မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Thursday, December 15, 2011

မန်းတက္ကသိုလ် ပါမောက္ခချုပ် ဦးကျော်ရင် (၁၉၁၆-၁၉၆၆)

မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂခေါင်းဆောင်၊ နယ်ချဲ့ဆန့်ကျင်ရေး နှင့် ဖက်ဆစ် ဆန့်ကျင်ရေးသမား၊ လေထီး သင်တန်းသားအဖြစ် ပါဝင်ခဲ့သည်။ စစ်ပြီး ဖဆပလ ဗဟိုဦးစီး အဖွဲ့ဝင်၊ ဗမာပြည် ကွန်ပျူနစ်ပါတီ ဗဟိုကော်မတီဝင် အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ဂျပန်တော်လှန်ရေး ကာလကပင် ‘တော်လှန်ရေး ပြီးလို့ တိုင်းပြည် လွတ်လပ်ရင်တော့ ကျွန်တော် နိုင်ငံရေး မလုပ်တော့ဘူး၊ စာပေနယ် ဒါမှမဟုတ် အနုပညာ နယ်ထဲဝင်မယ်ဗျာ’ ဟုပြောခဲ့ရာ သခင်တင်မြက `အနုပညာစိတ်နှင့် တော်လှန်ရေး လုပ်ခဲ့သူ` ဟု မှတ်တမ်းတင်ခဲ့သည်။ ပြောသည့် အတိုင်းပင် ဗိုလ်ချုပ်အောင်ဆန်းက သံတွဲခရိုင်မှ တိုင်းပြုပြည်ပြု လွှတ်တော် အမတ်အမည်တင်သွင်းလိုသည်ကို တောင်းပန်၍ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၌ မြန်မာစာနည်းပြ အဖြစ် အလုပ်ဝင်ပြီး ပညာရေး၊ စာပေ၊ အနုပညာတာဝန်များကို ထမ်းဆောင်ခဲ့သည်။ ကထိက ဦးကျော်ရင် အမည်ဖြင့်ထင်ရှား၍ ဆိုဗီယက် ပြည်ထောင်စု(ရုရှား ပြည်ထောင်စု) မော်စကို အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေး တက္ကသိုလ် မြန်မာစာ ဧည့်ပါမောက္ခ၊ မန္တလေး ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ် ပါမောက္ခချုပ် တာဝန်များ ပေးအပ်ခံရသည်။ ပါမောက္ခချုပ်ဘဝတွင် အထက်ဗမာပြည် စာရေစးဆရာ အသင်း စကားပြေ ကော်မရှင်က တင်သွင်းသော ``ဗမာစာပေအရေးအသား`` စာတမ်းကို ဆင်သွားရင် လမ်းဖြစ်တယ်`` ဟု ထောက်ခံခဲ့သည်။

ကျော်ရင်၊ဦး၊ ပါမောက္ခချုပ်


၁၉၁၆ ခုနှစ် ဒီဇင်ဘာလ ၇ ရက် ကြာသာပတေးနေ့တွင် ရခိုင်ပြည် သံတွဲမြို့၌ ဖွားသည်။ အဖ ခရိုင်ဝန် ရုံးစာရေးကြီး ဦးဖိုးဦး အမိ ဒေါ်မြရင် ဖြစ်သည် တစ်ဦးတည်းသောသား၊ အမည် မောင်ကျော်ရင် ဖြစ်သည်။ ၅ နှစ်အရွယ်တွင် ဖခင် ကွယ်လွန်သည်။ အဘိုး ရွှေပန်းတိမ် ဆရာကြီး ဦးဖိုး၊ အဘွား ဒေါ်ရွှေဥတို့ လက်တွင် ကြီးပြင်းခဲ့သည်။


သံတွဲ အေဘီအမ် ကျောင်းတွင် စတင်ပညာသင်သည်။ ထို့နောက် သံတွဲ အစိုးရ အထက်တန်းကျောင်း ပြောင်း၍ ပညာသင်ရာ ၁၉၃၄ ခုနှစ်တွင် ၁၀ တန်း စာမေးပွဲအောင်သည်။ ဘာသာတွဲမှား၍ တက္ကသိုလ်ဝင်ခွင်မရ။ ၁၉၃၅-၃၆ ခုနှစ်တွင် ရန်ကုန်ဆရာဖြစ်သင် တီတီစီတွင် ပညာသင်၍ တက္ကသိုလ်ဝင်တန်း အောင်သည်။ တီတီစီတွင် ပညာသင်ကြားနေစဉ် တစ်ပြည်လုံး ၁၀ တန်းကျောင်းသားများ စာစီစာကုး ပြိုင်ပွဲတွင် ပထမ ရခဲ့သည်။ ၁၉၃၆-၄၀ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ပညာဆည်းပူး၍ ဘီအေဘွဲ့ရသည်။


တက္ကသိုလ်တွင် ပညာ သင်ကြားနေစဉ် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ(တကသ) အလုပ်အမှုဆောင်၊ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ(ဗကသ) ပြန်ကြားရေးနှင့် ဝါဒဖြန့်ချိရေး တာဝန်ခံအဖြစ် ဆောင်ရွက်သည်။ ၁၉၃၈ ကုလားမြန်မာ အဓိကရုဏ်းတွင် သံတွဲမြို့ အေးချမ်းသာယာရေးအတွက် ရခိုင်လူငယ်များကို ဦးဆောင်ပြီး မူဆလင်လူငယ်များနှင့် ပူးပေါင်းဆောင်ရွက်သည်။ ၁၉၄၁ ခုနှစ်တွင် ကျောင်းသားခေါင်းဆောင်၊ တို့ဗမာ အစည်းအရုံးဝင်တစ်ဦးအဖြစ် သံတွဲပြန်၍ နယ်ချဲ့ဆန့်ကျင်ရေး လက်ရုံးတပ်များ ဦးဆောင်ဖွဲ့စည်းသည်။ စစ်ရေး နိုင်ငံရေး သင်တန်းများအတွက် စည်းရုံး ပြင်ဆင်ခဲ့သည်။


၁၉၄၂ ခုနှစ် အင်္ဂလိပ်တပ်များ ဆုတ်ခွာစဉ် သံတွဲခရိုင် မြေအောက်တော်လှန်ရေး ခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့သည်။ သံတွဲခရိုင် အုပ်ချုပ်ရေးအတွက် ဘီအိုင်အေ တပ်မှူး ဗိုလ်ရန်အောင်(ရဲဘော်သုံးကျိပ်ဝင်) နှင့်အတူ စီစဉ်၍ ခရိုင်အုပ်ချုပ်အဖွဲ့ဥက္ကဌ တာဝန်ကို ယာယီ ထမ်းဆောင်ခဲ့သည်။ ၁၉၄၃ ခုနှစ် စက်တင်ဘာလတွင် သခင်တင်နှင့်အတူ ဖက်ဆစ်ဆန့်ကျင်ရေးအတွက် တရုတ် နိုင်ငံသွားရန် ကြိုးစားခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးအတွက် မြစ်ဝကျွန်းပေါ်တွင် လျှို့ဝှက်ဆောင်ရွက်နေသော သခင်စိုး၏ နိုင်ငံရေးသင်တန်းကို သခင်ဗဟိန်း(ကိုထွန်းလှိုင်)၊ မခင်ကြီး(မသန်းမြင့်)၊ ကိုစံတင်(ရခိုင်ကိုထွန်းဦး) တို့နှင့် အတူ ကိုဘကွန်း အမည်ဖြင့် တက်ရောက်သည်။ ဖက်ဆစ် ဆန့်ကျင်ရေးအတွက် သခင်သန်းထွန်း ဦးဆောင်သော အုပ်စုနှင့် ဆက်သွယ် ဆောင်ရွက်သည်။


၁၉၄၄ ခုနှစ် ဖေဖော်ဝါရီလတွင် ဖက်ဆစ်တော်လှန်ရေးအတွက် သခင်တင်ရွှေ၊ မမြရီ(ကျောက်ဆည်) နှင့် ကိုညိုထွန်း ( ဝန်ကြီးဟောင်း၊ သံအမတ်ဟောင်း) တို့ကို ဂွမြို့ဖြတ်၍ အင်္ဂလိပ်စစ်သင်္ဘောဖြင့် အိန္ဒိယရှိ ဖက်ဆစ်တော်လှန်ရေး ပြည်ပတာဝန်ခံ ကိုသိန်းဖေ(သိန်းဖေမြင့်) ထံ တာဝန်ယူ ဦးဆောင်ခဲ့သည်။ ထိုနှစ် ဇူလိုင်လတွင် သခင်သန်းထွန်း၏ အစီစဉ်ဖြင့် ခင်ဗို(အဖွဲ့ခေါင်းဆောင်) မန်းဝင်းမောင်(တတိယမြောက် ပြည်ထောင်စု မြန်မာနိုင်ငံ သမ္မတ) ကိုအုန်းမောင်( လေထီး ဦးအုန်းမောင်)၊ ကိုစိုးမောင်(ဗိုလ်မှူး ချစ်ကောင်း)၊ တို့နှင့်အတူ ဖက်ဆစ်တော်လှန်ရေးအတွက် လေထီးသင်တန်းနှင့် စစ်သင်တန်းတက်ရန် အိန္ဒိယသို့ သွားရောက်ခဲ့သည်။ လေထီးသင်တန်းနှင့် စစ်သင်တန်းကို သီရိလင်္ကာနှင့် အိန္ဒိယတွင် တက်ရောက်သည်။ ကာလကတ္တားရှိ ဘုံရိပ်သာခေါ်ဆန်းဒေး ဗီလာ၌ ကိုသိန်းဖေ(သိန်းဖေမြင့်) ခေါင်းဆောင်၍ ဖက်ဆစ်တော်လှန်ရေး အတွက် သင်တန်းများပေးရာ ကိုကျော်ရင် သည် နိုင်ငံရေး သင်တန်းတာဝန်ခံအဖြစ် နယ်ချဲ့စစ်ပွဲမှ ပြည်သူ့စစ်ပွဲများ အဖြစ်သို့ ပြောင်းလဲလာပုံ၊ ပြည်သူ့စစ် သဘောတရားကို ပို့ချသည်။ စစ်အပြီး ယင်းပို့ချ ချက်ကို အခြေခံ၍ ``နယ်ချဲ့စစ်မှ လူထုစစ်သို့`` အမည်ဖြင့် မန္တလေးမြို့ ကြီးပွားရေး (လူထု) စာအုပ်တိုက်က ပုံနှိပ်ခဲ့သည်။ ၁၉၄၅ ခုနှစ် ဧပြီလအတွင်း လေထီးအစမ်းခုန် လေ့ကျင့်စဉ် ခြေခုံရိုး ကျိုး၍ ဆေးရံတက်ရောက် ကုသရာ ဖက်ဆစ်တော်လှန်းတွင် ကိုသိန်းဖေနှင့်အတူ ကာလကတ္ကား၌ ကျန်ရစ်ခဲ့သည်။


ဖက်ဆစ် ဂျန်ပန်များ မန္တလေးမှ ဆုတ်ခွာသွားပြီးနောက် မန္တလေးမြို့တွင် ကြီးပွားရေး ဦးလှ(လူထု)၊ ဆရာကြီး ဦးရာဇတ်တို့နှင့်အတူ အထက်ဗမာပြည် ဖက်ဆစ်ဆန့်ကျင် တိုက်ဖျက်ရေးနှင့် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (ဖတပလ) ကိုဖွဲ့စည်းသည်။ ၁၉၄၅ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရန်ကုန် မြို့စမ်းချောင်းရပ်၊ ဗကရာလမ်း၊ အမှတ် ၁၃၈ ဗမာပြည် ကွန်မြူနစ်ပါတီ ဌာနချုပ်၌ ကျင်းပသော ဒုတိယအကြိမ် ကွန်ဂရက်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် အဖြစ် ရွေးချယ်ခံရသည်။ ဖတပလ(ဖဆပလ) ဗဟို ဦးစီးအဖွဲ့ဝင် ဖြစ်သည်။ ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလတွင် သံတွဲနယ် တောင်သူလယ်သမား သမဂ္ဂ ညီလာခံကို ဦးဆောင်ကျင်းပ၍ တောင်သူလယ်သမားဘဝ သရုပ်ဖော် ပြဇာတ်ကို ဦးစီးတင်ဆက်ခဲ့သည်။ ၁၉၄၆ ခုနှစ် ကွန်မြူနစ်ပါတီ ၂ ခြမ်းကွဲရာ သခင် သန်းထွန်းနှင့် ဦးသိန်းဖေ(မြင့်) ဦးဆောင်သော ဗမာပြည် ကွန်မြူနစ်ပါတီ(အလံဖြူ) ဗဟိုကော်မတီဝင်ဖြစ်ခဲ့သည်။


ကွန်မြင်နစ်ပါတီ အကွဲအပြဲ၊ ရခိုင်ပြည် သံတွဲခရိုင် နိုင်ငံရေး အခြေအနေများကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ သံတွဲခရိုင် တိုင်းပြုပြည်ပြု လွှတ်တော် အမတ် လျာထားမှုကို တောင်းပန်၍ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် နည်းပြအဖြစ် ဆောင်ရွက်သည်။ မြန်မာစာ မဟာဝိဇ္ဇာတန်းအတွက်``မြန်မာစကားပုံသမိုင်း`` တင်သွင်းပြီး ၁၉၅၀ ပြည့်နှစ်တွင် မဟာဝိဇ္ဇာဘွဲ့ ရသည်။ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၌ လက်ထောက်ကထိက၊ ကထိက တာဝန်များ ထမ်းဆောင်၍ ၁၉၆၂-၆၄ ခုနှစ်တွင် ဆိုဗီယက်ယူနီယံ(ရုရှား)၊ မော်စကို အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေး တက္ကသိုလ် မြန်မာစာဧည့်ပါမောက္ခ၊ ၁၉၆၄-၆၆ ခုနှစ်တွင် မန္တလေး ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ် ပါမောက္ခချုပ် အဖြစ် ဆောင်ရွက်ခဲ့သည်။


ငယ်စဉ်ကပင် စာပေ အနုပညာဝါသနာ ထက်သန်သည်။ ၁၃ နှစ်အရွယ်တွင် စာ စရေးသည်။ တက္ကသိုလ် ကျောင်းသားဘဝ ပြဇာတ်စာပေကို အထူးလေ့လာ၍ တစ်ခန်းရပ် ပြဇာတ်များရေးသားသည်။ ပြဇာတ်နှင့် စာပေဝေဖန်မှုအတက်ပညာ ထွန်းကားရေးအတွက် ကြိုပမ်း ဆောင်ရွက်သည်။ ရန်ကုန် တက္ကသိုလ် မြန်မာစာ ဌာနတွင် အမှုထမ်း နေစဉ် စာပေဗိမာန် သုခမိန်အဖွဲ့ဝင်၊ ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းတို့တွင် မြန်မာစာ ကဏ္ဍ အတိုင်ပင်ခံ စာတည်း၊ မြန်မာနိုင်ငံ စာရေးဆရာ အသင်း အလုပ်အမှုဆောင် (၁၉၅၀-၅၁)၊ တက္ကသိုလ် အနုပညာ အသင်း ဦးဆောင်သူ တစ်ဦးဖြစ်သည်။ မြန်မာစာဌာန အတွက် ကျပင်းတရားစာ၊ နေမိငရဲခန်းပျို့(၁၉၅၃)၊ ရခိုင်မင်းသမီး ဧချင်း(၁၉၅၆)၊ ပလလဲဆင်မင်းပျို့တို့ တည်းဖြတ်ပေးခဲ့သည်။ ဇင်းဒါး အကျဉ်းသား(၁၉၃၈)၊ ကညွတ်ရိုး ဗိုလ်ချုပ်(၁၉၄၅)၊ မှတ်မိသမျှ လီနင်၊ ပထမတွဲ၊ နယ်ချဲ့စစ်မှ လူထုစစ်သို့(၁၉၄၅) ဆွာမိ ဝိဝေကနန္ဒာ(၁၉၅-)၊ မက်စ်ဝါဒနှင့် ဘာသာဝေါဟာရ (၁၉၅၄) တို့ ပြုစု ခဲ့သည်။


၁၉၆၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ ဇနီး ဒေါ်ဖြူ၊ သား (ကိုဉာဏ်ထွန်းအောင်)၊ သမီး (မတူးတူး) ကျန်ရစ်ခဲ့ပါသည်။

ပြည်သူ့ခေတ် ဂျာနယ် အတွဲ ၂ ၊ အမှတ် ၇၃ ၊ ၂၀၁၁ခုနှစ် ဒီဇင်ဘာ (၁၅)ရက် နေ့ ပါ မောင်ဇေယျာ ရဲ့ ဆောင်းပါးကို ပြန်လည် ရေးသားဖော်ပြသည်။

ခင်မင်စွာဖြင့်…

ဇော်သိင်္ခ

5 comments:

ဘိုဖြူ said...

လူတိုင်းသိသင့်ပါတယ်ဗျာ
စာဖတ်သူအားလုံးလဲဖတ်သင့်တယ်လို့ထင်တယ်
မျှဝေပေးလို့ကျေးဇူးပါခင်ဗျာ

စံပယ်ချို said...

အားလုံးသိသင့်တာလေးကိုမျှဝေပေးလို့ကျေးဇူး
တင်ပါတယ်ရှင်

ကိုအောင်(ပျူနိုင်ငံ) said...

မျှဝေပေးတာ ကျေးဇူးဗျို့ ...

mstint said...

မန်းတက္ကသိုလ်ပါမောက္ခချုပ် ဦးကျော်ရင်အကြောင်း
ဖတ်ခွင့်ရလို့ ကျေးဇူးပါ မောင်ဇော်သိင်္ခရေ။
အရှင်ဇဝနမေတ္တာရှင်(ရွှေပြည်သာ)ဆရာတော်ရဲ့
တရားပွဲ ကောလဟာလသတင်းပါ ဖတ်သွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

အန်ကယ်ရေ..
ဒါတွေက.မြန်မာပြည်သားတိုင်း
သိသင့်တာပါ
ကျောင်းသုံးစာအုပ်ထဲမှာတောင်
ပြဌာန်းသင့်ပါတယ်
ဦးကျော်ရင်ဆို..မီးပုံးပျံဦးကျော်ရင်ပဲသိတာရှင့်း)
ခုတော့..သုတ.တစ်ခုတိုးပြီပေါ့နော်
ဗဟုသုတတွေ.ဝေမျှပေးတဲ့အတွက်
ကျေးဇူးပါရှင်

ချမ်းမြေ့ပျော်ရွှင်ပါစေ
ခင်မင်စွာဖြင့်
သမံစီး

 
^ထိပ်ဆုံးသို့