ကုန်းဘောင်ခေတ်စာမျက်နှာတွေ
လှန်လိုက်ရင် ရှေ့ပိုင်းစာမျက်နှာတွေဖတ်ရတာ အားပါသလောက် နောက်ပိုင်း စာမျက်နှာတွေကျတော့
သိပ်ပြီးအားမပါတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ “ဇာတ်သိမ်းပိုင်း” ကို သိထားပြီးဖြစ်တာကိုး။
ဆရာညိုမြကတော့ ကုန်းဘောင်ရှာပုံတော် စာအုပ်ထဲမှာ ကုန်းဘောင်တစ်ခေတ်ကို နေထွက်ချိန်၊
မွန်းတည့်ချိန်၊ နေဝင်ချိန်ဆိုပြီး လောကနေ့တစ်နေ့နဲ့ ဥပမာပေးထားပါတယ်။ အတက်ကာလ၊ အဆင်းကာလ
အားဖြင့် ပြောမယ်ဆိုရင်တော့ အလောင်းမင်းတရားကနေ ဘိုးတော်ဘုရားနတ်ရွာစံတဲ့အထိကို အတက်ကာလ၊
ဘကြီးတော်မင်းတရားကနေ သီပေါမင်းအထိကို အဆင်းကာလလို့ ဆိုထားပါတယ်။ ပြီးတော့ ကုန်းဘောင်ခေတ်(ရှေ့ပိုင်း)
မြန်မာပြည်မြေပုံအရ အာသံ၊ မဏိပူရ၊ ဇင်းမယ်၊ အယုဒ္ဓယတို့ဟာ မြန်မာ့အင်ပါယာဖြစ်ခဲ့ဖူးပါတယ်။
အောင်မြင်ခြင်း၊ ကျရှုံးခြင်းဟာ လောကဓမ္မတာဆိုပေမယ့် သမိုင်း ကျရှုံးခြင်းတွေကျတော့
နောင်မျိုးဆက်များစွာအထိ ဒီကျရှုံးမှုဒဏ်ရာတွေကို ခံစားရပါတယ်။ နိုင်ငံသစ်တစ်ခု တည်ဆောက်တဲ့နေရာမှာ
အတိတ်ခေတ်ရဲ့ သမိုင်းကျရှုံးမှုဒဏ်ရာတွေကို ဦးစွာ ကုစားပြီးမှ ကျန်တဲ့ အစိတ်အပိုင်းတွေကို
တစ်ဆင့်ချင်းတည်ဆောက်ရတာကိုး။ သမိုင်းဒဏ်ရာတွေကလည်း စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာ၊ ရုပ်ပိုင်းဆိုင်ရာဒဏ်ရာ
နှစ်ခုရှိတဲ့အနက် ရုပ်ပိုင်းဆိုင်ရာကို ကုစားဖို့ လွယ်ကူသလောက် စိတ်ပိုင်းဒဏ်ရာကတော့
အချိန်ကာလ များစွာ ယူပြီးကုစားရပါတယ်။ တချို့သမိုင်းအရှုံးတွေကျတော့ မျိုးဆက်ကုန်တဲ့အထိပဲ
ဒဏ်ရာအမာရွတ်တွေကျန်သွားမယ့် အနေအထားပါ။ ရေးနေကျ ရွှေစကားတွေအကြောင်း မရေးခင် ဒီအတွေးတွေ
အရင်ဝင်လာတာကတော့ ရွှေစကားအတွက် ရေးဖို့လှန်ထားတဲ့ စာမျက်နှာတွေက ကုန်းဘောင်ခေတ် စာမျက်နှာတွေဖြစ်နေလို့ပါ။
ကဲ… ကုန်းဘောင်ခေတ် စာမျက်နှာတွေထဲက ရွှေစကားတို့ရဲ့ မြစ်ဖျားခံရာ လိုက်ကြည့်လိုက်ရအောင်။
တစ်နေ့မှာ
မောင်းထောင်သာသနာပိုင်ဆရာတော်က ဦးတေဇဆိုတဲ့ ဦးပဉ္စင်းငယ်တစ်ပါးကို စာပြန်ခိုင်းပါတယ်။
စာပြန်ရတာက သမားရိုးကျပုံစံနဲ့ ပြန်ရတာမဟုတ်ပါဘူး။ ဆိုင်မဆင့်ဗုံမဆင့် ခေါ်ပြီး ပြန်ခိုင်းတာပါ။
ပြန်ခိုင်းတဲ့ စာတွေကတော့ ဘိက္ခုပါတိမောက် ပါဠိနိဿယအကုန်၊ ဘိက္ခုနီပါတိမောက် ပါဠိနိဿယအကုန်၊
ခုဒ္ဒကသိက္ခာ၊ ပါဠိနိဿယအကုန်၊ မလသိက္ခာပါဠိနိဿယအကုန်ပါ။ ဒီစာတွေက ဝိနည်းပိုင်းဆိုင်ရာစာတွေပါ။
စာပြန်ရမယ်ဆို ကြိုတင်သိမထားတာရယ်၊ ပြန်ခိုင်းတဲ့စာတွေက များလွန်းနေတာရယ်ကြောင့် ဦးတေဇက
အကုန်မရပါဘူး။ တချို့တဝက်ကိုပဲ ရပါတယ်။ မောင်းထောင်သာသနာပိုင် ဆရာတော်ကလည်း မရမချင်း
အထပ်ထပ် ပြန်ဆိုခိုင်းပါတယ်။ အစကတည်းက ကြိုတင်ပြင်ဆင်ခွင့်မရလာတာကြောင့် ဘယ်လိုပြန်ခိုင်းပြန်ခိုင်း
မရပါဘူး။ ဒါကြောင့် စာမရ,ရ ကောင်းလားဆိုပြီး သဲဒဏ် ရေဒဏ် ပေးပါတယ်။
စာပြန်ခိုင်းခံရသူ
ဦးတေဇဆိုတာက တခြားမဟုတ်ပါဘူး။ တောင်ငူမင်းသားရဲ့ ရဟန်းပါ။ တောင်ငူမင်းသားက သူ့ရဟန်း
မောင်းထောင်သာသနာပိုင်ဆရာတော်ကျောင်းမှာ ဒဏ်ထမ်းနေရတဲ့သတင်းကို ကြားသွားပါတယ်။ သတင်းကြားတာနဲ့
ကျောင်းကို တစ်ခါတည်း ထလိုက်သွားပါတယ်။ ကျောင်းရောက်တော့ သူ့ရဟန်း ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲနဲ့
ဒဏ်ထမ်းနေရတာကိုမြင်ရပါတယ်။ သူ့ရဟန်း အတွက် အတော်လေးစိတ်မကောင်း ဖြစ်သွားဟန်တူပါတယ်။
ဒါကြောင့် သာသနာပိုင်ဆရာတော်ဆီသွားပြီး “တပည့်တော်ရဲ့ ရဟန်းစာမရပေမယ့် ဝိနည်းသိက္ခာနဲ့ဆန့်ကျင်တဲ့
အကျင့်ပျက်မှုများရှိပါသလား” လို့ လျှောက်ထားပါတယ်။ သာသနာပိုင်ဆရာတော်က “အကျင့်သိက္ခာပုဒ်မပျက်
လိုက်နာကြောင်းငါသိတယ်။ ဒင်း စာမရလို့ ငါဒဏ်ပေးတာ” လို့ ပြန်အမိန့်ရှိပါတယ်။ ဒီတော့ တောင်ငူမင်းသားက “စာမရသော်လည်း အကျင့်သိက္ခာပုဒ်မပျက်ရင်
သည်းခံတော် မူသင့်ပါတယ်။ မေ့နေတဲ့စာကို နောင်ပြန်ကျက်ရင် ရနိုင်တာပဲမဟုတ်လားဘုရား”
လို့ ပြန်လျှောက်ပါတယ်။ သာသနာပိုင်ဆရာတော်ကလည်း “မဟုတ်ဘူးမင်းသားရဲ့၊ ဒင်း ဝိနည်းသိက္ခာကျမ်းကို
အာဂုံအမြဲဆောင်ထားရမှာကို အရဆောင်မထားလို့ နောင်မှတ်သွားအောင် ငါက ဒဏ်ပေးထားတာ” ထပ်မိန့်ပါတယ်။ တောင်ငူမင်းသားက ကိုယ့်ရဟန်းဆိုတဲ့
သံယောဇဉ်ရယ်၊ မင်းသားဆိုတဲ့ဂုဏ်ရယ်ကြောင့် “မာန်”လေး ဝင်လာပုံ ရပါတယ်။ အဲဒီဝင်လာတဲ့
“မာန်” လေးနဲ့အတူ တောင်ငူမင်းသားက “အရှင်ဘုရားဟာ မဟုတ်သေးပါဘူး။ အရှင်ဘုရားက အခုချက်ချင်းအကုန်ရ,ရမယ်လို့
အမိန့်ချပြီး ချက်ချင်းပြန်ခိုင်းတော့ ဘယ်လာရနိုင်မှာလဲ။ စာကျက်ရက်ပေးပြီး ပြန်ခိုင်းတာမရလို့
ဒဏ်ပေးတယ်ဆိုတော်သေး။ အခုအပြစ်ပေးတာလဲ အတော်ပင်ပန်းနေပြီ၊ သည်းခံတော်မူပါဘုရား” လို့လျှောက်ပါတယ်။
ဆရာတော်ကလည်း
သာသနာပိုင်ဆိုတဲ့ ရာထူးကို လွယ်လွယ်ကူကူနဲ့ ရ ထားတာမှမဟုတ်တာ။ ဘက်စုံ ထက်မြက်လို့ ရ
ထားတာကိုး။ ပြီးတော့ တောင်ငူမင်းသားနည်းတူ “သာသနာပိုင်” ဆိုတဲ့ “မာန်” ကလေးကလည်း တစ်ခါတည်းဝင်လာလေတော့
“နင် ဘာလာစကားများနေတာလဲ” ဆိုပြီး အနီးမှာ ရှိတဲ့ထွေးခံနဲ့ ပစ်ပေါက်လိုက်ပါတယ်။ တောင်ငူမင်းသားကလည်း
ထွေးခံကိုကောက်ပြီး ဆရာတော်ကို ပြန်ပေါက်ပါရော။ ဒီတော့ ဆရာတော်က ထ တဲ့ပြီး ခြေထောက်နဲ့ပြေးကန်ပစ်လိုက်ပါတယ်။
တောင်ငူ မင်းသားကလည်း အကန်ခံနေရာကနေချက်ချင်းထ၊ ဆရာတော်ကိုဖက်ပြီး နပန်းသတ်တော့တာပါပဲ။
သာသနာ ပိုင်ဆရာတော်နဲ့ တောင်ငူမင်းသား ထွေးလုံးရစ်ပတ်နဲ့ နပန်းသတ်နေကြတာကို အနားမှာရှိတဲ့
တိုက်အုပ်၊ တိုက်ကြပ် ဘုန်းကြီးတွေ၊ ကပ္ပိယတွေက ဒီအတိုင်းပဲ ကြည့်နေကြရပါတယ်။ ဘယ်သူမှဝင်ပြီး
မခွဲဝံ့ကြပါဘူး။ နောက် မဟာဒါန်ဝန်ရောက်လာပြီး မဟာဒါန်ဝန်က်ခွဲပေးမှ ရန်ပွဲ ပြီးသွားပါတယ်။ တောင်ငူမင်းသားကလည်း သူ့ရဲ့
ရဟန်း ဦးတေဇကို ဒဏ်ထမ်းနေရာကနေပင့်ပြီး ပြန်သွားပါတယ်။
ဒီသတင်းကို
ဘိုင်းတော်ဘုရားကြားသွားတော့ “အင်း တောင်ငူကလည်း တောင်ငူပဲ။ မောင်းထောင်ကလဲ မောင်းထောင်ပဲ”
လို့ ညည်းတွားမိန့်တော်မူပါတယ်။ ဘိုးတော် ဘုရားအနေနဲ့ တစ်ဖက်ကလည်း သားတော်၊ တစ်ဖက်ကလည်း
သာသနာပိုင်ဆရာတော်၊ ဘုန်းကြီးဘက်က မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ လောကရေးနဲ့ ကြည့်ရင်
အမြင်မလှပါဘူး။ ဒါကြောင့် လူဖြစ်တဲ့သားတော်အနေနဲ့ ဝန်ချတောင်းပန်စေချင်ပါတယ်။ ဒါပေမယ့်
သားတော် တောင်ငူမင်းသားက ခပ်စွာစွာ ခပ်ထက်ထက် မာနနဲ့။ မိမိပြောလို့ကတော့ ဘယ်လိုမှတောင်းပန်မှာမဟုတ်တဲ့အကြောင်း
ကိုယ့်သားတော်အကြောင်း ကိုယ်သိပြီးသားပါ။ ဒီတော့ သားတော်တောင်ငူမင်းသားကို နိုင်တဲ့
ရန်ကုန် ဝန်ကြီး ဦးကျော်ရွေးကို အကူအညီတောင်းရပါတယ်။ ဦးကျော်ရွေးဆိုတာက တောင်ငူမင်းသားငယ်ငယ်က
ချီပိုးထိန်းကျောင်း ခဲ့ရသူ။ ရိုက်သင့်ရင် ရိုက်ပြီး ဆုံးမခဲ့သူ။ တောင်ငူမင်းသား ကိုယ်တိုင်ကလည်း
ချစ်ကြောက်ရိုသေရသူ၊ တောင်ငူမင်းသားက ငြင်းမယ့်သူမဟုတ်ပါဘူး။ လောကထုံးစံအတိုင်း နိုင်ရာနဲ့ကိုင်တွယ်တာပါ။
ဘိုးတော်မင်းတရားအနေနဲ့ သားတော် တောင်းပန်တယ်ဆိုတဲ့ နေရာမှာလဲ ကာယကံရှင်နှစ်ဦးသာသိတဲ့ တောင်းပန်မှုမျိုးမဟုတ်ဘဲ
သံဃာ့ပရိသတ်၊ မင်းပရိသတ်၊ လူပရိသတ်အလယ်မှာ တောင်းပန်စေချင်တာပါ။ ဘိုးတော်မင်းတရားက
သူ လိုချင်တဲ့ ပုံစံကိုပါ တစ်ပါးတည်းပြောပြပါတယ်။
ဦးကျော်ရွေးက
တောင်ငူမင်းသားကို လောကရေး၊ ဓမ္မရေးတွေနဲ့ဆုံးမပြီး သာသနာပိုင်ဆရာတော်ကို ဝန်ချတောင်းပန်ဖို့ပြော၊
တောင်ငူမင်းသားကလည်း ခေါင်းညိတ်၊ ဒီလိုနဲ့ ဝန်ချတောင်းပန်ပွဲအစီအစဉ်ကို ပြုလုပ်လိုက်ကြပါတော့တယ်။
နန်းတော်ရဲ့
ဇေတဝန်ဆောင် သံဃာစင်ပေါ်မှာ မောင်းထောင်သာသနာပိုင်ဆရာတော်၊ သုဓမ္မာ ဆရာတော်များ၊ အောက်ခြေမှာ
ဘိုးတော်မင်းတရားနဲ့ မိဖုရားခေါင်ကြီး၊ ဝန်ကြီးဦးကျော်ရွေး၊ အမတ်ကြီး ဦးပေါ်ဦး၊ အခြား
မှူးမတ်ကြီးများ၊ သားတော်သမီးတော်များ၊ မောင်းမမိတ်ဿံများ၊ ရဟန်းပရိတ်သတ်၊ မင်းပရိသတ်၊
လူပရိသတ် စုံစုံညီညီ၊ ရဟန်းတော်များဆွမ်းစားခြင်းကိစ္စပြီးလို့ ငါးပါးသီလယူ၊ ပရိတ်တရားတော်လည်းနာပြီးပြီ။
အပ်ကျသံ ကြားရအောက်အောင် ခန်းမဆောင်တစ်ခုလုံး ငြိမ်သက်နေပါတယ်။ အားလုံးရဲ့စိတ်က တောင်ငူမင်းသားဆီမှာ။
တောင်ငူမင်းသားဆီကအသံကို အားလုံးနားစွင့်နေကြပါတယ်။ တောင်ငူမင်းသားက ဦးကျော်ရွေးကို
တစ်ချက်ကြည့်လိုက်ပါတယ်။ စ ရတော့မလားပေါ့။ ဦးကျော်ရွေးက ခေါင်းဆတ် ပြလိုက်ပါတယ်။ တောင်ငူမင်းသားက
ပုဆစ်တုပ်ထိုင်နေရာကနေ ဆောင့်ကြောင့်ထိုင် လက်အုပ်ချီပြီ…..
“ကျေးဇူးတော်ရှင် သာသနာပိုင်ဆရာတော်ဘုရား…. တပည့်တော်သည်
မကောင်းသောဒေါသ၏ နောက်ပါဖြစ်၍ စိတ်လိုက်မာန်ပါ ဆရာတော်ဘုရားအား ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော
ကံသုံးပါးဖြင့် ပြစ်မှား ကျူးလွန် မိုက်မှားမိပါသည်။ ထိုမိုက်မှားကျူးလွန်မိသောအပြစ်ကို
ချမ်းသာပေးသနားတော်မူပါရန် တပည့်တော် ကန်တော့ ဝန်ချတောင်းပန်ပါ၏ဘုရား။ ဝန်ချတောင်းပန်
ကန်တော့သည့်အတိုင်း တပည့်တော်ကို သနားသောအားဖြင့် သည်းခံ တော်မူပါရန် အကြိမ်ကြိမ်ကန်တော့ဝန်ချပါကြောင်း
ရှိခိုးလျှောက်ထားဝံ့ပါသည်ဘုရား” လို့ ဝန်ချတောင်းပန်လိုက်ပါတယ်။ တောင်ငူမင်းသားရဲ့စကားဆုံးတာနဲ့
ပရိသတ်အားလုံးက ဝိုင်းပြီး သာဓုခေါ်ကြပါတယ်။ ပရိသတ်အားလုံး သာဓုခေါ်သံအဆုံးမှာ မောင်းထောင်သာသနာပိုင်
ဆရာတော်က တည်တည်ငြိမ်ငြိမ်နဲ့ မိန့်တော်မူပါတယ်။
“အင်း … သာဓု၊ သာဓု၊ သာဓု ငါသည်းခံ၏။ မင်းသားချည်း
မှားသည်မဟုတ်။ ငါလဲ မှားလေသည်။ မင်းသားလဲ ပုထုဇဉ်၊ ငါလဲ ပုထုဇဉ်ဖြစ်ခဲ့၏။ ပုထုဇဉ်ဂတိလိုက်စားမိသည့်အတွက်
ဖြစ်ကြသောကြောင့် မှားကြချေပြီ။ ပုထုဇဉ်ပင်ဖြစ်သော်လည်း မင်းသားက ပုထုဇဉ်အငယ်။ ငါက
ပုထုဇဉ်အကြီးဖြစ်၍ ငါက မင်းသားထက် သာလွန်၍ မိုက်မှားမိချေသည်။ မြတ်စွာဘုရား၏ အရေတော်ကို
ဝတ်ဆင်မြန်းလျက် မဟာသံဃာရာဇာအမည်ကို ရရှိသဖြင့် သည်းမခံနိုင်ဘဲ သာသနာပိုင်ဂုဏ်ယစ်မူးသောကြောင့်
ဒေါသာဂတိကိုလိုက်စားမိသဖြင့် ဖြစ်ရချေသည်။ သို့အတွက် မင်းသားလဲ ငါ့အပေါ်၌ အမျက်မထားလေနဲ့။
သည်းခံပါလေ”
သာသနာပိုင်ဆရာတော်က
ခေတ္တရပ်လိုက်တော့ ပရိတ်သတ်အားလုံးက ဝိုင်းပြီး သာဓု ခေါ်ကြပါတယ်။ ပြီးမှ ဆရာတော်က မိန့်လက်စ
စကားကို ဆက်ပြီး မိန့်ပါတယ်။ “မင်းသားကို ဥပမာ တစ်ခုပြောရဦးမယ်။ မြတ်စွာဘုရားဟောတော်မူသော
မဟောသဓဇာတ်တော်မှာ စူဠနီမင်းဟာ မဟောသဓကို သတ်ပစ်ရန် သာ ဒေါသအမျက်ထားပြီးလျှင် ကြံစည်လျက်ရှိနေသည်။
မဟာဥပကာရီဥမင် လှိုဏ်ခေါင်းအတွင်းသို့ ကျရောက်မှ နောက်က ပျက်စီးအောင် ကြံခဲ့ကြသော ဒေါသအမျက်ကြီးတွေကို
တစ်ခါတည်းပျောက်ကွယ်၍ တစ်ယောက်နှင့်တစ်ယောက် အသက်ချင်းလဲကြ၍ ချစ်ကြည်ကြသောအဖြစ်သို့
ရောက်လေသကဲ့သို့ ဤနန်းတော်ဇေတဝန်အဆောင်သည် မဟာဥပကာရီ ဥမင်လိုဏ်ခေါင်းဟု သဘောထား၍ ဖြစ်ခဲ့သော
ဒေါသအမျက်တို့သည် တစ်ခါတည်းစွန့်ပစ်ပယ်ဖျောက်ပြီး အသက်ချင်းလဲကြသကဲ့သို့ ရှေ့ကိုအသက်ရှည်သမျှ
ကာလပတ်လုံး မေတ္တာစိတ်မပျက်ကြရအောင်သာ သတိပြုကြရန် ဖြစ်တော့သည်ကို အသင်မင်းသား မှတ်ယူပါလော့”
သာသနာပိုင်ဆရာတော်ရဲ့
တရားမိန့်ကြားသံ ဆုံးတော့ ပရိသတ်အားလုံးက သာဓုထပ်မံခေါ်ကြပါတယ်။ နောက် တောင်ငူမင်းသားကိုယ်တိုင်
အလှူတော်သင်္ကန်းတွေကို ဆရာတော်များအားကပ်လှူပါတယ်။ ကိစ္စဝိစ္စတွေပြီးလို့ ဆရာတော်တွေပြန်ကြွတဲ့အခါ
တောင်ငူမင်းသားက သာသနာပိုင်ဆရာတော်ရဲ့ ဖိနပ်ကို ကိုယ်တိုင်ကိုင်ပြီး ပရိသတ်တွေရဲံ့
မျက်နှာကြည်နူးကျေနပ်စိတ်တွေက အထင်းသားနေမှာပါ။
တကယ်တော့
ဒီပွဲဟာ မောင်းထောင်သာသနာပိုင် ဆရာတော်နဲ့ တောင်ငူမင်းသားတို့ ကိုယ့်ရဲ့မာနကို နိဝါတဆိုတဲ့ဆပ်ပြာနဲ့
ဖွပ်လျှော်တဲ့ပွဲ။ တစ်နည်းအားဖြင့် မာနနဲ့ နိဝါတ လဲလှယ်တဲ့ပွဲ။ ဒါမှမဟုတ် တမလွန်ကို
မာနတွေ ယူမသွားဘဲ နိဝါတတွေသာယူသွားမယ်လို့ တရားဝင် ကြေညာတဲ့ပွဲ။ မောင်းထောင်သာသနာပိုင်
ဆရာတော်ရဲ့ “ငါကပုထုဇဉ်အကြီးဖြစ်၍ ငါကမင်းသားထက်သာလွန်၍ မိုက်မှားမိချေသည်” ဆိုတဲ့စကားဟာ
ကုန်းဘောင်ခေတ်မှာ ဘယ်လောက်အထိ မြည်ဟည်းခဲ့တယ်ဆိုတာ မပြောတက်ပေမယ့် စားရေးသူကတော့ မောင်းထောင်သာသာနာပိုင်
ဆရာတော်ရဲ့ နိဝါတမင်္ဂလာကိုအရုံပြုပြီး ကန်တော့လိုက် မိတာတော့ အမှန်ပါ။
ရဝေနွယ်(အင်းမ)
ကျမ်းကိုး
(၁)ပါးစပ်ရာဇဝင်(မှော်ပီဆရာသိန်းကြီး)
(၂)ကုန်းဘောင်ရှာပုံတော်
(ညိုမြ)
(မြတ်သတိ အောက်တိုဘာ၊
၂၀၀၀)
ခင်မင်စွာဖြင့်….
ဇော်သိင်္ခ