားအကြီးဆုံးပါတီ အဖြစ်ဖြင့် ဦးဘဘေအား ခေါင်းဆောင်စေ၍ အစိုးရအဖွဲ့ ဖွဲ့စေရန်အတွက် ဘုရင်ခံက အပ်နှင်း၏။ ဦးဘဘေသည် ငါးပွင့်ဆိုင်ပါတီဝင်တို့နှင့်စေ့စပ်ပြီး ဝန်ကြီးရာထူးများရွေးချယ်၍ အစိုးရအဖွဲ့ကို ကြိုးစားဖွဲ့သော်လည်း ညီညွတ်မှုကိုမရဘဲ အစိုးရမဖွဲ့နိုင်သောကြောင့် ၁၉၃၇ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဘုရင်ခံထံ ပြန်အပ်လိုက်ရသည်။

          ထိုအခါ ဒေါက်တာဘမော်သည် ငါးပ<င့်ဆိုင်တွင် သဘောကွဲပြားနေသော အမ်အေဦးမောင်ကြီး၊ ဝတ်လုံဦးပု၊ ဒေါက်တာသိန်းမောင်၊ မိတ္ထီလာဦးဘရင်၊ မန္တလေးဦးဘဦးစသည်တို့နှင့် အိန္ဒိယ တိုင်းရင်းသားအမတ်များ၊ ကရင်အမျိုးသားအမတ်များ၊ ရခိုင်အမျိုးသားအမတ်များ၊ ဦးချစ်လှိုင်အဖွဲ့ တသီးပုဂ္ဂလတို့နှင့် ညှိနှိုင်းရာ အမတ်ဦးရေအဖွဲ့ဝင် ၇၀ မျှရရှိသွားသောကြောင့် မြန်မာနိုင်ငံ ဘုရင်ခံ ဆာအာချီဘောဒေါက်ကလပ်ကော့ကရိန်း က ဒေါက်တာဘမော်အား အစိုးရဖွဲ့ခိုင်းသည်။ သို့ဖြင့် ဒေါက်တာဘမော်တင်ပြသော အစိုးရအဖွဲ့ဝင်အမည်စာရင်းကို ဘုရင်ခံက ၁၉၃၇ ခုနှစ် မတ်လ ၁၁ ရက် နေ့တွင် အတည်ပြုခဲ့သည်။

          ဤသို့ဖြင့် ညွန့်ပေါင်းအစိုးရအဖွဲ့တွင် နန်းရင်းဝန်အဖြစ် ဒေါက်တာဘမော်၊ ပြည်ထဲရေး ဝန်ကြီးအဖြစ် ဦးပေါ်ထွန်း၊ ပညာရေးဝန်ကြီး သာယာဝတီဦးမောင်မောင်၊ သစ်တောရေးဝန်ကြီး ဦးစောဖေသာ၊ ဘဏ္ဍာရေးဝန်ကြီး ဦးထွန်းအောင်ကျော်၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာ သိန်းမောင်၊ အခွန်တော်ဌာနဝန်ကြီး မန္တလေးဦးဘဦးတို့ ပါဝင်သည်။

          နန်းရင်းဝန်ဖြစ်ပြီးနောက် နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသား နေ့အဖြစ် အများပြည်သူရုံးပိတ်ရက်အဖြစ် ကြေညာပေးခဲ့သည်။ ထို့နောက် ဒေါက်တာဘမော်သည် တက္ကသိုလ်ကျောင်းသားသပိတ်များ၏ လိုလားချက်များကို "မြန်မာပြည် တက္ကသိုလ်ကျောင်းသည် မြန်မာတိုင်းရင်းသားကျောင်းအစစ် ဖြစ်ရမည်။ ဤအတိုင်းဖြစ်စေရန် ညွန့်ပေါင်းအစိုးရက သဘောမထားလျှင် ရာထူးပြန်အပ်၍ မိမိအစိုးရအဖွဲ့များကို ဖျက်သိမ်းမည်။ မြန်မာတိုင်းရင်းသား တက္ကသိုလ်သည် ဓနရှင်များ၏တက္ကသိုလ်သာ မဖြစ်ရ၊ ဆင်းရဲသားများလည်း ဓနရှင်များကဲ့သို့ တက္ကသိုလ်ပညာကိုရှာမှီး၍ တက္ကသိုလ်စာမေးပွဲများကို အောင်နိုင်ရန် လုပ်ရမည်။ ဤကဲ့သို့ဖြစ်နိုင်ရန် ဆင်းရဲသားများရနိုင်သည့် စကောလားရှစ်များ တိုး၍ပေးရန်နှင့် စရိတ်မရှိ၍ မသင်နိုင်သော ကျောင်းသားများ စာမေးပွဲဝင်ခွင့်ပေးမည်။ တက္ကသိုလ်ကျောင်း၌ ပြဌာန်းချက်များကို  မြန်မာဘာသာ အားဖြင့် သင်ကြားနိုင်ရန် ယခုကစ၍ အုတ်မြစ်ချရမည်။ အုတ်မြစ်က စရမည်ဖြစ်၍ အချိန် လိုဦးမည်ဖြစ်ရာ မြန်မာဘာသာကို ပညာရေး၌ အားပေးရန် အထူးရည်ရွယ်ပါသည်" ဟု မြို့တော် ခန်းမ အစည်းအဝေး၌ ပြောကြားလေသည်။

          သို့သော် ၁၃၀၀ပြည့် အရေးတော်ပုံကြီး ၁၉၃၈ တွင် နယ်ချဲ့လက်ပါးစေများ၏ ရက်စက်စွာ ရိုက်နှက်မှုကြောင့် ဗိုလ်အောင်ကျော်နှင့် မန္တလေးအာဇာနည် ၁၇ ဦးတို့ ကျဆုံးခဲ့ရခြင်း၊ ကုလား-ဗမာ အဓိကရုဏ်းဖြစ်ပွားခဲ့ခြင်းတို့ကြောင့် ပြည်သူများက အော့နှလုံးနာကာ ဒေါက်တာဘမော် ဦးဆောင်သော ညွန့်ပေါင်းအစိုးရကို တနိုင်ငံလုံးက ဝိုင်းဝန်း ရှုတ်ချခဲ့ကြသည်။ လွှတ်တော်တွင်လည်း အတိုက်အခံခေါင်းဆောင် မျိုးချစ်ပါတီမှ ဂဠုန်ဦးစော တင်သွင်းသည့် ဒေါက်တာဘမော် ခေါင်းဆောင်သည့် ညွန့်ပေါင်းအစိုးရအပေါ် အယုံအကြည်မရှိအဆိုကို မဲခွဲရာ ထောက်ခံမဲ ၇၀၊ ကန့်ကွက်မဲ ၃၇ မဲဖြင့် အဆိုနိုင်ခဲ့သဖြင့် ဒေါက်တာဘမော် အစိုးရ ပြုတ်ကျသွားလေသည်။

          ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ (အချို့က အောက်တိုဘာလ ၁ ရက်နေ့ဟု ဆို) တွင် လွတ်လပ်ရေးအတွက် သွေးစည်းဆောင်ရွက်ရန် တို့ဗမာအစည်းအရုံးသခင်များ၊ ငါးပွင့်ဆိုင်၊ ဆင်းရဲသားဝံသာနု၊ နေပြည်တော် စသည့် အဖွဲ့များပူးပေါင်းလက်တွဲ၍ ဗမာ့ထွက်ရပ်ဂိုဏ်း (Burma Freedom Bloc) ကို ဖွဲ့စည်းတည်ထောင်လိုက်သည့်အခါ အဖွဲ့ခေါင်းဆောင်အဖြစ် တင်မြှောက်ခံ ရသည်။ ထိုစဉ်က ဗိုလ်အောင်ကျော်ကို ရိုက်သတ်သည့် ဒေါက်တာဘမော်နှင့် မဟာမိတ် ဖွဲ့ရကောင်းလားဟု တို့ဗမာအစည်းအရုံးမှ အချို့သောအင်အားစုများက မကျေနပ်ကြချေ။ နယ်ချဲ့အင်္ဂလိပ်ကို ပိုမိုအင်အားကြီးသည့် အမျိုးသားအင်အားနှင့် တိုက်ရမည်ဟု ရှင်းပြမှ သဘောပေါက်လာကြသည်။

          ၁၉၄၀ ပြည့်နှစ် သြဂုတ်လ ၆ ရက်နေ့တွင် ဗမာ့ထွက်ရပ်ဂိုဏ်း၏ခေါင်းဆောင် ဒေါက်တာ ဘမော် အဖမ်းခံရသည်။ ထို့နောက် သြဂုတ်လ ၂၈ ရက်နေ့တွင် ထောင်ဒဏ်တနှစ် အပြစ်ပေး၍ မန္တလေးထောင်သို့ ပို့ခဲ့သည်။ ထို့နောက် အောက်တိုဘာ ၁၈ ရက်နေ့တွင် မန္တလေးထောင်မှ မိုးကုတ် ထောင်သို့ ပြောင်းရွှေ့ခဲ့သည်။ ဂျပန်တပ်များ မြန်မာပြည်သို့ ဝင်ရောက်လာပြီးနောက် ၁၉၄၂ ဧပြီ ၁၃ ရက်နေ့တွင် ဒေါက်တာဘမော် မိုးကုတ်ထောင်မှ ထွက်ပြေးလွတ်မြောက်သွားသည်။

          ဂျပန်ကင်ပေတိုင်စစ်ပုလိပ်အဖွဲ့က ၁၉၄၂ ခုနှစ် မေ၂၃ ရက်နေ့တွင် မိုးကုတ်ထောင်မှ ထွက်ပြေးလွတ်မြောက်သွားသော ဒေါက်တာဘမော်ကို ဂျပန်တပ်မတော်ဌာနချုပ်ရှိရာ မေမြို့ (ပြင်ဦးလွင်) သို့ ခေါ်ဆောင်သွားသည်။   

          ယင်းနောက် ၁၉၄၂ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် မြန်မာပြည်ရှိ ဂျပန်စစ်တပ်များ၏ စစ်သေနာပတိ ဒုတိယဗိုလ်ချုပ်ကြီး အီးဒါးက မြန်မာပြည်အုပ်ချုပ်ရေး စီစဉ်မှုကော်မတီ (Provisional Administrative Committee)တွင် ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့၍ ကော်မတီကို ဖွဲ့စည်းစေသည်။ ယင်းအဖွဲ့တွင် ဒေါက်တာသိမ်းမောင်၊ သခင်မြ၊ ဗန္ဓုလဦးစိန်၊ သခင်ထွန်းအုပ်၊ သခင်နု၊ ဓားမဦးဘသိန်း၊ ဦးလှဖေနှင့် သခင်ဗစိန်တို့ ပါဝင်ကြလေသည်။

          ထို့နောက် ၁၉၄၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ နံနက် ၈ နာရီတွင် စစ်ဘက်ဆိုင်ရာ ဗဟိုဌာန ဖြစ်သော အစိုးရအိမ်တော်၌ ဒေါက်တာဘမော်အား နန်းရင်းဝန်(ဝန်ကြီးချုပ်)အဖြစ် ဂျပန် စစ်သေနာပတိ ဒုတိယဗိုလ်ချုပ်ကြီး အီးဒါးက ခန့်အပ်ခဲ့သည်။ နန်းရင်းဝန် ဒေါက်တာဘမော်က အစိုးရ အဖွဲ့သစ်ဖွင့်ပွဲတွင် "ဂျပန်တပ်မတော် စစ်ဗိုလ်ချုပ်ကြီး၏လက်အောက်တွင် ဖွဲ့စည်းလိုက်သော ခေတ်သစ် မြန်မာပြည်အစိုးရကို ကျွန်ုပ်တို့ ယနေ့တွေ့မြင်ကြရပြီ။ ဤခေတ်သစ် အစိုးရသည် မြန်မာပြည်တွင် ခေတ်သစ်ထူထောင်မည်ဖြစ်ကြောင်းနှင့် ခေတ်သစ်အစိုးရ၏ လုပ်ငန်းအစီအစဉ် ဖြစ်သော ဝါဒစည်းမျဉ်းများကို ကြေညာခဲ့သည်။

          ဒေါက်တာဘမော်သည် ၁၉၄၂ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့တွင် တို့ဗမာဆင်းရဲသား အစည်းအရုံးကို ဖွဲ့စည်းသည့်အခါ အစည်းအရုံးခေါင်းဆောင် အာဏာရှင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ဒေါက်တာဘမော်သည် ရှင်ဘုရင်ဆန်ဆန် အခမ်းအနားကို ကြိုက်သည်။ လိုတာထက်ပိုပြီး အစည်းအဝေးဖြစ်စေ၊ အခမ်းအနားတခုခုဖြစ်စေ သူ ဝင်မလာမီ အခမ်းအနားမှူးက "အဓိပတိ အရှင်မင်းကြီး ကြွချီလာပါတော့မည်။ တိတ်စေ" ဟု အော်သည့်အခါ အားလုံး ငြိမ်နေရသည်။

          ဂျပန်ဧကရာဇ်ဘုရင် ဟီရိုဟီတို (၁၉၀၁-၁၉၈၉) က ဒေါက်တာဘမော် အစိုးရအဖွဲ့ဝင်တို့အား ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ ဖိတ်ခေါ်၍ ၁၉၄၃ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ဒေါက်တာဘမော်အား တက်နေ ပထမတန်းဘွဲ့တံဆိပ်နှင့် စလွယ်ကြီး၊ ပြည်ထဲရေးဝန်ကြီးသခင်မြနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာသိမ်းမောင်တို့အား မွန်မြတ်သောဘဏ္ဍာ ဒုတိယတန်းဘွဲ့တံဆိပ်နှင့် ဗမာ့ကာကွယ်ရေး တပ်မတော် စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းအား တက်နေတတိယတန်း ဘွဲ့တံဆိပ်နှင့် စလွယ်လတ်တို့ကို ချီးမြှင့်ခဲ့သည်။

          ဂျပန်စစ်သေနာပတိ ဒုတိယဗိုလ်ချုပ်ကြီး ကာဝါဘီ က စစ်အုပ်ချုပ်ရေး ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် လွတ်လပ်ရေးပေး၍ ဗမာနိုင်ငံအစိုးရ ဖွဲ့စည်းသည့်အခါ နိုင်ငံတော် အဓိပတိအဖြစ် ဗမာနိုင်ငံအစိုးရအဖွဲ့ကို ဦးဆောင်စေခဲ့သည်။

          ၁၉၄၄ သြဂုတ်၂၃တွင် ခေတ္တမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် မစ္စတာကီတာဇာဝါနှင့် သံမှူး မစ္စတာရှိမတ်ဇုတို့က ဂျပန်ဧကရာဇ် ဘုရင်မင်းမြတ်ကိုယ်စား The Grand Cordon of the Imperial Order of the Rising Sun with the Poulownia flower ဘွဲ့တံဆိပ်ကို ရန်ကုန်မြို့ စံအိမ်တော်ဧည့်ခန်းမ၌ နိုင်ငံတော်အဓိပတိ ဒေါက်တာဘမော်အား အပ်နှင်း၍ ဂျပန်ဧကရာဇ် မင်းမြတ်၏ သဝဏ်လွှာကို ဆက်သခဲ့သည်။

          ထို့နောက် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖတပလ မှ မြန်မာနိုင်ငံတဝန်းလုံး ဖက်ဆစ်တော်လှန်ရေးဆင်နွှဲ၍ မဟာမိတ်တပ်များ မြန်မာနိုင်ငံ တွင်းသို့ ဝင်ရောက်လာသောအခါ ဂျပန်ခေတ်မြန်မာအစိုးရ အဓိပတိကြီး ဒေါက်တာဘမော်နှင့် အစိုးရအဖွဲ့ဝင်များနှင့် မိသားစုများ ည ၉း၃၀ နာရီခန့်တွင် ရန်ကုန်မြို့မှ ထွက်ခွာခဲ့လေသည်။ စစ်ပြေးအစိုးရ အဓိပတိ ဒေါက်တာဘမော် အစိုးရအဖွဲ့သည် ၁၉၄၅ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် ယိုးဒယား-မြန်မာ သေမင်းတမန်မီးရထားလမ်းအတိုင်း မီးရထားဖြင့် ယိုးဒယား(ထိုင်း)နိုင်ငံသို့ ထွက်ပြေးလွတ်မြောက်သွားသည်။ ယင်းနောက် ဒေါက်တာဘမော်သည် ယိုးဒယားနိုင်ငံမှတဆင့် ကမ္ဘောဒီးယား၊ ကမ္ဘောဒီးယားမှတဆင့် ထိုင်ဝမ်ကျွန်းသို့ လေယာဉ်ဖြင့် ထွက်ခွာသွားသည်။ ယင်းနောက် ဂျပန်နိုင်ငံသို့ ရောက်ရှိသွားသည်။ ဒေါက်တာဘမော် လွတ်မြောက်သွားသော်လည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဗြိတိသျှစစ်ဘက်ဆိုင်ရာတို့က စစ်ပြေးအစိုးရ အဓိပတိ ဒေါက်တာဘမော်၏ဇနီး ဒေါ်ခင်မမမော်၊ သားသမီးများနှင့် ယင်းတို့၏လုံခြုံရေးအရာရှိ ဗိုလ်ရန်နိုင် (ရဲဘော်သုံးကျိပ်) တို့အား ဖမ်းဆီးခဲ့သည်။

          ဂျပန်တို့လက်နက်ချပြီးနောက် ဒေါက်တာဘမော်သည် ၁၉၄၅ ခုနှစ် ဒီဇင်ဘာလတွင် တိုကျိုမြို့သို့သွားရောက်၍ ဗြိတိသျှတပ်ဖွဲ့မှ ဗိုလ်မှူးကြီးဖစ်ဂျက်စ် (Col.Figesse) ထံ လက်နက်ချခဲ့သည်။ ဒေါက်တာဘမော်သည် ဂျပန်နိုင်ငံ ဘူဂါမိုအကျဉ်းထောင်တွင် ၁၉၄၆ ခုနှစ် ဇူလိုင်လအထိ အကျဉ်းကျခံရပြီးနောက် ပြန်လည်လွတ်မြောက်ခဲ့သည်။ ယင်းနောက် ရန်ကုန်မြို့သို့ သြဂုတ်လ ၁ ရက်နေ့တွင် ပြန်လည်ရောက်ရှိခဲ့သည်။ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးနောက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖဆပလအဖွဲ့ကြီးသို့မဝင်တော့ဘဲ သီးခြား 'မဟာဗမာ' ပါတီကို တည်ထောင်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇန်န၀ါရီ ၂၇ ရက်နေ့တွင် ချုပ်ဆိုသော အောင်ဆန်း-အက်တလီ စာချုပ်ကို မထောက်ခံဘဲ ပြင်းထန်စွာ ဝေဖန်ရှုံ့ချ ကန့်ကွက်ခဲ့သည်။ ၁၉၄၇ ဧပြီလ ၉ ရက်နေ့တွင် ကျင်းပသော တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲကို ဂဠုန်ဦးစော၊ သခင်ဗစိန်တို့နှင့် ပေါင်း၍ 'စော၊ စိန်၊ မော်' မဟာမိတ်ဖွဲ့ကာ သပိတ်မှောက်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသောအခါ အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်တဦးအဖြစ် ၁၉၄၇ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှ ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့အထိ ပြည်တွင်းငြိမ်းချမ်းရေး ပုဒ်မ (၅) အရ အကျဉ်းချခံရသည်။ ၁၉၅၉ ခုနှစ်တွင် အမျိုးသားပေါင်းစုံမဟာအဖွဲ့ နာယကအဖြစ် ဆောင်ရွက်သည်။ ၁၉၆၆ ခုနှစ် မေလတွင် ထပ်မံ အကျဉ်းချခံရသည်။

          ဒေါက်တာဘမော်သည် ၁၉၂၆ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် ဒေါ်ခင်မမမော်နှင့် လက်ထက်၍ သားသုံးဦး (ဇာလီမော်၊ ဗညားမော်၊ နေတာမော်)၊ သမီးလေးဦး (တင်ဇာမော်၊ ဒေါက်တာမာလာမော်၊ ဒေါက်တာသီတာမော်၊ ဥမ္မာမော်) တို့ကို မွေးဖွားထွန်းကားခဲ့သည်။ ဇနီးဖြစ်သူ ဒေါ်ခင်မမမော်မှာ ခင်ပွန်းသည်၏ လုပ်ငန်းများတွင် အကူအညီ အထောက်အပံ့ပေးနိုင်၍ ထူးချွန်ထက်မြက်သော အမျိုးသမီးတဦးအဖြစ် ထင်ရှားသည်။ ဂျပန်ခေတ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ဒေါက်တာဘမော်သည် အင်္ဂလိပ်ဘာသာဖြင့် Break through in Burma: Memories of a Revolution ၁၉၃၉-၁၉၄၆ (ရုန်းထွက်ခဲ့သော မြန်မာပြည်) ဟူသော စာအုပ်ကိုရေးသား၍ ၁၉၆၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု ယေးတက္ကသိုလ်မှ ပုံနှိပ်ထုတ်ဝေခဲ့သည်။ သူတို့၏ အခြားထင်ရှားသော စာအုပ်များမှာ Buddhist Mysticism; A Psychological Study (၁၉၂၄) နှင့် New Order Plan for Burma (၁၉၅၀) တို့ဖြစ်သည်။

          မြန်မာသမိုင်းတကွေ့တွင် ထင်ရှားခဲ့သော ဒေါက်တာဘမော်သည် ၁၉၇၇ ခုနှစ် မေလ ၂၉ ရက်တွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၈၁(က) နေအိမ်၌ ကွယ်လွန်ခဲ့လေသည်။
ရေးသားသူ = သန်းဝင်းလှိုင် (မိုးမခ)

PDF အနေဖြင့် လိုချင်သူများ အောက်ပါ ဒေါင်းလုပ်လင့်ခ် များတွင် ဒေါင်းလုပ် ရယူနိုင်ပါသည်။

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

Saturday, June 25, 2011

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ သွားရောက်လှူဒါန်းခြင်း

5961150.jpg
မေတ္တာရှင်ဆရာတော် နှင့် လားရှိုးလေး ဆရာတော်တို့ ပုလဲရတနာကြိုးတံတားတွင် အမှတ်တရ

၂၄.၆.၂၀၁၁ ရက်နေ့တွင် မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော် အရှင် ဇဝန နှင့် မန္တလေးမြို့မှ တပည့်ဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင် အလှူရှင်များ  စုပေါင်း၍ ကျောက်ဆည်မြို့ရှိ ဘုန်းတော်ကြီးသင် အခမဲ့ ပညာရေးကျောင်းများသို့ သွားရောက်၍ လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြပါသည်။ ဆရာတော်နှင့် အလှူရှင်တို့သည် ကျောက်ဆည်မြို့  မြင်စိုင်း၊ ဆင်ဖြူချပ် ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ မနက် ပိုင်းတွင် ရောက်ရှိကြပြီး မေတ္တာရှင် ဆရာတော်မှ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအတွက် လိုအပ်တဲ့ နေရာများတွင် အသုံးပြုရန်အတွက် အလှူငွေများကို ကျောင်းအုပ်ဆရာတော်ထံ ဆပ်ကပ်လှူဒါန်းပြီးနောက် ၊ ကျောင်းအတွက် ဆန်၊ ဆီ၊ ဆား၊ ဆပ်ပြာ များကိုလည်း လှူဒါန်းခဲ့ပါသည်။ ထိုကျောင်းရှိ ကိုရင်လေးများနှင့် ကျောင်းသူကျောင်းသားကို ဆရာတော်တို့ မရောက်ခင် အချိန်တွင် အဆိုတော် ဒွန်းမှ ကလေးများအတွက် စိတ်ဓာတ်ခွန်အား တိုးပွားစေရန်အတွက် သီချင်းများဖြင့် သီဆိုဖျော်ဖြေပေးသည့် အပြင် စိတ်ဓာတ်မြှင့်တင်ရေး အကြောင်းများကိုလည်း ပြောကြားပေးသွားခဲ့ပါသည်။ ထိုနောက် အလှူရှင်များမှ ကိုရင်လေးများနှင့် ကျောင်းသူကျောင်းသားများအတွက် ဗလာစာအုပ်၊ ဆပ်ပြာခဲ့၊ ရေဗူး၊ မုန့်၊ ချိုချဉ် ၊ ပိုက်ဆံ၊ ၅၀၀၀ ကျပ်တန် ကံစမ်းမဲများ  စသည်ဖြင့် ပစ္စည်းမျိုးစုံတို့ကို ကံစမ်းမဲဖောက်ပြီး လှူ ဒါန်းမှုများ ပြုလုပ်ခဲ့ကြပါသည်။
5961151.jpg

5961147.jpg
ဆရာတော်မှ ကိုရင်လေးများ၊ ကျောင်းသားကျောင်းသူ မိဘများအား သြဝါဒ၊ တရားဟောကြားနေပုံ။

5961157.jpg
အဆိုတာ် ဒွန်းမှ ကိုရင်လေးများနှင့် ကျောင်းသား၊ ကျောင်းသူများ၊  မိဘများအား သီချင်းဖြင့် အားပေး ဖြေဖျော်နေပုံ။
5961144.jpg

5961145.jpg
ကိုရင်လေးများနှင့် ကျောင်းသားများကို ကံစမ်းမဲ ဖောက်ပေးနေစဉ်။

5961143.jpg
ပညာသင်ကလေးများ စားသုံးရန် ထမင်းပွဲများ ပြင်ဆင်ထားပုံ
5961158.jpg
ကိုရင်လေးများနှင့် ကျောင်းသားကျောင်းသူများ ထမင်းမစားခင် ဆုတောင်းနေပုံ
5961148.jpg

5961149.jpg
ကျောင်းသူ၊ကျောင်းသားများအတွက် ဆင်းရဲ နွမ်းပါးလှသည့် ထမင်းစားဆောင် နှစ်ဆောင်တွဲ။ 

ထိုမှတဆင့် ဆရာတော်နှင့် အဖွဲ့သည် စဥ့်ကိုင်မြို့ အရှေ့ဘက်ရှိ မက္ခရာမြို့ဟောင်း ၌ ရှိသော ကျွန်းဦးကျောင်း ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းသို့ သွားရောက်ကြ၍ လှူဒါန်းမှုများ ထပ်မံ ပြုလုပ်ခဲ့ကြပါသည်။ မေတ္တာရှင် ဆရာတော်မှ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအတွက် အလှူငွေများကို ကျောင်းထိုင် ဆရာတော်ကြီးထံ ဆပ်ကပ်လှူဒါန်း ပြီးနောက် ၊ ကိုရင်လေးများနှင့်ကျောင်းသားကျောင်းသူ (၁၀၇) ဦးတို့ အတွက် ဗလာစာအုပ်၊ ရေဗူး၊ ဆပ်ပြာခဲ၊ မုန့်မျိုးစုံ ၊ ချိုချဉ် ပိုက်ဆံ တို့ကို ကံစမ်းမဲ ဖောက်၍ လှူဒါန်းခဲ့ကြပါတယ်။ ထိုကံစမ်းမဲများတွင် မေတ္တာရှင် ဆရာတော်မှ ၅၀၀၀ ကျပ်တန် ကံစမ်းမဲ  (၁၀) မဲ ကိုလည်း ထည့်သွင်း၍ မဲဖောက်ပေးခဲ့သည့် အပြင် အလှူရှင် အများစုမှလည်း ၅၀၀၀ ကျပ်တန် ကံစမ်းမဲ များကိုလည်း ထည့်သွင်း မဲဖောက်ပေး ခဲ့ကြပါသည်။
5961152.jpg


5961154.jpg


5961156.jpg
ကိုရင်လေးများကို ကံစမ်းမဲ ဖောက်ပေးရာတွင် ငါးထောင်မဲ ပေါက်သော ကိုရင်လေး။

5961153.jpg

5961155.jpg

အလှူရှင်အားလုံးတို့နှင့်တကွ အများပြည်သူများ ကြည်ညိုသဒ္ဒါပွားများ၊ သာဓုခေါ် နိုင်စေရန် မှတ်တမ်း ဓာတ်ပုံလေးများနှင့်တကွ ရေးသားဖော်ပြေပေးလိုက်ရပါသည်။

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

Thursday, June 16, 2011

ရွှေလုပ်ငန်း အမှတ်တရ

ဒီတစ်ခေါက် ဇာတိမြေသို့ ပြန်ရာမှာ အရင်တုန်းကအတိုင်း သွားနေကြ ရေလမ်းက မသွားပဲ အနောက်မြောက်တိုင်းဒေသကြီးဖြစ်တဲ့ စစ်ကိုင်းတိုင်း ဒေသကြီးမှ စစ်ကိုင်းနဲ့ ရွှေဘို ခရိုင် ကိုဆက်သွယ်ဖောက်လုပ်ထားတဲ့ ခရိုင်ချင်းဆက်လမ်း (ဗျူဟာလမ်း) မှ ပြန်သွားခဲ့ပါတယ်။ အဲဒီလမ်းမကြီးရဲ့ လမ်းဘေး အနီးဝန်းကျင်ရှိ  ၊ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ငါးပတ်ခေါင်းရွာ အနီး၊ ဆယ်တော ရွာ နားမှာ ရွှေလုပ်ကွက်များ ဖြစ်ထွန်း နေတာ တော်တော် ကြာနေပါပြီ။ ဒီရွှေလုပ်ကွက်များကတော့ မြန်မာပြည် အထက်ပိုင်းက မချောတို့ ဖားကန့်အနီးက ရွှေလုပ်ကွက်များလိုတော့ အရမ်းကြီး ကျယ်ပြန့်မှု၊ ရွှေထွက်မှုနှုံး သိပ်မရှိပါဘူး။ သီးခြား အနေနဲ့ အနည်းငယ်သာ ထွက်ရှိတာ မို့ သိပ်မသိတဲ့ ဒေသလေးလို့လည်း ပြောလို့ရပါတယ်။ အဲဒီဒေသက  ရွှေလုပ်ကွက်မှာပဲ ကျွန်တော်တို့ ကျောင်းနေဖက် မန္တလေးမှ သူငယ်ချင်း တစ်ယောက် လုပ်ကွက် ဝယ်ပြီး ရွှေတူးဖော်ခြင်း လုပ်ငန်း လုပ်ကိုင်နေသည်မှာ တစ်နှစ်ကျော် ရှိနေပြီး ဖြစ်ပါတယ်။ အဲဒီ ပြန်တဲ့ နေ့မှာ ပဲ သူငယ်ချင်းကလည်း သူ ရွှေတောကို တက်မယ် ဆိုတာ နဲ့ သူငယ်ချင်း နဲ့အတူ လိုက်သွားပြီး တော့ သူတို့ရဲ့ ရွှေလုပ်ငန်း လုပ်ကိုင် တူးဖော် နေမှု လေးများ ကို လှည့်လည်ကြည့်ရှုပြီး မှတ်တမ်းတင် ဓာတ်ပုံလေး တွေ ရိုက်ကူး ခဲ့မိပါတယ်။ အဲဒီ မှတ်တမ်း ဓာတ်ပုံလေး များကို စာဖတ်သူတို့ အတွက် ရွှေလုပ်ငန်း လုပ်ကိုင်းခြင်း ဗဟုသုတ ရဖွယ်၊ လုပ်ငန်းခွင်မှ လုပ်ကိုင်နေသူများအတွက် သနား ဂရုဏာ သက်ဖွယ် အဖြစ် ဖော်ပြပေးလိုက်ရပါတယ်။

5898124.jpg
ရွှေတူးဖော်ပြီးသော အပိုင်းနှင့် တူးဖော်ရန် ကျန်ရှိနေသေးသော မြက်ခင်းများဖြင့်စိမ်းစိုနေပုံ

5898130.jpg
ရွှေတူးဖော်ထားသော တွင်းကြီး၊ ချိုင့်ဝှမ်းကြီး အတွင်း၌ လုပ်ကိုင်နေကြပုံ

5898132.jpg
ရွှေတူးဖော်ပြီး ဗြုန်းများကို စုတ်ထုတ်ပြီး အပေါ်သို့ မောင်းတင်ရန် ပြင်ဆင်နေသော စက်ကြီး၊ ကျွန်တော်တို့ ရောက်တဲ့နေ့က ထိုစက်ကြီး အဲဒီ ရေများအတွင်း ပြုတ်ကျပြီး မြုပ်သွားလို့ ပြန်လည် ဖော်ယူပြီး ပြင်ဆင်နေကြပုံ။ 

5898133.jpg
ရေအိုင်များကို ကန့်သတ်ပြီး ထိုရေများ ကုန်သွားအောင် ရေစုပ်စက်ဖြင့် မောင်းနှင်နေပုံ
5898364.jpg
ရွှေလုပ်ငန်း လုပ်ကိုင်နေကြသော နေ့စား အလုပ်သမားများဖြင့် လုပ်ကိုင်နေကြပုံ။

5898142.jpg



5898141.jpg
ပေ ၄၀ ကျော် နက်သော ချိုင့်ဝှမ်းကြီး အတွင်း လုပ်ကိုင်နေကြပုံ။ ထိုသို့သော ချိုင့်ဝှမ်းကြီး(ချိုင့်ကြီး)  ဖြစ်ရန်အတွက် အောက်ပိုင်းမှ မြေများကို တစ်ဖြည်းဖြည်း ချင်း လှိုက်၍ တူးဖော်ပြီး အပေါ်မှ နည်းနည်း ခြင်း ဖြိုချ သွားကြခြင်း ဖြစ်သည်။
5898187.jpg

ရွှေတူးဖော်ထားသော မြေများ ဘေးတွင် ၊ ရွှေလုပ်သားများ နေထိုင်ကြသော တဲအိမ်လေးများကို တွေ့မြင်ရစဉ်။

5898189.jpg

ရွှေလုပ်ငန်း လုပ်ကိုင်ရာ တွင် အဆင်ပြေ ချောမွေ့ပြီး အန္တရာယ်ကင်းစွာ လုပ်ကိုင်နိုင်ရန် ဆိုင်ရာ ဆိုင်ရာ ကို ပူဇော်ပသထားပုံ။ 

5898178.jpg
တစ်ဖက်မှ ရွှေများတူးဖော်ပြီး စက်ဖြင့် ဗြုန်းကို ကိုအပေါ်သို့ မှုတ်ထုတ်ရာတွေင် ပါလာသော မြေသားများမှ ပြန်လည် ပြည့်မောက်လာပြီး ကုန်းမြေသဘော ပြန်ဖြစ်သွားပုံ။ 
5898318.jpg
ရွှေများကို စစ်ယူသယ်ထုတ်ရန်အတွက် ဗြုန်းစင် ကို တွေ့မြင်ရပုံ။
5898322.jpg
ရေများခြင်းသည် ရွှေတူးဖော်ရာတွင် အဆင်ပြေစေသော်လည်း ရေများ များလျှင် ရွှေပါသည့် ဗြုန်းများ စုပ်ထုတ်ရန် အရမ်းကြာ ခက်ခဲသည့်အတွက် ရေများ နည်းသွားအောင် ရေစုပ်စက်ဖြင့် တွင်းအတွင်းမှ ရေများကို အပေါ်သို့ ရေစုပ်စက်ဖြင့် စုပ်ထုတ် နေခြင်းဖြစ်သည်။ နွေရာသီတွင် ရေအရမ်းခမ်းခြောက်သည့် အတွက် ရေရှားခြင်း ပြဿနာကို ကို ရင်ဆိုင်ရသလို မိုးရာသီတွင်လည်း မိုးများခြင်းအတွက် ရေများခြင်း ပြဿနာကို လည်း ဤသို့ဖြေရှင်းရခြင်း ဖြစ်သည်။ 

5898320.jpg
ရွှေများပါလာသော သဲများ၊ ရွံ့ဗြုန်းကို ရွှေစစ်ကန်ကြီးများဖြင့် ခံယူ ထားပုံ။ ထိုစစ်ကန် အတွင်းကျန်ရစ်သာ ခဲများ၊ ဗြုန်းများ မှနေ၍ ရွှေများကို ပြန်လည် ကျင်ယူ(ဝိုင်းလှည့်၍ယူ) ရသည်။
5898326.jpg
ရွှေများတူးဖော်ရင်း မြေကြီးများကို တဖြည်းဖြည်းချင်း ပေ ၄၀ ကျော် နက်သွားသည်အထိ ၊  ဖြိုချခြင်းများအတွက် ရေပိုက်များ၊ သံတူရွှင်း များဖြင့် ဝိုင်းဝန်း တူးစွ လုပ်ကိုင်နေကြပုံ။ 

ဤသို့ဖြင့် ရွှေလုပ်ငန်း လုပ်ကိုင်သူတို့၏  ဘဝအခြေအနေ တို့နှင့် တကွ။ လုပ်ငန်းလုပ်ကိုင်ကြသော လုပ်သားတို့ ၏ ပင်ပန်းကြီးစွာ လုပ်ကိုင်စား သောက်ကြရပုံများကို  ဂရုဏာသက်ဖွယ် အနေနဲ့ ရေးသား ဖော်ပြ လိုက်ရပါသည်။

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

Tuesday, June 14, 2011

သမိုင်းတကွေ့မှ ဂဠုန်ဦးစော

5882989.jpg


မြန်မာနိုင်ငံ လွတ်လပ်ရေးရအံ့ဆဲဆဲတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင်ကြီးများအား ဂဠုန်ဦးစောနှင့် သူ၏ နောက်လိုက်လူသတ်သမားတစုက လုပ်ကြံသတ်ဖြတ်မှုကြောင့် ကျဆုံးသွားခဲ့ရရှာသည်။ ထို့ကြောင့် ဇူလိုင်လ ၁၉ ရက်နေ့ရောက်တိုင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည့်နေ့ကို အမှတ်တရရှိစေခြင်းငှာ 'အာဇာနည်နေ့' အဖြစ်ကျင်းပလာခဲ့သည်မှာ ၂၀၁၁ ခုနှစ် ဇူလိုငလ ၁၉ ရက်နေ့တွင် ၆၄ နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်သည်။ 'သေသောသူ ကြာလျှင်မေ့' ဆိုရိုးစကားရှိသော်လည်း ယနေ့တိုင် ပြည်သူတရပ်လုံးက ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို ယနေ့တိုင် တအောက်မေ့မေ့၊ တတမ်းတတနှင့် လွမ်းရှိန်မပျောက်၊ တသွေ့သောင်းသောင်း၊ တပြောင်းပျပျ သတိရနေဆဲဖြစ်သည်။

          ထိုနည်းတူစွာ ဗိုလ်ချုပ်တို့အား ရာဇဝင်ရိုင်းအောင် ယုတ်မာလှသော အကြံမိုက်ဖြင့် ပြုခဲ့ကြသော လူမသမာတို့သည် တရားဥပဒေအတိုင်း မိုက်ပြစ်ကိုခံလိုက်ရပြီဖြစ်သော်လည်း သူတို့၏ဘဝနှင့် သူတို့အမိုက်ဇာတ်ကို အမှတ်ရနေဆဲပင် ဖြစ်သည်။

          ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများကို လုပ်ကြံသတ်ဖြတ်ခဲ့သော ဂဠုန်ဦးစော၏ ဘဝတစေ့တစောင်းနှင့် နှောင်းအတိတ်မှ သမိုင်းပုံရိပ်ကို လူငယ်များသိရှိနိုင်စေရန် ပြန်လည်ဖော်ပြလိုက်ပါသည်။

          နိုင်ငံတော်လုပ်ကြံမှု တရားခံအဖြစ် ဘဝဇာတ်သိမ်းပိုင်းမလှခဲ့သော နန်းရင်းဝန်ဟောင်း ဂဠုန် ဦးစောကို ပဲခူးတိုင်း အုတ်ဖိုမြို့နယ် ကိုင်းကြီးရွာ၌ အဘမြေပိုင်ရှင် ဦးဖိုးကြူး၊ အမိဒေါ်ပန်းတို့မှ ၁၉၀၀ ပြည့်နှစ် မေလ ၁၆ ရက် ဗုဒ္ဓဟူးနေ့ ည ၇ နာရီ ၃၀ မိနစ်တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း ၄ ယောက် အနက် ဒုတိယမြောက်သားဖြစ်သည်။ မွေးချင်းများမှာ အစ်မ ဒေါ်ယုံ၊ ဂဠုန်ဦးစော၊ ညီ မောင်တင့်၊ ဦးထွန်းလေး (ခေါ်) ဦးမောင်မောင်ကြီးတို့ ဖြစ်ပါသည်။

          ငယ်စဉ်က ကြို့ပင်ကောက်မြို့၊ ရိုမန်ကက်သလစ် သာသနာပြုကျောင်း၌ သတ္တမတန်း အောင်မြင်သည်အထိ ပညာသင်ကြားခဲ့သည်။ ထို့ပြင် အင်္ဂလိပ်စာကို ကာလကတ္တား (ယခု ကိုးလ်ကတ္တား) မြို့သို့ သွားရောက်သင်ကြားခဲ့သည်။ ၁၉၂၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ နောက်ဆုံး ကျင်းပခဲ့သည့် တတိယတန်း ရှေ့နေစာမေးပွဲကို အောင်မြင်ခဲ့သည်။

          သာယာဝတီ မြို့မဝံသာနုကောင်စီတွင် စက္ကတေရီအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၂၁ ခုနှစ် ဂျီစီဘီအေ အကွဲတွင် ဖခင်ဦးဖိုးကြူးနှင့်အတူ ၂၁ ဦးဂျီစီဘီအေအဖွဲ့က ပါဝင်လှုပ်ရှားဆောင်ရွက်သည်။ ၁၉၂၅ ခုနှစ်တွင် ဝါရင့်နိုင်ငံရေးသမား သာယာဝတီ ဦးပုကိုအနိုင်ရ၍ လွှတ်တော်အမတ်အဖြစ် ဆက်လက်အရွေးခံရသည်။ တောင်သူလယ်သမား တော်လှန်ရေးခေါင်းဆောင်ကြီး ဂဠုန်ဆရာစံ၏ နောက်လိုက် ဂဠုန်တပ်ဖွဲ့ဝင်များကို ရှေ့နေလိုက်ပေးခဲ့သည်။ ဆရာစံ၏ တောင်သူလယ်သမား တော်လှန်ရေးနှင့်ပတ်သတ်၍ အင်္ဂလိပ်အစိုးရသည် ပုန်ကန်သူများအား ရက်စက်စွာနှိပ်ကွပ်ခဲ့ကြောင်း အစိုးရထံ အိတ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့သည်။ ထို့ပြင် အင်္ဂလိပ်ဘာသာဖြင့် 'မြန်မာပြည်အရေး' စာအုပ်တအုပ်ရေးသား၍ ပြည်ပနိုင်ငံများသို့တင်ပို့ခဲ့ရာ အင်္ဂလိပ်အစိုးရ၏ ပိတ်ပင်တားဆီးမှုကို ခံရသည်။ သာယာဝတီအမတ်သည် '၁၉၃၀-၃၁ ခုနှစ် မြန်မာပြည်အရေး' စာအုပ်ကို ထုတ်ဝေရာ အစိုးရအား အကြည်ညိုပျက်စေသော စာသားများပါဝင်၍ ပုဒ်မ ၁၂၄ (က) အရ အပြစ်ပေးနိုင်ကြောင်း အထူးဂေဇက် အထုတ်ခံရသည်။

          ဥပဒေပြုလွှတ်တော်အစည်းအဝေးတွင်လည်း ဆရာစံ တောင်သူလယ်သမားအရေးတော်ပုံနှင့် ပတ်သတ်၍ အင်္ဂလိပ်အစိုးရ၏ အရေးယူဆောင်ရွက်မှုများကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားရာ ထိုစဉ်က ပြည်ထဲရေးအတွင်းဝန် 'မစ္စတာ ဘုသ်ဂရေဗလီ' (Mr. Booth Gravely)က ဦးစောအား "မောင်မင်း ဂဠုန်ဖြစ်လာပြီ" ဟု ပြောကြားရာမှ 'ဂဠုန်ဦးစော' ဟု အမည်တွင်ခဲ့လေသည်။

          ၁၉၃၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် ကျင်းပခဲ့သော ဒိုင်အာခီအုပ်ချုပ်ရေး စတုတ္ထအကြိမ် ဥပဒေပြု လွှတ်တော်ရွေးကောက်ပွဲတွင် သာယာဝတီတောင်ပိုင်း မဲဆန္ဒနယ်မှအရွေးခံရာ ရှုံးနိမ့်ခဲ့သည်။ သို့သော် ၁၀ လကျော်၌ ကြားဖြတ်ရွေးကောက်ပွဲတွင် ဟင်္သာတမြို့တွင် ဟင်္သာတမြို့မြောက်ပိုင်း မဲဆန္ဒနယ်မှ အရွေးခံရသည်။ ၁၉၃၄ ခုနှစ်တွင် ဦးစောသည် ရန်ကုန်မြူနီစီပယ်လူကြီးအဖြစ် ဝင်ရောက် ဆောင်ရွက်သည်။ ၁၉၃၅ ခုနှစ်၊ မေလ ၂၃ ရက်နေ့ သူရိယသတင်းစာ ကိုယ်စားလှယ်အဖြစ် ဂျပန်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ရာ ခမ်းခမ်းနားနား ကြိုဆိုခြင်းခံရသည်။ အပြန်တွင် ကိုရီးယား၊ တရုတ်၊ ထိုင်း၊ ပသျှူးကျွန်းဆွယ် (မလေးကျွန်းဆွယ်) စသော နိုင်ငံများသို့သွားရောက်၍ နိုင်ငံရေး လေ့လာခဲ့သည်။ ဂျပန်မှအပြန် ဦးစောသည် 'ဂျပန်ပြည်လမ်းညွှန်' စာအုပ်ကိုရေး၍ သူရိယတိုက်မှ ၁၉၃၅ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ထို့နောက် သူရိယသတင်းစာ ရှယ်ယာများကို ထပ်မံဝယ်ယူ၍ ၁၉၃၆ ခုနှစ်တွင် သူရိယသတင်းစာတိုက်၌ ဒါရိုက်တာအဖွဲ့ဝင်ဖြစ်လာသည်။ ၁၉၃၈ ခုနှစ်တွင် သူရိယသတင်းစာ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်သည်။ လစာမှာ ၈၅၀ ကျပ်ဖြစ်သည်။ သူရိယ သတင်းစာအယ်ဒီတာချုပ်အဖြစ် သြဇာကြီးမားလာသည်နှင့်အမျှ သူရိယသတင်းစာ၏ မူဝါဒကို ကြိုးကိုင်ပြောင်းလဲခဲ့သည်။

          ထိုစဉ်က သူရိယသတင်းစာတွင် တာဝန်ခံအယ်ဒီတာအဖြစ် ဝင်ရောက်လုပ်ကိုင်နေသော ဆရာကြီးရွှေဥဒေါင်းက ဦးစောနှင့်တွေ့ခဲ့ပုံကို သူ၏ 'တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ' စာအုပ်၌-

          "ကျွန်ုပ်၏ ခေါင်းကြီးများအကြောင်းနှင့်ပတ်သတ်၍ ဂဠုန်ဦးစောက ကျွန်ုပ်အား ပြောဖူးခြင်းကို သတိရပါသေးသည်။ ဦးစောမှာ သူရိယတိုက် အစုရှင်များအနက်တွင် အစုအများဆုံး လက်ကိုင်ရှိသူ တယောက်ဖြစ်၍ (အယ်ဒီတာချုပ် မဖြစ်လာမီကတည်းကပင်) သူရိယ ပေါ်လစီနှင့် အုပ်ချုပ်ရေးတွင် အတော်ဆောင်ရွက်နိုင်ဟန်ရှိ၏။ ဦးစောဝင်လာပြီးသည့် နောက်တနေ့သ၌ ကျွန်ုပ်အား သူ၏ အခန်းသို့ခေါ်၍ လက်ဖက်ရည်ဖြင့်ဧည့်ခံရင်း "ခင်ဗျားရောက်လာကတည်းက ခင်ဗျားခေါင်းကြီးတွေကို ကျနော် ဂရုစိုက်ပြီး ဖတ်ပါတယ်။ ခင်ဗျားရေးတဲ့ ပထမခေါင်းကြီးအကြောင်းကို ဦးဘကလေး ကမေးလို့ ကျနော်က ဒီလူကို လက်မလွတ်စေနဲ့၊ ရအောင်ယူပါလို့ပြောလိုက်ရပါသေးတယ်" ဟု ပြောပေသည်"

          "အမှန်ကိုပြောရလျှင် သူရိယတိုက်သို့ ကျွန်ုပ်ပြန်ဝင်လာပြီးသည့်နောက် တနှစ်ကျော်ခန့် ကြာသောအခါတွင် ဦးစောဝင်လာခြင်းဖြစ်ရာ သူက အယ်ဒီတာချုပ်၊ ကျွန်ုပ်က တာဝန်ခံအယ်ဒီတာ အဖြစ်နှင့်လုပ်ကြရာတွင် သတင်းစာအကြောင်းကို ဘာမျှနားမလည်သော နိုင်ငံရေးသမားတယောက် က သတင်းစာတိုက်တွင် ကျွန်ုပ်အထက်မှ သြဇာပေးနိုင်ခြင်းကို ကျွန်ုပ် ခံပြင်းလှသောကြောင့် နုတ်ထွက်ရန် အတန်တန် စိတ်ကူးခဲ့၏။ နုတ်ထွက်လျှင် မည်သို့ လုပ်ကိုင်စားသောက်မည်ဟုပင် ကြံစည်စိတ်ကူးလျက်ရှိပါပြီ။ ထိုသို့သော အခြေအနေတွင် ဦးစောသည် ကျွန်ုပ်အား လက်ဖက်ရည် တိုက်ပြီး အထက်ပါအတိုင်းစကားကို ပြောလိုက်ခြင်းဖြစ်လေသည်။ ထိုအချိန်မှစ၍ ကျွန်ုပ်သည် သူရိယတိုက်မှ နုတ်ထွက်ဖို့စိတ်မကူးတော့ဘဲ လခတိုးပေးဖို့ တောင်းရန်သာ ကြံစည်ပါတော့သည်။ သတင်းစာအကြောင်းကို မသိသော်လည်း ဆက်ဆံရေးကို ကောင်းကောင်းနားလည်သော နိုင်ငံရေးသမားတယောက်ဖြစ်သည်ဟု မြင်လာပါသည်" ဟူ၍ ရေးသားထားလေသည်။

          ထို့နောက် ဦးစောသည် ၁၉၃၆ ခုနှစ်တွင် ဂဠုန်စစ်သူကြီးဘွဲ့ခံ၍ ဂဠုန်တပ်၏ ဗိုလ်ချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၆ ခုနှစ် ဒုတိယကျောင်းသားသပိ

          ၁၉၃၇ ခုနှစ်သြဂုတ်လ ၁၄ ရက်နေ့ ဂဠုန်ဦးစောသည် မျိုးချစ်ပါတီကို တည်ထောင်ခဲ့သည်။ မျိုးချစ်ပါတီဌာနချုပ်ကို သူရိယသတင်းစာတိုက် မျက်နှာချင်းဆိုင်နေရာနှင့် ဦးစော၏ မရမ်းကုန်းမြို့နယ် အေဒီလမ်း (ယခု မေခလမ်း) အမှတ် ၄ နေအိမ်တွင် ဖွင့်လှစ်ထားရှိသည်။ မျိုးချစ်ပါတီတွင် ဝတ်လုံတော်ရ ဦးအေး၊ ဖျာပုံသူဌေး ဦးအုန်းခင်၊ ဟင်္သာတဦးမြ၊ ပဲခူးဦးစိန်ဝင်းတို့ ခေါင်းဆောင်များ အဖြစ် ပါဝင်ခဲ့သည်။

          ၁၉၃၈ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့ ဦးအေးနှင့်ဦးစောတို့က ဒေါက်တာဘမော်ညွန့်ပေါင်း အစိုးရကို အယုံအကြည်မရှိကြောင်း အဆိုတင်သွင်း၍ မဲခွဲရာ ထောက်ခံမဲ ၆၁ မဲ၊ ကန့်ကွက်မဲ ၆၆ မဲဖြင့် အဆိုဘက်မှ ရှုံးနိမ့်ခဲ့သည့်အတွက် ဒေါက်တာဘမော်အစိုးရ ဆက်လက်တည်မြဲခဲ့သည်။

          ၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့၌ ရွှေတိဂုံစေတီခြေရင်း ဦးဘရီဇရပ်၌ မျိုးချစ် တပ်ဖွဲ့ဝင်များ၊ ဂဠုန်တပ်များနှင့် အာဏာဖီဆန်မှုကို တတိယအကြိမ် ကျောင်းသားသပိတ်အား ဟန်ရေးပြ လှည့်ကွက်အဖြစ် လုပ်ဆောင်ခဲ့ရာ ခေတ္တအဖမ်းခံရသည်။

          ၁၉၃၉ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် လွှတ်တော်အစည်းအဝေး၌ ဒေါက်တာဘမော် ဦးဆောင်သော ညွန့်ပေါင်းအစိုးရအား အယုံအကြည်မရှိအဆိုကို ထပ်မံတင်သွင်းခဲ့ရာ ထောက်ခံမဲ ၇၀ မဲ၊ ကန့်ကွက်မဲ ၃၇ မဲဖြင့် အဆိုဖက်မှ အနိုင်ရရာ ဒေါက်တာဘမော်အစိုးရ ပြုတ်ကျသွားသည်။ ၁၉၃၉ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ရွှေကျင်ဦးပု ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရအဖွဲ့၌ ဦးစောသည် လယ်ယာနှင့်သစ်တောရေးရာ ဝန်ကြီးဖြစ်လာသည်။ ၁၉၄၀ ပြည့်နှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် လွှတ်တော်၌ ဦးဘဘေ တင်သွင်းသည့် ဦးပုအစိုးရအပေါ် အယုံအကြည်မရှိအဆိုကို မဲခွဲရာ ထောက်ခံမဲ ၈၁ မဲ၊ ကန့်ကွက်မဲ ၃၂ မဲရရှိသဖြင့် အဆိုအနိုင်ရပြီး ဦးပုအစိုးရ ပြုတ်ကျသွားသည်။ ထို့ကြောင့် ၁၉၄၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ဂဠုန်ဦးစော ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ခဲ့သည်။ ဂဠုန်ဦးစောသည် နန်းရင်းဝန်(ဝန်ကြီးချုပ်) အဖြစ် အစိုးရအဖွဲ့ကို ဦးဆောင်ခဲ့သည်။

          နန်းရင်းဝန်ဘဝ၌ ဦးစောသည် မြန်မာအမျိုးသမီးများကို စောင့်ရှောက်ရန်ဥပဒေတခု ပြဌာန်း ပေးခဲ့သည်။ ယင်းဥပဒေမှာ 'ဗုဒ္ဓဘာသာ အမျိုးသမီးများ ထိမ်းမြားလက်ထက်ခြင်း ဥပဒေ' ပင် ဖြစ်သည်။

          ၁၉၄၀ ပြည့်နှစ်တွင် ဗိုလ်မှူကြီးစူဇူကီး (နောင်ဗိုလ်မိုးကြိုး) မြန်မာနိုင်ငံသို့ လျှို့ဝှက် လာရောက်သောအခါ ဂဠုန်ဦးစောသည် ဗိုလ်မှူးကြီးစူဇူကီးအား တွေ့ဆုံ၍ မြန်မာ့လွတ်လပ်ရေးအတွက် ဂျပန်ထံမှ အကူအညီများလိုချင်ကြောင်း ပြောကြားခဲ့သည်။

          သို့သော် ဦးစောသည် နန်းရင်းဝန်ဘဝ၌ အင်္ဂလိပ်ကုန်သည်များ၏ အလိုကျ ငြိမ်ဝပ်ပိပြားမှုကို ဦးစားပေး၍ ခပ်ကြမ်းကြမ်းကိုင်တွယ်သည်။ ထို့ကြောင့် ၁၉၄၁ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ကျင်းပခဲ့သော အောက်လွှတ်တော်အစည်းအဝေး၌ ဗိုလ်တထောင် မဲဆန္ဒနယ်အမတ် ဦးဘဘေသည် ဦးဆောင်သော အစိုးရအဖွဲ့အား အယုံအကြည်မရှိ အဆိုကိုတင်သွင်းခဲ့သည်။ သို့သော် ထောက်ခံမဲ ၄၇ မဲ၊ ကန့်ကွက်မဲ ၇၂ မဲ သာရရှိသဖြင့် အယုံအကြည်မရှိ အဆိုရှုံးနိမ့်သွားသည်။ ထိုအစည်းအဝေးတွင် အမတ်ဦးဘိုးထီက နန်းရင်းဝန်ဦးစောနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဘသီတို့နှစ်ဦးကို ရည်ရွယ်၍ "နန်းရင်းဝန်က ခြောက်တန်း၊ ဘဏ္ဍာရေးက စောက်ကန်း" ဟုပြောကြားရာ ယင်းတို့နှစ်ဦးကို ဦးစောက ကာကွယ်ရေးဥပဒေအရ အရေးယူခဲ့သည်။ ဦးစောသည် သူ အာဏာရှိစဉ်က ဒေါက်တာဘမော်၊ ဦးဘဦး၊ ဦးဘဝင်းတို့ကိုသာမက နိုင်ငံရေးဆရာတဆူဖြစ်သော ဦးဘဘေတို့ကို ထောင်ဒဏ် ပေးခဲ့သည်။ သခင်ခေါင်းဆောင်များကိုလည်း ဖမ်းဆီးအရေးယူခဲ့သည်။

          ထို့ပြင် တို့ဗမာအစည်းအရုံးကို သိက္ခာကျစေရန် 'လယ်သမားဖိုးရွှေလုံးနှင့် ညည်းချင်းနှင့် သခင်ဋီကာ' အမည်ရှိစာအုပ်ကို အစိုးရပိုင်ငွေဖြင့် စောင်ရေအများအပြား ပုံနှိပ်၍ ဖြန့်ချိခဲ့သည်။ ထို့ကြောင့် လွှတ်တော်ပြင်ပနှင့်နယ်တို့တွင် ကျောင်းသားများက 'ဗမာပြည်ကြီးနစ်ဖို့ဖန် ကလိမ်ဉာဏ် နှင့် ငစော၊ ငစော။ ငစော မို့တက်လို့လာ သူ့မျက်နှာဟာ အရှက်မရှိ၊ ညာတာဝါဒလှိမ့်လို့ဖန် မျိုးချစ်ဉာဏ်ဟာ ဘမော်လိုပဲ" ဟူသော သံချပ်ဖြင့် သံပုံတီးတောထုတ်ခြင်းခံရသည်။ သို့သော် မြန်မာပြည်ဘုရင်ခံ ဒေါ်မန်စမစ်သည် ၁၉၄၁ ခုနှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲကို စစ်ကို အကြောင်းပြ၍ ဦးစောအစိ

          ၁၉၄၁ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် နန်းရင်းဝန်ဦးစောသည် အိုင်စီအက်စ် ခေါ် အိန္ဒိယပဋိညာဉ်ခံဝန်ထမ်း ဦးတင်ထွတ်ကို အကြံပေးအဖြစ်ခေါ်ဆောင်၍ နန်းရင်းဝန် အက်တလီနှင့် တွေ့ရန် အင်္ဂလန်သို့ သွားရောက်ခဲ့သည်။ စင်စစ် ဦးစောနှင့် ဦးတင်ထွတ်တို့မှာ မိတ်ဆွေရင်းချာအဖြစ် ပေါင်းသင်း၍ရနိုင်သောသူများ မဟုတ်ကြပေ။ ဦးစောက တက်ကြွသော နိုင်ငံရေးသမားဖြစ်ပြီး ကျန် ဦးတင်ထွတ်က ဗြိတိသျှ၏ သစ္စာတော်ခံအရာထမ်းသူဖြစ်သည်။ သို့သော် ဦးတင်ထွတ်သည် မြန်မာ လူမျိုးဖြစ်လေရာ မိမိတိုင်းပြည်လွတ်လပ်သည်ကို မြင်ချင်သူသာဖြစ်သည်။ သို့သော် ဦးတင်ထွတ်သည် နန်းရင်းဝန်ဦးစော၏ အတွင်းဝန်ဖြစ်သည်။ ဦးစောသည် လွတ်လပ်သော မြန်မာပြည်၏ နန်းရင်းဝန်ကား မဟုတ်။ အတိအကျပြောရလျှင် ဦးစောသည် နန်းရင်းဝန်စစ်စစ် မဟုတ်။ မြန်မာနိုင်ငံပြည်တွင်းရေးတွင် ဗြိတိသျှအစိုးရ အကျိုးစီးပွားကိုကာကွယ်ရန် တည်ဆောက်ထားသည့် အုပ်ချုပ်ရေးယန္တရားတခုကို စီမံ ခန့်ခွဲနေရသူသာ ဖြစ်သည်။ ဗြိတိသျှအကျိုးစီးပွားကို ကဏ္ဋကောစ လုပ်လျှင် ဗြိတိသျှမူဝါဒမှ သွေဖည်လျှင် ဦးစောသည် သစ္စာမဲ့သူဖြစ်သည်။ ဦးတင်ထွတ်သည် အိုင်စီအက်စ်ဝန်ထမ်း ဖြစ်သော်လည်း တဖက်က ၁၉၃၅ ခုနှစ် မြန်မာပြည် အက်ဥပဒေအရ ဦးတင်ထွတ်သည် ဦးစော၏ ခိုင်းစေချက်တို့ကို လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။ ယင်းအက်ဥပဒေသည် အာဏာပိုင်နှစ်ဦးကို ဖန်တီးထားသည်။ တနည်းဆိုသော် တဦးမှာ ပြည်တွင်းအာဏာပိုင်ဖြစ်ပြီး တဦးမှာ ပြည်ပအာဏာပိုင် ဖြစ်သည်။ ဦးတင်ထွတ်အဖို့ တချိန်တည်းမှာပင် ပြည်တွင်းအာဏာပိုင် ဦးစော၏အမိန့်ကို လိုက်နာရမည်ဖြစ်ပြီး၊ အိုင်စီအက်စ်တဦးအဖြစ် ပြည်ပအာဏာပိုင်ဗြိတိသျှ အစိုးရ၏ သစ္စာကို စောင့်သိရိုသေရမည်ဖြစ်သည်။

          ၁၉၄၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဦးစောအား ဗြိတိသျှ အစိုးရအဖွဲ့က နေ့လည်စာဖိတ်ကျွေး၍ ဗြိတိသျှနန်းရင်းဝန် ချာချီနှင့် ၂ နာရီကျော်ကျော် ဆွေးနွေးခွင့်ရသည်။ သို့သော် ဝင်စတန်ချာချီက ဦးစောအား ယခုလို သေရေးရှင်ရေးတမျှ အရေးကြီးနေသည့်အချိန်တွင် ကိုယ်ပိုင် အုပ်ချုပ်ရေး စကားမပြောသင့်။ မြန်မာပြည်၏ အနာဂတ်သည် ဗြိတိသျှတို့၏ စစ်အရှုံး၊ အနိုင်ပေါ်တွင် တည်နေရာ ဗြိတိသျှတို့ စစ်နိုင်လျှင် ကိုယ်ပိုင်အုပ်ချုပ်ရေးကို မျှမျှတတ စဉ်းစားဆောင်ရွက်မည်ဟူ၍ ပြောကြားခဲ့သည်။ ဤစကားမှာ ရေရာလှသည်မဟုတ်ဟု ဦးစော တွေးထင်ခဲ့သည်။

          ဗြိတိသျှတို့ထံမှ ကိုယ်ပိုင်အုပ်ချုပ်ရေး လက်ဆောင်ကလေးတခုရရှိရေးအတွက် မျှော်လင့် ထားခဲ့သော ဦးစောသည် မျှော်လင့်ချက်လမ်းဆုံးပြီးနောက်၊ နိုဝင်ဘာလတွင် အင်္ဂလန်မှ ပြန်လာခဲ့သည်။ အပြန်တွင် အမေရိကန်၌ တထောက်နားပြီး ပစိဖိတ်သမုဒ္ဒရာကိုဖြတ်ကာ မြန်မာနိုင်ငံသို့ပြန်ရန် အစီအစဉ်ရှိသည်။ အကြံကုန် ဂဠုန်ဆားချက်ဆိုသလို သူနှင့်ဦးတင်ထွတ်တို့ ဝါရှင်တန်သို့ သွားသည်။ အမေရိကန်သမ္မတ ရုစဗဲ့နှင့်တွေ့ကာ ချာချီအား နားဝင်အောင်ပြောပေးရန် ဆွေးနွေးမည်ဟု စိတ်ကူးရှိသည်။ သို့သော် ဗြိတိသျှတို့က ရုစဗဲ့အား ကြိုတင်ညှိနှိုင်းထားပြီးဖြစ်ရာ ဗြိတိသျှအစိုးရ ဖြေရှင်းရမည့်ကိစ္စတွင် အမေရိကန်တို့ ပါဝင်ပတ်သက်ရန် မည့်သို့မျှ အကြောင်းမရှိ ဟူသော အဖြေကိုသာ ဦးစော ရရှိခဲ့သည်။

          ယင်းနောက် လေယာဉ်လက်မှတ်မရသဖြင့် အတန်ကြာအောင်နေပြီးမှ ဟာဝိုင်ယီသို့ လာခဲ့သည်။ ယင်းမှတဆင့် ဖိလစ်ပိုင်သို့ ဝင်မည်။ ထိုမှ မြန်မာနိုင်ငံကို ပြန်မည်ဟု စီစဉ်သည်။ ဟာဝိုင်ယီသို့ ရောက်သည့်နေ့မှာ ပုလဲဆိပ်ကမ်းကို ဂျပန်လေတပ်ကဗုံးကြဲပြီး နောက်တနေ့ ဒီဇင်ဘာ ၈ ရက်နေ့ ဖြစ်နေသည်။ အမေရိကန် ရေတပ်တခုလုံး စုံးစုံးနစ်သွားသည့်အဖြစ်ကို သူ မြင်တွေ့ရသည်။ ဂျပန်နှင့် စစ်ဖြစ်ရန်စီစဉ်နေပြီဖြစ်သောကြောင့် အနောက်သို့ လေယာဉ်ခရီးစဉ်များ မရှိတော့သဖြင့် အမေရိကန်သို့ ပြန်လှည့်ခဲ့ရသည်။ ထိုမှတဆင့် ပေါ်တူဂီသို့ဝင်ပြီး မြန်မာပြည်ပြန်ရန် စီစဉ်ပြန်သည်။ ပေါ်တူဂီနိုင်ငံ လစ္စဘုန်းမြို့သို့ရောက်လျှင် ယင်းနိုင်ငံရှိ ဂျပန်သံရုံးသို့သွားရောက်၍ မြန်မာနိုင်ငံကိစ္စ တွေ့ဆုံဆွေးနွေးခဲ့သည်။ ဂျပန်သံရုံးသို့သွားရာတွင် ဦးစောက ဦးတင်ထွတ်ကို မခေါ်ဘဲ ချန်ထားခဲ့သည်။ ဂျပန်သံရုံး၌ ဦးစောနှင့် ဂျပန်သံအမတ်တို့ တွေ့ဆုံဆွေးနွေးမှုကို ဗြိတိသျှ ထောက်လှမ်းရေးက ဖြတ်တောက်နားထောင်ရာ ဦးစောနှင့် ဂျပန်သံအမတ်တို့ ဆွေးနွေးသည့်ကိစ္စ သိရှိသွားကြတော့သည်။

          ဦးစောနှင့်တွေ့ပြီးသည့်နောက်တနေ့တွင် ဂျပန်သံအမတ်က တိုကျိုသို့ အစီရင်ခံသည်။ အမေရိကန်မှတဆင့် မြန်မာနိုင်ငံသို့ပြန်လာသော မြန်မာနန်းရင်းဝန်နှင့် မမျှော်လင့်ဘဲ တွေ့ဆုံရသည်။ မြန်မာနန်းရင်းဝန်က အကယ်၍ မြန်မာနိုင်ငံကို ဂျပန်တို့ ဝင်ရောက်တိုက်ခိုက်မည်ဆိုလျှင် မြန်မာတို့သည် ဂျပန်တို့နှင့်ပူးပေါင်းကာ ဗြိတိသျှတို့ကို တိုက်ထုတ်ရာ၌ ကူညီမည်။ ဗြိတိသျှတို့ကို ပုန်ကန်မည်။ ထို့ပြင် သူသာ အာဏာရှိနေဆဲဆိုလျှင် ဂျပန်အတွက် တတ်နိုင်သမျှ အကူအညီပေးမည်ဟု ဆိုသည်။

          ဗြိတိသျှထောက်လှမ်းရေးတို့က ထိုသတင်းကို ဆိုင်ရာသို့ အစီရင်ခံပြီးနောက် ဦးစောနှင့် ဦးတင်ထွတ်တို့ ပါလက်စတိုင်းပြည် ဟိုင်ဖာ(ယခု အစ္စရေးပိုင်) မြို့တွင် လေယာဉ်ဆိုက်သည့် ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့၌ ဖမ်း

          ထို့နောက် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်တွင် နန်းရင်းဝန်ဟောင်း ဦးစောသည် ၄ နှစ်နီးပါ အကျယ်ချုပ်ခံရပြီးနောက် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာသည်။ မေလဆန်းတွင် သူ၏ မျိုးချစ်ပါတီကို ပြန်လည်ဖွဲ့စည်းခဲ့သည်။

          ထို့နောက် ၁၉၄၆ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် မြန်မာပြည်ဘုရင်ခံ ဆာဟူးဘတ် ရန့်စ်က ဦးစောအား ခေါ်ယူတွေ့ဆုံခဲ့သည်။ ထိုနှစ် စက်တင်ဘာ ၂၁ ရက်နေ့ ညနေ ၅ နာရီတွင် ဦးစောသည် ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်နှင့် ထပ်မံတွေ့ဆုံပြီး ဘုရင်ခံအိမ်တော်မှအပြန် မြေနီကုန်း လမ်းဆုံအဝိုင်းကြီး

          မြန်မာနိုင်ငံဘုရင်ခံ ဆာဟူဘတ်ရန့်စ်က စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဘုရင်ခံအမှုဆောင် ကောင်စီ (ဝန်ကြီးအဖွဲ့)ကို ဗိုလ်ချုပ်အောင်ဆန်းအား ဦးဆောင်၍ အဖွဲ့ဝင် ၁၀ ဦးဖြင့် ဖွဲ့စည်းစေရာ ဂဠုန်ဦးစောသည် ဘုရင်ခံ၏ထောက်ခံမှုဖြင့် အစိုးရအဖွဲ့၌ ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန ဝန်ကြီးအဖြစ် ဆောင်ရွက်ရသည်။

          ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ဗြိတိသျှအစိုးရ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ဆွေးနွေးရန် ဗိုလ်ချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အင်္ဂလန် ပြည်သို့ သွားရောက်ရာ၊ ဦးစောသည် လိုက်ပါသွားခဲ့သည်။ ထိုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် မြန်မာ့ လွတ်လပ်ရေးအတွက်ချုပ်ဆိုသော အောင်ဆန်း-အက်တလီ စာချုပ်နောက်ဆက်တွဲကို ထိုစဉ်က အစိုးရအဖွဲ့ဝင်အဖြစ်လိုက်ပါသွားသော သခင်ဗစိန်နှင့် ဦးစောတို့သည် သဘောမတူကြောင်း မှတ်ချက်ဖြင့် လက်မှတ်ထိုးခဲ့ကြသည်။ အမှန်စင်စစ် ဦးစောနှင့် သခင်ဗစိန်တို့သည် စာချုပ်ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် သဘောထား အယူအဆရှုပ်ထွေးအောင် ပရိယာယ်ဆင်ခြင်းသာ ဖြစ်သည်။

          ထို့နောက် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ဘုရင်ခံအမှုဆောင်အဖွဲ့မှ သခင်ဗစိန်သည် လည်းကောင်း၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဦးစောသည်လည်းကောင်း အသီးသီး နုတ်ထွက်ခဲ့ကြသည်။

          အစိုးရအဖွဲ့မှ နှုတ်ထွက်ပြီးနောက် သခင်ဗစိန်၊ ဒေါက်တာဘမော်တို့နှင့်အတူ ဦးစောသည် 'မဟာဗမာ' အဖွဲ့ကို ဖွဲ့စည်း၍ ဖဆပလ အတိုက်အခံအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုစဉ်က မဟာ ဗမာအဖွဲ့ကို စာနယ်ဇင်းများ၌ 'စော စိန် မော် ဂိုဏ်း' ဟု ခေါ်ခဲ့ကြသည်။

          ထို့နောက် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် စနေနေ့ နံနက် ၁၀း၃၀ တွင် ဂဠုန်ဦးစောသည် သူ၏ နောက်လိုက်များအား ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင်များအား အစည်းအဝေး ကျင်းပနေစဉ် လုပ်ကြံသတ်ဖြတ်ခိုင်းသည်။

          ဗိုလ်ချုပ်တို့လုပ်ကြံခံရသည့်နေ့ ညနေပိုင်းမှာပင် လူသတ်တရားခံ ဂဠုန်ဦးစောနှင့် အပေါင်းအပါများကို သောင်းကျန်းမှုနှိမ်နင်းရေးတပ် တပ်ရင်းအမှတ် ၁ မှ တပ်ခွဲမှူး ဗိုလ်သိန်းဟန်နှင့် ရဲဘော်များသည် မရမ်းကုန်းမြို့နယ် ၇ ရက်ကွက် အေဒီလမ်း (ယခု မေခလမ်း) အမှတ် ၄ ရှိ ဦးစောနေအိမ်သို့ ဝိုင်း၍ရှာဖွေဖမ်းဆီးကာ စုံထောက် အင်စပတ်တာ မစ္စတာဂျပ် ခေါင်းဆောင်သော ရဲတပ်ဖွဲ့သို့ အပ်နှံခဲ့သည်။ ထို့နောက် ဘုရင်ခံအထူးခုံရုံးဖွဲ့စည်း၍ အမှုကို စစ်ဆေးစေခဲ့သည်။ ဦးစောနှင့် အပေါင်းအပါ ၉ ဦးအား ဦးကျော်မြင့်၊ ဦးအောင်သာကျော်နှင့် ဦးစီထူး တို့ပါဝင်သော အထူးခုံရုံးမှ ၄ လတိုင် ကြားနာစစ်ဆေးကာ ပြစ်မှုထင်ရှားသဖြင့် ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် သေဒဏ် စီရင်ချက်ချမှတ်ခဲ့သည်။ လုပ်ကြံမှုတရားခံများအနက် ဘညွန့်(ဖော်ကောင်) သည် အစိုးရသက်သေ ဖြစ်သွားသောကြောင့်အမှုမှ ကွင်းလုံးကျွတ် လွတ်မြောက်သွားသည်။ ကျန်တရားခံများက အဆင့်ဆင့် အယူခံဝင်ခဲ့ရာ နောက်ဆုံးအယူခံလွှာကို ၁၉၄၈ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် တရားလွှတ်တော်ချုပ်မှ ပယ်ချလိုက်သည်။ ထို့နောက် သမ္မတထံ သနားခံလွှာ ဆက်လက်တင်သွင်းခဲ့ရာ ခင်မောင်ရင်၊ သုခနှင့် မောင်နီတို့အပေါ်တွင် သေဒဏ်အမိန့်ပယ်ဖျက်၍ တသက်တကျွန်း ထောင်ဒဏ်များသို့ လွှဲပြောင်း ပေးခဲ့သည်။ ကျန် တရားခံများဖြစ်ကြသော ဂဠုန်ဦးစော၊ သက်နှင်း၊ မောင်ခို့ နှင့် မှုန်ကြီး တို့အား အင်းစိန်အကျဉ်းထောင်တွင်လည်းကောင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့အား ရန်ကုန်အကျဉ်းထောင် (ယခု ရန်ကုန်အထွေထွေရောဂါကု ဆေးရုံနေရာ) တွင်လည်းကောင်း ၁၉၄၈ ခုနှစ် မေလ ၈ ရက် စနေနေ့ အရုဏ်တက်ချိန် ၅နာရီခွဲတွင် တပြိုင်နက် ကြိုးပေးစီရင်ခဲ့လေသည်။

ကြိုးပေးခံရစဉ်က ဇနီးဒေါ်သန်းခင်နှင့် သမီးဘေဘီစော ခေါ် မေသန်းစော ကျန်ရစ်ခဲ့လေသည်။

          နိုင်ငံတော်လုပ်ကြံမှုကြီးအတွက် ကြိုးဒဏ်အတည်ပြုခြင်းခံရပြီးဖြစ်သော ဦးစောသည် သူ၏ သမီးဖြစ်သူ ဘေဘီစောခေါ် မေသန်းစောထံနောက်ဆုံးစာတစောင် ရေးသားပေးပို့ခဲ့ရာ အောက်ပါ အတိုင်း ဖြစ်သည်။

"ချစ်သမီးသို့

        ချစ်သမီးအတွက် အနည်းငယ် ရေးရဦးမည်။ သမီးသည် ငယ်စဉ်ကစ၍ သူတပါးအသတ်ကို မသတ်ဘဲ အမြဲရှောင်ကြဉ်လာခဲ့သလို၊ မိမိ၏ အသက်ထက်ဆုံး မည်သည့်အခါမှ သူတပါးအသက်ကို မသတ်ပါဟူ၍ မြတ်စွာဘုရားရှေ့တော်၌ နေ့စဉ်နေ့တိုင်း အဓိဌာန်ပြုပါ။

          နောက် အရေးကြီးတာတခုက သမီးအား မှာခဲ့ဦးမည်။ ဒယ်ဒီတို့အမျိုးသည် အဖေမျိုး၊ အမေ မျိုးတို့သည် စိတ်အလွန်ထက်ကြသည်၊ စိတ်ကောင်းရှိကြသည်။ သို့သော် သူတပါးစော်ကားလာလျှင် မခံချင်သောစိတ်ထားက အလွန်အားကြီးကြ၏၊ စိတ်ပြင်းထန်၏။ သူများတကာက တချက်ရိုက်လျှင် ကိုယ်က အချက် ၂၀ ပြန်ရိုက်ချင်သည်။ လက်စားပြန်မချေရလျှင် တသက်လုံး မမေ့နိုင်၊ မစားနိုင်၊ မနေနိုင်သလို ရှိကြသည်။ ငါ့သမီး ဤသို့သဘော မရှိလေနှင့်။ အကယ်၍ တစုံတယောက်က ရန်မူလာလျှင် သည်းခံပါ။ သည်းခံခြင်းသည်ပင်လျှင် ကုသိုလ်ရေး ဖြစ်တော့၏။

          အရေးအကြီးဆုံး၊ အဖိုးတန်ဆုံး၊ နောက်ဆုံးအမွေတခု ပေးရဦးမည်။ ထိုအမွေကား အခြားမဟုတ်။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို အမြဲဆည်းကပ်ရမည်။

          လူ့ဘဝကိုရဖို့ အလွန်ခဲယဉ်း၏။ ဘုရားသာသနာနှင့် ကြုံကြိုက်ဖို့ရာ အလွန်ခဲယဉ်း၏။ ယခု သမီးတို့မှာ လူ့ဘဝကို ကံအားလျော်စွာ ရောက်လာ၏။ အလွန်အဖိုးတန်သည့် မြတ်စွာဘုရား သာသနာတော်ကြီးနှင့် ကြုံကြိုက်လျက်ရှိ၏။ မသေမနေရသမျှ အချိန်ကလေးအတွင်းမှာ ရတနာ သုံးပါးကို နေ့ရောညဥ့်ပါ ဆည်းကပ်ကိုးကွယ်ပါ။ ဝိပဿနာတရား အားထုတ်ပါ။

          မြန်မာပြည်၌ ဘုန်းတော်ကြီးတွေ များနိုင်သလောက်များအောင် ပဉ္စင်းခံ၊ ရှင်ပြုတို့ကို ငါ့သမီး တတ်နိုင်သလောက် လုပ်ပါ။ သူတော်ကောင်းများသော နိုင်ငံအဖြစ်နှင့် မြန်မာပြည်သည် ကမ္ဘာတွင် ထင်ရှားပါစေ။ ဤသို့ဖြစ်ရန် ငါ့သမီးသည် တတ်နိုင်သမျှ ပါဝင်ကူညီပါ။ ဆောင်ရွက်ပါ။ ဘုရား သာသနာတော် အကျိုး၊ သတ္တဝါများ၏ အကျိုး၊ မိမိကိုယ်ကျိုးအတွက်ဖြစ်ပေမည်ဟူ၍ တသက်လုံး မှတ်ထားပါ။ သမီးသည် ဆရာတော်၊ သံဃာတော်အရှင်မြတ်များကို အမြဲကိုးကွယ်ပါ။ ဆည်းကပ်ပါ။ လှူဒါန်းပါ။ ဒါန၊ သီလ၊ ဘာဝနာ၊ ကုသိုလ်ကောင်းမှုများကို အမြဲအားထုတ်ပါ။ ဤကား- ငါ၏ ချစ်သမီး အား ပေးအပ်ခဲ့သော အမွေပင်တည်း"

လိမ္မာစွာနေရစ်ပေတော့ ချစ်သမီး

မောင်စော

          ဦးစောသည် သမီး ဘေဘီစောကို ဆုံးမစကား ရေးသားခဲ့ခြင်းမှာ ကြိုးဒဏ်စီရင်ခြင်းမခံရမီ အချိန်ကာလေးအတွင်း ကြိုးတိုက်ထဲ၌ လယ်တီဆရာတော်၏ တရားစာအုပ်များ အပါအဝင်၊ ဗုဒ္ဓဝင် ကျမ်းစာများကို ဖတ်ရှုခဲ့မှုကြောင့် တရားရရှိသွားလေသလား စဉ်းစားစရာပင်ဖြစ်သည်။

          ဂဠုန်ဦးစောသည် ရာဇဝင်ရိုင်းအောင်ပြုခဲ့မိသော သူ၏မိုက်ပြစ်ကြောင့် နိုင်ငံတော်လုပ်ကြံမှု၏ တရားခံအဖြစ် ဘဝဇာတ်သိမ်းခဲ့ရသော်လည်း သူ့သမီးထံရေးပေးခဲ့သော 'သံဝေဂ' စာကို ဖတ်ရှုရသူတိုင်းသည် စလေဦးပုည၏ 'ဆဒ္ဒန်ဆင်မင်းဝတ္ထု' မှ သောနုတ္ထိုရ်မုဆိုး၏ မြားချက်ကြောင့် အသက်ကုန်အံ့ဆဲဆဲ၌ ဆဒ္ဒန်ဆင်မင်းဆိုခဲ့သော-

          "ဉာဏ်ဝင်္ကန္တ၊ ယုတ်မာလှသော၊ အမိုက်မအတတ်၊ သင်းကြံ၍သတ်သည်ကား၊ ဆတ်ဆတ်မုချ၊ မှန်တော့သည်။ သို့မျှလောက်၊ မထောက်မဆ၊ ကြံရက်သည့်မိန်းမအား၊ မရသရွေ့၊ သူ မမေ့ရှာပြီ။ ရှေ့သို့သံသရာ၊ ဖြစ်တိုင်းမှာပင်၊ လောင်စာရန်ငြိုး၊ မီးဆက်၍ ပျိုးမည်ကြောင့်၊ မိန်းမဆိုး အမုန်း၊ သည်ဘဝတွင် သည်မျှနှင့်တုံးစေတော့"

          ဟူသောစကားကို ပြန်လည်သတိရမိကာ အမုန်သံသရာ ကုန်ဆုံးပါစေတော့ ဟု တမ်းတနေမိပါတော့သည်။


ရေးသားသူ = သန်းဝင်းလှိုင် (မိုးမခ)
သမိုင်းတကွေ့မှ ဂဠုန်ဦးစော အကြောင်း ကို Pdf ဖိုင်အနေနဲ့ လိုချင်သူများ အောက်ပါ ဒေါင်းလုပ်လင့်ခ် များတွင် သွားရောက် ဒေါင်းယူနိုင်ပါသည်။

Mediafire Download
ifile Download

ခင်မင်စွာဖြင့်
ဇော်သိင်္ခ


Saturday, June 4, 2011

သမိုင်းတကွေ့မှ ဗကပ ဥက္ကဋ္ဌ သခင်သန်းထွန်း

5798504.jpg

သခင်သန်းထွန်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးလှုပ်ရှားမှုသမိုင်းတွင် လွန်ခဲ့သော ၆၃ နှစ် အတွင်းက ထင်ရှားခဲ့သော နိုင်ငံရေးခေါင်းဆောင်တဦး ဖြစ်ခဲ့ပေသည်။ အထူးသဖြင့် လွန်ခဲ့သော ၅၄ နှစ်အတွင်းတွင် သခင်သန်းထွန်းသည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်ကြီးတဦး အဖြစ် ထင်ပေါ်ကျော်ကြားခဲ့လေသည်။ သခင်သန်းထွန်း၏နာမည်ကို ဗမာပြည်ကွန်မြူနစ် လောကတွင်သာမက ကမ္ဘာ့ကွန်မြူနစ်လောကတွင်လည်း ထင်ရှားခဲ့သည်။

 သခင်သန်းထွန်းသည် နိုင်ငံရေးအစဉ်အလာ ကြီးမားခဲ့သူဖြစ်သည်။ မြန်မာ့တော်လှန်ရေး သမိုင်းအဆက်ဆက်တွင်လည်း သခင်သန်းထွန်းသည် ရှေ့တန်းက ပါဝင်ခဲ့သည်သာ များသည်။ တို့ဗမာအစည်းအရုံးခေါင်းဆောင်အဖြစ် ၁၃၀၀ ပြည့် ရေနံမြေအလုပ်သမားအရေးနှင့် ကျောင်းသားအရေးတော်ပုံတို့တွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သလို တောင်သူလယ်သမားတို့၏ အရေးကိုလည်း ရှေ့ဆောင်လုံးပမ်းခဲ့သည်။ ထို့အပြင် ဗမာ့လွတ်လပ်ရေးတိုက်ပွဲတွင် ရှေ့တန်းမှ ပါဝင်ခဲ့သလို ဖက်ဆစ်ဂျပန် တော်လှန်ရေး ပျောက်ကျားစစ်တွင်လည်း ဦးစီးခဲ့သူတဦး ဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ လှုပ်ရှားမှုတွင်လည်းကောင်း ကွန်မြူနစ်အင်အားစုကြီးကို စည်းရုံး၍ ဦးစီး ရှေ့ဆောင်ခဲ့သူမှာလည်း သခင်သန်းထွန်းပင် ဖြစ်သည်။

          ဆရာကြီးဒဂုန်တာရာက သူ၏ 'ရုပ်ပုံလွှာ' စာအုပ်တွင် သခင်သန်းထွန်းအား ဤသို့ မှတ်တမ်းတင် ရေးဖွဲ့ထားသည် -

"သခင်သန်းထွန်းကို လူချင်းမသိမီကတည်းက အမည်ကိုကြားဖူးနေ၏။ ကိုဗဟိန်းက သခင်သန်းထွန်း၏အကြောင်းကို မကြာခဏ ကျွန်တော့်အား ပြောပြ၏။ ထိုအခါက ကိုဗဟိန်းသည် တက္ကသိုလ်ရိပ်သာရှိ သထုံကျောင်းဆောင်တွင်မရှိဘဲ မြို့ထဲ ၃၈ လမ်းရှိ ဇဝန တို့ စုနေကြသော အိမ်တွင် ရောက်နေတတ်၏။ ထိုအိမ်တွင် သခင်သန်းထွန်းလည်း နေ၏။

          "သခင်သန်းထွန်းဆိုတာ တော်တော်စာဖတ်တယ်ဗျ၊ မာ့က်စ်စာပေလည်း အတော် ဖတ်တယ်။ စားရေးလည်း ကောင်းတယ်" ဟု ကျောင်းဆောင်သို့ပြန်ရောက်လျှင် ကိုဗဟိန်းက ကျွန်တော်အား ပြောပြလေ့ရှိ၏ စိတ်ထဲတွင် သခင်ပေါက်စတဦးပဲဟုသာ အောက်မေ့လိုက်၏။

          တနေ့တွင် ကိုဗဟိန်းနှင့်အတူ ပန်းဆိုးတန်းလမ်းရှိ ထွန်းအေး စာအုပ်ဖြန့်ချိရေးဌာနသို့ ရောက်သွားရာ သခင်သန်းထွန်းနှင့် သွားတွေ့၏။ ကိုဗဟိန်းက ကျွန်တော့်ကို သခင်သန်းထွန်းနှင့် အသိဖွဲ့ပေး၏။

          "ဪ … ဪ … ခင်ဗျားအကြောင်းကိုလည်း ကိုဗဟိန်းက ခဏခဏ ပြောပြပါတယ်ဗျ" ဟု သခင်သန်းထွန်းက ပြုံးကာ ပြောလေသည်။

           သူသည် မန္တလေး ပိုးအပေါ်ဖုံး၊ ပိုးလုံချည်ဝတ်ထား၏။ မျက်နှာမှာ ခပ်လုံးလုံး အရုပ်ဆိုးသည် ဟု ခေါ်ရပေမည်၊ အသားက ဝါလဲ့လဲ့၊ ဆံပင်ကောက်၏၊ အထူးခြားဆုံးမှာ ခေါင်းကြီးခြင်း ဖြစ်၏။ အမူအရာမှာ ပျော့ပျောင်း၏၊ စကားပြောသောအခါလည်း ခပ်အေးအေးနှင့် သိမ်မွေ့စွာ ပြော၏။

          အစက ထင်ထားသကဲ့သို့ အာပေါင်အာရင်းသန်သန် ဟစ်အောင်သူ မဟုတ်၊ ညင်းညင်းညံညံ လေသံနှင့်၊ ကဗျာဆရာ မီလတန်၊ လီနင်ဝါဒ၊ ကိုလိုနီခေတ်တော်လှန်ရေး၊ ဘားနတ်ရှော ပြဇာတ်၊ ချားလ်စ်ဒစ်ကင်း၏ဝတ္ထု၊ ဗြိတိသျှပါလီမန်၊ ဦးကုလားရာဇ၀င်၊ သိပ္ပံမောင်ဝ၏ ခေတ်စမ်းစာ၊ နတ်သျှင်နှောင်ရတု စသော အကြောင်းအရာများကို ပြောပြ၏။

          နောင်မှ သူသည်ဆရာဖြစ်သင် ကောလိပ်ကျောင်းမှ ထွက်ကြောင်း၊ ကျောင်းနေစဉ်က စာတော်သူတဦးဖြစ်ခဲ့၏။ တခါက အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော ဆောင်းပါးတစောင်ကို တက္ကသိုလ်သမဂ္ဂ မဂ္ဂဇင်းဟောင်းတစောင်တွင် ဖတ်ရဖူး၏။ သူသည် အင်္ဂလိပ်စာကို နိုင်နင်းစွာ ရေးနိုင်သူ တဦးဖြစ်၏။ ဂျပန်ခေတ် သူ ဝန်ကြီးဖြစ်စဉ်က သူ ရေးထားသော အင်္ဂလိပ်စာကိုဖတ်၍ နောင်ဖဆပလခေတ် ဒုတိယဝန်ကြီးချုပ်ဖြစ်ခဲ့သူ ကိုကျော်ငြိမ်းက "အင်္ဂလိပ်စာရေးတာ မြန်သလောက် ကောင်းတာပါပဲ" ဟု ချီးကျူးသည်ကို ကြားရဖူး၏။

          ၁၉၃၉ ခုနှစ်က တို့ဗမာအစည်းအရုံးမှ ကိုယ်စားလှယ်များအဖွဲ့သည် ကွန်ဂရက်၏ ဖိတ်ကြားချက်အရ အိန္ဒိယပြည် ရမ်းဂါး သို့ သွားကြ၏။ သခင်အောင်ဆန်း၊ ကိုဗဟိန်း၊ သခင် သန်းထွန်းတို့ ပါသွားကြ၏။ တက္ကသိုလ်ကျောင်းသားသမဂ္ဂများက သခင်အောင်ဆန်း၊ သခင် သန်းထွန်းတို့ကို မကြာခဏဖိတ်၍ စကားပြောစေသည်ဟု သိရ၏။ သခင်သန်းထွန်းကို ပွဲတောင်းလှသည်ဟု ကြားရ၏။

          ဂျပန်ခေတ် လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဖြစ်စဉ်က သူ့ဌာနတွင်လုပ်သော အတွင်းဝန်များသည် သူ့ကို လေးစားကြသည်။ အဘယ်ကြောင့်ဆိုသော် သူသည် လယ်ယာ စိုက်ပျိုးရေးကို လေ့လာနားလည်ပြီး၊ ညာဝါးဖြန်းသန်းကာ မဆိုင်သည်ကို ဝင်ရောက်စွက်ဖက်ခြင်း မလုပ်သောကြောင့် ဖြစ်သည်" ဟူ၍ ရေးသားထားလေသည်။

          သခင်သန်းထွန်းသည် မြန်မာလိုရော အင်္ဂလိပ်လိုပါ စာရေးကောင်းသူဖြစ်သည်။ ဆောင်းပါးများ၊ ဘာသာပြန်စာပေများ ရေးသားခဲ့သည်။ ၁၉၃၉ ခုနှစ်က အရေးတော်ပုံ အမည်ရှိ ကွန်မြူနစ်ပါတီ ဂျာနယ်ကိုလည်း လျှို့ဝှက်ထုတ်ဝေခဲ့သည်။

          ဂျာနယ်ကျော် ဦးချစ်မောင်ကလည်း သူ၏  နေ့စဉ်မှတ်တမ်း (၁၉၄၃ ခုနှစ် နိုဝင်ဘာလ ၂၇ ရက် စနေနေ့) တွင် သခင်သန်းထွန်းအား "သူသည် အတော်လေ့လာသော လူတယောက်ပါပေ။ အရေးလည်း ကောင်းပါပေသည်။ 'သုပဏ္ဏက' ဟူသော ကလောင်အမည်ဖြစ် သူ ရေးသော ဆောင်းပါးများကို ကျွန်ုပ် အယ်ဒီတာဖြစ်စဉ်က ထည့်သွင်းဖော်ပြခဲ့ဖူးလေပြီ၊ သခင်အစည်းအရုံး တွင်လည်း သူတယောက်မှာ နိုင်ငံရေးစာပေ ဗဟုသုတကို အဆည်းပူးဆုံးဖြစ်သည်ကို ကျွန်ုပ် အကဲခတ်မိသည်။ နိုင်ငံတော်၏ အခြေအနေအမှန်ကို အတော်ပင် စမ်းဝါးမိသူ ဖြစ်ပေသည်" ဟူ၍ မှတ်တမ်းတင်ထားသည်။

          သို့ကလို ထူးချွန်ထက်မြက်၍ နိုင်ငံရေးသမိုင်းအစဉ်အလာ ကြီးမားခဲ့သော သခင် သန်းထွန်းကို ၁၉၁၁ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် တောင်ငူခရိုင် ကညွတ်ကွင်းမြို့၌ အဖ ဦးဘိုးမောင်၊ အမိ ဒေါ်အေးကြူ တို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်း ၆ ဦးအနက် တတိယမြောက် ဖြစ်သည်။ သူ့အထက်အကိုတို့မှာ ဦးတင် (သာယာဝတီ ထောင်မှူးဟောင်း)၊ ဦးညီပု တို့ဖြစ်ပြီး သူ့အောက် ညီနှင့်ညီမတို့မှာ မစိမ်းညို၊ ကိုညီလေး၊ မစိမ်းချို (မမြဝင်း) တို့ ဖြစ်ကြသည်။

          သခင်သန်းထွန်းသည် ပျဉ်းမနားမြို့ အင်္ဂလိပ်-မြန်မာ အထက်တန်းကျောင်းမှ ဆယ်တန်း (တက္ကသိုလ်ဝင်တန်း) ကို အင်္ဂလိပ်စာ၊ ရာဇဝင်၊ မြန်မာစာတို့၌ ဂုဏ်ထူး သုံးဘာသာဖြင့် အောင်မြင်ပြီးနောက် ရန်ကုန်မြို့ ဆရာဖြစ်သင်ကောလိပ်တွင် ပညာဆက်လက် သင်ကြားခဲ့သည်။ ဆရာအတတ်သင်ကျောင်းမှ ဆင်းပြီးနောက် ရန်ကုန်မြို့ ကန်တော်ကလေးရပ်ရှိ ဘားမား မွတ်ဆလင် အထက်တန်းကျောင်း (ယခု အထက-၆ မင်္ဂလာတောင်ညွန့်မြို့နယ်) တွင် ကျောင်းဆရာအဖြစ် အမှုထမ်းခဲ့လေသည်။ ကိုလိုနီခေတ် မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှု ကာလ ၁၉၃၈ ခုနှစ် အောက်တိုဘာလတွင် သခင်သန်းထွန်းသည် တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ခဲ့သည်။ ထို့နောက် ၁၉၃၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် သခင်နု၊ ဦးထွန်းအေး၊ ဦးအုန်းခင်တို့နှင့်အတူ နဂါးနီစာအုပ်အသင်း တည်ထောင်ရာတွင် ပါဝင်ခဲ့သည်။

          ထို့နောက် တို့ဗမာအစည်းအရုံးတွင်လည်း လယ်ယာစိုက်ပျိုးရေးဆိုင်ရာ တာဝန်ခံ အမှုဆောင်အဖြစ်လည်းကောင်း၊ အတွင်းရေးမှူးအဖြစ်လည်းကောင်း တာဝန်ယူကာ ဆက်လက်ပါ ဝင်လှုပ်ရှားခဲ့ပေသည်။ ၁၉၄၀ ပြည့်နှစ် မတ်လ ၂၉ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့  (Ramgarh) ၌ကျင်းပသည့် အိန္ဒိယ ကွန်ဂရက်ပါတီညီလာခံသို့ တို့ဗမာအစည်းရုံး၏ ကိုယ်စားလှယ်အဖြစ် သခင်အောင်ဆန်း၊ သခင်တင်အောင်၊ သခင်အုန်းမြင့် (တိုးတက်ရေး) ကိုထွန်းရှိန်၊ ကိုဗဟိန်း၊ သခင် ဆင်ဂူပတားတို့နှင့်အတူ တက်ရောက်ခဲ့သည်။ ထိုအချိန်တွင် မြန်မာပြည်သို့ရောက်ရှိလာသော မာ့က်စ်ဝါဒစာအုပ်များကို ဖတ်ရှုကာ ကွန်မြူနစ်ဝါဒကို စိတ်ဝင်စားခဲ့သည်။ ယင်းနောက် ဗမာပြည်ကွန်မြူနစ်ပါတီ၌ ပါဝင်လှုပ်ရှားခဲ့သည်။

          ၁၉၄၀ ပြည့်နှစ်မှ ၁၉၄၂ ခုနှစ်တွင်းတွင် သခင်သန်းထွန်းသည် နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ထောင်ကျခဲ့လေသည်။ ၁၉၄၂ သြဂုတ်လ ၁ ရက်နေ့တွင် ဂျပန် စစ်အုပ်ချုပ်ရေးအဖွဲ့၌ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ အုပ်ချုပ်ရေးအဖွဲ့တွင် မြေယာနှင့် လယ်ယာစိုက်ပျိုးရေး တာဝန်ခံအဖြစ်လည်းကောင်း၊ မြန်မာ့လွတ်လပ်ရေး ပြင်ဆင်မှုကော်မတီတွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၁၉၄၃ သြဂုတ်လ ၁ ရက်နေ့တွင် ဂျပန်ခေတ် လွတ်လပ်သော မြန်မာနိုင်ငံအစိုးရအဖွဲ့သစ်၌ မြေနှင့်လယ်ယာစိုက်ပျိုးရေးဌာန ဝန်ကြီးအဖြစ် လည်းကောင်း တာဝန်ထမ်းရွက်ခဲ့သည်။ ၁၉၄၄ ဧပြီလ ၁၆ ရက်နေ့တွင်  သခင်သန်းထွန်းသည် ကုန်စည်နှင့် သယ်ယူပို့ဆောင်ရေးဌာန၌ တာဝန်ထမ်းရွက်ခဲ့သည်။ 

          ထို့နောက် ဖတပလအဖွဲ့ကြီးကို ၁၉၄၄ သြဂုတ်လ ၂၃ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းရာ သခင်သန်းထွန်းသည် အထွေထွေအတွင်းရေးမှူးနှင့် မဟာမိတ်များဆက်သွယ်ရေး တာဝန်ခံ အဖြစ် ဆောင်ရွက်ခဲ့သည်။ ယင်းနောက် သခင်သန်းထွန်းသည် နာမည်ဝှက် လက်သည်း အမည်ဖြင့် ဂျပန်တော်လှန်ရေးဆင်နွှဲရန် ၁၉၄၅ မတ်လ ၁၇ ရက်နေ့တွင် ရန်ကုန်မှ ထွက်ခွာသွားသည်။

          သခင်သန်းထွန်းသည် ၁၉၄၂ အောက်တိုဘာလ ၁၁ ရက် တနင်္ဂနွေနေ့တွင် မြောင်းမြမြို့၌ နေထိုင်သော ဦးဖိုညင်း ဒေါ်ဖွားစုတို့၏ သားသမီး ၉ ဦးအနက် ပဉ္စမမြောက်သမီး ဒေါ်ခင်ကြီး (ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်၏ အစ်မ) နှင့် လက်ထပ်ခဲ့သည်။ ဒေါ်ခင်ကြီးသည် သခင် သန်းထွန်းထက် အသက် ၂ နှစ် ကြီးသည်။ ဒေါ်ခင်ကြီးသည် သခင်သန်းထွန်းနှင့် အိမ်ထောင် မကျခင်က အိမ်ထောင် ၂ ဆက်ရှိခဲ့သည်။ ပထမအိမ်ထောင်မှာ မြောင်းမြမြို့မှ ရဲအကြပ် ဦးစောမောင် ဖြစ်ပြီး၊ သား ခင်မောင်အေး ထွန်းကားခဲ့သည်။ ၎င်းမှာ နောင်တွင် တပ်မတော်သို့ ဝင်ရောက်စစ်မှုထမ်းရာ ဗိုလ်မှူးကြီးအဆင့်အထိ ထမ်းရွက်ခဲ့ပြီး ခင်မောင်အေး(မန္တလေး) ကလောင်အမည်ဖြစ် စာပေများ ရေးသားခဲ့သူဖြစ်သည်။

သို့သော် မလိခ၏ မြန်မာစာပေအဘိဓာန်အတွဲ(၁)  စာမျက်နှာ ၁၈၉ ၌ ဦးခင်မောင်အေး၏ အထ္ထုပ္ပတ္တိအကျဉ်းကို အောက်ပါအတိုင်း ဖော်ပြထားသည် -

          ခင်မောင်အေး (မန္တလေး) [၁၉၃၁- ] မြောင်းမြဇာတိ၊ ၁၉၃၁ ဖွား၊ အဖဦး ဖိုးညင်း၊ အမိ ဒေါ်ဖွားစု၊ မြောင်းမြ အစိုးရအထက်တန်းကျောင်းနှင့် ရန်ကုန်မြို့ အစိုးရအထက်တန်းကျောင်း တို့တွင် ပညာသင်ခဲ့သည်။ ၁၉၅၀ မှစ၍ တပ်မတော်တွင် ဝင်ရောက်အမှုထမ်းခဲ့သည်။ ၁၉၄၉ မှ စ၍ ကဗျာနှင့်ဝတ္ထုတိုများကို စရေးသည်။ ကျားနှင့်မုဆိုး (၁၉၆၅) ဝတ္ထုတိုစုပေါင်းစာအုပ်ကို ထုတ်ခဲ့၏ ဟူ၍ ဖော်ပြထားသည်။ မြန်မာစာပေ အဘိဓာန်ကိုပြုစုခဲ့သူ ဆရာမင်းကျော်(မလိခ) အား မကွယ်လွန်မီက စာရေးသူက မေးမြန်းခဲ့ရာ -

          "သူ (ဗိုလ်မှူးကြီး ခင်မောင်အေး(ငြိမ်း) ရေးပေးတဲ့အတိုင်း ကျွန်တော်တို့ ရေးသားထုတ်ဝေ လိုက်တာပါပဲ၊ အမှားအမှန်ကတော့ သူနဲ့ပဲ ဆိုင်ပါတယ်" ဟူ၍ ပြောကြားခဲ့ပါသည်။ ဦးခင်မောင်အေး၏ မိဘများမှာ ဦးစောမောင်၊ ဒေါ်ခင်ကြီး ဖြစ်ပါလျက် မည်သည့်အတွက်ကြောင့် အဖိုး အဖွားနာမည်ကို ထည့်သွင်းဖော်ပြခဲ့သည်ကို နားမလည်နိုင်အောင် ဖြစ်ခဲ့ရပါသည်။

          ထို့နောက် ဒေါ်ခင်ကြီးသည် ဦးစောမောင် ကွယ်လွန်ပြီးနောက် စာရေးဆရာ ပါရဂူ (ဦးလှကြိုင်)၏ ဦးလေး ဦးမောင်မောင်ကျော်နှင့် လက်ထပ်ခဲ့သည်။ သို့သော် ဆွေမျိုးများ၏ ခလောက်ဆန်မှုကြောင့် အိမ်ထောင်ရေး အဆင်မပြေဖြစ်ကာ နှစ်ဦးသဘောတူ ပြတ်စဲ၍ သခင်သန်းထွန်းနှင့် အကြောင်းပါခဲ့ခြင်း ဖြစ်သည်။

          ၁၉၄၅ ဇူလိုင်လတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဒုတိယကွန်ဂရက်ကို ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ သခင်သန်းထွန်းသည် ဗဟိုကောင်မတီဝင်အဖြစ် သခင်ဗဟိန်း၊ သခင်သန်းဖေ၊ သခင်တင်ထွန်၊ သခင် သန်းမြိုင်၊ သခင်မြသွင်၊ သခင်ဇင်၊ ဗိုလ်ကျော်ဇော (ရဲဘော်သုံးကျိပ်) တို့နှင့် အတူဖြစ်လာခဲ့သည်။ ထိုစဉ်က ပါတီအထွေထွေအတွင်းရေးမှူးမှာ သခင်သိန်းဖေ (သိန်းဖေမြင့်) ဖြစ်သည်။ ထို့နောက် သခင်သန်းထွန်းသည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် ဖဆပလအဖွဲ့၏ အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည်။ ၁၉၄၆ အောက်တိုဘာလ ၁၀ ရက်နေ့တွင် သခင်သန်းထွန်း ဦးဆောင်သည့် ဗမာပြည် ကွန်မြူနစ်ပါတီသည် ဖဆပလအဖွဲ့ချုပ်မှ ထုတ်ပယ်ခြင်းခံရလေသည်။ ၁၉၄၈ မတ်လ ၂၈ ရက်နေ့ နံနက် ၂ နာရီတွင် ဖဆပလ အစိုးရက တနိုင်ငံလုံး၏ ကွန်မြူနစ်များကို ဖမ်းဆီးရန် အမိန့်ထုတ်ခဲ့ရာ သခင်သန်းထွန်းသည် အစိုးရကို တော်လှန်ပုန်ကန်ကာ ဗမာပြည်ကွန်မြူနစ်ပါတီ ကိုဦးဆောင်၍ တောခိုခဲ့သည်။ သခင်သန်းထွန်း၏ တောတွင်းလျှို့ဝှက်အမည်မှာ ဦးသာဒင် ဖြစ်သည်။

          သခင်သန်းထွန်းသည် သူ၏ ကွန်မြူနစ်ပြောက်ကျားတပ်များကို ၁၉၅၀ ပြည့်နှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် အမြဲတမ်းတပ်အဖြစ် ဖွဲ့စည်းပြီး အမျိုးသားလွတ်မြောက်ရေး ပြည်သူ့တပ်မတော်အဖြစ် ကြေညာ၍ မိမိကိုယ်ကို ဗိုလ်ချုပ်မှူးအဖြစ် ခန့်အပ်ခဲ့သည်။ သခင် ဗသိန်းတင်၊ ဗိုလ်ဇေယျ (ရဲဘော်သုံးကျိပ်)၊ သခင်သန်းမြိုင်၊ သခင်ချစ်၊ သခင်တင်ထွန်း၊ ဗိုလ်ရဲထွဋ် (ရဲဘော်သုံးကျိပ်)၊ ဗိုလ်စိန်တင်၊ ဗိုလ်စိုးမောင် တို့ကို ဒုတိယ ဗိုလ်ချုပ်ကြီးများအဖြစ် ခန့်အပ်ခဲ့သည်။ ဗိုလ်ရန်အောင် (ရဲဘော်သုံးကျိပ်)နှင့် ဗိုလ်အောင်မင်းတို့ကိုမူ ဗိုလ်ချုပ်အဆင့်များ ခန့်အပ်ခဲ့သည်။ ထိုစဉ်က ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပြည်သူ့တပ်မတော်အောက်တွင် တပ်မကြီး ၄ ခုဖြင့်ဖွဲ့စည်းထား၍ တပ်မကြီး (၁) ကို ဗဟိုဌာနချုပ်တည်ရှိရာ ပျဉ်းမနားမြို့နယ်တွင် အခြေစိုက်ထားသည်။

          ၁၉၅၀ ပြည့်နှစ်တွင် တရုတ်ပြည်သို့ စစ်ပညာသင်ကြားရန် ပထမအသုတ်အဖြစ်ကို အောင်ကြီး (နောင် ပီကင်းပြန် အောင်ကြီး)၊ ဝေါမြို့နယ်မှ ကိုနေဝင်း၊ ပဲခူးမှ အိုင်ဆေး ခေါ် ဗိုလ်တိုက်အောင်၊ တောင်ငူမှ ကိုစံဖေ၊ ရေတပ်မှ တောခိုလာသူ ဗိုလ်မြမင်းတို့ကို သခင်သန်းထွန်း သည် စေလွှတ်ခဲ့သည်။

          ၁၉၅၃ ခုနှစ် ဖေဖော်ဝါရီလတွင် ဗဟိုကော်မတီဝင် အစည်းအဝေးကျင်းပ၍ ငြိမ်းချမ်းရေး နှင့် ညွန့်ပေါင်းအစိုးရလမ်းစဉ်ကို သခင်သန်းထွန်း ချမှတ်ခဲ့သည်။ တချိန်တည်းမှာပင် ၃ ပါတီ (အလံနီကွန်မြူနစ်ပါတီ၊ ဗကပ၊ ပြည်သူ့ရဲဘော်) ညီညွတ်ရေးဆွေးနွေးပွဲကို ယောဒေသ ပုံတောင် ခြေခသာရွာ (ပြည်သူ့ရဲဘော်နယ်)၌ ပြုလုပ်ခဲ့သည်။ ၁၉၅၃ ဇန်နဝါရီလမှ ဧပြီလအထိ သရက်ခရိုင် မင်းလှမြို့နယ် လက်ပန်ခုန်ရွာတွင် ၃ ပါတီ ညီညွတ်ရေးဆွေးနွေးပွဲကို ဆက်လက် ကျင်းပခဲ့သော်လည်း သဘောတူညီမှု မရခဲ့ချေ။


 5798499.png


၁၉၅၂ ခုနှစ် ပခုက္ကူခရိုင် ပုံတောင်ပုံညာ ဒေသတွင် သုံးပါတီ ညီညွတ်ရေး ပြုလုပ်ခဲ့စဉ်က တွေ့ရသည့် ဗိုလ်ထွန်းလင်း (ပြည်သူ့ရဲဘော်) (ဝဲ)၊ သခင်သန်းထွန်း (ဗမာပြည် ကွန်မြူနစ်ပါတီ) (အလယ်)၊ သခင်စိုး (ကွန်မြူနစ်ပါတီ-ဗမာပြည်) (ယာ)။ (ဓာတ်ပုံ - ပြည်သူ့အာဏာ ဂျာနယ်)



          ၁၉၅၄ ခု သြဂုတ်လမှ ၁၉၅၅ ဇန်နဝါရီလအထိ ပခုက္ကူ၊ ဆိပ်ဖြူ၊ ပေါက် ၃ နယ်အစပ် ထွန်ရွာနှင့် သက်ကယ်ကျင်းရွာအနီး၌ သခင်သန်းထွန်းသည် ၆ လခန့် ခိုအောင်းနေထိုင်ပြီး ဗဟိုကော်မတီ အစည်းအဝေးကိုခေါ်ယူ၍ ၅၅ လမ်းစဉ်ကို ချမှတ်ခဲ့သည်။ ယင်းလမ်းစဉ်ကို သခင်လှမြိုင် (ဗိုလ်ရန်အောင်)က "သခင်သန်းထွန်း (၅၅) လမ်းစဉ်ကား ခင်ဗျား ခေါင်းထဲက ထွက်လာတဲ့လမ်းစဉ် မဟုတ်ဘူး၊ နိုင်ငံခြားကပို့ပေးလိုက်တဲ့ လမ်းစဉ်၊ ဒါ့ကြောင့် ဒီလမ်းစဉ် အောင်မြင်ရေးကို ခင်ဗျား ခေါင်းဆောင်နိုင်မှာ မဟုတ်ဘူး။ ဥက္ကဋ္ဌနေရာက ဆင်းပေးပါ" ဟု တောင်းဆိုခဲ့လေသည်။ ဤတောင်းဆိုမှုကို ကိုတုတ်၊ ကိုစိုးသန်း၊ သခင်ဖေတင့်နှင့်အဖွဲ့က ထောက်ခံခဲ့သည်။ မဲခွဲဆုံးဖြတ်သောအခါ သခင်သန်းထွန်းသည် ဥက္ကဋ္ဌတာဝန်မှ ဆင်းပေးရေး အဆိုသည် ရှုံးနိမ့်သွားသောကြောင့် ဥက္ကဋ္ဌရာထူး တည်မြဲခဲ့လေသည်။

          ထို့နောက် မြေအောက် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဥက္ကဋ္ဌအဖြစ် သခင်သန်းထွန်းသည် နှစ်ပေါင်း ၂၀ ကျော်အထိ တာဝန်ယူခဲ့လေသည်။ ၁၉၆၃ သြဂုတ်လတွင် ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ သခင်သန်းထွန်းက ပါတီအတွင်းရေးမှူး ရဲဘော်ဌေး ခေါင်းဆောင်သော ပဏာမ တွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ကိုစေလွှတ်ခဲ့ရာ သြဂုတ်လ ၂၈ ရက်နေ့တွင် ယင်းအဖွဲ့သည် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် စက်တင်ဘာလ ၂ ရက်နေ့တွင် အကြိုငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲ ပျက်ပြားသွားခဲ့သည်။ ၁၉၆၄ တွင် စစ်နိုင်ရေး၊ အာဏာသိမ်းရေး၊ ၆၄ လမ်းစဉ်ကို ချမှတ်ခဲ့ပြန်သည်။ ထို့နောက် သခင်သန်းထွန်းသည် ဖြုတ်၊ ထုတ်၊သတ် ပါတီတည်ဆောက်ရေး လမ်းစဉ်အမှားကို ချမှတ်ခဲ့သည်။ သို့ဖြစ် ၁၉၆၇ ဇွန်လ ၁၈ ရက်နေ့တွင် ကွန်မြူနစ်ပါတီ အတွင်းရေးမှူး ရဲဘော်ဌေးနှင့် ဗကပ ပေါလစ်ဗြူရိုအဖွဲ့ဝင် ရဲဘော် ဘတင် (ဂိုရှယ်) တို့ကို သခင်သန်းထွန်း၏အမိန့်ဖြင့် ရက်စက်စွာ သတ်ဖြတ်လိုက်ကြသည်။ တဖန် ယင်းနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဗကပ ဗဟိုကောင်မတီဝင် ဗိုလ်ရန်အောင် (ရဲဘော်သုံးကျိပ်) အား သခင်သန်းထွန်း၏အမိန့်ဖြင့် ဗဟိုစခန်းမှ တပ်နီအမျိုးသမီး အမြင့် (ခ) မစန်းဝင်းက ခြေထောက်ဖြင့် လည်မျိုကိုနင်း၍ သတ်ဖြတ်ခဲ့သည်။

          ယင်းနောက် ၁၉၆၈ ခု သြဂုတ် ၃၀ ရက်နေ့တွင် ပီကင်းပြန် ဗိုလ်ထွန်းငြိမ်းကို သတ်ခဲ့ပြန်သည်။ ထိုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဗကပမှ ကျောင်းသားခေါင်းဆောင်များ ကို သတ်ဖြတ်ခဲ့ပြန်သည်။

          ထို့နောက် ၁၉၆၈ စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ၅ နာရီ မိနစ် ၂၀ အချိန်တွင် တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အနောက်ဘက်ခြမ်း ပဲခူးရိုးမအရှေ့စောင်း ကျောက်ချောင်း ကမ်းပါးရှိ တောင်ကျောလေးပေါ်တွင် သခင်သန်းထွန်းသည် အခင်းသွားနေစဉ် ကြုံတိတ် ခေါ် ရဲဘော်မြကြီး ဆိုသူက ရိုင်ဖယ်သေနတ်ဖြင့် အနီးကပ် ပစ်ခတ်လုပ်ကြံသောကြောင့် သခင်သန်းထွန်း ပွဲချင်းပြီး ကျဆုံးသွားခဲ့ရသည်။

          သခင်သန်းထွန်းအား ရဲဘော်မြကြီး သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခဲ့ပုံကို ၁၉၆၈ ခု နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ အသံလွင့်ရုံ၌ သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ယင်းရှင်းလင်းပွဲ၌ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကောင်မတီဝင် ပဲခူးရိုးမတိုင်း ဥက္ကဋ္ဌ ဗိုလ်မှူးမြ ခေါ် ရဲဘော်မြသည် သတင်းစာဆရာများအား အောက်ပါအတိုင်း ရှင်းလင်းပြောပြခဲ့သည်။

          "လွန်ခဲ့သည့်စက်တင်ဘာ ၂၄ ရက်နေ့က မိမိတို့သည် တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အနေက်ဘက် ရိုးမတောင်စွယ်တွင် ဗဟိုစခန်းချခဲ့ကြသည်။ ထိုနေ့ ညနေ ၅ နာရီကျော်ခန့်တွင် ဥက္ကဋ္ဌသခင်သန်းထွန်းသည် အခင်းကြီးစွန့်ရန် တောင်ခြေသို့ဆင်းသွားပြီး မကြာမီပင် သေနတ်သံ တချက် ကြားရသည်။ သေနတ်သံကြား၍ မိမိကလှမ်းအကြည့်တွင် လုံချည်ကို လက်နှစ်ဖက်ဖြင့် မကာ တောင်ခြေမှ ဗဟိုစခန်းပေါ်သို့ ပြေးတက်လာပြီး၊ "ဘယ်ကပစ်လိုက်တယ် မသိဘူး" ဟု တခွန်းသာ ပြောနိုင်သည်။ မိမိက သေနတ်သံလာရာကို လိုက်ကြည့်အပြီး ပြန်အလာတွင် သေဆုံးသွားသည်။ နစ်ဖြူ ဆေးမှူး ကိုလှမောင်၏ စစ်ဆေးချက်အရ သေနတ်ကျည်ဆန်သည် ဘယ်နံစောင်းက ဝင်ကာ ညာဘက်နို့အုံမှ ပေါက်သွား၍ နှလုံးထက်မှ သွေးကြောမကြီး ပြတ်သွားသည်ဟု သိရသည်။ ဆေး လုံးဝကုမရတော့ဘဲ ၅ မိနစ်တွင်း သေဆုံးသွားသည်။ ထိုညမှာပင် နစ်ဖြူ ဗဟိုစခန်းကို နေရာပြောင်းရွှေ့ကာ တရက်ခရီးသွားအပြီးတွင် သခင်သန်းထွန်း ၏အလောင်းကို လျှို့ဝှက်စွာ မြှုပ်နှံသင်္ဂြိုဟ်ခဲ့ကြောင်း" စသည်ဖြင့် ပြောကြားသွားသည်။

          သခင်သန်းထွန်း အလောင်းမြုပ်နှံရာဒေသကို တပ်မတော်ကတွေ့ရှိခဲ့ပုံကို တပ်မတော် ထောက်လှမ်းရေး ဒုတိယ ညွှန်ကြားရေးမှူး၊ ဒုဗိုလ်မှူးကြီး တင်ဦး (နောင် ထောက်လှမ်းရေး အငြိမ်းစား ဗိုလ်မှူးချုပ် (မျက်မှန်တင်ဦး) က ပြောကြားရာတွင် -

          "သခင်သန်းထွန်းအား သေနတ်ဖြင့်ပစ်ခဲ့သူ မြကြီးပြောကြားချက်ကို မိမိတို့ဆန်းစစ်ရန် အတွက် မိမိသည် တပ်မတော် ထောက်လှမ်းရေးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တပ်မ(၇၇) မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့်အတူ သခင်သန်းထွန်း လုပ်ကြံခံခဲ့ရသည့်နေရာသို့ သွားရောက်ခဲ့ကြသည်။ ထိုနေရာတွင် နစ်ဖြူများသည် စခန်းကို ဗြုန်းစားကြီး ပြောင်းရွှေ့ခဲ့၍ ပလပ်စတစ် အမိုးအစများ၊ ဝါးတိုင်များတွင် စတင်ပြတ်ကျန်ရစ်ခဲ့သည်ကိုလည်းကောင်း၊ သခင်သန်းထွန်း အလောင်း သယ်ယူရာတွင် အသုံးပြုရန်အတွက် ခုတ်ယူသွားသည့် ဝါးငုတ်တို့ကိုလည်းကောင်း၊ ထိုးဆေး ပုလင်းများ၊ သွေးစသွေးနများကိုလည်းကောင်း တွေ့ရှိခဲ့ရသည်။ ထို့အပြင် မောင်မြကြီး၏ သေနတ်ကို စီအိုင်ဒီ (ရဲမှုခင်းတပ်ဖွဲ့) သို့ပို့၍ စစ်ဆေးခြင်း၊ သခင်သန်းထွန်း လဲကျခဲ့သည့်နေရာမှ သွေးစများကို ဒေါက်တာ မောင်မောင်တိတ် အား ဓာတ်ခွဲကြည့်စေခြင်းများ ပြုလုပ်ခဲ့သည်။ သခင်သန်းထွန်းအား မြှုပ်နှံထားသည့်နေရာကို နိုဝင်ဘာလ ၂၀ ရက်နေ့မှစ၍ နေ့စဉ်ရက်ဆက် ရှာဖွေခဲ့ရာ နိုဝင်ဘာလ ၂၃ က် မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ တွင် ဦးမြ(ရဲဘော်မြ)၏ လမ်းညွန်မှုဖြင့် တွေ့ရှိခဲ့သည်။ သခင်သန်းထွန်း၏ ရုပ်အလောင်းသည် ပလပ်စတစ်ဖြင့်ဖုံးအုပ်ပြီး မြှုပ်နှံခဲ့သည့် အတွက် ညာဘက် လက်မောင်းပင် အသားများ ရောင်ယမ်းနေသေးသည်ကို တွေ့ရသည်။ ယင်များ မအုံမီ ဓာတ်ပုံရိုက်ယူပြီး သခင်သန်းထွန်း၏ အလောင်းကို တူးဖော်တွေ့ရှိသည့်နေ့မှာပင် ကောင်းမွန်စွာ သင်္ဂြိုဟ်လိုက်ကြောင်း" စသည်ဖြင့် ပြောကြားသွားသည်။

          သခင်သန်းထွန်း ကျဆုံးသောအခါ ဇနီး ဒေါ်ခင်ကြီးနှင့် သား နှစ်ယောက်၊ သမီး တယောက် ကျန်ရစ်ခဲ့လေသည်။ သခင်သန်းထွန်း၏ ဇနီး ဒေါ်ခင်ကြီး (၉၂) သည် ၂၀၀၁ ခု ဧပြီလ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄) နေအိမ်တွင် ကွယ်လွန် သွားခဲ့လေသည်။

******************

(က) မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၃) စာ ၁၃၇ . ၁၄၈၊

(ခ) မလိခ မြန်မာစာပေအဘိဓာန်ပထမတွဲ ၊ သစ္စာစာပေ ပတွဲ ၁၉၇၄၊

(ဂ) Who's who in Burma pp.193.

(ဃ) သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ ပတွဲ ၊ ဒုတွဲ၊

(င) ရှေ့သို့စာစောင် တွဲ ၁၄ မှတ် ၂ (၁၅.၁၂. ၆၈)၊

(စ) ဒေါ်ခင်မမ (ခင်ခင်သန်း) သခင်သန်းထွန်း၏ သမီးပြောပြချက်များ (၁၆.၃.၀၉)  


*******************

ရေးသားသူ =  သန်းဝင်းလှိုင် (မိုးမခ)    

ဤ သမိုင်းတကွေ့မှ ဗကပ သခင်သန်းထွန်း အကြောင်းကို PDF အနေဖြင့် လိုချင်သူများ အတွက် အောက်ပါ ဒေါင်းလုပ်လင့်ခ် တွင် တင်ပေးထားပါတယ်။ လိုချင်သူများ ဒေါင်းလုပ် ရယူနိုင်ကြပါသည်။

Mediafire Link  =    Download
ifile Link          =    Download

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

 
^ထိပ်ဆုံးသို့