အိမ်တစ်အိမ်မှာ ယောက်ျားနဲ့မိန်းမဘယ်သူ အရေးကြီး လဲဆိုတာကို သိကြရဲ့လား လို့ မေးရင် ယောက်ျား တွေကတော့ တို့ယောက်ျားတွေက အရေးကြီး ပါတယ်လို့ ပြောကြပါလိမ့်မယ်။ တကယ်ဆိုရင် ယောက်ျားတွေ အရေးကြီး သလို အိမ်တစ်အိမ်မှာ သူတို့ မိန်းမတွေကလည်း တကယ်အရေးကြီးတယ်လို့ ပြောချင်ပါတယ်။ မိသားစု တစ်စု၊ အိမ်တစ်အိမ်မှာ နှစ်ဦးနှစ်ဘက် နားလည်နိုင်တဲ့၊ အလုပ်တစ်ခု ဆိုရင်လည်း စည်းလုံးတိုင်ပင် ပြီးတော့ လုပ်တက်တဲ့ သူတွေဆိုရင်တော့ အကောင်းဆုံးပါ။ ဒီအကြောင်းအရာနဲ့ ပတ်သပ်ပြီးတော့ ဟိုတစ်လောက ကျွန်တော် ရောက်ခဲ့တဲ့ ရပ်ကွက် တစ်ခုက အဖြစ်အပျက်လေးကို ပြောပြချင်ပါတယ်။ အဲဒီ ရပ်ကွက်တစ်ခုက အိမ်တစ်အိမ်မှာ လင်မယား နှစ်ယောက် စကားများနေကြတာကို သွားတွေ့ရပါတယ်။ အဲဒီလို စကားများ ရန်ဖြစ်ကြတဲ့ အခါမှာ မိန်းမ ဖြစ်သူက သည်းကြီးမဲကြီးနဲ့ ယောကျာ်းဖြစ်သူကို ဆဲဆို ပြောနေတာကိုတွေ့ရပါတယ်။ ဒီနေရာမှာ ယောက်ျားဖြစ်သူကလည်း မိန်းမဖြစ်သူ ဆဲဆိုနေတာ ကို ဒီအတိုင်း ငြိမ်ခံနေလားဆိုတော့၊ သူကလည်း ငြိမ်ခံမနေပါဘူး။ ဒါပေမဲ့ သူက မိန်းမကို ဒေါသတကြီးနဲ့ ပြန်လည် ဆဲဆို ရန်ဖြစ်နေတာတော့ မဟုတ်ပါဘူး။ သူကလည်း ရှက်တက်တဲ့ ယောကျာ်းမို့ ထင်ပါတယ်။ မရှက်တက်တဲ့ ယောက်ျားတွေဆိုရင်တော့ သူတစ်လှည့် ငါတစ်လှည့် အော်ကြီး ဟစ်ကျယ်နဲ့ ပြန်ချဲနေမှာတော့ သေချာတယ်။ သူကလည်း သူ့မိန်းမ အကြောင်း သိပြီးသားမို့ နေမှာပေါ့။ အချိန်ကလည်း ညအချိန် လူအားလုံး အိပ်ချိန်ဆိုတော့ မိန်းမဖြစ်သူရဲ့ ဆဲဆိုသံ ငိုသံ၊အော်ဟစ်ကြိမ်းမောင်းသံတွေပဲ ကြားနေရတာပါ။ ယောက်ျားဖြစ်သူရဲ့ အသံကတော့ တိုးတိုး တိုးတိုးနဲ့ မိန်းမဖြစ်သူကို ကြိမ်းမောင်း ခြိမ်းခြောက်ပြောဆိုနေတာပါ။ ဒါကို မိန်းမဖြစ်သူက မခံပါဘူး။ ဟိုက တိုးတိုးနဲ့ ပြော၊ ပြောလို့မရတော့ ထရိုက်လိုက်ပါတယ်။ ရိုက်တာလဲ လူကြားအောင် အော်ဟစ်မရိုက်ဘူး။ ညင်ညင်သာသာ နဲ့ပဲ ထိထိမိမိရိုက်လိုက်တယ်ထင်ပါတယ်။ မိန်းမဖြစ်သူတော်တော်လေး အထိမခံဖြစ်သွားပါတယ်။ ဒါပေမဲ့ သူက လူတွေမကြားအောင် ညင်ညင်သာသာနဲ့ ရိုက်လည်း မိန်းမဖြစ်သူက အရှက်မရှိ အော်ကြီး ဟစ်ကျယ်နဲ့ ဆဲဆိုလိုက် ၊ ငိုလိုက်၊ ရန်ထောင်လိုက်နဲ့ သူတစ်ယောက်ထဲ ရဲ့ အသံက ပတ်ဝန်းကျင်ကို ဆူညံ သွားပါတော့တယ်။ နောက်ဆုံး ဘယ်လိုမှ ဆုံးမလို့မရတဲ့ အဆုံးမှာတော့ ယောက်ျားဖြစ်သူက တိုးတိုးတိတ်တိတ်နဲ့ မိန်းမဖြစ်သူကို ပြန်ချော့ပြီးတော့ ဆဲဆိုသံတွေ ငြိမ်သွားအောင် ထိန်းပါတယ်။ မရပါဘူးဗျာ။ အဲဒီ မိန်းမဖြစ်သူကလည်း တော်တော်ကို အရှက်နည်းတယ် ထင်ပါတယ်။ တစ်ညလုံးကို ဆူညံ သွားတော့တာပါပဲ။ ပတ်ဝန်းကျင်က လူတွေလည်း အဲဒီညက တစ်ညလုံး မအိပ်လိုက်ရတော့ပါဘူး။ အဲဒီအချိန်မှာ ကျွန်တော့်စိတ်ထဲမှာ ကျိတ်ပြီး ဆုတောင်းမိပါတယ်။ ဖြစ်လေရာဘဝတိုင်းမှာ ဒီလိုမိခင်(အမေ)မျိုး နဲ့ မဆုံတွေ့ပါရစေနဲ့လို့ ဆုတောင်းမိလေရဲ့ဗျာ။ အဲ.. မနက်ကျတော့ မိန်းမဖြစ်သူက သူ့ဟာသူလည်း ဆဲဆိုနေသေးတယ် ပြီးတော့ မနေနိုင်လို့ ဆိုပြီး အိမ်ကနေ ထွက်သွားပါတော့တယ်။ ဘယ်သွားလဲ ဆိုတော့ ရိပ်သာကို သွားတာပါတဲ့ဗျာ။ ရိပ်သာ သွားပြီး တရား သွားအားထုတ်တာတဲ့။ ခါတိုင်းလည်း အဲဒီလို ခဏခဏသွားပါတယ်တဲ့။ ပြီးတော့ အခုလိုရန်ဖြစ်တာကလည်း အမြဲတမ်းဆိုလားပဲဗျာ။ ယောက်ျားဖြစ်သူကတော့ နောက်ပိုင်းကျတော့ ဘာမှကို မပြောတော့ဘူးတဲ့ဗျ။ သူနေတက်သလိုသာနေလိုက်ပါတော့တယ်တဲ့။ ဒီအမျိုးသမီးကြီးဟာ အမြဲတမ်းပဲ ပါးစပ်က တရားအကြောင်း ဝိပဿနာ အကြောင်း၊ ဘယ်ဆရာတော်ရဲ့တရားက ဘယ်လိုစသည်ဖြင့် အမြဲ ပြောနေတဲ့ မိန်းမပါတဲ့ဗျာ။ တကယ်တမ်းတော့ သူ ပါးစပ်ကသာ ဘုရားတရားအကြောင်းပြောနေတာပါ သူကိုယ်တိုင် ပြောတဲ့ အတိုင်း မကျင့်နိုင်ပါဘူးဖြစ်နေတာပါ။ မကြာပါဘူး သူလည်း ရိပ်သာ မှာ အကြာကြီး မနေနိုင်တော့ အိမ်ပြန်ရောက်လာပါတော့တယ်။ သူတို့အိမ်မှာ သူတို့ လင်မယားပဲ ရှိတာလား ဆိုတော့ မဟုတ်ပါဘူး သား၊သမီးတွေ ရှိပါတယ်။ သူတို့ရဲ့ သားသမီးတွေကလည်း သူ့အမေအကြောင်း သိလို့ သူတို့နဲ့တောင် အတူ သိပ်မနေဘူးလို့ သိရပါတယ်။ သူ့သားသမီးတွေဆိုရင်လည်း ဘယ်တော့ မှ အကောင်းမပြောဘူး အကောင်းမမြင်ဘူးတဲ့။ အမြဲ အပြစ်ပြောပြီး တစ်ခါတလေ ဆို ထမင်းတောင် ချက်မကျွေးလို့ ကလေးတွေက အပြင်မှာ ထွက်စား ရတယ်လို့ သိရပါတယ်။ ဒါကြောင့် အိမ်တစ်အိမ်မှာ အဓိကကျတဲ့ ဖခင် နေရာ ယောက်ျားတွေ ဟာ အရေးကြီးသလို မိခင်နေရာ မှာ နေရမယ့် မိန်းမတွေဟာ လည်း အရေးကြီးပါတယ်။ မိန်းကလေးများ အိမ်ထောင်ပြုတော့မယ် ဆိုရင် သူတို့ ယူမည့် ယောကျာ်းများကို သေချာ ရွေးချယ် ကြသလို ကျွန်တော်တို့ ယောက်ျားလေးများဟာလည်း မိန်းမယူတော့မယ်ဆိုရင် ကိုယ်ယူမည့် မိန်းမ၊ မိခင်လောင်းများကို ၊ ထိုနည်းတူစွာပဲ သေချာ ရွေးချယ် ယူသင့်တဲ့ အကြောင်းကို ဟိုတစ်လောက စာပေဟောပြောပွဲတစ်ခုမှာ နားထောင်လိုက်ရတဲ့ ဆရာဦးဘုန်း ပြောသွားတဲ့ မျိုးစေ့ ဆိုတဲ့ ပုံပြင် လေးအကြောင်းနဲ့ နှိုင်းယှဉ် ရေးသား ဖော်ပြ ပေးလိုက်ရပါတယ် ။
ဆရာကတော့ အဲဒီပုံပြင်လေး မပြောခင်မှာ ဒီလိုပြောသွားပါတယ်။ အိမ်တစ်အိမ်မှာတဲ့ ယောက်ျားနဲ့ မိန်းမ ဘယ်သူ အရေးကြီးလဲ ဆိုရင် ယောက်ျားတွေ ဟာ အရေးကြီးသလို မိန်းမတွေကလည်း အရမ်း အရေးကြီးပါတယ်တဲ့။ ဘာဖြစ်လို့ လဲ ဆိုရင် ယောကျာ်းတွေဆိုတာ လူတွေ ၊ သူတွေ ရှေ့မှာသာ ခေါင်းမာနေကြတာတဲ့၊ အိမ်ရောက်လို့ ခြင်ထောင် ချလိုက်ပြီ ဆိုတာနဲ့ ပြောင်းပြန် ဖြစ်သွား ရောတဲ့။ ကိုယ့်ရဲ့ အိမ်ရှင်မ တွတ်တီးတွတ်တာ ပြောတဲ့ စကားတွေပေါ်မှာ တို့ ယောကျာ်းတွေအားလုံးဟာ ဘဝပျက်သွားကြတာ များပါတယ်တဲ့။ ဒါကြောင့် မိန်းမ ရွေးချယ် တဲ့ နေရာ မှာ သေချာ ရွေးချယ် နိုင်ဖို့ ရန်အတွက် ဒီ မျိုးစေ့ ဆိုတဲ့ ပုံပြင်လေးကို ပြောပြလိုက်ရခြင်း ဖြစ်ပါတယ်။
တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီး တစ်ပါးရှိပါတယ်။ အဲဒီ ဘုရင်ကြီးမှာ မိဖုရားတွေ အများကြီး ရှိပေမယ့် သားသမီးဆိုလို့ သားလေး တစ်ယောက်ပဲ ထွန်းကားပါတယ်။ ဒါကြောင့် အဲဒီ သားတော် လေးကို ဘုရင် ရာထူးဆက်ခံပြီး တိုင်းပြည်မင်းဆက်ကို ဆက်လက် ထိန်းသိမ်းဖို့ အတွက် သားတော်ကို အိမ်ထောင်အရင်ပြုဖို့ ပြောပါတယ်။ သားတော်လေး ဟာ အရွယ်ရောက်လာ ပေမယ့် ချစ်ရမယ့်သူ ဆိုလို့ တစ်ယောက်မှ မရှိသေးဘူးတဲ့။ အဲဒီ သားတော် လေးမှာ အဌာရသ တစ်ဆယ့်ရှစ်ရပ် အကုန်တက်ပါတယ်။ ဒါပေမယ့် ဒီအိမ်ရှေ့ မင်းသားလေး ဟာ ဘာကိုစိတ်ဝင်စားလဲ ဆိုတော့ သစ်ပင်၊ ပန်းပင် စိုက်တာကို အရမ်းဝါသနာပါတယ်။ ဘုရင် မင်းတရားကြီးဟာ သူ့ရဲ့သားတော် အိမ်ရှေ့မင်းသားလေးကို အိမ်ထောင် ချပေးချင်တယ်။ ဒါကြောင့် သားတော်လေး အိမ်ထောင်ပြုဖို့အတွက် ငါကိုယ်တော် ရွေးချယ် ဆက်သပေးဖို့ မူးမတ်တွေနဲ့ တိုင်ပင်ပြီး သားတော်လေးကို အိမ်ထောင်ချပေးမယ်လို့ ပြောပါတယ်။ ဒီအခါမှာ အိမ်ရှေ့မင်းသားလေးက အရှင်ဖခမည်းတော် ဘုရား သားတော်ရဲ့ ကြင်ယာတော် ကို မူးမတ်တွေနဲ့ တိုင်ပင်ပြီး ရွေးချယ်ဖို့ မသင့်တော်ပါဘုရား။ ဘာကြောင့်လည်း ဆိုတော့ ဒီ မူးမတ်တွေကြောင့် တိုင်းပြည်ပျက်နေရတာပါ။ ဒါကြောင့် သားတော်ကြင်ယာတော်ကို သားတော် ကိုယ်တိုင် ရွေးချယ်ခွင့်ပြုပါလို့ တောင်းဆိုလိုက်တယ်။ ဒီအခါမှာ ဘုရင်ကြီးကလည်း ခွင့်ပြုတော် မူလိုက်ပြီးတော့ ဘယ်လို ရွေးချယ် မယ် ဆိုတာကို ပြောပါ သားတော်..
``ဒီလိုပါ ၊ ဖခမည်းတော် ဘုရား…
လာမည့် တန်ခူးလပြည့်နေ့မှာ သားတော်ကိုယ်တိုင် ရွေးချယ်ပါ့မယ်ဘုရား။ ဒါကြောင့် တိုင်းပြည်အတွင်း၌ မောင်းခတ် ကြေငြာပေးတော် မူပါဘုရား ``
ဒီလိုနဲ့ မောင်းခတ်ကြေငြာ လိုက်တဲ့ အခါမှာ… သူတို့ တိုင်းပြည် အပြင် ခုနစ်ပြည်ထောင် အတွင်းက မင်းသမီးတွေ အပါအဝင် အသက် ၁၈ နှစ်ပြည့်ပြီး အပျိုစင် အားလုံး အိမ်ရှေ့ ဥပရာဇာ ကိုယ်တော်လေးရဲ့ ကြင်ယာတော် ဖြစ်ခွင့်ရှိတယ်.. ဒါကြောင့် လမယ့် တန်ခူးလပြည့်နေ့မှာ ကိုယ်တော်လေး ကိုယ်တိုင် စီမံထားတဲ့ အစီအမံရဲ့ အောက်ကို လာရောက် အခစားဝင် ရွေးချယ် ခံကြပါ။
မိန်းမပျိုလေးတွေ အားလုံးဟာ မိဖုရား ဖြစ်ရမှာ ဆိုတော့ အားလုံး အားရဝမ်းသာနဲ့လာကြတာပေါ့။ အဲဒီလို လာတဲ့ အခါမှာ ကိုယ်တော်လေးက ပထမဆုံး ဘာလုပ်လဲ ဆိုတော့... မိန်းကလေး တစ်ယောက်ချင်းဆီကိုပြောပါတယ် …။
``ရှေ့မှာ တွေ့တဲ့ ပန်းအိုး ကို ယူလိုက်ပါ။ ပြီးရင် ဘေးမှာ ရှိတဲ့ မြေဆီတွေကို ပန်းအိုးထဲကိုထည့်လိုက်ပါ။ ပြီးရင် မလှမ်းမကမ်းမှာ ရှိတဲ့ မျိုးစေ့တွေ ထည့်ထားတဲ့အထဲကို လက်ညှိုးနဲ့ လက်မ ပါသလောက်ကို ညှပ်ယူပြီးတော့ အိုးထဲ ထည့်သွားကြပြီးတော့ ဒီမှာ တစ်ယောက်ချင်း စာရင်း ပေးထားခဲ့ကြပါ။ ပြီးမှ ကိုယ့်အိမ်ကိုယ် ပြန်ပြီး အဲဒီ မျိုးစေ့ တွေကို ဖြစ်ထွန်းအောင် စိုက်ပျိုးကြပါ။ ပြီးရင် အဲဒီ ပန်းအိုးတွေက ပန်းတွေ ပွင့်လာတဲ့ အချိန် ခြောက်လာကြာတဲ့အခါ သီတင်းကျွတ် လပြည့်နေ့ကြရင် ပွင့်လာတဲ့ ပန်းတွေကို သေချာ ကြည့်ပြီး ကြင်ယာတော် ရွေးချယ်ပါ့မယ်။`` လို့ ပြောလိုက်ပါတယ်။ ကိုယ်တော် လေးက ပန်းစိုက်တာ ဝါသနာ ပါတဲ့ အတွက် ကြောင့် ဒီလိုရွေးချယ်လိုက်ခြင်း ဖြစ်ပါတယ်။
အဲဒီတော့ မိန်းမပျိုလေးတွေ အားလုံးဟာ အဲဒီလို ပြောလိုက်တဲ့ အခါမှာ အားလုံး ပျော်ရွှင်စွာနဲ့ပဲ ပန်းပင်တွေကို သေချာ စိုက်ပျိုးကြပါတယ်။ တစ်ချို့အမျိုးသမီးတွေကတော့ ဒီကိုယ်တော်လေး ဘယ်ပန်းကို ကြိုက်တယ် ဆိုတာကို စုံစမ်းပြီးတော့ ကိုယ်တော်လေး ကြိုက်တက်တဲ့ ပန်းတွေကို သေချာစိုက်ပျိုးကြပါတယ်။
ဒီလိုနဲ့ အိမ်ရှေ့ကိုယ်တော်လေး ပန်းမျိုးစေ့တွေကို စိုက်ပျိုးခိုင်းပြီးလို့ ခြောက်လအကြာ သီတင်းကျွတ်လပြည့်နေမှာပဲ ပန်းအိုးတွေကို ကြည့်ပြီး ပွင့်လာတဲ့ ပန်းတွေကို သေချာ စစ်ဆေးပြီးမှ ကြင်ယာတော် ကို ရွေးချယ်တော့မယ်ဆိုတော့… မိန်းမပျိုလေးတွေ အားလုံးဟာ ပန်းအိုးကိုယ်စီနဲ့ နန်းတွင်းကို လာကြပါတယ်။ သူတို့ ယူလာတဲ့ ပန်းတွေအားလုံးကို တစ်ယောက်ချင်းစီ မှတ်တမ်းတင်ထားလိုက်ကြပါတယ်။ ယူလာတဲ့ ပန်းတွေအားလုံးဟာ အလွန်လှပတဲ့ ပန်းတွေများပါတယ်။ ဒီလိုနဲ့ မိန်းကလေးတွေ အားလုံးဟာလည်း ငါ့ပန်းက လှတယ်။ ငါ့ကို ရွေးလိမ့်မယ်။ နင့်ပန်းကမလှဘူးနဲ့ စသည်ဖြင့် တစ်ယောက်နှင့် တစ်ယောက် ပြောဆို ဆူညံပြီးတော့ ရင်ခုန်စွာနဲ့ပဲ ပန်းအိုးတွေကို ဆက်သ နေကြပါတယ်။ ဒီလို ပန်းအိုးတွေ ဆက်သ စာရင်းပေးနေရင်းနဲ့ပဲ ထူးထူးခြားခြား မိန်းမငယ်လေး တစ်ယောက်ကို သွားတွေ့ပါတယ်။ အဲဒီ မိန်းမငယ်လေးကတော့သူများတွေလို ပန်းအိုးကို ခေါင်းပေါ်မှာ ရွက်မလာပဲ ဘေးမှာ ခါးစောင်းတင်ပြီး ယူလာတယ်။ ပြီးတော့ သူ့မျက်နှာလေးကလည်း မျက်နှာငယ်လေးနဲ့ ၊ ငိုလာတယ်။ ပြီးတော့ ကိုယ်တော်လေးကို လျှောက်တင်တော်မူတယ်..
`` အိမ်ရှေ့ကိုယ်တော်လေး ဘုရား… နှမတော်ကို သတ်ရင်လည်း သေရပါ့မယ်ဘုရား။ ထားရင်လည်း နေရပါ့မယ်ဘုရား။ နှမတော် ပန်းကို သေချာ ဂရုစိုက်ပြီးတော့ကို စိုက်ပျိုးပါတယ်ဘုရား။ ဘယ်လိုမှကို အပင် မပေါက်လို့ပါဘုရား။ နှမတော်ကို ခွင့်လွှတ်တော် မူပါဘုရား`` လို့ အဲဒီ မျက်နှာငယ်နဲ့ ပန်းမပွင့်တဲ့ မိန်းကလေးက လျောက်တင်တော်မူတယ်။ အဲဒီတော့ ကိုယ်တော်လေးကလည်း…
``ခွင့်လွှတ်တယ် နှမတော်လေး ၊ နှမတော်ကို ခွင်လွှတ်ပါတယ်`` လို့ ပြောလိုက်ပါတယ်။
ဒီလိုနဲ့ ပန်းတွေ ကိုယ်စီပျိုးထားတဲ့ ပန်းပင်တွေ၊ ပန်းပွင့်တွေကို ကြည့်ပြီး ကိုယ်တော်လေးက ပြုံးလိုက်ပါတယ်။ ပြီးတော့ နောက်တစ်လ ပြည့်တဲ့ နေ့မှာပဲ ကိုယ်တော်လေးက သူ့ရဲ့ ကြင်ယာတော် ရွေးချယ်ပြီးကြောင်းကို ကြေငြာဖို့အတွက် ပန်းတွေ စိုက်ပျိုးထားတဲ့ အမျိုးသမီးတွေ အားလုံးကို ကွင်းပြင်ကြီးထဲမှာ စောင့်ဆိုင်းနေစေပါတော့တယ်။ အမျိုးသမီးတွေ အားလုံးဟာ ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ပြီး ရင်ခုန်စွာနဲ့ပဲ ကြင်ယာတော် ဖြစ်ဖို့ အတွက် စောင့်မျှော်နေကြလေရဲ့…။
အဲဒီအချိန်မှာ ကိုယ်တော်လေးက ဘယ်သူ့ကို ရွေးချယ်လိုက်လဲ ဆိုတော့ ပန်းအပင် မပေါက်တဲ့၊ ပန်းမပွင့်တဲ့ မိန်းမငယ်လေးကို သူ့ရဲ့ ကြင်ယာတော် အဖြစ်ရွေးချယ်လိုက်ပါသတဲ့။ အဲဒီအခါမှာ ပန်းတွေကို စပါယ်ရှယ် လှလှပပပွင့်အောင် လုပ်လာတဲ့ မိန်းကလေးတွေအားလုံးက ကိုယ်တော်လေးကို ပြောကြတော့တာပေါ့။ ဒီကိုယ်တော် ရူးနေပြီ။ အရမ်းလှတဲ့ ပန်းတွေပွင့်အောင် စိုက်ပျိုးတဲ့ ငါတို့တော့ မရွေးဘူး။ ပန်းပင်တောင် ဖြစ်အောင် မစိုက်နိုင်တဲ့သူကိုတော့ ရွေးတယ်။ ဒီကိုယ်တော် အရူးပေါ့။ ဒီလိုပြောမယ် ဆိုတာကို ကိုယ်တော်လေးက သိတော့ သူ ပန်းမပွင့်တဲ့ ကောင်မလေးကို ရွေးချယ်လိုက်ရတဲ့ အကြောင်း အရင်းကို ပြောပြပါတော့တယ်။
``ကဲ… အားလုံး နားထောင်ကြပါ မိန်းကလေးတို့ ၊ ငါကိုယ်တော် ပန်းမပွင့်တဲ့ ပန်းပင်ဖြစ်အောင်တောင် မစိုက်ပျိုးနိုင်တဲ့ မိန်းကလေး ကို ကြင်ယာတော် အဖြစ် ဘာ့ကြောင့် ရွေးချယ်လိုက်သလဲဆိုရင်… ခင်ဗျားတို့ ပန်းပွင့်အောင် စိုက်ပျိုးတဲ့ မိန်းမတွေ အားလုံးဟာ… သစ္စာမရှိတဲ့ မိန်းမတွေ၊ ရိုးသားမှုမရှိတဲ့ မိန်းမတွေ ဖြစ်နေလို့ပဲ။ ဘာကြောင့် ရိုးသားမှု မရှိတာ လဲ ဆိုရင် ခင်ဗျားတို့ အားလုံးကို စိုက်ပျိုးခိုင်းလိုက်တဲ့ ပန်းမျိုးစေ့တွေ အားလုံးဟာ ကျွန်တော်ကိုယ်တိုင် ရေနွေး ဆူဆူထဲမှာ ခုနစ်နာရီလုံးလုံးထည့်ပြုတ်ထားတဲ့ မျိုးစေ့တွေဖြစ်လို့ပဲ။ ဘယ်လိုနည်းနဲ့မှ အပင်ပေါက်နိုင်စရာ အကြောင်းမရှိပါဘူး။ ဒါကြောင့် အခုလို သစ္စာမရှိတဲ့ ၊ ရိုးသားမှုမရှိတဲ့ မိန်းမတွေကို ငါကိုယ်တော် မိဖုရားအဖြစ် ရွေးချယ်ခဲ့မယ်ဆိုရင်၊ ငါတို့ တိုင်းပြည်ကြီး ဘယ်လိုဖြစ်သွားနိုင်မလဲ၊ ဒီတိုင်းပြည်ကြီး ဒီမိန်းမတွေရဲ့ အောက်မှာပဲ ပျက်စီးသွားတော့မှာပေါ။ ဒါကြောင့် ငါကိုယ်တော် ကိုယ်တိုင် သစ္စာရှိတဲ့ ၊ ရိုးသားမှုရှိတဲ့ မိန်းမကို ရွေးချယ် ခဲ့တာ ပဲ`` လို့ အိမ်ရှေ့ ကိုယ်တော်လေး က ပြောလိုက်ပါတော့တယ်။
ဒါကြောင့် ကျွန်တော်တို့ အမျိုးသားတွေဟာ၊ မိန်းမတစ်ယောက်ကို ရွေးချယ်တော့မယ် ဆိုလျှင် ကျွန်တော်တို့ လုပ်ကိုင်၊ ကိုင်တွယ်နေရတဲ့ အလုပ်အကြီးအသေးအလိုက် ကျွန်တော်တို့ မိန်းမတွေရဲ့ အသိဉာဏ်ကလည်း အရေးကြီးပါတယ်။ အိမ်တစ်အိမ်မှာ ယောက်ျားနဲ့ တန်းတူ မိန်းမများဟာလည်း အရေးကြီးတဲ့ အပြင် ယောကျာ်းများကိုယ်တိုင်ကလည်း အိမ်ထောင် ရှင်ကောင်းပီပီ ကျင့်ကြံ နေထိုင် နိုင်ဖို့ အရေးကြီး လိုအပ်ပြီးတော့ မိသားစု အားလုံး စည်းစည်းလုံးလုံး တိုင်တိုင်ပင်ပင်နဲ့ နေထိုင် နိုင်မှ သာလျင် မိသားစုတွေရဲ့ ဘဝ ပျော်ရွှင် ချမ်းမြေ့နိုင်ပြီးတော့ မိသားစု ဘဝမှတစ်ဆင့် တစ်နိုင်ငံလုံး တစ်မျိုးသားလုံးဟာလည်း ပျော်ရွှင် ချမ်းမြေ့ နိုင်ပါမယ် ဆိုတဲ့ အကြောင်းကို ရေးသား ဖော်ပြလိုက်ရပါတယ်။
ခင်မင်စွာဖြင့်...
ဇော်သိင်္ခ
4 comments:
စာပေဟောပြောပွဲမှာ ဦးဘုန်းပြောတာကို နားထောင်ဖူးတယ်။ အခုလို ပြန်တွေ့တော့လည်း တစ်ခါ ဖတ်မှတ်သွားပါတယ်။
အရမ်းကောင်းတဲ့ ပို့စ်လေးပါ. .
အရမ်းမိုက်တယ်။။။အားပေးသွားပါ၏။။။
တန်ဖိုးရှိသော စာလေးပါပဲ....ဖတ်ခွင့်ရလို့ ကျေးဇူးပါ...နော်..ကောင်းသောနေ့လေးဖြစ်ပါစေ။
Post a Comment