မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Thursday, May 19, 2011

`` ထီ ``


5682806.jpg

``ဟူး…. ဒီတစ်ပတ်လည်း ထီမပေါက်ပါလား``

ထိုးထားတဲ့ ထီတွေရယ်၊ ထီပေါက်စဉ်ရယ် တိုက်ပြီး ကျွန်တော် ညည်းတွားမိတယ်။ လဆန်းတိုင်း ထီဖွင့်ရက်ဆိုရင် ထီပေါက်လိမ့်မလားလို့ဆိုတဲ့မျှော်လင့်ချက်နဲ့ ထီတိုးခဲ့တာ ဒီအသက် ဒီအရွယ်ထိပါပဲ။ ထီထိုးတိုင်း လိပ်စာပေးခဲ့တယ်။ ဖုန်းနံပါတ်ပေးခဲ့တယ်။ လစဉ် လဆန်း (၁) ရက်၊ (၂)ရက် ဆိုရင် ထီပေါက်ကြောင်း ဘယ်သူများ လာပြောမလဲလို့ အမြဲရင်ခုန်မိတယ်။ ထီပေါက်ကြောင်း ဖုန်းများဆက်လေမလားလို့ ဖုန်းသံကြားတိုင်း စိတ်လှုပ်ရှားမိတယ်။

မြတံခွန်နဲ့ အောင်သန်းဆု  ထီဆိုင်ကြီးတွေက သိန်းထောင်ဆုပေါက်တဲ့ သူကို အပိုဆုပေးတဲ့ အခမ်းအနားပွဲတွေ တွေ့တိုင်း အားကျမိတယ်။ တစ်နေ့… အဲဒီနေရာမှာကိုယ်ဖြစ်ရမယ်ဆိုတဲ့ အသိစိတ် ရင်ထဲမှာအမြဲရှိနေတယ်။ ရုပ်ရှင်သရုပ်ဆောင်တွေနဲ့တွဲပြီး ဓာတ်ပုံရိုက်လိုက်မယ်ဆိုတဲ့ စိတ်ကူးကလည်း ရှိနေသေးတယ်။

ကျွန်တော် တစ်ခါမှ ထီမပေါက်ဘူးပါ။ ဒါပေမဲ့ ထီပေါက်လိမ့်မယ်လို့ လုံးဝယုံကြည်ပါတယ်။ ဒီကနေ့ထိတော့  စိတ်ဓာတ်မကျပဲ ထီကို ဇွဲရှိရှိနဲ့ ထိုးဆဲပါ။ အတိတ်က ဒါနမျိုးစေ့ ဘယ်လောက်ရှိသလဲ သိချင်လို့ လစဉ်ထီထိုးပါတယ်။ လစဉ်လည်း မျှော်လင့်ပါတယ်။

လက်ဖက်ရည်ဆိုင်တွေမှာထီရောင်းတဲ့ကလေးတွေ ရှိပါတယ်။ သူတို့ကိုတွေ့ရင် ကျွန်တော် ထီ အမြဲတမ်းထိုးတယ်။ အလကားနေရင်းတောင် ဆေးလိပ်သောက်၊ ကွမ်းစား၊ ဘီယာဆိုင်ထိုင်ပြီး ပိုက်ဆံတွေ ကုန်သွားတက်သေးတာ။ ထီထိုးတယ်ဆိုတာ ထီမဖွင့်မချင်း ငါ ထီပေါက်နိုင်တယ်ဆိုတဲ့ အရသာရှိတဲ့ စိတ်ကလေးနဲ့ နေရထိုင်ရတာ အင်မတန်ကို ကြည်နူးစရာကောင်းတယ်။ ဒါပေမဲ့ ထီမပေါက်ခဲ့ဖူးဆိုရင်လည်း တစ်လအတွင်း ပြန်ပြီး ကံစမ်းခွင့်ရှိတယ်။ လစဉ် လဆန်းတိုင်း၊ ရင်ခုန်ရတဲ့ အရသာကို ထီထိုးဖူးသူတိုင်း သိကြပါတယ်။


***************


ကျွန်တော် ညနေ (၃)နာရီဆိုရင် ``မင်းမဟာ`` လက်ဖက်ရည်ဆိုင်မှာ ထိုင်နေကျပါ။ ``လက်ဖက်ရည်မိတ်ဆွေ`` တွေ ကျွန်တော့်မှာ ရှိပါတယ်။ စကားပြောဖော်ပြောဖက်တွေပါ။ စာပေဆွေးနွေးဖော် ဆွေးနွေးဖက်တွေပါ။ ထီထိုးဖော်ထိုးဖက်တွေပါ။ လက်ဖက်ရည်ဆိုင် ထိုင်တယ်ဆိုတော့ ရောက်တက်ရာရာတွေ ပြောတက်ကြပါတယ်။

တစ်ခါတလေလည်း ဘောလုံးပွဲအကြောင်း၊ တစ်ခါတစ်လေလည်း ကမ္ဘာသတင်း… နိုင်ငံသတင်းအကြောင်း၊ တစ်ခါတလေကျတော့လည်း ရာသီဥတုအကြောင်း၊ သဘာဝပတ်ဝန်းကျင်အကြောင်း ပြောဖြစ်ကြတယ်။ တစ်ခါတလေ ကျတော့လည်း တရားဓမ္မအကြောင်း၊ တရားစခန်းအကြောင်း ပဋိစ္စသပုပ္ပါဒ် အကြောင်း ပြောဖြစ်ပြန်တယ်။ တစ်ခါတလေတော့လည်း ဘီယာဆိုင်က ကောင်မလေးတွေအကြောင်း မြေဈေးအကြောင်း၊ အိမ်ဈေးအကြောင်း၊ ပြောဖြစ်ပြန်တယ်။

လကုန်ခါနီးတိုင်း ပြောဖြစ်တာကတော့ ထီဖွင့်ခါနီးပြီဆိုတဲ့အကြောင်း၊ ထီပေါက်ရင်ဘယ်လိုကဲလိုက်မယ်…၊ ဘာတွေဝယ်လိုက်မယ်..၊ ဘယ်တွေ သွားလိုက်တယ် ဆိုတဲ့အကြောင်း ပြောဖြစ်ကြတယ်။

ကျွန်တော်တို့ စကားပြောတဲ့ လကုန်ခါနီးတစ်ရက်မှာ ကျွန်တော့်ရဲ့မိတ်ဆွေ တစ်ယောက်က စကားပြောရင်း ``ခေါင်းမူးတယ်`` လို့ ပြောတယ်။ သူ အိမ်ပြန်သွားတယ်။ ကျွန်တော်လည်း (၄)နာရီထိုးတော့ စာသင်ဖို့ အတွက် အတန်းတွေရှိတဲ့ဆီကို သွားခဲ့ရတယ်။ ပထမအချိန် ပြီးခါနီး ညနေ (၅)နာရီလောက်မှာ ကျွန်တော့်ဆီကို တယ်လီဖုန်း မြည်လာတယ်။ ညနေက ခေါင်းမူးပြီး အိမ်ပြန်သွားတဲ့ ကျွန်တော့်မိတ်ဆွေ သွေးတိုးဖြစ်ပြီး ဆုံးသွားတယ်တဲ့…။

ကျွန်တော် အရမ်းအံ့သြသွားတယ်။ ညနေကမှ ထီပေါက်ရင်… ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုပြီး ကျွန်တော်တို့ ပြောခဲ့ကြသေးတာ။ အခုသူက မရှိတော့ဘူးတဲ့.. မြန်လိုက်တာ။ ဒီလိုနဲ့ သူ့အသုဘကို ကျွန်တော် လိုက်ပို့ရတယ်။ အသုဘ လိုက်ပို့ရင်း ကျွန်တော်စဉ်းစားမိတာလေး ပြောပြပါရစေ။

……

မြန်မာနိုင်ငံမှာ လူသန်းပေါင်း (၅၀)ကျော် ရှိတယ်။ တစ်လကို သိန်း (၁၀၀၀) ထီတစ်ဆုပဲ ဖွင့်တယ်။ လူသန်းပေါင်း (၅၀) ထဲမှာ တစ်ယောက်သာလျှင် ပိုင်ဆိုင်ခွင့်ရှိတဲ့ သိန်း (၁၀၀၀) ဆုကို ကျွန်တော်တို့ အမြဲမျှော်လင့်ကြတယ်။ ဒီလမပေါက်ရင် နောက်လပေါက်လိမ့်မယ်လို့ ကျွန်တော်တို့ အမြဲမျှော်လင့်ကြတယ်။ ဒီလမပေါက်ရင် နောက်လပေါက်လိမ့်မယ်လို့ ကျွန်တော်တို့ အမြဲယုံကြည်ကြတယ်။ ထီမပေါက်သေးဘူး.. ပေါက်ခဲ့ရင် လှူမယ်၊ တန်းမယ်၊ ရွှေဝယ်မယ်၊ မြေဝယ်မယ်၊ ကဲမယ်၊ သုံးမယ်၊ ငွေဆောင်သွားမယ်၊  ချောင်းသာသွားမယ်၊ မိသားစုနဲ့ ဘုရားဖူးထွက်မယ်၊ ကားဝယ်မယ်၊ လုပ်ငန်းတစ်ခုခုမှာ ငွေအရင်းထည့်ပြီး စီးပွားရေး လုပ်ပစ်လိုက်မယ်…။ ဒီလိုတွေးပြီး စိတ်ကူးတွေယဉ်လိုက်ကြရတာ လစဉ်တိုင်းပါပဲ။ ကျွန်တော်လည်း သိန်း (၁၀၀၀) ထီမပေါက်ဖူးဘူး။ ကျွန်တော့်သူငယ်ချင်းတွေထဲမှာလည်း သိန်း (၁၀၀၀) ထီပေါက်တဲ့သူ မကြားဖူးဘူး။

အခု… သေသွားတဲ့ကျွန်တော့်မိတ်ဆွေဟာ သိန်း (၁၀၀၀) ထီပေါက်ရင် ဘာလုပ်မယ်၊ ဘာလုပ်မယ်ဆိုပြီး အမြဲပြောတက်တဲ့သူ။ ဒါပေမဲ့ သူ… မရှိတော့ဘူး။ မသေချာတဲ့ သိန်း(၁၀၀၀) ထီပေါက်ဖို့ ယုံကြည်မျှော်လင့်နေကြတဲ့ ကျွန်တော်တို့ မေ့နေတာ တစ်ခုရှိတယ်။ လူသန်းပေါင်း (၅၀) ထဲမှာ သိန်း (၁၀၀၀) ထီပေါက်ဖို့ က မသေချာဘူး။ တစ်ယောက်တည်းသာ ဖြစ်နိုင်တယ်။ အဲဒီတစ်ယောက်ဟာ ကိုယ်ဖြစ်မယ်လို့ အမြဲစိတ်ကူးယဉ်ခဲ့ကြတယ်။ လူသန်းပေါင်း (၅၀) ထဲမှာ နေ့စဉ် နေ့စဉ် သေဆုံးနေကြတဲ့ လူတွေကို မြင်တိုင်း အဲဒီတစ်ယောက်ဟာ ငါဖြစ်နိုင်တယ်လို့ မတွေးခဲ့မိဘူး။ စိတ်မကူးခဲ့ဖူး။

သေဖို့ကတော့ သေချာတယ်။ ထီပေါက်ဖို့က မသေချာဖူး။

ဒါပေမဲ့ ငါ.. သေမယ်လို့ တစ်ခါမှ မတွေးမိဖူး။ မန္တလေးမြို့မှာဆိုရင် နေ့စဉ် လူ (၇၀) လောက်၊ သေနှုန်းရှိတယ်။ တစ်လကို လူ (၂၀၀၀) ကျော်လောက် သေတယ်။ အဲဒီထဲမှာ ကိုယ်ပါနိုင်တယ်လို့ တစ်ခါမှ မတွေးမိဖူး။ ဒါပေမဲ့  လူသန်း (၅၀) မှ တစ်ယောက်သာဖြစ်နိုင်တဲ့ သိန်း (၁၀၀၀) ထီကိုတော့ ကိုယ့်အလှည့် ရောက်နိုင်တယ်လို့ အမြဲတွေးမိတယ်။

ကျွန်တော့်တို့ စိတ်တွေဟာ သိပ်ပြီးအံ့သြစရာကောင်းတယ်။ အကောင်းတွေကိုတော့ အမြဲမျှော်လင့်တယ်။ အဆိုးတွေကိုတော့ နားနဲ့တောင် မကြားချင်ဖူး။

ဗေဒင်ဆရာက ထီပေါက်နိုင်တယ်လို့ပြောရင် ကြိုက်တယ်။ ဘယ်ဆိုင်က ထိုး၊ ဘယ်ဂဏန်းကိုထိုး၊ ဘယ်နေ့သားနဲ့တွဲထိုး၊ ဘယ်နေ့ထိုး၊ ဘယ်အချိန်ထိုး၊ ထီထိုးရင်း စိတ်ကူးလိုက်ရတာ ပျော်စရာပါ။ ဒါပေမဲ့ ဗေဒင်ဆရာက ဘယ်နေ့သေနိုင်တယ်လို့ပြောရင် မကြိုက်ချင်ဘူး။ ဘယ်ရောဂါနဲ့ သေမယ်။ ဘယ်လိုပုံစံနဲ့ သေမယ်။ ဘယ်နေရာမှာ သေမယ်။ အဲဒီလိုပြောရင် စိတ်ကူးဖို့နေနေသာသာ အဲဒီလိုပြောတဲ့ ဗေဒင်ဆရာကို လက်သီးနဲ့ ထ, ထိုးမိမှာပဲ။

ထီမပေါက်သေးဖူး။ ထီပေါက်ရင် ဘာလုပ်မယ်ဆိုတဲ့ ကြိုတင်ပြင်ဆင်မှုတွေ စိတ်ထဲမှာ အများကြီးပဲ။

``သေ``ဖို့ ``သေချာ`` တဲ့ ကျွန်တော်တို့က မသေခင် ဘာလုပ်မယ် ဆိုတဲ့ ကြိုတင်ပြင်ဆင်မှု ဘာမှမရှိဘူး။ သေပြီးရင်လည်း ငါ… ဘာဖြစ်မယ်လို့ တစ်ခါမှ မစဉ်းစားမိကြဘူး။ သေပြီးတဲ့နောက် ဖြစ်လာမယ့် ဘဝတစ်ခုအတွက် အခုကတည်းက ဘာတွေလုပ်ထားသင့်တယ်ဆိုတာ မတွေးမိဘူး။ တွေးမိရင်လည်း လက်တွေ့ အကောင်အထည် မဖော်ဖြစ်ဘူး။

သေဖို့ကတော့ လုံးဝသေချာတယ်။ အခုလား.. နေ့လား… ညလား… မနက်ဖြန်လား…။ ဒါပေမဲ့ ဘယ်တော့မှ သေဖို့အတွက် ဘယ်တော့မှ မျှော်လင့်မထားဖူး။

ထီပေါက်ဖို့ကတော့ လုံးဝမသေချာဘူး။ ဒါပေမဲ့… လဆန်းတိုင်း ကိုယ်ထီပေါက်လိမ့်မယ်၊ ကိုယ်ထီပေါက်နိုင်တယ်လို့ အမြဲမျှော်လင့်ထားတက်ကြတယ်။

``မသေချာ``တဲ့ ​``ထီ`` နဲ့ ``သေချာ`` တဲ့ `` သေခြင်း`` ကို ယှဉ်ပြီး ကျွန်တော်တွေးမိနေခြင်းပါ။

``သေချာ` တဲ့ ``သေခြင်း`` အတွက် ဘာမှ မပြင်ဆင်ရသေးတဲ့ ကျွန်တော်ဟာ ``မသေချာ​`` တဲ့ ``ထီ`` အတွက် လတိုင်း လတိုင်း၊ ပြင်ဆင်နေမိတယ်။ လူတစ်ယောက်သေဆုံးသွားရင် သေသွားတယ်လို့ပဲ တွေးမိတယ်။ ``ငါလည်း… သေနိုင်တယ်`` လို့အထိ မတွေးမိဘူး။ လူတစ်ယောက် ထီပေါက်ရင်.. ထီပေါက်တယ်လို့ဆိုတဲ့ အတွေးမှာတင် ရပ်မနေပဲ ``ငါလည်း… ထီပေါက်နိုငတယ်`` လို့ အထိ တွေးမိတယ်။

သတင်းစာဖတ်တိုင်း နာရေးကြေငြာတွေမှာ ကျွန်တော်တို့နာမည် တစ်နေ့မဟုတ်တစ်နေ့ သေချာပေါက် ပါမယ်ဆိုတာ မတွေးမိကြပါဘူး။ ကိုယ့်မိတ်ဆွေ နာရေးကြာ်ငြာပါရင်တော့ သူတော့ သေသွားပြီ။ ငါ့အလှည် ဘယ်တော့လဲဆိုတာ ဆက်မတွေးမိဘူး။

သတင်းစာထဲက သိန်း (၁၀၀၀) ထီ ထွက်တဲ့နေ့ဆို ``ငါများဖြစ်လေမလား`` လို့ တွေးမိသူတွေချည်းပါပဲ။ ကိုယ့်မိတ်ဆွေတစ်ယောက်သာ ထီပေါက်ရင် နောက်တစ်ခါ ``ငါ့အလှည့်``လို့ ကျွန်တော်တို့ အမြဲတွေးမိကြတယ် မဟုတ်လား


**********************


``ထီပေါက်`` ဖို့ မျှော်လင့်သလို၊ ``ငါသေနိုင်တယ်``လို့လည်း မျှော်လင့်သင့်တယ်။

``ထီပေါက်ဖို့က မသေချာ`` ဖူးနော်…။

``ငါသေဖို့က သေချာ``တယ်…။

``ထီပေါက်ရင် ဘာလုပ်မယ်`` လို့ တွေးထားသလို….

``ငါသေရင် ဘာဖြစ်မယ်`` လို့ တွေးကြည့်စေချင်ပါတယ်…။

ကိုယ့်လက်ထဲမှာတော့ ထိုးထားတဲ့ ထီလက်မှတ်တွေ ကိုင်ပြီး ရင်ခုန်မျှော်လင့်နေကြတယ်။

ဒီလိုပါပဲ…

ကိုယ့်ဘဝထဲမှာတော့ ကိုယ်ကိုယ်တိုင် ပြုမူထားတဲ့ အကောင်းအဆိုး၊ အဖြူအမည်း။ ကုသိုလ်.. အကုသိုလ်တွေနဲ့….။

*****************



ကဲစာဖတ်သူ အွန်လိုင်းမှ မိတ်ဆွေ သူငယ်ချင်း အပေါင်းတို့ရေ… သင်တို့ရော ထီထိုးပြီးတိုင်း ဒီတစ်လ မပေါက်ရင် နောက်တစ်လ တော့ ပေါက်နိုင်တယ်ဆို တွေးပြီး စိတ်ကူးယဉ် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားကြသလို………

သူတော့ သေသွားပြီ… နောက်တစ်ခါ ငါ့အလှည့်များ ဖြစ်လေမလား ဆိုတာကိုတော့… တွေးထားတဲ့သူတွေလည်း တွေးမိကြတဲ့သူတွေ ရှိကြသလို.. လုံးဝ မစဉ်းစားမိတဲ့သူတွေလည်း ရှိကြပါလိမ့်မယ်။ ဒါကြောင့် ဒီစာလေးကို ဖတ်မိပြီး အဲဒီအတွေလေးတွေ တွေးမိအောင် သတိတရား ရစေချင်တဲ့ ဆန္ဒနဲ့ အွန်လိုင်းပေါ်သို့ ပြန်လည် မျှဝေပေးလိုက်ရခြင်ဖြစ်ပါတယ် ခင်ဗျာ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီစာစုလေးတွေ ဖတ်မိပြီး ကိုယ့်ကိုယ်ကိုယ် သတိဖော်ပေးသလိုဖြစ်မိလို့လည်း ဒီစာစုမျိုးလေးတွေ ရေးပေး၊ တွေးပေးသော ဆရာကိုလည်း အထူးကျေးဇူး တင်ရှိပါကြောင်း ဒီနေရာကနေမှ တစ်ဆင့် ပြောကြားလိုက်ပါတယ်။


ဒီ `` ထီ `` ဆိုသော စာစုလေး များကို ဆရာဦးဘုန်း၏ `` အဖေ့အိမ်`` စာအုပ်မှ ခေါင်းစဉ်လေးကို အွန်လိုင်းမှ စာပေချစ်သူ တွေအတွက် ပြန်လည် မျှဝေပေးလိုက်ရခြင်း ဖြစ်ပါတယ်။ ဆရာ ဦးဘုန်း(ဓာတု)ရဲ့ ကိုယ်ပိုင် ဆိုဒ် တွင်လည်း သွားရောက် ဖတ်နိုင်ပါတယ် ဆိုတဲ့ အကြောင်းလည်း သတင်းပေးလိုက်ရပါတယ်။

ခင်မင်စွာဖြင်...
ဇော်သိင်္ခ




3 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ကောင်းလိုက်တာ
တကယ်လဲ သေခြင်းတရားကို မတွေးမိကြသူတွေ များတယ်
ထီပေါက်ဖို့သာ မျှော်လင့်နေပေမဲ့ ရောက်လာမဲ့သေခြင်းကိုတော့ဖြင့် မေ့လျော့နေကြတယ် ။ အသိတရားပေးတဲ့ စာကောင်းလေးပါ။ သိပ်သဘောကျမိတယ်။ မျှဝေပေးတာ ကျေးဇူးပါ

မဗေဒါ (၈၈) said...

ဟိုင်း မိုးကောင်းကင်ကြီးးးးးးးးးးးးး..

ဦးဘုန်း စာတွေ တော်တော်ကောင်းမယ်လို့ထင်သားးးး.. မောင်ကိုးအိမ်လည်း ညွန်းထားတာရှိတယ်..အချိန်ယူ ဖတ်အုံးမယ်.. ဒဿနာတွေပေါ့..ကောင်းပါတယ်..။

``ထီ`` ကိစ္စတော့ တခါမှ စိတ်မဝင်စားဘူး..တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနေ့ ဖုန်းအဟောင်းကို ဖွင့်လိုက်တာ အမေရိကားကနေ ဒီဖုန်းက ထီပေါက်တယ်လို့ေ၇းထားတဲ့စာ ဝင်နေတာ တွေ့ရလို့ အရူးလုပ်တယ် ဆိုပြီး စိတ်ထဲ ဒေါသထွက်နေသေး..။

ကိုယ်နဲ့ ပတ်သက်ရင် လူတွေက အကောင်းတွေ ပိုတွေးကြတယ်ဆိုတာတော့ မှန်ပါတယ်.. ဖြစ်ချင်တာတွေရောပေါ့နော်.. ဒီမှာကြတော့ အသက်ကြီးလာတဲ့ သူငယ်ချင်းတွေများ အဲလိုမတွေးဖြစ်ကြဘူး.. စကားပြောကြည့်သလောက် သူတို့ ခံစားနေရတဲ့ ရောဂါတွေက သေမင်းဆီကို ခေါ်သွားမှာ တွေးကြာက်နေသူတွေ များနေသလားလို့... သေမယ် ဆိုတာသိပြီးသားမို့ ဆရာဘုန်းပြောသလို အားလုံး ပစ္စုပ္ပန်ကို ရူပြီး အကောင်းတွေ ပါအောင် သယ်သွားဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်ရှင်..။ တော်ပါပြီ...ရှင်..။

ခင်မင်စွာဖြင့်
စိန်ဗေဒါ

မင်းဧရာ said...

အကို သိင်္ခရေ ထီပေါက်ပြီး သကာလ အလှူ ဒါနတွေ များများပြုလုပ်နိုင်ပါစေဗျာ......

 
^ထိပ်ဆုံးသို့