မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Saturday, July 10, 2010

ကိုယ့်တန်ဖိုးကို သိစေချင်


ဟိုတစ်လောက ဆရာကြီး တက်တိုးရဲ့ လူ့တန်ဖိုးဖြတ်နည်းဆိုတဲ့ ဆောင်းပါးလေး တစ်ပုဒ်ကို ဖတ်ပြီးတော့ ဒါလေး ရေးချင်စိတ်ပေါ်တာနဲ့ ထရေးလိုက်တာပါ။ ဆရာကြီး ပြောထားတာကတော့ .. လူတွေဟာ.. မည်သို့ပင်ဖြစ်စေ.. လူရယ်လို့ဖြစ်လာလျှင် လူ၏ ဂုဏ်အလျောက် တန်ဖိုးရှိပေမည်။ လူတိုင်းမှာ တန်ဖိုးရှိသည်ဟု ဆိုနိုင်ပါ၏။ သို့သော် တန်ဖိုးအဆင့်အနိမ့်အမြင့် သာကွာခြားလိမ့်မည်တဲ့….။ လူရယ်လို့ ဖြစ်လာကတည်းက တိရိစ္ဆာန်တို့ထက်တော့ တန်ဖိုး ရှိကြတာ အမှန်ပါ။ သို့သော် တစ်ချို့သောသူတွေ ကတော့ တိရစ္ဆာန်တို့လောက်မျှ တန်ဖိုး မရှိကြပါ… ဆိုတဲ့ အကြောင်းကို ရေးထားပါတယ်……..။
လူဖြစ်လာပြီဆိုကတည်းက တစ်ချို့သောသူတွေကို တိရစ္ဆာန်တို့ လောက်မှ တန်ဖိုး မရှိဘူးဟု ပြောကြတာ မှန်ပေမယ့်… အဲဒီလူမှာလည်း.. သူ့ရဲ့ တန်ဖိုးဟာ အခြေအနေနဲ့ အချိန်အခါ တစ်နေရာစီမှာသာ သမုဒ်ခြင်းခံလိုက်ရခြင်းဖြစ်ပါတယ်။ တစ်ချို့နေရာတွေ မှာတော့ သူဟာ တန်ဖိုးရှိတဲ့ သူတစ်ယောက်ဖြစ်နေနိုင်တယ် ဆိုတာကိုတော့ မမေ့သင့်ပါဘူး။
အခုကျွန်တော်ပြောမယ့် အကြောင်းလေးကလည်း လူငယ်ကျောင်းသားလေး တစ်ယောက်ရဲု့ တန်ဖိုးမရှိတဲ့သူ ၊ စိတ်ဓာတ် ညံ့ဖျင်းတဲ့သူ စည်းကမ်းမရှိတဲ့သူ အဖြစ် သူနေထိုင်ရာ ပတ်ဝန်းကျင်မှာ အပြောခံနေရတဲ့ အကြောင်းလေးကို ရေးပါတယ်။  ဒီကောင်လေး ဟာ လောလောဆယ်မှာတော့ သူ့ရဲ့ ကာရိုက်တာ အရ တန်ဖိုးမရှိတဲ့သူ အဖြစ် သတ်မှတ်ခြင်းခံနေရတာပါ။ ဒါပေမဲ့.. သူ့ရဲ့ တစ်ခြား နေရာဒေသဖြစ်တဲ့ သူ့မိဘ အသိုင်းအ၀ိုင်းမှာတော့ သူဟာ တန်ဖိုးရှိတဲ့သူတစ်ယောက် ဖြစ်နေမှာပါ။ ဘာ့ကြောင့်လဲဆိုတော့  မိဘဆိုသည်မှာ ကိုယ့်ရဲ့ သားသမီးရဲ့ စိတ်နေသဘောထား ဘယ်လိုရှိတယ်ဆိုတာကို သိပြီးသားမို့ပါ။ အဲဒီလို သိနေတဲ့အတွက် သားသမီးရဲ့ မှားယွင်းမှုတွေ၊ ဆိုးသွမ်းမှုတွေတွေ၊ စည်းမဲ့ကမ်းမဲ့ရှိမှုတွေကို သွန်သင်ပေးမယ်။ ဆုံးမပေးမယ်။ အဲဒီလို သွန်သင် ဆုံးမမှုတွေ လုပ်ပေးနေသော်လည်းပဲ.. ကိုယ့်ရဲ့ သားသမီးက လိုက်နာခံယူမှု မရှိပဲ  ဆက်ပြီးတော့ မိုက်နေပါစေ။ ဆိုးနေပါစေ။ စည်းကမ်းမရှိဖြစ်နေပါစေ။ မိဘတွေက တော့ သူတို့ သားသမီးတွေကို စွန်ပစ်ရိုးထုံးစံ မရှိပါဘူး။ တန်ဖိုးမရှိတဲ့ သားသမီးအဖြစ် မသတ်မှတ် ကြပါဘူး။ ဒါဟာ ဘာကြောင့်လဲ ဆိုတော့ သားသမီးတွေဟာ မိဘတွေအတွက်တော့ မျှော်လင့်ချက် အင်အားတွေ ရှိနေသေးတဲ့အတွက်ကြောင့်ပါ။ ဒါကြောင့် လူတစ်ယောက်ရဲ့ တန်ဖိုးဟာ.. တစ်နေရာမဟုတ်တောာင်  တခြားတစ်နေရမှာတော့ တန်ဖိုးမဖြတ်နိုင်တဲ့ စွမ်းအားတွေ ရှိနေတက်ပါတယ်။
တန်ဖိုးမရှိတဲ့သူ စိတ်ဓာတ်ညံ့ဖျင်းတဲ့သူအဖြစ် သတ်မှတ်ခြင်းခံနေရတာကတော့ သူနေထိုင်ရာရဲ့ ဘော်ဒါဆောင် ၀န်းကျင်တစ်ခုမှာပါ အဲဒီကောင်လေးရဲ့ ရုပ်ရည်ကတော့ သိပ်မဆိုးလှပါဘူး ကိုရီးယားမင်းသား တွေလို အသားဖြူဖြူ နဲ့ ဆံပင်က ရွှေရောင်ဆိုးထားပြီးတော့ တစ်ခါတလေ အ၀တ်အစား သတ်သတ်ရပ်ရပ် ၀တ်စားထားမယ်ဆိုရင် ကိုရီးယား မင်းသားနဲ့ မခြား သတ်မှတ်ခံရမယ့် ရုပ်ရည်မျိုးပါ။ အဲဒီလို ရုပ်ရည်လေး ချောသလောက် စိတ်နေစိတ်ထား နဲ့ အပြုအမူ အနေအထိုင် လေးတွေနဲ့ စိတ်ဓာတ်လေးတွေက သူ့ရဲ့ ရုပ် ကို ပြန်ပြီး အရောင်ဆိုးသွားစေပါတယ်။ ဆိုးသွားတဲ့ အရောင်ကလည်း ဖြူစင် သန့်ရှင်းတဲ့ အဖြူရောင် ဆိုးတာ မဟုတ်ပဲ။ တန်ဖိုးမရှိတဲ့ အရောင်အဖြစ် ပြောင်းလဲမှု ဖြစ်သွားစေတာပါ။ ဒီရုပ်ရည်လေးနဲ့ စိတ်ဓာတ်လေးသာ ဖြူစင်ရိုးသားပြီးတော့ စည်းကမ်းရှိတဲ့သူတစ်ယောက်သာ ဖြစ်လာမယ် ဆိုရင်တော့ သူဟာ တန်ဖိုးမဖြတ်နိုင်တဲ့သူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ အခုတော့ သူ့ရဲ့ စရိုက်က သူ့ရဲ့ တန်ဖိုးကို ဖြတ်နေတဲ့ သူ တစ်ယောက်ဖြစ်နေတာပါ။
သူဟာ ကွမ်းအရမ်းစား တဲ့ သူတစ်ယောက်ပါ။ ကွမ်းအပြင် ရှီး(ရှပ်)ခါး ဆိုတာလည်း စားပါတယ်။ ကွမ်းစားတဲ့သူတွေ အတွက်တော့ အဲဒီ အနံ့ တွေဟာ တော်တော် ကောင်းတဲ့ အနံ့ ဖြစ်ပေမယ့်.. ကွမ်းမစား. တဲ့သူတွေ  အတွက်တော့ တော်တော် ဆိုးတဲ့ အနံ့ အသတ်တွေပါ။ တချို့သောသူတွေက ထို ရှီး(ရှပ်)ခါးကို ကွမ်းဖြတ်ဖို့အတွက် စားကြတာပါ။ သူကတော့ အဲဒီလိုမဟုတ်ပါဘူး။  နှစ်ခု စလုံးကို အရမ်းစားပါတယ်။ အဲဒီလို စားတဲ့သူကို အပြစ်ပြောချင်လို့ ဒီလို ရေးတာ တော့ မဟုတ်ပါဘူး ။ ဒီလိုစားတာ ဟာ ကိုယ်ကြိုက်တာ ကိုယ်စားတာ ဖြစ်တဲ့ အတွက် သူ့မှာလည်း အပြစ်မရှိသလို ကျွန်တော်တို့မှာလည်း သူ့ကို ပြောပိုင်ခွင့် မရှိပါဘူး။ သူဟာ အဲဒါတွေ စားပြီးတော့ စည်းကမ်းရှိမယ်.. ဆိုရင်တော့ သူ့ရဲ့ တန်ဖိုးက ဒီလောက်ထိ ဆိုးဆိုးရွားရွားပြောစရာ မရှိနိုင်ပါဘူး။ ဒါပေမဲ့ သူက အရမ်းစည်းကမ်းနည်းတဲ့သူ ဖြစ်တဲ့ အပြင် နေတာ ထိုင်တာလည်း အရမ်းညစ်ပတ်ပါတယ်။ သူနေ ထိုင်ရာ ဘော်ဒါဆောင်မှာဆိုရင်လည်း သူက အပေါ်ထပ်မှာနေတဲ့သူပါ။ နှစ်ထပ် အိမ်ဖြစ်တဲ့ အတွက် သူ့အောက်ထပ်တည့်တည့် မှာလည်း နေတဲ့သူ ရှိပါတယ်။ အဲဒီသူ့အောက်တည့်တည့်မှာ နေတဲ့သူဟာ အမြဲ ဒုက္ခ ခံ ရပါတယ်။ မန္တလေးရာသီဥတုဆိုတော့ နွေရာသီမှာ  ပြတင်းပေါက်ကို အမြဲဖွင့်ထားကြပါတယ်။ အဲဒီလို ပြတင်းပေါက် ဖွင့်ထားတာကို အပေါ်ကနေ တံတွေး ဒါမှ မဟုတ် ကွမ်းသွေး ထွေးတဲ့ အခါမှာ ဒီအတိုင်း အောက်မကြည့်ပဲ ထွေးလိုက်ရင် ပြတင်းပေါက် ပေါ်ကျပြီးတော့ အခန်းထဲ တန်း ၀င်တော့တာပါ။ အဲဒီ ဒုက္ခတွေ ခံရပေါင်းတော့ မနည်းတော့ပါဘူး။ အောက်ထပ် မှာနေတဲ့သူက ဒေါသကြီးတဲ့သူဆိုလျှင်တော့ ရန်ပွဲတွေ ခဏခဏ ကြည့်ရမှာတော့ အမှန်ပဲ။ သူတစ်ယောက်  ကွမ်းစား ဆေးလိပ်သောက် အရက်သောက်တာလားဆိုတော့ မဟုတ်ပါဘူး။ တစ်ချို့သူတွေလည်း ဒါတွေနဲ့ မကင်းကြတဲ့သူတွေ အများကြီးပါ။ သို့သော် တစ်ချို့သောသူတွေက တော့ သူ့စည်းကမ်းနဲ့ သူ ရှိကြပါတယ်။ သူက အဲဒီနေရာတင် မကပါဘူး အိမ်သာ ဆိုတာလည်း အုတ်တိုက် အိမ်သာ ဖြစ်တဲ့အတွက် အတွင်းမှာ အင်္ဂတေ တွေနဲ့ အချောကိုင်ထားတဲ့ အိမ်သာပါ။ အဲဒီမှာ အင်္ဂတေနဲ့ ၀င်းပြောင်နေတဲ့ အိမ်သာ ထဲမှာလည်း စည်းကမ်းမရှိ ကွမ်းသွေး အမြဲ ထွေးလေ့ ရှိပါတယ်။ တော်တော် ရုပ်ဆိုးစေတဲ့ လုပ်ရပ်ပါ။ ဒါ့အပြင် သူအမြဲတမ်း သေးပေါက်ပြီး တိုင်း ဘယ်တော့ မှ ရေမလောင်းခဲ့ပါဘူး။ တစ်ခါတစ်လေ.. အရက်သောက်ပြီး စွန့်သွားရင်.. သူ့နောက်မှ တက်မယ့်သူအတွက်တော့ နာခေါင်းကိုသာ ပိတ်ပြီး ရေ… ကုန်အောင်လောင်းပြီးမှ တက်နိုင်ပါလိမ့်မယ်။ အဲဒီကျောင်းသားလေးရဲ့ အကြောင်းနဲ့ သူ့ရဲ့ အကျင့်စရိုက်တွေကိုတော့ တစ်ဆောင်လုံးက သိကြပါတယ်။ဒါ့အပြင် ပတ်ဝန်းကျင်ကလည်း သိကြပါတယ်။  နောက်ရှိပါသေးတယ် သူ့အကျင့်က..  သူ့အိပ်ထောင်ထဲက ထုတ်ရမယ်ဆိုရင်တော့ တစ်ပြားမှ ထုတ်လေ့မရှိပါဘူး။ သူငယ်ချင်း အပေါင်းအသင်းတွေက တိုက်မယ်ကျွေးမယ်ဆိုပြီး ခေါ်သွားလို့ ကတော့ သူ့ကိုယ်သူ ဘာမှန်းမသိအောင်ကို အသေသောက် အသေစားတဲ့သူပါ။ အဲဒီလို လူမှန်း သူမှန်း မသိ စားသောက်ပြီးတော့.. အပေါ်ထပ်သူ့အိပ်ယာ ခေါင်းရင်းကနေ ဥသြစွဲ တော့တဲ့ အခါမှာလည်း အောက်ထပ်က သူတော့ အဲဒီ အနံတွေနဲ့ ခံပေအုံးတော့ဗျာ….။ တစ်ခါတလေဆို အခန်းထဲထိအောင် စင်ပါတယ်။
သူ့ကို ပြောဆို ဆုံးမမဲ့သူ မရှိလို့လားဆိုတော့… သူ့မိဘတွေကတော့ သူ့ကို ဆုံးမလား မဆုံးမဘူးတော့ မသိပါဘူး။ အဆောင်မှာနေစဉ်ကာလ အတွင်းမှာတော့ အဆောင်မှူးက သူ့ကိုအမြဲတမ်းပြောဆိုဆုံးမပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဆောင်မှူးနဲ့ သူ့အဖေနဲ့က သူငယ်ချင်းတွေဖြစ်နေတဲ့အတွက် ကြောင့်ပါ။  သူ့အဖေဟာ… အရမ်းစည်းကမ်းရှိပြီး အရမ်း အကျင့်စာရိတ္တကောင်းမွန်တဲ့ သူတစ်ယောက်ပါ။ ဒါအပြင် သူ့အဖေက ဟိုးအရင်က.. စာရေးဆရာ တစ်ယောက်လို့လည်းသိရပါတယ်။သူ့အဖေသာ ဒီလို အကြောင်းတွေသိမယ်ဆိုရင် ဘယ်လိုခံစားရမလဲတော့ မပြောတက်ပါဘူး။ သူ့သားအကြောင်းကို..သူအသိဆုံးလည်း ဖြစ်ရင်ဖြစ်နေမှာပါ။  သူဟာ တက္ကသိုလ်မှာ ဥပဒေ နောက်ဆုံးနှစ်တက်နေတဲ့ ကျောင်းသား တစ်ယောက်ပါ။ သူသာ နိုင်ငံတော်ရဲ့ တရားသူကြီး တစ်ယောက်ဖြစ်သွားခဲ့မယ်ဆိုလျှင်…. ဘယ်လိုဖြစ်လာနိုင်မလဲ ဆိုတာတော့.. စဉ်းစားသာကြည့်ရအောင်ဆို့ဗျာ…။  ဒါကြောင့် အခုအဲဒီကောင်လေး  ဟာ သူ့ရဲ့ အကျင့်စရိုက်တွေက သူ့ရဲ့ တန်ဖိုးကို ဖြတ်နေတဲ့ ဆိုတဲ့အကြောင်းလေးကို ရေးဖွဲ့မိသွားတာပါ။ လူတစ်ယောက်ရဲ့ တန်ဖိုးကိုသတ်မှတ်တဲ့နေရာမှာ လည်း တစ်ခြားသတ်မှတ်လို့ရတဲ့ အကြောင်းအရာတွေ အများကြီးရှိပါတယ်။ အခုကျွန်တော်ရေးလိုက်မိတာကတော့ သူ့ရဲ့ တန်ဖိုးကို သတ်မှတ် သွားတဲ့ အကျင့်စရိုက်လေး တစ်ခု နှစ်ခုအကြောင်းကိုပဲ ရေးဖွဲ့မိလိုက်ခြင်းသာ ဖြစ်ပါတယ်...။
အခုလို ရေးလိုက်ခြင်းဟာ..  တစ်ပါးသောသူတစ်ယောက်ရဲ့ မကောင်းကြောင်းကို အများသိစေလိုသော ရည်ရွယ်ချက်ဖြင့် ရေးဖွဲ့ခြင်းမျိုး မဟုတ်ပါ။ လူတစ်ယောက်ဟာ.. ကိုယ့်ရဲ့ တန်ဖိုးကို ကိုယ်တိုင်ကပဲ တန်ဖိုးဖြတ်နေကြတယ်ဆိုတဲ့ အချက်လေးများကို စာဖတ်သူတို့ သတိရ ဆင်ခြင်စေလိုသောရည်ရွယ်ချက်ဖြင့် ရေးသားရခြင်းဖြစ်ပါတယ်။ ကျွန်တော်လည်း ကျွန်တော့်ရဲ့ တန်ဖိုးကို အမြဲ သတိထား ဆင်ခြင်ပြီးတော့ တန်ဖိုးရှိတဲ့သူအဖြစ်နေနိုင်အောင် ကိုယ့်တန်ဖိုးကိုသိနေနိုင်အောင်တော့ ကြိုးစားနေပါတယ်။ အကယ်၍ အခု ကျွန်တော်ရေးလိုက်သော ပို့စ်လေးအား ထိုသူငယ်ချင်း ကျောင်းသားလေး ဖတ်မိခဲ့သည် ရှိသော်.. သူ့ရဲ့ မကောင်းတဲ့ အကျင့်စရိုက်လေးများကိုပြန်လည် ဆင်ခြင်သုံးသပ်ပြီးတော့ ပြုပြင်ထိန်းသိမ်းနိုင်တဲ့… စည်းကမ်းရှိတဲ့သူ တန်ဖိုးရှိတဲ့ သူတစ်ယောက်အဖြင့် နေထိုင်သွားနိုင်မယ်ဆိုလျှင်ဖြင့် ရေးရကျိုးနပ်မယ်လို့ ထင်မြင်မိပါကြောင်း……။ 

ဇော်သိင်္ခ
                                                                                                    

4 comments:

နတ်ဆိုးလေး said...

လူအမျိုးမျိုး စိတ်အထွေထွေတဲ့ အကိုရေ
တန်ဖိုးဆိုတာကတော့ ကိုယ့်ဘာကိုယ် မြှင့်တင်ရတာပေါ့..
ကိုယ့်တန်ဖိုးကို နှိမ့်ချနေလို့ကတော့
ကျပြီးရင်းကျရင်း နောက်ဆုံးတော့
သုံးမရ ဖြစ်သွားမှာပဲ..

ahphyulay said...

တစ်ချို့  ကျတော့  လဲ ကိုယ်နေချင်သလို နေ နေ တတ်ပေမဲ့ 
ပတ်ဝန်းကျင်ကိုတော့  မေ့ လျော့  နေတတ် ကြပါတယ်။
တကယ် အမှုမဲ့  အမှတ်မဲ့  ပဲ နေတတ်လို့ လား တမင်ပဲ နေ နေ သလား
ဆို တာပဲ ခွဲ ခြား ရမှာပါ။ တန်ဘိုး ဆိုတာလဲ ကိုယ်က ထားမှ ရှိမှာ ဖြစ်လို့ 
အဲ့ ဒီ လို သူ တွေ နဲ့  တွေ့ ရင် ရှောင်ရင်ရှောင် မရှောင်ရင်သီးခံ
ရတော့ မှာပါပဲ။ သူ မှ ကိုယ်မဟုတ် ပဲ လေ ..။

SHWE ZIN U said...

အင်း အဆောင်မှာ နေရတာ အဲလို စည်းကမ်းမဲ့ သူတွေနဲ့ ဆိုတော့ စိတ်ညစ်စရာ ကိုယ်ချင်းစာပါတယ်ဗျာ

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီလိုလူမျိုးတွေတကယ်ကိုတွေ့ခဲ့ဖူးပါတယ်..
နောင်လဲ ရှိနေဦးမှာပါ
လူဆိုတာ တကယ်ကို ကိုယ့်ကိုယ်ကိုသိဖို့လိုပါတယ်..
မရှိတာထက် မသိတာခက်တယ်လို့တောင် ဆိုထားတယ် မဟုတ်လား...

 
^ထိပ်ဆုံးသို့