မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Saturday, April 10, 2010

တို့တစ်တွေ ပြန်ဆုံကြတဲ့အခါ အပိုင်း (၂)

တို့တစ်တွေ ပြန်ဆုံကြတဲ့အခါ အပိုင်း (၂)

ကိုယ့်ရဲ့ အလှူ မင်္ဂလာကို လာအန္တရယ်ပြုတဲ့ သူကို ယူထားတဲ့ကြွေး လျှော်ပစ်လိုက်တာ၊ ကိုယ့်ကို ဈေးမတန်တဆ တင်ရောင်းခဲ့တဲ့သူကို ပျဉ်ချပ်ထိုးပေး လိုက်တာ။

စာက တစ်ဆင့် ဖတ်ပြီး သိရတာတောင် ရင်ထဲ အေးမြနေတာ၊ ကာယကံရှင်တွေဆိုရင် ဘယ်လောက်အေးမြနေမလဲဆိုတာ မပြောတက်အောင်ပါပဲ။

တကယ်လို့သာ သူတို့ဟာ ဆန့်ကျင်ဘက် တစ်ခုခု ကိုသာပြုမူခဲ့ရင် ကာယကံရှင် တွေ အ ဖို့ကော ဖတ်ရသူတွေအဖို့ကော ပူလောင်မှု တစ်ခုခုကို ခံစားရင်း သက်ပြင်း ရှည်တစ်ခုကို ချကြရမှာပါ။

တကယ်တော့ အေးမြခြင်း ပူလောင်ခြင်းရဲ့ အကြောင်းလေးတွေကို ပထမအဆင့် အနေနဲ့ ကိုယ်ကသိထားလိုက်ဖို့ပါ။ ကျင့်တာ မကျင့်တာက ဒုတိယကိစ္စပါ။

ဒေါသဖြစ်ရင် ဖြစ်တဲ့သူကိုယ်တိုင်က အရင် ပူလောင်ရတာပါ။ ရပ်ကွက်ထဲမှာ ကလေးတွေ အပြောင်အပျက် ပြောပြောနေကြတဲ့ စကား ရှိပါတယ။ ဘာလဲ ဆိုတော့ “ မီး…. မီး ဘယကစလောင်၊ လောင်တဲ့နေရာက စလောင်တဲ့“ တဲ့။

အပြောင်အပျက် ရယ်စရာ အဖြစ်ပြောကြပေမယ့် တကယ်သေချာ စဉ်းစားကြည့်ရင် ဒေါသ မီးလောင်ပြီဆိုရင် ဒေါသစဖြစ်တဲ့ သူကိုယ်တိုင်က အရင်စအလောင်ခံရတာပါ။ လောင်တဲ့နေရာမှာလည်း ရုပ်ကော နာမ်ကော လောင်တာပါ။ ရုပ်ကောနာမ်ကော အလောင်ခံနေရတဲ့လူရဲ့ မျက်နှာဟာ ဘယ်လို ပုံစံပေါက်နေမယ်ဆိုတာ မှန်းဆသာ ကြည့်ပါတော့။

အကုသိုလ်မီးတွေဟာ တစ်မီးနဲ့တစ်မီး မတူပါဘူး။ ဒေါသမီးကျတာ့ “၀ုန်းခနဲ ၀ုန်းခနဲ “ ထလောင်တာပါ။ ဣဿာမစ္ဆရိယမီးကျတော့ တမြည့်မြည်နဲ့ ဖွဲမီးလို လောင်နေတာပါ။ တဏှာရာဂမီးကျတော့လည်း တစ်မျိုးပါ။ အကုသိုလ်မီး အလောင်ခံရပြီဆိုရင် အမှားလား၊ အမှန်လားဆိုတာ လုံးဝကို မသိတော့ပါဘူး မသိတော့ အမှားတွေကိုပဲ ဆင့်ကာဆင့်ကာ ကျူးလွန်တော့တာပါပဲ။ ဒီတော့ မီးက တစ်ခါထပ်လောင်နဲ့ တော်တော်နဲ့ မငြိမ်းနိုင်တော့ပါဘူး။

ရပ်ကွက်ထဲမှာ တကယ့်ပကတိ မီးလောင်ပြီဆိုရင် အင်အားမျိုးစုံသုံးပြီး ငြိမ်းရပါတယ်။ ဒီလိုပါပဲ ကိုယ့်သန္တာန်မှာ အကုသိုလ်မီးတစ်ခုခု လောင်ပြီဆိုရင် လည်း သတိနဲ့ပြန်ငြှိမ်းရပါတယ်။ တိတိကျကျ ကောက်ပြရရင်တော့ ၀ိပဿနာသတိနဲ့ ပြန်ငြှိမ်းရပါတယ်။ မငြှိမ်းဘဲ လွှတ်ထားရင် သံသရာအတိပါ စိုးရိမ်ရပါတယ်။

ပကတိမီးကတော့ ပစ္စုပ္ပန်ဘ၀လောက်ပဲ ဆိုးကျိုးဖြစ်မှာပါ။ ရင်ထဲမှာလောင်တဲ့ မီးကတော့ ပစ္စုပ္ပန်ဘ၀တင်မကဘဲ တမလွန်အထိဆက်ပြီး ဆိုးကျိုး တွေ ပေးတက်ပါတယ်။ တချို့အကုသိုလ်မီးတွေဆို နောက်တစ်ဘ၀သာမကဘဲ သံသရာအဆက်ဆက်အထိတောင် ဆိုးကျိုးတွေ လိုက်လိုက်ပေးလေ့ ရှိပါတယ်။ ပကတိမီးကမှ ဥာဏ် ၀ီရိတွေ သုံး ပြီး ပြန်ရှာရင်မူလအတိုင်း ပြန်ရနိုင်ပါသေးတယ်။ အကုသိုလ်မီးကတော့ ဘ၀အဆက်ဆက်အရှုံးတွေပဲ ပြနေတော့မှာပါ။

ဒီတော့ ကိုယ့်သန္တာန်မှာ ဒေါသ ဣဿာမစ္ဆရိယစတဲ့ မီးတစ်မီး လောင်ပြီဆိုရင် ” သြော်.. ငါ့သန္တာန်မှာ မီးလောင်နေပါလား” ဆိုတာ ပထမဆုံး သိလိုက်ဖို့ပါပဲ။ နောက် ကိုယ့်သန္တာန်မှာ လောင်နေတဲ့မီးကို သတိလေးနဲ့ ဆက်ဆက်ပြီး သိနေလိုက်မယ်ဆိုရင် ငြှိမ်းသွားတာများပါတယ်။ နှေးတာနဲ့မြန်တာပဲ ကွာပါလိမ့်မယ်။

တချို့ကျတော့ အာရုံဆိုးတစ်ခုခု ကို တွေ့လိုက်တာနဲ့ ဖျတ်ခနဲ ဒေါသတော့ ဖြစ်လိုက်ပါတယ်။ ဒါပေမယ့် တစ်ခဏအတွင်းမှာပဲ သတိရပြီး ကိုယ့်ဒေါသကိုယ် ပြန်ထိန်းတက်ပါတယ်။ ဒါက တစ်ယောက်ပါ။

တချို့ကျတော့ အာရုံဆိုးကြောင့် ဒေါသဖြစ်လိုက်တာ အဲဒီဒေါသဟာ အရှိန်မသေတော့ဘဲ တမြည့်မြည့်နဲ့ တော်တော်ကြာကြာအထိ ဖြစ်နေတက်ပါတယ်။ ဒါက တစ်ယောက်ပါ။

တကယ်လို့ ကိုယ်က ပထမအမျိုးအစားထဲမှာ မပါနိုင်သေးရင်တောင် ဒုတိယ အမျိုးအစားလောက်ကိုတော့ ပါအောင် ကြိုးစားရပါမယ်။

ဒုတိယလူဖြစ်ဖို့ အဓိကအကြောင်းကတော့ ကိုယ်ဖြစ်နေတဲ့ဒေါသကို အပြစ်တစ်ခုအနေနဲ့တကယ်မြင်သွားအောင် ဆင်ခြင်လိုက်နိုင်ဖို့ပါပဲ။ အပြစ်တစ်ခုအနေနဲ့ တကယ်မြင်သွားရင် ပျောက်သွားတာများပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကောင်းအဆိုးမသိရလောက်အောင် ဘယ်သူမှမညံ့ကြပါဘူး။

တချို့ပုဂ္ဂိုလ်တွေများ အာရုံဆိုးတစ်ခု ဖျတ်ခနဲဝင်လာတာနဲ့ ဖျတ်ခနဲ အလိုလို သည်းခံပြီးသား ဖြစ်နေတက်ပါတယ်။ အတိတ်အတိတ်ဘ၀တွေက ပါရမီပါခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ဒါမှ မဟုတ် အကျင့်နဲ့လည်း ဆိုင်ချင် ဆိုင်မယ်ထင်ပါတယ်။ ဘယ်အာရုံနဲ့ပဲတွေ့ ကိုယ်ကသည်းခံ ခွင့်လွှတ် ပြီးသား ဖြစ်နေပါလိမ့်မယ်။

ညောင်တုန်းရွှေဟင်္သာစံကျောင်း ဆရာတော် ဘုရားက ရေစက်ချတဲ့အခါတိုင်း ” ဘယ်လိုအာရုံမျိုးနဲ့ပဲ တွေ့တွေ့ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတက်တဲ့ ပုဂ္ဂိုလ်ဖြစ်ရပါလို၏” လို့ ရေစက်ချပေးလေ့ ရှိပါတယ်တဲ့။

ကိုယ်သဘောမတွေ့တဲ့ အာရုံတွေ့တိုင်း ဒေါသဖြစ်နေရမယ်ဆိုရင် ဒေါသဖြစ်လို့ကို ဆုံးတော့မှာ မဟုတ်ပါဘူး။ စကားကို ဟိုပြောဒီပြော ပြောတက်တဲ့သူနဲက တွေ့ရရင်လည်း ” သြော် …သူက စကားကို ဟိုပြောဒီပြော ပြောတက်တဲ့စရိုက်ရှီတဲ့သူပဲလေ ” ဆိုပြီး သည်းခံခွင့်လွှတ်ရပါတယ်။ နာမည်ယူတက်တဲ့ သူကိုတွေ့ရရင်လည်း ” သြော် .. သူက နာမည်ယူတက်တဲ့ စရိုက်ရှိတဲ့ သူပဲ လေ ” ဆိုပြီး သည်းခံ ခွင့်လွှတ်ရပါတယ်။

စပ်စုတက်တဲ့သူတွေ့ရရင်လည်း ” သြော် .. သူက စပ်စုတက်တဲ့ စရိုက်ရှိတဲ့သူပဲလေ ” ဆိုပြီး သည်းခံ ခွင့်လွှတ်ရပါတယ်။

မနာလို ၀န်တိုတက်တဲ့သူကိုတွေ့ရရင်လည်း ” သြော် .. သူက မနာလို ၀န်တိုတက်တဲ့ စရိုက်ရှိတဲ့ သူပဲလေ “ ဆိုပြီး သည်းခံ ခွင့်လွှတ်ရပါတယ်။ ဒီလိုပါပဲ။ လူတွေရဲ့ ဖြစ်တက်တဲ့ စရိုက်ကို အာရုံ ပြုပြီး ” စရိုက်ဆိုတာ ပယ်ရခက်တယ်လေ ” ဆိုပြီး သည်းခံ ခွင့်လွှတ်ရပါတယ်။

သီလသမာဓိပညာနံ၊ ခန္တီပဓာန ကာရဏ။

သဗ္ဗေပိ ကုသလာဓမ္မာ၊ ခန္တျာယတ္တာဝ ၀ဍ္ဎရေ။

ဂါထာလေးက ဘာပြောတလဲဆိုတော့ သီလ တွေ ဆောက်တည်တော့မယ်၊ သမထ ၀ိပဿနာတွေ ပွားများတော့မယ်ဆိုရင် ခန္တီဆိုတဲ့ သည်းခံခြင်းဟာ အဓိကပဓာနကျသလို အားကြီးတဲ့ကုသိုလ်တွေ လုပ်တဲ့အခါမှာလည်း ခန္တီပါမှပဲ ကြီးပွားတိုးတက်အောင်မြင်နိုင်ပါတယ်တဲ့။

ဒီတော့ အားကြီးတဲ့ ဘာသာရေးပရဟိတတွေ၊ အားကြီးတဲ့လူမှုရေး ပရဟိတတွေလုပ်တဲ့အခါ၊ ဒါမှမဟုတ် လုပ်တော့မယ်ဆိုရင် ခန္တီမပါဘဲနဲ့ လုပ်လို့ကို မရပါဘူး။

ခန္တီမပါဘဲနဲ့ လုပ်တဲ့ အဖွဲ့အစည်းတွေဟာ မကြာခင် ကွဲသွားတက်လေ့ရှိပါတယ်။

ကိုယ်လုပ်နေသမျှ ကာလတစ်လျှောက်မှာ ကိုယ်ဘောမတွေ့တဲ့ အာရုံတွေကတော့ တစ်ခုမဟုတ် တစ်ခုတွေ့နေရမှာပါ။

ကိုယ်သဘောမတွေ့တဲ့ အာရုံတစ်ခုနဲကတွေ့တိုင်း ခန္တီကိုလက်ကိုင်ထားပြီး ရှေ့ကို ဆက်ရမှာပါ။

သည်းခံဖူးမှ သည်းခံခြင်းရဲ့ အရသာကို သိတာပါ။ ခွင့်လွှတ်ဖူးမှ ခွင်လွှတ်ခြင်းရဲ့ အရသာကို သိတာပါ။

ကိုယ်က အဲဒီအရသာကိုသိချင်ရင် သည်းခံခြင်းနဲ့ ခွင့်လွှတ်ခြင်းကို တစ်တို့နှစ်တို့လောက်တော့ မြည်းကြည့်ရမှာပါ။

အရသာကို ကောင်းကောင်းသိသွားပြီဆိုရင် ခွင်မလွှတ်ရရင် မနေနိုင်လောက်အောင်ကို ဖြစ်သွားပါလိမ့်မယ်။

ကြုံလို့ပြောရရင် ပရဟိတဟာ အစားထိုး ပရဟိတနဲ့ ပရဟိတစစ်စစ် ဆိုပြီး နှစ်မျိုးရှိပါတယ်။

လုပ်သက်စေ့သွားလို့ ပင်စင်ယူတဲ့အခါလူဟာ အလုပ်မရှိတော့ အထီးကျန်နေတက်ပါတယ်။ အဲဒီ အထီးကျန်မှုကို ကုစားဖို့ အတွက် ပရဟိတ အဖွဲ့အစည်းတွေမှာ ၀င်လုပ်လေ့ရှိပါတယ်။ ဒါဟာ အစားထိုး ပရဟိတပါ။

ဒါက ယေဘုယျအသက်အရွယ်နဲ့ယှဉ်ပြီး ပြောတာပါ။ တကယ်တော့ လူတိုင်းလူတိုင်းမှာ ကိုယ်စီ အထီးကျန်မှုရောဂါလေးတွေ မသိမသာ ရှိနေတက်ပါတယ်။ ကိုယ့်ရဲ့ အထီးကျန်မှု ရောဂါလေးတွေကို ပရဟိတလေးတွေနဲ့ ကုစားရပါတယ်။ ပရဟိတလေးတွေလုပ်နေရင် ကိုယ့်ရဲ့ အထီးကျန်မှုလေးတွေဟာ သက်သာပျောက်ကင်းနေတက်ပါတယ်။

ဒီတော့ ကိုယ်က ” သြော် ငါ့ရဲ့ အထီးကျန်မှုတွေကို ဒီပရဟိတတွေက ကုစားပေးနေပါလား ” ဆိုပြီး ကိုယ်လုပ်နေတဲ့အဖွဲ့အစည်းကို ကျေးဇူးတစ်တင်တင်ရှိနေရမှာပါ။

တစ်ခုရှိတာက အဲဒီလိုအချိန်မျိုးမှာ ” ငါက ပရဟိတလုပ်တာ၊ ငါက ပရဟိတလုပ်တာ ” ဆိုပြီး အသိမှား၊ အမြင်မှားလေးတွေ ၀င်လာတက်ပါတယ်။ အဲဒီလိုဝင်လာမယ်ဆိုရင်တော့ အဆင်မပြေမှုတွေနဲ့ဆိုးကျိုးတွေပဲ ဆင့်ကာ ဆင့်ကာ ဖြစ်နေတော့မှာပါ ။ ဒါကြောင့် အတွေးများများမ၀င်နိုင်အောင် သတိနဲ့ ပြန်ထိန်းရပါတယ်။

ပရဟိတစစ်စစ်ဆိုတာကတော့ သူတစ်ပါးအကျိုးကိုငဲ့တယ်။ မိမိအကျိုးကို မငဲ့ဘူး။ နိဗ္ဗာန်ကို ဦးတည်တယ်၊ ဒါက တကယ့်ပရဟိတစစ်စစ်ပါ။

ဒါကြောင့် ကိုယ်လုပ်နေတဲ့ ပရဟိတဟာ အစားထိုးပရဟိတလား ပရဟိတစစ်စစ်လားဆိုတာ အရင်ဆုံး ခွဲခြားသိထားဖို့ လိုပါတယ်။

တကယ်လို့ ကိုယ်က အစားထိုးပရဟိတကို လုပ်ဖြစ်နေတယ်ဆိုရင်လည်း ဘာမှ အားငယ်နေစရာမလိုပါဘူး။ ကိုယ်ရဲ့ ပရဟိတဟာ ဘယ်ပရဟိတ ဖြစ်တယ်ဆိုတာသာ သိထားဖို့ အဓိကပါ။

အချစ်ဝတ္ထုရေးဆရာတွေ မကြာခဏရေးလေ့ ရှိတဲ့ စာပိုဒ်တစ်ပိုဒ် ရှိပါတယ်။

ကမ္ဘာကြီးဟာ အမှန်တကယ်လုံးပြီး ၂၃ နှစ်ပိုင်းတစ်ပိုင်း ဒီဂရီတိမ်းစောင်းပြီး ၂၄ နာရီတစ်ပတ်လည်နေခဲ့ရိုးမှန်ခဲ့ရင် ကျောခိုင်းပြီး ခွဲခွာသွားတဲ့ ချစ်သူနှစ်ဦးဟာ တစ်ချိန်ချိန်မှာ မျက်နှာချင်းဆိုင်ပြီး ပြန်တွေ့ကြလိမ့်မယ်တဲ့။

အချစ်ဝတ္ထုရေးဆရာတွေက သိပ္ပံသဘာဝကိုကိုင်ပြီး ရေးကြတာပါ။

ကံကြမ္မာ သဘောတရားအရလည်း လူနှစ်ယောက်ဟာ နိဗ္ဗာန်မရသေးသမျှ တစ်ချိန်ချိန် တစ်နေရာရာမှာ ပြန်လည်တွေ့ဆုံကြရဦးမှာပါ။

အဲဒီလိုမျက်နှာချင်းဆိုင် ပြန်လည်တွေ့ဆုံကြရတဲ့အခါ ဘယ်လို မျက်နှာတွေနဲ့ ဆုံကြမလဲ………? ။

အဲဒီအခါ သူကလည်းအပြုံး ကိုယ်ကလည်းအပြုံးနဲ့ နှုတ်ဆက်လိုက်ကြတဲ့အချိန်ဟာ ကမ္ဘာလောကကြီးရဲ့ တစ်နေရာမှာ အလှတစ်ခုဆင် လိုက်ကြတာပါ ။

ကဲ….. စာဖတ်သူ ၊ ကိုယ့်သဘောမတွေ့တဲ့ အာရုံတစ်ခုကို တွေ့ရတဲ့အခါ သည်းခံခွင့်လွှတ်ကြည့်ပါလား….။ အရသာ ဘယ်လိုရှိတယ်ဆိုတာ သိရအောင်လို့ ပါ။

ပြီးတော့ ခွဲခွာခြင်းတွေနဲ့ ဝေကွာကြရင် တစ်နေရာမှာ ကံအားလျော်စွာ ပြန်ဆုံကြရတဲ့အခါ အပြုံး နဲ့ နှုတ်ဆက်နိုင်အောင် ရယ်ပါ ။

ရဝေနွယ် (အင်းမ)

ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း

မတ်လ၊ ၂၀၀၆ ။

ဇော်သိင်္ခ

0 comments:

 
^ထိပ်ဆုံးသို့