မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Thursday, October 6, 2011

မှော်ဆရာ့စက်ကွင်း

ငယ်ရွယ်နုရွ၊ ပျိုမျစ်လှ၍

မာနယစ်မူး၊ ရူးနေသူ

ပညာထွန်းတောက်၊ ပါရဂူမြောက်၍

မောက်မာ မာန၊ ကြွနေသူ

ဥစ္စာဓန၊ ပေါကြွယ်ဝ၍

အတ္တမာနကြီးနေသူ

များချွေရံရှိ၊ အာဏာပြည့်၍

အတိမာနရောက်နေသူ

အားအင်ပြည့်မား များထက်သာ၍

မာနတံခွန်ထူနေသူ

အများနှင့်ဆန့်ကျင်၊ အဟုတ်ထင်၍

မှော်ဝင်မာန ပူးနေသူ

အရာရာကျရှုံး၊ ချစ်သူမုန်း၍

နုံးချည့်မာနစွဲနေသူ

ပိုးဖလံအဖြစ် မီးဝယ်နစ်သို့

မုန်း ချစ် စွန်းတွက်၊ မာနတက်ဘိ

လက်ရှိအခြေ၊ အောင်မြင်နေလည်း

ရေပွက်ပမာ၊ ခဏသာ

ကံဟောင်းကူဖေး၊ အကျိုးပေးကြောင့်

လူရေးခွင်ဝယ်၊ လူတွင်ကျယ်လုပ်

မာန်စွယ်ထုတ်ပြ၊ သရုပ်လှလည်း

လင်းရလျှပ်စီး၊ တပြက်သာ

သြော်… လူတွေလူတွေ

အပူတွေကြား၊ အယူမှားလျှက်

တရားဆိတ်သုဉ်း၊ အချိန်ဖြုန်းသော်

လုံးရာမှပြား၊ ပြားရာမှအက်

အက်ရာမှကွဲ၊ ကွဲရာမှကြေ

ကြေရာမှမွ၊ မွရာမှလွင့်

လွင့်ရာမှပျောက်၊ နိဂုံးရောက်သော်

တောက်လောင်မစဲ၊ မီးကျင်းထဲမှ

လူလဲမထသာ၊ နာကြီးနာသည်

မာနဒဏ်က စုန်းမှော်အသွင်

မသာတမျှ နံစွနှလုံးညှော်ဝင်

ထာဝရ၊ ဟန်မကျ၊ ပြုံးပျော်မရွှင်။

မေတ္တာရှင်(ရွှေပြည်သာ) ဆရာတော် ၏ လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက် စာအုပ်မှ အောင်ပန်းဝေ-ရွှေဘို ရဲ့ မာန၏ အပြစ်ကို ထင်သာမြင်သာ ရှိစေရန်အတွက် ရေးစပ်သီကုံးထားသော ကဗျာလေးအား ရေးသားဖော်ပြပေးလိုက်ရပါသည်။ အားလုံးသော စာဖတ် ပရိသတ်အပေါင်းတို့လည်း လောဘ၊ ဒေါသ၊ အတ္တ၊ မာန ကင်းစင်ပြီး လောက ကောင်းကျိုး၊ သာသနာကောင်းကျိုး အတွက် ဆောင်ရွက်နိုင်ကြသော သူတော်ကောင်း၊ သူတော်မြတ်များ ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း...........။

ခင်မင်စွာဖြင့်...

ဇော်သိင်္ခ

6 comments:

စံပယ်ချို said...

မော်ဆရာ့စက်ကွင်း
အရမ်းကောင်းတဲ့ကဗျာပါ...
မာန်မာနတွေမရှိသင့်မထားသင့်တဲ့အရာ
ဆိုတာကဗျာနဲ့ဖော်ပြသွားပုံလေးက
အရမ်းကိုလှတယ်။

အလွမ်းမြို့ said...

လာရောက်အားပေးသွားတယ်။ ပျော်ရွှင်ပါစေ ကွယ်

Thameesan said...

မှော်ဆရာစက်ကွင်းကလွတ်ဖို့နေနေသာသာ
ပိုလို့တောင်တိုးမိနေသလားမသိပါဘူးး))
သြော်...ပုတုဇဉ်ကိုး အစ်ကိုရဲ့းP
ချစ်ခင်စွာဖြင့်

mstint said...

ကဗျာလေးက ဒေါသ လောဘ မောဟ အတ္တ မာန်မာနတွေဖုံးလွှမ်းနေတဲ့ လောကီလူသားတွေကို ထိထိမိမိဖော်ညွှန်းသွားတာပါလား ကိုဇော်သိင်္ခရေ။
မျှဝေပေးတာကျေးဇူးပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အလင်းသစ် said...

အဲဒီ မှော်ဆရာ စက်ကွင်းကနေ မလွတ်ကင်းနိုင်သေးတဲ့ ကျွန်တော် မှတ်သားသွားပါတယ်ဗျာ။။။

ငြိမ်းစိုးဦး said...

မမြဲသောတရားကို သတိထားရင်း လုပ်နိုင်သမျှနဲ့ အများအကျိုးကို ဆောင်ရွက်နိုင်ဖို့ တိုက်တွန်းနေတာ ...

 
^ထိပ်ဆုံးသို့