ကဆုန်လပြည့်နေ့သည် ဗုဒ္ဓနေ့ဖြစ်သည် ။ ထိုနေ့သည် လွန်ခဲ့သော နှစ်ပေါင်း ၂၅၅၅ ခုနစ် မဟာသက္ကရာဇ် ၁၀၃ -ခုနှစ် ကဆုန်လပြည့်နေ့၌ ဗုဒ္ဓမြတ်စွာ ဘုရား ပွင့်တော်မူသောနေ့ဖြစ်သည်။ ထိုနေ့ ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူသည်ကို အာရုံပြုပြီး ဗုဒ္ဓဘာသာဝင် များအားလုံးသည် ဘုရားပွင့်တော်မူရာ ပရိဘောဂစေတီဖြစ်တော်မူသော ဗောဓိညောင်ပင်ကို ရေသွန်းလောင်း ပူဇော်ကြခြင်း ပြုလုပ်လေ့ရှိသည်။ ထိုသို့ ပူဇော် ရေလောင်းခြင်း ပြုလုပ်ကြရာမှ ညောင်ရေသွန်း ပွဲတော် ဖြစ်ပေါ်လာရခြင်းဖြစ်လေသည်။ ကဆုန်လပြည့်နေ့ကို ညောင်ရေသွန်း ပွဲတော်နေ့ အဖြစ် သတ်မှတ်ကြသည့် အပြင် ထိုနေ့ကို နေ့ထူးနေ့မြတ် ဗုဒ္ဓနေ့ အဖြစ်လည်း ခေါ်ကြသည်။ နေ့ထူးနေ့မြတ်ဖြစ်ရခြင်း အကြောင်းမှာ … ကဆုန်လပြည့်သည်…
၁။ ဘုရားအလောင်း သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်း၌ ဗျာဒိတ်တော် ခံယူတော်မူသောနေ့သည် ကဆုန်လပြည့်နေ့ဖြစ်သည်။
၂။ မြတ်စွာဘုရား ဖွားမြင်တော်မူသော နေ့သည်လည်း ကဆုန်လပြည့်နေ့ဖြစ်သည်။
၃။ ဘုရားအဖြစ်သို့ ရောက်တော် မူသော(ပွင့်တော်မူသော)နေ့သည်လည်း ကဆုန်လပြည့်နေ့ဖြစ်သည်။
၎။ ဘုရားဖြစ်တော်မူပြီးနောက် ဗုဒ္ဓဝင် အကျဉ်းကို ဟောတော်မူသော နေ့သည်လည်း ကဆုန်လပြည့်နေ့ဖြစ်သည်။
၅။ ထိုနောက် နောက်ဆုံး မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူသောနေ့ သည်လည်း ဒီနေ့ ကဆုန်လပြည့် အင်္ဂါနေ့ ဖြစ်တော်မူလေသည်။
ထိုသို့ ဗုဒ္ဓမြတ်စွာဘုရား ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ ဖြစ်ကြောင်းကို ဗုဒ္ဓဝင် အကျဉ်းချုပ်အနေနဲ့ နှင့် ရေးသား ဖော်ပြလိုက်ရပါသည်။
ဗုဒ္ဓဝင်အကျဉ်းချုပ်
၁။ ဂေါတမ ဘုရားအလောင်းတော်သည် ဤဘဒ္ဒကမ္ဘာမှ ပြန်၍ ရေတွက်သည်ရှိသော် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ သုမေဓာရသေ့ ဖြစ်ခဲ့လေသည်။
၂။ သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်း၌ ကိုယ်တော်တစ်ဦးတည်း နိဗ္ဗာန်ချမ်းသာကို ရယူနိုင်သော်လည်း သြဃလေးဖြာ သံသရာ၌ နစ်မွန်းမျောပါကုန်သော ဝေနေယျသတ္တဝါအပေါင်းတို့ကို သနားကြင်နာတော်မူလှသဖြင့် ယူတော်မမူခဲ့ပေ။
၃။ သုမေဓာရှင်ရသေ့ဘဝမှ ဝေဿန္တရာမင်း ဘဝတိုင်အောင် မရေမတွက်နိုင်သော ဘဝများစွာတို့၌-
(၁) ရွှေ၊ ငွေ၊ ဆင်၊ မြင်း အစရှိသည်ကို လှူခြင်း ဒါနပါရမီ၊
(၂) ခြေ၊ လက်၊ နား၊ နှာခေါင်း အစရှိသည်ကို လှူခြင်း ဒါနဥပပါရမီ ၊
(၃) ကိုယ့်အသက်ကို လှူခြင်း ဒါနပရမတ္တပါရမီ ၊
၎။ ထို့အပြင် အလွန် စွန့်နိုင်ခဲစွာသော -
(၁) ပဒေသရာဇ်၊ ဧကရာဇ်၊ စကြာမင်းတို့၏စည်းစိမ်ဥစ္စာ ရတနာကို စွန့်ခြင်း ဓနပရိစ္စာဂ၊
(၂)သားသမီးကို စွန့်ခြင်း ပုတ္တပရိစ္စာဂ၊
(၃) မယားကို စွန့်ခြင်း ဘရိယပရိစ္စာဂ၊
(၄) ခြေ၊ လက်၊ နား၊ နှာခေါင်း အစရှိသည့် အင်္ဂါကြီးငယ်ကို စွန့်ခြင်း အင်္ဂပရိစ္စာဂ၊
(၅) ကိုယ့်အသက်ကို စွန့်ခြင်း ဇီဝိတပရိစ္စာဂ
ဟု ဆိုအပ်သော စွန့်ခြင်းကြီး ငါးပါးကို ဖြည့်စွန့်တော်မူခဲ့လေသည်။
၅။ ဤသို့ ဘဝများစွာ သံသရာကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့ပြီးနောက် ဘုရားအလောင်းတော်သည် တုသိတာ နတ်ပြည်၌ သေတကေတုမည်သော နတ်သား ဖြစ်ခဲ့လေသည်။ နတ်သားဖြစ်စဉ် စကြဝဠာတိုက်တစ်သောင်းမှ နတ်၊ ဗြဟ္မာ အပေါင်းတို့က ``ဘုရားဖြစ်ချိန် တန်ပါပြီ၊ လူ့ပြည်သို့ ဆင်း၍ ဘုရားဖြစ်တော်မူပါ`` ဟု ဘုရားအလောင်းတော်ကို တောင်းပန်လေသည်။
၆။ သို့ဖြစ်၍ ဘုရားအလောင်းတော် သေတကေတုနတ်သားသည် -
(၁) ကာလ=ဘုရားဖြစ်ရာ အချိန်ကာလ၊
(၂) ဒီပ=ဘုရားဖြစ်ရာ ကျွန်းအရပ်၊
(၃) ဒေသ=ဘုရားဖြစ်ရာ အရပ်ဒေသ၊
(၄) ကုလ=ဘုရားဖြစ်ရာ အမျိုးအနွယ်၊
(၅) မတုအာယုပရိစ္ဆေဒ=ဘုရားအလောင်းတော်၏ မယ်တော်ဖြစ်မည့်သူ၏ သက်တမ်းအပိုင်းအခြား
ဟူသော ကြည့်ခြင်းကြီး ငါးပါးတို့ကို ကြည့်ရှု့တော်မူလေသည်။
၇။ ယင်းသို့ ကြည့်ရှု့တော်မူပြီးနတ်အဖြစ်မှ စုတေကာ မဟာသက္ကရာဇ် ၆၇-ခု၊ ဝါဆိုလပြည့် ကြာသာပတေးနေ့၌ ကပိလဝတ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနမင်းကြီး၏ တောင်ညာဒေဝီမိဖုရားကြီး မယ်တော်မာယာဝမ်း၌ ပဋိသန္ဓေ တည်နေလေသည်။
၈။ ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့် သောကြာနေ့ဝယ် ဒေဝဒဟပြည်နှင့် ကပိလဝတ်ပြည်၏ အကြားရှိ လုမ္ဗိနီသာမော အင်ကြင်းတော၌ မယ်တော်မာယာဝမ်းမှ မီးရှူးသန့်စင် ဖွားမြင်တော်မူလေသည်။
၉။ ဘုရားအလောင်းတော်သည် ၁၆-နှစ်အရွယ် ရောက်သောအခါ ယသော်ဓရာ မင်းသမီးနှင့် ထိမ်းမြားလက်ထပ်၍ မင်းစည်းစိမ်ကို ခံစားလေသည်။
၁၀။ ၂၉-နှစ်အရွယ် ရောက်သောအခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်မူသဖြင့် တောထွက်၍ ရဟန်းပြုလေသည်။
၁၁။ ဘုရားအလောင်းတော်သည် အလွန်ပြုနိုင်ခဲသောဒုက္ကရစရိယာအကျင့်ကို ရဟန်းအဖြစ်နှင့် ၆-နှစ်ပတ်လုံး ကျင့်တော်မူခဲ့လေသည်။
၁၂။ ထို့နောက် ဘုရားအလောင်းတော်သည် သုဇာတာမည်သော သူဌေးသမီး လှူဒါန်းအပ်သော နို့ဃနာဆွမ်းကို အဇပါလညောင်ပင်ရင်း၌ အလှူခံ ဘုဉ်းပေးပြီး မဟာဗောဓိပင်သို့ ကြွသွားတော်မူလေသည်။
၁၃။ သုဒ္ဓိယငစင် မြက်ထမ်းသမား(မြက်ရိတ်လုလင်)သည် မဟာဗောဓိပင်သို့ ကြွလာသော ဘုရားအလောင်းတော်အား မြက်ရှစ်ဆုပ်ကို လှူဒါန်းလေသည်။
၁၄။ ဘုရားအလောင်းတော်သည် သုဒ္ဓိယငစင် လှူဒါန်းအပ်သော မြက်ရှစ်ဆုပ်ကို ကြဲဖြန့်လိုက်သောအခါ ထိုခဏဝယ် မြက်ရှစ်ဆုပ်သည် မဟာဗောဓိပင်ရင်း၌ အပရာဇိတပလ္လင် ဖြစ်လာလေသည်။ (ထိုမြက်တို့သည် မြက်ရိပ်အသွင်သဏ္ဌန်ဖြင့် မတည်ကြကုန်)။
၁၅။ ဘုရားအလောင်းတော်သည် ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူစဉ် နေမဝင်မီ ဒေဝပုတ္တမာရ် (မာရ်နတ်ရန်)ကို အောင်မြင်တော်မူ၍ ညဥ့်ဦးယာမ်၌ ရှေးက နေခဲ့(ဖြစ်ခဲ့)ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့တက်သိတက်သော ``ပုဗ္ဗေနိဝါသာနုဿတိဉာဏ်``ကို ရတော်မူလေသည်။ သန်းခေါင်ယံ၌ နတ်တို့၏ မျက်စိနှင့်တူသော စုတေခါနီးသော သတ္တဝါ စသည်တို့ကို မြင်တက်သော ``ဒိဗ္ဗစက္ခုဉာဏ်`` ကို ရတော်မူလေသည်။
မိုးသောက်ယံ၌ အာသဝေါတရား လေးပါးတို့၏ ကုန်ခြင်းကို ပြုတက်သော ``အသဝက္ခယဉာဏ်``ကို ရတော်မူ၍ သက်တော်(၃၅)နှစ်အရွယ် မဟာသက္ကရာဇ် ၁၀၂-ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယံအချိန်ဝယ် လောကသုံးပါးတွင် အတုမရှိသော သဗ္ဗညူဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။
၁၆။ သုံးလူ့သခင် သဗ္ဗညူဘုရားရှင်သည် ၄၅-ဝါ ကာလပတ်လုံး ဝေနေယျသတ္တဝါတို့အား ဓမ္မစကြာ စသည့်တရားတို့ကို ဟောပြတော်မူကာ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့၏ အကျိုးစီးပွားကို ဆောင်ရွက်တော်မူခဲ့လေသည်။
၁၇။ ၄၅-ဝါ ကာပတ်လုံး သတ္တဝါတို့၏ အကျိုးစီးပွားကို မနားမနေ ဆောင်ရွက်တော်မူခဲ့သော သဗ္ဗညူဘုရားရှင်သည် သက်တော် (၈၀)အရွယ် ရောက်သောအခါ မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့် အင်္ဂါနေ့ဝယ် ကုသိနာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ်၌ ပရိနိဗ္ဗာန် စံဝင်တော်မူလေသည်။
ဤကား မဟာဗုဒ္ဓဝင် ၏ အကျဉ်းချုပ်မျှသာ ဖြစ်ပါသည်။ ယခုနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့သည် ၊ အင်္ဂါနေ့ဖြစ်သည့် အတွက် ကျွန်တော်တို့၏ ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူသော အင်္ဂါနေ့နှင့် တိုက်ဆိုင်သော နေ့ဖြစ်လေသည်။ ဒီနေ့ ဒီရက်တွင် မြန်မာ ဗုဒ္ဓဘာသာ ဝင်အားလုံးတို့သည် မဟာဗောဓိညောင်ပင်ရင်း၌ ညောင်ရေသွန်းပွဲတော်များကို ပျော်ပျော်ပါးပါး ကျင်းပကြခြင်း၊ ဘုရားကျောင်းကန် များသို့ သွားရောက်၍ ဘုရားလှည့်လည် ဖူးမြော်ကြခြင်းများ ပြုလုပ်ကြပြီး ကုသိုလ်ယူ ဆင်နွှဲခဲ့ကြကြောင်း ရေးသား ဖော်ပြလိုက်ရပေသည်။
မှတ်ချက်။ ။ဗုဒ္ဓဝင်အကျဉ်းချုပ်ကို ဗုဒ္ဓဘာသာကောင်းတစ်ယောက်အကြောင်း စာအုပ်မှ ရေးသားဖော်ပြခြင်း ဖြစ်သည်။
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
2 comments:
ကဆုန်လပြည့်နေ့ အကြောင်းကို ဖတ်ရှုပူဇော်သွားပါတယ်။
ကဆုန်လပြည့်နေ့အကြောင်း ဖော်ပြပေးတာ ကျေးဇူးပါ အိမ်မှာတော့ အဲဒီနေ့က ဆွမ်းကပ်ဖြစ်တယ်
Post a Comment