မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Friday, July 30, 2010

တွင်း


ကိုယ်ချင်းလည်း မစာဘူး။

သူတို့တုန်းကတော့ နေချင်သလိုနေပြီး

ငါတို့ကျမှ ဟိုလို မနေနဲ့။ ဒီလိုမနေနဲ့။

ဟိုလိုလေး လုပ်ကြည့်ပါလား။

ဒီလိုလုပ်တာ မှားတယ်။

တော်တော်ကို ကိုယ်ချင်းမစာကြတဲ့ လူကြီးတွေပဲ။

************
``ဒီအရွယ်မှာ ရည်စားမထားရဘူးနော်``
သူတို့တုန်းကတော့ထားခဲ့ကြတယ်။
ကျွန်တော်တို့ကျမှ မထားနဲ့တဲ့ဗျာ။
``မပျင်းကြနဲ့။ ပျင်းရင် ပညာမရဘူး``
သူတို့လည်း ကျွန်တော်တို့အရွယ်တုန်းက ပျင်းခဲ့ကြတာပဲ မဟုတ်လား။
``ပိုက်ဆံစုကြ၊ မဖြုန်းကြနဲ့``
တော်တော် အပြောကောင်းတယ်။ သူတို့ ပိုက်ဆံမစုခဲ့ကြလို့။ ငွေတွေကိုဖြုန်းတီးခဲ့ကြလို့ ကျွန်တော်တို့ ဒီလိုနေနေကြရတာ မဟုတ်ဘူးလား။
``အရက်မသောက်နဲ့ ငါ့သား``
အဖေ့ပါးစပ်မှာ အရက်နံ့တွေနဲ့။ ကျွန်တော့်ကို လာပြီး ဆုံးမနေတယ်။
``ဆေးလိပ်သောက်တာ မကောင်းဘူး``
သူ့အိတ်ထောင်ထဲမှာ စီးကရက်ဘူးကြီးနဲ့။ ဆေးလိပ်မကောင်းကြောင်းတရားလာပြီးဟောတယ်။ ရယ်စရာကောင်းလိုက်တာ။
``မနေနိုင်ရင် ကွန်ဒုံးသုံးကြနော်``
လာလာချည်သေး။ လူကြီးတွေက လူငယ်တွေကို ဆုံးမကြတယ်။
လူငယ်တွေရဲ့ ရင်ထဲမှာ``စောဒက``တွေ အများကြီးပဲ လူကြီးတွေရဲ့ ဆုံးမစကားကို တစ်ဖက်သက် ပြောတယ်လို့မြင်ကြတယ်။ ကိုယ်ချင်းမစာဘူးလို့လည်း ခံစားကြတယ်။ သူတို့လုပ်ချင်ရာလုပ်ခဲ့ပြီးမှ ငါတို့အလှည့်မှာ လုပ်ချင်ရာ လုပ်ခွင့်မပေးဘူး။ မတရား ဘူး။
ဒီလို လူငယ်တွေအတွက် ကျွန်တော် ပုံပြင်လေးတစ်ပုဒ်လောက် ပြောပြပါရစေ။
 **********
တစ်ခါတုန်းကပေါ့…။ ရတနာသိုက်ရှိတယ်လို့ နာမည်ကြီးနေတဲ့ ဒေသ တစ်ခုရှိတယ်။  အဲဒီသေမှာ ရတနာတွေကို လိုက်ပြီးရှာကြတဲ့ ရတနာမုဆိုးတွေ လည်းရှိတယ်။ တစ်ရက်မှာ မိုးကြီးလေကြီးကျပါလေရော။ မိုးတွေကလလည်း သဲသဲမည်းမည်းရွာတယ်။ ချောင်းရေတွေ ဒလဟောစီးလို့ မြေတွေပြိုတယ်။ သစ်ပင်တွေ လဲတယ်။ အဲ့ဒီအခါမှာ တောစပ်တစ်ခုရဲ့ ချောင်းနံဘေးမှာ ရေတွင်းဟောင်းကြီးတစ်ခု ပေါ်လာတယ်။ အဲ့ဒီတွင်းရဲ့ နှုတ်ခမ်းဝမှာ လူတွေဝိုင်းအုံပြီး တွင်းထဲကိုစိုက်ပြီး ကြည့်နေကြတယ်။
``ဟာ… တွင်းထဲမှာ လက်လက်လက်လက်နဲ့ ရွှေတွေဖြစ်မယ်ကွ``
``မဟုတ်ဘူး၊ ပတ္တမြားခဲတွေ နေမှာပါ``
``ငါကတော့ စိန်ရောင်တွေတောက်နေတယ် ထင်တာပဲ``
``မဟုတ်ဘူးကွ၊ ရှေးဟောင်း ရတနာသိုက် တွေ့ပြီကွ``
တွင်းနှုတ်ခမ်းဝမှာ ဝိုင်းအုံပြီးကြည့်နေကြတဲ့ လူတွေအားလုံးဟာ တစ်ယောက်တစ်ပေါက်ပြောနေကြတယ်။ အားလုံးဟာလည်း ``လောဘ`` မျက်လုံးတွေ ကိုယ်စီနဲ့ပေါ့။
အဲဒီအချိန်မှာ လူတစ်ယောက်က ပြောပြောဆိုဆို တွင်းထဲကို ခုန်းဆင်းမယ်လုပ်တယ်။
``ဟိတ်ကောင်.. မင်းမဆင်းနဲ့၊ ငါ အရင်ဆင်းမယ်။ ငါအရင်.. ရောက်တာကွ``
``ဘယ်ရမလဲ၊ ဒီလိုဆိုရင် ငါအရင် ဆင်းရမှာကွ``
``ဒီတွင်းပေါက်ဝကို မင်းထက်ငါအရင် ရောက်တာလေ``
ဘာမပြော ၊ ညာမပြောနဲ့ လူတစ်ယောက်ဟာ တွင်းထဲကို ``ဝုန်းခနဲ`` ခုန်ဆင်းလိုက်ပါတော့တယ်။
တွင်းအောက်ခြေကိုလည်းရောက်ရော… လင်းလက်နေတဲ့အရာတွေဟာ ရွှေတွေလည်းမဟုတ်ဘူး။ ပတ္တမြားတွေလည်းမဟုတ်ဘူး။ စိန်တွေလည်းမဟုတ်ဘူး။ မိုးရွာလို့မြေပြိုပြီး တွင်းထဲမှာရှိတဲ့ မြွေပွေးတွေ၊ မြွေဟောက်တွေ၊ အကောင်တွေ ပေါက်နေကြတာ။ ``မြွေပွေး၊ မြွေဟောက်`` အကောင်ပေါက်တွေရဲ့ ``မျက်လုံး`` တွေအရောင်တောက်နေတာသာဖြစ်တယ်။ တွင်းထဲကို ရောက်နေတဲ့သူက တွင်းအပေါ်ကိုအော်ပြီး ပြောလိုက်တယ်။
``ဟိတ်ကောင်တွေ.. ဆင်းမလာကြနဲ့။ ရွှေတွေ၊ စိန်တွေမဟုတ်ဘူးကွ။ ``မြွေပွေး``တွေရဲ့မျက်လုံးတွေ။ ``မြွေဟောက်`` တွေရဲ့မျက်လုံးတွေ၊ သူတို့မျက်လုံး တွေရဲ့ အရောင်တွေကို ငါတို့က ``စိန်`` တွေထင်နေတာ။ ရွှေတွေ ထင်နေတာ။ ပတ္တမြားတွေ ထင်နေတာ။ ငါတို့ထင်သလို မဟုတ်ဘူးကွ။ တွင်းထဲကိုဆင်းမလာကြနဲ့။ ငါကိုတော့ မြွေကိုက်ကုန်ပြီ။ မင်းတို့ဆင်းမလာကြနဲ့``
တွင်းနှုတ်ခမ်းဝက လူတွေက မယုံကြဘူး။ ဒီကောင် တစ်ယောက်တည်းလိုချင်လို့ လိမ်ပြောတာပဲဖြစ်မယ်။ နောက်တစ်ယောက် ထပ်ခုန်ချလိုက်တယ်။
``ဟုတ်တယ်ဟေ့၊ ဆင်းမလာကြနဲ့ စိန်​တွေမဟုတ်ဘူး။ ရတနာတွေလည်း မဟုတ်ဘူး။ သူပြောတာမှန်တယ်ကွ၊ ဒီကောင်သေနေပြီ။ ငါ့ကိုလည်း မြွေတွေက ဝိုင်းပြီး ပေါက်ကုန်ပြီ။ ``မြွေ``တွေရဲ့ မျက်လုံးတွေက။ သူတို့ရဲ့ မျက်လုံးတွေကို ငါတို့က ရတနာတွေလို့ ထင်နေတာ။ မင်းတို့ တွင်းထဲကို ဆင်းမလာကြနဲ့။ အားလုံးသေကုန်ကြလိမ့်မယ်``
တွင်းနှုတ်ခမ်းဝက လူတွေအားလုံးဟာ တွင်းထဲက လူတွေပြောတဲ့စကားကို မယုံကြဘူး။ ဒီနှစ်ကောင် အပိုင်စီးချင်လို့`` လီဆယ်``ပြီးတော့ ပြောတယ်လို့ပဲ ထင်နေကြတယ်။
ဒီလိုနဲ့……
တစ်ယောက်ပြီးတစ်ယောက် ခုန်ဆင်းလိုက်ကြတာ။ တွင်းနှုတ်ခမ်းဝက လူတွေ အကုန်လုံးတွင်းထဲမှာ သေကုန်ကြတော့တယ်။
*******
လူကြီးဆိုတာ…
မြွေတွေရဲ့ အရောင်တောက်နေတဲ့ မျက်လုံးတွေကို ``စိန်`` တွေမှတ်ပြီး၊ ရတနာတွေမှတ်ပြီး၊ တွင်းအနက်ထဲကို ခုန်ဆင်းခဲ့ဖူးတဲ့သူတွေ။
သူတို့က မြွေအကိုက်ခံရပြီးမှ  တွင်းနက်ထဲကနေ အော်ပြောတဲ့ စကားဖြစ်တယ်။
ဒါကြောင့် ခုန်မဆင်းနဲ့လို့ ပြောတာ။
လူငယ်တွေက မယုံကြည်ဘူး။
ဒီတော့ ခုန်ဆင်းကြဦးမယ်ပေါ့။
*******
လူငယ်၊ လူလတ်၊ လူကြီးကို ဘယ်လိုအဓိပ္ပာယ် သတ်မှတ်သင့်သလဲ။
ကျွန်တော်ကတော့ ဒီလို အဓိပ္ပာယ်ဖွင့်ချင်တယ်ဗျာ။
မသိလို့လုပ်လိုက်မိတဲ့ အမှား၊ မှန်တယ်ထင်လို့ လုပ်လိုက်မိတဲ့အမှား၊ အမှားတွေကို အမှန်ဖြစ်အောင် ကြိုးစားရင်း ထပ်ပြီးမှားသွားမိတဲ့အမှား၊ မှားမှန်းသိရဲ့နဲ့ မထူးပါဘူးဆိုပြီး ဇွတ်တိုးပြီး မှားမိတဲ့အမှား.. အဲဒီအမှား တွေကို ရင်မှာပိုက်ပြီး 
အမှားများစွာဖြင့် နောင်တ တရားများနဲ့ ရှင်သန်နေထိုင်သူကို လူကြီးဟုခေါ်သည်။
အမှားကို အမှားမှန်းမသိဘဲ အမှားကို အမှန်ထင်ပြီး အဲ့ဒီအမှားတွေနဲ့ ပျော်ရွှင်ကျေနပ်နေသူများကို လူလတ်ဟုခေါ်သည်။
အမှားများကို မှားရန်အတွက် ကြိုးစားပမ်းစား လိုက်လံရှာဖွေနေသူများအား လူငယ်ဟုခေါ်သည်။
ဒီတော့ …..
နောင်တနဲ့ ရင်းပြီး၊ အမှားနဲ့ရင်းပြီး ရထားတဲ့ ဘဝသင်ခန်းစာတွေကို လူငယ်တွေအတွက် မမှားဖို့လိုက်နာဖို့၊ ရှောင်ကြဉ်ဖို့၊ သတိပြုဖို့၊ ပြောကြားတာကို လူငယ်တွေ နားလည်သင့်တယ်။
တကယ်တော့…
အရောင်တောက်ပနေတဲ့ မြွေတွေရဲ့မျက်လုံးတွေကို စိန်ရွှေအမှတ်နဲ့ အရယူဖို့ကြိုးစားရင်း၊ ဆုံးရှုံးမှုတွေ၊ နောင်တတွေ၊ မျက်ရည်တွေ၊ ဆင်းရဲခြင်းတွေ၊ ခံစားချက်တွေနဲ့ရင်းလို့ သိလာခဲ့ရတဲ့ လူကြီးတွေရဲ့ ဆုံးမစကားကို လူငယ်လေးတွေ နားလည်စေချင်လို့ ဒီပုံပြင်လေးနဲ့ ပြောပြလိုက်ပါတယ်။
မယုံရင် တွင်းထဲ ကိုခုန်ဆင်းလိုက်။

ရွှေမန္တလေးဂျာနယ်
အမှတ်စဉ်(၂၆၅)၊ ၉.၆.၂၀၀၈။

 ဦးဘုန်း(ဓာတု) ၏ ``တွင်း`` ဆိုသော စာအုပ်မှ ခေါင်းစဉ်လေးများကို အွန်လိုင်းပေါ်မှ စာဖတ်ပရိသတ်များအတွက် ပြန်လည် မျှဝေ ပေးလိုက်ခြင်း ဖြစ်ပါတယ်။ သူငယ်ချင်းတို့အားလုံးလည်း တွင်းထဲ ခုန်ဆင်းတော့မယ်ဆိုရင်ဖြင့် ရွှေတွင်းလား မြွေတွင်းလား ဆိုတာကို ကြိုတင် စဉ်းစား ကြံဆနိုင်စေရန် ရည်ရွယ်၍.............

ခင်မင်စွာဖြင့်
ဇော်သိင်္ခ


Thursday, July 29, 2010

မှတ်သားသင့်သည့်အချက်လေးများ

၁။  ဆုံးရှုံးသွားတဲ့အချိန်ကျမှ မိမိပိုင်ဆိုင်ခဲ့တာကို သိတယ်။

၂။ မှတ်သားသင့်တာကိုမှတ်သားပြီး မေ့သင့်တာကိုမေ့ရမယ်။ ပြောင်းလဲနိုင်တာကို ပြောင်းလဲပြီး မပြောင်းလဲနိုင်တာကို သင်လက်ခံနိုင်ရမယ်။

၃။  မျက်ရည်စက်တွေဟာ ၀မ်းနည်းမှုကို မှတ်မှတ်ရရဖြစ်စေတယ်။

၎။  သူ့အတွက်နဲ့မျက်ရည်မကျသင့်ဘူး ။ သူ သင့်ကိုချစ်တာမှန်ရင်သူ့အတွက်နဲ့မျက်ရည်ကျတော့မယ်ဆို ရင် သူကသင့်ရဲ့
မျက်ရည်ကိုကျခွင့်ပေးမှာမဟုတ်ဘူး။

၅။  ကြည်နူးနေတဲ့ ချစ်သူတွေရဲ့ နှုတ်ခမ်းလေးဟာ နွေးထွေးတဲ့ အနမ်းတွေအတွက်ဖြစ်တယ်။

ရန်ဖြစ်တဲ့ ချစ်သူတွေရဲ့ နှုတ်ခမ်းကနေ ထွက်လာတာကတော့ တယောက်ကို တယောက်နာကျင်စေတဲ့ စကားတွေပါပဲ။

၆။ ပျော်ရွှင်မှုဆိုတာ တစ်ခုခုပျောက်သွားလို့ လိုက်ရှာနေသလိုပဲဘယ်လိုရှာရှာမတွေ့ဘူး။  ဒါပေမဲ့ မေ့သွားတဲ့အချိန်မှာု ပြန်တွေ့သလိုပေါ့။ပျော်ရွှင်မှုဟာ သင့်နံဘေးမှာပါ။

၇။ မျက်ရည်စက်ရဲ့ အပူချိန်ဟာ ၅၃၀
ဖြစ်တယ်။ အပြင်လောကရဲ့အေးစက်မှုကြောင့် မျက်ရည်စက်ကျချိန်မှာ ၅၃ သာကျန်တော့တယ်။

၈။  ချစ်ခြင်းနဲ့ အလိုလိုက်ခြင်းဟာ မတူပါဘူး။ အလိုလိုက်ရင် ဘာမှမပြောလဲရတယ်။ ဒါပေမဲ့ အချစ်မှာ အဲလိုလုပ်လို့မရဘူး။

၉။  လူ့ဘ၀မှာ ပညာရေး၊ စီးပွားရေး၊ အချစ်ရေး၊ အိမ်ထောင်ရေးဆိုပြီးစာမေးပွဲကြီးလေးခုမှာ ပျမ်းမျှအောင်မှသာ အောင်မြင်မှာပါ။ တစ်ခုထဲမှာအာရုံစူးစိုက်နေလို့လဲ ဒီလူ့ဘ၀ မှာ အောင်မြင်မှာမဟုတ်ပါဘူး။

၁၀။  ငါးလေးကပြောတယ် သင်ငါ့ရဲ့မျက်ဝန်းထဲက မျက်ရည်တွေကို တွေရမှာမဟုတ်ဘူး။ ငါးလေးက ရေထဲမှာနေလို့ပါ။
ရေကပြောတယ် ငါးရဲ့မျက်ရည်ကို ရေကခံစားရတယ်တဲ့ ငါးလေးကရေရဲ့ ရင်ထဲမှာရှိလို့တဲ့။

၁၁။  လူ့ဘ၀ဆိုတာ လှပတဲ့ ပန်းလေးအသွင်နဲ့ သင့်ဘေးမှာရှိတဲ့သူတွေကို မွေးရနံ့နဲ့ သင်းစေရမယ်။

၁၂။ တစ်မိနစ်အတွင်းမှာ လူတစ်ယောက်ကို သိနိုင်တယ်။ တစ်နာရီအတွင်း လူတစ်ယောက်ကိုနှစ်သက်နိုင် တယ်။ တစ်ရက်အတွင်းမှာ သင်သူ့ကို ချစ်နိုင်တယ်။ ဒါပေမဲ့ တသက်လုံးအချိန်တွေကုန်သွား ပေမဲ့ သင်သူ့ကို မေ့နိုင်မှာမဟုတ်ဘူး။

၁၃။  သင်ဦးတည်ရာရှိနေရင် သင်ဟာဘယ်နေရာရောက်နေတယ်ဆိုတာအရေးမကြီးပါဘူး။

၁၄။  ဘယ်အရာမဆို အဘက်ဘက်သောရှုထောင့်မှကြည့် ရတယ်။

၁၅။  ဘ၀ခရီးလမ်းဆိုတာ ယုံကြည်ချက်ရှိတဲ့သူအတွက် ခင်းထားပေးပါတယ်။

၁၆။  ပျောရွှင်မှုကို ဝေမျှလိုက်ရင် ပျော်ရွှင်မှုဟာ နှစ်ဆပါ။ Sorrow share is sorrow half, Joy share is Joy double.

၁၇။  အမြင့်ဆုံးကိုမှန်း အကောင်းဆုံးကိုကြိုးစားပြီး အဆိုးဆုံးအတွက်ပြင်ဆင်ထားပါ။

၁၈။  လုပ်ချင်တဲ့အလုပ်ကို အချိန်နဲ့အခွင့်အရေး ကိုရှာပါ။ မလုပ်ချင်တဲ့အလုပ်အတွက် ဆင်ခြေကိုတော့ ရှာပါ။

၁၉။  သိရက်နဲ့ ရူးမူးနေတာ အရက်အပြင် အချစ်ပါ။

၂၀။  ငါတို့တွေ အခွင့်အရေးမရှိတာမဟုတ်ဘူး။ အခွင့်အရေးကမျက်စိရှေ့မှာပါ။ ပြန်စဖို့ သတ္တိမရှိတာပါ။

၂၁။  အရသာမရှိတဲ့ ရေကို ငြီးငွေ့တယ်လို့ ဘယ်သူမှမပြောသလို အေးဆေးငြိမ်းချမ်းတဲ့ ဘ၀ကို ဘယ်သူက ငြီးငွေ့မှာလဲ။

၂၂။  လိုချင်တဲ့အချစ်ကို မရရင် ရနေတဲ့အချစ်ကို သင်ချစ်မြတ်နိုးပါ။

၂၃။ အရှေ့ဘက်ကနေထွက်လို့ အနောက်ဘက်ကို နေ၀င်သွားသလို စိတ်ညစ်လဲတစ်ရက်ပျော်လဲတစ် ရက် ပေါ့။ တစ်ခုခုကို သင် ရင်ဆိုငိတဲ့အချိန်မှာသင်ရင် ဆိုင်နိုင်တဲ့ သတ္တိက မျှတနေမယ်ဆိုရင် သင်လဲပျော်မယ်စိတ်လဲချမ်းသာမယ်။

၂၄။ သင်မြတ်နိုးတက်ရင် သင်ပိုင်ဆိုင်ထားတာကအကောင်းဆုံးပါ သင်အတ္တကြီးနေမယ်ဆိုရင် င်ပိုင်ဆိုင်ထားတာတောင် ဆုံးရှုံးနိုင်ပါတယ်။

၂၅။ အချစ်မှာလိုအပ်တာ ပွင့်လင်းမှု၊ အချေအတင်ဖြစ်ပြီဆိုရင် ညှိုနှိုင်းရမယ်။ စိတ်တိုတဲ့အချိန် မှာ စိတ်ကို အေးအေးထားရမယ်၊ ပျော်ရွှင်တာတွေကို ဝေမျှရမယ်။

 ယခုဖော်ပြခဲ့သော အချက်များအားလုံးသည်  ညီမလေး လင်းလင်း ပို့ပေးသော မေးမှ ရရှိသော စာစုလေးများ ဖြစ်ပါတယ်။ ရေးသားသူ မည်သူဖြစ်တယ်ဆိုတာ မသိသည့်အတွက် ဖော်ပြ မပေးနိုင်ခြင်းကို ခွင့်လွှတ်စေချင်ပါတယ်။ ဤစာစုများလေးများအားလုံးသည် စာဖတ်သူ အတွက် အသုံးဝင်၍ အကျိုးပြုနိုင်စေသော အချက်လေးများ ရရှိနိုင်စေရန် အတွက် ပြန်လည် မျှဝေလိုက်ရခြင်း ဖြစ်ပါတယ်.........။ 

ခင်မင်စွာဖြင့်.......
ဇော်သိင်္ခ

Wednesday, July 28, 2010

ရယ်ရယ်ပြုံးပြုံး ဟာသများ ၁



ပိုင်ပါပေ့…..

ပီရှိကန်က ရေကန်တစ်ကန်မှာ ငါးမျှားပြီးတဲ့နောက် ဂျွန်ဟာ ငါးပြေမ နှစ်ကောင်ကိုင်ပြီး ၊ လေတခွန်ချွန်နဲ့ လမ်းလျှောက်လာတယ်။ လှမ်းမြင်လိုက်တဲ့ ကန်ထိန်းသိမ်းရေးအရာရှိက ငါးဖမ်းလိုင်စင်ပြခိုင်းတဲ့အခါ….
``ကျုပ်က ငါးလာမျှာယးတာ မဟုတ်ဘူး။ ဒါအလှမွေးငါးတွေ ။ သူတို့ကို ရေထဲလွှတ်၊ ဆော့ခိုင်းတယ်။ ပြီးရင် လမ်းခေါ်လျှောက်ပြီး အိမ်ပြန်တာ`` လို့ ဂျွန်က ပြောလိုက်တယ်။ `` ခင်ဗျားမဖြစ်နိုင်တာတွေ လာမပြောနဲ့၊ လိုင်စင်မရှိဘဲ ငါးဖမ်းတာ ရာဇဝင်မှု မြောက်တယ်နော်`` လို့ အရာရှိက ပြောလိုက်တယ်။ `` ကဲ မယုံရင် ဒီမှာကြည့်ဗျာ`` ပြောပြောဆိုဆိုပဲ ဂျွန်က ငါးနှစ်ကောင်ကို ရေထဲ လွှတ်ပေးလိုက်တယ်။
``ခင်ဗျားငါးတွေ ပြန်လာတက်တယ်ဆို ခေါ်ပြလေ`` လို့ အရာရှိက ခပ်ထေ့ထေ့ လှမ်းပြောလိုက်တယ်။
မင်သေသေနဲ့ ဂျွန်ပြန်ပြောလိုက်တာက……..
``ဘယ်တစ်ကောင်ကို အရင် ခေါ်ပေးရမလဲ…``

မှတ်ပလားဟဲ့ … အီတလီခေါက်ဆွဲ

အမျိုးသားတစ်ယောက်ဟာ အချိန်အတော်ကြာအောင် အီတလီ အမျိုးသမီးတစ်ယောက်နဲ့ တိတ်တစ်ဆိတ် ချစ်ကျွမ်းဝင်နေခဲ့ကြတယ်။ တစ်နေ့ အမျိုးသမီးမှာ သူ့ရင်သွေးကို လွယ်ထားလိုက်ရပြီလို့ သိလိုက်တဲ့အခါ အိမ်ထောင်ရေးမှာ အနှောက်အယှက် မဖြစ်စေချင်တာကြောင့် ငွေအများကြီး ပုံပေးလိုက်တဲ့အပြင် အီတလီပြန်ပြီး ကလေးမွေးမယ်ဆိုရင် ကလေးအသက် ၁၈ နှစ် အထိ ထောက်ပံ့မယ်လို့ ကတိပြုလိုက်တယ်။
``ကောင်းပြီလေ၊ ကလေးမွေးတဲ့အခါ ရှင့်ကို ဘယ်လိုအသိပေးရမလဲ`` လို့ အမျိုးသမီးက ပြောလိုက်တယ်။
``ငါ့ဆီကို စပါဂက်တီ(အီတလီခေါက်ဆွဲ)လို့ ရေးပြီး ပို့စကတ်တစ်ခုသာ ပို့လိုက်။ ပို့စကတ်ရတာနဲ့ ငွေစလွှဲပေးမယ်`` လို့ အမျိုးသားက ပြောလိုက်တယ်။ ကိုးလလောက်ကြာပြီးတော့ တစ်နေ့ သူ့အိမ်ပြန်ရောက်တဲ့ အခါ… ``မောင်ရေ… ထူးဆန်းတဲ့ ပို့စကတ်တစ်ခု ရှင့်ဆီရောက်နေတယ်`` လို့ ဇနီးက ပြောလိုက်တယ်။
``ဘယ်မှာလဲ အဲဒီကတ်။ မြန်မြန်ပေး… ပြီးမှ ကိုယ်ပြောပြမယ်`` လို့ ခင်ပွန်းကဆိုလိုက်တယ်။ ကတ်ကိုဖတ်ပြီးတဲ့နောက်မှာတော့ အမျိုးသားရဲ့ မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်ပြီး သတိလစ်မတက် ဖြစ်သွားတယ်။ ကတ်မှာ ရေးထားတာကတော့…
``စပါဂက်တီ၊ စပါဂက်တီ၊ စပါဂက်တီ၊ စပါဂက်တီနှင့် စပါဂက်တီ (အသားလုံးနှင့် သုံးပွဲ၊ အလွှတ်နှစ်ပွဲ)``
စာကြွင်း။     ။ ဆော့စ် ပိုပေးပါရန်။

အကြံကောင်း

ရှေ့နေ ဝီလျံတစ်ယောက် ခက်ခဲလှတဲ့ အမှုအတွက် အတော့ကို ခေါင်းခြောက်နေရပါတယ်။ ဒါကြောင့် အမှုတွဲကို ကိုင်တွယ်နေတဲ့ တရားသူကြီးကို နှစ် ၁၀၀ ဘရန်ဒီတစ်လုံး လက်ဆောင်ပို့ပေးလိုက်ပါတယ်။
ဒါကို သူ့အမှုသည် သိသွားတော့ `` ဟာ…. ခင်ဗျားမသိဘူးလား။ ဒီတရားသူကြီးက လာဘ်ပေးလာဘ်ယူကို လုံးဝကြိုက်တာမဟုတ်ဘူး။ အဲဒီလိုလုပ်ရင်လည်း တရားသူကြီးတော့ ကျွန်တော့်ကို သတ်တော့မှာပဲဗျာ`` လို့ ကြောက်လန့်တကြီးနဲ့ ပြောတာကို ဝီလျံက ဒီလို ပြန်နှစ်သိမ့်ပါတယ်။
``ဘာမှစိတ်မပူနေနဲ့.. ကျုပ်က တစ်ဖက်ရှေ့နေရဲ့ နာမည်နဲ့ ပို့လိုက်တာပါဗျ``


ကူညီချင်ဦးဟဲ့

ဦးကြီးတိုနီက အရမ်းကို ကူညီတက်တဲ့ သူတစ်ယောက်ပါ။ တစ်နေ့ အိမ်ကနေ ကုန်းဆင်းလေးအတိုင်း လမ်းလျှောက်လတုန်း အိမ်တစ်အိမ်ရဲ့ အဝင်ဝမှာ ကလေးငယ်တစ်ယောက် လူခေါ်ခေါင်းလောင်းကို မမီတမီနဲ့ နှိပ်ဖို့ကြိုးစားနေတာကို တွေ့လိုက်တော့ သူကူညီမှပဲလို့ ယူဆပြိးကလေးငယ်ရဲ့ နောက်နား ဆီမှာရပ်ရင်း လူခေါ်ခေါင်းလောင်းကို နှိပ်ပေးလိုက်ပါတယ်။
အဲဒီနောက် ကလေးငယ်ရဲ့ ပခုံးကို ကြင်ကြင်နာနာနဲ့ လှမ်းဖက်ပြီး ``ကဲ လူလေး ဦးလေး အခုဘာလုပ်ပေးရဦးမလဲလို့`` ဦးလေးတိုနီက မေးလိုက်တော့ ကလေးငယ် ပြန်ပြောတာက ``ဗျာ… ဘာထပ်လုပ်ရဦးမှာလဲ ဟုတ်လား။ ပြေးရမှာပေါ့။ အထဲက လူထွက်လာရင် သူ့ဘဲလ်ကို အားအားယားယား တီးရသလားဆိုပြီး လိုက်ရိုက်မှာပေါ့``

မျိုးနဲ့ရိုးနဲ့

ဆိုဖီလေးတစ်ယောက် လူသားတွေ ဘယ်လို စတင်ဖြစ်လာသလဲဆိုတာကို အရမ်းသိချင်နေပါတယ်။
ဒါနဲ့ မိခင်ဖြစ်သူကိုမေးတော့ ``ဘုရားသခင်က အာဒံနဲ့ အေဝကို ဖန်ဆင်းပေးခဲ့တယ်။ သူတို့နှစ်ယောက်က ကလေးတွေရပြီး လူသားမျိုးနွယ်တွေ ဖြစ်ပေါ်လာတာပေါ့ သမီးရယ်`` လို့ ရှင်းပြပါတယ်။
နောက်နှစ်ရက်အကြာမှာ ဖခင်ဖြစ်သူကို ဒီမေးခွန်းပဲ ပြန်မေးတော့ `` ဟိုး… ကမ္ဘာဦးအစ မျောက်တွေကနေ အဆင့်ဆင့်ပြောင်းလဲလာလိုက်တာ အခု လူသားတွေဖြစ်တဲ့အထိပဲပေါ့`` ဆိုတဲ့ အဖြေကို ရပါတယ်။
အဖြေနှစ်ခုကြောင့် စိတ်ရှုပ်သွားတဲ့ ဆိုဖီက မိခင်ကို ဘာကြောင့် ဒီလိုဖြစ်ရတာလဲ၊ ဘယ်ဟာက အမှန်လဲလို့ ထပ်မေးတော့ သူ့မေမေက ဒီလိုဖြေတယ်။
``သြော်.. သမီးရယ်.. အဖြေက ရှင်းနေတာပဲဟာ။ မေမေက အမေ့မိသားစု အကြောင်းပြောတာ။ သမီးအဖေက သူ့မျိုးရိုးအကြောင်း ပြောတာပေါ့အေ… ``


အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်

ဦးတိုနီရဲ့ အိမထောင်သက်တမ်းဟာ ၄၅ နှစ်တောင်ရှိနေပါပြီ၊ သားသမီး ၁၁ ယောက်၊ မြေး ၂၂ ယောက်နဲ့အတူ အောင်မြင်ပျော်ရွှင်တဲ့ ဘဝကိုလည်း ပိုင်ဆိုင်ထားပါတယ်။
ဒီလို တစ်သက်တာ လက်တွဲနိုင်ဖို့ အိမ်ထောင်ရှင်တစ်ယောက်ရဲ့ လျှို့ဝှက်ချက်ကို သားသမီးနဲ့ မြေးတွေက ဝိုင်းပြီးတော့ မေးမြန်းကြတဲ့အခါ ဦးတိုနီက..
``ဟိုး… လွန်ခဲ့တဲ့ နှစ်တော်တော်ကြာကြာက ငါတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ကတိထားခဲ့ကြတယ်`` လို့ စလိုက်တော့ အားလုံးက သိချင်ဇောများသွားပါတယ်။
အဲဒီနောက် သူဆက်ပြောတာက ``အဲဒီကတိက အိမ်ပေါ်ကနေ ရန်ဖြစ်လို့ အရင်ဆင်းတဲ့သူက ကလေးတွေအကုန်လုံး တစ်ပါတည်းခေါ်သွားရမယ်လေ``တဲ့။

အမြင်တော်တော်ကောင်းတာပဲ

အမျိုးသမီးတစ်ဦးဟာ စိုးရိမ်တကြီးကယောင်ချောက်ချားပုံစံနဲ့ သူ့ဆရာဝန်ဆီ အပြေးအလွှားရောက်သွားတယ်။
``ဒေါက်တာ ကျွန်မကို ကြည့်ပါဦး။ ဒီမနက် ကျွန်မအိပ်ရာထထချင်း မှန်ကြည့်မိတော့ ကျွန်မဆံပင်တွေက ရှုပ်ပွနေတာပဲ ဒေါက်တာ။ နောက်ပြီး အသားအရေတွေကလည်း အဘွားအိုကြီးလို တွန့်ပြီးရွဲကျနေတယ်။ မျက်လုံးတွေကလည်း တော်တော်ကို ကြည့်ရဆိုးတာပဲ။ တစ်ကိုယ်လုံးကြည့်ရတာ ကမ္မဌာန်းရုပ်ပေါက်နေသလိုပါပဲ ဒေါက်တာရယ်၊ လုပ်ပါဦး။ ကျွန်မဘာဖြစ်တာလဲ။ ကယ်ပါဦးရှင်။``
ဆရာဝန်ကသူ့ကို သေသေချာချာ စစ်ဆေးကြည့်ပြီးမှ တည်တည်ငြိမ်ငြိမ်ပဲ ပြောပါတယ်။
``အင်း…. ကျွန်တော် ပြောနိုင်တာ တစ်ခုကတော့ ခင်ဗျား မျက်လုံးတွေ တော်တော်ကောင်းတယ်။ ဘာမှ အမြင်မမှားဘူး``


ရယ်ရယ်ပြုံးပြုံး ဟာသများ စာအုပ်မှ ဟာသ အပိုင်းအစလေးများကို စာဖတ်သူတို့ အတွက် စိတ်ချမ်းသာပျော်ရွှင်စေပြီး ဘဝအမောများ ပြေပျောက်စေရန်အတွက် ရေးသားဖော်ပြ ပေးလိုက်ရခြင်းဖြစ်ပါသည်။.......

ခင်မင်စွာဖြင့်....
ဇော်သိင်္ခ

Monday, July 26, 2010

ဝါဆိုလပြည့် ဓမ္မစကြာနေ

















လောင်းလျာစိန္တေ၊ သန္ဓေတောထွက်
ဓမ္မစကြာ၊ ဒေသနာမြွက်
ပုန်းညက်ကြာခိုင်၊ ပျံ့လှိုင်ကြိုင်သင်း
ပဉ္စင်းတော်ပွဲ၊ ဝှဲချီးကျင်းပ
ဝါဆိုလခါ၊ ဗြုဗ္ဗာနက္ခတ်
ကရကဋ်ရာသီ၊ ဆင်တာရာကြည်ရွှန်း
တင့်ထွန်းဝင်းပ၊ ဗုဒ္ဓအမွေ
ရွှန်းဝေဖြာလှစ်၊ ဝေဿန္တလျှင်
ကြည်လင်သာမော၊ တောမိဂဒါဝုန်
ရဂုံကြိုင်လျှမ်း၊ စုံမြိုင်နန်းတွင်
ပဉ္စဝဂ္ဂီ၊ ငါးလီထေရ်အား
တရားဦးမွန်၊ ဟောလှစ်ညွှန်ပြ
မဇ္ဈိမ, ပဋိပဒါ၊ သစ္စာလေးဝ
ဒုက္ခ, သမုဒယ၊ နိရောဓနှင့်
မဂ္ဂတစ်ဖန်၊ မှန်တရားတို့
လက်ဖဝါးတွင်၊ ပတ္တမြားတင်အလား
ထင်ရှားပေါ်လွင်၊ မြင်သာအောင်ပြ
လောကသုံးသွယ်၊ ဝဋ်ပင်လယ်မှ
လွတ်လွယ်စေရာ၊ ဗြဟ္မာနတ်လူ
ကျွတ်ဆုယူလျက်၊ ဓမ္မစကြာ
ချိန်အခါကျ၊ ဓမ္မပူဇာ
ဒေသနာကို၊ ဘာဝနာသဘော
အာရုံစောညွှတ်၊ ပူဇော်ဝပ်တွား
ကြည့်ညိုအားဖြင့်၊ ရွတ်ပွားသရဇ္ဈာယ်ကြပါကုန်။    ။

ဦးအောင်မွန်(မဟာဝိဇ္ဇာ) 
26.7.2010 ရက် ဝါဆိုလပြည့်နေ့ ကြေးမုံ သတင်းစာ ပါ...

Sunday, July 25, 2010

မင်းအကြောင်းတွေးနေတယ်


မင်းအကြောင်းတွေးနေတယ်....
မင်းဟာကိုယ့်ရဲ့အတန်းဖော်ပါ....
မင်းဟာကိုယ်ရဲ့ အချစ်ဆုံးသူငယ်ချင်းပါ...
ပြီးတော့ မင်းဟာ ကိုယ့်ရဲ့အချစ်ဆုံးသူလည်းဖြစ်တယ်လေ...။
ဒါပေမယ့်.....
ကိုယ်မင်းအကြောင်းကို နည်းနည်းလေးပဲသိတယ်....
မင်းရဲ့ စိတ်ကိုမခန့်မှန်းတက်သေးဘူး...
မင်းရဲ့ အကျင့်စရိုက်ကိုလည်းအသေအချာမသိသေးဘူး...။
ဒါပေမယ့်.........
မင်းကိုနားလည်နိုင်အောင်
ကိုယ်အစွမ်းကုန်ကြိုးစာမှာပါ။
ဘာကြောင့်လဲဆိုတော့.....
မင်းဟာကိုယ့်ရဲ့ ချစ်သူ ဖြစ်နေလို့ပါ။
 ****************
I'm thinking of you.
You are my class make.
You are my best friend.
And you are my sweetheart.
But.....
I know about you a little.
I can't guess about your mind.
I do not know your character clearly.
But.........
I try my best
to understand you.
Because........
You are my beloved.

ဟိုး အရင်တစ်ချိန်တုန်း ဖတ်ခဲ့ဖူးတဲ့ ဆရာ အောင်သင်း ရဲ့ ကဗျာလေး တစ်ပုဒ်ပါ။

ဇော်သိင်္ခ

Friday, July 23, 2010

နောက်ဆုံး ဖယောင်းတိုင်




ပုံပြင်တစ်ပုဒ်လောက် ပြောပြပါရစေ။
ဒီပုံပြင်မှာ ရည်ရွယ်ချက် ရှိပါသည်။
လူဆိုတာ တစ်ယောက်ထည်း နေလို့ မရဘူး။ အသိုင်းအဝိုင်း၊ အပေါင်းအသင်းနဲ့ နေရတယ်။ အနည်းဆုံး ကိုယ့်မိသားစုနဲ့ ပေါင်းရတယ်။ သင်းရတယ်။ အမြဲတမ်း ထိတွေ့ဆက်ဆံနေရတော့ စိတ်ထဲမှာ အဆင်မပြေမှုတွေ၊ ပြဿနာတွေ၊ အားမလိုအားမရဖြစ်မှုတွေ ရှိနိုင်ပါတယ်။ ဒီပုံပြင်လေးဟာ အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုအကြား၊ မိဘနဲ့ သားသမီးအကြား၊ ဆရာနဲ့ တပည့်အကြား၊ လင်မယား နှစ်ယောက်အကြား၊ သူငယ်ချင်း နှစ်ယောက်အကြားမှာ ထားသင့်ထားအပ်တဲ့ အတွေးတစ်ခုကို ပေးပါလိမ့်မယ်။

*********
တစ်ခါတုန်းက……….
အလင်းမရှိဘဲ မှောင်နေတဲ့ အခန်းတစ်ခန်းထဲမှာ ဖယောင်းတိုင်ကလေး (၅)တိုင် ရှိတယ်။ အဲဒီ ဖယောင်းတိုင်တွေမှာ အလင်းကိုယ်စီနဲ့ပေါ့။ ဖယောင်းတိုင် (၅)တိုင်ရဲ့ အလင်းအားကြောင့် မှောင်မည်းနေတဲ့အခန်းဟာ လင်းထိန်နေတော့တယ်။ ဒီအခန်းထဲကို လေပြေပျော့လေး တိုက်ခတ်နေသတဲ့။ တစ်ခါတစ်ခါမှာ လေဟာ ပြင်းသွားလိုက်၊ တစ်ခါတစ်ခါမှာ လေဟာ ငြိမ်သွားလိုက်နဲ့ပေါ့။
လေတစ်ချက်အဝေ့မှာ ဖယောင်းတိုင်လေး တစ်တိုင် မီးငြိမ်းသွားတယ်။ အခန်းဟာ အလင်းအား နည်းနည်း လျော့သွားတယ်။ အဲ့ဒီဖယောင်းတိုင်လေးကို ``အချစ်`` လို့ နာမည်ပေးကြည့်ရအောင်။ ``အချစ်ဆိုတဲ့ အလင်းအားလေး`` လျော့သွားတော့ အခန်းဟာ နည်းနည်းလေး မှောင်သွားတယ်။
နောက်ထပ် လေအဝှေ့မှာ ဒုတိယ ဖယောင်းတိုင်လေး မီးငြိမ်းသွားပြန်တယ်။ အဲဒီ ဖယောင်းတိုင်လေးကို ``သံယောဇဉ်`` လို့ နာမည်ပေးကြည့်ရအောင်။ ဒီအခန်းထဲမှာ ``အချစ်`` ဆိုတဲ့ အလင်းရောင်ရယ်၊ ``သံယောဇဉ်`` ဆိုတဲ့ အလင်းရောင်ရယ် မရှိတော့ဘူး။ အခန်းဟာ အမှောင်ထု ကြီးစိုးလာတော့တယ်။
ဒီလိုနဲ့ နောက်ထပ် ```လေတစ်ချက်`` အဝေ့မှာ တတိယ ဖယောင်းတိုင်လေး ငြိမ်းသွားပြန်တယ်။ အဲဒီဖယောင်းတိုင်လေးကို ``မေတ္တာတရား`` လို့ နာမည်ပေးကြည့်ရအောင်။
ဒီလိုပဲ… နောက်ထပ် လေအဝေ့တစ်ချက်မှာ စတုတ္ထဖယောင်းတိုင်လေး ငြိမ်းသွားပြန်တယ်။ ဒီဖယောင်းတိုင်လေးကိုတော့ ``ကရုဏာ တရား`` လို့ နာမည်ပေးကြည့်ရအောင်။
ဖယောင်းတိုင် (၅) တိုင် အလင်းအားရှိတဲ့ ဒီအခန်းဟာ ဖယောင်းတိုင် (၁)တိုင်မျှသာ အလင်းအားရှိတော့တယ်။ ဒီနောက်ဆုံး ဖယောင်းတိုင်လေးသာ လေအဝေ့မှာ မီးညွန့်ကလေးငြိမ်းသွားခဲ့ရင်  ဒီတစ်ခန်းလုံး မှောင်မည်းသွားတော့ မှာပါပဲ။

ဖြစ်ချင်တော့ ဒီအခန်းထဲကို လူတစ်ယောက် ရောက်လာတယ်။
``အခန်းကြီးက မှောင်းမည်းနေတာပဲ။ တော်သေးတာပေါ့။ ဖယောင်းတိုင်လေးတစ်တိုင် လင်းနေသေးလို့``
ပြောပြောဆိုဆို ဖယောင်းတိုင်ရဲ့ မီးညွန့်ကို လက်ဝါးလေးနဲ့ ကာလိုက်တယ်။ အလင်းရောင် မှိန်ပျပျအောက်မှာ မီးငြိမ်းနေတဲ့ ဖယောင်းတိုင် (၄)တိုင်ကို တွေ့သွားတယ်။ ချက်ချင်းဆိုသလိုပဲ နောက်ဆုံးကျန်နေတဲ့ ဖယောင်းတိုင်ရဲ့ မီးညွန့်ကိုကူးပြီး မီးငြိမ်းသွားခဲ့တဲ့ ဖယောင်းတိုင်လေးတွေကို မီးကူးပေးလိုက်တယ်။ ဒီအခန်းက အရင်အတိုင်းပဲ ပြန်ပြီး လင်းထိန်သွားပါတော့တယ်။

**********
စာဖတ်သူကို မေးပါရစေ……
ဒီနောက်ဆုံးကျန်တဲ့ ဖယောင်းတိုင်လေးကို ကျွန်တော်တို့ နာမည်ပေးကြည့်ကြရအောင်။ စာဖတ်သူလည်း ကြိုက်သလို နာမည်ပေးပါ။ ကျွန်တော်ပေးထားတဲ့ နာမည်လေးတော့ ရှိတယ်။ ကျွန်တော်က နောက်ဆုံး ဖယောင်းတိုင်လေးရဲ့ နာမည်ကို ``နားလည်ပေးမှု၊ စာနာပေးမှု ဖယောင်းတိုင်`` လို့ နာမည်ပေးထားတယ်။
တွေးကြည့်ရအောင်။
လူတစ်ယောက်နဲ့ တစ်ယောက်အကြားမှာ ``နားလည်ပေးမှု၊ စာနာပေးမှု`` ဆိုတဲ့ အလင်းအား ရှိတဲ့ ဖယောင်းတိုင်လေးသာ ရှိနေသေးရင် ``အချစ်``ဆိုတာ ပြန်ဖြစ်နိုင်တယ်။ ``သံယောဇဉ်`` ဆိုတာ ပြန်ဖြစ်နိုင်တယ်။ ``မေတ္တတရား၊ ကရုဏာတရား``တွေ ပြန်ဖြစ်နိုင်တယ်။ ``နားလည်ပေးမှု၊ စာနာပေးမှု`` ဆိုတဲ့ ဖယောင်းတိုင်လေးသာ မီးငြိမ်းသွားခဲ့ရင်… အခန်းကြီး မှောင်မည်းသွားသလို အချစ်တွေ၊ မေတ္တာတရားတွေ၊ သံယောဇဉ်တွေ၊ ကရုဏာတရားတွေ ပြန်ဖြစ်ဖို့ မလွယ်တော့ပါဘူး။ လူ့ဘဝရဲ့ အနှစ်သာရလည်း ပျက်စီးသွားတော့မှာပါပဲ။

မိသားစု အချင်းချင်းအကြားမှာ၊ သူငယ်ချင်းနှစ်ယောက်အကြားမှာ၊ မောင်နှ်မနှစ်ယောက်အကြားမှာ၊ လင်းမယားနှစ်ယောက်အကြားမှာ၊ အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုအကြားမှာ ``နားလည်ပေးမှု၊ စာနာပေးမှု``ဆိုတဲ့ ဖယောင်းတိုင်လေး လင်းနေဖို့ လိုမယ်ထင်ပါတယ်။ ဒီဖယောင်းတိုင်လေးသာ မီးငြိမ်းသွားခဲ့ရင်… လူမှုဆက်ဆံရေးရဲ့ ပျော်စရာကောင်းတဲ့ သဘာဝကို ခံစားနည်းလည်နိုင်တော့မှာ မဟုတ်ပါဘူး။
ချစ်သူနှစ်ယောက်အကြားမှာ ``နားလည်ပေးမှုနဲ့ စာနာပေးမှု`` ရှိရင် ပျော်စရာ သိပ်ကောကင်းမှာပဲ။
မိဘအပေါ်မှာ နားလည်ပေးတက်တဲ့ သားသမီးတွေကို ပိုင်ဆိုင်ခွင့်ရတဲ့ မိသားစုဟာ ပျော်စရာကြီးပါ။ ဒီလိုပါပဲ နားလည်ပေးတက်တဲ့၊ စာနာပေးတက်တဲ့ မိဘတွေရဲ့ သားသမီးဖြစ်ခွင့်ရရင်လည်း ပျော်စရာပါပဲနော်။
ကိုယ့်ကို နားလည်ပေးတဲ့၊ စာနာပေးတဲ့ ချစ်သူနဲ့သာ အတူနေခွင့်ရရင် အချစ်ဆိုတာ ပျော်စရာပဲလို့ ခံစားမိမှာပါ။
အပြန်အလှန် နားလည်ပေးတဲ့၊ စာနာပေးတဲ့ လူ့အဖွဲ့အစည်းတွေသာ ကျွန်တော်တို့ ဝန်းကျင်းမှာရှိခဲ့ရင် ကျွန်တော်တို့ လူ့ဘောင်လောကကြီးဟာ ဒီထက်ပိုပြီး သာယာလာပါမယ်။ ငြိမ်းချမ်းလာပါမယ်။ တိုးတက်လာပါမယ်။ ပျော်စရာလည်း ကောင်းလာပါမယ်။
ဒါကြောင့် ဘယ်နေရာမှာ မဆို ``နားလည်ပေးမှုနဲ့ စာနာပေးမှု`` အပြန်အလှန်ရှိကြမယ်ဆိုရင် လောကကြီးဟာ ငြိမ်းချမ်းနေမှာပါ။
ဒါပေမယ့်….
``နားလည်ပေးမှုနဲ့ စာနာပေးမှု `` ကိုတော့ အလွဲသုံးစား မလုပ်သင့်ဘူးနော်။
``နားလည်ပေးမှုနဲ့ စာနာပေးမှု`` ကို အခွင့်ကောင်းမယူသင့်ဘူး။
``နားလည်ပေးမှုနဲ့ စာနာပေးမှု`` ကို တန်ဖိုးမဲ့အောင် မလုပ်သင့်ဘူးနော်။

စာဖတ်သူလည်း နောက်ဆုံး ဖယောင်းတိုင်လေးရဲ့ နာမည်ကို ဘယ်လိုများ မှည့်ခေါ်ချင်ပါသလဲ။

ဒီပုံပြင်လေးကို ဖတ်ပြီး….
``ချစ်သူတွေ၊ သူငယ်ချင်းတွေ၊ မိသားစုတွေ၊ လူသားတွေ၊ အဖွဲ့အစည်းတွေ`` ရဲ့ကြားမှာ ``နားလည်ပေးမှုနဲ့ စာနာပေးမှု``  ဆိုတဲ့ အလင်းရောင်ကလေးနဲ့ `` အချစ်တွေ၊ သံယောဇဉ်တွေ၊ မေတ္တာတရားတွေ၊ ကရုဏာတရားတွေ`` ပြန်ပြီး ရှင်သန်ထွန်းလင်းကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
တွေးဆကြည့်ကြဖို့ပါခင်ဗျာ။

ဆရာ ဦးဘုန်း(ဓာတု) ၏ နီးနီးဝေးဝေး အတွေးလက်ဆောင် စာအုပ်မှ ဆရာ၏ ခွင့်ပြုချက်ဖြင့် အွန်လိုင်းပေါ်မှ စာဖတ်ပရိသတ်များအတွက် တွေးတော ကြံဆ နိုင်ဖို့ရန်အတွက် အားဆေး တစ်ခွက်အနေနဲ့ ပြန်လည် ရေးသား ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။

အားလုံးပဲ.... တွေးတော ကြံဆ နိုင်ကြပြီးတော့  ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေးများကို နားလည်ပေးမှု  ၊ စာနာပေးမှုလေးတွေနဲ့ အတူ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း.............

ဇော်သိင်္ခ

Sunday, July 18, 2010

၆၃ နှစ်မြောက် အာဇာနည်နေ့


အာဇာနည်

ဆယ်စု
ရာစု
ထောင်စု လီလီ
ကျူးသီ ကမ္ပည်း
ကမ္ပည်း မှတ်တိုင်
မှတ်တိုင် သမိုင်း
သမိုင်း မော်ကွန်း
သက်သေညွှန်းသည်
ယွန်းဖြတ်မမီ အာဇာနည်။ ။

ဇင်ဝေ

၉၄၇ ခုနှစ် ဇူလိုင်လ (၁၉) ရက်တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံး၌ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ခေါင်းဆောင် (၉) ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး ကျဆုံးခဲ့ရသည်။ အဆိုပါနေ့ကို အာဇာနည်နေ့အဖြစ် သက်မှတ်ပြီး အောက်မေ့ဘွယ်အခမ်းအနားများ နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ကြသည်။

အာဇာနည်များ

ဗိုလ်ချုပ်အောင်ဆန်း (ခ) ဗိုလ်တေဇ (၃၂) နှစ်

မြန်မာ့အမျိုးသားရေးလှုပ်ရှားမှု၏ ခေါင်းဆောင်ကြီး၊ ဘုရင်ခံအမှုဆောင်ကောင်စီ၏ ဒု-ဥက္ကဋ္ဌ (သို့) တကယ့်လက်တွေ့အားဖြင့် လွတ်လပ်ရေးမရမီ ဝန်ကြီးအဖွဲ့၏ ဝန်ကြီးချုပ်၊ ၎င်းအပြင် ထိုအစိုးရအဖွဲ့၏ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီး၊ ကျည်ဆန် (၁၃) ချက်သင့်သော ဒဏ်ရာဖြင့် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ရသည်။


ဒီးဒုတ်ဦးဘချို (၅၄) နှစ်

စာရေးဆရာ၊ သတင်းစာဆရာနှင့် ဒီးဒုတ်ဂျာနယ်၏ အယ်ဒီတာ၊ ပြန်ကြားရေးဝန်ကြီး၊ သူ့အသက်အရွယ်နှင့် ဦးနှောက်ထဲ ဝင်သွားသော ကျည်ဆန်အပါအဝင် ကျည်ဆန် (၅) ချက်ရရှိသည့်တိုင် နေ့လယ်ပိုင်းအထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အသက်ရှင်လျက် ရှိနေသေးသည်။



သခင်မြ (၄၉) နှစ်

လူငယ်ခေါင်းဆောင်များကြားတွင် အသက်အရွယ်ကြီးရင့်သော နိုင်ငံခေါင်းဆောင်၊ ဘဏ္ဍာရေးဝန်ကြီး၊ အဆုတ်ကို ထွင်းဖောက်သွားသော သေနတ်ဒဏ်ရာဖြင့် နေရာတွင် ပွဲချင်းပြီးသေဆုံးသည်။




ဦးအဗ္ဗဒူရာဇတ် (၄၉) နှစ်

မန္တလေးမြို့ မူဆလင်ခေါင်းဆောင်၊ ပညာရေးနှင့် အမျိုးသားစီမံကိန်းဝန်ကြီး၊ ဒဏ်ရာ (၆) ချက်ရရှိပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။




ဦးဘဝင်း (၄၆) နှစ်

ဦးအောင်ဆန်း၏အစ်ကို၊ ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဝန်ကြီး၊ ကျည်ဆန်ဒဏ်ရာ (၈) ချက်ရရှိပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။




မန်းဘခိုင် (၄၃) နှစ်

ဟင်္သာတမှ ကရင်လူမျိုးတဦးဖြစ်ပြီး ဂျပန်သိမ်းပိုက်ထားစဉ်က ပြန်လည်ခုခံတော်လှန်ရာ၌ ပါဝင်ခဲ့သည်။ စက်မှုလက်မှုဌာနနှင့် အလုပ်သမားဌာနဝန်ကြီး၊ ကျည်ဆန် (၁၅) ချက်ထိမှန်ခဲ့သည်။ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။



စပ်စံထွန်း (၄ဝ) နှစ်

ရှမ်းပြည်နယ်မှ မိုင်းပွန်စော်ဘွားကြီး၊ နယ်ခြားဒေသဆိုင်ရာ အတိုင်ပင်ခံဝန်ကြီး၊ ဦးခေါင်းတွင် ဒဏ်ရာ (၂) ချက်ရရှိပြီး (၂ဝ) ရက်နေ့ မွန်းတည့်ချိန်တွင် ရန်ကုန်မြို့၊ ပြည်သူ့ဆေးရုံကြီး၌ သေဆုံးသွားသည်။




ဦးအုန်းမောင် (၃၄) နှစ်

သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန၊ ဒုတိယအတွင်းဝန် (I.C.S) အစီရင်ခံစာတခုကို လာရောက်တင်သွင်းနေစဉ် လူသတ်သမားများ၏ ကျည်ဆန်များ ထိမှန်သွားခြင်းခံရသည်။ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသည်။



ကိုထွေး (၁၈) နှစ်

ဦးရာဇတ်၏သက်တော်စောင့်၊ မန္တလေးအနီးရှိ တောင်ပြင်သိပ္ပံရပ်မှ မွတ်စလင်လူငယ်တဦးဖြစ်သည်။ အစည်းအဝေးခန်းမတွင်းမှ သေနတ်သံများကြားရသဖြင့် အနီးရှိရုံးခန်းမှ ပြေးထွက်လာစဉ် ဆုတ်ခွာပြေးသွားနေသော လူသတ်သမားများ၏ ပစ်ခတ်ခြင်းကို ခံရသည်။ ဒဏ်ရာ (၄) ချက်ရရှိပြီး ဆေးရုံတွင် သေဆုံးသည်။


လူသတ်သမားများ

ဦးစော
၁၉ဝဝ ပြည့်နှစ်တွင် သာယာဝတီမြို့၌ မွေးဖွားသည်။ လူသတ်သမားများ၏ ခေါင်းဆောင်ဟု အစွပ်စွဲခံရသူ၊ သမ္ဘာရင့် လက်ျာနိုင်ငံရေးသမားဖြစ်ပြီး ဦးအောင်ဆန်း၏ အဓိကပြိုင်ဘက်ဖြစ်သည်။ သူရိယသတင်းစာကို စတင်ထူထောင်သူနှင့် မျိုးချစ်ပါတီခေါင်းဆောင်ဖြစ်သည်။ ၁၉၄ဝ ခုနှစ်၊ စက်တင်ဘာလမှ ၁၉၄၂ ခုနှစ်၊ ဇန်နဝါရီလအထိ နန်းရင်းဝန်၊ ၁၉၄၂ မှ ၁၉၄၆ အထိ ယူဂန္ဓာပြည်တွင် အထိန်းသိမ်းခံခဲ့ရသည်။ ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလတွင်ချုပ်ဆိုသော အောင်ဆန်း-အက်တလီ စာချုပ်ကို အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့သူဖြစ်၍ ဦးအောင်ဆန်းနှင့် သူ့အမှုဆောင်ကောင်စီ လုပ်ဖော်ကိုင်ဖက်များအား သတ်ဖြတ်မှုဖြင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်တွင် အဖမ်းခံရလျက်၊ စွဲဆိုထားသည့်အတိုင်း အပြစ်ပေးခံရပြီး၊ ၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်နေ့တွင် အင်းစိန်ထောင်၌ ကြိုးပေးခံရသည်။





မောင်စိုး (သေနတ်သမား)

မင်းလှမြို့မှ ဂဠုန်တပ်ဖွဲ့ဝင်တဦးဖြစ်ပြီး ဦးစော၏ အနီးကပ် နောက်လိုက်ဖြစ်၍ သူ့ခြံအတွင်း၌ စောစီးစွာကပင် နေထိုင်ခဲ့သူဖြစ်သည်။ သေဒဏ်ပေးခံရသည်။ ၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်နေ့တွင်ပင် အင်းစိန်ထောင်၌ သေဒဏ်အစီ ရင်ခံရသည်။

သက်နှင်း (သေနတ်သမား)
ကျိုက်လတ်မြို့မှ ဂဠုန်တပ်ဖွဲ့ဝင်ဟောင်းဖြစ်ပြီး ယင်းမြို့ မျိုးချစ်ပါတီ၏ အတွင်းရေးမှူးဖြစ်သည်။ ဦးစောကို အထူးကြည်ညိုပြီး လုံးဝဥဿုံယုံကြည်ကိုးစားသူဖြစ်သည်။ သေဒဏ်ပေးခံရသည်။ ၁၉၄၈ ခုနှစ် မေလ (၈) ရက်နေ့တွင်ပင် အင်းစိန်ထောင်၌ သေဒဏ်အစီရင်ခံရသည်။

မောင်စိန် (သေနတ်သမား)

ကြို့ပင်ကောက်မြို့မှဖြစ်၍ စစ်အတွင်းက ဗိုလ်ချုပ်အောင်ဆန်း၏ ဗမာ့တပ်မတော်သားဖြစ်ခဲ့ပြီးနောက် ပြည်သူ့ရဲဘော်အဖွဲ့သို့ ဝင်ရောက်ခဲ့သည်။ သူ့မိဘများမှာ မျိုးချစ်ပါတီကို လိုလားနှစ်သက်သူများဖြစ်၍ သူ့ကို ဦးစော၏ နောက်လိုက်ဖြစ်ရန် သိမ်းသွင်းဆွဲဆောင်ခဲ့ကြသည်။ သေဒဏ်ပေးခံရသည်။ ၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်နေ့တွင် ရန်ကုန်အကျဉ်းထောင်၌ သေဒဏ်အစီရင်ခံရသည်။

ရန်ကြီးအောင် (သေနတ်သမား)

အသက် (၁၈) နှစ်သာရှိ၏။ အသက်အငယ်ဆုံး သေနတ်သမားဖြစ်သည်။ ဦးစော တဝမ်းကွဲညီ၏သားဖြစ်သည်။ စတုတ္ထမြောက်သေနတ်သမား။ လိုအပ်လာသည့် နောက်ဆုံးအချိန်ကျမှ သူ့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သူ၏ တဇောက်ကန်းအကျင့်ကြောင့် သေနတ်သမားအဖြစ် အံဝင်ခွင်ကျဖြစ်ခဲ့သည်။ သေဒဏ်ပေးခံရသည်။ ၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်နေ့တွင် ရန်ကုန်အကျဉ်းထောင်၌ သေဒဏ်အစီရင်ခံရသည်။

သုခ
လူသတ်သမားများအား အတွင်းဝန်ရုံးသို့ ဂျစ်ကားဖြင့် မောင်းပို့ပေးခဲ့သူဖြစ်သည်။ ရန်ကုန်မြို့ရှိ အစိုးရအထက်တန်းကျောင်းမှ (၉) တန်းအောင်မြင်ခဲ့သည်။ စစ်ပြီးနောက် ကျိုက်လတ်မြို့ ဖဆပလအဖွဲ့၏ ငွေထိန်းဖြစ်ပြီး ကုန်သည်တဦးဖြစ်သည်။ သက်နှင်းက သူ့ကို ဦးစောနှင့် မိတ်ဆက်ပေးခဲ့သည့်အပြင် မျိုးချစ်ပါတီတွဲဖက်အတွင်းရေးမှူးအဖြစ် စာရင်းတင်ပေးခဲ့သည်။ ဦးစော၏ ခြံဝင်းသို့ လုပ်ကြံမှုမတိုင်မီ နောက်ဆုံးရောက်ရှိလာသူဖြစ်သည်။ သေဒဏ်ပေးခံရသော်လည်း ကြိုးပေးမည့်နေ့ မတိုင်မီနေ့ ညနေပိုင်းတွင်မှ အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ် (၂ဝ) သို့ လျှော့ချခြင်းခံရသည်။

ခင်မောင်ရင်
ကြံရာပါတဦးဖြစ်၍ ရှေ့ပြေးအဖွဲ့စီးသော ဖို့ဒ်ဆန်ထရပ်ကားကို မောင်းသူဖြစ်သည်။ ဦးစောဇနီးသည်၏ တူတော်သည်။ ဝန်ကြီးအဖွဲ့အစည်းအဝေးထိုင်နေကြောင်း လျှို့ဝှက်သင်္ကေတဖြင့် သတင်းပေးပြီး လူသတ်သမားများ ထွက်ခွာလာရန် အချက်ပြခဲ့သည်။ သေဒဏ်အပေးခံရသော်လည်း နောက်ပိုင်းတွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ် (၂ဝ) သို့ လျှော့ချခြင်းခံရသည်။

မောင်နီ
ကြံရာပါတဦးဖြစ်၍ ရှေ့ပြေးအဖွဲ့နှင့် လိုက်ပါသွားခဲ့သည်။ လူသတ်သမားများ ထွက်အပြေးတွင် လွတ်မြောက်နိုင်ရန် အကူအညီပေးရေးအတွက် ခြောက်လုံးပြူးသေနတ်တလက်ဖြင့် အတွင်းဝန်များရုံး အထွက်ဂိတ်ပေါက်မှ စောင့်နေခဲ့ရသည်။ သေဒဏ်အပေးခံရသော်လည်း အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ် (၂ဝ) သို့ လျှော့ချခြင်းခံရပြီး ယင်းသတင်းကို သုခနှင့်တပြိုင်နက်တည်း အသိပေးခံခဲ့ရသည်။

မှုန်ကြီး
ကြံရာပါတဦးဖြစ်၍ ရှေ့ပြေးအဖွဲ့နှင့် လိုက်ပါသွားခဲ့သည်။ အုတ်ဖိုမြို့အနီးမှ ကျေးရွာသားဖြစ်ပြီး အလုပ်ကြမ်းသမားတဦးဖြစ်သည်။ ဦးစောက သူ့ကို အစေခံတဦးကဲ့သို့ ခိုင်းခဲ့သည်။ ဝန်ကြီးအဖွဲ့စည်းဝေးနေကြောင်း လူသတ်သမားများကို သူက အချက်ပြခဲ့ရသည်။ သေဒဏ်ပေးခံရသည်။ ၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်နေ့တွင် အင်းစိန်ထောင်၌ သေဒဏ်အစီရင်ခံရသည်။

ဘညွန့်
ကံရာပါတဦးဖြစ်၍ ရှေ့ပြေးအဖွဲ့တွင် ပါဝင်သည်။ ဦးစော၏လူယုံတော် အဓိက နောက်လိုက်ခေါင်းဆောင်ဖြစ်ပြီး သူတဦးသာ ဦးစော၏အိမ်အတွင်း နေထိုင်ခွင့်ရသည်။ အသိဉာဏ်ရှိ၍ အိုးသည်ကုန်းတရားရုံးတွင် စာရေးဖြစ်ခဲ့သည်။ သခင်နုအားသတ်ရန် တာဝန်အပေးခံရသည်။ ဘုရင့်သက်သေ (ဖော်ကောင်) အဖြစ် ဘက်ပြောင်းထွက်ဆိုရန် သဘောတူခဲ့သူဖြစ်သည်။ ထို့ကြောင့် အခြေအနေအရ သူ့အား အပြစ်မှခွင့်လွှတ်မှု အပေးခံရလျက် အလုပ်ကြမ်းနှင့် ပြင်းထန်သောထောင်ဒဏ် (၁ဝ) နှစ်နှင့် (၆) လ ချမှတ်ခံခဲ့ရသည်။


မှတ်ချက်။  ။ဦးခင်အောင် ရေးသားသော “ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ” စာအုပ်မှ ကောက်နုတ်တင်ပြသည်။

မူရင်း  ။  ။  ခေတ်ပြိုင်

ဇော်သိင်္ခ
 
^ထိပ်ဆုံးသို့