မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Saturday, December 19, 2009

သမုဒယသစ္စာ

သတ္တ၀ါတို့သည် အနိစ္စကို နိစ္စထင်၍ မာန၀င်နေကြသည်။ ဒုက္ခကို သုခထင်၍ တဏှာလောဘ ဖြစ်နေကြသည်။ အနတ္တကို အတ္တထင်၍ ဒိဠိဝင်နေကြသည်။ "တဏှာ၊ မာန၊ ဒိဠိ " ဟူသော ပပဉ္စ (သံသရာချဲ့ထွင်ရေး)တရား သုံးပါးကြောင့်သာ သတ္တ၀ါတို့ သံသရာလည်မှု ရှည်လျားနေကြရသည်ဟု ဟောတော်မူသည်။

ပပဉ္စ(သံသရာနယ်ချဲ့)တရား သုံးပါးတွင်သာမက အာသ၀၊ သြဃ၊ ယောဂ၊ နီဝရဏ၊ဥပါဒါန်၊  သံယောဇဉ်၊ ကိလေသာ စသည်တို့တွင်လည်း တဏှာလောဘသည်အဓိကဖြစ်သည်။ တစ်ဖန် လောဘနောက်တွင် အရိပ်ပမာကပ်လျက်ပါနေသော မောဟ(အ၀ိဇ္ဇာ)ကလည်း ပုလင်းမည်းအရောင်ကြောင့် ပိုမှောင်သည့်သဘာဝအတိုင်း လောဘအရောင်ကြောင့်ပှိုပိတ်မှောင်လောက်အောင် ဖုံးကွယ်ပေးနေပြန်သည်။

ထို့ကြောင့် အ၀ိဇ္ဇာ(မောဟ) နှင့်တဏှာ(လောဘ)တရား နှစ်ပါးသည် သံသရာနယ်ချဲ့ရာ၌ အရင်းခံမူလတရား နှစ်ပါးဖြစ်လာရတော့သည်။ ယင်း နှစ်ပါးအနက် အ၀ိဇ္ဇာ(မောဟ)တရားသည် အရိပ်ပမာတရားဖြစ်၍ မထင်ရှားဘဲ၊ တဏှာ(လောဘ)သာ မားမားမားမားနှင့် ထင်ရှားနေရတော့သည်။ ထို့ကြောင့် မကောင်းတရားများ၏  အခေါင်အချုပ်ကား လောဘပင်ဖြစ်တော့သည်။ ဗုဒ္ဓမြတ်စွာဘုရားက သတ္တလောကတွင် တဏှာ(လောဘ) သည် သတ္တ၀ါတို့ ဒုက္ခ ဖြစ်ခြင်း၏ အကြောင်းမှန် " သမုဒယသစ္စာ " မည်ကြောင်း ဟောတော်မူသည်။
ဦးစိန်ဝင်း (မာမက-သုတေသီ)  ၏

" ကမ္ဘာပတ်၍ဘုရားရှာခြင်း"

မှ ကောက်နှုတ်ဖော်ပြသည်။

zawtk...

0 comments:

 
^ထိပ်ဆုံးသို့