အစုန်မျှောက ...
မျှောလေမျှောလေ ၊ စုန်သည့်ရေတွင်
စုန်လေနက်လေ ၊ နောက်ကျိပေ၏ ။
အကြေမြစ်ရပ် ၊ လှိုင်းပုပ်ခတ်၍
ဖြတ်ဖြတ်မူးမော ၊ ရေလျှင်ကြောတွင်
ကျယ်ပြောသမျှ ၊ ပင်လယ်ဝသို့
ရောက်ရမကြာ ၊ လှေနာဝါသည်
ရေမှာပျက်စီးလိမ့်တကား။ ။
ရေဆန်တက်က
တက်သည်နှင့်မျှ ၊ လှော်ခတ်ရ၏
လုံ့လကြီးစွာ အားထုတ်ပါသော်
မြစ်ညာရပ်ဆီ ၊ ရေလည်းကြည်၏
ကြည်သည့်ရေတိမ် ၊ ငြိမ်လည်းငြိမ်၏
ငြိမ်သည့်ရေတက် ၊ မြင့်ကာတက်၍
လှော်လျက်မနား ၊ ဆက်၍သွားသော်
မြစ်ဖျားတစ်လျှောက် ၊ ကမ်းသို့ပေါက်ကာ
ရောက်လိမ့် လမ်းဆုံးသို့တိုင်တည်း......
အို......အဆွေ.........
လှေမှာ ထိုင်လိုက် ၊ အစုန်ကြိုက်သလား?
မောဟိုက်လှော်သွား ၊ အဆန်သွား မလား?
ဒီကဗျာလေးက အရင်ပြတ်သွားတဲ့ ဘလော့မှာလည်း တင်ခဲ့ဖူးပါတယ်။ အဲဒီ ဘလော့မှာတင်ခဲ့တုန်းက တော့ လူတော်တော် များများ ကြိုက်နှစ်သက်ခဲ့တဲ့ ကဗျာလေး ဖြစ်တာရယ် ပြီးတော့ ဘ၀မှာ ကြိုးစား ရုန်းကန်နေကြရတဲ့ သူတွေအတွက်.. အားဆေးတစ်ခွက် အနေနဲ့ ဖြစ်စေတာရယ် ကြောင့် အခုဘလော့ မှာလည်း ပြန်လည်လို့ တင်ပေးလိုက်ရပါတယ်။ ဒီကဗျာလေးကို ကျွန်တော်လည်း အရမ်းကြိုက်လွန်းလို့ ပြီးတော့ ကျွန်တော့်ကိုလည်း ဒီကဗျာလေးထဲက စာသားတွေက တော်တော်များများ တွန်းအားပေးခဲ့တာတွေ ကြောင့် လွန်ခဲ့တဲ့ ရှစ်နှစ်လောက်ကတည်းက မဂ္ဂဇင်း တစ်အုပ်မှာ ဖတ်ဖူးခဲ့တာလေးကို သိမ်းထားမိခဲ့တာပါ။ ကဗျာလေးကို ရေးစပ် သူကတော့ ကိုလိုနီခေတ်… သူရဇော် ဖြစ်ပါတယ်။ သူငယ်ချင်းတို့အားလုံးလည်း..
လှေမှာ ထိုင်လိုက်ပြီးတော့ ၊ အစုန်ကိုပဲ မျောလိုက်သွားကြမလား…?
မောဟိုက်လှော်သွား ၊ အဆန်ကိုပဲ လှော်ခတ်သွားကြ မလား? ဆိုတာကို… စဉ်းစား ဆုံးဖြတ် နိုင်ကြပါစေလို့ ဆန္ဒပြုရင်း…..
မောဟိုက်လှော်သွား ၊ အဆန်ကိုပဲ လှော်ခတ်သွားကြ မလား? ဆိုတာကို… စဉ်းစား ဆုံးဖြတ် နိုင်ကြပါစေလို့ ဆန္ဒပြုရင်း…..
0 comments:
Post a Comment