မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Sunday, July 3, 2011

ဆွမ်းလောင်းအသင်း(၂)နှစ်ပြည့်ဆွမ်းလောင်းလှူခြင်း နှင့်လမ်း၊ကုဋီရေစက်ချပွဲ တရားပွဲဖိတ်ကြားခြင်း

6016694.jpg
စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း ကို နိုင်ငံအသီးသီးရှိ ညီအစ်ကို မောင်နှမများ၏ ကြိုးစားမှု ၊ လှူဒါန်းမှုတို့နှင့် အတူ ဦးဇင်း ဦးကောဝိဒ၏  ကြိုးစား ဆောင်ရွက်မှု၊ ဝေယျာဝစ္စကုသိုလ်ရှင်တို့၏ တက်ကြွစွာဖြင့် ပါဝင်ကုသိုလ်ယူဆောင်ရွက်ပေးမှုတို့ကြောင့် ယနေ့တိုင် အစစအရာရာ အဆင်ပြေစွာဖြင့် ဆောင်ရွက်နိုင်ခဲ့ပါသည်။  စစ်ကိုင်းတောင်ရိုးရှိ သံဃာတော် အရှင်သူမြတ်အပါး (၄၀၀)ကျော်တို့ အတွက် အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းကို အပတ်စဉ် တနင်္လာနေ့တိုင်း လောင်းလှူနေသည့်အပြင် ကြားရက်များတွင်လည်း မွေးနေ့အလှူရှင်များစွာ မကြာခဏ ပေါ်ပေါက်လာသည့်အတွက်လည်း ထိုရက်များပါ ဆွမ်းလောင်းလှူလျက်ရှိသောကြောင့်  သံဃာတော်များအတွက် ဆွမ်း ကိစ္စ အဆင်ပြေသဖြင့် ဝမ်းသာပီတီ ဖြစ်ကြရပါသည်။  ယခုအခါ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်း အသင်းသည် ၁၁.၇.၂၀၁၁ခုနှစ် တနင်္လာနေ့တွင် (၂)နှစ်ပြည့် မြောက်ခဲ့ပြီး ဖြစ်သဖြင့် ထိုနေ့တွင် မေတ္တာရှင်ဆရာတော် ဦးဆောင်သာအဖွဲ့မှ သံဃာတော် အပါး ၄၀၀ ကျော်တို့အတွက် အရုဏ်ဆွမ်းကပ်လှူခြင်း နှင့် နေ့ဆွမ်းကိုလည်း နတ်သုဒ္ဓါဒံပေါက်ဆွမ်းများ လောင်းလှူမည့်အပြင် သံဃာတော် အားလုံးအတွက် ဗလာမပါ စာရေးတံမဲများလည်း မဲဖောက် လှူဒါန်းသွားမည် ဖြစ်ပါသည်။

ထိုနေ့မနက် အချိန်တွင်လည်း မေတ္တာရှင် ဖောင်ဒေးရှင်းအဖွဲ့ မှ ဆောင်ရွက်လှူဒါန်းလျှက်ရှိသော စစ်ကိုင်းမြို့၊ မြရတနာ အနာကြီးရောဂါသည် ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းတွင် ဆောက်လုပ်လှူဒါန်းထားသော နှစ်ခန်းတွဲ ရေလောင်းကုဋီ ရေစက်ချပွဲနှင့်  အတူ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ လပြည့်ဝန်းလမ်းအနီး သီလရှင်ကျောင်းတိုက်များသို့ သွားသော ပေ ၅၅၀ ကျော်ရှိ လမ်းကို ကွန်ကရစ်လမ်း ခင်းကျင်းပြီးစီးမှုအတွက် လမ်းရေစက်ချပွဲ များကိုလည်း ကျင်းပ သွားမည်ဖြစ်ပါသည်။

ထို့အပြင် သြဝါဒ ဆရာတော်ကြီးများမှလည်း အောက်ပါ အစီအစဉ်အတိုင်း တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးချီးမြှင့်သွားမည် ဖြစ်ပါသည်။

၁၁.၇.၂၀၁၁ ရက်နေ့ည ၇း၃၀ အချိန်တွင် စစ်ကိုင်းတောင်ရိုး မြစကြာ ကျောင်းတိုက် ဦးစီးပဓါန နာယကဆရာတော် အရှင်ဣန္နကာ ဘိဝံသ အရှင်သူမြတ်မှ တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေး ချီးမြှင့်မည်ဖြစ်ပြီး……

၁၂.၇.၂၀၁၁ ရက်နေ့ည ၇း၃၀ အချိန်တွင် အရှင်ဇဝန မေတ္တာရှင် (ရွှေပြည်သာ) အရှင် သူမြတ်မှ တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးချီးမြှင့်သွားမည်ဖြစ်၍ တရားတော်နာ ကြွရောက်ကြပါရန်နှင့် အလှူရှင်များအနေဖြင့်လည်း ဆွမ်းလောင်းလှူခြင်း နှင့် အတူ ရေစက်ချ တရားတော်နာ ကြွရောက်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြား အသိပေးအပ်ပါသည်။

ဆွမ်းလောင်းအသင်း တည်နေရာ။     ။ သဒ္ဓမ္မပါလကျောင်းတိုက်၊ စစ်ကိုင်းတောင်ရိုး၊ လပြည့်ဝန်းလမ်း၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တောင်ဘက်၊ စစ်ကိုင်းမြို့။

တရားပွဲ ကျင်းပမည့်နေရာ။  ။ စစ်ကိုင်းမြို့ ဆင်များရှင် ဘုရားရင်ပြင်။


အထူးအစီအစဉ်အနေဖြင့် စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း နှစ်ပတ်လည် အစီအစဉ်များကို ၁၁.၇.၂၀၁၁ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၅း၀၀ နာရီအချိန်မှစတင်၍ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း ဆိုက်မှ တိုက်ရိုက် ထုတ်လွှင့်မှုများလင့်ကိုနှိပ်၍  LIVE VIDEO ကြည့်ရန် ဤနေရာတွင် နှိပ်ပါဆိုသော နေရာကို တစ်ချက်နှိပ်၍

Monastery Live Channel

Select Channel နေရာတွင် monastery ဆိုသောခလုပ်ကိုနှိပ်လိုက်ပါ။

ဆွမ်းလောင်းလှူခြင်းအစီအစဉ်များကို တိုက်ရိုက်ကြည်ညိုနိုင်ကြပါသည်။

ခင်မင်လေးစားစွာဖြင့်...
ဇော်သိင်္ခ


2 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

အလှူဒါနနဲပ ပရဟိတတွေမှာ တစ်တပ်တအား ပါဝင်နေတဲ့ ကိုဇော်သိင်္ခကို ချီးကျူးပါတယ်
ရှေ့ဆက်တိုးလို့ ဆထက်ထမ်းပိုး သယ်ပိုးဆောင်ရွက်နိုင်ပါစေနော်

mstint said...

မွန်မြတ်တဲ့လုပ်ဆောင်မှုတွေအတွက် သာဓု သာဓု သာဓုပါကွယ်။ စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

 
^ထိပ်ဆုံးသို့