မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Friday, July 30, 2010

တွင်း


ကိုယ်ချင်းလည်း မစာဘူး။

သူတို့တုန်းကတော့ နေချင်သလိုနေပြီး

ငါတို့ကျမှ ဟိုလို မနေနဲ့။ ဒီလိုမနေနဲ့။

ဟိုလိုလေး လုပ်ကြည့်ပါလား။

ဒီလိုလုပ်တာ မှားတယ်။

တော်တော်ကို ကိုယ်ချင်းမစာကြတဲ့ လူကြီးတွေပဲ။

************
``ဒီအရွယ်မှာ ရည်စားမထားရဘူးနော်``
သူတို့တုန်းကတော့ထားခဲ့ကြတယ်။
ကျွန်တော်တို့ကျမှ မထားနဲ့တဲ့ဗျာ။
``မပျင်းကြနဲ့။ ပျင်းရင် ပညာမရဘူး``
သူတို့လည်း ကျွန်တော်တို့အရွယ်တုန်းက ပျင်းခဲ့ကြတာပဲ မဟုတ်လား။
``ပိုက်ဆံစုကြ၊ မဖြုန်းကြနဲ့``
တော်တော် အပြောကောင်းတယ်။ သူတို့ ပိုက်ဆံမစုခဲ့ကြလို့။ ငွေတွေကိုဖြုန်းတီးခဲ့ကြလို့ ကျွန်တော်တို့ ဒီလိုနေနေကြရတာ မဟုတ်ဘူးလား။
``အရက်မသောက်နဲ့ ငါ့သား``
အဖေ့ပါးစပ်မှာ အရက်နံ့တွေနဲ့။ ကျွန်တော့်ကို လာပြီး ဆုံးမနေတယ်။
``ဆေးလိပ်သောက်တာ မကောင်းဘူး``
သူ့အိတ်ထောင်ထဲမှာ စီးကရက်ဘူးကြီးနဲ့။ ဆေးလိပ်မကောင်းကြောင်းတရားလာပြီးဟောတယ်။ ရယ်စရာကောင်းလိုက်တာ။
``မနေနိုင်ရင် ကွန်ဒုံးသုံးကြနော်``
လာလာချည်သေး။ လူကြီးတွေက လူငယ်တွေကို ဆုံးမကြတယ်။
လူငယ်တွေရဲ့ ရင်ထဲမှာ``စောဒက``တွေ အများကြီးပဲ လူကြီးတွေရဲ့ ဆုံးမစကားကို တစ်ဖက်သက် ပြောတယ်လို့မြင်ကြတယ်။ ကိုယ်ချင်းမစာဘူးလို့လည်း ခံစားကြတယ်။ သူတို့လုပ်ချင်ရာလုပ်ခဲ့ပြီးမှ ငါတို့အလှည့်မှာ လုပ်ချင်ရာ လုပ်ခွင့်မပေးဘူး။ မတရား ဘူး။
ဒီလို လူငယ်တွေအတွက် ကျွန်တော် ပုံပြင်လေးတစ်ပုဒ်လောက် ပြောပြပါရစေ။
 **********
တစ်ခါတုန်းကပေါ့…။ ရတနာသိုက်ရှိတယ်လို့ နာမည်ကြီးနေတဲ့ ဒေသ တစ်ခုရှိတယ်။  အဲဒီသေမှာ ရတနာတွေကို လိုက်ပြီးရှာကြတဲ့ ရတနာမုဆိုးတွေ လည်းရှိတယ်။ တစ်ရက်မှာ မိုးကြီးလေကြီးကျပါလေရော။ မိုးတွေကလလည်း သဲသဲမည်းမည်းရွာတယ်။ ချောင်းရေတွေ ဒလဟောစီးလို့ မြေတွေပြိုတယ်။ သစ်ပင်တွေ လဲတယ်။ အဲ့ဒီအခါမှာ တောစပ်တစ်ခုရဲ့ ချောင်းနံဘေးမှာ ရေတွင်းဟောင်းကြီးတစ်ခု ပေါ်လာတယ်။ အဲ့ဒီတွင်းရဲ့ နှုတ်ခမ်းဝမှာ လူတွေဝိုင်းအုံပြီး တွင်းထဲကိုစိုက်ပြီး ကြည့်နေကြတယ်။
``ဟာ… တွင်းထဲမှာ လက်လက်လက်လက်နဲ့ ရွှေတွေဖြစ်မယ်ကွ``
``မဟုတ်ဘူး၊ ပတ္တမြားခဲတွေ နေမှာပါ``
``ငါကတော့ စိန်ရောင်တွေတောက်နေတယ် ထင်တာပဲ``
``မဟုတ်ဘူးကွ၊ ရှေးဟောင်း ရတနာသိုက် တွေ့ပြီကွ``
တွင်းနှုတ်ခမ်းဝမှာ ဝိုင်းအုံပြီးကြည့်နေကြတဲ့ လူတွေအားလုံးဟာ တစ်ယောက်တစ်ပေါက်ပြောနေကြတယ်။ အားလုံးဟာလည်း ``လောဘ`` မျက်လုံးတွေ ကိုယ်စီနဲ့ပေါ့။
အဲဒီအချိန်မှာ လူတစ်ယောက်က ပြောပြောဆိုဆို တွင်းထဲကို ခုန်းဆင်းမယ်လုပ်တယ်။
``ဟိတ်ကောင်.. မင်းမဆင်းနဲ့၊ ငါ အရင်ဆင်းမယ်။ ငါအရင်.. ရောက်တာကွ``
``ဘယ်ရမလဲ၊ ဒီလိုဆိုရင် ငါအရင် ဆင်းရမှာကွ``
``ဒီတွင်းပေါက်ဝကို မင်းထက်ငါအရင် ရောက်တာလေ``
ဘာမပြော ၊ ညာမပြောနဲ့ လူတစ်ယောက်ဟာ တွင်းထဲကို ``ဝုန်းခနဲ`` ခုန်ဆင်းလိုက်ပါတော့တယ်။
တွင်းအောက်ခြေကိုလည်းရောက်ရော… လင်းလက်နေတဲ့အရာတွေဟာ ရွှေတွေလည်းမဟုတ်ဘူး။ ပတ္တမြားတွေလည်းမဟုတ်ဘူး။ စိန်တွေလည်းမဟုတ်ဘူး။ မိုးရွာလို့မြေပြိုပြီး တွင်းထဲမှာရှိတဲ့ မြွေပွေးတွေ၊ မြွေဟောက်တွေ၊ အကောင်တွေ ပေါက်နေကြတာ။ ``မြွေပွေး၊ မြွေဟောက်`` အကောင်ပေါက်တွေရဲ့ ``မျက်လုံး`` တွေအရောင်တောက်နေတာသာဖြစ်တယ်။ တွင်းထဲကို ရောက်နေတဲ့သူက တွင်းအပေါ်ကိုအော်ပြီး ပြောလိုက်တယ်။
``ဟိတ်ကောင်တွေ.. ဆင်းမလာကြနဲ့။ ရွှေတွေ၊ စိန်တွေမဟုတ်ဘူးကွ။ ``မြွေပွေး``တွေရဲ့မျက်လုံးတွေ။ ``မြွေဟောက်`` တွေရဲ့မျက်လုံးတွေ၊ သူတို့မျက်လုံး တွေရဲ့ အရောင်တွေကို ငါတို့က ``စိန်`` တွေထင်နေတာ။ ရွှေတွေ ထင်နေတာ။ ပတ္တမြားတွေ ထင်နေတာ။ ငါတို့ထင်သလို မဟုတ်ဘူးကွ။ တွင်းထဲကိုဆင်းမလာကြနဲ့။ ငါကိုတော့ မြွေကိုက်ကုန်ပြီ။ မင်းတို့ဆင်းမလာကြနဲ့``
တွင်းနှုတ်ခမ်းဝက လူတွေက မယုံကြဘူး။ ဒီကောင် တစ်ယောက်တည်းလိုချင်လို့ လိမ်ပြောတာပဲဖြစ်မယ်။ နောက်တစ်ယောက် ထပ်ခုန်ချလိုက်တယ်။
``ဟုတ်တယ်ဟေ့၊ ဆင်းမလာကြနဲ့ စိန်​တွေမဟုတ်ဘူး။ ရတနာတွေလည်း မဟုတ်ဘူး။ သူပြောတာမှန်တယ်ကွ၊ ဒီကောင်သေနေပြီ။ ငါ့ကိုလည်း မြွေတွေက ဝိုင်းပြီး ပေါက်ကုန်ပြီ။ ``မြွေ``တွေရဲ့ မျက်လုံးတွေက။ သူတို့ရဲ့ မျက်လုံးတွေကို ငါတို့က ရတနာတွေလို့ ထင်နေတာ။ မင်းတို့ တွင်းထဲကို ဆင်းမလာကြနဲ့။ အားလုံးသေကုန်ကြလိမ့်မယ်``
တွင်းနှုတ်ခမ်းဝက လူတွေအားလုံးဟာ တွင်းထဲက လူတွေပြောတဲ့စကားကို မယုံကြဘူး။ ဒီနှစ်ကောင် အပိုင်စီးချင်လို့`` လီဆယ်``ပြီးတော့ ပြောတယ်လို့ပဲ ထင်နေကြတယ်။
ဒီလိုနဲ့……
တစ်ယောက်ပြီးတစ်ယောက် ခုန်ဆင်းလိုက်ကြတာ။ တွင်းနှုတ်ခမ်းဝက လူတွေ အကုန်လုံးတွင်းထဲမှာ သေကုန်ကြတော့တယ်။
*******
လူကြီးဆိုတာ…
မြွေတွေရဲ့ အရောင်တောက်နေတဲ့ မျက်လုံးတွေကို ``စိန်`` တွေမှတ်ပြီး၊ ရတနာတွေမှတ်ပြီး၊ တွင်းအနက်ထဲကို ခုန်ဆင်းခဲ့ဖူးတဲ့သူတွေ။
သူတို့က မြွေအကိုက်ခံရပြီးမှ  တွင်းနက်ထဲကနေ အော်ပြောတဲ့ စကားဖြစ်တယ်။
ဒါကြောင့် ခုန်မဆင်းနဲ့လို့ ပြောတာ။
လူငယ်တွေက မယုံကြည်ဘူး။
ဒီတော့ ခုန်ဆင်းကြဦးမယ်ပေါ့။
*******
လူငယ်၊ လူလတ်၊ လူကြီးကို ဘယ်လိုအဓိပ္ပာယ် သတ်မှတ်သင့်သလဲ။
ကျွန်တော်ကတော့ ဒီလို အဓိပ္ပာယ်ဖွင့်ချင်တယ်ဗျာ။
မသိလို့လုပ်လိုက်မိတဲ့ အမှား၊ မှန်တယ်ထင်လို့ လုပ်လိုက်မိတဲ့အမှား၊ အမှားတွေကို အမှန်ဖြစ်အောင် ကြိုးစားရင်း ထပ်ပြီးမှားသွားမိတဲ့အမှား၊ မှားမှန်းသိရဲ့နဲ့ မထူးပါဘူးဆိုပြီး ဇွတ်တိုးပြီး မှားမိတဲ့အမှား.. အဲဒီအမှား တွေကို ရင်မှာပိုက်ပြီး 
အမှားများစွာဖြင့် နောင်တ တရားများနဲ့ ရှင်သန်နေထိုင်သူကို လူကြီးဟုခေါ်သည်။
အမှားကို အမှားမှန်းမသိဘဲ အမှားကို အမှန်ထင်ပြီး အဲ့ဒီအမှားတွေနဲ့ ပျော်ရွှင်ကျေနပ်နေသူများကို လူလတ်ဟုခေါ်သည်။
အမှားများကို မှားရန်အတွက် ကြိုးစားပမ်းစား လိုက်လံရှာဖွေနေသူများအား လူငယ်ဟုခေါ်သည်။
ဒီတော့ …..
နောင်တနဲ့ ရင်းပြီး၊ အမှားနဲ့ရင်းပြီး ရထားတဲ့ ဘဝသင်ခန်းစာတွေကို လူငယ်တွေအတွက် မမှားဖို့လိုက်နာဖို့၊ ရှောင်ကြဉ်ဖို့၊ သတိပြုဖို့၊ ပြောကြားတာကို လူငယ်တွေ နားလည်သင့်တယ်။
တကယ်တော့…
အရောင်တောက်ပနေတဲ့ မြွေတွေရဲ့မျက်လုံးတွေကို စိန်ရွှေအမှတ်နဲ့ အရယူဖို့ကြိုးစားရင်း၊ ဆုံးရှုံးမှုတွေ၊ နောင်တတွေ၊ မျက်ရည်တွေ၊ ဆင်းရဲခြင်းတွေ၊ ခံစားချက်တွေနဲ့ရင်းလို့ သိလာခဲ့ရတဲ့ လူကြီးတွေရဲ့ ဆုံးမစကားကို လူငယ်လေးတွေ နားလည်စေချင်လို့ ဒီပုံပြင်လေးနဲ့ ပြောပြလိုက်ပါတယ်။
မယုံရင် တွင်းထဲ ကိုခုန်ဆင်းလိုက်။

ရွှေမန္တလေးဂျာနယ်
အမှတ်စဉ်(၂၆၅)၊ ၉.၆.၂၀၀၈။

 ဦးဘုန်း(ဓာတု) ၏ ``တွင်း`` ဆိုသော စာအုပ်မှ ခေါင်းစဉ်လေးများကို အွန်လိုင်းပေါ်မှ စာဖတ်ပရိသတ်များအတွက် ပြန်လည် မျှဝေ ပေးလိုက်ခြင်း ဖြစ်ပါတယ်။ သူငယ်ချင်းတို့အားလုံးလည်း တွင်းထဲ ခုန်ဆင်းတော့မယ်ဆိုရင်ဖြင့် ရွှေတွင်းလား မြွေတွင်းလား ဆိုတာကို ကြိုတင် စဉ်းစား ကြံဆနိုင်စေရန် ရည်ရွယ်၍.............

ခင်မင်စွာဖြင့်
ဇော်သိင်္ခ


7 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ကောင်းလိုက်တာ... တကယ်ပါ
ဦးဘုန်း(ဓာတု)ကို မန္တလေးမှာ ကျောင်းတက်တော့ ကြားဖူးတယ်
ကျူရှင်တော့ မတက်ခဲ့ဖူးဘူး
ဆရာဒီလို စာတွေရေးတယ်လို့ မသိခဲ့ဘူး
ခုမှ သိရတယ်.. ကိုဇော်သိင်္ခကျေးဇူးကြောင့် ဒီနေရာမှာ ဖတ်ခွင့်ရတာ ကျေးဇူးပါ

SHWE ZIN U said...

kztk ရေ

ဖတ်သွား မှတ်သွားပါတယ် ပြန်ရှင်းစရာ တခုရသွားတာပေါ့ ရွှေစင်ဦး က လူကြီးဖြစ်သွားပြီကိုး

ခင်မင်တဲ့
ရွှေစင်ဦး

nannlaypyaenu said...

အမှားကို အမှားမှန်းမသိဘဲ အမှားကို အမှန်ထင်ပြီး အဲ့ဒီအမှားတွေနဲ့ ပျော်ရွှင်ကျေနပ်နေသူအဖြစ် ရောက်မှန်းမသိ ရောက်နေတာကို သတိပေးလိုက်တဲ့အတွက် အမှားများစွာဖြင့် နောင်တ တရားများနဲ့ ရှင်သန်နေထိုင်သူအဖြစ် မရောက်ရှိရအောင် ကြိုးစားရပါတော့မယ်။
ကျေးဇူးတင်ပါတယ်။

ချစ်ခင်စွာဖြင့်
နန်းလေပြေနု

poemflower said...

ပညာပေး ဖြစ်တဲ့ "တွင်း" ကိုဖတ်သွားပါတယ်..

မြစ်ကျိုးအင်း said...

တွင်းထဲကို ခုန်ချမလို့ လာချောင်းကြည့်တာပါ
ဒါပေမဲ့ စာလေးဖတ်ပြီး မခုန်ချဖြစ်တော့ဘူး
ကျေးဇူးပါ။


j

လသာည said...

ကျွန်မကို လူကြီးတစ်ယောက်ယောက်က ဆုံးမစကား လာပြောရင် ပေကပ်ကပ်နဲ့ တော်တော်တန်တန် သိပ်ပြီး နားမထောင်ချင်သူပါ..။ အခုလို အကျိုးသင့်အကြောင်းသင့် ဥပမာနှင့်တကွ တင်ပြပေးတာမျိုးမှ လက်ခံတတ်သူမို့ အခုဒီပိုစ်“တွင်း”ကို တအားသဘောကျမိပါတယ်။ ကျေးဇူးတင်ပါတယ်..

sosegado said...

ဖတ်သွားပါသည် စာကောင်းတွေကို ခုလိုတင်ပြပေးတာကောင်းပါတယ်

 
^ထိပ်ဆုံးသို့