မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Wednesday, May 25, 2011

တုန်ခြင်း မှုန်ခြင်း သည်းခံပါ


5726469.jpg

ဆောင်းတွင်းမို့ နေဝင်စောသည်။ အအေးဓာတ်က သိသိသာသာဝင်ရောက်လာခဲ့ပြီ။ လမ်းမီးများလည်း လင်းစပြုပြီ။ ညီလေး ဝင်းဦးနှင့် မိမိတို့ ၂၆ ဘီလမ်းမပေါ်မှ သဘောင်္တန်းလမ်းဘက်သို့ ဖဲ့ဆင်းခဲ့လိုက်သည်။ ညီအစ်ကိုနှစ်ယောက်စလုံး ရင်တခုန်ခုန်ဖြင့် ခြံကျယ်ကြီးတစ်ခြံနားသို့ ချဉ်းကပ်လိုက်ကြသည်။ ခြံဝင်းသံတံခါးကြီးများက ခပ်မာမာဖြင့် ဆီးကြိုနေ၏။ သံတံခါးနား တိုးကပ်လိုက်ချိန်တွင် ခပ်လှမ်းလှမ်းတိုက်အိမ်ထဲရှိ မိသားစုတစ်စုကို လှမ်းမြင်နေရပြန်သည်။ ထိုမိသားစုရှေ့ရှိ စားပွဲပေါ်တွင် ရုပ်မြင်ပြီး အသံကြားနေရသော ပစ္စည်းတစ်ခုက မိမိတို့၏အာရုံများကို လက်ယပ်ခေါ်နေပြန်သည်။ တိုက်တံခါးဝမှ သံဘာဂျာတံခါးက ဖွင့်မထား။ စေ့ထားလျက်။ ထိုသံဘာဂျာတံခါးနှင့် မိမိတို့ အားပြုကြည့်နေသော ဝင်းခြံတံခါးကြားတွင် မြေကွက်လပ်က ခြားနေသေးသည်။ သို့ပေမယ့် မိမိတို့က စိတ်မပျက်။ တစ်ခါတစ်ရံ အားမလိုအားမရဖြစ်နေရပေမယ့် မြင်နေရသော ရုပ်မြင် အသံကြား ပုံးလေးကိုသာ မဝတမ်း တရှိုက်မက်မက်။ ဖန်သားပြင်အခုံးပေါ်မှ အရုပ်များက အဖြူအမည်းဝတ်စုံဖြင့်…။

ဖြစ်နိုင်လျှင် နှစ်ဦးစလုံး၏စိတ်တွင် သံတံခါးနှစ်ချပ်စလုံး ရုတ်တရက် ပွင့်သွားစေချင်နေကြသည်။ ကြည့်နေရသည်မှာ အားမရ။ မဝတဝ။ ဇာတ်ကားထဲမှ မင်းသားနှင့် မင်းသမီး သီချင်းဆိုပြီး ပန်းခြံထဲ လျှောက်သွားနေကြစဉ် မိမိနှင့် ညီလေးတို့၏ တင်ပါးများပေါ် `` ဖြန်း…ဖြန်း…``ဆိုပြီး ပူခနဲဖြစ်သွားသည်ကို သိလိုက်ရသည်။ အလန့်တကြားဖြင့် ဆုပ်ကိုင်ထားသော သံတံခါးမှ သံချွန်များကို လက်လွှတ်ပြီး နောက်လှည့်ကြည့်မိရာ ဝါးခြမ်းပြားကိုင်ပြီး မိုးကြည့်နေသော အမေ့ကို တွေ့လိုက်ရသည်။ နှစ်ယောက်စလုံး ဘာမျှ မပြောနိုင်ဘဲ ``ကြောင်`` ကြည့်နေမိကြသည်။ အမေက နောက်ထပ်ရိုက်ရန် ဟန်ပြင်မှ သတိပြန်ဝင်ပြီး နှစ်ယောက်သား အိမ်သို့ သုတ်ခြေတင်ရတော့သည်။ ပြေးရင်းလွှားရင်း အခုလေးတွင် ကြည့်ခဲ့ရသော ရုပ်မြင်သံကြား အရသာက တစ်သက်သက်ကပ်ပါလာခဲ့သေးသည်။ ဘဝမှာ ပထမဦးဆုံး ကြည့်ခွင့်ရခဲ့သော TV (ရုပ်မြင်သံကြား)။ ထို TV အရသာက ခပ်စပ်စပ်လေး။


******************

မြန်မာနိုင်ငံသို့ အနောက်တိုင်းမှ လာသော ``ရုပ်ရှင်`` အနုပညာကို စတင် မျိုးစေ့ချပေးခဲ့သူမှာ ``လန်ဒန်အတ် ဓာတ်ပုံကူးတိုက်`` တည်ထောင်ခဲ့သည့် ``လန်ဒန်အတ် ဦးအုန်းမောင်`` ဖြစ်သည်။ ဦးအုန်းမောင်က ၁၉၁၄-၁၅ တွင် ဓာတ်ပုံမှ ရုပ်ရှင်ဘက်ကူးရန် စိတ်ဆန္ဒ ပြင်းပြခဲ့သည်။ ထိုစဉ်က မြန်မာနိုင်ငံတွင် အင်္ဂလိပ်၊ အမေရိကန်ဇာတ်ကားများသာ ရှိပြီး ``မြန်မာရုပ်ရှင်ကား`` ပေါ်ထွက်ရန် အဝေးစွ၊ ကြားပင်မကြားဖူးကြသေး။ထိုကာလတွင် ဦးအုန်းမောင်သည် ရုပ်ရှင် ဇာတ်ကားများ ကြည့်၊ ရုပ်ရှင်ပညာ လေ့လာ၊ ရုပ်ရှင်နှင့်ပတ်သက်သည့် စာအုပ်စာတမ်းများ ဖတ်ရှု့ပြင်ဆင်ပြီး ``မြန်မာ့ရုပ်ရှင်`` ရိုက်ရန် စတင်ခြေလှမ်းလိုက်သည်။ ဒီဆူဇာဆေးတိုက်တွင် အိန္ဒိယ ခရီးသည်တစ်ဦးက သုံးမရ၍ ချောင်ထိုးထားခဲ့သောကင်မရာ``ကိုဝယ်ယူပြီး ကြံဖန်ပြုပြင်၍ ရိုက်ခဲ့ရသည်။ ဆရာကြီး  ပီမိုးနှင်း၏ ဝတ္ထုဇာတ်လမ်းဖြစ်သည့် ``မေတ္တာနှင့်သူရာ``ကို ဇာတ်လိုက် ကိုညီပု၊ မင်းသမီးက ကြည့်မြင်တိုင်သူ မရီ၊ လူကြမ်းများအဖြစ် ဦးတုတ်ကြီး၊ မောင်မောင်ချစ်… တို့ဖြင့် စတင်ရိုက်ကူးနေစဉ် ဘိလပ်သွား ဝံသာနုခေါင်းဆောင် ဦးထွန်းရှိန်(ဖေပုရှိန်) ကွယ်လွန်ခြင်းနှင့် ကြုံကြိုက်နေ၍ ဦးထွန်းရှိန် ဈာပနအခမ်းအနား သတင်းကား (၅-၆-၁၉၂၀) ကိုကြားဖြတ်ရိုက်ကူးလိုက်ရသည်။ ထိုသတင်းကားကို အစမ်းပြသကြည့်ရာ သတင်းကားပင်ဖြစ်လင့်ကစား ပထမဦးဆုံးသော ``မြန်မာရုပ်ရှင်ကား`` မို့ မြန်မာပရိသတ်တို့က ကြိတ်ကြိတ်တိုး ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့ကြောင့် ဦးအုန်းမောင်က ``မေတ္တာနှင့် သူရာ``ကို ဆက်လက်ပြီး ကြိုးပမ်းရိုက်ကူးခဲ့သည်။

၁၉၁၈ မှ စတင်ရိုက်ကူးရာ ၁၉၂၀ ပြည့်တွင် ပြီးစီးသည်။  ၁၉၂၁ တွင်  ရုံတင်ပြသရာ ပရိသတ်များက ကြည့်ရှု့ပြီး ချီးကျူးအားပေးကြသည်မှာ တစ်နိုင်ငံလုံးသို့ ပဲ့တင်ထပ်သွားခဲ့ရသည်။ ``မေတ္တာနှင့် သူရာ`` ဇာတ်ကားကြီး ပြပါပြီဟုသည့် ကြော်ငြာဝေသောနေ့တွင် ပရိသတ်ကြီးမှာ ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။ စကော့ဈေးအရှေ့ဘက်ရှိ စိနီမာဒီပဲရစ်ရုံတွင် ``ပထမ မြန်မာဇာတ်ကား​`` ကို ပြသခဲ့သည်။

ပရိသတ်တွေက ခြေကျင်တစ်မျိုး၊ လန်ချားတစ်ဖုံ၊ မြင်းရထားနှင့် တစ်ပြုံတစ်ခေါင်း..။ ရုပ်ရှင်ပြချိန်က နီးလေပြီ။ မဏာမတီးဝိုင်းမှ သီချင်းစ၍ တီးပြီ။ (စန္ဒရားတစ်လုံး၊ မယ်ဒလင်တစ်လက်၊ တစ်ယောတစ်လက်နှင့် အဆိုတော်များသာ ပါသည့်ဝိုင်း။) သီချင်းက ဆူဆူညံညံမဟုတ်။ သာယာချိုအေးလှသော တေးသံ။ ဇာတ်ကားကို စပြလေပြီ။ ထွက်လျှင်ထွက်ချင်းပင် ခပ်တုန်တုန် ခပ်မှုန်မှုန် ပေါ်လာသောစာတန်းမှာ…

``ပထမ မြန်မာဇာတ်ကား ဖြစ်သဖြင့် တုန်ခြင်း မှုန်ခြင်း သည်းခံပါ``  ဟူသော တောင်းပန်စာပင်ဖြစ်သည်။ ထိုဇာတ်ကားထဲတွင် ပါဝင်သူအားလုံးမှာ မည်းမည်းသဲသဲရှိလှပြီး မျက်နှာကို ခြယ်သမှု၊ ဓာတ်ပုံ အလင်းအမှောင် ယူမှုတို့လည်း မရှိသေးသည်မို့ အမှန်တကယ်ပင် တုန်ပြီး မှုန်လှသည်။


***********************


မန္တလေးမှာ ပထမဦးဆုံး စကြည့်ခဲ့ရသော TV (ရုပ်မြင်သံကြား) မှာလည်း မိမိအဖို့ ``ပထမဆုံး မြန်မာဇာတ်ကား`` စကြည့်ခဲ့ရသူများလိုပါပဲ။ သဘောင်္တန်းလမ်းပေါ်ရှိ ခြံဝိုင်းကျယ် တိုက်တစ်လုံးထဲက TV ဖန်သားပြင်ကြည့်ခဲ့ရသည်မှစပြီး မိမိမှာ TV ကို အစွဲကြီးစွဲခဲ့ရပြီ။

၁၉၈၃-၈၄ တစ်ဝိုက်က နေရှင်နယ် သစ်သားအိုး TV ကြီးကို လူသုံးလေးယောက် ဝိုင်းမရသည်။ သို့သော် မည်သူမျှ မညည်း။ ထိုစဉ်က မြို့ပေါ်မှာ တီဗွီ တစ်လုံးမျှ မရှိသော ရပ်ကွက်တွေက အများကြီး။ တီဗွီ ရှိသည့် အိမ်မှာ  မျက်နှာပန်းလှသည်။ ဈေးသွား ဈေးပြန်တွင် ဈေးခြင်း ကူဆွဲပေးသူနှင့် သာကြောင်းမာကြောင်း နှုတ်ဆက်သူများနှင့် စိတ်ကြီးဝင်စရာပင် ဖြစ်ခဲ့ရသည်။ ၁၄ လက်မ အဖြူအမည်း တီဗွီ လေးကိုပင် ဝိုင်းအုံတိုးဝှေ့ ကြည့်ခဲ့ရပြီး ``အရသာ`` ခံခဲ့ရသည်။ TV မှ သတင်းကြေညာသူများဖြစ်သည့် ဦးသိန်းလှမော်၊ ဦးကျော်စိုးဦး၊ ဒေါ်ခင်အေးလွင် တို့မှာ TV စတားများ ဖြစ်သည်။ နေ့စဉ် ဖန်သားပြင်ပေါ်မှ သူတို့ရုပ်ပုံလွှာများသည် ပရိသတ်စိတ်ထဲ၊ မျက်စိထဲ၊ စူးစူးနစ်နစ် စွဲထင်နေခဲ့ရသည်။

ထိုစဉ်က မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်က တစ်လိုင်းပဲရှိသေးသည်။ တစ်ပတ်အတွင်း ကြည့်ရှု့ရမည့် အစီအစဉ်စာရွက်လေးများကို ဝယ်ထားရသည်။ အင်္ဂလိပ်ပိုင်း၊ မြန်မာပိုင်းဟူ၍ ဇာတ်ကားများရှိကြရာ အင်္ဂလိပ်ပိုင်းတွင် ချာလီ၏ နတ်မိမယ်များ၊ Lover Boat ၊ ချာလီချက်ပလင်၊ SWAT ဇာတ်လမ်းတွဲ၊ နဲဗားရွန်းခံတပ်မှ အမြောက်ကြီး၊ ဂျန်မင်းသားများဖြစ်သည့် ဆန်နီချီးဗား၊ ဟန်နရီဆာနာဒါး ဇာတ်လမ်းတွဲများကို စောင့်ကြည့်ခဲ့ရသည်။ စနေဆိုလျှင် ဇာတ်ကားကောင်း လွှင့်တက်သည်။ မြန်မာပိုင်းမှဆိုလျှင် ``ဖာတစ်လုံးခေါင်းကျား``၊ ``ဗိုလ်အောင်ဒင်``၊ ``မြဂနိုင်``၊ ``ရတနာပုံ``၊ ``ဗိုလ်ကာတွန်း``၊ ``ပယင်းရောင်``၊ ``ကိုယ်ရယ်တိုးရယ် စိုးစိုးရယ်``၊ ``ဖြေနိုင်ပေါင်``၊ ``စကားပြောသော အသဲနှလုံး``၊ ``အကာက အချစ် အနှစ်က မေတ္တာ``၊ ``စိမ်းနဲ့တေဇာ`` … မလွတ်တမ်းကြည့်ခဲ့ရပြန်သည်။ သုခ၊ ခင်မောင်ရင်၊ ဦးတင်မောင်၊ ဖိုးပါကြီး၊ ကောလိပ်ဂျင်နေဝင်း၊ ကျော်ဆွေ၊ တွံ့တေးသိန်းတန်၊ မောင်မောင်တာ၊ ညွန့်ဝင်း၊ ကျော်ဟိန်း၊ မေမေဝင်း၊ ကြည်ကြည်ဌေး၊ ခင်ယုမေ၊ မေသစ်၊ ခင်သန်းနု၊ ဝါဝါဝင်းရွှေ၊ ဆွေဇင်ထိုက်… မှတ်မှတ်သားသား စွဲစွဲလမ်းလမ်း ဖြစ်ခဲ့ရသော မင်းသား မင်းသမီးများ။

မိမိတို့က စနေနေ့ နေ့လယ်ကိုလည်း စောင့်ရပြန်သည်။ ကာတွန်းကားများဖြစ်သည့် ကြောင်နှင့်ကြွက်၊ သစ်တောက်ငှက်၊ ပင်ဂွင်း၊ ဘဲလေး..။ အင်္ဂါနေ့တွင် တစ်ကိုယ်တော် တေးသီချင်းကဏ္ဍ လွှင့်ပေးတက်သည်။ ထိုစဉ်က ဟေမာနေဝင်းစတိုင်မှ ဟေမာနေဝင်းစတိုင်။ ဟေမာနေဝင်း ဆံပင် အကြေကောက်၊ ဂျပန်ဆံတောက်၊ အလုံးကေ၊ နှုတ်ခမ်းနီက ပန်းရောင်ဆိုးလျှင် ပန်းရောင်၊ ပြီးတော့ ထဘီကို တိုတိုဝတ်ပြီး အင်္ကျီဒီဇိုင်းက လက်ဖောင်းလက်ရှည်။ အထူးသဖြင့် ဟေမာနေဝင်းမျက်နှာမှာ တည်ငြိမ်ပြီး အသံက ပြတ်သားကြည်လင်နေသည်မို့ စွဲလမ်းကြတာလည်း ပါမည်။ ဟေမာနေဝင်း၏ တေးများ၊ မေဆွိ၏တေးများ အလှည့်ကျ လွှင့်ပေးခဲ့သည်။ ဗုဒ္ဓဟူးနေ့တွင် မြန်မာ့အသံက ရိုက်ကူးပြသသည့် ဇာတ်လမ်းတွဲများအပြင် အငြိမ့်ခန်းများပါ လွှင့်ပေးခဲ့သည်။ အေးအေးမြင့်၊ သီတာဝင်းတို့မှာ လက်မလွှတ်တမ်း ကြည့်ခဲ့ရသော ကနဦးအငြိမ့်မင်းသမီးများ ပင် ဖြစ်သည်။ လူရွှင်တော်များကလည်း ကွမ်းသီး၊ ပိန်ပိန်၊  စုတ်ချွန်း၊ မေတ္တာ၊ အရိုင်း၊ ကိုသူရ။

ညစဉ် သတင်းပြီးလျှင် နိုင်ငံတကာသတင်း လွှင်ပေးရာ ထိုစဉ်က ဖေးဗရိတ်မှာ မင်းသမီး ဒိုင်ယာနာပင်ဖြစ်သည်။ ထို့ပြင် သမ္မတ ရေဂင်၊ သမ္မတ ဂေါ်ဗာချော့(ဗ်) (မြန်မာပြည်မြေပုံ အမှတ်အသားလေးက သူ့နဖူးထက် ပါနေသည်ဖို့ အလွန်ထင်ရှားခဲ့သူ)၊ မာဂရက်သက်ချာ (အင်္ဂလန်အမျိုးသမီးဝန်ကြီးချုပ်)၊ ပြီးမှ အားကစားသတင်းနှင့် ပိတ်သည်။ အခြားဖျော်ဖြေရေးအစီအစဉ်များကလည်း မတွင်ကျယ်ကြသေးသည်မို့ မိသားစုတိုင်းလိုလို အဲဒီချိန်လျှင် TV ရှေ့ တိုးဝှေ့ထိုင်ကြရသည်။

…………………..

ရုပ်မြင်သံကြားစက် အလွန်အင်မတန်မှပင် တန်ခိုးထွားခဲ့တဲ့အချိန်။ TV ထည့်ဖို့ အိမ်၊ TV ဖုံးဖို့ သက္ကပ်အစ၊ တစ်အိမ်မှာ တစ်ယောက်ပဲ TV အိမ်သော့ ကိုင်ရသည်။ အစီအစဉ်ပြီးတော့ TV ကြီးက ပူနေသဖြင့် အေးအောင် စောင့်ပြီးမှ သက္ကလပ်စအုပ်၍ ရိုရိုသေသေ တလေးတစားဖြင့် TV အိမ် သော့ ခတ်ကြရသည်။ မှတ်မိသေးသည်။ တစ်ရက် မတ္တရာဘက်မှ ဧည့်သည်များ အိမ်ရောက်လာကြရာ ညနေကတည်းက သူတို့တစ်တွေ တွတ်ထိုးပြီး ``သေတ္တာကြီး ပြမယ်ဆို`` ``သေတ္တာကြီး ပြမယ်ဆို`` နှင့် တတွတ်တွတ် ကပ်မေးနေကြသည်။ သူတို့ပြောသည့် သေတ္တာကြီးဆိုသည်မှာ အကျအန သော့ခတ်ထားသည့် TV အိမ်ကြီးကို ဆိုလိုခြင်းပင်။

ရက်ကွက်ထဲ TV ဝယ်လာတယ်ဆိုလျှင် TV ဝယ်နိုင်သူ့ မျက်နှာမှာ အောင်ပွဲရ စစ်သူကြီးမျက်နှာအတိုင်းပင်။ မည်သူ့မျှ ထီမထင်သည့်ဟန်က သူ့မျက်နှာပေါ်တွင် စွဲထင်နေသည်။ ဤသို့ဖြင့် အဖြူမည်းဘဝမှ ကာလာခေတ်သို့ ရောက်လာရသည်။ မှတ်မှတ်ရရ ကာလာ TV က တိုရှိဘာ အမျိုးအစား။ အဖြူအမည်း မြင်နေကျမှ ဆေးရောင်စုံခြယ်သထားသော မြင်ကွင်း မြင်လိုက်ရတော့ မိမိတို့မှာ အသက်ရှူပင် မှားချင်သည်။ မြင်မြင်သမျှ အကုန်လှနေသည်။ ရုပ်လုံးများကလည်း ကြွနေသည်။ ရောင်စဉ်ခုနစ်သွယ်တန်းထဲတွင် မိန်းမူးခဲ့ကြသည်။


********************


တစ်နေ့က ၂၉ လမ်းဘက်ဖြတ်သွားမိရာ ဝင်းဝင်းလက်လက် ပြိုးပြိုး ပြက်ပြက်  ခင်းကျင်းပြသထားသော TV အရောင်းဆိုင်များဘက်သို့ အကြည့်တငေး ရောက်သွားရာ မိမိမှာ အခြားကမ္ဘာတစ်ခုသို့များ ဗြုန်းခနဲ ရောက်သွားသလားဟု…။  LCD, FLAT တကယ့်ကိုမှ ပါးပါးလှပ်လှပ် ရုပ်မြင်သံကြားလေးတွေ၊ ရုပ်မြင်သံကြားကြီးတွေ……။ ထိုဆိုင်များရှေ့မှ ဖြတ်ကျော်လာခဲ့ပြီး ၈၄ လမ်းမဘက်အကွေ့တွင် တစ်ချိန်က နေရှင်နယ်သစ်သားအိုး TV ကြီးများကို ဖျတ်က်ခနဲ မြင်ယောင်မိလိုက်သည်။ ပြီးတော့ တုန်ပြီး မှုန်နေသော……။



အညွှန်း။       ။မင်းယုဝေ ``ပထမမြန်မာများ``

ဆရာ ကိုဇော်ခိုင်ဦး ရေးသားသော မန္တလေး တော့ကင်(န်) စာအုပ်မှ ကောက်နှုတ်ရေးသား ဖော်ပြသည်။


ခင်မင်စွာဖြင့်…

ဇော်သိင်္ခ

Sunday, May 22, 2011

သမိုင်းတစ်ကွေ့မှ ဆရာကြီး သခင်ကိုယ်တော်မှိုင်း


5703249.jpg

လူထု၏ ချစ်ခင်လေးစားခြင်းကို ခံယူရရှိသော ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် ရာစုခေတ် တခေတ်နီးပါးမျှ ကလောင်ဖြင့် တိုက်ပွဲခဲ့သည်သာမက ကိုယ်တိုင်လည်း ပါဝင်လှုပ်ရှား ဆောင်ရွက်ခဲ့သူဖြစ်သည်။

ထို့ကြောင့် 'သခင်ကိုယ်တော်မှိုင်းဋီကာ' စာအုပ်ကိုပြုစုခဲ့သော ဆရာဇော်ဂျီက "အိန္ဒိယ လွတ်လပ်ရေးကို 'နေရူး' သည် လောလောဆယ်အားဖြင့် ယူပေးခဲ့သည်မှာ မှန်၏။ သို့ရာတွင် တိုင်းပြည်၏ ဆန္ဒအင်အားကို 'တဂိုး' က စည်းရုံးပေးနိုင်ခဲ့သောကြောင့် ဖြစ်သည်။ တရုတ်ပြည်သစ် ထူထောင်ရေးကို 'မော်စီတုန်း' သည် လောလောဆယ်အားဖြင့် ယူပေးခဲ့သည်မှာ မှန်၏။ သို့ရာတွင် တိုင်းပြည်၏ ဆန္ဒအင်အားကို 'လူရွှန်း' က စည်းရုံးပေးခဲ့သောကြောင့် ဖြစ်သည်။ ထိုနည်းတူစွာ မြန်မာ့လွတ်လပ်ရေးကို ဗိုလ်ချုပ်အောင်ဆန်းသည် လောလောဆယ်ယူပေးခဲ့သည်မှာ မှန်၏။ သို့ရာတွင် တိုင်းပြည်၏ ဆန္ဒအင်အားကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းက စည်းရုံးပေးခဲ့သောကြောင့် ဖြစ်သည်ဟု ယူဆပါသတည်း" ဟူ၍ ရေးသားဖော်ပြထားလေသည်။

          ဤအထိ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ စာပေတို့သည် အစွမ်းထက်ခဲ့သည်။ ကျေးဇူးကြီးမားခဲ့သည်။ မှန်ပေသည်။ လောကအမြင်အကြားတို့ဖြင့်ပြီးသော အနုပညာလက်ရာ မှန်သမျှသည် နှစ်သက်ခြင်းပီတိနှင့်တကွ လောကအမြင်တို့ကိုပါ ပေးတတ်သည်ဟု ဆိုကြလေသည်။ ဆရာကြီး၏စာများကို ဖတ်ရှုသူတိုင်းသည် နှစ်သက်ခြင်းပီတိကိုဖြစ်ခဲ့သည်သာမက ပတ်ဝန်းကျင် လောကကို မြင်တတ်၊ ကြားတတ်ချင်သောဆန္ဒ တိုးလာသည်ကို သတိပြုမိသည်။

          မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် ဆရာကြီး၏စာများသည် မြန်မာစာပေဘက်မှနေ၍ ကြီးစွာသော အထောက်အပံ့ကို ပေးခဲ့သည်။ ဆရာကြီး၏ ဇာတိမာန်ကဗျာများသည် များသောအားဖြင့် လေးချိုးရှည်ကြီးများဖြစ်၍ ထိုကဗျာများကို ဆရာကြီး၏ မှာတော်ပုံများ၌လည်းကောင်း၊ ဆောင်းပါး ပေါင်းချုပ်၌လည်းကောင်း၊ ဒေါင်းဋီကာ၊ မျောက်ဋီကာ၊ မျောက်ဂဏ္ဌိ၊ ဘွိုင်းကောက်ဋီကာ၊ ခွေးဋီကာ၊ ခွေးဂဏ္ဌိများ၌လည်းကောင်း ဖတ်ရှုနိုင်ပေသည်။

          ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် ထိုစဉ်က ထိုကဗျာများမှတဆင့် မြန်မာရာဇဝင်နှင့် မြန်မာစာပေယဉ်ကျေးမှုတို့ကို မေ့လုမတတ် စည်းကမ်းပျက်နေကြသော မြန်မာတို့၏စိတ်ဓာတ် အညံ့အဖျင်းများကို ပကတိ အဆင်းအရောင်နှင့် ပြည့်စုံလာစေရန် မြန်မာမင်းကောင်းမင်းမြတ်တို့၏ အကြောင်းကိုလည်းကောင်း၊ မြန်မာရာဇဝင် အဖြစ်အပျက်များကိုလည်းကောင်း၊ မြန်မာစာပေ ယဉ်ကျေးမှုအကြောင်းကိုလည်းကောင်း၊ လွတ်ဆွတ်ဖွယ်၊ ကြည်ညိုဖွယ်၊ အားတက်ဖွယ်ဖြစ်အောင် မြန်မာလူထု နားလည်နိုင်သော နည်းပရိယာယ်ဖြင့် ကြံဆောင်နှိုးဆော်ပေးခဲ့သည်။ ဆရာကြီး၏ ကဗျာများသည် ပညာဂုဏ်ကိုဖော်လို၍ ဟိတ်တလုံးဟန်တလုံးနှင့် ဖွဲ့ဆိုသောကဗျာမျိုး မဟုတ်။ ကြည်လင်သောစေတနာဖြင့် သက်သက်သာသာ နာစချင့်ဖွယ်ဖြစ်အောင် ဖွဲ့ဆိုသောကဗျာမျိုးဖြစ် သည်။

          ဆရာကြီး၏ စာပေနှင့်ဘဝခရီးစဉ်သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု၏ ခရီးစဉ်နှင့် တပြေးတည်းဖြစ်ခဲ့သည်။ သို့ကလို လူထုအား ဝံသာနုစိတ်ဓာတ် မြင့်မားစေရေးအတွက် ရှေ့ဆောင်လမ်းပြခဲ့သော မျိုးချစ်စာဆိုတော်ကြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဝါးလည်ရွာ၌ အမိ ဒေါ်အုန်း၊ အဖ ဦးစံဒွန်းတို့မှ ၁၈၇၆ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း ငါးယောက်အနက် ဒုတိယမြောက် ဖြစ်သည်။ အမည်ရင်းမှာ မောင်လွမ်းမောင် ဖြစ်သည်။ ငယ်စဉ်ကပင် ဉာဏ်ထက်မြက်သည်ဟု ဆိုလေသည်။ ဆရာကြီး၏ ကံ့ကူလက်လှည့်ဆရာမှာ မြန်မာစာပေသမိုင်းတွင် နေလပမာ ထင်ရှားလှသော ရွှေတောင် ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး (မြန်မာသက္ကရာဇ် ၁၁၇၈-၁၂၅၆) ဖြစ်သည်။

          ထို့နောက် သီပေါမင်းလက်ထက် မန္တလေးနေပြည်တော် မြတောင်ကျောင်းတိုက်၌ ပညာ ဆက်လက်သင်ယူသည်။ ဆရာကြီး၏ အသက် ၁၀ နှစ်၊ ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့တွင် ထူးခြားလှသော အခြင်းအရာတခုကို သိမြင်ခဲ့ရလေသည်။ ထိုအခြင်းအရာကား အင်္ဂလိပ်လက်သို့ အရှင် နှစ်ပါး လိုက်ပါသွားရသည့် ပါတော်မူမြင်ကွင်းပင်တည်း။ ပါတော်မူမြင်ကွင်းကြောင့် ပြည်သူတရပ်လုံး ယူကျုံးမရဖြစ်ခဲ့ရသည်ကို တွေ့မြင်မိကာ ထိတ်လန့်ပူပန်၍ မခံချင်စိတ်၊ ဇာတိမာန်စိတ်တို့ ဆရာကြီးရင်ထဲ၌ ဖြစ်ပေါ်လာခဲ့လေသည်။ ယင်းနှင့်ပတ်သတ်၍ ဆရာသိန်းဖေမြင့် က ၁၉၃၇ ခုနှစ်က ရေးသားထုတ်ဝေသော သူ၏ "သခင်ကိုယ်တော်မှိုင်း အမည်ခံ ဆရာလွန်း၏ အတ္ထုပ္ပတ္တိ" ၌ _

"မြတောင်တိုက်ကျောင်းကြီးတကျောင်းရှိ ကပြင်၏လက်ရန်းပေါ်တွင် လူချောချောဆယ်       နှစ်သားအရွယ်တယောက် ထိုင်နေလေ၏။ သူသည် သျှောင်ပေစူးကလေးကို ကျစ်နေအောင် ထုံးလျက်ထား၏။ တရုတ်တိုက်ပုံအင်္ကျီ၊ တောင်ရှည်ပုဆိုးကလေး ဝတ်ထား၏။ ထိုသူကလေးသည် သီပေါမင်းပါသွားသည်ကိုမြင်လျှင် ငိုရှာလေသည်။ ဝမ်းထဲ၌ လှိုက်လှိုက်နှင့် ပူနေတော့၏။ အဖိုးများစွာ ထိုက်တန်သော အရာကလေးတခု ပျောက်သွားသည်ဟု ထင်ရှာလေ၏။ ထိုသူငယ်သည် အသက်ငယ်သေးသော်လည်း (အင်း … ငါတို့တမျိုးလုံး လူမျိုးခြားကျွန်ဖြစ်ပြီ) ဟုသိကာ မချိမဆံ့ ဖြစ်နေလေ၏။ နောက် ဘုရင်သည် ဂေါဝိန်ဆိပ်ဆင်းသောအခါ ကျောင်းဦးဘုရားသို့ ထိုသူငယ်သည် သွားလေ၏။ ဘုရားကို ရိုသေစွာကန်တော့ပြီး (တပည့်တော်ကား ကမ္ဘာပျက်ခါနီးမှ လူဖြစ်ရပါသည်။ ယခုတပည့်တော်တို့လူမျိုးသည် ကျွန်ဖြစ်ခဲ့ပါပြီ။ နောက် ဖြစ်လေရာဘဝ၌ ဘုရာ့ တပည့်တော်သည် ကျွန်လူမျိုး၌ မဖြစ်ရပါစေနှင့် ဘုရား) ဟု ဆုတောင်းလေ၏" ဟု ဆိုခဲ့လေသည်။

5703251.jpg


`မန္တလေးတွင် ထီးနန်းကွယ်ပျောက်သည့်အခါမှစ၍ ဆရာကြီးသည် မြတောင်ကျောင်း၌ အတည်တကျမနေတော့ဘဲ ချောင်းဦး၊ အလုံ၊ မုံရွာ၊ ကြေးမုံ၊ ဘုတလင် စသောအရပ်များသို့ ကိုရင်ဘဝဖြင့် လှည့်လည်၍ စာသင်ပြန်လေသည်။ ထိုအခါကပင် မေတ္တာစာ၊ မှတ်တမ်းတို့ကို ရေးစပြုသည်ဟု ဆိုလေသည်။ ဤသို့ အလုံ၊ မုံရွာ စသည်တို့၌တလှည့်၊ မန္တလေး၌တလှည့် စာသင်ရင်း ခရီးလှည့်လည်ရင်းပင် ဆရာကြီး အသက် ၁၉ နှစ်အရွယ်သို့ရောက်လာရာ အဖ ဦးစံဒွန်းသည် ၁၈၉၄ ခုနှစ်တွင် ကွယ်လွန်ခဲ့လေသည်။

          ဤတွင် ဆရာကြီးသည် ရန်ကုန်သို့ ခြေဦးလှည့်ရလေတော့သည်။ ဆရာကြီးသည် တသက်လုံး ရဟန်းပြုနေထိုင်ရန် ရည်မှန်းထားသော်လည်း ခိုကိုးရာမဲ့ဖြစ်သော မိခင်ကြီးကို လုပ်ကျွေးသမှုပြုရန် လူထွက်ခဲ့လေသည်။ ထို့နောက် မော်လမြိုင်ဆင်း၌ အလုပ်ရှာခဲ့လေသည်။ ထိုအခါမှစ၍ အသက် ၁၉ နှစ်အရွယ်အထိ သင်ကြားခဲ့သော ပညာနှင့်တကွ မန္တလေး၊ အလုံ၊ မုံရွာတို့၌ ကြားမြင်တွေ့ကြုံခဲ့သော သုတ၊ ဒိဌ၊ မုတ တို့ကို ပြန်လည်သုံးသပ်၍ ကလောင်ကိုင်ခဲ့လေသည်။ နောင် ရေးလတ္တံ့သော စာပေ အစုစုသည် ဆရာကြီး အသက် ၁၉ နှစ်အရွယ်အထိ အညာဒေသ၌ စုဆောင်းသိမ်းဆည်းခဲ့သော ပညာနှင့်တကွ အကြားအမြင်ဗဟုသုတ၊ ကိုယ်တွေ့မုတတို့၏ ကြေးမုံပင်ဖြစ်လေသည်။ မော်လမြိုင်မြို့ရှိ 'မြန်မာတိုင်း' သတင်းစာတွင် ပဏ္ဍိတလေး အမည်ဖြင့် ကဗျာများ၊ ဆောင်းပါးများ ရေးသားခဲ့သည်။

          မော်လမြိုင်မှတဖန် ၁၉၀၀ ပြည့်နှစ်တွင် ရန်ကုန်မြို့သို့ ရောက်ခဲ့သည်။ ဆရာကြီးသည် ရှေးဦးစွာ ရန်ကုန်မြို့ ဆူးလေဘုရားလမ်းအနီး ၃၁ လမ်းရှိ ဇမ္ဗူ့ကျက်သရေ စာပုံနှိပ်တိုက်၌ အလုပ်ရသည်။ အလုပ်မှာ ပထမ စာစီအလုပ်ဖြစ်သည်။ ထိုမှတစတစ စာပြင်အယ်ဒီတာ ဖြစ်လာသည်။ ဇမ္ဗူ့ကျက်သရေ၌ အလုပ်လုပ်နေစဉ် ဆရာကြီးသည် တဖက်မှကြိုးစား၍ ကလောင်စမ်းစပြုနေသည် ဟုဆိုလေသည်။ ထိုခေတ်မှာ ဇာတ်ပွဲများခေတ်စားသော ခေတ်ဖြစ်သည်။ ဇာတ်ပွဲများကို အကြောင်းပြု၍ ဇာတ်ကရန်ပြဇာတ်များ ခေတ်စားနေသည်။ ၂ ပဲတန် ပြဇာတ်စာအုပ်များ ပလူပျံသကဲ့သို့ ပေါ်ထွက်နေ၏။ ပြဇာတ်များကိုလည်း ထုတ်ဝေသူတို့က သွက်လက်စွာ ရိုက်နှိပ် ရောင်းချနေသလို၊ ပြဇာတ်ရေးဆရာတို့လည်း ဝင်ငွေလမ်းဖြောင့်နေသည်။ ဉာဏ်ပူဇော်ခမှာ စာမျက်နှာ ၈၀ ကျော်သာရှိသည့် ပြဇာတ်တထုပ်အတွက် ၁၅ ကျပ်၊ ၂၀ ကျပ်သာ ဖြစ်သည်။ ဆရာကြီးသည် မောင်လွမ်း ကလောင်အမည်ဖြင့် ပြဇာတ်များရေးခဲ့ရာ စုစုပေါင်းပုဒ်ရေ ၈၀ ကျော်ရှိသည်ဟု သိရသည်။ ဆရာကြီးအဖို့ ပြဇာတ်တထုပ်ကို နှစ်ညခန့်သာရေးရသဖြင့် ပြဇာတ်အများအပြား ရေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ဆရာကြီး၏ ပြဇာတ်များကို ရုပ်သေးဦးဖူးညို၊ ဇာတ်မင်းသားကြီး စိန်ကတုံး၊ ယောက်ျားမင်းသမီး မယ်အောင်ဗလ၊ ဂရိတ်ဦးဖိုးစိန်တို့က ခင်းကျင်းပြသကြသည်ဟု ဆိုသည်။ ဆရာကြီးရေးခဲ့သော ပြဇာတ်များအနက် "ရွှေတိဂုံဘုရား အထူးကျားဖူးရောက်ခြင်း" ပြဇာတ်သည် အရောင်းရဆုံး ဖြစ်သည်။ အမှန်တကယ်ပင် ၁၉၀၃ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ရွှေတိဂုံစေတီတော် အင်္ဂါထောင့်သို့ ကျားတကောင် တက်ရောက်ခဲ့သဖြင့် သက်ဆိုင်ရာ အာဏာပိုင်တို့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရသည်။

          သို့သော် ပြဇာတ်ရေးရာတွင် ဆရာသမားများ၏ ဂုဏ်သိက္ခာကိုထိခိုက်မှာစိုး၍ နာမည်ရင်းဖြင့် မရေးဘဲ 'ရွှေတောင် မောင်လွမ်း' ဟူသောအမည်ဖြင့် ရေးသားလေသည်။

          ဦးမောင်မောင်စ၊ ဒေါ်မမလေးတို့ပိုင် ဇမ္ဗူ့ကျက်သရေ စာပုံနှိပ်တိုက်၌ စာပြင်ဆရာ လုပ်နေစဉ်မှာပင် တိုက်ရှင်များက ၁၉၀၃ ခုနှစ်တွင် ရန်ကုန်မြို့၊ ကြည့်မြင်တိုင် ငါးကြော်ဖိုရပ်နေ ဆန်စပါးပွဲစား ဦးနု၊ ဒေါ်နှင်းတို့၏သမီး ဒေါ်ရှင်နှင့် အိမ်ထောင်ချ၍ပေးလေသည်။

          ဇမ္ဗူ့ကျက်သရေ စာပုံနှိပ်တိုက်ကို အစုစပ်လီမိတက် သတင်းစာလုပ်လိုက်ပြီးနောက်မကြာမီ ပုဏ္ဏားဦးဘဘေ ဆိုသူပိုင် ဖြစ်သွားလေသည်။ လုပ်ငန်းတိုးတက်မှုလည်း မရှိ၊ လခလည်း မမှန်၊ ဆရင်းများလည်း မရှိတော့သဖြင့် ထိုတိုက်မှထွက်ကာ 'ရန်ကုန်တိုင်း သတင်းစာ' သို့ ပြောင်းရွှေ့ လုပ်ကိုင်သည်။ ထိုတိုက်တွင် ဆရာလွန်းက မြန်မာစာအယ်ဒီတာ လုပ်ရသည်။ ထိုစဉ်က ဆရာကြီးသည် စာတော်ပြန် အလုပ်ရသော်လည်း ငြင်းပယ်ခဲ့လေသည်။ ရန်ကုန်တိုင်း သတင်းစာလုပ်ငန်းလည်း အခြေအနေ မဟန်ဖြစ်လာသောအခါ မော်လမြိုင်သို့ ပြန်လည် ပြောင်းရွှေ့ကာ 'မြန်မာတိုင်း သတင်းစာ' အယ်ဒီတာလုပ်သည်။ တဖက်မှလည်း 'ပဏ္ဍိတကလေး'၊ 'မောင်သမာဓိ' ကလောင်ခွဲများဖြင့် ဆောင်းပါးများ ရေးသည်။ ထိုအချိန်အထိ ဆရာကြီး၏ ကလောင်သည် နိုင်ငံရေးဘက်သို့ မျက်နှာမမူသေးချေ။

          မြန်မာတိုင်းသတင်းစာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေရင်းမှ ၁၉၀၅ ခုနှစ်တွင် 'မော်လမြိုင် ရာဇဝင်' ဝတ္ထုကို ရွှေတောင်မောင်လွမ်း အမည်ဖြင့် ရေးသားထုတ်ဝေခဲ့လေသည်။ ၁၉၀၆ ခုနှစ်တွင် 'ကဗျာသာရမဉ္ဇူကျမ်း'နှင့် 'ပရမတ္ထသံစိပ်အဖြေကျမ်း' ဒုတိယတွဲကို ဆရာလွမ်း အမည်ဖြင့် ရေးသားသည်။ ၁၉၀၇ ခုနှစ်တွင် 'မော်လမြိုင်နတ်လမ်းညွှန်' ကို ထူးထူးခြားခြား မိန်းမ နာမည် 'မစောညွန့်' ဟူသော ကလောင်အမည်ဖြင့် ရေးသားခဲ့သည်။ မြန်မာတိုင်းသတင်းစာ ရပ်နားသွားသောအခါ ဟင်္သာတမြို့ အမရဝတီ ပုံနှိပ်တိုက်သို့ပြောင်းရွှေ့၍ စာပြု၊ စာပြင်၊ အယ်ဒီတာ အဖြစ် ခေတ္တဝင်ရောက်လုပ်ကိုင်သည်။ ထို့နောက် ဇနီး မမာသဖြင့် ရွှေတောင်မြို့သို့ ခေတ္တပြန်နေသည်။

          ၁၉၁၁ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ဦးဘဘေ၊ ဦးလှဖေ၊ ဦးဘကလေးတို့ သူရိယ သတင်းစာကို စတင်တည်ထောင်ထုတ်ဝေကြရာ ဆရာကြီးကို ခေါ်ယူသဖြင့် ဝင်ရောက် လုပ်ကိုင်လေသည်။ ဆရာကြီးသည် သူရိယ သတင်းစာတိုက်တွင် ၁၉၂၁ ခုနှစ်လောက်အထိ မြန်မာစာဘက်ဆိုင်ရာ အယ်ဒီတာအဖြစ်ဖြင့် ဆောင်ရွက်ခဲ့သေးသည်။ ထိုအခါမှစ၍ ဆရာကြီး၏ ကိန်းအောင်းနေခဲ့သော ဇာတိမာန်များ ရှင်သန်ကြီးထွားလာကာ နယ်ချဲ့ဆန့်ကျင်ရေး ဝံသာနု စာပေများ ရေးသားခဲ့လေသည်။ ထိုသို့ရေးသားနေစဉ် နိုင်ငံရေးလောကသို့ ရောက်မှန်းမသိ ရောက်သွားလေသည်။ ဆရာကြီးသည် သူရိယမဂ္ဂဇင်းတွင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး အစရှိသည့် အရေးများနှင့်စပ်လျဉ်း၍ နိုင်ငံရေးရုပ်ပြောင် ဆုံးမခန်း၌ လေးချိုးများ ရေးလေသည်။ ဗြိတိသျှအင်ပါယာအတွင်း 'ဟုမ္မရူး' (Home Rule) ခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေးရမှု၌ စိတ်ဝင်စားလာ၍ မြန်မာပြည်အတွက် အလွန်ဝမ်းမြောက်ခဲ့လေသည်။ ဗြိတိသျှတို့သည် မြန်မာပြည်အား 'ဟုမ္မရူး' ပေးလိမ့်မည်ဟုလည်း ယုံကြည်ခဲ့လေသည်။ ပထမကမ္ဘာစစ်ကြီးအပြီးတွင် ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန်တို့ နိုင်ငံကိုယ်စားလှယ်အဖြစ် 'ဟုမ္မရူး' ရမှုအတွက် ဘိလပ်သို့သွားကြသောအခါ ဆရာကြီးသည် ဒေါင်းဋီကာကို ဝမ်းသာအားရ အောက်ပါအတိုင်း ရေးဖွဲ့ခဲ့လေသည်။

          "ဩော် … ပြေအမှုပေမို့၊ ငွေခရုငယ်နှင့် ဇေယျတုပါကွဲ့၊ သပြေနုချိန်တင်ရန်ပန်းတွေကလည်း များလိုက်ပါဘိသနှင့်၊ ဖေ-ပု-ရှိန် အင်္ဂလန်နန်းမြေသွား၊ တို့မှာဖြင့်အားမြောက်ဖွယ်၊ ကြံလွယ်ဖန်လွယ်နှင့်၊ အန္တရာယ်ရန်စွယ်မောင်းတဲ့ပြင်၊ မြန်နယ်ကိုပြန်လွယ်ကြောင်းဘွေ၊ ဆုတောင်းကာ ပတ္ထနာဆင်တဲ့ပြင်" ဟူ၍ ရေးသားခဲ့လေသည်။

ထိုအခါက ဆရာကြီး၏စိတ်တွင် ဇာတိမာန်များလည်း တက်ကြွနေသည်။ ဗြိတိသျှအစိုးရကိုလည်း ကိုးစားလျက်ပင် ရှိသေးသည်။ သို့ရာတွင် ဗြိတိသျှတို့က မြန်မာပြည်အား ဟုမ္မရူး မပေးသေးဘဲ လက်လီစိတ်ကာ ဒိုင်အာခီအုပ်ချုပ်ရေးကို ၁၉၂၃ တွင် အတင်းထိုးပေးလိုက်သောအခါ ဗြိတိသျှအစိုးရကို ဆရာကြီးသည် အကြည်ညိုပျက်ကာ ဇာတိမာန်လည်း ပြင်းထန်လာလေသည်။

          ဆရာကြီး၏စိတ်ထဲ၌ ဇာတိမာန်ပြင်းထန်လာခြင်း၏ အခြားအကြောင်းရင်းတခုမှာလည်း ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၅ ရက်နေ့ကဖြစ်ပွားခဲ့သော ရန်ကုန်တက္ကသိုလ် ပထမသပိတ်ဖြစ်လေသည်။ ထိုနှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသာမက နယ်ရှိ အထက်တန်း၊ အလယ်တန်း ကျောင်းသားများပါ ဗြိတိသျှအစိုးရ ရေးဆွဲသော ယူနီဗာစီတီ အက်ဥပဒေကို တော်လှန်ကာ ကျောင်းသားများက သပိတ်မှောက်ကြလေသည်။ ဆရာကြီးသည် ကျောင်းသားသပိတ်အား ယူနီဗာစီတီ ဘွိုင်းကောက်လေးချိုးကြီးဖြင့် ထောက်ခံအားပေး ရေးသားခဲ့သည်။

          ထို့နောက် အမျိုးသားပညာရေးကောင်စီကိုဖွဲ့စည်းကာ ရန်ကုန် ဗဟန်းရပ်တွင် စင်ပြိုင် နေရှင်နယ် ခေါ် အမျိုးသားကောလိပ်ကျောင်းကို ဖွင့်လှစ်ခဲ့သည်။ အနယ်နယ်တွင်လည်း စင်ပြိုင် အမျိုးသားကျောင်းများကို ဖွင့်လှစ်ခဲ့လေသည်။ ကျောင်းသားများ စိတ်ဓာတ်တက်ကြွသည်ကို မြင်ရသောအခါ ဆရာကြီးသည် မြန်မာပြည်၏နောင်ရေးအတွက် အားတက်၍ လူငယ်များ၏ သတ္တိဗျတ္တိကို ယုံကြည်ကိုးစားလာလေသည်။

          ထိုအခါက ဗြိတိသျှအစိုးရ၏ ကျောင်းများ၌ မင်းတိုင်းကြေသာ သင်ကြားပေးသော မြန်မာစာပေနှင့် မြန်မာရာဇဝင်တို့ကို နေရှင်နယ်ကောလိပ်နှင့် နေရှင်နယ်ကျောင်းများတွင် ထိထိရောက်ရောက် သင်ပြစပြုလေသည်။ ၁၉၂၁ ခုနှစ်တွင် နေရှင်နယ်ကောလိပ်ကျောင်း၌ မြန်မာစာပေနှင့် မြန်မာရာဇဝင်ကို ပို့ချပေးရန် ဆရာကြီးအား တောင်းပန်ခေါ်ပင့်သောအခါ ဆရာကြီးသည် လစာပုံမှန်ရနေသော သူရိယမှအလုပ်ထွက်၍ ငွေကြေးအားဖြင့် မရေရာသော အမျိုးသားကောလိပ် ဆရာဘဝသို့လုပ်ကိုင်ရန် ကျောင်းသားများနောက်သို့ ကောက်ကောက်ပါ လိုက်သွားလေသည်။ ဤသည်ကား ဆရာကြီး၏ အနစ်နာခံ ကိုယ်ကျိုးစွန့်မှုပင်ဖြစ်သည်။

          ထိုအချိန်တွင် ဆရာကြီး ရေးသားခဲ့သော ကေသာသီရိ နန်းတွင်းဇာတ်တော်ကြီး၊ ဓမ္မစေတီမင်း ဝတ္တု၊ ဒေါင်းဋီကာတို့သည် တနိုင်ငံလုံး ပဲ့တင်ထပ်လာသည်။ ဆရာကြီး၏အမည်သည်လည်း အကျော်ဇေယျ ဖြစ်လာသည်။

          ဤတွင် နယ်ချဲ့အစိုးရက ဆရာကြီးအား ရန်ကုန်တက္ကသိုလ်တွင် မြန်မာစာနည်းပြရာထူးကို ပေးအပ်ရန် ကမ်းလှမ်းခဲ့သည်။ ဆရာကြီးက နယ်ချဲ့၏အစေအပါးအလုပ်ကို မလုပ်လိုဟုပြောကာ ငြင်းပယ်ခဲ့သည်။ အဂ္ဂမဟာပဏ္ဍိတဘွဲ့မှာ ထိုခေတ်က အလွန်ရနိုင်ခဲသောဘွဲ့ဖြစ်သည်။ သို့သော် ဆရာကြီးသည် နယ်ချဲ့ပေးသောဘွဲ့ကို လက်မခံခဲ့ပေ။ "ပကာသနတွေ ဆရာ မလိုချင်ပါဘူး၊ ကိုယ့်အရှင် ကိုယ့်ဘုရင် မဟုတ်ဘဲ နိုင်ငံခြားသားတွေ မြှောက်စားခြင်း၊ အသိအမှတ်ပြုခြင်း၊ ဂုဏ်ပြုခြင်းကို ဂုဏ်အစစ်လို့ သဘောမပိုက်ဘူး။ ဆရာ ဒီလိုဂုဏ်မျိုးကို မလိုချင်ပါဘူးကွယ်" ဟု ဖြေဆိုကာငြင်းဆန်ခဲ့ကြောင်း ဆရာသိန်းဖေမြင့်က သူ၏ "ဆရာလွန်း အတ္ထုပ္ပတ္တိ" ၌ ရေးသားထားလေသည်။

          ထို့ပြင် ၁၉၂၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဗြိတိသျှအိမ်ရှေ့စံ ဝေလမင်းသား (နောင် နန်းစွန့်ဘုရင် အဌမမြောက် အက်ဒဝပ်ဘုရင်ဖြစ်လာသူ) မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရာ မြန်မာအစိုးရအရာရှိ ဦးမေအောင်က ဝေလမင်းသားအား ချီးကျူးဂုဏ်ပြုသည့် ရတု ရေးပေးပါက ဉာဏ်ပူဇော်ခ ၁၀၀၀ ကျပ်ပေးမည့်အကြောင်း ပြောကြားရာ "မြန်မာနိုင်ငံကို ကျွန်ပြုသည့် အင်္ဂလိပ်ဘုရင်မ၏မြေးကို ချီးကျူးသည့်စာ မရေးလို" ဟုပြောကာ ငြင်းပယ်ခဲ့လေသည်။

          ၁၉၂၂ တွင် ပရော်ဖက်ဆာ ဆရာလွန်းအမည်ဖြင့် ရေးသားသော 'မှန်နန်းရာဇဝင်တော်ချုပ်' နှင့် 'မှန်နန်းရာဇဝင်တော်သစ်' ကို ရေးသားထုတ်ဝေလေသည်။

          ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် တပည့်ရင်း ဒီးဒုတ်ဦးဘချိုနှင့်အတူ ဗဟန်းအမျိုးသား ကောလိပ်ပျက်သည့် ၁၉၂၂ ခုနှစ်အထိ ဆင်းရဲချို့တဲ့စွာ ထမ်းရွက်ခဲ့လေသည်။ ထို့နောက် ဗဟန်း ကောလိပ်ပျက်သောအခါ ဒဂုံမဂ္ဂဇင်း၊ ဓူဝံမဂ္ဂဇင်းတို့တွင် အယ်ဒီတာအဖြစ် ဆောင်ရွက်သည်။ ဒိုင်အာခီအုပ်ချုပ်ရေးခေတ် (၁၉၂၃-၃၇) တွင် ပြည်သူအများစု၏ဆန္ဒနှင့် ဆန့်ကျင်သော တပည့် မိတ်ဆွေရင်း ဦးဘဘေ ဦးဆောင်သည့် ၂၁ ဦး ပါတီဝင်များကိုရည်ရွယ်ကာ 'ခွေးဋီကာ' ဆောင်းပါးများ ကို ရေးသားခဲ့သည်။

          ဆရာကြီး အသက် ၅၉ နှစ်အရွယ် ၁၉၃၄ ခုနှစ်တွင် ရေနံချောင်း၌ကျင်းပသော ပထမဆုံးသော တို့ဗမာအစည်းအရုံး ညီလာခံသဘင်ကြီး ပေါ်ပေါက်လာသည်။ ထိုညီလာခံကြီးတွင် ရှေ့တန်းမှ မားမားမတ်မတ်ရပ်ကာ ကိုယ်ထိလက်ရောက် ပါဝင်ပါတော့သည်။ ထိုညီလာခံကြီးမှာပင် ဆရာကြီးသည် သခင်ကိုယ်တော်မှိုင်း ဘွဲ့အမည်ခံကာ မြန်မာပြည်တဝန်း နိုင်ငံရေးတရားဟောခဲ့သည်။ ယင်းသို့လုပ်ဆောင်မှုကြောင့် နယ်ချဲ့အစိုးရက ဆရာကြီးအား ရန်သူတော်နံပါတ်တစ် အဖြစ် သတ်မှတ်ခဲ့သည်။ နယ်ချဲ့အစိုးရ၏ ရန်သူတော်စာရင်းအရ နံပါတ်နှစ်မှာ သခင်ဗဟိန်း၊ လေးမှာ သခင် ကျော်စိတ်၊ ငါးမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ကိုးမှာ သခင်စိုး၊ ၁၂ မှာ သခင်သန်းထွန်း၊ ၁၇ မှာ သခင်နုဖြစ် သည်။

          ဆရာကြီးသည် ယင်းသို့ စာပေရေးသားပြုစုရင်း တဖက်မှ နိုင်ငံရေးကိုဝင်ရောက် ဆောင်ရွက်ခဲ့သည်မှာ ဒုတိယကမ္ဘာစစ်အထိ ဖြစ်သည်။ ၁၉၄၁ ခုနှစ် ဂျပန်တို့က ဗြိတိသျှကို စစ်ကြေညာသောအခါ ဆရာကြီးသည် အညာသား အဘိုးအို လူမမာဟန်ဆောင်၍ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ထိုစဉ်က ဆရာကြီးအသက်မှာ ၆၆ နှစ်ရှိပြီဖြစ်သည်။ ဂျပန်ခေတ်တွင် ဆရာကြီးသည် တို့ဗမာအစည်းအရုံးခေါင်းဆောင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြန်သည်။ ၁၉၄၅ ခုနှစ် မတ်လတွင် ဖက်ဆစ်ဂျပန်တော်လှန်ရေး ဖြစ်ပွားလာသောအခါ ဆရာကြီးအား ဂျပန်တို့က ဖမ်းဆီးမည်ပြုရာ အင်းစိန်မြို့ တဖက်ကမ်း ထိန်ကုန်းရွာသို့ သွားရောက်တိမ်းရှောင်ခဲ့ရပြန်သည်။

          လွတ်လပ်ရေးရခါနီး ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဂဠုန်ဦးစော၏ နောက်လိုက် လူသတ်သမားတို့၏လက်ချက်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ဖဆပလအဖွဲ့ချုပ် ခေါင်းဆောင်ကြီးများ ရေတိမ်နစ်ခဲ့ရာ ဆရာကြီးသည် ဝမ်းနည်းကြေကွဲစွာ 'အာဇာနည်ဗိမာန် ဋီကာ' ကိုရေး၍ အောက်ပါအတိုင်း မှတ်တမ်းတင်ခဲ့သည်-

"ဩော်အဆောင်ဆောင်နန်းတွေ ကြငှာန်းတွေနှင့်နှော၊

အခေါင်မပြန်ခင်၊

အောင်စာတမ်းချို့ဝေဘို့၊

အောင်ပန်းညှိုးရရှာတဲ့၊

တောင်သမန်း တို့ဗမာမှာ အဟောင်းသံသရာ အငုတ်တွေနှင့်၊

အောင်ဆန်း မသာမယာဟာ

၎င်းကံကြမ္မာအလုပ်ပေထင့်၊

သောင်းမြန်မရဏာ စမုတ်မှာတော့၊

ချုပ်သနဲ့ယင်းအလိုတွင်

ဒေါင်းလံပဝါအုပ်ပါလို့ ကျုပ်ဖြင့်သင်္ဂြိုဟ်ချင်။

အာဇာနည်ဗိမာန် ပုထိုးကိုဖြင့်၊

ပါရမီအဓိဌာန်တမျိုးရယ်နှင့်၊

ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့၊

မြန်မာမတော့ ပူစရာဘို့၊

တဗျူဟာ အောင်ခမန်းတွင်မှ၊

လူမသမာအမှောင်သန်းချိန်မို့၊

သောင်ကမ်းမို့မို့ဆီက၊

ဖောင်နန်းကူးတို့နှင့် အကြေဒဂုန်တည်းဟူသော

ရေစုန်မျောလေရဲ့၊

ဩော် … တောင်နန်းမြောက်နန်း

အဆောင်ဆောင် ကြငှာန်းနဲ့၊

အခေါင်မမြန်းရခင်က အောင်ပန်းညှိုးရရှာတဲ့

အောင်ဆန်းတို့ သေပုံနှမြော"။

          နောက်ပိုင်းတွင် ဆရာကြီးသည် အသက်အရွယ် အိုမင်းမစွမ်းဖြစ်လာ၍လားမသိ၊ စာပေ ရေးသားမှု၊ ကဗျာဖွဲ့မှုများ နည်းပါးလာခဲ့သည်။ ၁၉၅၀ ပြည့်နှစ် ဩဂုတ်လတွင် ရေးသားထုတ်ဝေသော 'အိပ်မက်ဒိဌုံ ဋီကာ' သည် ဆရာကြီး၏ နောက်ဆုံးစာအုပ်ပင် ဖြစ်သည်။ သို့သော် ပြည်တွင်း ငြိမ်းချမ်းရေးအတွက်လည်းကောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်လည်းကောင်း အသက်အရွယ်နှင့်မမျှ အပင်ပန်းခံကာ ဆောင်ရွက်ခဲ့သည်။

          ၁၉၅၀ ပြည့်နှစ် ဇန်န၀ါရီလ ၄ ရက် လွတ်လပ်ရေးနေ့ နှစ်ပတ်လည်နေ့တွင် ဆရာကြီးအား နိုင်ငံတော်အစိုးရက အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်ခဲ့သည်။

          ၁၉၅၂ ခု မေလ ၁၀ မှ ၁၄ ရက်အထိ ဂျူဗလီဟော၌ ကျင်းပခဲ့သော ကမ္ဘာငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ)က ဆရာကြီးအား ကွန်ဂရက်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် တရုတ်၊ မွန်ဂိုလီးယား၊ ဟန်ဂေရီ၊ ဆိုဗီယက်ယူနီယမ် နိုင်ငံများသို့ ခရီးလှည့်လည်ခဲ့သည်။

          ၁၉၅၅ မတ်လ ၂၂ တွင် မြို့တော်ခန်းမရှေ့တွင်ကျင်းပခဲ့သော စတာလင် ငြိမ်းချမ်းရေးဆုပေးပွဲ သဘင်တွင် အပြည်ပြည်ဆိုင်ရာ စတာလင်ငြိမ်းချမ်းရေးကော်မတီဥက္ကဋ္ဌ နီကိုလေတီခိုနော့ဗ် က ဆရာကြီးအား ငြိမ်းချမ်းရေးဂုဏ်ပြုလက်မှတ်နှင့် ရွှေတံဆိပ်ဆုကို ချီးမြှင့်အပ်နှင်းခဲ့သည်။ ငြိမ်းချမ်းရေးဆုအတွက် ရုရှား ရူဘယ်လ်ငွေ တစ်သိန်း (မြန်မာငွေ တစ်သိန်း လေးသောင်း ငါးထောင်ခန့်) လက်ခံရရှိသည်။ ယင်းငွေတို့အနက် ရှစ်သောင်းကျော်ကို အဖွဲ့အစည်းအသီးသီးသို့ ပြန်လည် လှူဒါန်းခဲ့သည်။

          ဆရာကြီးအား ၁၉၆၀ ဩဂုတ် ၁၀ တွင် အရှေ့ဂျာမနီနိုင်ငံ ဟမ်းဘို့တ် (Hunboldt) တက္ကသိုလ်က ပညာရေးပါရဂူဘွဲ့ (Ph.D) အပ်နှင်းခဲ့သည်။

          မြန်မာနိုင်ငံတွင် စာပေပညာရှင်ကြီး ဟူ၍လည်းကောင်း၊ ကဗျာဆရာကြီး ဟူ၍လည်းကောင်း ရာဇဝင် (သမိုင်း) ပညာရှင်ကြီး ဟူ၍လည်းကောင်း၊ နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးတိုက်ပွဲဝင် မျိုးချစ်စာရေးဆရာကြီး ဟူ၍လည်းကောင်း၊ ငြိမ်းချမ်းရေးဗိသုကာကြီး ဟူ၍လည်းကောင်း ထင်ရှား ကျော်ဇောခဲ့၏။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် အသက် ၈၉ နှစ်အရွယ် ၁၉၆၄ ခု ဇူလိုင် ၂၃ ရက် ကြာသပတေးနေ့ နံနက် ၁ နာရီခွဲတွင် လူကြီးရောဂါဖြင့် ရန်ကုန်မြို့စမ်းချောင်းမြို့နယ် အမှတ် ၅ ချမ်းသာလမ်း နေအိမ်၌ ကွယ်လွန်သွားခဲ့လေသည်။

          ထို့နောက် ဩဂုတ်လ ၈ ရက်နေ့လယ်တွင် ဆရာကြီးကြွင်းကျန်သော ရုပ်ကလာပ်ကို စမ်းချောင်းမဏ္ဍပ်မှ ရွှေတိဂုံဘုရားလမ်း ကန်တော်မင်္ဂလာပန်းခြံသို့ ပို့ဆောင်ကာ ဂူသွင်း သင်္ဂြိုဟ်ခဲ့သည်။

          ကွယ်လွန်ချိန်၌ သားသမီး ၄ ယောက်၊ မြေး ၁၅ ယောက်၊ မြစ် ၆၁ ယောက် ကျန်ရစ်ခဲ့သည်။




ကျမ်းကိုးစာရင်း

(၁) မူမူသန်း (ဝိဇ္ဇာဘွဲ့) - သခင်ကိုယ်တော်မှိုင်းစာစု စာရင်းအမှတ် (၁)ရန်ကုန် တက္ကသိုလ် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် စာကြည့်တိုက်ဌာန၊ ၁၉၇၃။

(၂) မာဃ  - သခင်ကိုယ်တော်မှိုင်း အတ္ထုပ္ပတ္တိအကျဉ်း၊ ရန်ကုန်မာဃစာပေ၊ ၁၉၇၅။

(၃) သိန်းဖေမြင့် - သခင်ကိုယ်တော်မှိုင်း၊ ဦးလွန်းအတ္ထုပ္ပတ္တိ၊ ရန်ကုန်၊ ကျုံပျော်စာပေ၊ ၁၉၆၄။

(၄) စိုးရှိန် - သခင်ကိုယ်တော်မှိုင်း၏ ဘဝဖြစ်စဉ်နေ့စွဲ၊ ငွေတာရီမဂ္ဂဇင်း အမှတ် ၅၂ (၁၉၆၄၊ အောက်တိုဘာ) စာ၃၁-၃၇။

(၅) သန်းဝင်းလှိုင် - နယ်ချဲ့ဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေးဖခင်ကြီး၊ မျိုးချစ်စာဆို ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ရန်ကုန်၊ အားမာန်စာပေ၊ ပကြိမ်၊ ၂၀၀၉။

ရေးသားသူ = သန်းဝင်းလှိုင် ( မိုးမခ )

ဤ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ၏ အကြောင်းကို PDF File အနေဖြင့် လိုချင်သူများ အောက်ပါဒေါင်းလုပ် လင့်ခ်များတွင် ဒေါင်းလုပ် ဆွဲယူနိုင်ပါသည်။

Mediafire Link  :  Download
Ifile Link          :  Downlaod 

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ




Thursday, May 19, 2011

`` ထီ ``


5682806.jpg

``ဟူး…. ဒီတစ်ပတ်လည်း ထီမပေါက်ပါလား``

ထိုးထားတဲ့ ထီတွေရယ်၊ ထီပေါက်စဉ်ရယ် တိုက်ပြီး ကျွန်တော် ညည်းတွားမိတယ်။ လဆန်းတိုင်း ထီဖွင့်ရက်ဆိုရင် ထီပေါက်လိမ့်မလားလို့ဆိုတဲ့မျှော်လင့်ချက်နဲ့ ထီတိုးခဲ့တာ ဒီအသက် ဒီအရွယ်ထိပါပဲ။ ထီထိုးတိုင်း လိပ်စာပေးခဲ့တယ်။ ဖုန်းနံပါတ်ပေးခဲ့တယ်။ လစဉ် လဆန်း (၁) ရက်၊ (၂)ရက် ဆိုရင် ထီပေါက်ကြောင်း ဘယ်သူများ လာပြောမလဲလို့ အမြဲရင်ခုန်မိတယ်။ ထီပေါက်ကြောင်း ဖုန်းများဆက်လေမလားလို့ ဖုန်းသံကြားတိုင်း စိတ်လှုပ်ရှားမိတယ်။

မြတံခွန်နဲ့ အောင်သန်းဆု  ထီဆိုင်ကြီးတွေက သိန်းထောင်ဆုပေါက်တဲ့ သူကို အပိုဆုပေးတဲ့ အခမ်းအနားပွဲတွေ တွေ့တိုင်း အားကျမိတယ်။ တစ်နေ့… အဲဒီနေရာမှာကိုယ်ဖြစ်ရမယ်ဆိုတဲ့ အသိစိတ် ရင်ထဲမှာအမြဲရှိနေတယ်။ ရုပ်ရှင်သရုပ်ဆောင်တွေနဲ့တွဲပြီး ဓာတ်ပုံရိုက်လိုက်မယ်ဆိုတဲ့ စိတ်ကူးကလည်း ရှိနေသေးတယ်။

ကျွန်တော် တစ်ခါမှ ထီမပေါက်ဘူးပါ။ ဒါပေမဲ့ ထီပေါက်လိမ့်မယ်လို့ လုံးဝယုံကြည်ပါတယ်။ ဒီကနေ့ထိတော့  စိတ်ဓာတ်မကျပဲ ထီကို ဇွဲရှိရှိနဲ့ ထိုးဆဲပါ။ အတိတ်က ဒါနမျိုးစေ့ ဘယ်လောက်ရှိသလဲ သိချင်လို့ လစဉ်ထီထိုးပါတယ်။ လစဉ်လည်း မျှော်လင့်ပါတယ်။

လက်ဖက်ရည်ဆိုင်တွေမှာထီရောင်းတဲ့ကလေးတွေ ရှိပါတယ်။ သူတို့ကိုတွေ့ရင် ကျွန်တော် ထီ အမြဲတမ်းထိုးတယ်။ အလကားနေရင်းတောင် ဆေးလိပ်သောက်၊ ကွမ်းစား၊ ဘီယာဆိုင်ထိုင်ပြီး ပိုက်ဆံတွေ ကုန်သွားတက်သေးတာ။ ထီထိုးတယ်ဆိုတာ ထီမဖွင့်မချင်း ငါ ထီပေါက်နိုင်တယ်ဆိုတဲ့ အရသာရှိတဲ့ စိတ်ကလေးနဲ့ နေရထိုင်ရတာ အင်မတန်ကို ကြည်နူးစရာကောင်းတယ်။ ဒါပေမဲ့ ထီမပေါက်ခဲ့ဖူးဆိုရင်လည်း တစ်လအတွင်း ပြန်ပြီး ကံစမ်းခွင့်ရှိတယ်။ လစဉ် လဆန်းတိုင်း၊ ရင်ခုန်ရတဲ့ အရသာကို ထီထိုးဖူးသူတိုင်း သိကြပါတယ်။


***************


ကျွန်တော် ညနေ (၃)နာရီဆိုရင် ``မင်းမဟာ`` လက်ဖက်ရည်ဆိုင်မှာ ထိုင်နေကျပါ။ ``လက်ဖက်ရည်မိတ်ဆွေ`` တွေ ကျွန်တော့်မှာ ရှိပါတယ်။ စကားပြောဖော်ပြောဖက်တွေပါ။ စာပေဆွေးနွေးဖော် ဆွေးနွေးဖက်တွေပါ။ ထီထိုးဖော်ထိုးဖက်တွေပါ။ လက်ဖက်ရည်ဆိုင် ထိုင်တယ်ဆိုတော့ ရောက်တက်ရာရာတွေ ပြောတက်ကြပါတယ်။

တစ်ခါတလေလည်း ဘောလုံးပွဲအကြောင်း၊ တစ်ခါတစ်လေလည်း ကမ္ဘာသတင်း… နိုင်ငံသတင်းအကြောင်း၊ တစ်ခါတလေကျတော့လည်း ရာသီဥတုအကြောင်း၊ သဘာဝပတ်ဝန်းကျင်အကြောင်း ပြောဖြစ်ကြတယ်။ တစ်ခါတလေ ကျတော့လည်း တရားဓမ္မအကြောင်း၊ တရားစခန်းအကြောင်း ပဋိစ္စသပုပ္ပါဒ် အကြောင်း ပြောဖြစ်ပြန်တယ်။ တစ်ခါတလေတော့လည်း ဘီယာဆိုင်က ကောင်မလေးတွေအကြောင်း မြေဈေးအကြောင်း၊ အိမ်ဈေးအကြောင်း၊ ပြောဖြစ်ပြန်တယ်။

လကုန်ခါနီးတိုင်း ပြောဖြစ်တာကတော့ ထီဖွင့်ခါနီးပြီဆိုတဲ့အကြောင်း၊ ထီပေါက်ရင်ဘယ်လိုကဲလိုက်မယ်…၊ ဘာတွေဝယ်လိုက်မယ်..၊ ဘယ်တွေ သွားလိုက်တယ် ဆိုတဲ့အကြောင်း ပြောဖြစ်ကြတယ်။

ကျွန်တော်တို့ စကားပြောတဲ့ လကုန်ခါနီးတစ်ရက်မှာ ကျွန်တော့်ရဲ့မိတ်ဆွေ တစ်ယောက်က စကားပြောရင်း ``ခေါင်းမူးတယ်`` လို့ ပြောတယ်။ သူ အိမ်ပြန်သွားတယ်။ ကျွန်တော်လည်း (၄)နာရီထိုးတော့ စာသင်ဖို့ အတွက် အတန်းတွေရှိတဲ့ဆီကို သွားခဲ့ရတယ်။ ပထမအချိန် ပြီးခါနီး ညနေ (၅)နာရီလောက်မှာ ကျွန်တော့်ဆီကို တယ်လီဖုန်း မြည်လာတယ်။ ညနေက ခေါင်းမူးပြီး အိမ်ပြန်သွားတဲ့ ကျွန်တော့်မိတ်ဆွေ သွေးတိုးဖြစ်ပြီး ဆုံးသွားတယ်တဲ့…။

ကျွန်တော် အရမ်းအံ့သြသွားတယ်။ ညနေကမှ ထီပေါက်ရင်… ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုပြီး ကျွန်တော်တို့ ပြောခဲ့ကြသေးတာ။ အခုသူက မရှိတော့ဘူးတဲ့.. မြန်လိုက်တာ။ ဒီလိုနဲ့ သူ့အသုဘကို ကျွန်တော် လိုက်ပို့ရတယ်။ အသုဘ လိုက်ပို့ရင်း ကျွန်တော်စဉ်းစားမိတာလေး ပြောပြပါရစေ။

……

မြန်မာနိုင်ငံမှာ လူသန်းပေါင်း (၅၀)ကျော် ရှိတယ်။ တစ်လကို သိန်း (၁၀၀၀) ထီတစ်ဆုပဲ ဖွင့်တယ်။ လူသန်းပေါင်း (၅၀) ထဲမှာ တစ်ယောက်သာလျှင် ပိုင်ဆိုင်ခွင့်ရှိတဲ့ သိန်း (၁၀၀၀) ဆုကို ကျွန်တော်တို့ အမြဲမျှော်လင့်ကြတယ်။ ဒီလမပေါက်ရင် နောက်လပေါက်လိမ့်မယ်လို့ ကျွန်တော်တို့ အမြဲမျှော်လင့်ကြတယ်။ ဒီလမပေါက်ရင် နောက်လပေါက်လိမ့်မယ်လို့ ကျွန်တော်တို့ အမြဲယုံကြည်ကြတယ်။ ထီမပေါက်သေးဘူး.. ပေါက်ခဲ့ရင် လှူမယ်၊ တန်းမယ်၊ ရွှေဝယ်မယ်၊ မြေဝယ်မယ်၊ ကဲမယ်၊ သုံးမယ်၊ ငွေဆောင်သွားမယ်၊  ချောင်းသာသွားမယ်၊ မိသားစုနဲ့ ဘုရားဖူးထွက်မယ်၊ ကားဝယ်မယ်၊ လုပ်ငန်းတစ်ခုခုမှာ ငွေအရင်းထည့်ပြီး စီးပွားရေး လုပ်ပစ်လိုက်မယ်…။ ဒီလိုတွေးပြီး စိတ်ကူးတွေယဉ်လိုက်ကြရတာ လစဉ်တိုင်းပါပဲ။ ကျွန်တော်လည်း သိန်း (၁၀၀၀) ထီမပေါက်ဖူးဘူး။ ကျွန်တော့်သူငယ်ချင်းတွေထဲမှာလည်း သိန်း (၁၀၀၀) ထီပေါက်တဲ့သူ မကြားဖူးဘူး။

အခု… သေသွားတဲ့ကျွန်တော့်မိတ်ဆွေဟာ သိန်း (၁၀၀၀) ထီပေါက်ရင် ဘာလုပ်မယ်၊ ဘာလုပ်မယ်ဆိုပြီး အမြဲပြောတက်တဲ့သူ။ ဒါပေမဲ့ သူ… မရှိတော့ဘူး။ မသေချာတဲ့ သိန်း(၁၀၀၀) ထီပေါက်ဖို့ ယုံကြည်မျှော်လင့်နေကြတဲ့ ကျွန်တော်တို့ မေ့နေတာ တစ်ခုရှိတယ်။ လူသန်းပေါင်း (၅၀) ထဲမှာ သိန်း (၁၀၀၀) ထီပေါက်ဖို့ က မသေချာဘူး။ တစ်ယောက်တည်းသာ ဖြစ်နိုင်တယ်။ အဲဒီတစ်ယောက်ဟာ ကိုယ်ဖြစ်မယ်လို့ အမြဲစိတ်ကူးယဉ်ခဲ့ကြတယ်။ လူသန်းပေါင်း (၅၀) ထဲမှာ နေ့စဉ် နေ့စဉ် သေဆုံးနေကြတဲ့ လူတွေကို မြင်တိုင်း အဲဒီတစ်ယောက်ဟာ ငါဖြစ်နိုင်တယ်လို့ မတွေးခဲ့မိဘူး။ စိတ်မကူးခဲ့ဖူး။

သေဖို့ကတော့ သေချာတယ်။ ထီပေါက်ဖို့က မသေချာဖူး။

ဒါပေမဲ့ ငါ.. သေမယ်လို့ တစ်ခါမှ မတွေးမိဖူး။ မန္တလေးမြို့မှာဆိုရင် နေ့စဉ် လူ (၇၀) လောက်၊ သေနှုန်းရှိတယ်။ တစ်လကို လူ (၂၀၀၀) ကျော်လောက် သေတယ်။ အဲဒီထဲမှာ ကိုယ်ပါနိုင်တယ်လို့ တစ်ခါမှ မတွေးမိဖူး။ ဒါပေမဲ့  လူသန်း (၅၀) မှ တစ်ယောက်သာဖြစ်နိုင်တဲ့ သိန်း (၁၀၀၀) ထီကိုတော့ ကိုယ့်အလှည့် ရောက်နိုင်တယ်လို့ အမြဲတွေးမိတယ်။

ကျွန်တော့်တို့ စိတ်တွေဟာ သိပ်ပြီးအံ့သြစရာကောင်းတယ်။ အကောင်းတွေကိုတော့ အမြဲမျှော်လင့်တယ်။ အဆိုးတွေကိုတော့ နားနဲ့တောင် မကြားချင်ဖူး။

ဗေဒင်ဆရာက ထီပေါက်နိုင်တယ်လို့ပြောရင် ကြိုက်တယ်။ ဘယ်ဆိုင်က ထိုး၊ ဘယ်ဂဏန်းကိုထိုး၊ ဘယ်နေ့သားနဲ့တွဲထိုး၊ ဘယ်နေ့ထိုး၊ ဘယ်အချိန်ထိုး၊ ထီထိုးရင်း စိတ်ကူးလိုက်ရတာ ပျော်စရာပါ။ ဒါပေမဲ့ ဗေဒင်ဆရာက ဘယ်နေ့သေနိုင်တယ်လို့ပြောရင် မကြိုက်ချင်ဘူး။ ဘယ်ရောဂါနဲ့ သေမယ်။ ဘယ်လိုပုံစံနဲ့ သေမယ်။ ဘယ်နေရာမှာ သေမယ်။ အဲဒီလိုပြောရင် စိတ်ကူးဖို့နေနေသာသာ အဲဒီလိုပြောတဲ့ ဗေဒင်ဆရာကို လက်သီးနဲ့ ထ, ထိုးမိမှာပဲ။

ထီမပေါက်သေးဖူး။ ထီပေါက်ရင် ဘာလုပ်မယ်ဆိုတဲ့ ကြိုတင်ပြင်ဆင်မှုတွေ စိတ်ထဲမှာ အများကြီးပဲ။

``သေ``ဖို့ ``သေချာ`` တဲ့ ကျွန်တော်တို့က မသေခင် ဘာလုပ်မယ် ဆိုတဲ့ ကြိုတင်ပြင်ဆင်မှု ဘာမှမရှိဘူး။ သေပြီးရင်လည်း ငါ… ဘာဖြစ်မယ်လို့ တစ်ခါမှ မစဉ်းစားမိကြဘူး။ သေပြီးတဲ့နောက် ဖြစ်လာမယ့် ဘဝတစ်ခုအတွက် အခုကတည်းက ဘာတွေလုပ်ထားသင့်တယ်ဆိုတာ မတွေးမိဘူး။ တွေးမိရင်လည်း လက်တွေ့ အကောင်အထည် မဖော်ဖြစ်ဘူး။

သေဖို့ကတော့ လုံးဝသေချာတယ်။ အခုလား.. နေ့လား… ညလား… မနက်ဖြန်လား…။ ဒါပေမဲ့ ဘယ်တော့မှ သေဖို့အတွက် ဘယ်တော့မှ မျှော်လင့်မထားဖူး။

ထီပေါက်ဖို့ကတော့ လုံးဝမသေချာဘူး။ ဒါပေမဲ့… လဆန်းတိုင်း ကိုယ်ထီပေါက်လိမ့်မယ်၊ ကိုယ်ထီပေါက်နိုင်တယ်လို့ အမြဲမျှော်လင့်ထားတက်ကြတယ်။

``မသေချာ``တဲ့ ​``ထီ`` နဲ့ ``သေချာ`` တဲ့ `` သေခြင်း`` ကို ယှဉ်ပြီး ကျွန်တော်တွေးမိနေခြင်းပါ။

``သေချာ` တဲ့ ``သေခြင်း`` အတွက် ဘာမှ မပြင်ဆင်ရသေးတဲ့ ကျွန်တော်ဟာ ``မသေချာ​`` တဲ့ ``ထီ`` အတွက် လတိုင်း လတိုင်း၊ ပြင်ဆင်နေမိတယ်။ လူတစ်ယောက်သေဆုံးသွားရင် သေသွားတယ်လို့ပဲ တွေးမိတယ်။ ``ငါလည်း… သေနိုင်တယ်`` လို့အထိ မတွေးမိဘူး။ လူတစ်ယောက် ထီပေါက်ရင်.. ထီပေါက်တယ်လို့ဆိုတဲ့ အတွေးမှာတင် ရပ်မနေပဲ ``ငါလည်း… ထီပေါက်နိုငတယ်`` လို့ အထိ တွေးမိတယ်။

သတင်းစာဖတ်တိုင်း နာရေးကြေငြာတွေမှာ ကျွန်တော်တို့နာမည် တစ်နေ့မဟုတ်တစ်နေ့ သေချာပေါက် ပါမယ်ဆိုတာ မတွေးမိကြပါဘူး။ ကိုယ့်မိတ်ဆွေ နာရေးကြာ်ငြာပါရင်တော့ သူတော့ သေသွားပြီ။ ငါ့အလှည် ဘယ်တော့လဲဆိုတာ ဆက်မတွေးမိဘူး။

သတင်းစာထဲက သိန်း (၁၀၀၀) ထီ ထွက်တဲ့နေ့ဆို ``ငါများဖြစ်လေမလား`` လို့ တွေးမိသူတွေချည်းပါပဲ။ ကိုယ့်မိတ်ဆွေတစ်ယောက်သာ ထီပေါက်ရင် နောက်တစ်ခါ ``ငါ့အလှည့်``လို့ ကျွန်တော်တို့ အမြဲတွေးမိကြတယ် မဟုတ်လား


**********************


``ထီပေါက်`` ဖို့ မျှော်လင့်သလို၊ ``ငါသေနိုင်တယ်``လို့လည်း မျှော်လင့်သင့်တယ်။

``ထီပေါက်ဖို့က မသေချာ`` ဖူးနော်…။

``ငါသေဖို့က သေချာ``တယ်…။

``ထီပေါက်ရင် ဘာလုပ်မယ်`` လို့ တွေးထားသလို….

``ငါသေရင် ဘာဖြစ်မယ်`` လို့ တွေးကြည့်စေချင်ပါတယ်…။

ကိုယ့်လက်ထဲမှာတော့ ထိုးထားတဲ့ ထီလက်မှတ်တွေ ကိုင်ပြီး ရင်ခုန်မျှော်လင့်နေကြတယ်။

ဒီလိုပါပဲ…

ကိုယ့်ဘဝထဲမှာတော့ ကိုယ်ကိုယ်တိုင် ပြုမူထားတဲ့ အကောင်းအဆိုး၊ အဖြူအမည်း။ ကုသိုလ်.. အကုသိုလ်တွေနဲ့….။

*****************



ကဲစာဖတ်သူ အွန်လိုင်းမှ မိတ်ဆွေ သူငယ်ချင်း အပေါင်းတို့ရေ… သင်တို့ရော ထီထိုးပြီးတိုင်း ဒီတစ်လ မပေါက်ရင် နောက်တစ်လ တော့ ပေါက်နိုင်တယ်ဆို တွေးပြီး စိတ်ကူးယဉ် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားကြသလို………

သူတော့ သေသွားပြီ… နောက်တစ်ခါ ငါ့အလှည့်များ ဖြစ်လေမလား ဆိုတာကိုတော့… တွေးထားတဲ့သူတွေလည်း တွေးမိကြတဲ့သူတွေ ရှိကြသလို.. လုံးဝ မစဉ်းစားမိတဲ့သူတွေလည်း ရှိကြပါလိမ့်မယ်။ ဒါကြောင့် ဒီစာလေးကို ဖတ်မိပြီး အဲဒီအတွေလေးတွေ တွေးမိအောင် သတိတရား ရစေချင်တဲ့ ဆန္ဒနဲ့ အွန်လိုင်းပေါ်သို့ ပြန်လည် မျှဝေပေးလိုက်ရခြင်ဖြစ်ပါတယ် ခင်ဗျာ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီစာစုလေးတွေ ဖတ်မိပြီး ကိုယ့်ကိုယ်ကိုယ် သတိဖော်ပေးသလိုဖြစ်မိလို့လည်း ဒီစာစုမျိုးလေးတွေ ရေးပေး၊ တွေးပေးသော ဆရာကိုလည်း အထူးကျေးဇူး တင်ရှိပါကြောင်း ဒီနေရာကနေမှ တစ်ဆင့် ပြောကြားလိုက်ပါတယ်။


ဒီ `` ထီ `` ဆိုသော စာစုလေး များကို ဆရာဦးဘုန်း၏ `` အဖေ့အိမ်`` စာအုပ်မှ ခေါင်းစဉ်လေးကို အွန်လိုင်းမှ စာပေချစ်သူ တွေအတွက် ပြန်လည် မျှဝေပေးလိုက်ရခြင်း ဖြစ်ပါတယ်။ ဆရာ ဦးဘုန်း(ဓာတု)ရဲ့ ကိုယ်ပိုင် ဆိုဒ် တွင်လည်း သွားရောက် ဖတ်နိုင်ပါတယ် ဆိုတဲ့ အကြောင်းလည်း သတင်းပေးလိုက်ရပါတယ်။

ခင်မင်စွာဖြင်...
ဇော်သိင်္ခ




Tuesday, May 17, 2011

ကဆုန်လပြည့် ဗုဒ္ဓနေ့

5673887.jpg
ကဆုန်လပြည့်နေ့သည် ဗုဒ္ဓနေ့ဖြစ်သည် ။ ထိုနေ့သည် လွန်ခဲ့သော နှစ်ပေါင်း ၂၅၅၅ ခုနစ် မဟာသက္ကရာဇ် ၁၀၃ -ခုနှစ် ကဆုန်လပြည့်နေ့၌ ဗုဒ္ဓမြတ်စွာ ဘုရား ပွင့်တော်မူသောနေ့ဖြစ်သည်။  ထိုနေ့ ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူသည်ကို အာရုံပြုပြီး ဗုဒ္ဓဘာသာဝင် များအားလုံးသည် ဘုရားပွင့်တော်မူရာ ပရိဘောဂစေတီဖြစ်တော်မူသော ဗောဓိညောင်ပင်ကို ရေသွန်းလောင်း ပူဇော်ကြခြင်း ပြုလုပ်လေ့ရှိသည်။  ထိုသို့ ပူဇော် ရေလောင်းခြင်း ပြုလုပ်ကြရာမှ ညောင်ရေသွန်း ပွဲတော် ဖြစ်ပေါ်လာရခြင်းဖြစ်လေသည်။ ကဆုန်လပြည့်နေ့ကို ညောင်ရေသွန်း ပွဲတော်နေ့ အဖြစ် သတ်မှတ်ကြသည့် အပြင် ထိုနေ့ကို နေ့ထူးနေ့မြတ် ဗုဒ္ဓနေ့ အဖြစ်လည်း ခေါ်ကြသည်။ နေ့ထူးနေ့မြတ်ဖြစ်ရခြင်း အကြောင်းမှာ … ကဆုန်လပြည့်သည်…
၁။ ဘုရားအလောင်း သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်း၌ ဗျာဒိတ်တော် ခံယူတော်မူသောနေ့သည် ကဆုန်လပြည့်နေ့ဖြစ်သည်။
၂။ မြတ်စွာဘုရား ဖွားမြင်တော်မူသော နေ့သည်လည်း ကဆုန်လပြည့်နေ့ဖြစ်သည်။
၃။ ဘုရားအဖြစ်သို့ ရောက်တော် မူသော(ပွင့်တော်မူသော)နေ့သည်လည်း ကဆုန်လပြည့်နေ့ဖြစ်သည်။
၎။ ဘုရားဖြစ်တော်မူပြီးနောက် ဗုဒ္ဓဝင် အကျဉ်းကို ဟောတော်မူသော နေ့သည်လည်း ကဆုန်လပြည့်နေ့ဖြစ်သည်။
၅။ ထိုနောက် နောက်ဆုံး မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူသောနေ့ သည်လည်း ဒီနေ့ ကဆုန်လပြည့် အင်္ဂါနေ့ ဖြစ်တော်မူလေသည်။
ထိုသို့ ဗုဒ္ဓမြတ်စွာဘုရား ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ ဖြစ်ကြောင်းကို ဗုဒ္ဓဝင် အကျဉ်းချုပ်အနေနဲ့ နှင့် ရေးသား ဖော်ပြလိုက်ရပါသည်။

ဗုဒ္ဓဝင်အကျဉ်းချုပ်
၁။ ဂေါတမ ဘုရားအလောင်းတော်သည် ဤဘဒ္ဒကမ္ဘာမှ ပြန်၍ ရေတွက်သည်ရှိသော် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ သုမေဓာရသေ့ ဖြစ်ခဲ့လေသည်။
၂။ သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်း၌ ကိုယ်တော်တစ်ဦးတည်း နိဗ္ဗာန်ချမ်းသာကို ရယူနိုင်သော်လည်း သြဃလေးဖြာ သံသရာ၌ နစ်မွန်းမျောပါကုန်သော ဝေနေယျသတ္တဝါအပေါင်းတို့ကို သနားကြင်နာတော်မူလှသဖြင့် ယူတော်မမူခဲ့ပေ။
၃။ သုမေဓာရှင်ရသေ့ဘဝမှ ဝေဿန္တရာမင်း ဘဝတိုင်အောင် မရေမတွက်နိုင်သော ဘဝများစွာတို့၌-
            (၁) ရွှေ၊ ငွေ၊ ဆင်၊ မြင်း အစရှိသည်ကို လှူခြင်း ဒါနပါရမီ၊
            (၂) ခြေ၊ လက်၊ နား၊ နှာခေါင်း အစရှိသည်ကို လှူခြင်း ဒါနဥပပါရမီ ၊
            (၃) ကိုယ့်အသက်ကို လှူခြင်း ဒါနပရမတ္တပါရမီ ၊
၎။ ထို့အပြင် အလွန် စွန့်နိုင်ခဲစွာသော -
            (၁) ပဒေသရာဇ်၊ ဧကရာဇ်၊ စကြာမင်းတို့၏စည်းစိမ်ဥစ္စာ ရတနာကို စွန့်ခြင်း ဓနပရိစ္စာဂ၊
            (၂)သားသမီးကို စွန့်ခြင်း ပုတ္တပရိစ္စာဂ၊
            (၃) မယားကို စွန့်ခြင်း ဘရိယပရိစ္စာဂ၊
            (၄) ခြေ၊ လက်၊ နား၊ နှာခေါင်း အစရှိသည့် အင်္ဂါကြီးငယ်ကို စွန့်ခြင်း အင်္ဂပရိစ္စာဂ၊
            (၅) ကိုယ့်အသက်ကို စွန့်ခြင်း ဇီဝိတပရိစ္စာဂ
ဟု ဆိုအပ်သော စွန့်ခြင်းကြီး ငါးပါးကို ဖြည့်စွန့်တော်မူခဲ့လေသည်။
၅။ ဤသို့ ဘဝများစွာ သံသရာကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့ပြီးနောက် ဘုရားအလောင်းတော်သည် တုသိတာ နတ်ပြည်၌ သေတကေတုမည်သော နတ်သား ဖြစ်ခဲ့လေသည်။ နတ်သားဖြစ်စဉ် စကြဝဠာတိုက်တစ်သောင်းမှ နတ်၊ ဗြဟ္မာ အပေါင်းတို့က ``ဘုရားဖြစ်ချိန် တန်ပါပြီ၊ လူ့ပြည်သို့ ဆင်း၍ ဘုရားဖြစ်တော်မူပါ`` ဟု ဘုရားအလောင်းတော်ကို တောင်းပန်လေသည်။
၆။ သို့ဖြစ်၍ ဘုရားအလောင်းတော် သေတကေတုနတ်သားသည် -
            (၁) ကာလ=ဘုရားဖြစ်ရာ အချိန်ကာလ၊
            (၂) ဒီပ=ဘုရားဖြစ်ရာ ကျွန်းအရပ်၊
            (၃) ဒေသ=ဘုရားဖြစ်ရာ အရပ်ဒေသ၊
            (၄) ကုလ=ဘုရားဖြစ်ရာ အမျိုးအနွယ်၊
            (၅) မတုအာယုပရိစ္ဆေဒ=ဘုရားအလောင်းတော်၏ မယ်တော်ဖြစ်မည့်သူ၏ သက်တမ်းအပိုင်းအခြား
ဟူသော ကြည့်ခြင်းကြီး ငါးပါးတို့ကို ကြည့်ရှု့တော်မူလေသည်။
၇။ ယင်းသို့ ကြည့်ရှု့တော်မူပြီးနတ်အဖြစ်မှ စုတေကာ မဟာသက္ကရာဇ်  ၆၇-ခု၊ ဝါဆိုလပြည့် ကြာသာပတေးနေ့၌ ကပိလဝတ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနမင်းကြီး၏ တောင်ညာဒေဝီမိဖုရားကြီး မယ်တော်မာယာဝမ်း၌ ပဋိသန္ဓေ တည်နေလေသည်။
၈။ ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့် သောကြာနေ့ဝယ် ဒေဝဒဟပြည်နှင့် ကပိလဝတ်ပြည်၏ အကြားရှိ လုမ္ဗိနီသာမော အင်ကြင်းတော၌ မယ်တော်မာယာဝမ်းမှ မီးရှူးသန့်စင် ဖွားမြင်တော်မူလေသည်။
၉။ ဘုရားအလောင်းတော်သည် ၁၆-နှစ်အရွယ် ရောက်သောအခါ ယသော်ဓရာ မင်းသမီးနှင့် ထိမ်းမြားလက်ထပ်၍ မင်းစည်းစိမ်ကို ခံစားလေသည်။
၁၀။ ၂၉-နှစ်အရွယ် ရောက်သောအခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်မူသဖြင့် တောထွက်၍ ရဟန်းပြုလေသည်။
၁၁။ ဘုရားအလောင်းတော်သည် အလွန်ပြုနိုင်ခဲသောဒုက္ကရစရိယာအကျင့်ကို ရဟန်းအဖြစ်နှင့် ၆-နှစ်ပတ်လုံး ကျင့်တော်မူခဲ့လေသည်။
၁၂။ ထို့နောက် ဘုရားအလောင်းတော်သည် သုဇာတာမည်သော သူဌေးသမီး လှူဒါန်းအပ်သော နို့ဃနာဆွမ်းကို အဇပါလညောင်ပင်ရင်း၌ အလှူခံ ဘုဉ်းပေးပြီး မဟာဗောဓိပင်သို့ ကြွသွားတော်မူလေသည်။
၁၃။ သုဒ္ဓိယငစင် မြက်ထမ်းသမား(မြက်ရိတ်လုလင်)သည် မဟာဗောဓိပင်သို့ ကြွလာသော ဘုရားအလောင်းတော်အား မြက်ရှစ်ဆုပ်ကို လှူဒါန်းလေသည်။
၁၄။ ဘုရားအလောင်းတော်သည် သုဒ္ဓိယငစင် လှူဒါန်းအပ်သော မြက်ရှစ်ဆုပ်ကို ကြဲဖြန့်လိုက်သောအခါ ထိုခဏဝယ် မြက်ရှစ်ဆုပ်သည် မဟာဗောဓိပင်ရင်း၌ အပရာဇိတပလ္လင် ဖြစ်လာလေသည်။ (ထိုမြက်တို့သည် မြက်ရိပ်အသွင်သဏ္ဌန်ဖြင့် မတည်ကြကုန်)။
၁၅။ ဘုရားအလောင်းတော်သည် ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူစဉ် နေမဝင်မီ ဒေဝပုတ္တမာရ် (မာရ်နတ်ရန်)ကို အောင်မြင်တော်မူ၍ ညဥ့်ဦးယာမ်၌ ရှေးက နေခဲ့(ဖြစ်ခဲ့)ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့တက်သိတက်သော ``ပုဗ္ဗေနိဝါသာနုဿတိဉာဏ်``ကို ရတော်မူလေသည်။ သန်းခေါင်ယံ၌ နတ်တို့၏ မျက်စိနှင့်တူသော စုတေခါနီးသော သတ္တဝါ စသည်တို့ကို မြင်တက်သော ``ဒိဗ္ဗစက္ခုဉာဏ်`` ကို ရတော်မူလေသည်။
မိုးသောက်ယံ၌ အာသဝေါတရား လေးပါးတို့၏ ကုန်ခြင်းကို ပြုတက်သော ``အသဝက္ခယဉာဏ်``ကို ရတော်မူ၍ သက်တော်(၃၅)နှစ်အရွယ် မဟာသက္ကရာဇ် ၁၀၂-ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယံအချိန်ဝယ် လောကသုံးပါးတွင် အတုမရှိသော သဗ္ဗညူဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။
၁၆။ သုံးလူ့သခင် သဗ္ဗညူဘုရားရှင်သည် ၄၅-ဝါ ကာလပတ်လုံး ဝေနေယျသတ္တဝါတို့အား ဓမ္မစကြာ စသည့်တရားတို့ကို ဟောပြတော်မူကာ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့၏ အကျိုးစီးပွားကို  ဆောင်ရွက်တော်မူခဲ့လေသည်။
၁၇။  ၄၅-ဝါ ကာပတ်လုံး သတ္တဝါတို့၏ အကျိုးစီးပွားကို မနားမနေ ဆောင်ရွက်တော်မူခဲ့သော သဗ္ဗညူဘုရားရှင်သည် သက်တော် (၈၀)အရွယ် ရောက်သောအခါ မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့် အင်္ဂါနေ့ဝယ် ကုသိနာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ်၌ ပရိနိဗ္ဗာန် စံဝင်တော်မူလေသည်။

ဤကား မဟာဗုဒ္ဓဝင် ၏ အကျဉ်းချုပ်မျှသာ ဖြစ်ပါသည်။ ယခုနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့သည် ၊  အင်္ဂါနေ့ဖြစ်သည့် အတွက် ကျွန်တော်တို့၏ ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူသော အင်္ဂါနေ့နှင့် တိုက်ဆိုင်သော နေ့ဖြစ်လေသည်။ ဒီနေ့ ဒီရက်တွင် မြန်မာ ဗုဒ္ဓဘာသာ ဝင်အားလုံးတို့သည် မဟာဗောဓိညောင်ပင်ရင်း၌ ညောင်ရေသွန်းပွဲတော်များကို ပျော်ပျော်ပါးပါး ကျင်းပကြခြင်း၊ ဘုရားကျောင်းကန် များသို့ သွားရောက်၍ ဘုရားလှည့်လည် ဖူးမြော်ကြခြင်းများ ပြုလုပ်ကြပြီး ကုသိုလ်ယူ ဆင်နွှဲခဲ့ကြကြောင်း ရေးသား ဖော်ပြလိုက်ရပေသည်။
မှတ်ချက်။  ။ဗုဒ္ဓဝင်အကျဉ်းချုပ်ကို ဗုဒ္ဓဘာသာကောင်းတစ်ယောက်အကြောင်း စာအုပ်မှ  ရေးသားဖော်ပြခြင်း ဖြစ်သည်။

ခင်မင်စွာဖြင့်
ဇော်သိင်္ခ


Monday, May 9, 2011

ဗုဒ္ဓသစ္စာ မြတ်ဓမ္မာ

5624094.png


``အနာဂတ်၌ တစ်ကမ္ဘာလုံးကိုးကွယ်သောဘာသာကြီးတစ်ခု  ဖြစ်ပေါ်လာလတ္တံ့။ ထိုဘာသာကြီးသည် လောက ဓမ္မဆိုင်ရာ ပြဿနာ တို့ကိုလည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာပြဿနာတို့ကိုလည်းကောင်း ကောင်းစွာ ဖြေရှင်းနိုင်လတ္တံ့၊ လူသားအားလုံး၏ လောကအတွေ့အကြုံ၊ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ အတွေ့အကြုံတို့သည် အကျိုးယုတ္တိ လျော်ကန်သင့်မြတ်စွာ ပေါင်းစပ်ပြီး မှန်ကန်သော အသိပညာကိုသာ အခြေခံ၍ ထိုဘာသာကြီးသည် ပေါ်ထွန်းလတ္တံ့။

ဗုဒ္ဓဘာသာသည် ထိုဘာသာကြီး၏ အဖြေကိုပေးခဲ့ပြီး ဖြစ်ပါသည်။ အကယ်၍ ကမ္ဘာပေါ်တွင် မျက်မှောက် သိပ္ပံ၏ လိုအပ်ချက်များကို ဖြေရှင်းပေးနိုင်သည့် ဘာသာတရားတစ်ခုရှိသည်ဆိုလျှင် ၄င်းဘာသာသည် ဗုဒ္ဓဘာသာမှလွဲ၍ တခြားမရှိနိုင်ပေ။``

အိုစတိုင်း နှစ်ဆယ်ရာစု အထင်ရှားဆုံးသိပ္ပံပညာရှင်ကြီး

``သမိုင်းစဉ်တစ်လျှောက်ရှိ ဘာသာကြီးများအနက် ကျွန်ုပ်သည် ဗုဒ္ဓဘာသာကို ပို၍နှစ်သက်ပါသည်။ ဗုဒ္ဓဘာသာသည် သိပ္ပံ၏ နည်းစနစ်ကျနမှုမျိုးစုံရှိပြီး ဓမ္မဓိဠာန်ကျကျ သုံးသပ်လက်ခံသည့် ဆင်ခြင်ဉာဏ်နေရာမျိုးကိုလည်း ဗုဒ္ဓဘာသာက မွှေနှောက်ရှင်းပြနိုင်ကြောင်း တွေ့ရပါသည်။ တကယ်တော့မူ သိပ္ပံ၌ ကိရိယာတန်ဆာပလာ ကန့်သတ်ချက်၇ှိနေရာ ဘောင်ကျဉ်းတစ်ခုအတွင်းသာ အစွမ်းပြနိုင်ပါလိမ့်မည်။ သိပ္ပံဘောင်က မဆိုက်ရောက်နိုင် သည့် စိတ်ဝိညာဉ်၏ အရေးအခင်းများနှင့် ပတ်သက်၍မူ ဗုဒ္ဓတရားတော်သည် အောင်လံလွှင့်သိမ်းပိုက်ပြီး ဖြစ်ပါသည်။``

ဘထရန်ရပ်ဆဲလ်နိုဗယ်ဆုရှင်နှင့် နှစ်ဆယ်ရာစု၏ အထင်ရှားဆုံးဒဿနိကပညာရှင်

``ကျွန်ုပ်သည် ဘာသာအယူဝါအမျိုးမျိုးကို ကျောင်းတော်သားတစ်ဦးအဖြစ် လေ့လာဖူးပါ၏။ ကျွန်ုပ်ယုံကြည်ပါသည်။ ကမ္ဘာလောကကြီးက လက်ဆောင်အဖြစ် ရရှိခဲ့သောအရာတို့အနက် ဗုဒ္ဓဝါဒထက်ပြည့်စုံသော အရာဟူ၍ မရှိနိုင်ပါ။ လူသားတို့၏ ကနဦးအစနှင့် ဆင့်ကဲဖြစ်စဉ်ဗေဒ၊ ကံ၊ ကံ၏အကျိုးနှင့်စပ်လျဉ်းသော ဗုဒ္ဓ၏အတွေးအခေါ်သည် မည်သည့်ဝါဒကမှ လိုက်၍မမီအောင် အထက်တန်းကျလှပါသည်။ ကျွန်ုပ်၏ အလုပ်မှာ စိတ်ဝေဒနာခံစားနေရခြင်းကို ကုသပေးရသော အလုပ်ပင်ဖြစ်ပါသည်။ ထိုအလုပ်သည်ပင် ကျွန်ုပ်အား ဗုဒ္ဓ၏ အမြင်နှင့် သြဝါဒနည်းလမ်းများကို အကျွမ်းတဝင် ဖြစ်လာစေရန် တိုက်တွန်းပေးသော အဓိကအကြောင်းအရာ ဖြစ်ပါသည်။ ဗုဒ္ဓဝါဒဆိုသည်မှာလည်း ဇရာ၊အနာရောဂါနှင့် သေခြင်းတရားတို့၏ ဒုက္ခသံကြိုးကွင်းဆက်ကြီးမှ လွတ်မြောက်ရေးပင်မဟုတ်ပါလော``

ဒေါက်တာစီ၊ ဂျီ၊ ဂျွမ်း ခေတ်သစ်စိတ်ပညာရှင်       


ဤကား ထင်ရှားသော ပညာရှင်ကြီးများ၏ ဗုဒ္ဓ၏အယူဝါဒ တစ်နည်းအားဖြင့် ဗုဒ္ဓဝိဘဇ္ဇဝါဒအပေါ် ကြည်ညိုမှုသဒ္ဓါ ပြည့်ဝစွာဖြင့် ဗုဒ္ဓဂုဏ်တော်ကို ပုံဖော်ပူဇော်မှုသာ ဖြစ်ပေသည်။ အမှန်မှာ ဗုဒ္ဓသည် မဟာကရုဏာရှင်ပင် ဖြစ်သည်။ ဗုဒ္ဓ၏မဟာကရုဏာတော်သည် စကြာဝဠာအနန္တ ဖြန့်ကြက်သိမ်းကျုံး ဖုံးလွှမ်းခဲ့၏။ အင်းဆက်ပိုးမွှားမှအစ သတ္တဝါမှန်သမျှ ကြီးငယ်ရွယ်လတ် ညီတူမျှတူ အခွင့်အရေးမျှစွာ ခံယူရရှိစေသည်သာဖြစ်၏။ ဗုဒ္ဓသည်စစ်ရေးထက် ငြိမ်းချမ်းရေးကိုသာ လိုလားတော်မူခဲ့သည်။ ပထမ ရောဟဏီမြစ်ရေ အရေးအခင်းတွင် နှစ်ပြည်ထောင်သွေးချောင်းစီးမှု မဖြစ်အောင် စေ့စပ်ဖြန်ဖြေပေးတော်မူခဲ့သည်မှာ အကြမ်းမဖက်ငြိမ်းချမ်းမှုသက်သက်ကိုသာ ရှေးရှုကြောင်းမှာ ပမာပြ သာဓက ထင်ရှားလှပေပြီ။ ဗုဒ္ဓသည် ဤသို့သာပင် ဆုံးမတော်မူခဲ့သည်။


``အောင်နိုင်သူ၌ အမုန်းတရားဟူသော ဗျာပါဒသည်ပွားစီး၏။ ရှုံးနိမ့်သူအား ပရိဒေဝမီးသည်လောင်မြိုက်၏။ ဤလောက၌ အောင်မြင်ခြင်းကိုရော၊ ရှုံးနိမ့်ခြင်းကိုပါ ယတိပြတ်စွန့်လွှတ်နိုင်သူသာလျှင် အမှန်တကယ် ပျော်ရွှင်ချမ်းမြေ့နိုင်သူဖြစ်ပေ၏။`` ဟူ၍ပင် ဖြစ်၏။ မှန်ပါသည်။ အတိုက်အခိုက်ဆိုသည်မှာ အစွဲအလမ်းကြီးမှု၏ ရလဒ်ပင်ဖြစ်ပြီး အနိုင်အရှုံးဖြင့် အဆုံးသတ်ရသည်ပင်ဖြစ်၏။ ဗုဒ္ဓဘာသာသည် မည်သည့်စွဲလမ်းမှုကိုမှ လက်မခံ ငြင်းပယ်သည့်တစ်ခုတည်းသော ဘာသာဖြစ်သည်။

ဗုဒ္ဓရှင်တော်မြတ်သည် ဒုက္ခငြိမ်းကြောင်း တရားကောင်း၊ တရားထူးကို ပိုင်နိုင်စွာရရှိထား၏။ သတ္တဝါတို့ကို ရှု့စားတော်မူ သောအခါ မဆုံးနိုင်အောင်ခံရမည့် သံသရာဒုက္ခတို့ကိုမြင်ရ၍ လွန်စွာကရုဏာသက်ကာ ကယ်တင်တော်မူလိုသော ဆန္ဒဖြစ်တော်မူ၏။ သတ္တဝါများအပေါ်ဝယ် တကယ်ကောင်းစားချမ်းသာစေလိုသော မဟာကရုဏာရှင် ပညာရှင်ဖြစ်တော်မူသော မြတ်စွာဘုရားသည် လာဘ်လာဘ၊ အကျော်အစော စသည်တို့ကို ဘယ်မှာလိုလားငဲ့ကွက်ပါအံ့နည်း။ သတ္တဝါများအတွက် အကောင်းဆုံးအကျိုးစီးပွားကို ပေးသနားလိုသည်သာ ဖြစ်၏။ နိဗ္ဗာန်ထက်ပို၍ ကောင်းမြတ်သောအကျိုးစီးပွားဟူ၍ မရှိတော့ပေ။ ထို့ကြောင့် ရှင်တော် ဘုရားတရားဟော ရခြင်းမှာ နိဗ္ဗာနဓာတ် အမြတ်ဆုံးအကျိုးစီးပွားအလို့ငှါသာ ဖြစ်၏။

ထို့ကြောင့် ဗုဒ္ဓရှင်တော်မြတ်၏ ဒေသနာတော်သည် ကိလေသာစင်ကြယ်ရန် နိဗ္ဗာန်အလို့ငှါ ဖြစ်၏။ ထိုနိဗ္ဗာန်သို့ရောက်ကြောင်းလမ်းကား ``ဧကာယနော မဂ္ဂေါ`` အရ တစ်လမ်း၊ တစ်ကြောင်းတည်းသာ ဖြစ်၏။ ထိုလမ်းကိုလိုက်ရေး၌ ဝေနေယျတို့၏ အဇ္ဈာသယအလိုက် နည်းအမျိုးမျိုးဖန်ကာ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊ သတိပဠာန်၊ သမ္မပ္ပဓာန်စသော နည်းအမျိုးမျိုးတို့ဖြင့် ဟောတော်မူခဲ့သည်မှာ အလွန်ဝေဝေဆာဆာရှိလှ၏။

အဓိကအားဖြင့်  ဗုဒ္ဓဟောကြားမြတ်တရားကား အရိယသစ္စာတည်း။ အရိယသစ္စာဟူသည်ကား ဤသို့ပင် အဓိပ္ပာယ်အားဖြင့် ဖွင့်ဆို၏။ အရိယ=မချွတ်မယွင်းသော၊ မှန်ကန်သော၊ သစ္စ=သစ္စာ၊ အရိယသဒ္ဒါကား မချွတ်မယွင်း၊ မှန်ကန်သောအနက်ကိုဟောရာ မှန်ကန်သော၊ မမှားသောသစ္စာဟု အနက်ရသည်။ မျက်လှည့်သမား တို့သည် ခဲကိုရွှေလုပ်ပြ၏။ မသိသူတို့က အဟုတ်ရွှေမှတ်ရ၏။ သမ္မုတိပညတ်များကား ထိုမျက်လှည့်ကဲ့သို့ပင် တကယ်အဟုတ်မရှိဘဲ မဟုတ်ကို အဟုတ်ထင်သည့် မသိသူတို့၏ ထင်မြင်မှုသာဖြစ်၏။

သစ္စာတရားတို့သည်ကား ပညာမျက်စိဖြင့်ကြည့်သော် တကယ်ရှိသော တရားများအဖြစ်တွေ့ရ၍ မျက်လှည့်ကဲ့သို့ အမှားမဟုတ်။ အမှန်သင်္ကေတများသာ ဖြစ်ကြ၏။ တံလျှပ်သည်မသိသူတို့အဖို့ ရေထင်မှတ်ရသော်လည်း အမှန်တကယ်အသိဖြင့် ကြည့်သောအခါ ထင်တိုင်းမဟုတ်။ ဘာမှမတွေ့ရ။ တိတ္ထိတို့၏ ကြံဆအပ်သော အာဏာရှင်အတ္တသည် ဉာဏ်ဖြင့်ကြည့်က တံလျှပ်ပမာ ဘာမျှမဟုတ်သောအရာ ဖြစ်၏။ ဒုက္ခသစ္စာ (ဆင်းရဲ အမှန်ရုပ်နာမ်)သည်လည်းကောင်း၊ သမုဒယသစ္စာ (ဆင်းရဲဖြစ်ကြောင်းအမှန်တဏှာ)သည်လည်းကောင်း၊ ဝိပဿနာဉာဏ်ဖြင့် အမှန်တွေ့ရသောတရားများ ဖြစ်၏။ နိရောဓသစ္စာ(ချုပ်ငြိမ်းခြင်းအမှန်နိဗ္ဗာန်)မှာ မဂ်ဉာဏ်ရလျှင် တကယ်အမှန်ရှိသောတရားဟု သိရှိခံစားရမည်ဖြစ်သည်။ မဂ္ဂသစ္စာ(နိဗ္ဗာန်ရောက်ကြောင်းအမှန် မဂ္ဂင်ရှစ်ပါးတရား)မှာ မိမိသန္တာန်၌ အထင်အရှားဖြစ်လာသောတရားဖြစ်ရာအမှန်ရှိသော တရားဖြစ်မှာ ဆိုဖွယ်ရာ မရှိတော့ပေ။ ထို့ကြောင့် အရိယသစ္စာမှန်ကန်သော သစ္စာများဟု ဆိုရ၏။

တစ်နည်းအားဖြင့် အရိယသဒ္ဒါမှာပရိသုဒ္ဓ=စင်ကြယ်သောအနက်ကို  ဟောရာ စင်ကြယ်သော ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ သဝကတို့ကို အရိယဟု ဆိုရ၏။ သစ္စာလေးပါးသိမှ ထိုအရိယအဖြစ်မျိုး ရမြဲဖြစ်ရာ အရိယာတို့သိအပ်သော သစ္စာဟုလည်း အနက်ဖွင့်ပြန်၏။

လောက၌ မြတ်စွာဘုရားသည် အရိယမည်ကောင်းဟောသောပါဠိအရ ဘုရားရှင်သည် အရိယအမည်ရခဲ့ရာ အရိယဖြစ်သော ဘုရားရှင်၏သစ္စာဟုလည်း အနက်ဆိုရပြန်သည်။ မြတ်စွာဘုရားသည် ဆရာမရှိ။ မိမိကိုယ်တိုင် ထိုးထွင်းသိပြီးနောက် ဝေနေယျတို့အား ဟောပြ၏။ ဘုရားဟောပြ၍ သာဝကများ သိကြရ၏။ ထို့ကြောင့် ဘုရား၏သစ္စာဟု ဆိုရ၏။

ဤသစ္စာများသိမှ အရိယာဖြစ်ရသည်ဖြစ်ရာ အရိယာအဖြစ်ကို ပြီးစေတက်သောသစ္စာဟုလည်း ဆိုနိုင်၏။

သစ္စာကိုသိရာ၌ အနုဗောဓသိ၊ ပဋိဝေဓသိဟု နှစ်မျိုးရှိ၏။ ဆရာများထံမှဖြစ်စေ၊ ကျမ်းဂန်မှဖြစ်စေ မိမိဉာဏ်ဖြင့် နှစ်သက်ဆုံးဖြတ်ခြင်းများကို အနုဗောဓသိဟု ဆို၏။ အနု=ထပ်တလဲလဲ၊ ဗောဓ=သိခြင်း။ သိမှုမပြီးသေး၍ ထပ်ကာထပ်ကာသိနေရခြင်းဟု ဆိုလိုသည်။

ထိုသို့သိမှုမပြီးသေး၍ ထပ်တလဲလဲသိနေရခြင်းမဟုတ်ဘဲ တစ်ကြိမ်းတည်းနှင့် ထွင်းဖောက်သိခြင်းကို မဋိဝေဓသိဟု ဆိုသည်။ မဂ်ဉာဏ်၏သိခြင်းပင် ဖြစ်သည်။ မဂ်ဉာဏ်သည် ကိစ္စအားဖြင့် သစ္စာလေးပါးကိုတစ်ပြိုင်တည်းသိ၏။ ဒုက္ခကိုပိုင်းခြားခြင်း၊ သမုဒယကိုပယ်ခြင်း၊ နိရောဓကိုမျက်မှောက်ပြုခြင်း၊ မဂ္ဂပွားခြင်းဟု ကိစ္စလေးပါးရှိရာ ထိုကိစ္စလေးပါးကို တစ်ပြိုင်တည်းပြုခြင်းဖြင့် မဂ်ဉာဏ်အား သစ္စာလေးပါးထင်ရှားလာရသည်။ သင်္ခါရတို့ကို မလွှတ်နိုင်သေးသော ဉာဏ်များမှာဤကိစ္စလေးချက်ကို တစ်ပြိုင်တည်းမပြုနိုင်သေးပါ။ မဂ်ဉာဏ်ကမူ သင်္ခါရတွေကို လွှတ်ကာသင်္ခါရတို့ကင်းရာကို အာရုံပြုနိုင်၍ ဤလေးချက်ကို တစ်ခါတည်းပြုနိုင်ခြင်း ဖြစ်၏။ မှန်ပါသည်။ မဂ်ဉာဏ်ဖြစ်ရန် ပုဗ္ဗဘာဂဝိပဿနာမဂ်ကို ပွားရသည်ဖြစ်ရာ ထိုပုဗ္ဗဘာဂမဂ်သည် ဒုက္ခကိုသိလျက် သမုဒယကိုပယ်လျက်ရှိ၏။ သို့သော် မိမိ၏မဂ္ဂဘာဝနာ(မဂ်ကိုမိမိသန္တာန်၌ ဖြစ်စေခြင်း) လည်း မပြည့်စုံ၊ အပြီးမသတ်သေး၍ နိဗ္ဗာန်ကိုမမြင်ရသေးပါ။ ဒုက္ခသိမှု၊ သမုဒယပယ်မှုကလည်း အပြီးမသတ်သေး၍ ကိစ္စမပြီးသေး။ မဂ်ရောက်မှ အားလုံးကိစ္စပြီးရာ မဂ်က သိမှုကိစ္စပြီးသောအားဖြင့် အားလုံးကို တစ်ပြိုင်တည်း မတွေမဝေ ရှင်းလင်းစွာ သိနိုင်တော့သည်။

ဤ၌ ဒဿနဟူသည် အနုဗောဓအသိမဟုတ်။ မဋိဝေဓအသိဖြစ်သောမဂ်၏ဖောက်ထွင်းမြင်ခြင်းပင်တည်း။ သစ္စာလေးပါးမြင်ရခြင်းထက် ထူးခြားသောကောင်းမှုမျိုး မရှိနိုင်ပါ။ လွန်စွာအကျိုးကြီးမြတ်လှသော သစ္စာသိရခြင်းမှာ တန်ဖိုးအနဂ္ဃ ဖြတ်မရသည့်အပြင် မဂ္ဂဘာဝနာကို ပွားများသူသည် မဂ်အခိုက်၌ အငြိမ်းဓာတ်ကို ဆိုက်တွေ့ရ၏။ ထိုအခိုက်၌ပင် ခန္ဓာချုပ်ငြိမ်းမှု၊ ခန္ဓာကိုဖြစ်စေတက်သော အဘိသင်္ခါရဝိညာဉ်တို့၏ ချုပ်ငြိမ်းမှုများလည်း ပြီးစီး၏။ ထိုအငြိမ်းဓာတ်ကား ပျောက်သွားသည်မရှိ။ ထာဝစဉ်တည်နေတော့၏။ ဤသည်ကို နိဗ္ဗာန်ချမ်းသာဟု ဆို၏။

သို့်သော် ရုပ်နာမ်သင်္ခါရတို့၏ချုပ်ငြိမ်းရာကို နိဗ္ဗာန်ဟုဆိုလျှင် ထိုချုပ်ငြိမ်းမှုကို ချမ်းသာဟု အဘယ်သို့ဆိုနိုင်မည်နည်း။ ``ငါ့ရှင်တို့… ဤနိဗ္ဗာန်ကား ချမ်းသာပေတည်း`` ဟု မိန့်တော်မူသောအရှင်သာရိပုတ္တရာမထေရ်ကို အရှင်ဥဒါယီက ``ခံစားဖွယ်မရှိသောနိဗ္ဗာန်မှာ အဘယ်သို့သော ချမ်းသာ ဖြစ်ပါသနည်း`` ဟုမေးသော် အရှင်သာရိပုတ္တရာက ``ငါ့ရှင်.. ဤခံစားမှု ဝေဒယိတမရှိခြင်းသည်ပင် ချမ်းသာဖြစ်တော့သည်`` ဟု မိန့်တော်မူ၏။ မှန်ပေသည်။ ခံစားမှုဝေဒယိတမရှိခြင်းသည်ချမ်းသာခြင်းပင်ဖြစ်၍ တစ်နည်းအားဖြင့်နိဗ္ဗာန်ကိုသာ ညွှန်းပေတည်း။

ထို့ကြောင့်ပင် ``ဥပ္ပါဒေါ သင်္ခါရာ၊ အနုပ္ပါဒေါ နိဗ္ဗာနံ`` = ဖြစ်သော တရားမျိုးကား သင်္ခါရဖြစ်သဖြင့် နိဗ္ဗာန်မဟုတ်။ သင်္ခါရမဖြစ်သောတရားမျိုးသာ နိဗ္ဗာန်တည်း။ ဤသို့သောပါဠိအရ နိဗ္ဗာန်နှင့်သင်္ခါရတို့ကား ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက်တို့သာတည်း။ ဆန့်ကျင်ဘက်ဖြစ်သောကြောင့်ပင် အဖြစ်တရားမျိုးဖြစ်သော သင်္ခါရတို့၌ အငြိမ်းဓာတ်ကို ရှာမတွေ့ခြင်းဖြစ်သည်။ ထို့အတူ မဖြစ်တရားမျိုးဖြစ်သော နိဗ္ဗာနဓာတ်၌လည်း သင်္ခါရတို့၏ အဖြစ်သဘောမျိုး လုံးဝရှာတွေ့လိမ့်မည်မဟုတ်ပေ။ သင်္ခါရတို့ကား အဖြစ်တရားမျိုးဖြစ်၍ ဖြစ်ပေါ်မှု ဥပါဒ်ရှိ၏။ ဖြစ်တက်၍ ချုပ်မှုဘင်လည်းရှိ၏။ ဖြစ်ပြီးလျှင် ချုပ်မြဲဖြစ်၍ ၄င်းတို့ကား `` မတ=သေ`` ဓာတ်တို့သာတည်း။ နိဗ္ဗာန်ကား မဖြစ်တရားဖြစ်၍ ဖြစ်ပေါ်မှုဥပါဒ်မရှိ။ ဥပါဒ်မရှိသောကြောင့် ချုပ်မှုဘင်လည်းမရှိ။ အမြဲတမ်းမပျက်တော့ဘဲ တည်ရှိနေသော ထာဝရိနစ္စဓာတ်ဖြစ်၍ ``အမတ=မသေဓာတ်`` ဟုဆို၏။ နိဗ္ဗာန်ရလျှင် မသေရတော့ပြီ။ သို့ဖြစ်လျှင် နိဗ္ဗာန်ကား မသေခြင်း၏အကြောင်းတည်း ထို့ကြောင့်ပင် ``အမတဟေတုတာယ ဘင်္ဂဘဝတော စ အမတံ ``= မသေခြင်း၏အကြောင်းဖြစ်သောကြောင့်လည်းကောင်း၊ ဘင် မရှိသောကြောင့်လည်းကောင်း ``အမတ``မည်၏။ (နေတ္ထိအဠကထာ-၁၉၉)

ဤ၌ ``အမတ``ခေါ် ``နိဗ္ဗာန်`` ကိုသိရသည်မှာ အရမ္မဏ အာရုံပြုသောအားဖြင့်သိသော အသိမျိုးဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော ဗုဒ္ဓသည် သစ္စာလေးပါးတရားကို သိသည်။ သိစေသည်။ ဤကား ဗုဒ္ဓ၏ ဆိုလိုရင်း အဓပ္ပာယ်တည်း။ တစ်နည်းအားဖြင့် `` သဗ္ဗဓမ္ဓေ ဗုဇ္ဇျတီတိ ဗုဒ္ဓေါ``= အလုံးစုံသောတရားတို့ကို သိတော်မူသောကြောင့်လည်း ``ဗုဒ္ဓ``ဟု ဆိုနိုင်၏။ သို့သော် ``စတုသစ္စ ဝိနိမုတ္တောဓမ္ဓော နာမ နတ္တိ``= သစ္စာလေးပါးမှ လွတ်သောတရားမည်သည်မရှိ ဟူသည်အရ တရားအလားလုံးသစ္စာလေးပါး၌ ပါဝင်သည်ချည်းဖြစ်ရာ သစ္စာလေးပါးကို သိသည်ဆိုသဖြင့် တရားအကုန်သိသည်ဟူသောအနက်လည်း ပြီး၏။ သစ္စာမသိဘဲ အရိယာ ရဟန္တာ၊ ပစ္စေကဗုဒ္ဓါ၊ ဗုဒ္ဓဟူ၍ ဖြစ်သည်မရှိ။ သစ္စာအားလုံးသိခြင်းဖြင့်သာဖြစ်ကြရသည်။ နိဗ္ဗာန်သို့သာ အာရုံပြုနိုင်ကြရသည်။



ထို့ကြောင့်ပင် ဂေါတမဘုရားသာသနာ၌ သုပ္ပယုတ္တ(နည်းမှန်၊ လမ်းမှန် ကြိုးစားမှု)ရှိ၍ မဂ္ဂသမ င်္ဂီ(မဂ်၊နှင့် ပြည့်စုံသောပုဂ္ဂိုလ်) တို့ဖြစ်ကာ ကိလေသာမှလွတ်မြောက် မျက်မှောက်နိဗ္ဗာန်ပြုစေရာ၏ ဟူ၍ တိုက်တွန်းနှိုးဆော်ရင်း ဗုဒ္ဓသစ္စာ မြတ်ဓမ္မာကို သဒ္ဒါထုတ်ဖော် သရုပ်ပေါ်အောင် ပူဇော်သက္ကာ ပြုလိုက်ရပါပေတည်း။
မန္တလေး နေ့စဉ်သတင်းစာမှ ဝေဆည်သာ ရေးသား ပူဇော်သည်။
သဗ္ဗေသတ္တာ သန္တိသုခါ
ခင်မင်စွာဖြင့်...
ဇော်သိင်္ခ




 
^ထိပ်ဆုံးသို့