စီးပွားရေး လုပ်ငန်းရှင်များက သူတို့အားလုံး ကိုယ့်အားကိုယ်ကိုး ကြီးပွားလာကြသူတွေချည်း ဖြစ်ကြပါသည် ဟု ထုတ်ဖော်ပြောပြကြသည်။
ဤတွင် အိမ်ရှင်ဖြစ်သူက-
"အခု ဒီလူတွေအားလုံးထဲမှာ ခင်ကြီးက လွဲရင် အားလုံး ကိုယ့်အားကိုယ်ကိုး ကြီးပွားလာကြသူတွေချည်းပါပဲ"
ဟုပြောလိုက်သည်။ ထိုအခါ ခင်ကြီးက-
"ဟုတ်ပါတယ်၊ ဒါပေမယ့် ကျုပ်ကတော့ ကိုယ့်အားကိုယ်ကိုးနည်းနဲ့ အောင်မြင်လာသူ မဟုတ်ပါဘူး"
ဟုပြန်ပြောလိုက်လေသည်။
တကယ်တော့ လောကတွင် သက်ရှိသက်မဲ့ အရာအားလုံးသည် ဒုက္ခ သုက္ခနှင့် အခက်အခဲ အနည်းနှင့် အများကို ကျော်လွှားကာ အနိမ့်ဆုံး အဆင့်မှ အမြင့်ဆုံးအဆင့်သို့ အနှေးနှင့် အမြန် တက်လာ ရောက်လာရသူချည်း ဖြစ်သည်။
ဤအရာသည်ကား လောကနိယာမ တရားကြီးပင်ဖြစ်သည်။
လူသားသည်လည်း ထိုသဘောအတိုင်းပင်။ အနိမ့်ဆုံးအဆင့်မှ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာခြင်းဖြစ်သည်။
လူသားသည် ကလေးဘ၀၊ လူငယ်ဘ၀၊ လူကြီးဘ၀၊ လူအိုဘ၀ ဟု တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းလာခဲ့ရသည်။
ယင်းသို့ အဆင့်ဆင့် တက်လှမ်းလာရာတွင် သဘာဝက ပေးထားသော ရုပ်ဝတ္ထုများကို ပိုတိုးတက်ကောင်းမွန်အောင် ကြိုးစားလုပ်ကိုင်ရင်းဖြင့် မိမိကိုယ်မိမိ လောကတွင် တန်ဖိုးရှိသော လူတစ်လုံး သူတစ်လုံး ဖြစ်အောင် ဖန်တီးရသည်။
ဤသည်ပင်လျှင် လူသား၏ အဓိက ပြဿနာ ဖြစ်သည်၊ အဓိက လုပ်ငန်းဖြစ်သည်။ လူသားသည် ဤလုပ်ငန်းကို ဘ၀တစ်လျှောက်လုံး အမြဲမပြတ် လုပ်နေရသည်။
"လူတိုင်းရဲ့ ရည်မှန်းချက်ဟာ ဟန်ချက်ညီပြီး ပြည့်စုံ တည်မြဲတဲ့ အမြင့်ဆုံး တိုးတက်မှုကို ရဖို့ပဲဖြစ်တယ်"
ဟု ဂျာမန် သိပ္ပံပညာရှင်နှင့် သဘာဝတ္တပညာရှင်ကြီး ဟွမ်းဘော (၁၇၆၉-၁၈၅၉) က ပြောခဲ့ဖူးသည်။
သို့သော်လည်း လူများစုသည် ကိုယ်စွမ်းကိုယ်စကိုမသိကြ၊ ကိုယ့်ခန္ဓာကိုယ်ထဲတွင် ကိန်းအောင်းနေသော အရည်အချင်းတွေ အများစုကိုသတိမပြုမိကြ။ လူနည်းစုကမူ ထိုအရည်အချင်းတွေကို သိတော့သိကြသည်၊ သို့သော် မဖော်ထုတ်လိုကြ။ ထို့ကြောင့်လည်း လောကတွင် လူများစုကြီးသည် တိုးတက်အောင်မြင်မှု မရှိကြခြင်းဖြစ်သည်။
ကိုယ်စွမ်းကိုယ်စကိုယုံပါ ဟုလူတွေကို တိုက်တွန်း၍ အလွန်လွယ်သည်။ သို့သော် ယုံအောင် လုပ်ဖို့ ကျတော့ အလွန်ခက်သည်။ ဤအလုပ်က သူများပြော၍မရ၊ သူများလုပ်ပေး၍ မဖြစ်။ ကိုယ့်အားကိုယ်ကိုးနည်းဖြင့် ကိုယ်တိုင်လုပ်မှ ရသည်၊ ဖြစ်သည်။
ကိုယ့်စွမ်းကိုယ်စကို ရှာဖွေသိရှိခြင်း သည် လူ့ဘ၀ တိုးတက်ရေး တွင်အရေးအကြီးဆုံးသော ပထမဆုံး လုပ်ရပ်ဖြစ်သည်။ "ကြီးပွားတိုးတက်လိုသူသည် ငါ့မှာ လာအရည်အချင်းတွေ ရှိသလဲ၊ ဘာကိုယ်စွမ်းကိုယ်စတွေ ရှိသလဲ" ဟု ကိုယ့်ကိုယ်ကို ရှာဖွေ ဆန်းစစ်ရသည်၊ စာရင်းကောက်ရသည်။
လူတိုင်းတွင် အစွမ်းအစတွေ၊ အရည်အချင်းတွေ ရှိကြရာတွင် နည်းပါးချင် နည်းပါးပါမည်၊ များပြားချင် များပြားမည်၊ သေးငယ်ချင်လည်းသေးငယ်မည်၊ ကြီးကျယ်ချင်လဲ ကြီးကျယ်မည်။ နည်းပါး၍ သေးငယ် သော်လည်း အကြောင်းမဟုတ်။ ကြိုးစားဖြည့်ဆည်းလျှင် တိုးပွားလာနိုင်သည်၊ အများကြီး ဖြစ်လာနိုင်သည်။
ဤသည်ပင်လျှင် ကျွန်ုပ်တို့၏ အဓိကအလုပ် ဖြစ်သည်။ လူသားသည် ဤလောကသို့ ရောက်လာသည်မှာ သဘာဝက ပေးသော အရည်အချင်းများကို တိုးပွားအောင် လုပ်ရန် လာခြင်းဖြစ်သည်.
တကယ်ဆိုလျှင် စစ်မှန်သော ပညာဆည်းပူးခြင်းဆိုသည်မှာ မိမိကိုယ်မိမိ စိတ်အားထက်သန်စွာ လေ့လာ ဆန်းစစ်ကာ လိုအပ်ချက်များကို စနစ်တကျ ဖြည့်ဆည်းခြင်းပင်ဖြစ်သည်။
မိမိ၏ ကိုယ်စွမ်းကိုယ်စကို အစဉ်တစိုက် ကြိုးစားဖော်ထုတ်နိုင်သူအတွက် လောကတွင် မဖြစ်နိုင် ဟူသော အရာ မရှိနိုင်ပါချေ။
ကိုယ်စွမ်းကိုယ်စကိုဖော်ထုတ်ခြင်းနှင့် ကိုယ့်အားကိုယ်ကိုး ကြီးပွားရေးတို့သည် တစ်ခုနှင့်တစ်ခု ဒွန်တွဲနေသည်။ ကိုယ်စွမ်းကိုယ်စကို ဖော်ထုတ်သူအဖို့ ကြိုးစားမှုတိုင်းသည် တိုးတက်မှုရှိသည်။ ဤနည်းဖြင့် သူ့ကိုယ်သူ ပို၍ပို၍ တိုးတက်အောင် လုပ်ဆောင်သွားသည်။
သို့သော် လူငယ်တစ်ယောက်သည် ဗီဇအားဖြင့် ဘယ်လောက်တော်သည်၊ ဘယ်လောက် အရည်အချင်းရှိသည် ဟူသော အချက်မှာအဓိက မဟုတ်။ ထိုအရည်အချင်းသည် ဘာမှမလုပ်ပဲပစ်ထားလျှင် ဘာမှ မဖြစ်နိုင်။
ရွှေတွင်းများမှ ရွှေရရန် မြေကြီးတွေ အများကြီးကို ဖြိုရသည်။ တူးရသည်။ လူတွေက ချွေးထွက်သံယို ပင်ပန်းခံ၍ အကြာကြီးတူးဆွ ရှာဖွေရသည်။ ထို့အတူ လူတစ်ယောက်၏ အတွင်းသန္တာန်တွင် ငုပ်နေ၊ မြုပ်နေသည့် ကိုယ်စွမ်းကိုယ်စနှင့် အရည်အသွေးကိုလည်း တကူးတက ရှာဖွေ ဖော်ထုတ်မှသာလျှင် တိုးတက်ကြီးပွားနိုင်သည်၊ အောင်မြင်နိုင်သည်။
သို့သော်လည်း လူများစုသည် ကိုယ်စွမ်းကိုယ်စကို မဖော်ထုတ်ပဲ "လူ့ဘ၀မှာ လုပ်တိုင်းဖြစ်တာ မဟုတ်ပါဘူး၊ လူတိုင်း လူတိုင်း သူ့ကံနဲ့ သူ လာကြသူတွေပါ" ဟူ၍ တွေးတတ်ကြတာကတော့ တော်တော် ၀မ်းနည်းစရာ ကောင်းပါသည်။
သူတို့က "လူ့ဘ၀ဆိုတာ ဖြစ်ချင်ရင် သူ့ဟာသူ ဖြစ်လာမှာပါ" ဟု ခံယူကြသည်။ သူတို့ ခံယူသလို သူ့ဟာသူသာ ဖြစ်လာမည်ဆိုလျှင် လောကမှာ ပင်ပန်းခံပြီး ဘာလုပ်နေစရာ လိုသေးသနည်း။
တကယ်တော့ ထိုအယူအဆသည် ကိုယ့်ဘ၀ကို ကိုယ်သတ်သော အယူအဆသာဖြစ်သည်။ ကိုယ်စွမ်းကိုယ်စ တုံးသူတို့၏ အတွေးအမြင်သာ ဖြစ်သည်။
မှန်ပါသည်။ လောကတွင် အချို့လူများက ရွှေဇွန်းကိုက်၍ မွေးလာကြသလို၊ အချို့လူများက သစ်သားဇွန်းကိုက်၍ မွေးလာကြသည်။ သို့သော်လည်း မည်သူမျှ တစ်ချက်လွှတ် အာဏာရှင် ကံကြမ္မာ၏ ရုပ်သေးရုပ်မဟုတ်ကြချေ။ လူတစ်ယောက်သည် ဘယ်လောက်ပင် ဆင်းရဲ ဆင်းရဲ၊ ဘယ်လောက်ပင် ချို့တဲ့ ချို့တဲ့၊ သူတွင် သူ့ကံကြမ္မာကို သူဖန်တီးနိုင်သော စွမ်းအားတွေရှိနေသည်။
မည်သူမဆို မှန်ကန်သောအားထုတ်လျှင် ကံကြမ္မာ၏ သားကောင်မဖြစ်ပဲ ကံကြမ္မာ၏ သခင်ဖြစ်နိုင်သည်။
"လူတစ်ယောက်သည် ပြင်ပအကူအညီ အားလုံး ကင်းရှင်းပြီး ကိုယ့်ခြေထောက်ကိုယ်ရပ်နိုင်မှ သာလျှင် စွမ်းအားရှိသူ၊ အောင်မြင်သူဟူ၍ ကျွန်တော်ယူဆသည်" ဟု အမေရိကန် ပညာရှင်ကြီး အီမာဆင် (၁၈၀၃-၁၈၈၂) က ဆိုခဲ့၏။
ထိုစကားသည် အလွန်မှန်သည်။ ထိုစကားသည် အခက်အခဲများကို ကျော်လွှား၍ အောင်ပွဲခံနိုင်သူတို့၏ အောင်မြင်ရေး လျှို့ဝှက်ချင်ပင်ဖြစ်သည်။
လူတစ်ယောက်သည် မိမိ၏ မွေးရာပါ စွမ်းရည်များကို သိမြင်ကာ အောင်မြင်မှုပန်းတိုင်သို့ ချီတက်လျှင် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလာသည်။ အားနည်းခြင်း၊ သူရဲဘောကြောင်ခြင်း၊ ထုံထိုင်းခြင်းတို့ကို မောင်းထုတ်လာနိုင်မည်။
သို့သော်လည်း ကိုယ့်အားကိုယ်ကိုး ကြီးပွားတိုးတက်အောင် လုပ်ခြင်းသည် လွယ်ကူသော အလုပ်တော့ မဟုတ်။ အပင်ပန်းခံရသည်၊ ဇွဲရှိရသည်၊ စွန့်လွှတ်ရသည်။ လူ့ဘ၀သည် ရွှံ့နှင့်တည်ဆောက်ထားခြင်းမဟုတ်၊ သံနှင့်တည်ဆောက်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ကိုလိုချင်သော ပုံစံကို ရအောင် မှန်မှန်ထုယူရသည်၊ ပြင်းပြင်းထုယူရသည်။
ကျွန်ုပ်တို့အားလုံးပင် အမြင့်ဆုံးအဆင့်ကို ရလိုကြသည်။ သို့သော် ထိုအဆင့်နှင့် ထိုက်တန်သော တန်ဖိုး သို့မဟုတ် အရင်းအနှီးကို ကျွန်ုပ်တို့ ဘယ်လောက်အထိ ပေးနိုင်ကြပါသနည်း။ ထိုအဆင့်နှင့် ထိုက်တန်သော ကိုယ်စွမ်းကိုယ်စကို ဘယ်အတိုင်းအတာအထိ ဖော်ထုတ်နိုင်ကြပါသနည်း။ ဦးနှောက်၊ နှလုံးသား၊ စေတနာနှင့် ကာယစွမ်းအားတို့ကို မည်မျှအထိ အသုံးချ နိုင်ကြပါသနည်း။
အကောင်းဆုံး၊ အလှဆုံး ပန်းဥယာဉ်ကြီးကို လိုချင်လျှင် ပထမဦးစွာ ပင်ပန်းခံ၍ ပေါင်းရှင်းရသည်၊ မြေဆွရသည်၊ စိုက်ပျိုးရသည်၊ မြေတောင်မြှောက်ရသည်၊ ရေလောင်းရသည်။
လောကတွင် လူတိုင်းလူတိုင်း သူ့အခြေအနေ၊ သူ့အဆင့်အတန်း အလိုက် အသိပညာ၊ အတတ်ပညာ အနည်းနှင့်အများ ရှိကြသည်ချည်းဖြစ်သည်။ အချို့တွင် ကျောင်းသင်ပညာ ရှိကြသည်။အချို့မှာ ဘ၀အတွေ့အကြုံပညာ ရှိကြသည်။
လူတိုင်းလူတိုင်းသည် မိမိတို့၏ အတတ်ပညာ၊ အသိပညာ အဆင့်အတန်းအလျောက် အလုပ်အကိုင် အမျိုးမျိုးကို မျှော်မှန်းကြသည်၊ ရချင်ကြသည်။
သို့သော် ထိုအလုပ်ကို ရနိုင်လောက်သော အားထုတ်မှု၊ စွဲမြဲမှု၊ စွန့်လွှတ်မှုမျိုးကား လူတိုင်းတွင်မရှိကြ။
တစ်ခါတုန်းက ပြင်သစ်နိုင်ငံတွင် ဘောလဇက် အမည်ရှိ လူငယ်တစ်ယောက်သည် စာရေးဆရာ အလွန်ဖြစ်ချင်သည်။ သို့သော် သူ့ဖခင်ကဖျက်သည်။
"စာရေးဆရာလုပ်ရင် မင်းဘုရင်ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် သူတောင်းစားဖြစ်လိမ့်မယ်"
ဟု ဖခင်ဖြစ်သူက ဆိုသည်။ ထိုအခါ ဘောလဇက်က အလျှော့မပေးဘဲ-
"ကျွန်တော်ဘုရင်ဖြစ်အောင် ကြိုးစားမယ်"
ဟုပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။
သို့ဖြင့် မိဘများက သားဖြစ်သူအား ဘယ်လိုမှ တား၍ မရတော့သည့်အဆုံး သူလုပ်ချင်ရာ လုပ်ပါစေတော့ ဟူ၍ လွှတ်ပေး လိုက်ရတော့သည်။
ဘောလဇက်သည် စာပေလောကသို့ ခြေစုံပစ်ဝင်လိုက်ပြီး ဆယ်နှစ်လုံးလုံး မအိပ်မနေ ကြိုးစားသည်။ အငတ်ငတ် အပြတ်ပြတ်ဖြင့် အလွန် ဆင်းရဲ ဒုက္ခ ရောက်ရသည်။
သို့သော် သူသည် နောက်ကို ပြန်မလှည့်၊ ရှေ့ကိုသာ ဆက်သွားသည်။ သူ့ဆုံးဖြတ်ချက်အတိုင်း မဆုတ်မနစ် အားစိုက် လုပ်ဆောင်သည်။ ဤသည်မှာ သူသည် သူဖြစ်ချင်သော လုပ်ငန်းအတွက် တန်ရာတန်ဖိုးကို ပေးခြင်းပင်ဖြစ်သည်။
သို့ကြောင့်လည်း နောက်ဆုံးတစ်နေ့တွင် သူသည် ကမ္ဘာကျော်စာရေးဆရာကြီးအဖြစ် ကမ္ဘာ့ဂန္ထ၀င်တွင် မော်ကွန်းတင် ခံခဲ့ရလေသည်။
ယနေ့ ကမ္ဘာပေါ်တွင် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် စာပေ မနုပညာစသော လုပ်ငန်းအသီးသီးတွင် ထိပ်တန်း ရောက်နေသူများသည် ဘောလဇက်ကဲ့သို့သော လူစားမျိုးတွေချည်းပင်ဖြစ်သည်။
သူတို့သည် သူတို့လိုချင်သော ပစ္စည်းကို အလကားမယူကြ။ အလကားယူ၍ မရနိုင်သည်ကိုလည်း သူတို့သိကြသည်။ ထို့ကြောင့် တန်ရာတန်ဖိုးကို ပေး၍သာ ရယူကြသည်။
ဤသဘောတရားသည် လူတိုင်းအတွက် မှန်ကန်သည်။ အောင်မြင်မှုကို ကိုယ်စွမ်းကိုယ်စဖြင့်သာ ရနိုင်သည်။ ကိုယ့်အားကိုယ်ကိုး ကြိုးစားခြင်းဖြင့်သာ ရနိုင်သည်။
အောင်မြင်မှုကို လက်ဆောင်ပေး၍ မရ၊ အမွေပေး၍ မရ။ ကိုယ်တိုင်လုပ်မှရသည်။ အောင်မြင်မှု၏ တန်ဖိုးသည် ပင်ပန်းခံ၍ အစဉ်တစိုက် ကြိုးစားလုပ်ကိုင်ခြင်း ဖြစ်သည်။
ထို့ကြောင့် လောကတွင် မိမိဘာလုပ်ချင်သလဲ၊ ဘာဖြစ်ချင်သလဲ၊ မိမိ၏ ကိုယ်စွမ်း ဥာဏ်စွမ်းကို ထိုအရာ အတွက်သာ မြှုပ်နှံ အသုံးချပါ။ ဘယ်လို အခက်အခဲကိုမဆို ကျော်ဖြတ်၍ အောင်ပန်းဆွတ်နိုင်မည်သာတည်း။
zawtk...
0 comments:
Post a Comment