ဒီနေ့မနက်လည်း ကော်ဖီသောက်နေရင်း သူငယ်ချင်းကို သတိရနေကျအတိုင်း သတိရနေခဲ့ပါတယ်၊ မိမိမှာလည်း မနက်အရုဏစာစားပြီးတာနဲ့ ကော်ဖီမစ်ကိုသောက်လိုက်ရမှ၊ အကြောင်းကြောင်းကြောင့် မသောက်ဖြစ်ခဲ့တဲ့နေ့ဆို ဘ၀မှာ တစ်ခုခု လိုနေသလိုလို စွဲနေတာကိုပြောတာပါ။
ကျန်တဲ့သူတွေတော့ မပြောတက်ပါဘူး၊ မိမိကော်ဖီမစ်ဖျော်တဲ့အခါ ကော်ဖီခွက်ထဲကို ရေနွေးကို အရင်ထည့်ပါတယ်၊ ပြီးမှ ကော်ဖီမစ်ထုပ်ကို ဖောက်ပြီး ထည့်ပါတယ်၊ ရေနွေးပေါ်မှာ ကော်ဖီမစ်အမှုန့်လေးတွေ အပုံလိုက်လေးပေါ်နေပြီး တဖြည်းဖြည်း ရေနွေးထဲပျော်ကျသွားတာကို ကြည့်နေရတာ မိမိအတွက်တော့ အရသာ တစ်မျိုးပါ။ အဲဒီအရသာက စက္ကန့်ပိုင်းအတွင်း လေး ပဲ ခံစားရတာဆိုတော့ အဲဒီ စက္ကန့်ပိုင်း အတွင်းလေးမှာ ဖုန်းလာရင်တောင် သွားမကိုင်ဘူးလို့။
ဒီအကြောင်းကို သူငယ်ချင်းကို ပြောပြတော့ သူငယ်ချင်းက “ရူးတာ “ တဲ့ ၊ ပြီးတော့ သူငယ်ချင်းက အောက်ပါ ဇာတ်လမ်းလေးကို ပြောပြပါတယ်။
********************
မြတ်စွာဘုရားလက်ထက်တော်က တိဿဆိုတဲ့ သူငယ်တစ်ယောက်ရှိခဲ့ဖူးတယ်၊ တစ်နေ့မှာ သူက မြတ်စွာဘုရားရဲ့ တရားတော်ကိုနာကြားပြီး ရဟန်းပြုလိုစိတ်တွေ တဖွားဖွားဖြစ်လာတယ်၊ ရဟန်းပြုချင်တဲ့ အကြောင်း မိဘတွေထံခွင့်တောင်းတော့ မိဘတွေက ခွင့်မပြုဘူး၊ ဘာဖြစ်လိုလဲ ဆိုတော့ သူက တစ်ဦးတည်းသောသား သားလပျိုလေးဖြစ်လို့ပဲ၊ ဒီတော့ တဿငယ်က ရဟန်းပြုခွင့်ရဖို့ အရေး အစာအငတ်ခံဆန္ဒပြတယ်၊ နောက်ဆုံးတော့ မိဘတွေက လက်လျှော့လိုက်ရတယ်ပေါ့။ တိဿသူငယ်ဟာ ရဟန်းဖြစ်တာနဲ့ ရဟန်းတရားကို ကြိုးကြိုးစားစား အားထုတ်သလို တစ်ဖက်ကလဲ ဓုတင် (၁၃)ပါးလုံးကို ဆောင်ပြီးကျင့်တယ်၊ ဒါကြောင့် သူဟာ မြတ်စွာဘုရားသာသနာတော်မှာ စူဠပိဏ္ဍပါတိက တဿမထေရ်ဆိုပြီး ကျော်စောထင်ရှားတယ်၊ ရဟန်းအချင်းချင်းရဲ့ ကြည့်ညိုမှုကိုခံရသလို လူဒကာ ဒကာမတွေရဲ့ ကြည်ညိုမှုကိုလဲ အထူးပဲ ခံရတယ်။
ဒီလိုနဲ့ ကာလတစ်ခုကျော်လာတဲ့အခါ သူရဲ့ဇာတိ ရာဇဂြိုလ်ပြည်မှာ ကျင်းပနေကျအတိုင်း နက္ခတ်ပွဲသဘင် ကျင်းပကြတယ်၊ ဒီတော့ မထေရ်ရဲ့ မိဘတွေက သူတို့သားကို အထူးသတိရပြီး မထေရ်လူ့ဘ၀က၀တ်ခဲ့တဲ့ အ၀တ်ကလေးတွေကိုကိုင်ပြီး “ ဒီလိုနက္ခတ်သဘင်မှာ ငါတို့ သားလေးဟာ ဒီအ၀တ်ကလေးတွေကို ၀တ်ပြီး ကစားခဲ့တာ“ ဆိုပြီး ငိုကြွေးနေကြတယ်တဲ့။
အဲဒီအချိန်မှာ ပြည့်တန်ဆာမတစ်ယောက်ရောက်လာပြီ အကျိုးအကြောင်းမေးတယ်၊ မိဘတွေကလည်း အကျိုးအကြောင်းပြောပြတယ်၊ ပြည့်တန်ဆာမက ဘယ်လိုပြောသလဲဆိုတော့ “ အရှင်တို့သားကို လူထွက်စေပြီး အိမ်ပြန်ခေါ်လာနိုင်ရင် ဘယ်လောက်ပေးမလဲ“ လို့ မေးလိုက်၊ မိဘဖြစ်သူတွေကလည်း “သားဖြစ်သူကိုသာ လူထွက်စေပြီး အိမ်ကိုရအောင်ခေါ်ခဲ့ပါ၊ ငွေကြေးတော့ ပြောမနေနဲ့ ကြိုက်သလောက်ယူ“ လို့ ပြောလိုက်တယ်။
ဒီတော့ ပြည်တန်ဆာမက မိဘဖြစ်သူတွေကို သူတို့ သားရဟန်း လူ့ဘ၀က ဘယ်လိုအစားအစာလေးတွေ ကြိုက်တက်လဲလို့မေးတယ်၊ မိဘဖြစ်သူ တွေကလည်း သူတို့သား လူ့ဘ၀တုန်းက ဘယ်လို လက်သုပ်ကလေးတွေ ကြိုက်တာ၊ ဘယ်လိုချဉ်ငန်စပ်ဟင်းမျိုးလေးတွေ ကြိုက်တာ၊ ဘယ်လို ဖျော်ရည်မျိုးလေးတွေ ကြိုက်တာ စသည်ဖြင့်ပေါ့၊ ကြိုက်တက်တဲ့ အစားအစာလေးတွေကို ပြောပြလိုက်တယ်။ ပြည့်တန်ဆာမကလည်း စာရွက်နဲ့ အသေအချာရေးမှတ်ထားတယ်၊ ပြီးတော့ တိဿရဟန်း သီတင်းသုံးတဲ့ သာဝတ္ထိမြို့ကို သွားပြီး ရဟန်းဆွမ်းခံကြွနေကျလမ်းမှာ အိမ်တစ်လုံး ငှားနေလိုက်တယ်။
အကြံနဲ့ ဆိုတော့ ရဟန်းကို နေ့စဉ်ဆွမ်းခံကြွဖို့ဖိတ်လိုက်တယ်၊ ပြည့်တန်ဆာမကလည်း တိဿရဟန်းလူ့ဘ၀က ကြိုက်တက်တဲ့ ဟင်းလေးတွေကို ချက်ပြီးပြီး ဆွမ်းလောင်းတယ်၊ ကြာလာတဲ့အခါကျတော့ ရဟန်းက ပြည့်တန်ဆာမအိမ်က လောင်းတဲ့ ဆွမ်းဟင်းတွေကို စွဲလာတယ်၊ ဘယ်လောက်ထိ ဖြစ်လာသလဲဆိုရင် ပြည့်တန်ဆာမအိမ်က ဆွမ်းဟင်းမပါရင် ဆွမ်းမစားတက်တဲ့အထိ စွဲလာတယ်။
ပြည့်တန်ဆာမက သူမျှော်လင့်တဲ့ အခြေအနေအထိ ရောက်လာပြီဆိုတော့ သူ့ရဲ့ အဓိကလုပ်ငန်းစဉ်တစ်ခုကို အကောင်အထည်ဖော်တော့တာပဲ၊ ဘယ်လိုဖော်သလဲဆိုတော့ တစ်နေ့ ရဟန်းဆွမ်းခံကြွတဲ့ အချိန်မှာ ပြည့်တန်ဆာမက မကျန်းမာဟန်ဆောင်ပြီး အိမ်ခန်းထဲမှာ အိပ်နေလိုက်တယ်။
ရဟန်းက တွေ့နေကျ ပြည်တန်ဆာမကို မတွေ့ရတော့ အစေအပါးတွေကို “ ဘယ်သွားလဲ “ ပေါ့၊ အစေအပါးတွေကလည်း ကြိုတင်ဇာတ်တိုက် ထားတဲ့အတိုင်း “ နေမကောင်းလို့ အခန်းထဲမှာ နေနေပါတယ်၊ အရှင်ဘုရားကို ဖူးမြင်လိုပါတယ်“ လို့ လျှောက်လိုက်ကြတယ်၊ ဒီတော့ ရဟန်းလည်း ပြည့်တန်ဆာမရဲ့ အိပ်ခန်းထဲကို ၀င်သွားလိုက်တယ်။
ရဟန်းဟာ အဲဒီပြည့်တန်ဆာမရဲ့ အိပ်ခန်းထဲမှာပဲ သူ့ရဲ့ ရဟန်းဘ၀ကို ဆုံးရှုံးလိုက်ရတယ်၊ လိုရင်းပြောရရင်တော့ ပြည့်တန်ဆာမက ရဟန်းကို လူထွက်စေပြီး သူရဲ့ မိဘတွေဆီ ပြန်ပို့နိုင်ခဲ့တယ်၊ အဲဒီလို ပြန်ပို့နိုင်လို့ ပြည့်တန်ဆာမ ငွေကြေးဘယ်လောက်ရသွားတယ် ဆိုတာတော့ စာထဲမှာ ပြမထားဘူး။
စာရေးဆရာ အဲဒီဝတ္ထုကို ပြန်အာရုံပြုကြည့်၊ တိဿသူငယ်ဟာ မြတ်စွာဘုရားရဲ့ တရားကိုနာကြားပြီး ရဟန်းတရားထူးကို ရချင်လွန်းလို့ အစာငတ်ခံ ဆန္ဒပြပြီးတောင် ရဟန်းဝတ်ခဲ့တဲ့သူ၊ ဒါပေမယ့် ဘာမဟုတ်တဲ့ ရသတဏှာလေးကြောင့် ဘ၀နဲ့ ယှဉ်တဲ့ ရည်မှန်းချက်ကြီးကို စွန့်လွှတ်ခဲ့ရတယ်။ အသေးအဖွဲလေးပါဆိုပြီး အစစအရာရာ လျှော့မတွက်နဲ့ စာရေးဆရာရဲ့။
ကမ္ဘာမှာ ကြီးကျယ်တဲ့ ပျက်စီးဆုံးရှုံးမှုကြီးတွေဟာ အသေးအဖွဲလေးကို အခြေတည်ပြီး ဖြစ်သွားကြတာပဲ၊ ဥပမာ- လက်နှစ်လုံးလောက် ရထားသံလမ်းလွဲနေလို့ လူတွေ ထောင်ချီပါတဲ့ ရထားတွဲကြီး တွေ မှောက်သွားကြတာ ၊ ဒီဖြစ်စဉ်တွေ ကို မဂ္ဂဇင်းဂျာနယ်တွေထဲမှာ ဖတ်ဖူးမှာပါ။
နေရာတကာ အသေးအဖွဲလေးဆိုပြီး အထင်မသေးနဲ့ စာရေးဆရာရဲ့ “
***************
သူငယ်ချင်းပြောခဲ့တဲ့ စကားတွေထဲက “ ကြီးကျယ်တဲ့ ပျက်စီးဆုံးရှုံးမှုကြီးတွေဟာ အသေးအဖွဲလေးကို အခြေတည်ပြီး ဖြစ်သွားကြတာ“ ဆိုတဲ့ စကားကိုတော့ အထူးပဲ သတိရနေဖြစ်ပါတယ်။
ရဝေနွယ် (အင်းမ)
ကျမ်းကိုး
ညောင်ကန်ဆရာတော်ဘုရားကြီးရေး၊ ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထု (ပထမတွဲ)
ဝါတမိဂဇာတ်၊ စာမျက်နှာ -၇၇-၇၈-၇၉။
Fashion Image မဂ္ဂဇင်း
နိုင်ဝင်ဘာ၊ ၂၀၀၂။
ဇော်သိင်္ခ
0 comments:
Post a Comment